← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

အခန်း (၅၈)

ဂိုဏ်းသားနှစ်ဖွဲ့ အပြင်းအထန် တိုက်ခိုက်နေကြစဉ် လျှို့ဝှက်နယ်မြေမှာ မမျှော်လင့်ဘဲ စောစီးစွာ ပိတ်သွားလေသည်။

ခဏအကြာတွင် လျှို့ဝှက်နယ်မြေအတွင်း ရှိနေသေးသော ဂိုဏ်းသားအားလုံး လျှို့ဝှက်နယ်မြေ အပြင်ဘက်သို့ ကန်ထုတ်ခံလိုက်ရသည်။

ဂိုဏ်းသားများ : ???

ဒီလောက်တောင် ရုတ်တရက်ဆန်တာလား

လျှို့ဝှက်နယ်မြေမှ ထွက်လာသည်နှင့် ဝမ့်ရှင်းဂိုဏ်းကို ဦးဆောင်လာသည့် အကြီးအကဲက သူတို့ကို လာရောက်ကြိုဆိုသည်။

လျှို့ဝှက်နယ်မြေထဲရှိ ဂိုဏ်းသားများက "နယ်မြေသုံးထောင် ကျင့်ကြံသူများ သတင်းဖလှယ်ရာနေရာ" သို့ ဝင်ရောက်နိုင်သဖြင့် အတွင်းမှ သတင်းများကို အချိန်မီ မျှဝေနိုင်ခဲ့ကြသည်။ ထို့ကြောင့် အပြင်တွင် စောင့်စားနေသူတိုင်း ထျန်းယာလျှို့ဝှက်နယ်မြေအတွင်း တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည်ကို သိရှိထားကြပြီးဖြစ်သည်။

လျှို့ဝှက်နယ်မြေ စောစီးစွာ အပြီး ပိတ်သိမ်းသွားခြင်းမှာလည်း သူတို့၏ ခန့်မှန်းချက်အတွင်း ရှိနေခဲ့သည်။

ဝမ့်ရှင်းဂိုဏ်း၏ အကြီးအကဲက တပည့်များကို လှည့်ပတ်ရေတွက်ကြည့်ရာ အထဲသို့ ဝင်သွားသော ဂိုဏ်းသားမှာ တစ်ရာရှိသော်လည်း ခြောက်ဆယ့်ရှစ်ယောက်သာ ပြန်ထွက်လာနိုင်ပြီး စုစုပေါင်း တပည့် သုံးဆယ်ကျော် အထဲတွင် အသက်ဆုံးရှုံးခဲ့ရသည်။

သူက သက်ပြင်းသာသာ ချလိုက်သည်။ ကျင့်ကြံခြင်းလောကမှာ အလွန်ပင် ရက်စက်လှရာ ဤလျှို့ဝှက်နယ်မြေသို့သွားသည့် ခရီးစဉ်အတွင်း အခွင့်အလမ်းကောင်း ရရှိမည်လား သို့မဟုတ် ဤနေရာ၌ပင် သေဆုံးသွားမည်လားဆိုသည်ကို မည်သူမျှ မသိနိုင်ကြပေ။ ကံကြမ္မာအတိုင်းဟုသာ ဆိုရပေမည်။

သူက စကားပြောရန် ပြင်လိုက်စဉ် ဟွာကျိုင်းဂိုဏ်းနှင့် ထျန်းကောဂိုဏ်းမှ တပည့်များမှာ အပြင်သို့ ရောက်သည်နှင့် ချက်ချင်း ထပ်မံတိုက်ခိုက်နေကြသည်ကို မြင်လိုက်ရသည်။ သူတို့က ပိုက်ဆံမနှမြောသကဲ့သို့ အမျိုးမျိုးသော မန္တန်များနှင့် အဆောင်လက်ဖွဲ့များကို အချင်းချင်း ပစ်ပေါက်နေကြသည်။

ဤလူစုမှာ လျှို့ဝှက်နယ်မြေတစ်ဝက်ခန့်အထိ တိုက်ခိုက်ခဲ့ကြပြီး အပြင်သို့ထွက်လာပြီးနောက် ဆက်လက်တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

အင်အားကြီးဂိုဏ်းကြီးများမှ တပည့်များ အချင်းချင်း ရိုက်နှက်နေကြသည့် မြင်ကွင်းမှာ ရှားပါးလှသည်။ သို့သော်လည်း တိုက်ပွဲကြောင့် အပြစ်မဲ့သူများ ထိခိုက်မည်စိုး၍ အကြီးအကဲမှာ စိတ်လှုပ်ရှားဖွယ်အခြေအနေကို ဆက်မကြည့်ရန် ရွေးချယ်ကာ တပည့်များကို ပျံသန်းနိုင်သော ယာဉ်ပေါ်သို့ တင်ပြီး ထိုနေရာမှ စတင်ထွက်ခွာလိုက်သည်။

-

ယာဉ်ပေါ် ရောက်ပြီးနောက် ယခင်အတိုင်းပင် တပည့်များက လျှို့ဝှက်နယ်မြေအတွင်း ရရှိခဲ့သည့် ပစ္စည်းတစ်ချို့ကို ဂိုဏ်းသို့ အပ်နှံရသည်။ နဉ်ရွှီ၏ အလှည့်ရောက်သောအခါ သူမက ဝိညာဉ်မြက်အချို့သာမက တပည့်အားလုံး ကျင့်ကြံရန် သင့်တော်သည့် မြေကမ္ဘာအဆင့် ကျင့်စဉ်နှစ်ခုကိုပါ အပ်နှံလိုက်သည်။

အမှန်စင်စစ်တွင် မြေကမ္ဘာအဆင့်ကျင့်စဉ်များကို ဖရဲသီးစားခြင်းစနစ်က ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။ ပိုကောင်းသော ကျင့်စဉ်များ ရှိသော်လည်း ၎င်းက လူအာရုံစိုက်မှုကို အလွန်အမင်း ခံရနိုင်သည်။ မြေကမ္ဘာအဆင့်ကျင့်စဉ်မှာ ရရှိရန် မလွယ်ကူသော်လည်း ကောင်းကင်အဆင့်ကျင့်စဉ်နှင့် နှိုင်းယှဉ်ရလျှင် ပို၍သာမန်ဆန်လှသည်။

