အခန်း ၆၂
Vol. 7 Ch. 62
အခန်း (၆၂)
ဝူလုချန်က ရိုးတွင်းခြင်ဆီကို ဆေးကြောပြီး သွေးကြောများကို သန့်စင်နေချိန်တွင် နဉ်ရွှီက ဘေးမှ စောင့်ကြပ်ပေးနေသည်။
အကယ်၍ အရေးပေါ်အခြေအနေ တစ်စုံတစ်ရာဖြစ်လာပါက သူမအနေနှင့် အချိန်မီ ကြားဝင်ဖြေရှင်း ပေးနိုင်ရန် ဖြစ်သည်။
သူတို့ ဝူမိသားစုထံ ရောက်ရှိနေကြသော်လည်း လူတိုင်းတွင် လုပ်စရာကိုယ်စီ ရှိနေကြသည်။
ချင်းရီလော့သည် နေမဝင်မီကပင် ဂိုဏ်းထဲ၌ သန့်စင်သည့်ကိရိယာ အများအပြားကို လဲလှယ်ထားခဲ့ရာ သူယခင်က စုဆောင်းထားခဲ့သည့် ဂိုဏ်းအကျိုးပြုမှတ်အားလုံးနီးပါး ကုန်ဆုံးသွားသည်။
ယခု သူ အားလပ်နေချိန်တိုင်း လက်နက်များ သန့်စင်နေလေသည်။
ဖြူစင်သောကျင့်ကြံသူက ဒီနေ့နေ့လည်စာ ချက်ရန် အလုပ်ရှုပ်နေသည်။
လေထဲတွင် မွှေးပျံနေသော အစားအသောက်ရနံ့ကို ရလိုက်ပြီးနောက် နဉ်ရွှီက ဝူလုချန်ကို စောင့်ကြည့်ရင်း ဖြူစင်သည့်ခံစားချက်များကို မွေးမြူရန် စွမ်းအင်အချို့ကို ခွဲထုတ်လိုက်သည်။
သူမက အနံ့ခံလိုက်ကာ "ဒီနေ့ ရှင်ချက်နေတာက အမဲလွှာ ချဉ်စပ်ဟင်းရည်လား" ဟု မေးလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က ပျင်းရိပျင်းတွဲဖြင့် [ဟုတ်တယ်၊ နင် အရင်ကပဲ အမဲလွှာချဉ်စပ်ဟင်းရည် စားချင်တယ် ပြောလို့ သူ နင့်အတွက် ချက်ပေးနေတာလေ။ နင့်ကို ဘယ်သူက စားချင်အောင် လုပ်လိုက်တာလဲ။ ဖြူစင်တဲ့ကျင့်ကြံသူက နင့်ကို အမဲသားလွှာဆိုတာ ဘာလဲ၊ ချဉ်ဖတ်ဆိုတာ ဘာလဲဆိုတာကို ရှင်းရှင်းလင်းလင်း မေးထားတာလေ။ နင် မေ့သွားပြီလား]
နဉ်ရွှီက "နင် ပြောလိုက်မှပဲ ငါ သတိရသွားပြီ" ဟု ဆိုလိုက်သည်။
အဓိကမှာ လတ်တလော အကြောင်းအရာအများအပြား ဖြစ်ပျက်ခဲ့ပြီး သူမက ဖရဲသီးများစားဖို့နှင့် ဖရဲသီးများရွှေ့ပြောင်းရန် အလုပ်ရှုပ်နေသဖြင့် အရေးမကြီးသည့် စကားအချို့ကို မေ့လျော့သွားခြင်း ဖြစ်သည်။
ဖရဲသီးစားခြင်းစနစ်က ပြုံးလိုက်သည်။ [နင်ပဲ ပြောပြီး နင်ပဲမေ့သွားတာ၊ ဖြူစင်တဲ့ကျင့်ကြံသူကတော့ အသေအချာကို မှတ်ထားတာနော်။]
အစက နဉ်ရွှီ ဘာမှ မတွေးမိသော်လည်း ဖရဲသီးစားခြင်းစနစ်က ထိုသို့ပြောလိုက်ကာမှ သူမ၏ စိတ်အခြေအနေမှာ နားမလည်နိုင်အောင် မတည်မငြိမ်ဖြစ်သွားသည်။
အားနာနေခြင်းလား သို့မဟုတ် တခြားတစ်ခုခုလား သူမ မပြောတတ်ပေ။ အားနာခြင်းသာ ဖြစ်လိမ့်မည်။
