အခန်း ၆၀
Vol. 6 Ch. 60
အခန်း (၆၀)
ဝူလုချန်အတွက် အရာအားလုံးကို ရှင်းရှင်းလင်းလင်း စီစဉ်ပေးပြီးနောက်တွင် ဖရဲသီးစားခြင်းစနစ်က တစ်ဖန်ပြန်၍ ကျိန်ဆဲလာလေသည်။
[ချီအာသာ အခြေအနေကို နားလည်ပြီး အလိုက်သိခဲ့ရင် ငါတို့တွေ အခုလိုမျိုး ဆင်းဆင်းရဲရဲ နေရပါ့မလား]
[အကယ်၍ နင်သာ လေလံခန်းမကို စောစောစီးစီး ဖွင့်နိုင်ခဲ့ရင် အခုဆို ချမ်းသာတဲ့ အစ်မကြီး ဖြစ်နေလောက်ပြီ။ နင်က မက်မွန်နတ်ဘုရားမထက် ဘာမှ နိမ့်ကျမနေဘူး]
နဉ်ရွှီ: “...... ငါ့ကို မြင့်မြင့်တွေးပေးလို့ ကျေးဇူးပဲ။”
သူမအပေါ် ထားရှိသည့် Filterက ထူလွန်း၍ သူမကို မက်မွန်နတ်ဘုရားမနှင့် ယှဉ်နေခြင်းမှာ သူမ၏ မိတ်ဆွေကောင်း ဖရဲသီးစားခြင်းစနစ်သာ ပြောမည့်အရာဖြစ်ပေလိမ့်မည်။
ဖရဲသီးစားခြင်းစနစ်က ဆက်၍ ကျိန်ဆဲနေလေသည်။ [ချီအာကတော့ ထပ်ပြီး အလိုက်မခံရဖို့ အစွမ်းအစရှိသားပဲ။]
[တကယ်လို့ သူသာ နောက်တစ်ကြိမ် ထပ်ပြီး အမဲလိုက်ခံရရင် သူ့ကို ကယ်ဖို့ လုံးဝ မစဉ်းစားနဲ့တော့]
၎င်းသည် အမြဲတမ်း အငြိုးအတေးကြီးသူဖြစ်ရာ ချီအာ၏ အလိုက်မသိမှုက သူ့ကို စနစ်၏ Blacklistစာရင်းထဲသို့ ရောက်သွားစေသည်။
[ဒီလူက ကြည့်လိုက်တာနဲ့ ရိုးသားတဲ့ မျက်နှာပေါက်ရှိတယ်၊ သူ့ရဲ့ လေလံခန်းမကြောင့်သာမဟုတ်ရင် ဘယ်သူက သူ့ကို ဂရုစိုက်ချင်မှာလဲ။ သူနဲ့ ယှဉ်ရင် ဝူလုချန်ကမှ အများကြီး ပိုပြီး ရိုးသားပုံရတယ်။]
ဝူလုချန်: .......