ကျင့်စဉ်ကို ကိုင်ထားသည့် အကြီးအကဲ၏ လက်များမှာ အနည်းငယ် တုန်ယင်နေလေသည်။ ဤကျင့်စဉ်နှစ်ခုဖြင့် ဝမ့်ရှင်းဂိုဏ်းတပည့်များ၏ စုစုပေါင်း အင်အားမှာ အဆင့်ကြီးတစ်ခုမဟုတ်လျှင်တောင် အဆင့်ငယ်လေးတစ်ခု တက်လှမ်းရန် ဖြစ်နိုင်ပေသည်။

သူက စိတ်ကို တည်ငြိမ်အောင်ထားပြီး ပြောလိုက်သည်။ "မင်း အပ်နှံလိုက်တဲ့ ကျင့်စဉ်တွေက ဂိုဏ်းအတွက် အများကြီး အသုံးဝင်တယ်၊ မင်းကို ဂိုဏ်းအကျိုးပြုအမှတ် နှစ်သိန်း ပေးမယ်ဆိုရင် ဘယ်လိုသဘောရလဲ"

နဉ်ရွှီကလည်း ၎င်းကို ကန့်ကွက်စရာ မရှိပေ။

ဖရဲသီးစားခြင်းစနစ်က နှစ်ခါမျှ တတွတ်တွတ်ပြောနေကာ [အကြီးအကဲရဲ့ အားကိုးမရတဲ့ ပုံစံကို ကြည့်လိုက်၊ အဆင့်နိမ့်ကျင့်စဉ်လေး နှစ်ခုနဲ့တင် ဒီလောက် စိတ်လှုပ်ရှားနေတာ၊ အကယ်၍ တစ်နေ့ ကောင်းကင်အဆင့်ကျင့်စဉ်သာ သူရခဲ့ရင် စိတ်လှုပ်ရှားလွန်းလို့ နေရာမှာတင် မေ့လဲသွားမှာ မဟုတ်ဘူးလား]

အကြီးအကဲက စိတ်ထဲတွင် ကောင်းကင်အဆင့်ကျင့်စဉ်သာ ရှိမည်ဆိုပါက သူ စိတ်လှုပ်ရှားလွန်းလို့ မေ့လဲသွားဖို့ လိုလားပါတယ်နော်။ ကျေးဖူးပြုပြီး ငါ့ကို ကောင်းကင်အဆင့်ကျင့်စဉ်တွေနဲ့ အားရပါးရ ပစ်ပေါက်လိုက်စမ်းပါ!" ဟူ၍ ကျယ်လောင်စွာ အော်ဟစ်နေခဲ့သည်။

တပည့်များ အပ်နှံမှု ပြီးစီးပြီးနောက် အသီးသီး ကိုယ်ပိုင်ကျင့်ကြံခန်းထဲသို့ ပြန်ကာ ကျင့်ကြံကြလေသည်။ မူလက အသက်ဝင်စည်ကားနေသော ပျံသန်းယာဉ်မှာ ရုတ်တရက်ပင် တိတ်ဆိတ်သွားသည်။ ပြန်လာချိန်တွင် သွားစဉ်ကထက် လူပေါင်း ၃၀ ကျော် လျော့နည်းသွားခဲ့သည်။

ထိုဂိုဏ်းတပည့်များသည် လာစဉ်က ရင်ထဲတွင် မျှော်လင့်ချက်များနှင့် မျက်နှာပေါ်တွင် အပြုံးများ ရှိခဲ့ကြသော်လည်း ထျန်းယာလျှို့ဝှက်နယ်မြေထဲတွင် ထာဝရ အိပ်ပျော်သွားခဲ့ကြပြီ ဖြစ်သည်။

ရှင်ကျန်ခဲ့သည့် တပည့်များမှာ သူတို့၏ ဂိုဏ်းတူညီအစ်ကိုမောင်နှမများကို ဆုံးရှုံးလိုက်ရသည့် ဝမ်းနည်းမှုထဲတွင် နစ်မွန်းနေဆဲ ဖြစ်သည်။

နဉ်ရွှီသည် ကျင့်ကြံခန်းသို့ ပြန်ရောက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကျင့်စဉ်ကို မလေ့ကျင့်ရန် ရွေးချယ်ကာ ဖရဲသီးစားခြင်းစနစ်နှင့် စကားပြောလိုက်သည်။ "ငါ ခွဲခွာရတာကို မကြိုက်ဘူး။"

ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ [ခွဲခွာတာ မဟုတ်ဘူး၊ နင့်ရဲ့ အသင်းဖော်တွေ ဒီမှာ ရှိနေသေးတယ်လေ။] ချီအာမှာ ဝမ့်ရှင်းဂိုဏ်းသား မဟုတ်သဖြင့် သူက တစ်ယောက်တည်း ပြန်သွားပြီဖြစ်သည်။ ကျန်သည့် အသင်းဖော်များအားလုံး ရှိနေကြဆဲ ဖြစ်သည်။

[ဟိုတပည့် ၃၀ ကျော်အတွက်ကတော့......]

ဖရဲသီးစားခြင်းစနစ်က အေးစက်စွာ ဆိုလိုက်သည်။ [အစွမ်းမရှိရင် လျှို့ဝှက်နယ်မြေထဲမှာ ကျဆုံးသွားတတ်တာက သာမန်ပဲလေ။]

ဤစကားမှာ နဉ်ရွှီအတွက် သတိပေးချက်တစ်ခု ဖြစ်လာသည်။

သူမသည် လတ်တလော ဟွာကျိုင်းဂိုဏ်းတစ်ခုလုံးနီးပါးကို အပြစ်ပြုထားပြီးဖြစ်သည်။

အကယ်၍ သူမအနေဖြင့် အစွမ်းကို အမြန်ဆုံး မမြှင့်တင်နိုင်ပါက ထိုတပည့်များ၏ ကံကြမ္မာမှာ မနက်ဖြန်တွင် သူမ၏ ကံကြမ္မာ ဖြစ်လာပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ဖရဲသီးစားခြင်းစနစ်၏ အဆိုအရ အစွမ်းမရှိသောသူများ သေဆုံးခြင်းမှာ သာမန်ကိစ္စသာ ဖြစ်သောကြောင့်ပင်။

သူမသည် အတွေးလွန်နေခြင်းကို ရပ်လိုက်ပြီး သူမ၏စိတ်ကို လုံးဝပြန်လည်ပြင်ဆင်ကာ တရားထိုင် ကျင့်ကြံတော့သည်။

