← Chapters

အခန်း ၅၇

Vol. 6 Ch. 57

အခန်း ၅၇

Vol. 6 Ch. 57

အခန်း (၅၇)

ရှင်းခွေ့၏ မျက်နှာမှာ ဖြူဖျော့နေပြီး သူမနှုတ်ခမ်းများက အနည်းငယ် တုန်ယင်နေသည်။ အမှန်တရားဆိုသည်ကား ဤမျှအထိ အေးစက်နိုင်သည်လား။ ထိုအချိန်တွင် အပြစ်ပြောနေသည့် အသံက ဆက်တိုက် ထွက်ပေါ်လာသည်။

[ရှင်းခွေ့ကတော့ တကယ်ကို အနှိုင်းမဲ့နစ်နာသူပဲ။ သူမ ရခဲ့တဲ့ ကောင်းမွန်တဲ့ အရာတွေက သူမ လက်ထဲမှာ ရက်အနည်းငယ်တောင် မမြဲလိုက်ဘူး၊ သူများတွေဆီကို ရောက်သွားတော့တာပဲ။]

[လေ့ကျင့်ဖို့ အပြင်ထွက်တော့လည်း ဒဏ်ရာရပြီး သုံးရက်လောက် သတိလစ်မေ့မြောသွားတယ်။]

[သတိရလာတော့လည်း သူမကို ကယ်တင်ပေးခဲ့တဲ့ ဂိုဏ်းတူအဖွဲ့သားတွေကို ကျေးဇူးတင်နေရပြန်တယ်။]

[ရယ်စရာကောင်းလိုက်တာ။ ဒီအားခွေ့ လို့ခေါ်တဲ့ အရူးအမူး သွေးစုပ်နေတဲ့မိန်းမသာ မရှိခဲ့ရင် ရှင်းခွေ့က အကြာကြီး သတိလစ်နေပါ့မလား။]

[သူမကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့အတွက် သူမဂိုဏ်းသားတွေက သူမအသက်ကို ကယ်ခဲ့တယ်လို့ မှားယွင်းပြီး ထင်သွားအောင်လို့ သူတို့တွေက ဂိမ်းတစ်ခုကို ဆက်တိုက်စီစဉ်နေခဲ့ကြတာလေ။]

[လောဘအကြီးဆုံးနှစ်ယောက်က ရှီခွေ့နဲ့ သူမအစ်ကိုပဲ]

[ဒီမောင်နှမ နှစ်ယောက်စလုံးက တစ်ယောက်ထက်တစ်ယောက် သာမနေဘူးပဲ။]

နဉ်ရွှီက "ကံကောင်းတာက သူမ အခု သတိဝင်လာပြီလေ" ဟု ဖြည်းညှင်းစွာ ဆိုသည်။

စောစောက သူမကို ရှင်းခွေ့ ပေးခဲ့သည့် ဘက်စုံကုသနိုင်သော သွေးကြွေပုလင်းလေးက သတိဝင်လာသည့် သက်သေဖြစ်သည်။

၎င်းမှာ ရှင်းခွေ့က သူမ၏ အခြေအနေသူမ မသိနားမလည်ခြင်း မဟုတ်ကြောင်း သက်သေပြနေသည်။

ရှင်းခွေ့က ဖြူလျော်သောမျက်နှာဖြင့် မေးလိုက်သည်။ "အားခွေ့၊ ငါ ဒဏ်ရာရပြီး သွေးတွေအများကြီး ထွက်ထားလို့ပါ။ စောစောက နင် ငါ့ဆီကနေ အဆင့်နိမ့် ထိပ်တန်း သွေးဖြည့်မြက်သုံးပင် ယူထားတယ်မဟုတ်လား။ နင်များ….."

သူမ စကားပြီးအောင် မပြောရသေးခင် ရှီခွေ့က ကြားဖြတ်ခြင်းကို ခံလိုက်ရသည်။

"အားခွေ့၊ နင်က ဘာလို့ ဒီလောက်တောင် အသိတရားမဲ့ရတာလဲ။ နင် ငါ့ကို ပေးထားပြီးသား သွေးဖြည့်မြက်တွေကို ပြန်တောင်းချင်နေတာလား။ ဒီနေ့ ဒဏ်ရာရထားတဲ့ ဂိုဏ်းသားတွေ အများကြီးရှိတော့ အဲ့ဒါတွေကို သုံးလိုက်တာ ကြာပြီ‌လေ….."

ရှင်းခွေ့၏ နှလုံးသားထဲမှ မျှော်လင့်ချက်များက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် မည်သည့်အရာမှ မကျန်ခဲ့ပေ။

သူမ တစ်ချိန်က ထင်မှတ်ခဲ့သော အပြန်အလှန် ကူညီမှုနှင့် သူငယ်ချင်းသံယောဇဉ်များမှာ ပြက်လုံးတစ်ခုသာ ဖြစ်သည်။

သူမ အရင်းနှီးဆုံး သူငယ်ချင်းဟု ထင်မှတ်ထားခဲ့သူမှာ သူမကို အသုံးချရန်သာဖြစ်၏။

ရှီခွေ့က ဒီနေ့ ရှင်းခွေ့၏ *ဆီနှင့်ဆားက မဝင်လာသည်*ကို မြင်တော့ ရှင်းခွေ့ကို တိုက်ရိုက် တိုက်ခိုက်တော့မည့် အချိန်တွင် နဉ်ရွှီက အိပ်မွေ့ချအဆောင်လက်ဖွဲ့ဖြင့် ရှီခွေ့ကို တိုက်ရိုက်လှဲသိပ်လိုက်ပြီးနောက် သူမနှင့် ဖြူစင်သောကျင့်ကြံသူတို့က ပုန်းကွယ်ရာနေရာမှ ထွက်လာခဲ့ကြသည်။