သူမကိုယ်တိုင်ပင် မမှတ်မိနိုင်သော စကားတစ်ချို့ကို သူက နှလုံးသားထဲ အမြဲ သိမ်းဆည်းထားသည်။
အခြားသူများ၏ ဂရုစိုက်ခြင်းနှင့် တန်ဖိုးထားခြင်းခံရသည့် ခံစားချက်မှာ အမှန်ပင် မဆိုးလှပေ။
သူမက "ဖြူစင်တဲ့ကျင့်ကြံသူရဲ့ မွေးနေ့က ဘယ်တော့လဲ" ဟု မေးလိုက်သည်။
ချက်ပြုတ်နေသည့် ဖြူစင်သောကျင့်ကြံသူ၏ လှုပ်ရှားမှုမှာ အနည်းငယ် တုံ့ဆိုင်းသွားသည်။
သူမက... သူ့ကို မွေးနေ့ပွဲ လုပ်ပေးချင်တာလား
နဉ်ရွှီ၏ အမြင်တွင် သူမသည် နေ့တိုင်း ဖြူစင်သောကျင့်ကြံသူ၏ ကျွေးမွေးခံနေရပြီး ပြန်ပေးစရာ ဘာမှမရှိသဖြင့် သူ့အတွက် ထူးခြားသော မွေးနေ့တစ်ခု ပြုလုပ်ပေးခြင်းက ပိုကောင်းလိမ့်မည်ပင်။
ဖရဲသီးစားခြင်းစနစ် တိတ်သွားသဖြင့် သတင်းသွားရှာနေပုံရသည်။ ခဏအကြာတွင် ၎င်းကပြန်ရောက်လာသည်။ [မွေးနေ့က ဒီလအကုန်မှာပဲ။]
နဉ်ရွှီက အံ့အားသင့်သွားပြီး "ဒါဆို ရက်ပေါင်း နှစ်ဆယ်လောက်ပဲ လိုတော့တာပေါ့"
[ဟုတ်တယ်။ နင် သူ့ကို ဘာပေးဖို့ စဉ်းစားထားလဲ]
နဉ်ရွှီက ချက်ချင်း အဖြေပြန်မပေးဘဲ "ငါ သေချာစဉ်းစားကြည့်လိုက်ဦးမယ်" ဟု ပြောလိုက်သည်။
[ကောင်းပြီ။]
ထိုသို့ပြောပြီးနောက် ဖရဲသီးစားခြင်းစနစ်က ရုတ်တရက် အသံကျယ်ကြီးဖြင့် အော်လိုက်သည်။
နဉ်ရွှီက "ဘာဖြစ်လို့လဲ။ နင့်မှာ ကောင်းမွန်တဲ့ မွေးနေ့လက်ဆောင် အကြံပြုချက်တွေ ရှိလို့လား" ဟု မေးလိုက်သည်။
[မရှိပါဘူး။]
နဉ်ရွှီမှာ ချက်ချင်းပင် စိတ်ဝင်စားမှုအနည်းငယ် လျော့နည်းသွားသည်။
သူမက စိတ်မပါသည့်လေသံဖြင့် "မရှိရင် နင် ဘာလို့ အော်နေတာလဲ။" ဟု ဆိုလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က စိတ်လှုပ်ရှားစွာဖြင့် ["နယ်မြေသုံးထောင် ကျင့်ကြံသူများ သတင်းဖလှယ်ရာနေရာ" မှာ ငါတို့ကို ကျေးဇူးတင်နေကြလို့လေ။] ဟု ဆိုလေသည်။
နဉ်ရွှီသည် ကျောကို အနည်းငယ် မတ်လိုက်ပြီး လျော့နည်းသွားသော စိတ်ဝင်စားမှုများ ပြန်လည်ရောက်ရှိလာကာ "ဘယ်သူက ငါတို့ကို ကျေးဇူးတင်နေတာလဲ" ဟု မေးလိုက်သည်။
ထိုသို့ မေးလိုက်သော်ငြားလည်း နဉ်ရွှီ၏ ရင်ထဲတွင် အဖြေရှိနေပြီးသား ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူမက လူအများကြီးကို ကူညီခဲ့ဖူးသည်။
သူမကို ကျေးဇူးတင်နေသည့်သူအား ခန့်မှန်း၍ရသည်။
ဖရဲသီးစားခြင်းစနစ်က တိုက်ရိုက်ပင် [သန်းနျန်နဲ့ သူမရဲ့ အစ်ကိုကြီးပဲ။] ဟု ဆိုလိုက်သည်။
နဉ်ရွှီ : [!!]