ထိုအချိန်တွင် ဖြူစင်သောကျင့်ကြံသူက လျှို့ဝှက်နယ်မြေအတွင်း ဖြစ်ပျက်ခဲ့သည်များကို အကြီးအကဲအား တင်ပြနေသည်။

ဖရဲသီးအကြီးနှင့် အသေးအချို့မှာ သိပ်မအရေးကြီးသဖြင့် ဖြူစင်သောကျင့်ကြံသူက တိုက်ရိုက်ကျော်သွားခဲ့ပြီး ရှင်းခွေ့အကြောင်းကိုသာ ပြောပြခဲ့သည်။ ယွင်ရှန်ကျင်းဂိုဏ်းမှ ပါရမီရှင်တပည့်လေးတွင် ထိုကဲ့သို့ ထူးခြားသော ခန္ဓာကိုယ် ရှိနေသည်ကို သိလိုက်ပြီးနောက် အကြီးအကဲမှာ စိတ်မကောင်းစွာဖြင့် သက်ပြင်းချလိုက်သည်။

သူ့မျက်လုံးထဲတွင် တုန်လှုပ်မှုများ ရှိနေသော်လည်း လောဘစိတ်မရှိပေ။

ဤသည်မှာ စစ်ယန်က ထိုကိစ္စကို ဖွင့်ပြောရန် ရွေးချယ်ခဲ့သည့် အကြောင်းရင်းဖြစ်သည်။

ယခင်က ပြောခဲ့သလိုပင် ဖရဲသီးစားခြင်းစနစ်က ဝမ့်ရှင်းဂိုဏ်း အကြီးအကဲများတွင် တစ်ကိုယ်ကောင်းဆန်သည့် ရည်ရွယ်ချက်အနည်းငယ် ရှိကောင်းရှိနိုင်သော်လည်း အမှန်၊အမှား ခွဲခြားသိမြင်မှုအပိုင်းတွင် လုံးဝ ပြဿနာမရှိကြောင်း ဆိုထားသည်။

အကြီးအကဲက ချီးကျူးသည့်လေသံဖြင့် "နဉ်ရွှီက မျက်ကွယ်ပြုဖို့ မရွေးချယ်ခဲ့ဘူးဆိုတာက သူမမှာ ကြီးမြတ်တဲ့ စိတ်ထားရှိလို့ပဲ၊ ငါတို့ဂိုဏ်းမှာ သူမလို တပည့်မျိုး ရှိတာ ငါတို့ရဲ့ ကံကောင်းခြင်းပဲ" ဟု ဆိုလိုက်သည်။

ထိုသို့ပြောပြီးနောက် အကြီးအကဲက ဆက်လက်ဆိုလာသည်။ "'ဖရဲသီးရွှေ့ပြောင်းသူ' ကြောင့် 'နယ်မြေသုံးထောင် ကျင့်ကြံသူများ သတင်းဖလှယ်ရာနေရာ' ကြီး တစ်ခုလုံး ဗြောင်းဆန်နေပြီ။ လောလောဆယ်တော ဖိုရမ်ထဲမှာ ဟွာကျိုင်းဂိုဏ်းကို ထောက်ခံတဲ့အဖွဲ့နဲ့ ကျန်တဲ့သူတွေက 'ဖရဲသီးရွှေ့ပြောင်းသူ' ကို ထောက်ခံတဲ့ အဖွဲ့ဆိုပြီး အဖွဲ့နှစ်ဖွဲ့ကွဲနေကြတာ"

ဟွာကျိုင်းဂိုဏ်းကို ထောက်ခံကြသူများမှာ ဟွာကျိုင်းနှင့် တစ်လှေတည်းစီးနေကြသူများသာ ဖြစ်သည်။

အဆုံးမှာတော့ ဂိုဏ်းကြီးတစ်ချို့တွင် အကျင့်ပျက်သူများ မည်သို့မရှိဘဲ နေမည်နည်း။ ဖြစ်နိုင်သည်မှာ အချို့ဂိုဏ်းများသည် ဟွာကျိုင်းထက်ပင် ပို၍ ဆိုးရွားနေနိုင်ပေသည်။

"ဖရဲသီးရွှေ့ပြောင်းသူ" သည် ယနေ့တွင် ဟွာကျိုင်းဂိုဏ်း၏ အတင်းအဖျင်းသတင်းများကို ဖော်ထုတ်ဝံ့လျှင် တစ်နေ့တွင် တစ်ခြားဂိုဏ်းများ၏ အတင်းအဖျင်းများသို့ ပြောင်းသွားပေလိမ့်မည်။

သူတို့ကိုယ်တိုင် နောက်ဟွာကျိုင်းဂိုဏ်း ဖြစ်လာပေမည်လော

နောက်ဟွာကျိုင်းဂိုဏ်း ဖြစ်လာခြင်းမှ ရှောင်ကြဉ်နိုင်ရန် "ဖရဲသီးရွှေ့ပြောင်းသူ" ကို အစွမ်းကုန် ခုခံတွန်းလှန်ကြမည်မှာ သဘာဝပင် ဖြစ်သည်။

သို့သော် "ဖရဲသီးရွှေ့ပြောင်းသူ" ကို ထောက်ခံသူများမှာလည်း မနည်းလှပေ။

ကျင့်ကြံခြင်းလောကတွင် နှစ်ကာလများက အကန့်အသတ်မရှိသလိုဖြစ်နေပြီး ထိုအင်အားကြီးမားသော နယ်ပယ်များမှာ သာမန်ကျင့်ကြံသူများနှင့် အလွန်ပင် အလှမ်းဝေးလွန်းလှရာ၊ ဤသည်သာလျှင် ချမ်းသာကြွယ်ဂသော အင်အားကြီးပုဂ္ဂိုလ်များ၏ ပုဂ္ဂိုလ်ရေးဘဝများကို နားလည်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သဖြင့် ထိုသတင်းများကို အလွယ်တကူ ဆုံးရှုံးမခံလိုသည်မှာ သဘာဝပင်ဖြစ်သည်။

လတ်တလောရှိနေသည့် တစ်ခုတည်းသော သတင်းကောင်းမှာ ဟွာကျိုင်းဂိုဏ်းအနေဖြင့် နဉ်ရွှီကို အချိန်တိုအတွင်း ရှာမတွေ့နိုင်သေးခြင်းပင် ဖြစ်သည်။