၎င်းက ချီးကျူးစကားဆိုလျှင် သူက လက်ခံလိုက်မည်။
[ဒီတစ်ခါတော့ ငါတို့ ဝူမိသားစုဆီကနေ ကောင်းတဲ့အရာတွေ အများကြီး ရနိုင်တယ်။]
[ဒီလို ကျင့်ကြံရေး မိသားစုကြီးတွေက သူတို့ရဲ့ သွေးသားတွေကို အပြင်မှာ လွင့်စင်နေဖို့ ဘယ်တော့မှ အလိုမရှိကြဘူး။]
[ဝူလုချန်ရဲ့ အခြေအနေက အပြင်မှာ လွင့်စင်နေတာမျိုး မဟုတ်ပေမဲ့၊ သူက ဝူမိသားစုရဲ့ နှာခေါင်းအောက်မှာ ရှိနေတာကို သူက သူတို့နဲ့ သွေးသားတော်စပ်တယ်ဆိုတာ မသိခဲ့ကြဘူး။]
[ငါတို့က ဝူမိသားစုခေါင်းဆောင်ကို မြေးတစ်ယောက် ရအောင် ကူညီပေးတာဆိုတော့ ကျေးဇူးတုံ့ပြန်တဲ့ လက်ဆောင်က နည်းမှာမဟုတ်ဘူး။]
နဉ်ရွှီ: “နင် ပြောတာ မှန်တယ်။ ဒါနဲ့ ငါတို့ ရှင်းထောင်မြို့ကို ရောက်ဖို့ ဘယ်လောက် ကြာဦးမလဲ”
ဖရဲသီးစားခြင်းစနစ်: [နင် ဒီနေ့ သေချာပေါက် ရောက်နိုင်တယ်။]
“ကောင်းပြီ။”
ဝိညာဉ်ကျောက်တုံးများ ပြတ်လပ်နေခြင်းကြောင့် နဉ်ရွှီတို့အဖွဲ့သည် အချိန်အများစုကို ခြေလျင်သွားခြင်းသာ မှီခိုနေကြပြီး ရံဖန်ရံခါမှသာ နေရာပြောင်းအစီအရင်ကို အသုံးပြုနိုင်ကြ၏။
သူတို့အဖွဲ့ထဲတွင် ပြန်လည်ဝင်စားလာသော အင်အားကြီးပုဂ္ဂိုလ်တစ်ယောက်သာမက ကြီးမြတ်သောနတ်ဘုံသို့ တက်လှမ်းခြင်းအဆင့်အထိ ရောက်ခဲ့ဖူးသည့် ဘော့စ်တစ်ယောက်ပါ ပါဝင်နေသော်လည်း၊ ခရီးဝေး နေရာပြောင်းအစီအရင်ကိုတောင် မစီးနိုင်သည့်အဖြစ်ကို ဖရဲသီးစားခြင်းစနစ်က တွေးမိပြီး ကောင်းကင်ပေါ်ကို မော့ကြည့်ပြီး သက်ပြင်းသာ ချလိုက်တော့သည်။
ဒါက ဘာလဲ
သူတို့တွေ ဘယ်လိုဖြစ်ပြီး ဒီလို အခြေအနေမျိုး ရောက်သွားရတာလဲ
ပြန်လည်ဝင်စားတဲ့တစ်ယောက်ကို မေ့ထားလိုက်၊ ဘာပဲဖြစ်ဖြစ် သူက အတိတ်က မှတ်ဉာဏ်တွေ ဆုံးရှုံးထားတာလေ။ သူ့ရဲ့ အတိတ်ဘဝတုန်းက အစွမ်းတွေနဲ့ဆို ဝိညာဉ်ကျောက်တုံးတွေ တစ်ခါမှ မပြတ်ခဲ့ပေမဲ့ သူပြန်လည်မွေးဖွားလာတာနဲ့ ဘာဆိုင်လို့လဲ။
သူနှင့် မသက်ဆိုင်တော့တာမလို့ ဝိညာဉ်ကျောက်တုံး မရှိတာမှာ ပြောစရာ သိပ်မရှိပေမဲ့ နတ်ဘုရားချင်ကျို့ကတော့ မိသားစု လုပ်ငန်းလေးတောင် မချန်နိုင်ဘဲ သူ့ရဲ့ အချစ်ရူးနေတဲ့ ဦးနှောက် ကြောင့် အားလုံးဆုံးရှုံးခဲ့ရတာမလို့ အထင်သေးစရာပဲ။
နတ်ဘုရားချင်ကျို့က ချမ်းသာသော အမွေအနှစ်တွေ ပိုင်ဆိုင်ပြီး အဖွဲ့ထဲမှာ အချမ်းသာဆုံးသူ ဖြစ်လာနိုင်ပေမဲ့ သူက လက်လွှတ်ခံခဲ့တယ်။ ဒါက ဖြစ်သင့်လား၊ မဖြစ်သင့်ဘူးလေ။
ကျန်ရှိသော ခရီးစဉ်ကို ဖရဲသီးစားခြင်းစနစ်၏ ဆူပူသံများဖြင့်သာ ဖြတ်သန်းခဲ့ကြသည်။
နဉ်ရွှီက သူမ၏ မျက်ခုံးကို ပွတ်ရင်း “နင် တကယ် ဆူဆဲနိုင်တာပဲ။” ဟု ပြောလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က သွယ်ဝိုက်၍ ပြောလိုက်သည်။ [ရပါတယ်၊ နင် ငါ့ကို စိတ်ရှုပ်ဖို့ ကောင်းတယ်လို့ ထင်မှာစိုးလို့ ငါ တော်တော်လေး ထိန်းထားရတာ။]
နဉ်ရွှီ: ......
