အခန်း ၆၃
Vol. 7 Ch. 63
အခန်း (၆၃)
ရှန်ချီသျန်းထံ စာပြန်ပြီးနောက် နဉ်ရွှီသည် "နယ်မြေသုံးထောင် ကျင့်ကြံသူများ သတင်းဖလှယ်ရာနေရာ"မှ စိတ်ကျေနပ်စွာဖြင့် ထွက်ခွာခဲ့သည်။
သူမသည် ဝူလုချန်၏ အခြေအနေကို တစ်ချက်ကြည့်လိုက်ပြီး သူက တည်ငြိမ်သည့် အခြေအနေသို့ ရောက်နေသည်ကို တွေ့လိုက်ရသဖြင့် ကောင်းကင်အဆင့်ကျင့်စဉ်ကို ဆက်လက်လေ့လာရန် ပြင်ဆင်လိုက်သည်။
သူမ အားလပ်သွားသည်မှာ မကြာသေးခင် ဖရဲသီးစားခြင်းစနစ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
နဉ်ရွှီက လုပ်နေသည်များကို ရပ်လိုက်ပြီး "ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က အလွန်ပင် ရွံရှာနေသောလေသံဖြင့် [ဆေးနည်းကြောင့်ပေါ့။ အခု ဖိုရမ်ပေါ်က လူတော်တော်များများက ငါတို့ကို သူတို့အတွက် ဆေးစစ်ပေးဖို့နဲ့ ဆေးညွှန်းပေးစေချင်ကြတယ်။]
[ဆေးညွှန်းပေးရမယ်ဟုတ်လား။ ဆေးညွှန်းကို တရုတ်ဂေါ်ဖီထုပ်များ မှတ်နေလား၊ လွယ်လွယ်လေး ထုတ်လို့ ရတယ်များ ထင်နေလား။]
[ဒါမှမဟုတ် သူတို့က ငါတို့ကို အခမဲ့ ဆေးကုပေးတဲ့သူများ မှတ်နေကြတာလား]
ရှန်ချီသျန်းအတွက် အသက်ရှည်ဆေးနည်းမှာ အစကတည်းက ဖိုရမ်ပေါ်တွင် တင်ထားခဲ့သဖြင့် လူတိုင်း မြင်တွေ့နိုင်သည်။
ဆေးနည်း ထွက်လာစဉ်က ထိုဆေးနည်းနှင့် ပတ်သက်၍ ဆေးဖော်စပ်သူ အများအပြား မှတ်ချက်လာပေးခဲ့ကြသည်။
ဆေးဖော်စပ်သူအများစု၏ အကဲဖြတ်ချက်များမှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် တူညီနေကြသည်။ ၎င်းမှာ ထိုဆေးညွှန်းသည် အချက်အလက်စုံလင်ပြီး ပြီးပြည့်စုံကာ ပင်ကိုယ်ဟန်မှာ ကွဲပြားသည် သို့မဟုတ် အံ့ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုများ ရှိနိုင်သည်ဟူ၍ ဖြစ်သည်။
ဖရဲသီးစားခြင်းစနစ် ပေးထားသည့် ဆေးနည်းများသည် ယခုလက်ရှိ ကျင့်ကြံခြင်းလောကမှ အများလက်ခံထားသော ဆေးညွှန်းများနှင့် မတူပေ။
၎င်းမှာ ဖျားနာပြီးအားနည်းနေသူများအတွက် အသက်ဆွဲဆန့်နိုင်သည့် ဆေးနည်းဖြစ်သော်လည်း ဖရဲသီးစားခြင်းစနစ် ပေးထားသည့် ဆေးနည်းတွင် ဆေးဘက်ဝင်ပစ္စည်းများ ပေါင်းစပ်ပုံမှာ ရဲတင်းပြီး ထူးခြားလှသည်။
ဤကမ္ဘာငယ်လေးရှိ အသက်ဆက်ဆေးနည်းများမှာ အလွန်ပင် ရှေးရိုးစွဲလှ၏။
ဆေးနည်းနှစ်ခုမှာ ဆေးဘက်ဝင်ပစ္စည်း တစ်မျိုး၊ နှစ်မျိုးမှလွဲ၍ အကုန်မတူပေ။