သေချာတာပေါ့၊ သူတို့ ဖြစ်နေတာပဲ။ လောလောဆယ် သူတို့မှလွဲ၍ တခြားသူ ရှိဦးမည် မဟုတ်ပေ။
သန်းနျန် ဖြစ်သည့် ရှန်ချီသျန်း ဆိုသည်မှာ နဉ်ရွှီ ပထမဆုံး စားခဲ့သည့် ဆရာနှင့် တပည့် ဖရဲသီးသတင်းမှ ဖရဲသီးပိုင်ရှင် ဖြစ်သည်။
ပထမဆုံး ဆိုသည့်အရာသည် ဖရဲသီးသတင်းဖြစ်စေကာမူ နက်နက်ရှိုင်းရှိုင်း စွဲကျန်ရစ်စေသည်။
ဥပမာအားဖြင့် သန်းနျန်သည် နဉ်ရွှီ၏ ရင်ထဲတွင် ထူးခြားသော အဓိပ္ပာယ် ရှိသည်။
နဉ်ရွှီက ချက်ချင်းပင် "သူတို့ ဘာပြောထားလဲ။ လတ်တလော သန်းနျန်ရဲ့ ခန္ဓာကိုယ်က ဘယ်လိုနေသေးလဲ။ ဆေးနည်းကရော ထိရောက်ရဲ့လား" ဟု မေးလိုက်သည်။
ထိုသို့ပြောပြီးနောက် သူမက ချက်ချင်းပင် ထားလိုက်တော့ ဟု ဆိုကာ “ငါ့ဘာသာပဲ ဖိုရမ်ထဲ သွားကြည့်လိုက်မယ်" ဟု ပြန်ပြောလိုက်သည်။
ယခု သူမသည် ထျန်းယာလျှို့ဝှက်နယ်မြေထဲ မရှိတော့ပေ။ လျှို့ဝှက်နယ်မြေထဲ ရှိစဉ်က ဖိုရမ်ထဲ ဝင်၍မရသဖြင့် ဖရဲသီးစားခြင်းစနစ်ကိုသာ သူမကိုယ်စား ပို့စ်တင်ခိုင်းခဲ့ရသည်။
သို့သော် ယခု ထိုကန့်သတ်ချက် မရှိတော့ပေ။
သူမသည် တပည့်အမှတ်အသားတံဆိပ် (တပည့်သက်သေခံတိုကင်)ကို ချက်ချင်းထုတ်လိုက်ကာ သူမ၏ဝိဉာဉ်အာရုံနှင့် ချိတ်ဆက်ပြီး "နယ်မြေသုံးထောင် ကျင့်ကြံသူများ သတင်းဖလှယ်ရာနေရာ" သို့ ဝင်လိုက်သည်။
သူမ ဝင်လိုက်သည်နှင့် ပင်မစာမျက်နှာတွင် "ရှန်ချီသျန်းက တာအိုမိတ်ဆွေ “ဖရဲသီးရွှေ့ပြောင်းသူ”ကို စစ်မှန်တဲ့ စိတ်ရင်းနဲ့ ကျေးဇူးတင်ရှိပါကြောင်းနဲ့ ကောင်းကျိုးမင်္ဂလာများနဲ့ ပြည့်စုံပါစေကြောင်း ဆုတောင်းပါတယ်" ဆိုသည့် ခေါင်းစဉ်နှင့် ပို့စ်တစ်ခုကို မြင်လိုက်ရသည်။
သူမက တုံ့ဆိုင်းမနေဘဲ ထိုပို့စ်ထဲသို့ ချက်ချင်းဝင်ကြည့်လိုက်သည်။
ဤသို့ ရေးသားထားသည့် စာကို တွေ့လိုက်ရသည်။-
["ဖရဲသီးရွှေ့ပြောင်းသူ"ရေ မင်္ဂလာပါနော်။
ကျွန်မက ရှန်ချီသျန်းပါ။
ဒီနေရာမှာ ပထမဆုံးအနေနဲ့ ကျေးဇူးတင်စကား ပြောပါရစေ။
