အခန်း ၅၆
Vol. 6 Ch. 56
အခန်း (၅၆)
နတ်ဆိုးအမြုတေ၏ လေးပုံတစ်ပုံကို စားသုံးပြီးနောက် ဝက်အစ်ကိုကြီးမှာ နောက်တစ်ဖန် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားသည်။ ၎င်း၏ခြေလက်များမှာ ဘေးသို့ကားထွက်နေသဖြင့် လုံးဝန်းနေသော ဘောလုံးလေးတစ်လုံးကဲ့သို့ပင်။
နဉ်ရွှီသည် ၎င်းကို အနီးကပ်သွားရောက်ကြည့်ရှုပြီးနောက် စက္ကန့်အနည်းငယ်အကြာတွင် လေးလံသော မျက်နှာထားဖြင့် ပြောလိုက်သည်။ "ငါတို့မှာ ပိုက်ဆံမရှိတော့တာကို သတိထားမိလား......"
ဖရဲသီးစားခြင်းစနစ်ကလည်း လေးနက်သော အသံဖြင့် ပြောလိုက်သည်။ [သတိထားမိတယ်......]
နောက်တစ်ခဏတွင် သူတို့နှစ်ယောက်လုံးက တစ်ချိန်တည်း၌ပင် ပြောလိုက်ကြသည်- "ဝက်အစ်ကိုကြီးက ပိုဝလာတာပဲ"
[ဝက်အစ်ကိုကြီးက နတ်ဆိုးနတ်ဘုရားရဲ့ စရိုက်တွေကို လုံးဝအမွေမဆက်ခံထားဘူးပဲ]
နဉ်ရွှီ၊ ဖရဲသီးစားခြင်းစနစ်: ........
ကြည့်ရသည်မှာ သူတို့နှစ်ဦးလုံး အတွေးချင်းလုံးဝ မတူညီခဲ့ကြပုံပင်။
ဖရဲသီးစားခြင်းစနစ်မှာ ဝက်အစ်ကိုကြီးအား အခြားသောဝက်များနှင့် မျိုးစပ်ရန် စဉ်းစားနေဆဲဖြစ်သည်။
အကယ်၍ ဝက်အစ်ကိုကြီးသာ နတ်ဆိုးနတ်ဘုရားကဲ့သို့ ကာမဂုဏ် အပြည့်အဝလိုက်စားသည့် နှာဘူးဖြစ်လာလျှင် ဖရဲသီးစားခြင်းစနစ်က ရွံရှာစက်ဆုပ်မိမည်ပင်။ သို့သော် ဝက်အစ်ကိုကြီးမှာ နတ်ဆိုးအမြုတေကို စားသုံးပြီးနောက် ဘာမှပြောင်းလဲမှုမရှိသေးသဖြင့် ဖရဲသီးစားခြင်းစနစ်က ရွံရှာစက်ဆုပ်ဖွယ်ကောင်းသည်ဟုသာ မြင်ဆဲဖြစ်သည်။
၎င်းမှာ ဝက်အစ်ကိုကြီးအတွက် အမှန်တကယ်ပင် အဆုံးမရှိ စိုးရိမ်ပူပန်နေခဲ့ရသည်။
စားရန်နှင့် အိပ်ရန်ကိုသာ ဂရုစိုက်သော ဝက်အစ်ကိုကြီးမှာ ထိုအကြောင်းအရာအားလုံးကို လုံးဝသတိမပြုမိပေ။ ယခုအချိန်တွင် ၎င်းမှာ ဘာကိုမှ ဂရုမစိုက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့သည်။
နဉ်ရွှီသည် ဝက်အစ်ကိုကြီးကို ဝိဉာဉ်သားရဲအိတ်ထဲသို့ ထည့်လိုက်ရင်း မေးလိုက်သည်။ "နတ်ဆိုးအမြုတေက စားသုံးတဲ့ သားရဲတွေကို လွယ်လွယ်ကူကူ လွှမ်းမိုးနိုင်တာလား”
[သီအိုရီအရဆိုရင်တော့ အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးလိမ့်မယ်]
[နတ်ဆိုးအမြုတေပိုင်ရှင်ရဲ့ ကျင့်ကြံခြင်းအဆင့်က မြင့်လေလေ နတ်ဆိုးအမြုတေရဲ့ လွှမ်းမိုးမှုက ကြီးလေလေပဲ]
သို့သော်ငြားလည်း ဝက်အစ်ကိုကြီးမှာ အရင်ကထက် ဘာမှပြောင်းလဲသွားပုံမပေါ်ပေ။ ၎င်းက နတ်ဆိုးနတ်ဘုရားထက်တော့ ပိုပြီး အစွမ်းထက်နေဖို့တော့ မဖြစ်နိုင်ပါဘူး၊ ဟုတ်တယ်မလား
အကယ်၍ ၎င်းကသာ ပိုပြီး အစွမ်းထက်နေမယ်ဆိုရင် နတ်ဆိုးအမြုတေရဲ့ လွှမ်းမိုးမှုကို မခံရတာက အဓိပ္ပာယ်ရှိတယ်။