သူမနှင့် ဖရဲသီးစားခြင်းစနစ်တို့မှာ ဆက်လက်၍ လှိုင်းထနေကြဦးမည်ဖြစ်သည်။

ထိုပုဂ္ဂိုလ်၏ ပြဿနာရှာနိုင်စွမ်းကို တွေးမိသောအခါ အကြီးအကဲမှာ ခေါင်းကိုက်လာသည်။

ဆည်းဆာချိန်တွင် ဝမ့်ရှင်းဂိုဏ်းအဖွဲ့မှာ ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာသည်။

ဂိုဏ်း၏ အလေးထားမှုကို ပြသသည့်အနေဖြင့် ဂိုဏ်းချုပ်နှင့် အခြားသော အဆင့်မြင့်ပုဂ္ဂိုလ်များက တပည့်များကို တံခါးဝတွင် လာရောက် ကြိုဆိုကြသည်။

ဂိုဏ်းချုပ်က ပြုံးလျက် စကားဆိုလာသည်။ "တပည့်တို့ အားလုံး ပင်ပန်းသွားကြပြီ၊ ပြန်ပြီး ကောင်းကောင်း အနားယူကြ၊ ဒီတစ်ညတော့ ကိုယ့်ကိုယ်ကိုယ် အနားပေးလိုက်ကြပါ"

တပည့်များ လူစုခွဲရန် ပြင်လိုက်စဉ် ရုတ်တရက် စိတ်တွင်းအသံတစ်ခုကို ကြားလိုက်ရသည်။

"ဂိုဏ်းချုပ်က ဘာလို့ ရုတ်တရက်ကြီး ဒီလောက်တောင် လောကဓံဒဏ်ချက်တွေကို တွေ့ကြုံထားရတဲ့ ပုံပေါ်နေတာလဲ"

မကြာမီမှာပင် နောက်ထပ် စက်ယန္တရားဆန်သည့် စိတ်အသံတစ်ခု ထွက်ပေါ်လာသည်။

[မဖြစ်ဘဲ နေပါ့မလား။ ငါတို့ ဂိုဏ်းကနေ ထွက်သွားပြီး တစ်လကျော်အတွင်းမှာ ဝူချီချွမ်က သူ့ရင်ထဲက ဒေါသတွေကို မဖြေဖျောက်နိုင်လို့ ဟယ်ဟွမ်းဂိုဏ်းက အမျိုးသမီးကျင့်ကြံသူတွေကို သွားရောက် ချောင်းမြောင်း တိုက်ခိုက်ခဲ့တာလေ။]

နဉ်ရွှီ : !!

တပည့်များ : !!

အို... ဟိုး... ဂိုဏ်းကို ပြန်ရောက်တာနဲ့ ဖရဲသီး စားရတာပဲဟေ့၊ ပြီးတော့ ဒီသတင်းက တကယ့်သတင်းကြီး ဖြစ်နေသေးတာနော်

အကြီးအကဲဝူ၏ အတင်းအဖျင်းက တပည့်များ၏ ရင်ထဲရှိ အုံ့မှိုင်းမှုများကို လွင့်စင်သွားစေသလို၊ သူတို့ရင်ထဲက ပူဆွေးမှုနှင့် အပေါင်းအဖော်များကို ဆုံးရှုံးလိုက်ရသည့် ဝမ်းနည်းပူဆွေးမှုများလည်း များစွာလျော့ပါးသွားခဲ့သည်။

ကျင့်ကြံသူများအနေဖြင့် ရှေ့သို့သာ ကြည့်ရမည်ဖြစ်ရာ ဝမ်းနည်းမှုထဲတွင် နစ်မြုပ်နေခြင်းမှာ ကောင်းသောအရာ မဟုတ်ပေ။

ဤဖရဲသီးက သူတို့အတွက် ပျော်ရွှင်စရာများ ပေးစွမ်းခဲ့သည်။

နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်တို့၏ ကျေးဇူးကြောင့် ဝူချီချွမ်သည် ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို နှစ်ပေါင်းတစ်ရာတိုင် ခံခဲ့ရသည်ကို သူတို့အားလုံး သိပြီးဖြစ်သည်။ ထို့ပြင် ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူက အကြီးအကဲဝူကို ဖမ်းဆီးပြီးနောက် ဘာတွေလုပ်ခဲ့သည်ကိုလည်း သူတို့အားလုံး ရှင်းရှင်းလင်းလင်း သိထားကြသည်။

ယခင်ကမူ အကြီးအကဲဝူ လွတ်မြောက်လာပြီးနောက် ဤအတိုင်းပဲ နေမည်လားဟူ၍ သူတို့ တွေးမိကြသေးသည်။ နောက်လများတွင် အကြီးအကဲဝူဘက်မှ မည်သည့် တုံ့ပြန်မှုမျှ မရှိသဖြင့် ဤကိစ္စကို သူ လုံးဝ လက်လွှတ်လိုက်ပြီဟု ထင်ကာ တပည့်များလည်း တဖြည်းဖြည်းချင်း မေ့လျော့လာကြသည်။

နေ့တိုင်း လတ်လတ်ဆတ်ဆတ် ဖရဲသီးများ စားနေရသည့်အခါ မည်သူကများ အကြီးအကဲဝူ အကြောင်းကို အမြဲတွေးနေနိုင်ပါမည်နည်း။

သူက လက်လွှတ်လိုက်တာ မဟုတ်ဘဲ တစ်ချိန်လုံး တေးမှတ်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

နဉ်ရွှီလည်း အနည်းငယ် အံ့သြသွားခဲ့ရသည်။

အကြီးအကဲ ဝူချီချွမ်တွင် ဒေါသစိတ်ကလေး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူမက "အဲ့ဒီနောက် ဘာဖြစ်လဲ။ အကြီးအကဲ ဝူချီချွမ်က သူ့ဒေါသတွေကို ပေါက်ကွဲခွင့် ရခဲ့ရဲ့လား" ဟု မေးလိုက်သည်။

ဖရဲသီးစားခြင်းစနစ်က ရွံရှာစက်ဆုပ်စွာဖြင့် ပြောလိုက်သည်။ [မရပါဘူး။]

နဉ်ရွှီ "ဟင်"

တပည့်များ "ဟင် "