နတ်ဘုရားချင်ကျို့: ......
လမ်းတစ်လျှောက်လုံးတွင် သူက အဆဲခံရဆုံးသူ ဖြစ်လေသည်။
သို့သော်လည်း သူသည် ဘာမှမကြားသလိုသာ ဟန်ဆောင်နေရသည်။
သူသာ အသက်အရွယ်နဲ့ အတွေ့အကြုံ မရှိဘူးဆိုရင် ဖော်ထုတ်ခံလိုက်ရလောက်ပြီဖြစ်သည်။
သူ၏ စိတ်ဓာတ်ကြံ့ခိုင်မှုမှာ ကောင်းမွန်သောကြောင့် သွေးထွက်လောက်အောင် အဆူအဆဲခံရသော်လည်း ပြုံးပြုံးလေးနှင့် နှုတ်ဆိတ်နေနိုင်သေးသည်။
ရှင်းထောင်မြို့ ပြင်သို့ ရောက်ပြီးနောက် နဉ်ရွှီသည် ခေါင်းကိုအသာအယာမော့ကာ သူမရှေ့ရှိ ခန့်ညားထည်ဝါသော မြို့ရိုးကြီးကို ကြည့်လိုက်သည်။ ဤမြို့ရိုးမှာ အနည်းငယ်အိုဟောင်းနေပုံရသော်လည်း နှစ်ကာလများက ၎င်းကို အရောင်မမှိန်စေခဲ့ဘဲ ထူးခြားသည့် ဆွဲဆောင်မှုအနည်းငယ်ကို ပေးစွမ်းသည်။
အထက်ပါ ‘ရှင်းထောင်မြို့’ဟူသော စာလုံးသုံးလုံးမှာ နဂါးများပျံသန်းနေပြီး ဖီးနစ်ကခုန်နေသကဲ့သို့ ကန့်သတ်မှုမရှိဘဲ လွတ်လပ်ပေါ့ပါးလှရာ အချိန်အကြာကြီး ကြည့်မိပါက လူကို အနည်းငယ် မူးယစ်သွားစေနိုင်သည်။
ဖရဲသီးစားခြင်းစနစ်က [ဒါက ရှင်းထောင်မြို့ရဲ့ ပထမဆုံးမြို့စားမင်း ချန်ရစ်ခဲ့တာ၊ သူမက စာပေကျင့်ကြံသူတစ်ယောက်ဆိုတော့ ကောင်းကောင်း ရေးနိုင်တယ်။ ဒီစာလုံးသုံးလုံးကို သူမရေးတုန်းက တာအိုရဲ့ အနှစ်သာရကိုတောင် နားလည်သဘောပေါက်နေပြီ။] ဟု မှတ်ချက်ပြုလာသည်။
နဉ်ရွှီက [သူမရဲ့ တာအိုက ဘာလဲ] ဟု မေးလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က ဖြည်းညင်းစွာ ပြောလိုက်သည်။ [အဲဒါက အကန့်အသတ်ကင်းမဲ့ခြင်းပဲ]
[သူမက လွတ်လပ်မှုကို တောင့်တပြီး ချုပ်နှောင်ခံရတာကို မကြိုက်ဘူး။]
[ဒါကြောင့်လည်း သူမက ရှင်းထောင်မြို့ရဲ့ မြို့စားမင်းတွေထဲမှာ ရာထူးသက်တမ်း အနည်းဆုံး ဖြစ်ခဲ့တာပေါ့။]
[သူမက မြို့စားမင်းအဖြစ် တစ်နှစ်ပဲ လုပ်ပြီးတော့ နေရာအနှံ့ လှည့်လည်သွားလာခဲ့တာ။]
[ဒါပေမဲ့ သူမက အရင်မြို့စားမင်းတွေထဲမှာ အတော်ဆုံးပဲ။]
နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်၏ ရှင်းပြချက်ကို နားထောင်ရင်း သူမ၏ အသင်းဖော်များနှင့်အတူ မြို့ထဲသို့ လမ်းလျှောက်ဝင်လေသည်။
သူတို့ မြို့တံခါးသို့ ဝင်တော့မည့်အချိန်တွင် တံခါးက စစ်သည်များ၏ တားဆီးခြင်းကို ခံကြရသည်။
"ဘယ်သူတွေလဲ"
နဉ်ရွှီက ဘေးနားရှိ ဝူလုချန်ကို မေးလိုက်သည်။ [ရှင်းထောင်မြို့ထဲဝင်ရင် စစ်ဆေးမေးမြန်းခံရဖို့ လိုလား]
ဝူလုချန်က ဝေခွဲမရစွာဖြစ်ဖြင့် ခေါင်းခါလိုက်သည်။ "အရင်ကတော့ မလုပ်ပါဘူး"
အကယ်၍ လုပ်ဖို့လိုအပ်ခဲ့လျှင် သူက နဉ်ရွှီကို သတိပေးခဲ့ပြီးသားဖြစ်မည်။
နဉ်ရွှီက သူမ၏ ဂိုဏ်းတံဆိပ်ပြားကို ထုတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် အသင်းဖော်များကိုလည်း တံဆိပ်ပြားများ ထုတ်ပြရန် အချက်ပြလိုက်သည်။
"ကျွန်မတို့က ဝမ့်ရှင်းဂိုဏ်းက တပည့်တွေပါ။ ဂိုဏ်းသားတွေ မိသားစုဆီ အလည်ပြန်ခွင့်ရတဲ့ အချိန်မို့လို့ ကျွန်မတို့ အသင်းသားရဲ့ ဆွေမျိုးတွေဆီ အလည်လိုက်လာခဲ့ကြတာပါ။"
သူတို့၏ ဂိုဏ်းတံဆိပ်ပြားများကို မြင်ပြီးနောက် တံခါးစောင့်၏ အမူအရာမှာ အနည်းငယ် ပြေလျော့သွားသော်လည်း တာဝန်အရ ဆက်လက်မေးမြန်းလေသည်။ "ခင်ဗျားတို့ရဲ့ ဆွေမျိုးတွေက ရှင်းထောင်မြို့ရဲ့ ဘယ်မှာနေတာလဲ။ သူတို့ရဲ့ မျိုးရိုးက ဘာလဲ။ နာမည်က ဘယ်လိုခေါ်လဲ။ အိမ်က ဘာအလုပ်လုပ်တာလဲ။"
ဤမေးခွန်းများကိုတော့ ဝူလုချန်သာ ဖြေနိုင်တော့သည်။
သူက ခေါင်းကို ကုတ်လိုက်ပြီး ရိုးသားသည့် ပုံစံဖြင့် "ကျွန်တော်က ဝူမိသားစု အစောင့်ရဲ့ သားပါ။ ပိချောင်လမ်းမှာ နေပါတယ်၊ မိသားစုခေါင်းဆောင်နာမည်က ဝူရှောင်ပါ......" ဟု ပြောလိုက်သည်။
သူ၏ မိတ်ဆက်စကားကို ကြားပြီးနောက် တံခါးစောင့်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
"မင်းက...... ဝူအိမ်တော်ကို အလည်ပြန်လာတာလား"
တံခါးစောင့်က ထိုသို့ ကြားသည်နှင့် နဉ်ရွှီနှင့် အခြားသူများမှာ တစ်ခုခုမှားနေပြီဖြစ်ကြောင်း သတိထားမိလိုက်ကြသည်။