ဒါပေမဲ့ အဲ့ဒါက ဖြစ်ကော ဖြစ်နိုင်ပါ့မလား
ဤသီးခြားနေရာလွတ်အတွင်း ဖွက်ထားသော နတ်ဆိုးအမြုတေအား ကိုင်တွယ်ပြီးနောက် နေရာလွတ်မှာ မှန်တစ်ချပ်ကဲ့သို့ စတင်ကွဲအက်လာသည်။ နောက်ဆုံးတွင် အက်ကွဲသံနှင့်အတူ လောကကြီးထဲ လုံးဝပျောက်ကွယ်သွားခဲ့သည်။
သီးခြားနေရာလွတ် ပျောက်ကွယ်သွားပြီးနောက် နေရာလွတ်ထဲ ရှိနေသေးသည့် ကျင့်ကြံသူများ အပြင်ဘက်သို့ အကုန်ကန်ထုတ်ခံလိုက်ရသည်။ တစ်ချို့မှာ သေအံဆဲဆဲဖြစ်နေပြီး တစ်ချို့မှာမူ အသက်ပင် မရှိတော့ပေ။ အနည်းငယ်သော ကျင့်ကြံသူများသာ ဘေးကင်းပုံရသည်။
သူတို့ နေရာလွတ်ထဲ စတင်ဝင်ရောက်ချိန်က ကြိုဆိုခဲ့သည့် သေစေနိုင်သော တိုက်ကွက်ကြောင့် ကျင့်ကြံသူများစွာ အသက်ဆုံးရှုံးခဲ့ရသည်။
နဉ်ရွှီသည် သူမ၏အဖွဲ့ဝင်များကို လိုက်လံရှာဖွေရမည်ဖြစ်၍ ဝမ်းနည်းနေရန် အချိန်မရှိပေ။
ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုကို ခုခံနိုင်သော သစ်သားတိုကင်များ ရှိခဲ့သော်လည်း ဝူလုချန်နှင့် ချင်းရီလော့တို့မှာ အခြေအနေကောင်းပုံမရပေ။
နယ်မြေထဲမှ သူတို့ ထွက်လာလာချင်း နာကျင်နေသော အမူအရာများဖြင့် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
ဖရဲသီးစားခြင်းစနစ်က ရှင်းပြသည်။ [နေရာလွတ်ထဲက ကြမ်းတမ်းရက်စက်တဲ့ စွမ်းအင်တွေက သူတို့ကို မနားတမ်း ဆက်တိုက်ခိုက်နေတာမလို့]
အကယ်၍ ရှင်းခွေ့ပေးထားသော ဘက်စုံကုသနိုင်သည့် သွေးသာ မရှိခဲ့လျှင် နဉ်ရွှီလည်း ယခုလို တည်ငြိမ်နေနိုင်မည်မဟုတ်ပေ။
သူမ ဝူလုချန်နှင့် အခြားသူများထံသို့ သွားရန်ပြင်လိုက်စဉ် ဖြူစင်သောကျင့်ကြံသူ၊ နတ်ဘုရားချင်ကျို့နှင့် ချီအာတို့လည်း ပေါ်လာခဲ့သည်။
ယခုအချိန်တွင် ချီအာမှာ အသက်ငွေ့ငွေ့ပဲ ကျန်တော့သည့် အခြေအနေပင်။ သူသည် ယခင်ကတည်းက အမဲလိုက်သတ်ဖြတ်ခံနေရသဖြင့် သူ့ဆီမှာလည်း အသက်ကယ်ပစ္စည်း များများစားစား မရှိတော့ချေ။ အပြင်ကို ထွက်လာချိန်၌ အသက်ရှူနိုင်ရုံလေး ကျန်နေသေးတာပင် ကံကောင်းလွန်းလှပြီဖြစ်သည်။
နဉ်ရွှီက ချက်ချင်းပဲ ဆုံးဖြတ်လိုက်သည်။ "လူမရှိတဲ့နေရာသွားဖို့ ကျွန်မနောက် လိုက်ခဲ့ကြ၊ မြန်မြန်"
ထိုသို့ပြောပြီးနောက် သူမသည် ဖရဲသီးစားခြင်းစနစ်ကို လမ်းညွှန်ခိုင်းကာ ထိုဖက်သို့ မြန်မြန် သွားလေသည်။
၎င်းကို ကြားသည်နှင့် ဖြူစင်သောကျင့်ကြံသူက ဘာမှမပြောဘဲ ချီအာ၏ အင်္ကျီကော်လာကို ဆွဲကာ နောက်မှလိုက်လာခဲ့သည်။
နတ်ဘုရား ချင်ကျို့သည်လည်း လက်တစ်ဖက်စီတွင် လူတစ်ယောက်ကို ဆွဲကာ လိုက်ပါလာခဲ့သည်။