(T/N *ဆီနှင့်ဆားမဝင်သည်*က *ဘယ်လိုပြောပြောနားမဝင်တော့တာ*ကို ဆိုလိုပါတယ်)

ရှင်းခွေ့က တစ်ခဏမျှ ကြောင်အသွားသည်။ နဉ်ရွှီ၏စိတ်ထဲကအသံမှတစ်ဆင့် သူမ ရောက်နေသည်ကို သိထားသော်လည်း တိုက်ရိုက် ထွက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"တာအိုမိတ်ဆွေ”

နဉ်ရွှီက အနည်းငယ် ပြုံးလိုက်ပြီး "ကျွန်မ ရှင့်ကို ပေးစရာ ရှိလို့ပါ။ ဒါပေမဲ့ သူမ ရှိနေရင် အဆင်မပြေလို့လေ၊ ဒါကြောင့် သူမကို ခဏလောက် အိပ်ခိုင်းထားလိုက်တာပါ။ ကိစ္စမရှိဘူးမလား"

ရှင်းခွေ့က ခေါင်းယမ်းလိုက်ပြီး "ကိစ္စမရှိပါဘူး"

နဉ်ရွှီက အပိုစကားများ မပြောတော့ဘဲ ဝိဉာဉ်သားရဲအိတ်(သိုလှောင်အိတ်)တစ်လုံးကို သူမထံ ပစ်ပေးလိုက်သည်။

ရှင်းခွေ့က ထိုအိတ်ကို လက်ထဲဆုပ်ကိုင်ထားပြီး ခဏတာ တုံ့ဆိုင်းသွားသော်လည်း မေးလိုက်သည်။ "တာအိုမိတ်ဆွေ၊ ဒါ ဘာအတွက်လဲဟင်"

"ရှင့်ကိုပေးတာ။ တစ်နေ့နေ့ ရှင် ဒါကို လိုအပ်လာလိမ့်မယ်။"

ရှင်းခွေ့၏ မျက်နှာအမူအရာမှာ ရယ်ရခက် ငိုရခက် ဖြစ်နေပြီး "ကျေးဇူးတင်ပါတယ်"

ပစ္စည်းပေးပြီးနောက် နဉ်ရွှီက လက်ယမ်းပြကာ "သွားကြရအောင်" ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ရှင်းခွေ့ ဘာကို လုပ်ဆောင်ရန် ရွေးချယ်မည်ကို သူမ မသိပေ။ သူမက ကာယကံရှင် မဟုတ်၍ သူတစ်ပါးအတွက် ဆုံးဖြတ်ချက်ချပေးပိုင်ခွင့် မရှိပေ။

သူမ လုပ်နိုင်သည်မှာ ရှင်းခွေ့ကို ကူညီပေးခြင်းသာ ဖြစ်သည်။

အပြန်လမ်းတွင် နဉ်ရွှီက "သူမ ဘာကို ရွေးချယ်မယ်လို့ နင်ထင်လဲ" ဟု မေးလိုက်သည်။

ဖရဲသီးစားခြင်းစနစ်မှာ ဘက်စုံကုသနိုင်သော သွေးများ ထပ်မရသဖြင့် စိတ်ဓာတ်ကျနေဆဲဖြစ်ပြီး ၎င်းကို ကြားသော် [ငါ မသိဘူး] ဟု ပေါ့ပေါ့တန်တန် ပြန်ဖြေခဲ့သည်။

၎င်းက တကယ်ပင် မသိခြင်း ဖြစ်သည်။

အဆုံးစွန်ထိ ပြောရလျှင် ၎င်းမှာ သတင်းအချက်အလက် စုဆောင်းနိုင်သော ဒေတာအစုအဝေးတစ်ခုသာ ဖြစ်ပြီး လူတွေ၏စိတ်ကို မခန့်မှန်းနိုင်ပေ။

အချိန်ကသာ အဖြေပေးသွားပေလိမ့်မည်။

အလင်းတံခါးက မထင်မှတ်ဘဲ ပေါ်လာကာ ပျောက်ကွယ်သွားပြီးနောက် လျှို့ဝှက်နယ်မြေထဲမှ ကျင့်ကြံသူများက သူတို့လည်း တပည့်သက်သေခံတိုကင်ကို အသုံးပြု၍ လျှို့ဝှက်နယ်မြေအတွင်းမှာပင် "နယ်မြေသုံးထောင် ကျင့်ကြ‌သူများ သတင်းဖလှယ်ရာနေရာ" သို့ ဝင်ရောက်နိုင်ကြောင်း မတော်တဆ တွေ့ရှိသွားကြသည်။