"ဝူမိသားစုမှာ တစ်ခုခုဖြစ်လို့လား"
တံခါးစောင့်က သက်ပြင်းအသာချရင်း "သူတို့မိသားစုမှာ တကယ်ပဲ တစ်ခုခုဖြစ်ခဲ့တာ"
ဝူလုချန်က "ဘာဖြစ်တာလဲ။ ပြင်းထန်လား။" ဟု မြန်မြန်မေးလိုက်သည်။
တံခါးစောင့်က တိုးတိုးလေး ရှင်းပြသည်။ "မြို့ထဲကို နတ်ဆိုးကလန်သားတစ်ယောက် ရောက်လာပြီးတော့၊ အဲ့ဒီနတ်ဆိုးက ဝူမိသားစုရဲ့ ပါရမီရှင်ကို ဒဏ်ရာအပြင်းအထန်ရအောင် ရိုက်နှက်ပြီး ထွက်သွားတာ။ အဲ့ဒီပါရမီရှင်ရဲ့ သွေးကြောတွေ အကုန်လုံး ပျက်စီးသွားတယ်လို့ ကြားတယ်၊ နောင်မှာ ကျင့်ကြံနိုင်ဦ’မလားဆိုတာ မပြောနိုင်ဘူးတဲ့"
ထိုသို့ပြောပြီးနောက် တံခါးစောင့်က နှမြောတသဖြစ်စွာဖြင့် ခေါင်းခါလေသည်။
သွေးကြောများ ပြတ်တောက်သွားပြီဆိုပါက ထိုသူသည် ယခင်က မည်မျှပင် ပါရမီကောင်းစေကာမူ သူ၏ အနာဂတ်မှာ လုံးဝ ပျက်စီးသွားပြီဖြစ်သည်။
ထိုရှင်းပြချက်ကို ကြားပြီးနောက် နဉ်ရွှီသည် တစ်ခုခုကို စဉ်းစားနေပုံရသည်။ မြို့ပြင်တွင် ရုတ်တရက် စစ်ဆေးမှုများ တင်းကျပ်လိုက်ခြင်းမှာ မထူးဆန်းတော့ပေ။ ကြည့်ရသည်မှာ လူကို ဒဏ်ရာရစေခဲ့သည့် အဆိုပါ နတ်ဆိုးကို မဖမ်းမိသေးပုံရသည်။
သူတို့အဖွဲ့ မြို့ထဲသို့ ဝင်လာသည်နှင့် မြို့ထဲရှိ လေထုမှာ အလွန်ပင် တင်းမာနေသည်ကို သတိထားမိကြသည်။ မြို့သူမြို့သားများမှာ အလျင်စလို သွားလာနေကြပြီး သူတို့လို အပြင်လူများကို အကြည့်တစ်ချက်ပင် မပေးပေ။
လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်အကြား ဆက်ဆံရေးမှာ အမြဲတမ်း ဆိုးရွားနေခဲ့သည်။
မျိုးနွယ်စုနှစ်ခုကြား ငြိမ်းချမ်းရေးသဘောတူညီချက်မှာ လာမည့် လေးနှစ်ကျော်လျှင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။
မြို့ထဲတွင် နတ်ဆိုးမျိုးနွယ်ဝင် ကလန်သားတစ်ယောက် ပေါ်လာခြင်းကြောင့် လူများ ထိတ်လန့်နေကြရသည်။
နတ်ဆိုးသည် ဝူမိသားစုကို တိုက်ခိုက်နိုင်ပါက အခြားသူများကိုလည်း နောက်ထပ်တိုက်ခိုက်မည်မဟုတ်ဟု အာမခံရန် ခက်ခဲပေသည်။