ဘေးကင်းသောနေရာသို့ ရောက်ပြီးနောက် နဉ်ရွှီသည် ရှင်းခွေ့ပေးထားသော ကြွေပုလင်းကို ထုတ်ယူလိုက်သည်။ ထို့နောက် ဒဏ်ရာရနေသော အဖွဲ့သားများ၏ ပါးစပ်ထဲသို့ ဘက်စုံကုသနိုင်သည့် သွေးတစ်စက်စီ ထည့်လိုက်သည်။
မြိုချပြီး သိပ်မကြာမီ သူတို့၏အခြေအနေမှာ သိသိသာသာ တိုးတက်လာခဲ့သည်။
၎င်းကို မြင်ချိန်တွင် ဖြူစင်သောကျင့်ကြံသူနှင့် နတ်ဘုရားချင်ကျို့တို့မှာ ဘာမှမမေးဘဲ တည်ငြိမ်စွာပင် နေခဲ့ကြသည်။
သူမရဲ့ အသင်းသားများက အလိုက်တသိ ရှိကြတာကြောင့် နဉ်ရွှီအတွက် အလုပ်ရှုပ်သက်သာသွားသည်။
ဖရဲသီးစားခြင်းစနစ်က တောက်တစ်ချက် ခေါက်လိုက်သည်။ [ဒီအရာက တကယ်အသုံးဝင်တာနော်၊ နင်က ပုလင်းတစ်ဝက်ကျော်တောင် သုံးလိုက်ပြီ၊ ဒါက လုံးဝမလုံလောက်ဘူး။ စီနီယာအစ်မကြီး ဒီလျို့ဝှက်နယ်မြေထဲမှာ ရှိနေတုန်း သူမနဲ့ ဆက်ဆံရေးကောင်းအောင်လုပ်ပြီး နောက်ထပ် ရအောင်ယူထားသင့်တယ်။]
နဉ်ရွှီ : "......" "
“တိုက်ရိုက်ပြန်ပေးဆွဲဖို့ မပြောဘဲ နောက်ထပ်ရအောင် လုပ်ဖို့ဆိုလို့ တော်သေးတာပေါ့”
စနစ်က နှာခေါင်းရှုံ့လိုက်သည်။ [ဘာလို့ ပြန်ပေးဆွဲနေရမှာလဲ။ ဖြစ်တော့ဖြစ်နိုင်ပေမယ့် မလိုအပ်ဘူး]
[ယွင်ရှန်ကျင်းဂိုဏ်းက သူမရဲ့အကြောင်းကို သေသေချာချာလေး ဖုံးကွယ်ထားတာ၊ တကယ်လို့ သူမလျှို့ဝှက်ချက်သာ ပေါက်ကြားသွားရင် သူမက ကျင့်ကြံခြင်းလောကကြီးတစ်ခုလုံးနဲ့ ရင်ဆိုင်ရရုံတင်မကဘဲ အနည်းဆုံး ကျင့်ကြံခြင်းလောကရဲ့ ထက်ဝက်လောက်က သူမနောက်ကို အမဲလိုက်လိမ့်မယ်]
ဖရဲသီးစားခြင်းစနစ်အတွက်တော့ ၎င်းက အကျိုးမရှိသည့် အလုပ်တစ်ခုပင်။
[သူမရဲ့ ဘက်စုံကုသနိုင်တဲ့သွေးက တကယ်တော့ အသုံးဝင်တယ်ဆိုပေမဲ့ ကျင့်ကြံခြင်းလောကထဲမှာ ကောင်းတဲ့ပစ္စည်းတွေက အများကြီးရှိနေတာပဲ။ သူမကြောင့်နဲ့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာနေဖို့မှ မလိုတာ]
ကျင့်ကြံခြင်းလောကက ကျင့်ကြံသူများအတွက်တော့ ဘက်စုံကုသနိုင်သည့်သွေးမျိုးက ရဖို့ ခဲယဉ်းနိုင်သော်လည်း၊ ဖရဲသီးစားခြင်းစနစ် အတွက်တော့ ၎င်းမှာ အသုံးဝင်သော်လည်း အစားမထိုးနိုင်သည့် အရာမျိုး မဟုတ်ချေ။
နဉ်ရွှီက နိုးလာသော အဖွဲ့ဝင်များကို ကြည့်ရင်း ပြောလိုက်သည်။ "ဒါပေမဲ့ ငါ သူမကို ကူညီချင်တယ်"
ရှင်းခွေ့သည် အသက် ၁၅ နှစ်သာ ရှိသေးသည်။
သူမရဲ့ အနာဂတ်သည် အချုပ်အနှောင်ခံဘဝနဲ့ မကုန်ဆုံးသင့်ပေ။ ထို့အပြင် ရှင်းခွေ့ကလည်း ဘက်စုံကုသနိုင်သည့်သွေး ပုလင်းကြီး တစ်ပုလင်းပေးခဲ့သည်အထိ သူမအပေါ် အလွန်ရက်ရောခဲ့ကာ လျှို့ဝှက်ချက် ပေါက်ကြားသွားမှာကိုပင် မကြောက်ခဲ့ပေ။
၎င်းမှာ ယုံကြည်မှုတစ်ခုပင် နဉ်ရွှီအပေါ် ထားရှိတဲ့ ယုံကြည်မှုကြီးပင်ဖြစ်၏။