ကျင့်ကြံခြင်းလောကရှိ ဆေးကျင့်ကြံသူများသည် ထိုသို့သော ပေါင်းစပ်မှုမျိုးကို မမြင်ဖူးသလို အသုံးလည်း မပြုဖူးကြပေ။
ပါရမီရှိသည့် ဆေးကျင့်ကြံသူများက ဤဆေးနည်းကို မြင်မြင်ချင်း ဤဆေးညွှန်းကို ရေးသားသူမှာ ဆေးလမ်းစဉ်တွင် အောင်မြင်မှု မနိမ့်ပါးကြောင်း သိနိုင်ပေသည်။
ရည်မှန်းချက်ကြီးသည့် ဆေးကျင့်ကြံသူအချို့သည် ဤဆေးညွှန်းအတိုင်း ချက်ချင်းပင် ဆေးဖော်စပ်ကာ ရှန်ချီသျန်းနှင့် အခြေအနေ တူသော လူနာများအပေါ် အသုံးပြုကြည့်ကြသည်။
အသုံးပြုလိုက်သည်နှင့် အကျိုးသက်ရောက်မှုမှာ အမှန်ပင် မဆိုးလှပေ။
ဤဆေးနည်းသည် ရှန်ချီသျန်းအတွက်သာ ကောင်းကျိုးပြုသည်မဟုတ်ဘဲ သူမကဲ့သို့ မွေးရာပါ အားနည်းပြီး ဖျားနာတတ်သည့် ကျင့်ကြံသူတစ်ချို့အတွက်ပါ အကျိုးရှိစေခဲ့သည်ဟု ဆိုနိုင်သည်။
ကျင့်ကြံသူများ၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံမှာ သာမန်လူများထက် များစွာ သန်မာသော်လည်း သူတို့ ဘယ်တော့မှ ဖျားနာမည်မဟုတ်ဟု မဆိုလိုပေ။
မဟုတ်လျှင် ဆေးကုသမှုဆိုသည်မှာ တည်ရှိစရာ မလိုတော့ပေ။
နဉ်ရွှီသည် ဤသို့ ဖြစ်လာလိမ့်မည်ဟု ထင်မထားသဖြင့် တစ်ခဏမျှ ကြောင်အသွားပြီးနောက် သူမ တစ်ခုခု ပြောရန် ပြင်လိုက်စဉ် ဖရဲသီးစားခြင်းစနစ်က ဆက်၍ ဆူပူနေပြန်သည်။
[ရှန်ချီသျန်းက ရှန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်လေ။]
[ရှန်မိသားစုက ဒီကျင့်ကြံခြင်းလောကမှာ အင်အားကြီးမျိုးနွယ်တစ်ခုလို့ သတ်မှတ်လို့ ရတဲ့အတွက် နောင်မှာ ငါတို့အတွက် အသုံးဝင်လာနိုင်တဲ့ အလားအလာ အများကြီး ရှိတယ်။ ဒါကြောင့် အရင်ဆုံး မိတ်ဆွေဖွဲ့ထားတာ ပြဿနာ မရှိဘူး။]
[သူတို့ကို မသုံးဖြစ်ရင်တောင် သူတို့ဆီက တစ်ခု၊ နှစ်ခုလောက် ပြန်တောင်းရမယ်ဆိုတာ အနှေးနဲ့အမြန်ပဲ။]
[ရှန်မိသားစုရဲ့ ဆုလာဘ်က လုံးဝကို များမှာ သေချာတယ်။ မများဘူးဆိုရင် သူတို့ ထုတ်ပေးရဲမှာတောင် မဟုတ်ဘူး။]
[ဒါပေမဲ့ ဒီလူအုပ်ကျတော့ ရောက်လာတာနဲ့ ဆေးနည်းကို လက်ဖြန့်တောင်းနေကြတာ၊ ဘာလို့ ငါတို့ဆီက အလကားလိုချင်နေကြတာလဲ]
နဉ်ရွှီက သူမ၏ မျက်ခုံးများကို နှိပ်နယ်လိုက်သည်။
ဖရဲသီးစားခြင်းစနစ်၏ စရိုက်မှာ အမြဲတမ်း ထင်ရှားလှသည်။
အဆိပ်ပြင်းသောလျှာရှိပြီး ဂုဏ်ပကာသနမက်မောကာ အရာရာကို ကိုယ်ကျိုးအတွက်သာ ကြည့်တတ်သည်။
