အခန်း ၆၁
Vol. 7 Ch. 61
အခန်း (၆၁)
ယခု ဝူလုချန်အား သူကိုယ်တိုင်၏ အထောက်အထားကို မည်သို့ သိစေရမည်နည်းဟူသည့် မေးခွန်းရှိလာသည်။ ပထမဆုံးအနေနှင့် သူက ဝူမိသားစု ခေါင်းဆောင်၏ မြေးဖြစ်ကြောင်းကို သိအောင် လုပ်ရမည်။
ဤကိစ္စအား တမင်တကာ လုပ်ယူထားသည့်ပုံမပေါ်သင့်ဘဲ သဘာဝကျကျ ပေါ်လာလျှင် အကောင်းဆုံးဖြစ်မည်မှာ သေချာသည်။ တမင်တကာ လုပ်ယူထားသည့်ပုံပေါက်လျှင် ဝူမိသားစုက အတွေးမလွန်ဟု အာမခံရန် ခက်လှသည်။
လက်ရှိအချိန်တွင် ဝူမိသားစု၌ ပြဿနာပေါင်းစုံတက်နေချိန်ဖြစ်၍ တစ်စုံတစ်ယောက်ကသာ ဝူလုချန်၏ အထောက်အထား ဖော်ထုတ်မှုကို လမ်းကြောင်းပေးနေပါက ဝူမိသားစုအနေဖြင့် ပူးပေါင်းကြံစည်မှုဟူ၍ တွေးကောင်းတွေးနိုင်သည်။
နဉ်ရွှီ လိုချင်သည်မှာ ဝူမိသားစု၏ ကျေးဇူးတင်မှုသာဖြစ်သည်၊ ဝူမိသားစု၏ သံသဃမဟုတ်ပေ။
သူမက ဖရဲသီးစားခြင်းစနစ်ကို မေးလိုက်သည်။ “ခေတ်သစ်လူ့အဖွဲ့အစည်းမှာဆိုရင် သခင်လေးအစစ်နဲ့အတု ကိစ္စတွေက များသောအားဖြင့် သူတို့ထဲက တစ်ယောက်က ကားအက်ဆီးဒန့်ဖြစ်လို့ သွေးသွင်းဖို့လိုလာတဲ့အခါမှ သူတို့သွေးအမျိုးအစားက မှားနေမှန်း တွေ့သွားပြီးတော့ ကလေးချင်း လွဲနေတာကို သိသွားကြတာလေ”
ဖရဲသီးစားခြင်းစနစ်က ပြန်ဖြေသည်။ [ဟုတ်လည်းဟုတ်တယ်၊ ဟုတ်လည်းမဟုတ်ဘူး။ ကျင့်ကြံခြင်းလောကမှာ ပျံသန်းနိုင်တဲ့ ဝိညာဉ်ရတနာတွေ ရှိတယ်ဆိုပေမဲ့ ကျင့်ကြံသူတစ်ယောက် ဒဏ်ရာရသွားပြီဆိုရင် သွေးအားဖြည့်ဆေးလုံး ဒါမှမဟုတ် နုပျိုခြင်းဆေးလုံးတွေကိုပဲ သောက်ကြတာ။ ဘာသွေးအမျိုးအစားလဲ ဆိုတာ စဉ်းစားဖို့ မလိုဘူး။]
[ဒါပေမဲ့...] ဖရဲသီးစားခြင်းစနစ်က ချက်ချင်းပင် စကားလမ်းကြောင်းကို အလှည့်အပြောင်းလုပ်ကာ [ကျင့်ကြံခြင်းလောကမှာလည်း ကျင့်ကြံခြင်းလောကရဲ့ နည်းလမ်း ရှိတာပေါ့။]
ဝူလုချန်က မည်သည့်နည်းလမ်းဖြစ်မည်ကို အသေအချာ နားထောင်ချင်နေစဉ် ဖရဲသီးစားခြင်းစနစ်က အရေးကြီးသည့်အပိုင်း ရောက်ချိန်မှ စကားဖြတ်ပြီး ဆက်မပြောဘဲ နေလေသည်။
ဘာနည်းလမ်းများပါလိမ့်
သူလည်း သက်ဆိုင်သူတွေထဲက တစ်ယောက်ပဲလေ၊ နားထောင်လို့ မရဘူးလား
သူသည် ဝူမိသားစုခေါင်းဆောင်၏ မြေးဖြစ်ကြောင်း သိလိုက်ရသော်လည်း ယခုအချိန်တွင် သူတို့အား အသိအမှတ် မပြုနိုင်သေးသလို၊ ဝူမိသားစု၏ ပါရမီရှင်သခင်လေးထံသို့ ဆွေမျိုးတစ်ဦးအနေဖြင့် သွားရောက် မလည်ပတ်နိုင်သေးသောကြောင့် ဝူလုချန်တွင် ခံစားချက်များ ရောထွေးနေသည်။
သူ အတွေးမများဘဲ မနေနိုင်ပေ။
အကယ်၍ သူက သူတို့နဲ့ သွေးသားတော်စပ်တာကို ဝူမိသားစု သိသွားရင် သူတို့ ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံကြမှာလား၊ ဒါမှမဟုတ် အံ့အားသင့်သွားပြီး မပျော်မရွှင် ဖြစ်သွားကြမှာလား
သူ့မွေးမိဘတွေက ဘယ်သူတွေလဲ
ဝူမိသားစု တစ်ခုတည်းမှာပင် သူနှင့် တစ်နှစ်တည်းမွေးသော တိုက်ရိုက်မျိုးဆက်များနှင့် သွေးဝေးမျိုးဆက်များ ဒါဇင်နှင့်ချီပြီး ရှိသည်။