ဖရဲသီးစားခြင်းစနစ် စောစောက ပြောခဲ့သလိုပင် ဒီဆယ်ကျော်သက် မိန်းကလေးက သူမ၏ အသက်သခင်အပေါ် စစ်မှန်သည့် ကျေးဇူးသိတတ်မှုကို ပြသခြင်းဖြစ်သည်။
သူမကလည်း အဲ့ဒီလို စစ်မှန်သည့် စေတနာကို အရာထင်စေချင်ခဲ့သည်။
အတူတူ အချိန်ကုန်ဆုံးခဲ့ကြသည်ဖြစ်၍ နဉ်ရွှီက ဖရဲသီးစားခြင်းစနစ်ကို နားလည်သကဲ့သို့ ဖရဲသီးစားခြင်းစနစ်ကလည်း သူမကို ကောင်းကောင်းသိနေခဲ့သည်။ သူမက ဤသို့ပြောလာပြီဆိုကတည်းက တစ်ခုခုလုပ်ရန် ဆုံးဖြတ်ပြီးပြီဆိုသည်မှာ ရှင်းနေပေသည်။
ဖရဲသီးစားခြင်းစနစ်က ဖြေးဖြေးလေး စကားပြန်လာသည်။ [နင် သူမကို ဘယ်လိုကူညီဖို့ စဉ်းစားထားလဲ]
နဉ်ရွှီက တည်ငြိမ်စွာဖြင့် “ဒါပေါ့၊ ငါတို့ ပြဿနာကို အမြစ်ကနေပဲ ဖြေရှင်းကြတာပေါ့” ဟု ပြောလိုက်သည်။
လျှို့ဝှက်နယ်မြေ ပိတ်ရန် တစ်ပတ်သာ လိုတော့သဖြင့် နဉ်ရွှီအတွက် ကျန်ရှိနေသော အချိန်အတွင်း လုပ်စရာတွေ အများကြီး ရှိနေပြီး အဲ့ဒီထဲက တစ်ခုမှာ ရှင်းခွေ့ကို ရှာဖွေခြင်းပင် ဖြစ်သည်။
ဖရဲသီးစားခြင်းစနစ်က သတိပေးလိုက်သည်။ [Host သတ်ဖြတ်မိန့်ထုတ်ထားတဲ့ တတိယမြောက်နေ့က ကုန်တော့မယ်။ နင် ပို့စ်တင်ဦးမှာလား] ၎င်းက စိတ်လှုပ်ရှားလွန်ပြီး စိတ်မရှည်တော့သည့် လေသံဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
သီးခြားနေရာလွတ်ထဲတွင် အချိန်စီးဆင်းမှုက ပိုနှေးပြီး ထိုနေရာလွတ် ပျက်စီးသွားချိန်တွင် အပြင်ဘက်၌ နှစ်ရက်နီးပါး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
သတ်ဖြတ်မိန့်က ကုန်ဆုံးတော့မည်ဖြစ်ရာ အောင်ပွဲခံရန်အတွက် ပို့စ်တစ်ခု တင်ရန် အမှန်ပင် လိုအပ်သည်။ ဖရဲသီးစားခြင်းစနစ်၏ အခေါ်အဝေါ်အရဆိုလျှင် ၎င်းမှာ အမှန်တကယ်ပင် ရန်စလိုက်ခြင်း ဖြစ်သည်။
နဉ်ရွှီက “သန်းခေါင်အထိ စောင့်ဦး” ဟု ဆိုသည်။
[အိုကေ]
သူမက အသင်းဖော်များ ပြန်သက်သာလာသည်ကို စောင့်နေစဉ် ယုန်ပုံသဏ္ဌာန် အချိုပွဲတစ်ခု သူမရှေ့တွင် ရုတ်တရက် ပေါ်လာသည်။
ဖြူစင်သောကျင့်ကြံသူ၏အသံ ထွက်ပေါ်လာသည်။ “ဒါက မင်း အကြိုက်ဆုံး အရသာပဲ”
နဉ်ရွှီက ဖြူစင်သောကျင့်ကြံသူဆီမှ ယုန်ရုပ်လေးကို ညာဘက်လက်ဖြင့် လှမ်းယူလိုက်ပြီး သူမဘေးနားက နေရာအလွတ်ကို ဘယ်ဘက်လက်ဖြင့် ပုတ်ပြလိုက်သည်။
ဖြူစင်သောကျင့်ကြံသူက သူမဘေးတွင် လိမ္မာစွာ ထိုင်လိုက်သည်။
အချိုပွဲ စားနေရင်း နဉ်ရွှီက “ရှင် နေရာလွတ်ထဲမှာ ဒဏ်ရာရခဲ့သေးလား” ဟု မေးလိုက်သည်။
ဖြူစင်သောကျင့်ကြံသူက ခေါင်းခါပြသည်။
နဉ်ရွှီက မျက်တောင်များကို အနည်းငယ် ခတ်လိုက်ပြီး သူမ၏ မျက်လုံးများမှတစ်ဆင့် အံ့အားသင့်မှုကို ဖော်ပြနေလေသည်။