၎င်းတွင် လူသားဆန်သည့် ခံစားချက်များမရှိ၊ လောကဝတ်မသိသည့် ဒေတာအစုအဝေးတစ်ခုမျှသာ ဖြစ်သဖြင့် ၎င်း၏ စရိုက်မှာ ကျိုးကြောင်းဆီလျှော်သည်။
သို့သော် နဉ်ရွှီကမူ အနည်းငယ် ပို၍ တွေးမိသည်။
သူမ တစ်ခဏမျှ စဉ်းစားပြီး ဖြည်းဖြည်းချင်း ဆိုသည်။ "'နယ်မြေသုံးထောင် ကျင့်ကြံသူများ သတင်းဖလှယ်ရာနေရာ' မှာ ကျင်လည်နေတဲ့ ကျင့်ကြံသူတွေက အစုံပဲ။"
"ဆေးနည်း တောင်းနေတဲ့ ဒီလူတွေထဲမှာ ငါတို့အတွက် အခု ဒါမှမဟုတ် နောင်မှာ အသုံးချလို့ ရမယ့်သူတွေ ရှိနေနိုင်တယ်မလား"
"သူတို့ကို တစ်ခါတည်း အပြတ်ငြင်းစရာ မလိုပါဘူး။"
နဉ်ရွှီ ပြောလိုက်သည်ကို ကြားသည်နှင့် ဖြူစင်သော ကျင့်ကြံသူက နူးညံ့စွာ ရယ်မောလိုက်သည်။
သူသည် အခြားသူများ၏ ဖရဲသီးသတင်းများကို စိတ်မဝင်စားပေ။
သို့သော် သူမနှင့် ဖရဲသီးစားခြင်းစနစ်တို့ စကားပြောနေသည်ကို နားထောင်ရုံနှင့်ပင် သူ၏ စိတ်များ ပေါ့ပါးသွားကာ ပျော်ရွှင်လာသည်။
ထိုရယ်သံကို ကြားလိုက်သဖြင့် နဉ်ရွှီက ဘေးသို့ စောင်းကြည့်လိုက်သည်။
နေ့လယ်ခင်း နေရောင်ခြည်သည် ဖြူစင်သော ကျင့်ကြံသူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသဖြင့် သူ၏ ထူးကဲသာလွန်သော ဘေးတိုက်မျက်နှာကို ပို၍ နူးညံ့သွားစေကာ အမှန်ပင် ကြည့်ကောင်းလှ သည်။
နဉ်ရွှီက သူ့ကို မေးလိုက်၏။ "ဘာဖြစ်လို့လဲ"
ဖြူစင်သော ကျင့်ကြံသူက ခေါင်းခါပြကာ "ဘာမှမဟုတ်ပါဘူး။"
"ကျွန်တော်တို့ နောက်နာရီဝက်နေရင် စားလို့ ရပြီ။"
နဉ်ရွှီက "ကောင်းပြီ" ဟု ဆိုလိုက်သည်။
နဉ်ရွှီက ဖြူစင်သော ကျင့်ကြံသူနှင့် စကားပြောဆိုပြီးနောက်တွင် ဖရဲသီးစားခြင်းစနစ်က ပြောလိုက်သည်။ [နင်ပြောတာလည်း ဟုတ်တာပဲ၊ ဒါဆို ငါ သူတို့နဲ့ အရင် စကားပြောကြည့်ပြီး သူတို့ရဲ့ ထူးခြားတဲ့ အခြေအနေကို မေးထားလိုက်မယ်။]
"ကောင်းပြီလေ။"
ဖရဲသီးစားခြင်းစနစ်တွင် ဝိညာဉ်စွမ်းအင် အလုံအလောက်မရှိသည်မှာ ကြာပြီဖြစ်သည်။
တစ်ဖက်တွင် နဉ်ရွှီ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာသောကြောင့်ဖြစ်ပြီး၊ အခြားတစ်ဖက်တွင်လည်း ဖြူစင်သော ကျင့်ကြံသူက သူမကို ဝိညာဉ်စွမ်းအင် ပြည့်ဝသည့် အစားအသောက်များ ရံဖန်ရံခါ ကျွေးမွေးနေခြင်းကြောင့်လည်း ဖြစ်သည်။