နဉ်ရွှီ ခဏမျှ ကြောင်အသွားစဉ် ဖရဲသီးစားခြင်းစနစ်၏ ပြင်းထန်သော ပြစ်တင်ဝေဖန်မှုက နောက်မှ လိုက်ပါလာသည်။ [ငါ အရင်က ပြောခဲ့သားပဲ၊ သူ့မှာ ရုပ်ချောတာပဲ ရှိတာ၊ ကျင့်ကြံခြင်းပိုင်းမှာတော့ တကယ်ကို အသုံးမကျဘူး။ သူက ဒီအသက်အရွယ်ကြီးရှိနေပြီ၊ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူပဲ ရှိသေးတယ်။ နင်တို့လို ချီသန့်စင်ခြင်းအဆင့်က တပည့်တွေကို သင်ပေးဖို့ကတော့ အဆင်ပြေပါတယ်၊ နတ်ဘုရားအသွင်ပြောင်းအဆင့်သာ ဖြစ်နေတာ သူကိုယ်တိုင်တောင် ဒီအဆင့်ကို နားမလည်သေးဘူး။ ဒီကျင့်ကြံခြင်းအဆင့်လောက်နဲ့ ဟယ်ဟွမ်းဂိုဏ်းက နတ်ဆိုးမိန်းမရဲ့ ရှေ့မှာတော့ တကယ်ကို မလုံလောက်ဘူး။]

[သူက လွန်ခဲ့တဲ့ နှစ်တစ်ရာကလည်း အဖမ်းခံခဲ့ရတာ၊ နှစ်တစ်ရာ ကြာပြီးတာတောင် ဘာမှ တိုးတက်မလာဘူး။]

[အဲဒီ အမျိုးသမီးကျင့်ကြံသူကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ဘယ်က သတ္တိတွေ ရလာလဲ မသိဘူး။]

[ဒါက ကျားပါးစပ်ထဲ သိုးဝင်သွားတာ မဟုတ်ဘူးလား]

နဉ်ရွှီက "ဒီတစ်ကြိမ်ကော သူ ပြန်ပေးဆွဲမခံလိုက်ရဘူးလား" ဟု ဆိုလိုက်သည်။

ဖရဲသီးစားခြင်းစနစ်က [မခံလိုက်ရပါဘူး၊ သူ့ကို ဂိုဏ်းချုပ်က ကယ်ခဲ့တာလေ။]

[အကယ်၍ ဂိုဏ်းချုပ်သာ မရှိဘူးဆိုရင် သူကတော့ အမှောင်ကျွန်ပြန်ဖြစ်သွားဦးမှာ။]

နဉ်ရွှီ : "......"

ဤဖော်ပြချက်မှာ ကွက်ကွက်ကွင်းကွင်း ဖြစ်လှသည်။

နဉ်ရွှီသည် ဝူချီချွမ်အပေါ် အမြင်ကောင်းရှိသည်။ ယခင်က ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူ၏ အားကုန်သုံး တိုက်ခိုက်မှုကို ခုခံနိုင်သည့် တိုကင် ငါးခုကိုလည်း ပေးခဲ့ဖူးသဖြင့် အဘိုးကြီး ဝူမှာ မဆိုးပေ။

သူမက "သူ့ကို ကူညီဖို့ ငါ လုပ်ပေးနိုင်တာ တစ်ခုခု ရှိမလား" ဟု မေးလိုက်သည်။

ဖရဲသီးစားခြင်းစနစ်က သိပ်စဉ်းစားမနေဘဲ ပြောလိုက်သည်။ [ရှိတာပေါ့။]

နဉ်ရွှီ၏ မျက်လုံးများ တောက်ပသွားကာ "ဘာနည်းလမ်းလဲ?" ဟု မေးလိုက်သည်။

တပည့်များ အားလုံးလည်း နားစွင့်လိုက်ကြသည်။

ဂိုဏ်းချုပ်နှင့် အခြားသူများပင် သူတို့၏ အာရုံအားလုံးကို စုစည်းလိုက်ကြသည်။

အကြီးအကဲဝူကို မည်သည့်နည်းလမ်းဖြင့် ကူညီမည်ဆိုသည်ကို သူတို့ တကယ်ပင် ကြားချင်နေကြသည်။

နောက်တစ်စက္ကန့်တွင် ဖရဲသီးစားခြင်းစနစ် ပြောလိုက်သည်ကို ကြားလိုက်ရသည်ဓ [ချမ်းသာတဲ့ အစ်မကြီးရဲ့ ပေါင်ကို ဖက်ထားလိုက်ဖို့ပဲ။]

နဉ်ရွှီ : ......

အကြီးအကဲများ : ??? ဟင်၊ ကျင့်ကြံသူတစ်ယောက်က ကောင်းကင်ကို ဆန့်ကျင်ပြီး ကျင့်ကြံရတာမလို့ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာလေ၊ ဒါကို ဖရဲသီးစားခြင်းစနစ်က ဝူချီချွမ်ကို ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက် ရှာဖို့ အကြံပေးနေတာလား

နဉ်ရွှီက ဘာမှတုံ့ပြန်မလာသည်ကို မြင်၍ ဖရဲသီးစားခြင်းစနစ်က ဆက်ပြောလိုက်သည်။ [ဘာမှားလို့လဲ။ ချမ်းသာတဲ့ အစ်မကြီးက မကောင်းလို့လား။ သူ့မှာက မျက်နှာဖြူလေးတွေမှာ ရှိတဲ့ ရုပ်ရည်မျိုး ရှိတာဆိုတော့ သူ့ရဲ့ အားသာချက်ကို ကောင်းကောင်း အသုံးချသင့်တာပေါ့]

[ဒါ့ပြင် သူကလည်း ဒီလောက် အသက်ကြီးနေပြီ၊ တာအိုလက်တွဲဖော်တစ်ယောက် ရှာတာက ပုံမှန်ပါပဲ။]

[ဒါပေမဲ့ အဲဒီချမ်းသာတဲ့ အစ်မကြီးက သူ့ကို တာအိုလက်တွဲဖော်အဖြစ် လက်ခံပါ့မလားဆိုတာကတော့ မသေချာဘူး။]

[ဘာပဲပြောပြော သူ့ရဲ့ ကျင့်ကြံခြင်းက သိပ်မကောင်းဘူး၊ အသက်လည်း ကြီးနေပြီ၊ နောက်ထပ် ဘယ်နှစ်နှစ်လောက် နေရဦးမလဲဆိုတာလဲ မသိဘူး။ ချမ်းသာတဲ့ အစ်မကြီးကို လက်ထပ်ပြီး မကြာဘူး မုဆိုးမ ဖြစ်အောင်တော့ လုပ်လို့ မရဘူးမလား]

ခြေလှမ်းတစ်လှမ်း နောက်ကျ၍ တပည့်များကို ကြိုဆိုရန် တံခါးဝသို့ အချိန်မီ ရောက်မလာခဲ့သည့် ဝူချီချွမ်: …….