ဖြူစင်သောကျင့်ကြံသူ၏ မျက်လုံးထဲတွင် ပြုံးယောင်သန်းမှုလေး တစ်ချက် ဖြတ်ပြေးသွားကာ သူက ရှင်းပြလိုက်သည်။ “ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ဓားစွမ်းအင်ကို သုံးခဲ့တာပါ”
အဆင့်နိမ့် ကျင့်ကြံသူ အမြောက်အမြားကို ဒုက္ခပေးခဲ့သည့် ပြင်းထန်ပြီး ဖိနှိပ်ချုပ်ချယ်သော အငွေ့အသက်များသည် ဖြူစင်သောကျင့်ကြံသူအပေါ်တွင်မူ မည်သည့်သက်ရောက်မှုမှ မရှိခဲ့ပေ။
နဉ်ရွှီက “အထင်ကြီးစရာပဲ” ဟု ပြောလိုက်သည်။
ထို့နောက် သူမက ဖြူစင်သောကျင့်ကြံသူထံသို့ ပုလင်းတစ်ပုလင်း လှမ်းပေးလိုက်ပြီး “ဝူလုချန်နဲ့ တခြားသူတွေက သူတို့ဟာတွေ သုံးပစ်လိုက်ကြပြီ။ ဒီဟာကိုတော့ ရှင့်အတွက် သိမ်းထားလိုက်ပါ” ဟု ပြောလိုက်သည်။
ဖြူစင်သောကျင့်ကြံသူက ကြွေပုလင်းလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ၏ ဖြူစင်သော အနက်ရောင်မျက်ဝန်းများဖြင့် နဉ်ရွှီကို စိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ဆိုသည်။ “သူတို့က ကျွန်တော့်ထက် ပိုလိုအပ်မှာပါ…”
နဉ်ရွှီက အချိုပွဲကို တစ်ကိုက် ကိုက်ပြီး “သူတို့မှာလည်း ရှိပါတယ်၊ ရှင့်မှာလည်း ရှိရမယ်လေ။ အရေးကြုံရင် သုံးရအောင် သိမ်းထားလိုက်ပါ” ဟု ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်သည်နှင့် ဖြူစင်သောကျင့်ကြံသူ၏ မျက်လုံးထဲက အပြုံးရိပ်လေးသည် ရေကန်ပေါ်သို့ နွေဦးလေပြေ ဖြတ်တိုက်သွားသကဲ့သို့ လှိုင်းထသွားသည်။
သူက ပုလင်းလေးကို သိမ်းလိုက်သည်။ “ကောင်းပါပြီ”
လုံးဝလျစ်လျူရှုခံလိုက်ရသော နတ်ဘုရား ချင်ကျို့: …….
ဒီတော့ ဒီအဖိုးကြီးက ဘက်စုံကုသနိုင်တဲ့သွေးကို ရဖို့ မထိုက်တန်ဘူးပေါ့ ဟုတ်လား
—
သန်းခေါင်ယံအချိန်
“နယ်မြေသုံးထောင် ကျင့်ကြသူများ သတင်းဖလှယ်ရာနေရာ”
မနေ့က တစ်နေ့လုံး ဖရဲသီးရွှေ့ပြောင်းသူဆီက ပို့စ်အသစ် မတက်လာသဖြင့် လူတော်တော်များများက သူတို့၏ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ပူပန်နေကြသည်။
[သတင်းမကြားရတာ နှစ်ရက်နီးပါး ရှိနေပြီ၊ ဖရဲသီးရွှေ့ပြောင်းသူ အဆင်ရောပြေရဲ့လားမသိဘူး]
[သုံးရက် သတ်မိန့်က ကုန်တော့မယ်။ ငါတော့ ဖရဲသီးရွှေ့ပြောင်းသူရဲ့ အခြေအနေကိုပဲ စိုးရိမ်တယ်]
[ဖရဲသီးရွှေ့ပြောင်းသူက ချီသန့်စင်ခြင်းအဆင့်ပဲ ရှိသေးတာဆိုတော့ အခြေအနေက သိပ်မကောင်းနိုင်ဘူး]
[မဟုတ်ဘူး၊ အဲ့လို မပြောပါနဲ့> ဖရဲသီးရွှေ့ပြောင်းသူ မျှဝေတဲ့ ဖရဲသီးတွေက ငါ့ရဲ့ ပျော်ရွှင်မှု အရင်းအမြစ်တွေပဲဟာ]
[ဘယ်သူကရော မဟုတ်လို့လဲ။ ကျွန်တော်ဆို အခုတလော ထမင်းစားတိုင်း ဒီဖရဲသီးတွေကိုပဲ အားကိုးနေရတာ]