ထို့ကြောင့် ဖရဲသီးစားခြင်းစနစ်သည် လက်ရှိအချိန်တွင် ဝိညာဉ်စွမ်းအင်ကို ပိုမိုအသုံးပြုနိုင်ပြီး ယခင်ကထက်ပို၍ လုပ်ဆောင်နိုင်လာသည်။
ဥပမာအားဖြင့် "နယ်မြေသုံးထောင် ကျင့်ကြံသူများ သတင်းဖလှယ်ရာနေရာ"သို့ ဝင်ရောက်ပြီး ဆေးနည်းရှာဖွေနေသည့် ကျင့်ကြံသူများနှင့် ဆက်သွယ်ခြင်းမျိုး ဖြစ်သည်။
ဟွာကျိုင်းဂိုဏ်း မလုပ်နိုင်သည့်အရာကို ဖရဲသီးစားခြင်းစနစ်လည်း မလုပ်နိုင်ပေ။
၎င်းသည် ပို့စ်တင်ထားသူ၏ အချက်အလက်အစစ်အမှန်ကို မရှာနိုင်ပေ။
ထိုဖိုရမ်၏ လျှို့ဝှက်ချက် ထိန်းသိမ်းမှုမှာ အမှန်ပင် ထိပ်တန်းအဆင့်ဖြစ်သည်ဟု ဆိုရပေမည်။
နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်ကို ကာကွယ်ပေးထားသကဲ့သို့ အခြားသောကျင့်ကြံသူများကိုလည်း ခွဲခြားခြင်းမရှိဘဲ ကာကွယ်ပေးထားသည်။
ဤဖိုရမ်ကို ဒီဇိုင်းဆွဲခဲ့သူများမှာ တကယ့်ကို စိတ်နှစ်ပြီး လုပ်ဆောင်ထားပေသည်။
နာရီဝက်အကြာတွင် နဉ်ရွှီသည် အမဲလွှာ ချဉ်စပ်ဟင်းရည်ကို စားလိုက်သည်။
ဟင်းချည်းပဲ စားရန် မဖြစ်နိုင်သည်မှာ သေချာသည်။
ထိုမျှ အရသာရှိလှသော ဟင်းရည်မှာ မွှေးပျံ့သော ထမင်းနှင့်သာ တွဲဖက်သင့်ပေသည်။ ဤနှစ်မျိုးမှာ အကောင်းဆုံး အဖော်များပင် ဖြစ်သည်။
နဉ်ရွှီနှင့် ဖြူစင်သော ကျင့်ကြံသူတို့ သစ်သားကုလားထိုင်များပေါ် ထိုင်ပြီး လက်ထဲတွင် ပန်းကန်များကို ကိုင်လျက် စိတ်အေးလက်အေးဖြစ်နေသည့် မျက်နှာနှင့် နေ့လယ်စာ စားနေကြစဉ် ဝူလုချန်၏ ရိုးတွင်းခြင်ဆီ ဆေးကြောခြင်းနှင့် သွေးကြောသန့်စင်ခြင်းတို့သည် နောက်ဆုံးအဆင့်သို့ ရောက်သွားလေသည်။
သူ့မျက်နှာပေါ်တွင် နာကျင်သည့် အရိပ်အယောင်များ ပေါ်နေပြီး မျက်နှာသည် တစ်ခါတရံ နီမြန်းလိုက်၊ တစ်ခါတရံ ဖြူဖျော့လိုက် ဖြစ်နေစဉ် သူ၏ခန္ဓာကိုယ်မှ အဖြူရောင် အခိုးအငွေ့များ ထွက်ပေါ်လာသည်။
ဖရဲသီးစားခြင်းစနစ်က ကျစ်ခနဲ အသံပြုလိုက်သည်။ [ခန္ဓာကိုယ်ဖွဲ့စည်းပုံ ညံ့လေလေ၊ ရိုးတွင်းခြင်ဆီ ဆေးကြောတာနဲ့ သွေးကြောသန့်စင်တာရဲ့ နောက်ဆုံးအဆင့်က ပိုပြီး နာကျင်ရလေလေပဲ။]
[ဒီအဆင့်ရှစ် ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးက သူ့အတွက် တွက်ခြေကိုက်သွားတာပဲ။ သူသာ အောင်မြင်သွားမယ်ဆိုရင် အသစ်တစ်ဖန် မွေးဖွားလာသလိုမျိုး ပြောင်းလဲမှုတွေ ဖြစ်လာမှာပဲ။]