၎င်းကို စတင်တွေ့ရှိခဲ့သည့် ကျင့်ကြံသူမှာ "နယ်မြေသုံးထောင် ကျင့်ကြ‌သူများ သတင်းဖလှယ်ရာနေရာ" ကို အပျော်သဘော ဝင်ကြည့်လိုက်ခြင်းဖြစ်သော်လည်း တစ်ချက်လောက် ကြည့်လိုက်ရုံနှင့်တင် သူတို့တစ်ဖွဲ့လုံး လျှို့ဝှက်နယ်မြေထဲ ရောက်နေချိန် အပြင်လောက၌ စိတ်ဝင်စားစရာ အများကြီး ဖြစ်ပျက်ခဲ့သည်ကို တွေ့လိုက်ရသည်။

ဘယ်လိုသူရဲကောင်းကများ ဒီလောက်တောင် ကြမ်းရတာလဲ မသိဘူးကွာ

ထိုအချိန်တွင် အဓိကတရားခံဖြစ်သူမှာ သူ၏ သခင်ကို ဖရဲသီးအသစ်များ ထပ်ပေးနေလေသည်။

[ဟားဟားဟားဟား၊ Host မွေးရာပါတာအိုခန္ဓာပိုင်ရှင်ရဲ့ စီနီယာအစ်ကိုက လျှို့ဝှက်နယ်မြေထဲမှာ အမျိုးသမီးကျင့်ကြံသူ တစ်ယောက်ကို ချစ်မိသွားတာကို နင်မသိသေးဘူး။ အဲ့ဒီ အမျိုးသမီးကျင့်ကြံသူ အတွက်နဲ့ သူက သူ့ရဲ့ ဂိုဏ်းတူအဖွဲ့ဝင်တွေနဲ့တောင် လမ်းခွဲတော့မလို့လေ။]

မွေးရာပါတာအိုခန္ဓာလား

ထိုနာမည်ကို အချိန်အတော်ကြာမှ ပြန်ကြားလိုက်ရ၍ နဉ်ရွှီမှာ တစ်ခဏမျှ မသက်မသာ ဖြစ်သွားသည်။

မွေးရာပါတာအိုခန္ဓာပိုင်ရှင်၏ ဆရာသခင်မှာ အပြင်လောကတွင် လျှပ်စီးပြစ်ဒဏ်ခတ်မှုကို ခံစားနေရပြီး အိမ်ထောင်သည် ၃၁ယောက်ကိစ္စကြောင့် စတုတ္ထမြောက်အကြီးအကဲမှာ သီးသန့်ကျင့်ကြံနေသော်လည်း ၎င်းမှာ လျှို့ဝှက်နယ်မြေထဲရှိ မွေးရာပါတာအိုခန္ဓာပိုင်ရှင်အား သက်ရောက်မှု ကြီးကြီးမားမား မရှိခဲ့ချေ။

အဆင့်နိမ့်တပည့်များက အပြင်လောကတွင် ဖြစ်ပျက်နေသည်များကို မသိကြသဖြင့် သူမကို ကာကွယ်ပေးသည့် အနေအထားဖြင့် သဘာဝအတိုင်း ဝိုင်းရံထားကြဆဲ ဖြစ်သည်။

ဂိုဏ်းထဲမှ ကျန်တပည့်များကလည်း သူမနှင့် သူမဆရာသခင်အကြောင်းကို မသိကြသဖြင့် သူတို့က သူမကို သတိထားပြီး ကိုးကွယ်နေကြဆဲဖြစ်သည်။

သူမက ဟွာကျိုင်းဂိုဏ်း၏ အဆင့်မြင့်ပါရမီရှင် ဖြစ်နေဆဲပင်ဖြစ်သည်။

နဉ်ရွှီက "မြင်မြင်ချင်း အချစ်လား"

[ဟုတ်တယ်၊ မြင်မြင်ချင်း အချစ်ပဲ]

[ဒီအတောအတွင်းမှာ အတူတူ နေထိုင်ခဲ့ကြပြီးနောက် မွေးရာပါတာအိုခန္ဓာပိုင်ရှင်ရဲ့ စီနီယာအစ်ကိုက သူမမရှိရင် မဖြစ်တော့တဲ့အထိ ဖြစ်လာတော့တာပဲ။ ဒါပေမဲ့ သူ့ရဲ့ ဂိုဏ်းသားတော်တော်များများက ဒီအိမ်ထောင်ရေးကို သဘောမတူဘဲ *မန်ဒရင်းဘဲလေးတွေကို ရိုက်ချင်နေကြတော့* စီနီယာအစ်ကိုက သူ အသည်းစွဲချစ်ရတဲ့သူအတွက် အဖွဲ့ထဲကနေ ခွဲထွက်ပြီး တစ်ယောက်တည်း လှုပ်ရှားတော့တာပဲ။]

(T/N *မန်ဒရင်းဘဲများကို ရိုက်သည်*=*ချစ်သူနှစ်ဦးကို အတင်းအဓမ္မခွဲသည်*)

နဉ်ရွှီက "ဒီဖရဲသီးက ဘာမှ မထူးခြားဘူးမလား။” အမျိုးသားကျင့်ကြံသူတစ်ဦးက အမျိုးသမီးကျင့်ကြံသူတစ်ဦးကို မြင်မြင်ချင်း ချစ်မိသွားတာပဲလေ၊ အတင်းအဖျင်းမှ မဟုတ်တာ။

ဖရဲသီးစားခြင်းစနစ်က ပြုံးလိုက်ပြီး [ရှေ့ပိုင်းမှာတော့ တကယ် ဘာမှမဟုတ်သလိုပဲ၊ ဒါပေမဲ့ အဓိကအချက်က နောက်မှလာမှာ။]

နဉ်ရွှီက "ပြောပါဦး"

[ဒီစီနီယာအစ်ကို မသိတာက သူ မြင်မြင်ချင်း ချစ်မိသွားတဲ့သူက သေမျိုးလောကကနန်းတော်ထဲမှာ မိန်းမစိုးတစ်ယောက် ဖြစ်ခဲ့ဖူးတာပဲ]

နဉ်ရွှီ “???”