[ဖရဲသီးရွှေ့ပြောင်းသူရေ ကျေးဇူးပြုပြီး ပြန်လာပြီး တစ်ခုခု ပြောပေးပါဦး]
ကျင့်ကြံသူများက ဖရဲသီးရွှေ့ပြောင်းသူ၏ ဘေးကင်းမှုအတွက် ပိုပြီး စိုးရိမ်လာစဉ် ဖိုရမ်ပေါ်တွင် ပို့စ်အသစ်တစ်ခု တက်လာသည်။
[သုံးရက် သတ်မိန့်က ကုန်သွားပြီပဲ၊ ဟွာကျိုင်းဂိုဏ်းက ဘာမှမဟုတ်ဘူး]
ဒါ ဖရဲသီးရွှေ့ပြောင်းသူပဲ
မောက်မာနေကျ ဖရဲသီးရွှေ့ပြောင်းသူဖြစ်နေတုန်းပဲ
သူမအတွက် စိုးရိမ်ပေးနေကြသော ကျင့်ကြံသူများက သက်ပြင်းချကာ စိတ်အေးသွားကြသည်။
[ဖရဲသီးရွှေ့ပြောင်းသူရေ မနေ့က ပို့စ်မတင်ဘူးနော်။ နောက်ဆုံးတော့ ဒီနေ့မှ ပေါ်လာတယ်။ မင်းအဆင်ပြေတာ ဝမ်းသာတယ်]
[ဆရာကြီး၊ ခင်ဗျားရဲ့ ယုံကြည်မှုတွေ ဘယ်ကလာတာလဲဆိုတာ တကယ်သိချင်လာပြီ။ ကျွန်တော်လည်း ချီသန့်စင်ခြင်းအဆင့်ပါပဲ၊ ဒါပေမဲ့ ခင်ဗျားလုပ်သလိုမျိုး လိုက်မလုပ်နိုင်ဘူး။ ခင်ဗျားက လျှို့ဝှက်ချက်တွေ အကုန်ဖော်ပြီးတာတောင် ဟွာကျိုင်းဂိုဏ်းကို ရန်စနေတုန်းပဲ]
[ကျွန်တော်ဆို ရွှေအမြုတေအဆင့် ရောက်ရင်တောင် လုပ်ရဲမှာ မဟုတ်ဘူး။ ဟွာကျိုင်းဂိုဏ်းကို စော်ကားမိရင် ကျင့်ကြံဖို့တောင် စိတ်အေးရမှာ မဟုတ်ဘူး]
[ဖရဲသီးရွှေ့ပြောင်းသူ၊ တကယ်ပဲ ခင်ဗျားကို ပိုပိုပြီး စိတ်ဝင်စားလာပြီ]
[ဆရာကြီး၊ မင်းက ကျွန်တော်တို့ကို မင်းဘေးကင်းကြောင်း အသိပေးရုံသက်သက်ပဲလား။ ဒီနေ့ ဘာလို့ ဖရဲသီးတွေ မဝေတာလဲဟင်။ ကျွန်တော် ဖရဲသီးစားချင်တယ်၊ ကျွန်တော် ဖရဲသီးစားချင်တယ်၊ ကျွန်တော် ဖရဲသီးစားချင်တယ်လို့]
အဆိုပါကွန်မန့်အောက်မှာ နောက်ထပ် စာပြန်ချက်တစ်ခု ရုတ်တရက် ပေါ်လာသည်။
[ဟွာကျိုင်းဂိုဏ်းက ဘယ်သူ့ဖရဲသီးကို စားချင်တာလဲ။ သေချာပေါက် ပို့ပေးပါ့မယ်]
၎င်းစာပြန်ချက်ကို မြင်လိုက်ရသည်နှင့် ကျင့်ကြံသူအားလုံး စိတ်လှုပ်ရှားသွားကြသည်။
ဖရဲသီးရွှေ့ပြောင်းသူက အရမ်းကို အလိုလိုက်တာပဲ
အခုဆို ဘယ်သူ့ရဲ့ ဖရဲသီးကို စားချင်လဲဆိုတာတောင် ရွေးလို့ရနေပြီလား။ တကယ်ပါပဲ၊ သူက သူတို့ရဲ့ အနှစ်သက်ဆုံး ဖရဲသီးရွှေ့ပြောင်းသူပဲ၊ ဘယ်သူနဲ့မှကို မတူဘူး
—
လျှို့ဝှက်နယ်မြေ
ဖရဲသီးစားခြင်းစနစ်အား ပို့စ်ကို စာပြန်ခိုင်းပြီးနောက် နဉ်ရွှီက ထရပ်လိုက်ပြီး “ကျွန်မ လုပ်စရာရှိလို့ ခဏလောက် သွားဖို့လိုတယ်” ဟု ပြောလိုက်သည်။
ဖြူစင်သောကျင့်ကြံသူက ချက်ချင်းထရပ်ပြီး “ကျွန်တော် ခင်ဗျားနဲ့ လိုက်ခဲ့မယ်” ဟု ဆိုသည်။
ဖရဲသီးစားခြင်းစနစ်က တောက်နှစ်ချက်ခေါက်ကာ ပြောသည်။ [ဘယ်လောက်တောင် တွယ်ကပ်တတ်တဲ့ ခွေးပေါက်လေးလဲ]