နဉ်ရွှီ၏ စားသောက်နေသော လှုပ်ရှားမှုများမှာ အရှိန်လျော့လာပြီး ဖရဲသီးစားခြင်းစနစ်ကို မေးလိုက်သည်။ "သူ ဒီနောက်ဆုံးအဆင့်ကို ကျော်ဖြတ်နိုင်ပါ့မလား"
ဖရဲသီးစားခြင်းစနစ်က နှာခေါင်းရှုံ့လိုက်ပြီး [ပြောဖို့ခက်တယ်၊ သူ ဇွဲရှိတာကိုတော့ ငါမြင်နိုင်တယ်။]
[သူသာ ဇွဲကောင်းရင် ကျော်ဖြတ်နိုင်လိမ့်မယ်၊ ဇွဲရှိရှိ ကြံ့ကြံ့မခံနိုင်ဘူးဆိုရင်တော့ ရှုံးနိမ့်ခြင်းနဲ့ပဲ အဆုံးသတ်သွားလိမ့်မယ်။]
[အကယ်၍ သူ မအောင်မြင်ခဲ့ရင် သူ့ကို အဖွဲ့ထဲကနေ ကန်ထုတ်လိုက်လို့ ရတယ်။]
[ငါတို့အဖွဲ့မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်မယ့် အမှိုက်မျိုး မလိုအပ်ဘူး။]
[သူ့ကို ကန်ထုတ်ပြီးရင် ပိုတော်တဲ့သူ တစ်ယောက်နဲ့ လဲလိုက်ပေါ့။]
သွေးကြောများ ဆုတ်ဖြဲခံနေရသည့် နာကျင်မှုကို ခံစားနေရသော ဝူလုချန် : "......"
ဟုတ်ပါသည်။ ဤအရာမှာ ဖရဲသီးစားခြင်းစနစ်ပင် ဖြစ်သည်။
ဖရဲသီးစားခြင်းစနစ်က အတည်ပြောနေခြင်းဖြစ်ကြောင်း သူ သိသည်။
လူသားများက ဆန်းကြယ်သော အရာတစ်ခုနှင့် စိတ်ခံစားချက်များအကြောင်း ပြော၍မရသလို၊ ပြောလည်း အလကားသာ ဖြစ်ပေလိမ့်မည်။
ထိုသို့ လုပ်ရန်လည်း မလိုအပ်သည်မှာ အသေအချာပင်။
ဤနောက်ဆုံးအတားအဆီးမှာ ဝူလုချန်အတွက် အမှန်တကယ်ပင် ခက်ခဲလှသည်။
သူသည် ညံ့ဖျင်းသော ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် မွေးဖွားလာခြင်းဖြစ်ပြီး ပါရမီရှင်တစ်ယောက် ကဲ့သို့ မတော်သည့်အတွက် ရိုးတွင်းခြင်ဆီ ဆေးကြောခြင်းနှင့် သွေးကြောများ သန့်စင်ရာတွင် သာမန်ကျင့်ကြံသူများထက် ပို၍ ခံစားရမည်ဖြစ်သည်။
ဖရဲသီးစားခြင်းစနစ်၏ စကားများကို ကြားပြီးနောက် သူသည် ဘယ်ကမှန်းမသိသည့် သတ္တိများ ရရှိလာပြီး ထိုသတ္တိက သူ့ကို ရဲရဲဝံ့ဝံ့ ရှေ့ဆက်စေသည်။
အမှန်တော့ သူ အများကြီး မတွေးခဲ့ပေ။
သူ အဖွဲ့ထဲကနေ ကန်ထုတ်မခံရရေးသာ တွေးနေခဲ့သည်။
သူ ဤအဖွဲ့ထဲတွင် နေထိုင်ရသည်ကို နှစ်သက်ပြီး နဉ်ရွှီကိုလည်း ခေါင်းဆောင်အဖြစ် သတ်မှတ်ထားသဖြင့် သူမနောက်သို့ အချိန်တိုင်း လိုက်ပါလိုသည်။
နဉ်ရွှီက အသားစားလျှင် သူက သူမနောက်လိုက်ကာ ဟင်းရည်သောက်မည်။
ဟင်းရည် သောက်ရရုံနှင့်ပင် သူ အလွန်ကျေနပ်လှပြီဖြစ်သည်။
သူသည် ခေါင်းဆောင်နှင့် ဖရဲသီးစားခြင်းစနစ်တို့ ဖရဲသီးသတင်းများအကြောင်း ပြောနေကြသည်ကို နားထောင်ရသည်မှာ ကျင့်သားရနေပြီဖြစ်သလို အသင်းဖော်များနှင့် နေ့နေ့ညည အတူရှိရသည်ကိုလည်း ကျင့်သားရနေပြီဖြစ်သည်။