ဆရာသခင်နဲ့ တပည့်ကြားကကိစ္စနဲ့ မွေးရာပါတာအိုခန္ဓာအကြောင်းတွေကို ဖော်ထုတ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်၊ ဒီကိစ္စကြောင့် ကျွန်မ တစ်ချိန်လုံး အမှောင်ထဲမှာ အရူးလုပ်မခံရတာပါ။
အကယ်၍ ရှင်သာ မရှိခဲ့ရင် ကျွန်မရဲ့ မိသားစုနဲ့ကျွန်မ ကျွန်မ သေသွားပြီးတဲ့အထိ ဒီကိစ္စကို သတိထားမိကြမှာ မဟုတ်ဘူး။
ရှင်က ကျွန်မရဲ့ ကျေးဇူးရှင်လို့တောင် ပြောလို့ရပါတယ်။
အဲဒီမတိုင်ခင်က ကျွန်မ နေမကောင်းဖြစ်နေခဲ့တော့ ကျွန်မရဲ့ မိသားစုကလည်း ရှင်ပေးခဲ့တဲ့ ကျွန်မအသက်ကိုဆွဲဆန့်ပေးနိုင်တဲ့ ဆေးနည်းအတိုင်း ဝိညာဉ်ဆေးပင်တွေကို စုဆောင်းဖို့ အလုပ်ရှုပ်နေကြလို့ ဖိုရမ်ထဲကို မလာနိုင်ခဲ့ကြတာပါ။
ဒီနေ့မှ ကျွန်မရဲ့ ကျန်းမာရေးက ပြန်ကောင်းလာပြီး ဖိုရမ်ထဲကို လာနိုင်တဲ့ အားရှိလာတာ၊ အဲ့ဒီတော့မှ အခုတလော ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့တာကို အစ်ကိုကြီးနဲ့ ကျွန်မတို့ သိလိုက်ရတာပါ။
အမှန်အတိုင်းပြောရရင် ရှင်နဲ့ ဟွာကျိုင်းဂိုဏ်းတို့ ကြားက ပဋိပက္ခက ကျွန်မကြောင့်လည်း ပါပါတယ်။ သုံးရက်အတွင်း သတ်ဖြတ်မိန့်ကို တွေ့လိုက်ရတုန်းက ကျွန်မ တုန်လှုပ်ခြောက်ခြားသွားခဲ့ပေမဲ့ ကံကောင်းစွာနဲ့ ရှင် ဘေးကင်းနေလို့ပါပဲ။
ရှင် တစ်ခုခု လိုအပ်တာရှိရင် ပြောလိုက်ရုံပါပဲ။ ရှန်တွေက ရှင့်ဘက်မှာ အမြဲတမ်း ရှိနေမှာပါ။
ကျွန်မမှာ လုပ်နိုင်စွမ်း အများကြီး မရှိပေမဲ့ ကျွန်မရဲ့ အစ်ကိုကြီးမှာတော့ ရှိပါတယ်။
ရှင့်ကို ကျေးဇူးဆပ်ဖို့ သူ တတ်နိုင်သမျှ အစွမ်းကုန် လုပ်ပေးမှာပါ၊ ကျွန်မလည်း ထပ်တူပါပဲ။
ကျင့်ကြံခြင်းလောကမှာ ပြဿနာတွေ အများကြီး ရှိနေပြီးတော့ ရှင်လည်း ပရမ်းပတာတွေကြားထဲ ရောက်နေတာ စိုးရိမ်စရာပါပဲ။
အခုအချိန်မှာ ကျွန်မ ရှင့်အတွက် ဘာလုပ်ပေးနိုင်မလဲ မသိပေမဲ့ ရှင့်အတွက် နေ့တိုင်း ဆုတောင်းပေးရင်းနဲ့ အရာရာ အဆင်ပြေပါစေလို့ ဆန္ဒပြုနေမှာပါ။
ကျေးဇူးတင်စွာဖြင့် - ရှန်ချီသျန်း]
အဆိုပါကျေးဇူးတင်စာကို မြင်ပြီးနောက် နဉ်ရွှီသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။