၎င်းကို ကြည့်ခြင်းအားဖြင့် ဝူမိသားစုသည် အလွန်ကြီးမားသော ကျင့်ကြံခြင်းမျိုးနွယ်စုဖြစ်ကြောင်း မြင်နိုင်ပေသည်။ ရှင်းထောင်မြို့တွင် ဝူမိသားစုအား "ဧရာမ အင်အားကြီးမျိုးနွယ်စု" ဟု ခေါ်ဆိုနိုင်၏။
ဝမ်းသာစိတ် အနည်းငယ်အပြင် သူ ပိုပြီး ဝေခွဲမရဖြစ်ကာ လမ်းပျောက်နေတော့သည်။
ဝမ်းသာသည်ဆိုသည်မှာ တတိယမြောက် ကျင့်ကြံသူမျိုးဆက် ဖြစ်လာ၍မဟုတ်ဘဲ သူ့တွင် ဆွေမျိုးသားချင်းများ ရှိသေးကြောင်း သိလိုက်ရ၍ ဖြစ်သည်။
သူ့ဖခင် သေဆုံးပြီး မကြာမီ မိခင်ဖြစ်သူက နောက်အိမ်ထောင်ပြုသွားခဲ့သည်။ မိသားစုမေတ္တာကို မခံစားရသည်မှာ အချိန်အတော်လေးကြာခဲ့ပြီပင်။
ယခုအကြိမ် ဆွေမျိုးများထံ အလည်ပြန်လာခြင်းမှာ နဂိုက သွေးသားမတော်စပ်သည့် ဆွေမျိုးများထံ အလည်လာခြင်းသာဖြစ်သည်။
နဂိုသွေးသားအရင်းအချာ မဟုတ်ဟု ထင်ထားသူများက သူ၏တကယ့်ဆွေမျိုးသားချင်းများ ဖြစ်နေလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း
ဝူလုချန် အတွေးနယ်ချဲ့နေစဉ် နဉ်ရွှီက ရုတ်တရက် မေးလိုက်သည်။ "နင် အရင်တုန်းက “ကြေးနီတံတိုင်း သံခံတပ်” နည်းစနစ်ကို ဘယ်လို လေ့ကျင့်ခဲ့လဲ"
"ကြေးနီတံတိုင်း သံခံတပ်" နည်းစနစ်မှာ ထျန်းယာလျှို့ဝှက်နယ်မြေထဲမှ နဉ်ရွှီ ရှာတွေ့ထားခြင်းဖြစ်သော်လည်း ဝူလုချန်၏ ကျင့်ကြံခြင်းအတွက် အလွန်အမင်း သင့်တော်ပြီး သူ၏ အရည်အချင်းနှင့် ဝိညာဉ်အမြစ်များအတွက် အလွန်ပင် အံဝင်ခွင်ကျဖြစ်သည်။
အဆိုပါမေးခွန်းကို ကြားလိုက်လိုက်ချင်း ဝူလုချန်က မြန်မြန်ပင် ကျောမတ်လိုက်ပြီး တစ်ချက်ကြည့်ကာ "ခေါင်းဆောင်... အခုလတ်တလော ကျွန်တော် 'ကြေးနီတံတိုင်း သံခံတပ်'နည်းစနစ်ကို လေးလေးနက်နက်နဲ့ ကျင့်ကြံနေပါတယ်၊ အခုဆိုရင် ကျွန်တော် ဒုတိယအဆင့်ကို လေ့ကျင့်နေပြီ" ဟု ဆိုလိုက်သည်။
"နင့်ရဲ့ ကျင့်ကြံမှု ရလဒ်တွေကို ငါ့ကို ပြပါဦး။"
ဝူလုချန်: "ကောင်းပါပြီ" ဟု ပြောပြီးနောက် အော်ဟစ်လိုက်သည်နှင့် သူ၏တစ်ကိုယ်လုံး၌ သာမန်မျက်စိဖြင့် မြင်သာသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။
သူ၏ အသားအရောင်မှာ ဂျုံရောင်ကနေ ကြေးနီရောင်သို့ ပြောင်းလဲသွားသည်။ လက်မောင်းကြွက်သားများမှာ နဂိုပုံမှန်ပုံစံထက် နှစ်ဆ ဖြစ်လာ၏။ သူ၏ တစ်ကိုယ်လုံး အရွယ်အစားကလည်း နှစ်ဆလောက် ဖြစ်နေပြီး လူသန်ကြီးနှင့်ပင် အတော်တူလာသည်။
လတ်တလော ကျင့်ကြံမှုရလဒ်များကို အကုန်အစင် ထုတ်ဖော်ပြသပြီးနောက် ဝူလုချန်သည် စိုးရိမ်ပူပန်သည့် အမူအရာဖြင့် နဉ်ရွှီကို ကြည့်လိုက်သည်။
သူ၏လတ်တလောကျင့်ကြံမှုမှာ မည်သို့ရှိသည်ကို သူ မသိပေ။
နောက်တစ်စက္ကန့်တွင် ဖရဲသီးစားခြင်းစနစ်က ရွံရှာစက်ဆုပ်သည့်အမူအရာဖြင့် [ဒီနည်းစနစ်က ပထမဆုံး လေးဆင့်မှာ ကျင့်ရတာ ပိုလွယ်တဲ့တာလေ၊ ဒါကို သူက ဒုတိယအဆင့်ပဲ ကျင့်ရသေးတယ်။] ဟု ဆိုလာသည်ကို ကြားလိုက်ရသည်။
[ငါတို့က ဝူမိသားစုကို ခန္ဓာကိုယ်ကျင့်ကြံတဲ့ ပါရမီရှင်တစ်ယောက် ပေးမယ်လို့ ပြောထားတာလေ၊ ဒါပေမဲ့ သူကတော့ တကယ့်ကို...... ပါရမီရှင်လို့တောင် ခေါ်လို့မရဘူး]
ဝူလုချန် : ......