နဉ်ရွှီက ဖရဲသီးစားခြင်းစနစ်ကို မေးလိုက်သည်။ “သဘောတူညီချက်က ရှိနေသေးတာပဲ၊ နတ်ဆိုးက လူတွေကို ဒဏ်ရာရအောင် လုပ်လို့ရလို့လား”
ဖရဲသီးစားခြင်းစနစ်က နှာခေါင်းရှုံ့လိုက်သည်။ [သဘောတူညီချက်က နတ်ဆိုးမျိုးနွယ်အများစုကို ကန့်သတ်နိုင်တယ်ဆိုပေမဲ့ ကိုယ်ရေးကိုယ်တာ ရန်ငြိုးတွေကိုတော့ မတားဆီးနိုင်ဘူး။] အဆိုပါနတ်ဆိုးက ဝူမိသားစု ပါရမီရှင်ကို တိုက်ခိုက်ခြင်းမှာ ကိုယ်ရေးကိုယ်တာ ရန်ငြိုးဖြစ်မှန်း သိသာလှသည်။
ဝူလုချန်သည် မြှားတစ်စင်းကဲ့သို့ အိမ်သို့ အမြန်ပြန်ချင်နေရာ၊ နဉ်ရွှီတို့အဖွဲ့လည်း မြို့တံခါးတွင် အကြာကြီး မနေတော့ဘဲ ဝူအိမ်တော်သို့ တိုက်ရိုက် လိုက်သွားကြသည်။
ဝူအိမ်တော်သို့ ချဉ်းကပ်လိုက်သည်နှင့် ဝူအိမ်တော်တံခါးဝရှိ အစောင့်များက ဝူလုချန်ကို သတိပြုမိသွားကြသည်။
အစောင့်က လှိုက်လှိုက်လှဲလှဲဖြင့် "ရှောင်ချန်၊ မင်း ပြန်လာပြီပဲ" ဟု ဆိုသည်။
ဝူလုချန်က ခေါင်းကို တရစပ် ညိတ်လိုက်ပြီး "ကျွန်တော့်နောက်က လူတွေက ကျွန်တော့်ရဲ့ ဂိုဏ်းတူမောင်နှမတွေပါ၊ ကျွန်တော်နဲ့အတူ အလည်လိုက်လာကြတာ" ဟု ဦးဆောင်ကာ မိတ်ဆက်ပေးလိုက်သည်။
အစောင့်က "မင်းရဲ့ ဂိုဏ်းတူမောင်နှမတွေကို ချန်ယန်ဆောင်ကို ခေါ်သွားပြီး အနားယူခိုင်းလိုက်ပါ။ မိသားစုခေါင်းဆောင်ကတော့ ဟိုဘက်မှာ အလုပ်ရှုပ်နေတာဆိုတော့ မင်းကို တွေ့ဖို့ အချိန်ရဦးမှာ မဟုတ်ဘူး" ဟု ပြောလေသည်။
"ဟုတ်ကဲ့ပါ"
ဝူအိမ်တော်သို့ ဝင်လိုက်သည်နှင့် နဉ်ရွှီကဲ့သို့ အပြင်လူပင်လျှင် ဝူမိသားစုအတွင်းရှိ လေးလံထိုင်းမှိုင်းနေသည့် လေထုကို သတိထားမိသည်။
အစေခံများမှာလည်း စိုးရိမ်ပူပန်နေသော မျက်နှာများဖြင့် မြန်မြန်သုတ်သုတ် သွားလာနေကြသည်။
နဉ်ရွှီက ဘေးနားရှိ ဝူလုချန်ကို မေးလိုက်သည်။ “ဝူမိသားစုရဲ့ ပါရမီရှင်ဆိုတာ ဘယ်သူလဲ။”