နဉ်ရွှီက ဖရဲသီးစားခြင်းစနစ်ကို လျစ်လျူရှုလိုက်ပြီး ကျန်သောအသင်းဖော်များကို ကြည့်ကာ “ရှင်တို့အားလုံး ဒီမှာ အနားယူနေကြပါ၊ ကျွန်မတို့ မကြာခင် ပြန်လာခဲ့ပါ့မယ်” ဟု ပြောသည်။
နတ်ဘုရား ချင်ကျို့က ဒဏ်ရာရထားသော အသင်းသားများကို တစ်ခုခု ပြောလိုက်သည်။
အချိန်ဆွဲမနေတော့ဘဲ နဉ်ရွှီနှင့် ဖြူစင်သောကျင့်ကြံသူတို့ ထွက်ခွာလာခဲ့ကြသည်။
[ဒီတစ်ခါ သီးခြားကမ္ဘာထဲကို ဝင်သွားတဲ့ ယွင်ရှန်ကျင်းဂိုဏ်းရဲ့ ကျင့်ကြံသူတွေ အသေအပျောက် များခဲ့တယ်။ အမှန်တရားကို သိတဲ့ တစ်ဦးတည်းသောသူက လျှို့ဝှက်နယ်မြေထဲမှာ ရှင်းခွေ့ကို လိုက်ရှာနေတယ်]
သူမက ဘာလို့ ရှင်းခွေ့ကို ရှာချင်နေရတာလဲ
အဖြေကတော့ ရှင်းပါတယ်
နဉ်ရွှီက [အမှန်တရားကို သိတဲ့လူက သူမကို ရှာတွေ့သွားပြီလား] ဟု မေးလိုက်သည်။
[သူတို့ အခုလေးတင် သူမကို ရှာတွေ့သွားပြီ။ ငါတို့ အမြန်သွားရင် မှီနိုင်သေးတယ်]
—
နဉ်ရွှီတို့အဖွဲ့ စီနီယာအစ်မရှိရာ အနီးအနားသို့ ရောက်သွားသည့်အခါ အားနည်းသော မိန်းကလေးအသံတစ်ခုက စကားပြောနေလေသည်။
“အားခွေ့၊ ဒီတစ်ခါ ဂိုဏ်းက တပည့်တွေ အများကြီး ဒဏ်ရာရထားကြလို့ အကူအညီ လိုနေတယ်။ ငါတို့ မြန်မြန် ပြန်သွားသင့်တယ်”
သူမ စကားဆုံးသည်နှင့် ရှင်းခွေ့က အထင်အမြင်သေးသည့် အရိပ်အယောင်ပါသော အသံတစ်ခုကို ကြားလိုက်ရသည်။
[ဘာလို့ ပြန်သွားမှာလဲ။ အလကားရတဲ့ သနားစရာ သွေးအိတ်ကြီး အဖြစ်ခံဖို့လား]
[ဟုတ်သားပဲ၊ လူတွေ အများကြီးက သူတို့အသက်ကယ်ဖို့ သူမရဲ့ ဘက်စုံကုသနိုင်တဲ့သွေးကို စောင့်နေကြတာလေ။ ဒါပေါ့၊ သူမ မြန်မြန်ပြန်သွားရမှာပေါ့]
ရှင်းခွေ့: !!!
ဒါ တာအိုမိတ်ဆွေ နဉ်ရွှီ ရောက်လာတာ ဖြစ်ရမယ်၊ ဟုတ်တယ်မလား။ အဲ့ဒီအသံကို သူမ အမှတ်မှားမှာ မဟုတ်ဘူး
သူမက သူမဂျူနီယာညီမလေး၏ အမူအရာကို ခဏလောက် အကဲခတ်ကြည့်လိုက်ရာ သူမညီမလေး၏ အမူအရာက မပြောင်းလဲသွားသဖြင့် သူမ ထိုအသံကို မကြားရပုံပေါ်သည်။
ဒီတော့ ဒီအသံမှာ တစ်ခုခုကို စစ်ထုတ်ပေးတဲ့ ယန္တရားရှိနေတာများလား
မဟုတ်ရင် သူမက ကြားရပြီး ဂျူနီယာညီမလေးကျတော့ ဘာလို့ မကြားရတာလဲ
သူမ၏ဂျူနီယာညီမလေးဖြ်သူ ရှီခွေ့က ရှင်းခွေ့ ဘာမှ မလှုပ်ရှားသည်ကို မြင်သောအခါ “အားခွေ့၊ မြန်မြန် သွားကြရအောင်” ဟု တိုက်တွန်းလိုက်သည်။
ဖရဲသီးစားခြင်းစနစ်ဆီမှ စကားများကို ကြားပြီးသည့်နောက် ရှင်းခွေ့၏ စိတ်ထဲမှာ အတွေးပေါင်းများစွာ ဖြတ်ပြေးသွားသည်။
ဒါပေမဲ့ သူမက သူမ၏ဂိုဏ်းတူတပည့်များအပေါ် မကောင်းတဲ့ ကောက်ချက်များ မချချင်သေးပေ။
ရှီခွေ့က သူမ၏ အခြေအနေကို မသိဘူးဟုသာ သူမက ရိုးရိုးသားသား မျှော်လင့်မိသည်။ သူမက “အားခွေ့၊ ငါလည်း ဒဏ်ရာရထားတယ်…” ဟု ပြောဆိုစမ်းသပ်ကြည့်လိုက်သည်။