ဝမ်းနည်းလိုက်တာ၊ ရင်ထဲနာကျင်နေပါပြီ
"ကြေးနီတံတိုင်း သံခံတပ်" နည်းစနစ်ကို ရကတည်းက သူသည် အနားယူခြင်းပင်မရှိဟု ပြောနိုင်သော်လည်း ရလဒ်မှာမူ……
ထိုကဲ့သို့ အကဲဖြတ်ချက်မျိုးသာ ရခဲ့သဖြင့် ဝမ်းမနည်းပါဟု ပြောရန်မဖြစ်နိုင်ပေ။
နဉ်ရွှီက "...... နင်က စံနှုန်းတွေ အရမ်းမြင့်လွန်းနေတာ မဟုတ်ဘူးလား"
"သူက အထူးပါရမီရှင် မဟုတ်ဘူးဆိုပေမဲ့ အသုံးမကျတာတော့ မဟုတ်ပါဘူး။"
ဤကာလအတွင်း ဝူလုချန်၏ ကြိုးစားအားထုတ်မှုများကို နဉ်ရွှီလည်း မြင်တွေ့ခဲ့ရသည်။
သူမသည် မည်သူတစ်ဦးတစ်ယောက်၏ ကြိုးစားအားထုတ်မှုကို ငြင်းပယ်မည်မဟုတ်ပေ။
ဖရဲသီးစားခြင်းစနစ်က မကျေမနပ်လေသံဖြင့် [သူက အသုံးမကျတဲ့သူ မဟုတ်တာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ သူ့ရဲ့ အသင်းဖော်တွေက ဘယ်လိုမွန်းစတားမျိုးတွေလဲဆိုတာ သူ မကြည့်ဘူးလေ] ဟု ပြောလေသည်။
[ဓားလမ်းစဉ်ပေါ်မှာ တစိုက်မတ်မတ် အားရုံစူးစိုက်နေတဲ့ ဖြူစင်သောကျင့်ကြံသူရဲ့ ပါရမီအကြောင်းဆိုရင်တော့ ပြောနေဖို့တောင် မလိုဘူး၊ ဘယ်လို ဓားနတ်ဘုရားရဲ့ ကျော်ကြားတဲ့ တိုက်ကွက်မျိုးကိုမဆို သူက လက်ဖျားခါလောက်အောင် အလွယ်တကူ တတ်မြောက်နိုင်တာနော်။ ဒါတောင် သူ အဓိကထား ကျင့်ကြံနေတဲ့ဟာ မဟုတ်သေးဘူးနော်။ ဓားလမ်းစဉ်က သူ့အတွက် အရန်ပဲ ရှိသေးတာ။ အခုတလော သူ့ရဲ့အချိန်အများစုကို ချက်ပြုတ်တာနဲ့ပဲ ကုန်ဆုံးနေသေးတာနော်။
ဒါကို နင်အသိဆုံးဖြစ်မှာပါ၊ ဘာပဲဖြစ်ဖြစ် နင်က နေ့တိုင်း ကျွေးမွေးခံနေရတာပဲလေ။ သူ့ရဲ့ ချက်ပြုတ်တဲ့အဆင့်က နေ့တိုင်း တိုးတက်နေတာ တော်တော်လေးခရီးရောက်နေပြီ။ မဟုတ်ရင် နင်က ငါ့ကို နေ့တိုင်းလိုလို "အရသာရှိလိုက်တာ" လို့ အရူးအမူး လာပြောနေမှာ မဟုတ်ဘူး။]
နဉ်ရွှီ : "......"
သူမက အမှန်ကို ပြောနေခြင်းသာဖြစ်သည်။
သူမအတွက် ဖြူစင်သောကျင့်ကြံသူ ချက်ကျွေးတဲ့ အိမ်ချက်ဟင်းလျာများမှာ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး စားကောင်းလာသည်။
ဖြူစင်သော ကျင့်ကြံသူ၏ ကျင့်ကြံမှုကို မှီခိုပြီး အစားအသောက်၏ အလှတရားကို သူမ အမှန်တကယ် သတိပြုမိလာခဲ့သည်။
၎င်းကိုတွေးမိသည်နှင့် သူမက ဘေးနားရှိ ဖြူစင်သောကျင့်ကြံသူကို ပြုံးပြလိုက်သည်။
ဖြူစင်သောကျင့်ကြံသူက ချက်ချင်းပင် နှုတ်ခမ်းများ ကွေးညွှတ်ကာ သူမကို တောက်ပပြီး စစ်မှန်သည့် အပြုံး ပြန်ပေးလာသည်။
ဖရဲသီးစားခြင်းစနစ် : [......]
ဒီနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ပြုံးပြနေကြတာလား
သူတို့အားလုံးက ဖြူစင်တဲ့ အချစ်စစ်သည်တော်တွေပဲ
ဖြူစင်သောကျင့်ကြံသူအကြောင်း ပြောပြီးနောက် ဖရဲသီးစားခြင်းစနစ်က ဆက်လက်ပြောလိုက်သည်။ [နတ်ဘုရားချင်ကျို့အကြောင်းတော့ ပြောနေစရာကို မလိုဘူး။ အဲ့ဒီလူအိုကြီးက နည်းနည်းလောက် အချစ်ရူး ရူးနေတာရယ်၊ နည်းနည်း အသုံးမကျတာရယ်၊ အသက်နည်းနည်းကြီးနေတာရယ်ကလွဲရင် တခြားအားနည်းချက် ကြီးကြီးမားမားတော့ မရှိပါဘူး။ ဆေးပညာနဲ့ ဆေးဖော်စပ်တဲ့နေရာမှာ သူ့ရဲ့ အောင်မြင်မှုတွေကို ဒီနေ့အထိ နောက်မျိုးဆက်တွေ မကျော်လွန်နိုင်သေးဘူး။ ဆေးပညာလမ်းစဉ်နဲ့ ဆေးလုံးဖော်စပ်တဲ့လမ်းစဉ်မှာ ဒီလူအိုကြီးက ဘယ်လို တည်ရှိမှုမျိုးမလို့လဲ။ ဘိုးဘေးလို တည်ရှိမှုမျိုးနော်။ သူ ပျောက်နေတာ နှစ်အတော်ကြာပြီ ဆိုပေမဲ့ လူတွေက သူ့ကို လွမ်းဆွတ်အောက်မေ့နေကြတုန်းပဲ။ အခု ဆေးဂိုဏ်းမှာ ရှိနေတဲ့ ဆေးဖော်စပ်ခြင်း သီအိုရီတွေက နတ်ဘုရားချင်ကျို့ရဲ့ မူလလက်ရာပဲဖြစ်နေသေးတာ။]
နတ်ဘုရားချင်ကျို့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
နောက်ဆုံးတော့ ဖရဲသီးစားခြင်းစနစ်က သူ့ကို ဆဲဆိုခြင်းကို ရပ်လိုက်ပြီး ချီးမွမ်းစကား ပြောလာလေပြီ။
သူ နှစ်ပေါင်းထောင်ချီ ကျင့်ကြံခဲ့ရတာ အလကားမဖြစ်ခဲ့ပေ။
ကျင့်ကြံခြင်းလောကအတွက် သူ တစ်ခုခုတော့ ချန်ထားနိုင်ခဲ့သည်။
၎င်းက လုံလောက်ပါသည်။
ထိပ်တန်းမွန်းစတားနှစ်ယောက်အကြောင်း ပြောပြီးနောက် ဖရဲသီးစားခြင်းစနစ်က ကျန်နေသေးသော အသင်းသားများအပေါ် စတင်မှတ်ချက်ပေးလာသည်။ [ချင်းရီလော့က နင်ပေးတဲ့ "သန့်စင်ခြင်း ကိရိယာများမှတ်စု" ကို ရပြီးနောက် လတ်တလောတော့ လက်နက်သန့်စင်တဲ့နေရာမှာ သူ့ရဲ့ ပါရမီကို ပြသနေပြီ။ သူ ဆက်ပြီးကြိုးစားနေမယ်ဆို အနာဂတ်ကျရင် နင့်အတွက် နတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်တစ်ခုလုံးတောင် ပေးလာနိုင်လိမ့်မယ်။]
[နောက်ဆုံး နင်တစ်ယောက်ပဲ ကျန်တော့တယ်။ နင့်မှာ ဝိညာဉ်အမြစ် သုံးခုရှိတယ်ဆိုပေမဲ့ ငါနဲ့ ပေါင်းစည်းနိုင်တာကို ကြည့်ရင် နင်က ဘယ်လောက်တောင် ထူးခြားပြီး ပြိုင်ဘက်ကင်းလဲဆိုတာ သိနိုင်တယ်။ နင်ဟာ မနက်ဖြန်ရဲ့ ကြယ်ပွင့်၊ ကျင့်ကြံခြင်းလောကရဲ့ မျှော်လင့်ချက်ပဲ]
နဉ်ရွှီ : ......
ဒါနဲ့ နောက်ဆုံးစကားက ဖရဲသီးစားခြင်းစနစ်က သူမကို ချီးကျူးတာလား၊ သူ့ကိုယ်သူ ချီးကျူးနေတာလား
"ကျေးဇူးပဲ။"
[မလိုပါဘူး၊ နင်နဲ့ ငါက သေဖော်သေဖက်တွေပဲလေ။ နင့်ရဲ့ ကျင့်ကြံခြင်းက တခြားသူတွေထက် ပိုပြီး တစ်ဟုန်ထိုး တိုးတက်လာပြီး ကျင့်ကြံခြင်းလောကမှာ အမြန်ဆုံး ခြေဆန့်နိုင်ဖို့ ငါမျှော်လင့်ပါတယ်။]
ဒါဆို နောက်ဆုံးစကားကမှ အဓိကအချက်ပေါ့ ဟုတ်လား
လူတိုင်းကို မှတ်ချက်ပြုပြီးနောက် ဖရဲသီးစားခြင်းစနစ်က စကားလမ်းကြောင်းကို ဝူလုချန်ဆီ ပြန်လှည့်လိုက်သည်။ [ဒီလို နှိုင်းယှဉ်ကြည့်လိုက်ရင် သူက အသုံးမကျဆုံး ဖြစ်မနေဘူးလား။ ကျင့်ကြံခြင်းအဆင့်က အနိမ့်ဆုံး၊ ပါရမီက အညံ့ဆုံးပဲ မဟုတ်ဘူးလား]
ဝူလုချန် : ......