ဝူလုချန်က စိတ်ပျက်လက်ပျက်ဖြင့် “သူက တတိယအိမ်တော်ရဲ့ တစ်ဦးတည်းသောသားပါ၊ သူက ကိုယ်ကျင့်တရားကောင်းမွန်ပြီးတော့ ကျွန်တော့်အပေါ်မှာလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတယ်။ တခြား ခင်လေးတွေလို မောက်မာတာမျိုးမရှိဘဲနဲ့ အရမ်းကို ဖော်ရွေတဲ့သူပါ” ဟု ဆိုသည်။
နဉ်ရွှီက ထပ်မံ၍ မေးလိုက်သည်။ [အဲ့ဒီပါရမီရှင်မှာ လက်ထပ်မယ့်သူ ရှိလား]
ဝူလုချန်က သူမကို အံ့အားသင့်သည့်မျက်နှာဖြင့် ကြည့်လိုက်သည်။ သူမ အဘယ်ကြောင့် ဤသို့မေးသည်ကို မသိသော်လည်း ရိုးသားစွာပင် ပြန်ဖြေလိုက်သည်။ "မရှိပါဘူး၊ သူက ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကို မရောက်မချင်း အိမ်ထောင်မပြုဘူးလို့ ပြောထားတာ။ အခုလောလောဆယ်တော့ သူက ရွှေအမြုတေ အစောပိုင်းအဆင့်မှာပဲ ရှိဦးမယ်"
ထိုသို့ပြောပြီးနောက် သူသည် ဘေးနားရှိ ဖြူစင်သော ကျင့်ကြံသူကို ဂရုတစိုက် လှမ်းကြည့်လိုက်သည်။
ခေါင်းဆောင်က ဘာဖြစ်လို့ ရုတ်တရက်ကြီး ပါရမီရှင်ရဲ့ အိမ်ထောင်ရေးကို စိတ်ဝင်စားသွားရတာလဲ
ဖြူစင်သော ကျင့်ကြံသူက သူ၏ လှပသော မျက်ဝန်းများကို အနည်းငယ် နှိမ့်လိုက်ပြီး နဉ်ရွှီ၏ ဘေးတွင် တိတ်တဆိတ် လိုက်ပါလာသည်။
နောက်တစ်စက္ကန့်တွင် ဖရဲသီးစားခြင်းစနစ်က ပျင်းရိစွာ ပြောလိုက်သည်။ [သွေးကြောတွေ ပြတ်တောက်သွားတယ်၊ စေ့စပ်ထားတဲ့သူရဲ့ လမ်းခွဲတာကို ခံရတယ်၊ ဘဝရဲ့ အခက်ခဲဆုံးအခြေအနေကို ရောက်သွားပြီးတော့ အစွမ်းထက်တဲ့ အဘိုးကြီးတစ်ယောက်နဲ့ တွေ့တယ်... ဒါက "လုံအောင်ထျန်း" ပုံစံကြီးပဲ။ ဒါပေမဲ့ သိသာတာကတော့ ဒီဝူမိသားစု ပါရမီရှင်က လုံအောင်ထျန်း မဖြစ်နိုင်ဘူး။]
(လုံအောင်ထျန်းဆိုတာ အလွန်အင်မတန်ကံကောင်းပြီး စွမ်းအားကြီးလွန်းသည့် ဇာတ်လိုက်နာမည်ကို ပြောတာပါ)
[သူက လက်မထပ်ထားရသေးကို မပြောနဲ့ဦး၊ အဲဒီအစွမ်းထက်တဲ့ အဘိုးကြီးဆိုတာကရော ငါ့ထက်ပိုပြီး အစွမ်းထက်တဲ့သူ ဒီမှာ ရှိနိုင်ပါ့မလား]
[မရှိဘူးနော်]
[အဲ့ဒီတော့ သူဟာ အဲ့ဒီအဘိုးကြီးနဲ့ တွေ့ဖို့ ကံမပါဘူး။]
နဉ်ရွှီ: “......”