သူမ ရုတ်တရက် သတိဝင်လာပြီး "ဘာ၊ မိန်းမစိုးဟုတ်လား"

[ဟုတ်တယ်၊ မိန်းမစိုး။ ပြီးတော့ သူက သေမျိုးလောကက ဧကရာဇ်ဘေးမှာ ခစားခဲ့တဲ့ မိန်းမစိုးနော်။]

[အခွင့်အရေးတစ်ခုကြောင့် ကျင့်ကြံခြင်းလောကထဲ သူရောက်လာခဲ့တာ။ ဒါပေမဲ့ သူက သာမန်လူတွေနဲ့ မတူဘူး၊ အကြောင်းရင်းကတော့ နင်သိတဲ့အတိုင်းပဲ၊ သူ့ဆီမှာ တစ်ခုခု‌ ပျောက်နေတာလေ။]

နဉ်ရွှီ : "......"

"ပြီးတော့ ဘာဆက်ဖြစ်လဲ"

[အဲ့ဒီနောက် သူက ကျင့်စဉ်တစ်ခုကို လေ့ကျင့်ခဲ့တယ်။ အဲ့ဒီကျင့်စဉ်က သူ့ရဲ့ ရုပ်ရည်ကို တစ်နေ့ထက်တစ်နေ့ ပိုပြီး နူးညံ့လာစေသလို သူ့ရဲ့ အသံကိုလည်း ပိုပြီး ညှို့ယူနိုင်စွမ်း ရှိလာစေတာလေ။ ချီအာရဲ့ ရုပ်ရည်က မိန်းမဆန်တယ်ဟုတ်လား။ အဲ့ဒီလူကမှ ချီအာထက်တောင် ပိုပြီး ချီအာဆန်နေသေးတာ။]

နဉ်ရွှီ "ဝါး"

ချီအာ : ???

သူက ဘာလို့ ဒီကိစ္စထဲ ပါလာရတာလဲ။ သူ မကြားဘူးလို့ မထင်နဲ့နော်၊ အဲ့ဒါက ကောင်းတဲ့အရာမှ မဟုတ်တာ။

ဖရဲသီးစားခြင်းစနစ်က ရယ်မောလိုက်ပြီး [ဒါပေမဲ့ သူ ဘယ်လောက်ပဲ နူးညံ့တဲ့ပုံ ပေါ်နေပါစေ၊ သူက ယောကျ်ားတစ်ယောက်ဆိုတဲ့ အချက်က ပြောင်းလဲလို့ မရဘူး]

[ယောကျ်ားတွေအကြောင်းကို ယောကျ်ားတွေကပဲ အသိဆုံးလို့ ပြောကြတယ်လေ။ နောက်ဆုံးကျတော့လည်း သူက ဧကရာဇ်ဘေးက ဩဇာကြီးတဲ့ မိန်းမစိုးတောင် ဖြစ်ခဲ့သေးတာပဲ။ ဧကရာဇ်ဘေးက ကိုယ်လုပ်တော်တွေရဲ့ မျက်နှာသာပေးခံရတဲ့ နည်းလမ်းတွေကို သူ မြင်ဖူးနေကျ ဖြစ်နေပြီလေ။ ကျင့်ကြံသူတစ်ယောက်ရဲ့ နှလုံးသားကို သိမ်းပိုက်ဖို့ဆိုတာ သူ့အတွက် လွယ်လွယ်လေး မဟုတ်ဘူးလား။]

နဉ်ရွှီက "သူလည်း အဲ့ဒီစီနီယာအစ်ကိုကို မြင်မြင်ချင်း ချစ်မိသွားတာလား" ဟု မေးလိုက်သည်။

ဖရဲသီးစားခြင်းစနစ်က တိုက်ရိုက်ပင် ငြင်းဆိုလိုက်ကာ [ဒါပေါ့ ဘယ်ဟုတ်မတုန်း။ အဲ့ဒီမှိုင်တွေနေတဲ့ မိန်းမစိုးက သာမန်မဟုတ်ဘူး၊ သူက တမင်တကာ ကစားနေရုံသက်သက်ပဲ။]

နဉ်ရွှီ : !!

ချီအာ : !!