ငါ့ အသည်းနှလုံးက နာကျင်နေပါပြီနော်
နှိုင်းယှဉ်ကြည့်ပြီးနောက် ထိခိုက်မှုက ပိုပြီးသိသာလာသည်။
နဉ်ရွှီက "...... ဒါဆို သူ့ရဲ့ အရည်အချင်းကို မြှင့်တင်ပေးနိုင်မယ့် နည်းလမ်း ရှိလား" ဟု မေးလိုက်သည်။
သာမန် ဝူလုချန် တစ်ယောက်ကို ဝူမိသားစုဆီ ပို့ပေးခြင်းနှင့် ခန္ဓာကိုယ်ကျင့်ကြံသည့် ပါရမီရှင် ဝူလုချန် တစ်ယောက်ကို ပို့ပေးခြင်းက လုံးဝ ကွာခြားသည်။
ပထမအခြေအနေတွင် ဝူမိသားစုက အံ့သြကောင်းအံ့သြမည်၊ ဝမ်းသာကောင်း ဝမ်းသာနိုင်မည်ဆိုသော်လည်း အလွန်အမင်း စိတ်လှုပ်ရှားမည်တော့ မဟုတ်ပေ။
ဒုတိယအခြေအနေသာ ဆိုလျှင် ဝူမိသားစုသည် သူတို့ရဲ့ ပါရမီရှင် သခင်လေး ထိခိုက်ဒဏ်ရာရသွားသည့် စိတ်ပျက်အားငယ်မှုများမှ ရုန်းထွက်နိုင်မည်ဖြစ်ပြီး ဝူလုချန်အပေါ် မျှော်လင့်ချက်ထားကာ ယုံကြည်မှုနှင့် မျှော်လင့်ချက်များ ပြန်လည်ရရှိလာပေမည်။
မည်မျှပ်င ကြီးမားသော မိသားစုကြီးဖြစ်ပါစေ၊ သူတို့မိသားစုထဲ ပါရမီရှင်များ ပေါ်ထွက်လာရန်ကိုပဲ အမြဲ မျှော်လင့်နေကြသည်။
ပါရမီရှင်တစ်ယောက် ဆုံးရှုံးလိုက်သော်လည်း နောက်ထပ်ပါရမီရှင်တစ်ယောက် ထပ်ရလာမည်ဆိုလျှင် ကောင်းကင်က ဝူမိသားစုကို မျက်နှာသာပေးသည်ဟု အပြင်လူများပင် ခံစားရလိမ့်မည်။
ထိုအချိန်တွင် ၎င်းကိစ္စကို ဖော်ထုတ်ပေးတဲ့သူကိုလည်း သူတို့ကျေးဇူးတင်ကြလိမ့်မည်။
ထိုလူကို ဂုဏ်သရေရှိဧည့်သည်တော်အဖြစ် သတ်မှတ်ကြမည်ဖြစ်သည်။
ဝူမိသားစုထံ မျှော်လင့်ချက် ယူဆောင်လာပေးတဲ့သည့် တည်ရှိမှုအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။
နဉ်ရွှီလည်း ထိုမှတစ်ဆင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်၏။
သူမအနေနှင့် ကိုယ်ဖော့ပညာဖြင့် မြန်မြန်ခရီးသွားနိုင်သည် ဆိုသော်လည်း ၎င်းမှာ အချိန်ကုန်ပြီး လူပင်ပန်းသည်။
ပိုပြီး လွယ်ကူသည့် နည်းလမ်းရှိနေသဖြင့် အဘယ်ကြောင့် မသုံးရမည်နည်း
အဆုံးထိ ပြောရလျှင် ဝိညာဉ်ကျောက်တုံးများ ပြတ်လပ်နေသောကြောင့်ဖြစ်သည်။
အခုလို ဝိညာဉ်ကျောက်တုံးများ ရနိုင်မည့် အခွင့်အရေးရှိနေသည်ကို နဉ်ရွှီအနေဖြင့် အလွယ်တကူ လက်လွတ်ခံမည် မဟုတ်ပေ။
ကျင့်ကြံခြင်းလောကမှာ ကြာကြာနေလေ၊ ဝိညာဉ်ကျောက်တုံးများ၏ အရေးပါမှုကို ပိုပြီး သိလာလေလေပင်။
အမှန်အတိုင်း ပြောရလျှင် ပါရမီရှင်သခင်လေး၏ သွေးကြောတွေ ပျက်စီးသွားခြင်းက နှမြောစရာကောင်းလှသော်လည်း ၎င်းက သူတို့ကို အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားသည်။
ဖရဲသီးစားခြင်းစနစ်က [ရှိတာပေါ့။ နတ်ဘုရားချင်ကျို့ဆီမှာ အဆင့်ရှစ် ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံး ရှိလိမ့်မယ်၊ အဲ့ဒါက သူ့ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးပြီးတော့ ဝိညာဉ်အမြစ်ကို ပိုပြီး ကြည်လင် ပြည့်စုံသွားစေလိမ့်မယ်။]ဟု ပြောလိုက်သည်။