သူ အဖွဲ့ထဲကနေ လုံးဝ လုံးဝ လုံးဝကို အထုတ်မခံနိုင်ပေ။
သူ ဆက်နေရမည်။
နဉ်ရွှီက ဝူလုချန်ကို တစ်ချက်ကြည့်လိုက်သည်။
သူ့ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက ရုတ်တရက် ပြောင်းလဲသွားပုံရသည်။
မည်သည့်အကြောင်းကြောင့်နည်း။
အစက သူသည် ရိုးတွင်းခြင်ဆီ ဆေးကြောခြင်းနှင့် သွေးကြောများ သန့်စင်ခြင်း၏ နာကျင်မှုကို မတတ်သာ၍ ခံစားနေရသော်လည်း ယခုမှာမူ အခက်အခဲများကို ရင်ဆိုင်ရန် ပို၍ သတ္တိရှိလာသည်။
သူသည် ရိုးတွင်းခြင်ဆီ ဆေးကြောခြင်းနှင့် သွေးကြောများ သန့်စင်ခြင်းမှ ပေးစွမ်းသမျှ အရာအားလုံးကို အလိုအလျောက် စတင်ခံယူလိုက်သည်။
နဉ်ရွှီက ဖရဲသီးစားခြင်းစနစ်ကို စကားပြောလိုက်သည်။ "နင့်စကားကို နားထောင်ကြည့်ရရင် နင် လူရွေးထားပြီးပြီမလား"
ဖရဲသီးစားခြင်းစနစ်က [ဟုတ်တယ်၊ ဝမ့်ရှင်းဂိုဏ်းမှာ အရည်အချင်း ပြည့်မီပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကိုလည်း အောင်မြင်တဲ့ တပည့်တွေ အများကြီး ရှိတယ်။] ဟု ဆိုသည်။
[ပြီးတော့ သူတို့အားလုံးက စိတ်အားထက်သန်ကြတယ်။]
[အရေးကြီးဆုံးက သူတို့အားလုံးမှာ တူညီတဲ့အချက်တစ်ခု ရှိတယ်။]
နဉ်ရွှီက ဝူလုချန်၏ အခြေအနေကို အာရုံစိုက်ရင်း "ဘာများလဲ" ဟု မေးလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က ပြုံးလိုက်ပြီး [သူတို့က နင့်ကို အရမ်း သဘောကျကြတာ။] ဟု ဆိုသည်။
၎င်းကို ကြားသော် နဉ်ရွှီက ပြုံးလိုက်မိသည်။
"သဘောကျပေးလို့ ကျေးဇူးပါပဲ။"
"လောလောဆယ်တော့ အသင်းဖော်ကို လဲဖို့ မလိုပါဘူး။"
ထိုအချိန်တွင် လေထဲရှိ အရှိန်အဝါများမှာ ရုတ်တရက် အရှိန်နှင့် ထိုးတက်လာသည်။
၎င်းတို့သည် အကာအကွယ်တစ်ခုကို ဖောက်ထွက်လိုက်သည့်အလား "ဖောက်" ဆိုသည့် အသံနှင့် ဝူလုချန်၏ ခန္ဓာကိုယ်အတွင်းသို့ အသည်းအသန် တိုးဝင်သွားကြသည်။
သူ၏ ကျင့်ကြံခြင်းမှာ ချီသန့်စင်ခြင်း တတိယအဆင့်မှ ချီသန့်စင်ခြင်း ပဉ္စမအဆင့်သို့ ရုတ်တရက် ထိုးဖောက်သွားသည်။
သူ၏ခန္ဓာကိုယ်ပေါ်တွင် အမည်းရောင် အညစ်အကြေး အများအပြား ရုတ်တရက် ထွက်ပေါ်လာသဖြင့် တစ်ကိုယ်လုံး ရွှံ့နွံထဲမှ ရုန်းထွက်လာသည်နှင့်ပင် တူလှသည်။