အမေရေ... ကျင့်ကြံခြင်းလောကကြီးက ကြောက်စရာကောင်းလွန်းတယ်!! နည်းနည်းလေး သတိလွတ်လိုက်တာနဲ့ ယောကျာ်းအသွင်ကနေ ရုပ်ဖျက်ထားတဲ့ မိန်းမစိုးကြီးတွေရဲ့ ပစ်မှတ်ထားခံရဖို့ လွယ်ကူနေတာပဲ။

နဉ်ရွှီက "အသေးစိတ် ပြောပါဦး၊ သူ့ကို ဘယ်လို ကစားနေတာတဲ့လဲ"

ဖရဲသီးစားခြင်းစနစ်က တကွက်ကွက်နှင့် ရယ်မောလိုက်ပြီး [လှည့်ကွက်တွေ များလွန်းတယ်။ ငါတောင် မပြောနိုင်ဘူး၊ ပြောလို့မရဘူး။]

[ငါသာ ပြောလိုက်ရင် ငါ့ကို (block)ပိတ်ပင်လိမ့်မယ်။]

နဉ်ရွှီ : "!! "

ချီအာ : အဲ့ဒီလောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းနေတာလား

[ဘာပဲဖြစ်ဖြစ် ဒီမိန်းမစိုးက နူးညံ့သိမ်မွေ့တဲ့ပုံစံ၊ လက်ဖက်စိမ်း ဒါမှမဟုတ် ကြာဖြူလေးလို လုပ်နိုင်တာနော်]

[နင်သိတဲ့အတိုင်း ကျင့်ကြံဖို့ပဲ သိတဲ့ မွေးရာပါတာအိုခန္ဓာပိုင်ရှင်ရဲ့ စီနီယာအစ်ကိုလို လူမျိုးက လက်ဖက်စိမ်းတွေ၊ ကြာပန်းဖြူတွေကို ဘယ်တုန်းက မြင်ဖူးမှာမလို့လဲ]

[မြင်လိုက်တာနဲ့တင် သေတဲ့အထိ အစားခံရမှာ မဟုတ်ဘူးလား]

[သူ ပုံမှန် ထိတွေ့ဆက်ဆံရတဲ့ အမျိုးသမီးကျင့်ကြံသူ အရေအတွက်က လက်ချိုးရေလို့တောင် ရတယ်။]

[ဒါပေမဲ့ သူ့မှာ အဆက်အသွယ် လုံလုံလောက်လောက် ရှိခဲ့ရင်တောင် မိန်းမစိုးရဲ့ ချိုသာတဲ့ စကားလုံးတွေကနေ လွတ်မြောက်နိုင်စွမ်း ရှိမှာမဟုတ်ဘူးလို့ ခန့်မှန်းလို့တောင်ရတယ်။]

[အမှန်အတိုင်း ပြောရရင် သူ စီနီယာအစ်ကိုကို စကားပြောလိုက်တဲ့အချိန်ဆိုရင် ငါ့ရဲ့ CPUဆို တုန်ယင်သွားပြီးတော့ အချက်အလက် စီးဆင်းမှုက အလိုလို မြန်ဆန်သွားတာ။]

နဉ်ရွှီ : "......"

"ဘာတွေ ဖြစ်တာလဲ နင် စိတ်လှုပ်ရှားနေတာလား"

[မဖြစ်နိုင်တာ။ ဒီလောက် နက်နဲတဲ့ အရည်အချင်းတွေနဲ့ လက်ဖက်စိမ်းမျိုး ပထမဆုံး တွေ့ဖူးတာမလို့ ငါ နည်းနည်းလေး စိတ်လှုပ်ရှားသွားတာပါ။]

[လူအနည်းငယ်ပဲ လက်ဖက်စိမ်းနဲ့ ကြာပန်းဖြူရဲ့ အနှစ်သာရကို ဆုပ်ကိုင်နိုင်တာလေ။]

[သူက အဲ့ဒီထဲက တစ်ယောက်ပဲ။]

နဉ်ရွှီက "ဒီမိန်းမစိုးက အဲ့လောက်တောင် တော်နေတာကို စီနီယာအစ်ကိုဘေးနားက လူတွေက ဘာလို့ သူ့ကို ကြည့်မရကြတာလဲ"

ဖရဲသီးစားခြင်းစနစ်က နှစ်ခါမျှ တောက်ခေါက်လိုက်ပြီး [ကြည့်မရလို့ မဟုတ်ဘူးဟေ့၊ မနာလိုဖြစ်နေကြလို့။]

နဉ်ရွှီ : !!

ချီအာ : !!

သူက ဘယ်ညာကြည့်ကာ ဤဖရဲသီးအား အပေါင်းအဖော်များနှင့် အသည်းအသန် ဆွေးနွေးချင်ပါသော်လည်း ကံမကောင်းစွာဖြင့် မည်သူကမှ သူ့ကို ဂရုမစိုက်ကြပေ။

သူက ဘာမှမဖြစ်သလိုသာ ဟန်ဆောင်ပြီး နဉ်ရွှီနောက်လိုက်ကာ ဝိညာဉ်မြက်များ ခူးဆွတ်ရင်း သူမနှင့် စနစ်တို့ စကားပြောနေသည်ကို နားထောင်နေခဲ့သည်။

နဉ်ရွှီက ရုတ်တရက် သဘောပေါက်သွားကာ "ငါ နားလည်ပြီ၊ ဘာလို့လဲဆိုတော့... အဲ့ဒီမိန်းမစိုး ရွေးချယ်လိုက်တဲ့လူက သူတို့မဟုတ်ဘဲ စီနီယာအစ်ကို ဖြစ်နေလို့ပဲ၊ ဒါကြောင့် သူတို့က အဲ့ဒီအတွဲကို ခွဲချင်နေကြတာ။"

[မှန်တယ်၊ အဲ့ဒီလိုပဲ]

နဉ်ရွှီက "နင် ပြောတာတွေနဲ့တင် ဒီမိန်းမစိုးကြီးကို ငါတကယ် မြင်ချင်လာပြီ။"