နဉ်ရွှီက အံ့သြသွားကာ "နတ်ဘုရားချင်ကျို့ဆီမှာ ဒီလိုပစ္စည်း ရှိသေးတာလား" ဟု မေးလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က နှာခေါင်းရှုံ့ကာ [အဲ့ဒါ သူ အရင်က ဖော်စပ်ထားခဲ့တဲ့ဟာလေ၊ အစကတော့ သူ့ရဲ့ ရည်းစားဟောင်းတစ်ယောက်ကို ပေးဖို့ပေါ့။ နင်သိတဲ့အတိုင်း သူက ပစ္စည်းတွေကို သေချာမသိမ်းထားနိုင်ဘူးလေ။ ရည်းစားဟောင်းက သူ့ကို လိမ်ရမှာ အားနာလို့ဆိုပြီး သိမ်းထားပေးတာ၊ ပြီးတော့ သူ့ကို ဒီအဆင့်ရှစ်ဆေးလုံးကို သေချာသိမ်းထားဖို့၊ လေလံမတင်ဖို့နဲ့ ဘယ်သူ့ကိုမှ မပေးပစ်ဖို့ ပြောခဲ့တာ။]
နဉ်ရွှီက သက်ပြင်းချလိုက်မိသည်။ "နတ်ဘုရားချင်ကျို့က ဒီလောက်အထိ အချစ်ကြီးတဲ့သူ ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး။ သူ့ရည်းစားဟောင်းက လေလံမတင်ဖို့၊ မပေးဖို့ ပြောတာနဲ့ တကယ်ကြီး ဒီအတိုင်း ထားလိုက်တာပဲ။ သူကိုယ်တိုင်လည်း သုံးလို့ မရမှတော့ ဒီရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးက သိုလှောင်အိတ်ထဲမှာပဲ ဖုန်တက်နေလောက်ပြီပေါ့။"
ရုတ်တရက် သူမ တစ်ခုခုကို တွေးမိသွားပြီး မေးလိုက်သည်။ " အဲဒါကို ထုတ်လိုက်ရင် သူ မပျော်မရွှင် ဖြစ်သွားမှာ မဟုတ်ဘူးလား”
ဖရဲသီးစားခြင်းစနစ်က [မဖြစ်ပါဘူး၊ ဒီရည်းစားဟောင်းကိစ္စက လွန်ခဲ့တဲ့နှစ်ပေါင်းရာချီကတည်းက ဖြစ်ခဲ့တာလေ။] ဟု ပြန်ပြောလိုက်သည်။
[ထားလိုက်ပါတော့။ သူ့ကို ရှေးဟောင်း ဆေးနည်းတစ်မျိုး ပေးလိုက်မယ်။]
[မျှမျှတတ လဲလှယ်တာဆိုတော့၊ သူ့အပေါ် အမြတ်ထုတ်တာ မဖြစ်တော့ဘူး။]
နဉ်ရွှီက "ကောင်းပြီ။" ဟု ပြောလိုက်သည်။
နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်တို့ အများကြီး ဆက်သွယ်ပြောဆိုခဲ့ကြသော်လည်း လက်တွေ့တွင် အချိန်အများကြီး မကုန်ဆုံးသွားပေ။
သူမက ဝူလုချန်ကို ကြည့်ပြီး ခေါင်းဆောင်တစ်ယောက်အနေနှင့် မှတ်ချက်ပြုလိုက်သည်။ "နင် ဒီအတောအတွင်းမှာ အချိန်တွေကို အလဟဿ မဖြုန်းခဲ့တာ မြင်နိုင်ပါတယ်၊ ခန္ဓာကိုယ်ကျင့်ကြံတဲ့အပိုင်းမှာ နင် နည်းနည်း တိုးတက်လာတယ်။"
ထိုသို့ပြောပြီးနောက် ဝူလုချန် သက်ပြင်းမချနိုင်ခင်မှာပဲ သူမက ဆက်ပြောလိုက်သည်။ "အကယ်၍ နင်သာ ရိုးတွင်းခြင်ဆီကို သန့်စင်ပြီးတော့ သွေးကြောတွေကို မွမ်းမံနိုင်မယ်၊ ဝိညာဉ်အမြစ်ကို သန့်စင်အောင် လုပ်နိုင်မယ်ဆိုရင် နင့်ရဲ့ ခန္ဓာကိုယ်ကျင့်ကြံတဲ့နေရာမှာ တိုးတက်မှုက ဒီထက်မက ပိုကြီးမားလာလိမ့်မယ်”
ဝူလုချန်က ခေါင်းကို ကုတ်လိုက်ပြီး ဘာမှမသိနားမလည်သလို ဟန်ဆောင်ကာ "ခေါင်းဆောင် ရိုးတွင်းခြင်ဆီနဲ့ ဝိဉာဉ်အမြစ်ကို ဘယ်လိုသန့်စင်ရမလဲဟင်" ဟု မေးလိုက်သည်။
နဉ်ရွှီက "အဆင့်ရှစ် ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးသာ ရှိရင် ကောင်းမှာပဲ။" ဟု ဆိုလိုက်သည်။