သူသည် နောက်ထပ် နှစ်ပေါင်း လေးငါးရာလောက် ရှင်သန်နိုင်သေးသည် ဖြစ်သော်လည်း ဖရဲသီးစားခြင်းစနစ်၏ ပါးစပ်ထဲတွင် "ဘယ်နှစ်နှစ်လောက် နေရဦးမလဲ မသိဘူး" ဟူ၍ဖြစ်လာသည်။

သူက အဲဒီလောက်တောင် အခြေအနေမဆိုးပါဘူးနော်၊ ဟုတ်တယ်မလား

နဉ်ရွှီသည် ဤစကားကို ကြားသော် အနည်းငယ် စိတ်ဝင်စားသွားသည်။

သူမက "နင့်မှာ ရွေးထားတဲ့သူ ရှိတာလား" ဟု မေးလိုက်သည်။

ဖရဲသီးစားခြင်းစနစ်က ပြုံးကာ [ရှိတာပေါ့။]

"ဘယ်သူလဲ?"

[နင် ခန့်မှန်းကြည့်လေ။]

ဖရဲသီးစားခြင်းစနစ်က ဤသို့ပြောလာလျှင် ၎င်းရွေးချယ်ထားသောသူမှာ နဉ်ရွှီ ကြားဖူးသည့်သူ ဖြစ်ရပေမည်။

သူမသည် မကြာသေးမီက မည်သူနှင့် ဆုံခဲ့သည်ကို စိတ်ထဲတွင် ပြန်လည် စဉ်းစားကြည့်သည်။

ချမ်းသာသည့် အစ်မကြီး ဖြစ်ရမည်ဆိုလျှင် သူမတွင် အဆင့်အတန်းတစ်ခု၊ ကျင့်ကြံခြင်း အဆင့်တစ်ခုနှင့် အသက်အရွယ်တစ်ခုအထိ ရှိရပေမည်၊ မဟုတ်ပါက အစ်မကြီးဟု ခေါ်ဆိုနိုင်မည် မဟုတ်ပေ။

ထျန်းယာလျှို့ဝှက်နယ်မြေတွင် ပါဝင်ခဲ့သည့် ကျင့်ကြံသူများကို အခြေခံအားဖြင့် ဖယ်ထုတ်ထားသည်။

ဤအခြေအနေများနှင့် ကိုက်ညီနိုင်သည်မှာ ...... သာ ရှိပုံရသည်။

"မက်မွန်နတ်ဘုရားမလား"

ဖရဲသီးစားခြင်းစနစ်က လက်ခုပ်တီးသံပြုကာ [ဉာဏ်ထက်တယ်] ဟု ချီးကျူးလိုက်သည်။

[မက်မွန်သီးနတ်ဘုရားမပဲလေ။]

၎င်းက တစ်ချက်ချင်း ခွဲခြမ်းစိတ်ဖြာပြသည်။ [မက်မွန်သီးနတ်ဘုရားမက နတ်ဘုရားမလို့ အခေါ်ခံရတာဆိုမှတော့ သူမရဲ့ ကျင့်ကြံခြင်းအဆင့်ကတော့ အနိမ့်ကြီး မဟုတ်တာ သေချာတယ်။]

[သူမက လောလောဆယ် ဝိဉာဉ်ပေါင်းစပ်ခြင်းအဆင့်ရဲ့ နောက်ဆုံးအဆင့်မှာ ရှိနေတာ။ ဟယ်ဟွမ်းဂိုဏ်းက အမျိုးသမီးကျင့်ကြံသူကတော့ ဝိဉာဉ်ပေါင်းစပ်ခြင်းအဆင့်ရဲ့ အလယ်အလတ်ပဲ ရှိသေးတာဆိုတော့ မက်မွန်နတ်ဘုရားမက အဲ့ဒီဟယ်ဟွမ်းဂိုဏ်းက အမျိုးသမီးကျင့်ကြံသူကို အပြတ်အသတ် နှိမ်နင်းနိုင်တယ်။ ဝူချီချွမ်က သူ့ရင်ထဲက ဒေါသတွေ၊အာဃာတတွေကို လက်စားမချေချင်ဘူးလား။ သူကိုယ်တိုင်တော့ မလုပ်နိုင်တာ သေချာတယ်ဆိုပေမဲ့ သူ မက်မွန်သီးနတ်ဘုရားမကို အားကိုးလို့ ရတာပဲ]

[မက်မွန်သီးနတ်ဘုရားမနဲ့ နှစ်တွေအကြာကြီးမြဲအောင် တွဲရမယ်။]

[ကုန်းချိန်က မက်မွန်သီးနတ်ဘုရားမကို လက်မခံခဲ့ဘူး ဆိုပေမဲ့၊ မက်မွန်သီးနတ်ဘုရားမသာ တခြားတစ်ယောက်နဲ့ တွဲသွားမယ်ဆိုရင် ကုန်းချိန်ဘက်က ဘာမှ မခံစားရဘဲ နေမှာမဟုတ်ဘူး။]

[နင် စဉ်းစားကြည့်၊ နင့်နောက်ကို နှစ်ပေါင်း ရာနဲ့ချီပြီး လိုက်နေတဲ့သူက တစ်ရက်ကျတော့ တခြားတစ်ယောက်နဲ့ ရုတ်တရက်ကြီး ချစ်သွားတယ်ဆိုရင်၊ အဲ့ဒီလူကို နင် မချစ်ဘူးဆိုရင်တောင်မှ တစ်ခုခု ဆုံးရှုံးသွားသလို ခံစားရမှာပဲမလား။]

[ကုန်းချိန်က မကြာသေးခင်ကမှ ငါတို့ရဲ့ ဖော်ထုတ်တာကို ခံထားရတာကို ထည့်မပြောနဲ့ဦး။]

[ငါ အဲ့ကိစ္စကို မသိဘဲ မနေပါဘူး။]

[ဒီလို ထူးခြားတဲ့ အချိန်ကာလမှာ မက်မွန်နတ်ဘုရားမနဲ့ ဝူချီချွမ်တို့ကြား တစ်ခုခု ဖြစ်သွားမယ်ဆိုရင် ကုန်းချိန်ဘက်က တစ်ခုခုတော့ တွေးမိမှာပဲမဟုတ်ဘူးလား။]