ဖရဲသီးစားခြင်းစနစ်က နှစ်ခါမျှ တောက်ခေါက်လိုက်ပြီး [ငါကတော့ မမြင်ချင်သေးဘူး]

[အခုအချိန်မှာ သူတို့က ရူးလောက်စရာကောင်းတဲ့ စိတ်ခံစားချက်တွေ ပူပြင်းတောက်လောင်နေတဲ့ အချိန်လေ။]

[ဒီလိုအချိန်မျိုးကို နင် သိပါတယ်။]

နဉ်ရွှီက ခေါင်းညိတ်ပြကာ "ငါ နားလည်ပါတယ်။" ဟု ဆိုသည်။ ဤအချိန်တွင် သူတို့ကို သွားရောက် နှောင့်ယှက်ရန် မသင့်တော်ပေ။

ရုတ်တရက် ဖရဲသီးစားခြင်းစနစ်က ရုတ်တရက် အော်ဟစ်လိုက်သည်။

နဉ်ရွှီ : "??? "

ချီအာ : !!

သူက ချက်ချင်းပင် နားစွင့်လိုက်ပြီး နောက်ကြားရမည့်အရာကို နားထောင်ချင်သဖြင့် စွမ်းအင်အားလုံးကို အာရုံစိုက်ထားလိုက်သည်။

[ဒါပဲလား၊ ဒါလေးပဲလား။]

[ဒါနဲ့တင် ပြီးသွားတာလား]

နဉ်ရွှီ : "ဟင်"

[ဘယ်လောက်တောင် ကြာသေးလို့လဲ]

နဉ်ရွှီက "ဟင်" ဟု ထပ်မံဆိုလိုက်သည်။

ဖရဲသီးစားခြင်းစနစ်မှာ စိတ်ကို အကြီးအကျယ် လှုံ့ဆော်ပေးနိုင်သော သတင်းတစ်ချို့ ရရှိလိုက်ပုံရသည်။

၎င်းက ခဏမျှ တိုးတိုးလေး ရေရွတ်နေပြီး [Host... နင် အခွင့်အရေး ရရင် ပေါင်ရှင်းဆေးလုံးတစ်လုံးလောက် ဖော်စပ်ပြီး ဒီမိန်းမစိုးကြီးကို ပေးလိုက်ပါဦး။ ပေါင်ရှင်းဆေးလုံးဆိုတာ နာမည်အတိုင်းပဲ ပျော်ရွှင်မှုကို ကာကွယ်ပေးတာ၊ သူ ဒါကို အရမ်း လိုအပ်နေတာ။]

“……”

နဉ်ရွှီက "နင်က သူ့ကို ထူးထူးဆန်းဆန်း ခင်တွယ်နေတာပါလား" ဟု စနောက်လိုက်သည်။

[ဟုတ်လား။ သူ့ရဲ့ စွမ်းဆောင်ရည်တွေက စီနီယာအစ်ကို တစ်ယောက်တည်းအတွက်ဆိုရင် အရမ်း နှမြောဖို့ ကောင်းလွန်းတယ်။]

[သူက နံနေတဲ့ ခြေအိတ်နံ့ ရှူတာ ကြိုက်တဲ့ ပါရမီရှင်ကိုတောင် သူ့လက်အောက်ကို သိမ်းသွင်းနိုင်မှာပဲနော်။]

[ပါရမီရှင်တွေလည်း အချစ်ဒဏ်ကြောင့် ခံစားသင့်တာပဲလေ။]

နဉ်ရွှီ : "......"

"နင် သူ့ကို သိပ်ပြီး သဘောမကျဘူးဆိုတာ ငါ မြင်နိုင်တယ်။"

ဖရဲသီးစားခြင်းစနစ်က မငြင်းဘဲ [အမှန်ပဲလေ။] ဟု ဆိုလိုက်သည်။

[ဖမ်းလိုင်မှာ ကောင်းကင်ကျောက်စာတိုင် တစ်ခုရှိတယ်၊ အဲ့ဒီပေါ်မှာ နာမည်ဆယ်ခု ရေးထိုးထားတယ်။ မျိုးဆက်သစ်တွေထဲက အတော်ဆုံး ပါရမီရှင်တွေပဲ သူတို့နာမည်ကို ချန်ထားခဲ့နိုင်တာ။]

[ငါးနှစ်နေတိုင်း ကောင်းကင်ကျောက်စာတိုင်က အသစ်ပြောင်းတယ်။]

[ကောင်းကင်ကျောက်စာတိုင် နောက်ဆုံး အသစ်ဖြစ်ခဲ့တာက လွန်ခဲ့တဲ့ လေးနှစ်လောက်ကပဲ။]

နဉ်ရွှီက တစ်ခုခုကို လျင်မြန်စွာ သဘောပေါက်သွားသည်။

"နံနေတဲ့ခြေအိတ်ကို ရှူရတာ ကြိုက်တဲ့ ပါရမီရှင်က ကောင်းကင်ကျောက်စာတိုင်မှာ ပထမလား"

[ဟုတ်တယ်။]

[ငါတို့သာ အဲ့ဒီအချိန်မှာ ရောက်မလာခဲ့ရင် သူ ဘာဖြစ်သွားမှာလဲ]