သူမ၏ ကျင့်ကြံဆင့်မှာ ဖော်ထုတ်ခံထားရသဖြင့် ဖိုရမ်ထဲရှိ လူတိုင်းက "ဖရဲသီးရွှေ့ပြောင်းသူ"သည် ချီသန့်စင်ခြင်းအဆင့်သာရှိသေးသော ကျင့်ကြံသူလေးတစ်ဦးဖြစ်ကြောင်း သိကြပြီးသားဖြစ်သည်။
သို့သော် ရှန်ချီသျန်းက သူမအပေါ် စစ်မှန်သော ကျေးဇူးတင်ရှိမှုကို စကားလုံးများတွင် ဖော်ပြခဲ့ဆဲဖြစ်သည်။
၎င်းသည် ဖရဲသီးသတင်းများ ဖော်ထုတ်ရခြင်း၏ အကြီးမားဆုံး ဆိုလိုရင်းဖြစ်ပေလိမ့်မည်။
"နယ်မြေသုံးထောင် ကျင့်ကြံသူများ သတင်းဖလှယ်ရာနေရာ"တွင် သူမ ပထမဆုံး ဖော်ထုတ်ခဲ့တဲ့ ဖရဲသီးသတင်းက အပြစ်ကင်းပြီး ကြင်နာတတ်သော အမျိုးသမီးကျင့်ကြံသူ တစ်ဦးကို ကယ်တင်နိုင်ခဲ့သည်။
ဆရာတပည့်ချင်း ချစ်ကြိုက်သည့်ဇာတ်လမ်းမှ ဆရာသခင်သည်လည်း လျှပ်စီးဒဏ်ခတ်မှုကို ခံစားခဲ့ရပြီး ဖြစ်သည်။
မွေးရာပါတာအိုခန္ဓာပိုင်ရှင်မှာမူ လတ်တလော အတင်းအဖျင်းများကြားထဲ ရောက်နေပြီး သူမ၏ ဘဝမှာ မလွယ်ကူတော့ပေ။
ရှန်ချီသျန်းကတော့ ဘဝသစ်တစ်ခုကို စတင်နေသည့်ပုံရသည်။
နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်နှင့် တစ်ခဏမျှ ပြောဆိုပြီးနောက် အဆိုပါပို့စ်အောက်တွင် စာလုံးတစ်လုံးချင်းစီဖြင့် မှတ်ချက်ပေးလိုက်သည်။
ဖရဲသီးရွှေ့ပြောင်းသူ : [ငါ အဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့၊ ဟွာကျိုင်းဂိုဏ်းက ငါ့ကို ဘာမှ လုပ်လို့မရပါဘူး။
ဆေးကို နေ့တိုင်း သောက်ပါ၊ ပြီးတော့ တစ်လကြာရင် ဒီပို့စ်မှာပဲ သမားတော်ကို မင်းရဲ့ သွေးခုန်နှုန်း အခြေအနေကို လာပြီး ရေးပေးခိုင်းဖို့ မှတ်ထားပါ၊ အခြေအနေပေါ် မူတည်ပြီး ပိုပြီး သင့်တော်မယ့် ဆေးနည်းကို ငါ ထပ်ပေးမယ်။]
အခြားတစ်ဖက်တွင် ဖိုရမ်ကို စောင့်ကြည့်နေသည့် ရှန်ချီသျန်းသည် အချိန်အတော်ကြာ စိုးရိမ်ပူပန်နေခဲ့ရပြီးနောက် ဤဝင့်ကြွားပြီး "ဖရဲသီးရွှေ့ပြောင်းသူ"ဆန်သော ဘာသာစကားကို မြင်လိုက်ရချိန်တွင် သူမမျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။