"နှမြောစရာကောင်းတာက အဆင့်ရှစ် ဆေးလုံးတွေက ဈေးကွက်မှာ တွေ့ရခဲတယ်။ အကယ်၍တွေ့ရင်တောင် ဈေးက မိုးထိုးနေတာဆိုတော့ သာမန်ကျင့်ကြံသူတွေ တကယ်မတတ်နိုင်ဘူး။"
နဉ်ရွှီ စကားပြောပြီးသည်နှင့် နတ်ဘုရားချင်ကျို့က ဟန်ဆောင်မှုကင်းပြီး အရမ်းကို ပီပြင်သည့် အမူအရာမျိုးဖြင့် "ခေါင်းဆောင် ကျွန်တော့်လက်ထဲမှာ အဆင့်ရှစ် ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးတစ်လုံး ရှိတယ်။ ကျွန်တော်လည်း သုံးလို့ မရဘူးဆိုတော့ သူ့အတွက် သုံးလိုက်တာ ပိုကောင်းပါလိမ့်မယ်။"
နဉ်ရွှီက အနည်းငယ် အံ့သြသွားကာ "ရှင့်ဆီမှာ တကယ်ပဲ အဆင့်ရှစ် ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံး ရှိတာလား။ တိုက်ဆိုင်လိုက်တာ"
နတ်ဘုရားချင်ကျို့ : "ဟုတ်တယ်နော်။"
ဝူလုချန် : ...... သူတို့အဖွဲ့ထဲက လူတိုင်း သရုပ်ဆောင် ကောင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အပြင်ပန်းအရ ကြည့်လျှင် သရုပ်ဆောင်နေသည့် အရိပ်အယောင် လုံးဝ မရှိပေ။
နဉ်ရွှီက ခဏမျှ စဉ်းစားဟန်ပြုပြီး "အဆင့်ရှစ် ဆေးလုံးက တန်ဖိုး အရမ်းကြီးတာမလို့ ကျွန်မ ရှင့်ဆီက အလကား မယူပါဘူး။ ရှင့်ကို ရှေးဟောင်း ဆေးနည်းတစ်မျိုး ပေးမယ်လေ။ အဲ့ဒီဆေးနည်းက ရှေးခေတ်ကတည်းက ဆင်းသက်လာတဲ့ ပျောက်ကွယ်နေတာ ကြာပြီဖြစ်တဲ့ နတ်ဆိုးနှင်ဆေးလုံးလို့ ခေါ်တယ်။ အဆင့်နိမ့်နတ်ဆိုးနှင်ဆေးလုံးက နတ်ဆိုးအငွေ့အသက်တွေကို နှင်ထုတ်နိုင်ပြီးတော့ အဆင့်မြင့်ဆေးလုံးဆိုရင် ကျင့်ကြံသူရဲ့ စိတ်အာရုံထဲက အတွင်းစိတ်နတ်ဆိုးတွေကို ဖယ်ရှားပေးနိုင်တယ်။"
"ဒီဆေးနည်းရဲ့ ဇစ်မြစ်ကို ရှင် သံသယဖြစ်စရာ မလိုပါဘူး။"
"ဒီဆေးနည်းက လုံးဝစစ်မှန်တယ်ဆိုတာ ကျွန်မအာမခံတယ်။ အဲ့ဒီမှာ သုံးဖို့လိုတယ့် ကုန်ကြမ်းတွေကိုလည်း အခုလက်ရှိမှာ ရှာလို့ရပါတယ်၊ ပျောက်ကွယ်နေတဲ့ ဝိညာဉ်ဆေးပင်နှစ်မျိုးရှိပေမဲ့ အစားထိုးနိုင်တဲ့ အရာတွေကို ရှာလို့ရတယ်။ ဆေးအာနိသင် နည်းနည်းလောက် လျော့သွားနိုင်ပေမဲ့ ထိရောက်မှုကတော့ ရှိနေဦးမှာပဲ။"
နတ်ဆိုးအငွေ့အသက်တွေကို နှင်ထုတ်နိုင်တယ်ဟုတ်လား။ အတွင်းစိတ်နတ်ဆိုးတွေကိုတောင် ဖယ်ရှားနိုင်တယ် ဟုတ်လား။
မဟာယာနအဆင့်ကျင့်ကြံသူ ဖြစ်ခဲ့ဖူးသော နတ်ဘုရားချင်ကျို့ပင် အသက်ရှူသံ အနည်းငယ် မြန်လာသည်။
ဒါက ဘယ်လိုရတနာမျိုးမလို့လဲ
နတ်ဆိုးများ ပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်းတစ်သောင်းနီးပါး ရှိပြီဖြစ်၍ နတ်ဆိုးအငွေ့အသက်များကို ဖယ်ရှားရန် မလိုအပ်တော့သော်လည်း အတွင်းစိတ်နတ်ဆိုး ဆိုသည်မှာ ကျင့်ကြံသူတိုင်းတွင် ရှိတတ်သည့်အရာမျိုး ဖြစ်သည်။