[ဘာပဲဖြစ်ဖြစ် ငါ့အမြင်မှာတော့ လုံအောင်ထျန်းက ခေတ်မစားတော့ဘူး၊ အခု ခေတ်စားနေတာက *သနားစရာကောင်းတဲ့ အလှလေး*ပဲ။]
(*သနားစရာကောင်းတဲ့ အလှလေး*ဆိုတာ ရုပ်ရည်အင်မတန်ချောမောရမယ်၊ အစွမ်းထက်ပြီး ပါရမီရှိရမယ်၊ ဘဝက တကယ့်ကို သနားစရာကောင်းလောက်အောင် ကံဆိုးရမယ် (ဥပမာ- မိသားစုတစ်စုလုံး အသတ်ခံရတာ၊ သစ္စာအဖောက်ခံရတာ၊ သွေးကြောပြတ်တောက်ပြီး ဒုက္ခိတဖြစ်သွားတာမျိုး) ကို ပြောတာပါ)
အကယ်၍ "သနားစရာကောင်းသော အလှလေး" ကို ရှာနေပါက သူတို့အဖွဲ့ထဲတွင်လည်း ထိုသို့သောသူတစ်ယောက် ရှိနေပြီးသားဖြစ်သည်။
နဉ်ရွှီက ခုနကမေးခွန်းကို မေးလိုက်ခြင်းမှာ ဝူမိသားစုပါရမီရှင်သည် "လုံအောင်ထျန်း"ဇာတ်ညွှန်းကို ကိုင်ထားသူဟုတ်၊မဟုတ်ကို သိချင်ရုံသက်သက်သာဖြစ်သည်။ အခုတော့ ထိုပါရမီရှင်တွင် စေ့စပ်ထားသူပင်မရှိကြောင်း သိလိုက်ရသဖြင့် ထိုအကြောင်းအရာကို ဘေးဖယ်ထားလိုက်သည်။
သူမက ပေါ့ပေါ့ပါးပါး ထောက်ခံလိုက်သည်။ [အမှန်ပဲ၊ ဘယ်သူက လှတာမကြိုက်လို့လဲ]
ဖရဲသီးစားခြင်းစနစ်က အဓိပ္ပာယ်မဖော်နိုင်သော ရယ်သံဖြင့် နှစ်ချက်မျှ ရယ်မောလေသည်။
နဉ်ရွှီက ဆက်လက်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။ [ဒီလောက်ကြီးမားတဲ့ကိစ္စဖြစ်သွားမှတော့ လက်ရှိ ဝူမိသားစုတစ်ခုလုံးက သောကမိုးတိမ်တွေ ဖုံးလွှမ်းနေတာပဲ။]
ဖရဲသီးစားခြင်းစနစ်: [ဒါဆို......]
“ဒါကြောင့်မလို့ အခုလိုအချိန်မှာ ဝူမိသားစုရဲ့ သောကတွေကို ပယ်ဖျက်ပေးနိုင်ဖို့ ပျော်ရွှင်စရာဖြစ်ရပ်လေး တစ်ခုရှိဖို့ လိုအပ်နေတာပေါ့။”
ဖရဲသီးစားခြင်းစနစ်သည် နဉ်ရွှီ၏ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် [မှန်တာပေါ့] ဟု ဆိုလေသည်။
“အခုက ဝူလုချန်အတွက် သူ့ရဲ့ အထောက်အထားအမှန်ကို ထုတ်ဖော်ပြီးတော့ ဆွေမျိုးတွေကို တိုက်ရိုက် အသိအမှတ်ပြုရတော့မယ့် အချိန်ပဲ။”
“ပါရမီရှင်တစ်ယောက် ဆုံးရှံးသွားတယ်ဆိုပေမဲ့ ဝူမိသားစုဆီကို ခန္ဓာကိုယ်ကျင့်ကြံခြင်း ပါရမီရှင် တစ်ယောက် ထပ်ရောက်လာမှာလေ။”
[အမှန်ပဲ]
ဝူလုချန် : ...... ခန္ဓာကိုယ်ကျင့်ကြံခြင်း ပါရမီရှင်ဟုတ်လား
ဘယ်သူလဲ။ သူကလား။ သူက ရုတ်တရက်ကြီး ပါရမီရှင် ဖြစ်သွားတာလား။ ဘယ်တုန်းကလဲ။ ဘာလို့ သူ မသိလိုက်ရတာလဲ။
သူ့နှလုံးသားထဲက ဝမ်းနည်းမှုလေးမှာ ခဏလေးပင် မခံလိုက်ဘဲ နဉ်ရွှီနှင့် စနစ်တို့၏ စကားဝိုင်းကြောင့် လွင့်စင်သွားလေသည်။
အဲ့ဒီနှစ်ယောက်ကတော့နော် တကယ်ပါပဲ ဘယ်လိုအခွင့်အရေးမျိုးကိုမှ လက်လွတ်မခံကြဘူးပဲ။