[အကြီးအကဲဝူက ကျင့်ကြံခြင်းမှာ သိပ်မတော်ပေမဲ့ တချို့နေရာတွေမှာတော့ တကယ်ကို တော်တယ်။]

[နှစ်ယောက်ကို နှိုင်းယှဉ်ကြည့်ရင် ကုန်းချိန်ရဲ့ မာန်မာနတွေ ပြင်းပြင်းထန်ထန် ထိခိုက်မသွားပေဘူးလား]

[သူသာ အကြီးအကယ်ခံစားရမယ်ဆိုရင် ငါတို့ကတော့ တကယ်ကို ဝမ်းသာရမှာပဲ။]

[ကြည့်လေ၊ အဲ့ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ကိစ္စ မဟုတ်ဘူးလား]

နဉ်ရွှီက "နင် ပြောတာ အဓိပ္ပာယ် ရှိတယ်။" ဟု ထောက်ခံလိုက်သည်။

"ဒါဆို ဆက်လုပ်ကြတာပေါ့၊ သူတို့ မတော်တဆ ဆုံမိဖို့ အခွင့်အရေးတစ်ခုလောက် ငါတို့ ရှာပေးလို့ ရတာပဲ။"

ထိုသို့ပြောပြီးနောက် နဉ်ရွှီက တစ်ဖန်တုံ့ဆိုင်းသွားသည်။ "မက်မွန်နတ်ဘုရားမက အကြီးအကဲဝူကို သဘောကျပါ့မလား"

ဖရဲသီးစားခြင်းစနစ်ကလည်း သိပ်မသေချာသဖြင့် [သဘောကျနိုင်တယ်လို့ ခန့်မှန်းရတာပဲ၊ သူက ငယ်ပြီး ရုပ်ချောတာကိုး။ ဒါက သူ့ရဲ့ အနည်းငယ်သော အားသာချက်တွေထဲက တစ်ခုပဲ။]

"ငယ်တယ်" ဆိုသည့် နာမဝိသေသနကို ကြားသောအခါ နဉ်ရွှီက ပထမတော့ နားမလည်ခဲ့ပေ။

ဖရဲသီးစားခြင်းစနစ်သည် အကြီးအကဲဝူကို အသက်ကြီးသည်ဟု အမြဲတမ်း ပြောခဲ့ရာမှ ယခုအခါတွင် အဘယ်ကြောင့် ငယ်ရွယ်သည်ဟု ပြောလာသနည်း။

သူမ ချက်ချင်းပင် သဘောပေါက်သွားသည်။

ဤ "ငယ်ရွယ်ခြင်း" ဆိုသည်မှာ မက်မွန်နတ်ဘုရားမနှင့် နှိုင်းယှဉ်၍ ဖြစ်ပေမည်။

မက်မွန်နတ်ဘုရားမမှာ ဖရဲသီးစားခြင်းစနစ်၏ ပါးစပ်ထဲမှ ချမ်းသာသည့် အစ်မကြီးဖြစ်ရာ၊ သူမ၏ ရှေ့တွင်မူ အသက်အနည်းငယ် ကြီးနေသော အကြီးအကဲဝူကို ငယ်ရွယ်သည်ဟု ခေါ်ဆိုရပေမည်။

ဖြစ်နိုင်တာက သူ တကယ်ပဲ ချမ်းသာတဲ့ အစ်မကြီး၏ မျက်စိသာပေးမှုကို ခံရလေမလား

ဝူချီချွမ် : ...... ကျေးဇူးအများကြီးတင်ပါတယ်၊ သူ့အတွက် အားလုံးကို ရှင်းရှင်းလင်းလင်း စီစဉ်ပေးထားကြတာပဲ။

အကယ်၍ ဤသို့ အတင်းအောင်သွယ်ပေးခံရသူမှာ သူ မဟုတ်ပါက သူသည်လည်း ဖရဲသီးများကို အရသာခံပြီး ဇိမ်တွေ့နေလိမ့်မည်။

ကံမကောင်းစွာဖြင့် ဖရဲသီးပိုင်ရှင်မှာ သူကိုယ်တိုင် ဖြစ်နေလေရာ သူ လုံးဝ မရယ်နိုင်တော့ပေ။

သူ့ကို မြင့်မြင့်တွေးထားသည့် ဖရဲသီးစားခြင်းစနစ်ကိုလည်း ကျေးဇူးတင်ရပေမည်။

သူကတော့ မက်မွန်နတ်ဘုရားမနှင့် ထိုက်တန်သည်ဟု မထင်မိပေ။

ဖရဲသီးစားခြင်းစနစ်က ဆက်လက်ဆိုလေသည်။ [မက်မွန်နတ်ဘုရားမက ယွင်ရှန်ကျင်းဂိုဏ်းမှာ ရှိနေတာ၊ ဒုတိယမြောက် နတ်ဆိုးအမြုတေကလည်း ယွင်ရှန်ကျင်းဂိုဏ်းရဲ့ လက်အောက်မှာရှိတဲ့ ရှင်းထောင်မြို့မှာ ဝှက်ထားတာ ဖြစ်နေတယ်။]

[ငါတို့ ရှင်းထောင်မြို့ကို သွားဖို့ အခွင့်အရေး ရှာရမယ်။]

[ဘာပဲဖြစ်ဖြစ် နတ်ဆိုးအမြုတေကို ရှာဖို့က အဓိကပဲ၊ အောင်သွယ်တာကတော့ လမ်းကြုံလို့ ဝင်လုပ်လိုက်တဲ့ အလုပ်တစ်ခုသက်သက်ပဲ။]

[အကယ်၍ မက်မွန်နတ်ဘုရားမက အကြီးအကဲဝူကို အထင်မကြီးရင်တောင် အဆင်ပြေတယ်။]

[ချမ်းသာတဲ့ အစ်မကြီးတွေက အများကြီး ရှိတာပဲလေ။]

[အကြီးအကဲဝူကို သဘောကျမယ့် မျက်စိမပါတဲ့သူတစ်ယောက်တော့ အမြဲရှိနေမှာပါ။]

ဝူချီချွမ် : ......