အကယ်၍ အတွင်းစိတ်နတ်ဆိုးကို ဖယ်ရှားပေးနိုင်သည့် ပစ္စည်းကောင်းရှိသည်ကို အင်အားကြီးပုဂ္ဂိုလ်များသာ သိသွားခဲ့လျှင် ကျင့်ကြံခြင်းလောကတစ်ခုလုံး ဆူညံပွက်လောရိုက်သွားပေမည်။
အသက်ရှူသံအနည်းငယ်အကြာတွင် နတ်ဘုရားချင်ကျို့ စိတ်ငြိမ်သွားခဲ့သည်။
သူသည် နှစ်ပေါင်းထောင်ချီ ရှင်သန်လာခဲ့သည့် လူအိုကြီးတစ်ယောက်ဖြစ်ပြီး အသက်နှစ်ဆယ်ကျော်သာ ရှိသေးသည့် ကျင့်ကြံသူငယ်လေး နဉ်ရွှီကို ဖားတဲ့အပြုံးဖြင့် ပြုံးပြလိုက်သည်။ "ဒါဆို ကျေးဇူးတင်ပါတယ် ခေါင်းဆောင်"
"မလိုပါဘူး။"
နဉ်ရွှီက ဆေးနည်းကို ရေးမှတ်ပြီး နတ်ဘုရားချင်ကျို့ကို ပေးလိုက်သည်။
နတ်ဘုရားချင်ကျို့က ၎င်းကို ရတနာတစ်ခုကဲ့သို့ သဘောထားကာ ဝူမိသားစု စီစဉ်ပေးထားသည့် အခန်းထဲသို့ တိုက်ရိုက်ဝင်သွားပြီး ဆေးလုံးကို စိတ်ရောကိုယ်ပါနှစ်မြုပ်၍ လေ့လာတော့သည်။
နဉ်ရွှီက ဖြေးညှင်းစွာ ဆိုလိုက်သည်။ "သူအချစ်မရှိတဲ့ အချိန်ဆိုရင် တော်တော်လေး ကြိုးစားတာပဲ။"
ဖရဲသီးစားခြင်းစနစ်ကလည်း ထောက်ခံသည်။ [ဟုတ်တယ်၊ ဒါပေမဲ့ သူ ချစ်မိသွားရင်တော့ မတူညီတဲ့လူ တစ်ယောက်လိုပဲ။]
သို့ဖြစ်၍ နတ်ဘုရားချင်ကျို့အား လတ်တလောအချိန်တွင် အချစ်ထဲ နစ်မွမ်းသွားစေလို့ မဖြစ်ပေ။
အနည်းဆုံးတော့ လက်တလောနှစ်များတွင် ချစ်မိသွား၍မဖြစ်ပေ။
မည်သို့ပင်ဖြစ်စေ သူက နှစ်ပေါင်းများစွာ အချစ်ရူးရူးပြီး မိသားစုစီးပွားရေးပင် ပျက်စီးလုနီးပါးဖြစ်ခဲ့သဖြင့် နောက်နှစ်အနည်းငယ်လောက် တစ်ကိုယ်တည်း ဖြစ်ရသည်မှာ ပြဿနာကြီးတစ်ရပ်မဟုတ်ပေ။
သူ့လို ဆင်းရဲသည့် ဆေးလုံးကျင့်ကြံသူမျိုးက ကျင့်ကြံခြင်းလောက တစ်ခုလုံး ရှာလိုက်လျှင်ပင် နောက်တစ်ယောက် တွေ့မည်မဟုတ်ပေ။
အကြောင်းမှာ ဆေးလုံးကျင့်ကြံသူများသည် ဝိညာဉ်ကျောက်တုံးများ ရှာသည့်နေရာတွင် ကျော်ကြားသောကြောင့် ဖြစ်သည်။
နတ်ဘုရားချင်ကျို့ ဆေးလုံးလေ့လာရန် အခန်းထဲ ဝင်သွားပြီးနောက် နဉ်ရွှီက ကျန်နေသည့်လူများအတွက် နောက်ဆက်တွဲကိစ္စများကို မြန်မြန်ဆန်ဆန် စီစဉ်လိုက်သည်။
နောက်ပိုင်းအချိန်တွင် ဝူလုချန်က ရိုးတွင်းခြင်ဆီနှင့် သွေးကြောများကို သန့်စင်ရန် အဆင့်ရှစ် ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးကို အရင်သောက်လိုက်သည်။
သူ့အရည်အချင်းများ တိုးတက်လာပြီးနောက် သူတို့ ဝူမိသားစု၏ ပါရမီရှင် သခင်လေးထံသို့ အတူတူ သွားတွေ့ကြသည်။
လာရောက်လည်ပတ်သူများမှာ ဧည့်သည်ဖြစ်သည့်အတွက် အိမ်ရှင်ထံ သွားရောက်လည်ပတ်ရန် လိုအပ်သည်။
ထိုအချိန်တွင် ဝူမိသားစုခေါင်းဆောင် စိတ်အခြေအနေမကောင်းလျှင်ပင် မိမိတို့၏တည်ရှိမှုကို ပြသသင့်သည့်အခါ ပြသရပေမည်။
ဝူလုချန်ကို သူ၏အထောက်အထားကို သူကိုယ်တိုင် မည်သို့ ဖွင့်ဟခိုင်းရမည်နှင့် ပတ်သတ်ပြီး နဉ်ရွှီ၏ စိတ်ထဲတွင် အကြံအစည်တစ်ချို့ ရှိနေပြီးသား ဖြစ်၍ အကောင်အထည်ဖော်ရန် အချိန်ကောင်းကို စောင့်ဆိုင်းနေခဲ့သည်။