ကံကောင်းစွာဖြင့် နဉ်ရွှီက အမြော်အမြင် ရှိသဖြင့် သူ အညစ်အကြေးများ ထုတ်လာချိန်တွင် သူမက ပိတ်ဆို့ခြင်း အဆောင်တစ်ခုကို ပစ်လိုက်သည်။
ထိုအဆောင်ကို သုံးပြီးနောက် ဝူလုချန်သည် ကြည်လင်သော အကာအရံတစ်ခုအတွင်း ပိတ်မိသွားသည်။
ထိုအကာအရံလေးထဲ ရှိနေစဉ် အခြားသူများက အထဲသို့ ဝင်၍မရသလို၊ ထွက်ပေါ်လာသည့် ညစ်ညမ်းသော လေထုမှာလည်း အပြင်သို့ မထွက်နိုင်ပေ။
နဉ်ရွှီက ဖရဲသီးစားခြင်းစနစ်ထဲတွင် သက်ပြင်းချကာ "ဖူရှန့်ရဲ့ အဆောင်တွေက တကယ်ကို သုံးရလွယ်ကူတာပဲ" ဟု ဆိုလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က ထောက်ခံလိုက်သည်။[ဟုတ်တယ်မလား။ နောက်ကျရင် နင်ဆွဲတဲ့ အဆောင်တွေကလည်း ဒီလောက် အသုံးဝင်လာမှာလေ။]
[ကဲ...လုပ်လိုက်တော့၊ အဆောင်ဆွဲလိုက်တော့ Hostရေ]
နဉ်ရွှီက "ကောင်းပြီ" ဟု ဆိုလိုက်သည်။
သူမသည် ယခင်က ပေါက်ကွဲစေတတ်သည့် အဆောင်များကို ဆွဲခဲ့ဖူးသည်။
ဖူရှန့်၏ အဆောင်များက သူမကို စိတ်ကူးသစ်များစွာ ပေးခဲ့သည်။
သူမသည် မကြာမီကာလအတွင်း အဆောင်အသစ်များကို ဆွဲဖို့ ကြိုးစားရန် ပြင်ဆင်လိုက်သည်။
နဉ်ရွှီက ပိတ်ဆို့ခြင်းအဆောင်ကို ပစ်လိုက်ပြီး မကြာမီ ဝူလုချန်က ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
သူသည် မြေပြင်မှ ခုန်လိုက်ပြီး လက်ကို အားရပါးရ ယမ်းလိုက်ကာ သူ၏ သွေးကြောများမှာ ယခင်ကထက် နှစ်ဆပို၍ ကျယ်လာသည်ကို ခံစားလိုက်ရသည်။
သူက စိတ်လှုပ်ရှားစွာဖြင့် "ခေါင်းဆောင်၊ ကျွန်တော် အောင်မြင်သွားပြီ" ဟု အော်လိုက်သည်။
သူသည် ရိုးတွင်းခြင်ဆီ ဆေးကြောခြင်းနှင့် သွေးကြောများ သန့်စင်ခြင်းကို အောင်မြင်ခဲ့လေပြီ။
နဉ်ရွှီက "တော်တယ်" ဟု ချီးကျူးလိုက်သည်။
ဖြူစင်သော ကျင့်ကြံသူကလည်း "ဂုဏ်ယူပါတယ်" ဟု ကောင်းချီးပေးလိုက်သည်။
ယခုအချိန်တွင် ဝူလုချန်၏ ရင်ထဲ၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
တစ်ဖက်တွင် သူ၏ အရည်အချင်းများ တိုးတက်လာသောကြောင့်ဖြစ်ပြီး အခြားတစ်ဖက်တွင်မူ သူ အဖွဲ့ထဲကနေ ကန်ထုတ်မခံရတော့ကြောင်း သိလိုက်ရသောကြောင့် ဖြစ်သည်။
၎င်းမှာ အန္တရာယ်များလှသည်။
သူသည် အဖွဲ့ထဲမှ အထုတ်ခံရလုနီးပါး ဖြစ်ခဲ့ရသည်။
နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်တို့၏ စကားဝိုင်းကြောင့်သာ မဟုတ်လျှင် သူ တကယ်ပဲ ကျရှုံးသွားနိုင်သည်။