မဟုတ်သေးပါဘူး၊ သူက အဲ့ဒီလောက်ထိ တန်ဖိုးမရှိတာတော့ မဟုတ်ဘူးမလား

တခြား ချမ်းသာတဲ့ အမျိုးသမီးတွေကို မလိုပါဘူး။

သူသည် မက်မွန်နတ်ဘုရားမကို ကြည်ညိုလေးစားလာသည်မှာ ကြာပြီဖြစ်ရာ သူမနှင့် စကားပြောခွင့်ရလျှင်ပင် သူ၏ ကံကောင်းခြင်း ဖြစ်ပေလိမ့်မည်။

မက်မွန်နတ်ဘုရားမနှင့် ဇာတ်လမ်းကောင်းလေး ဖန်တီးဖို့ဆိုသည်မှာမူ သူ တွေးပင်မတွေးရဲပေ။

အနည်းဆုံးတော့ အခုအချိန်တွင် မတွေးရဲသေးတာ ဖြစ်သည်။

ဒါထက်... နတ်ဆိုးအမြုတေက ဘာဖြစ်လို့လဲ

ဂိုဏ်းချုပ်နှင့် အကြီးအကဲများလည်း နတ်ဆိုးအမြုတေအကြောင်းကို စဉ်းစားနေကြသည်။

တပည့်များ ဂိုဏ်းသို့ မပြန်လာခင် ထျန်းယာလျှို့ဝှက်နယ်မြေအတွင်း တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ကြောင်းနှင့် လျှို့ဝှက်နယ်မြေအတွင်း အလင်းတံခါးတစ်ခု ပေါ်လာခဲ့ကြောင်း သတင်းရရှိထားပြီး ဖြစ်သည်။

တပည့်များ အလင်းတံခါးအတွင်း ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် လူကွဲသွားခဲ့ကြသည်။

ထိုသီးခြားနေရာလွတ်ထဲ မည်သည်တို့ ဖြစ်ပျက်ခဲ့သည်ကို သက်ဆိုင်သူများသာ သိပေမည်။

အကယ်၍ နဉ်ရွှီ့တွင် နတ်ဆိုးအမြုတေကို ရှာတွေ့ရန် အခွင့်အရေးရှိခဲ့လျှင် ၎င်းမှာ ထိုသီးခြားနေရာလွတ်အတွင်း၌သာ ဖြစ်ပေလိမ့်မည်။

အပြင်လောကတွင် ဖြစ်ပါက သူမနှင့် ဖရဲသီးစားခြင်းစနစ်၏ စိတ်အသံများမှတစ်ဆင့် အချက်အလက်အချို့ကို ဖော်ထုတ်နေပေလိမ့်မည်။

သူတို့ အမျိုးမျိုးသော ဖြစ်နိုင်ခြေများကို ဦးနှောက်ခြောက်အောင် စဉ်းစားနေစဉ်ဖရဲသီးစားခြင်းစနစ်က ဆက်ပြောလိုက်သည်။ [နတ်ဆိုးနတ်ဘုရားရဲ့ နတ်ဆိုးအမြုတေက တကယ်ကို အားဖြည့်ပေးနိုင်တာပဲ။]

[လေးပုံတစ်ပုံပဲ ရှိသေးတာတောင် ဝက်ညီလေးက တော်တော်လေး ဝိတ်တက်လာပြီ]

[အကယ်၍ ကျန်တဲ့ သုံးပုံကိုသာ ရခဲ့ရင် ဝက်ညီလေးရဲ့ လျှို့ဝှက်နက်နဲတဲ့ ပုံရိပ်က ဘယ်လောက်တောင် ပြောင်းလဲသွားမလဲ ငါမသိဘူး။]

တပည့်များ : ???

ဘာ?

နတ်ဆိုးနတ်ဘုရားဟုတ်လား

ဘယ်လို နတ်ဆိုးနတ်ဘုရားလဲ

ကျင့်ကြံခြင်းလောကသမိုင်းမှာ နတ်ဆိုးနတ်ဘုရားလို့ ခေါ်ဆိုနိုင်တဲ့ တစ်ဦးတည်းသောသူက လူသားဧကရာဇ်နဲ့အတူ သေဆုံးသွားခဲ့တဲ့ နတ်ဆိုးနတ်ဘုရားပဲ ရှိတယ်

ဒါပေမဲ့ အဲဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း ဘယ်လောက်ကလဲ

ကျင့်ကြံခြင်းလောက၏ သမိုင်းကြောင်းမှာ ပြတ်တောက်နေခဲ့သဖြင့် သူတို့သည် ထိုတိုက်ပွဲကြီးအကြောင်းကို အမှန်တကယ်ပင် သိပ်မသိခဲ့ကြပေ။

သိထားသည်မှာ ထိုတိုက်ပွဲသည် ကမ္ဘာကြီးကို အရောင်ပြောင်းသွားစေကာ သွေးများ မြစ်သဖွယ် စီးဆင်းခဲ့ရသည်ဟူ၍သာ ဖြစ်သည်။

နတ်ဆိုးနတ်ဘုရား ဖြစ်စေ၊ လူသားဧကရာဇ် ဖြစ်စေ၊ ၎င်းတို့မှာ ကျင့်ကြံသူများ အလွယ်တကူ ထုတ်မပြောဝံ့သည့် စကားလုံးများပင် ဖြစ်သည်။

ရလဒ်ကတော့ ဖရဲသီးစားခြင်းစနစ်က ဒါကို ပေါ့ပေါ့ပါးပါးပဲ ပြောနေတာတဲ့လား။

ပြီးတော့ သူပြောလိုက်တဲ့အဓိပ္ပာယ်က ပိုပြီးတောင် ကြောက်စရာကောင်းနေသေးတယ်။

နတ်ဆိုးနတ်ဘုရားရဲ့ နတ်ဆိုးအမြုတေက ဝက်ညီလေးရဲ့ ဗိုက်ထဲ ရောက်သွားပြီတဲ့လား။

နတ်ဆိုးနတ်ဘုရားရဲ့ နတ်ဆိုးအမြုတေကိုတောင် သူမရဲ့ ကိုယ်ပိုင်ဝိဉာဉ်သားရဲကို ကျွေးရဲတယ်ဆိုတော့ ဝိဉာဉ်သားရဲက ပေါက်ကွဲပြီး သေသွားရင် အဲ့ဒါက သခင်ကိုပါ ထိခိုက်လာမှာကို သူမ မကြောက်ဘူးလား။

သူတို့က ဘယ်လိုတောင် သတ္တိရှိကြတာလဲ၊ ဘာလို့ ဒီလောက်တောင် မိုက်ရူးရဲဆန်ရတာလဲ၊ ဘယ်လိုလုပ်ပြီး ဒီလိုတွေ ဖြစ်လာရတာလဲ။

All Chapters