ဖရဲသီးစားခြင်းစနစ်က ပထမနေရာကို ၎င်း၏ ကိုယ်ပိုင်နေရာအဖြစ် ကြာမြင့်သည့် အချိန်ကတည်းက သတ်မှတ်ထားပြီးဖြစ်သည်။ ယခု ပထမနေရာကို အခြားသူက ယူထားဆဲဖြစ်သဖြင့် ထိုကျင့်ကြံသူကို သူ့မျက်စိထဲ ကြည့်မရဖြစ်နေသည်မှာ သဘာဝပင်ဖြစ်သည်။

နဉ်ရွှီက ခေါင်းကို အသာခါလိုက်သည်။ ကျောက်စာတိုင်ပေါ်မှာ သူမနာမည်ကို ထားခဲ့ခြင်းက သူမအမြင်တွင် ကောင်းသောအရာမဟုတ်ပေ။

၎င်းက လူသိများလွန်းလှသည်။

အကယ်၍ အင်အားကြီးသော ဂိုဏ်း၏ အကာအကွယ်နှင့် ကံကြမ္မာ၏ စောင်မမှုသာ မရှိလျှင် ဤကောင်းကင်ကျောက်စာတိုင်၏ နံပါတ်တစ်မှာ မီးကဲ့သို့ တည်ရှိမှုမျိုး ဖြစ်လာလိမ့်မည်ဖြစ်ပြီး ဘေးကင်းစွာ ကြီးပြင်းလာနိုင်မလားဆိုသည်မှာ မေးခွန်းထုတ်စရာပင်။

အပြည့်အဝ မကြီးပြင်းလာမီ ဝက်ယောင်ဆောင်ပြီး ကျားသားစားခြင်းကသာ ဘဝ၏ စည်းမျဉ်း ဖြစ်သည်။

ဖရဲသီးစားခြင်းစနစ်၏ ညည်းညူမှုမှာ ဆက်ရှိနေခဲ့ပြီး [ဒုတိယနေရာမှာ ရှိနေတာက ဆရာတပည့် အချစ်ဇာတ်လမ်းထဲက တတိယလူ... ဟွာကျိုင်းဂိုဏ်းက မွေးရာပါတာအိုခန္ဓာပိုင်ရှင်ပဲ။]

[တတိယနေရာမှာ ယွင်ရှန်ကျင်းဂိုဏ်းက ရှင်းခွေ့။ အဲ့ဒီနှစ်က သူမ အသက် ၁၁ နှစ်ပဲ ရှိသေးတာ၊ ထိပ်တန်း ဆယ်ယောက်ထဲမှာ အသက်အငယ်ဆုံးလေ။ သူမက အငြိုးအတေး အရမ်းကြီးနေတာကလွဲရင် ကျန်တာအားလုံး ကောင်းပါတယ်။]

[စတုတ္ထမြောက်တစ်ယောက်ကတော့ ခြေချိတ်ထိုင်ပြီး ကောင်းကင်ကြီးကို ငေးကြည့်ရင်း လေ့လာရတာ ကြိုက်တဲ့ အရူးတစ်ယောက်ပဲ။ ပြီးတော့ အဲ့ဒီအရူးက တစ်နေ့လုံး ထူးဆန်းတာတွေပဲ လျှောက်လုပ်နေတာ၊ အဲ့ဒီလူသာ ဒီလောက် တုံးအမနေဘူးဆိုရင် သူ့ရဲ့ အဆင့်က ဒီထက် ပိုမြင့်နိုင်တယ်။]

[ပဉ္စမမြောက်ကတော့ ကျဆုံးသွားပြီ၊ ဒီနာမည်ကြီးမှုမျိုးက ကံသိပ်မကောင်းဘူး၊ ဒီဆယ်ယောက်ထဲမှာ သူ တစ်ယောက်တည်းပဲ အမြှောက်စာ ဖြစ်သွားတာ။]

[ကျန်တဲ့လူတွေရဲ့ အစွမ်းနဲ့ ပါရမီက သိပ်မကောင်းတော့ ထည့်မပြောတော့ဘူး။]

ချီအာမှာ ဇဝေဇဝါ ဖြစ်သွားသည်။ မဟုတ်သေးပါဘူး၊ သူတို့က စာရင်းထဲ ပါတယ်ဆိုမှတော့ သူတို့ရဲ့ ပါရမီက အဆင်ပြေလို့ မလား။ သူတို့က မျိုးဆက်သစ်တွေထဲမှာ ထိပ်တန်းခေါင်းဆောင်တွေပဲလေ။

ရလဒ်ကတော့ ဖရဲသီးစားခြင်းစနစ်ရဲ့ ပါးစပ်ထဲမှာတော့ "ထည့်မပြောတော့ဘူး" ဖြစ်သွားရတာတဲ့လား။

ဒါဆို သူက ဘာလဲ

အမှိုက်လား

နေပါဦး... ဘာလို့ အကြောင်းအရာက ရုတ်တရက်ကြီး လမ်းလွဲသွားရတာလဲ

သူက မိန်းမစိုးကြီးရဲ့ ဖရဲသီးကို ဆက်ပြီး နားထောင်ချင်တာဖြစ်သည်။

နဉ်ရွှီနှင့် သူမ၏အဖွဲ့မှာ ဖရဲသီးများ စားနေကြသော်လည်း လျှို့ဝှက်နယ်မြေထဲတွင်မူ "နယ်မြေသုံးထောင် ကျင့်ကြံသူများ သတင်းဖလှယ်ရာနေရာ" မှ ရုတ်ရုတ်သဲသဲ ဖြစ်နေပြီဖြစ်သည်။