ကံကောင်းစွာဖြင့် ရလဒ်မှာ ကျေနပ်ဖွယ် ကောင်းလှသည်။
ဝူလုချန် ရိုးတွင်းခြင်ဆီဆေးကြောပြီး သွေးကြောများသန့်စင်ပြီးချိန်တွင် နဉ်ရွှီနှင့် ဖြူစင်သော ကျင့်ကြံသူတို့၏ နေ့လယ်စာမှာ ကုန်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
သူမသည် ပန်းကန်ကို ချလိုက်ကာ လက်ခုပ်တီးလိုက်ပြီး "နင့်ရဲ့ လက်ရှိအရည်အချင်းက ခန္ဓာကိုယ်ကျင့်ကြံတဲ့အပိုင်းမှာ ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်လို့ရနေပြီ။" ဟု ပြောလိုက်သည်။
"ဒီလောက် ကြီးမားတဲ့ အပြောင်းအလဲကို နင့်မိသားစုကို ပြရမယ်မလား”
ဝူလုချန်က ခေါင်းနောက်ဘက်ကို ကုတ်လိုက်ပြီး "ခေါင်းဆောင်၊ ကျွန်တော့အဖေက မရှိတော့ဘူး၊ အမေကလည်း နောက်အိမ်ထောင်ပြုသွားပြီ၊ ဝူမိသားစုထဲမှာ ကျွန်တော့မိသားစုဆိုလို့ ဘယ်သူမှ မရှိတော့ဘူး" ဟု ဆိုလိုက်သည်။
နဉ်ရွှီက ၎င်းကို သိထားပြီးသား ဖြစ်သော်လည်း ဝူလုချန်က သူမသိထားကြောင်းကို မသိသဖြင့် သူမက မေးလိုက်သည်။ "ဒါဆို ဝူမိသားစုထဲမှာ နင်နဲ့ ရင်းနှီးတဲ့သူ တစ်ယောက်မှ မရှိဘူးလား"
နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်တို့၏ စိတ်အသံကို ကြားနိုင်သော ဝူလုချန်သည် သဘာဝအတိုင်းပင် သူတို့၏ အစီအစဉ်ကို သိထားပြီးသား ဖြစ်သည်။
သူက ပူးပေါင်းပေးလိုက်သည်။ "ရှိတာပေါ့! ဝူမိသားစုခေါင်းဆောင်လေ။”
“ကျွန်တော်က အစေခံရဲ့ သားဖြစ်ပေမဲ့ သူက ကျွန်တော့်အပေါ် အရမ်းကြင်နာတယ်။ အကယ်၍ မိသားစုခေါင်းဆောင်ကြီးသာ ကျွန်တော့်ရဲ့ အခု အရည်အချင်းကို မြင်ရင် သူ ကျွန်တော့်အတွက် သေချာပေါက် ဝမ်းသာပေးလိမ့်မယ်။"
နဉ်ရွှီက ခေါင်းညိတ်လိုက်ကာ "ကောင်းပြီလေ၊ ဒါဆို အခုပဲ သွားကြစို့" ဟု ဆိုသည်။
ဖရဲသီးစားခြင်းစနစ်က မစောင့်နိုင်တော့ဘဲ [မြန်မြန် သွားကြစို့] ဟု ဆိုလိုက်သည်။
[ဝူမိသားစုက လူအိုကြီးရေ၊ ငါတို့က ခင်ဗျားရဲ့ မြေးကို ခင်ဗျားရှေ့အရောက် လာပို့နေပြီနော်။]
[မျက်လုံးဖွင့်ထားပြီး အနီးကပ် ကြည့်ထားလိုက်တော့]
[အကယ်၍ တစ်ခုခုကို ဆက်စပ်တွေးမိသွားမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့]
ပါရမီရှင် သခင်လေးကို ဂရုစိုက်နေသည့် ဝူမိသားစု ခေါင်းဆောင်ကြီးသည် နှာချေလိုက်သည်။
ဘယ်သူကများ သူ့အကြောင်း ပြောနေတာပါလိမ့်