ရှင်းခွေ့က အားခွေ့ဟု ခေါ်လိုက်သော အမျိုးသမီးကျင့်ကြံသူက ရှင်းခွေ့၏ လက်ကို ဆုပ်ကိုင်ကာ စစ်မှန်သော လေသံဖြင့် ဆိုသည်။ “ငါ သိပါတယ်၊ ဒါပေမဲ့ နင့်ထက် ပိုပြင်းထန်တဲ့ ဒဏ်ရာရထားတဲ့လူတွေ အများကြီး ရှိသေးတယ်လေ။ သူတို့က ငါတို့ကို လိုအပ်နေတာ။ ငါလည်း နင့်အတွက် စိတ်မကောင်းပါဘူး၊ ဒါပေမဲ့…”
“ဂိုဏ်းတူ တပည့်တွေကလည်း အရေးကြီးတယ်လေ”
[အတုအယောင်ဆန်လိုက်တာ၊ ဒါက တကယ်ကြီး အတုအယောင်ဆန်လွန်းတယ်။ ပြောတော့ စိတ်မကောင်းဘူးတဲ့၊ တကယ်သာ စိတ်မကောင်းရင် လူတွေ အများကြီးကို ကယ်ဖို့အတွက် ရှင်းခွေ့ကို ပြန်ခိုင်းနေပါဦးမလား]
[ဒဏ်ရာရနေတဲ့ တပည့်တွေက အများကြီးပဲ၊ ဒီနေ့ သူမရဲ့ သွေးတွေကို အကုန်သုံးပစ်လိုက်ရင်တောင် လောက်မှာ မဟုတ်ဘူး]
[သူမကို ခေါင်းပုံဖြတ်ခံရမယ့် ကိရိယာတစ်ခုအဖြစ် တိုက်ရိုက်ပြောင်းလဲပစ်ဖို့ ကြိုးစားနေတာလား]
ရှင်းခွေ့၏ ရှည်လျားသော မျက်တောင်များက လိပ်ပြာတောင်ပံများကဲ့သို့ တုန်ခါသွားသည်။
ဒီတော့ ရှီခွေ့က သိနေတာလား၊ မသိဘူးလား
ရှီခွေ့က သူမကို ပြန်ဖို့ ဒီလောက်တောင် အတင်းအကျပ် တိုက်တွန်းနေတာ— သူမ အဲ့ဒီကို ရောက်သွားရင် ဘာဖြစ်သွားမလဲဆိုတာကို တကယ်ပဲ မသိတာလား
ထိုအချိန်တွင် ရှီခွေ့က စိတ်ခံစားချက်ကတ်နှင့် ဆက်ပြီး ကစားလိုက်သည်။ “အားခွေ့၊ နင် နည်းနည်းလောက် ထပ်ပြီး တောင့်ခံထားလို့ မရဘူးလား။ ဒဏ်ရာရထားတဲ့ တပည့်တွေထဲမှာ ငါ့အစ်ကိုလည်း ပါနေတယ်…”
သူမက “ငါ့အစ်ကို” ဟု ပြောလိုက်သည်နှင့် ရှင်းခွေ့၏ အမူအရာနှင့် အသက်ရှူသံက ပြောင်းလဲသွားသည်။
၎င်းကို သတိထားမိသော အားခွေ့က ထပ်ပြီး ဖိအားပေးလိုက်သည်။ “သူက နင့်ကို အကြိမ်ကြိမ် ကယ်ခဲ့တာပဲလေ။ နင် သူအပေါ် အမြဲ ကျေးဇူးတင်ခဲ့တယ် မဟုတ်ဘူးလား။ သူ အပြင်းအထန် ဒဏ်ရာရနေတာ၊ ငါတို့ နောက်ကျသွားရင် သူ့ကို နောက်ထပ် တွေ့ရမှာ မဟုတ်ဘူးနော်။ ငါ သူ့ကို တကယ် စိုးရိမ်နေလို့ပါဟာ…”
အားခွေ့က ဆက်မပြောခင် အသံက ထပ်ပြီး ကြားဖြတ်နှောင့်ယှက်လိုက်သည်။
[သူ့အသက်ကို ကယ်တယ်ဟုတ်လား။ ဘယ်အသက်ကို နင်တို့ကများ ကယ်နေလို့လဲ။ ဒါက နင်တို့ တမင်တကာ ဆင်ထားတဲ့ ထောင်ချောက် မဟုတ်ဘူးလား။ ဒါတွေ အကုန်လုံးက ရှင်းခွေ့ရဲ့ မျက်နှာသာရဖို့ လုပ်တာပဲလေ၊ ဒါမှ နောင်ကျရင် နင်တို့ သူမရဲ့ သွေးကို လွယ်လွယ်ကူကူ ယူလို့ရမှာပေါ့]
[ကျစ်၊ ကျစ်၊ ကျစ် ရှင်းခွေ့ကတော့ နင့်ကို ရင်းနှီးတဲ့ သူငယ်ချင်းလို့ သဘောထားပေမဲ့ နင်ကတော့ ရက်အနည်းငယ်တိုင်း သူမကို လုပ်ကြံဖို့ ကြံစည်နေတာပဲ]
[နင်ကတော့ တကယ်ကို လူကောင်း မဟုတ်ဘူး]
အမှန်တရားကို ရုတ်တရက် သိလိုက်ရသော ရှင်းခွေ့: ???