မွေးရာပါတာအိုခန္ဓာမှာ ဟွာကျိုင်းဂိုဏ်း၏ ထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်သော်လည်း ကျင့်ကြံခြင်းလောကတွင် သူမ တစ်ယောက်တည်းသာ ပါရမီရှင် မဟုတ်ပေ။

ကျင့်ကြံခြင်းလောကကြီးတွင် ဟွာကျိုင်းဂိုဏ်း တစ်ခုတည်းသာ ရှိနေခြင်းမဟုတ်ပေ။

မွေးရာပါတာအိုခန္ဓာကို ကြည့်မရဖြစ်နေသူ များစွာ ရှိသည်။

ဟွာကျိုင်းဂိုဏ်းနှင့် ထျန်းကောဂိုဏ်းမှ ကျင့်ကြံသူများသည် လျှို့ဝှက်နယ်မြေထဲမှ လမ်းကျဉ်းလေးတွင် မတော်တဆ ဆုံမိကြသည်။

ထျန်းကောဂိုဏ်းမှ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက မွေးရာပါတာအိုခန္ဓာကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက်ဆိုသလို ရွှဲ့စောင်းသည့်လေသံဖြင့် "ဒါက ဆရာသခင်ကို လိုချင်တပ်မက်လို့ ဆရာကတော်ကို ခိုးကြောင်ခိုးဝှက် လုပ်ကြံခဲ့တဲ့ သုံးရက်တာ ပါရမီလေးရှင်လေး မဟုတ်လား။ လျှို့ဝှက်နယ်မြေက သေးလွန်းတော့ ဒီလိုလူနဲ့တောင် လာတိုးနေတာပဲ" ဟု ဆိုလိုက်သည်။

ဟွာကျိုင်းဂိုဏ်းသားများမှာ ချက်ချင်းပင် မျက်နှာပျက်သွားကြသည်။

ဟွာကျိုင်းဂိုဏ်းတပည့်တစ်ဦးက "မင်း ဘာအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ?" ဟု ပြောလိုက်သည်။

ထိုကျင့်ကြံသူက နှာခေါင်းရှုံ့လိုက်ကာ "အဓိပ္ပာယ်မရှိတာ ဟုတ်လား။ သတင်းက တစ်လောကလုံး ပျံ့နေတဲ့ဟာကို အဓိပ္ပာယ်မရှိတာ ဖြစ်မလား"

သူက အဓိပ္ပာယ်ဖော်ရခက်သည့် အပြုံးမျိုး ပြုံးလိုက်ပြီး "မွေးရာပါတာအိုခန္ဓာ ဆိုတာကလည်း ဒီလောက်ပါပဲလား"

မွေးရာပါတာအိုခန္ဓာပိုင်ရှင်က ဤကဲ့သို့သော ဒေါသမျိုးကို မည်သို့ ခံစားဖူးမည်နည်း။ သူမ၏ ဆရာသခင်ပင် သူမကို ဤကဲ့သို့သော လေသံမျိုးဖြင့် မပြောဖူးရာ ထျန်းကောဂိုဏ်းကလူတွေက မည်သူပေနည်း။

သူမက ရုတ်တရက်ဆိုသလို ထျန်းကောဂိုဏ်းတပည့်များဆီသို့ အဆောင်လက်ဖွဲ့များကို ပိုက်ဆံမနှမြောသကဲ့သို့ ပစ်ပေါက်နေသဖြင့် သူမ၏ အဆောင်လက်ဖွဲ့ ပစ်ပေါက်သည့် အပြုအမူတိုင်းမှာ အလွန်အမင်း ရက်စက်ကြမ်းတမ်းလှသည်။

ထျန်းကောဂိုဏ်းတပည့်များမှာလည်း သူမကို မကြောက်ကြသဖြင့် ချက်ချင်းပင် ပြန်လည်တိုက်ခိုက်ရန် ရွေးချယ်လိုက်ကြသည်။

ခဏအတွင်းမှာပင် ဟွာကျိုင်းဂိုဏ်းတပည့်များနှင့် ထျန်းကောဂိုဏ်းတပည့်များမှာ လုံးထွေးသွားကြတော့သည်။

ထျန်းကောဂိုဏ်း၏ ဖိနှိပ်တိုက်ခိုက်ခြင်းကို ခံရသည့်အခါ ဟွာကျိုင်းဂိုဏ်းတပည့်များက အချင်းချင်း အသည်းအသန် သတင်းပို့လိုက်ကြသည်။ "စီနီယာအစ်ကို ဘယ်မှာလဲ။ ဘာလို့ စီနီယာအစ်ကိုကို မတွေ့ရတာလဲ"

ဤအချိန်တွင် စီနီယာအစ်ကိုမှာ ဘယ်ရောက်နေသနည်း

*နူးညံ့တဲ့မြို့နယ်*တွင် နစ်မြောနေသည့် စီနီယာအစ်ကိုက နှာချေလိုက်သည်။

(*နူးညံ့တဲ့မြို့နယ်*=*နူးညံ့ပျော့ပျောင်းတဲ့ မိန်းမပျိုလေး၏ အပြုအစု၊အယုအယ*)

တစ်ယောက်ယောက်ကများ သူ့ကို လွမ်းနေတာလား

All Chapters