အခန်း ၆၄
Vol. 7 Ch. 64
အခန်း (၆၄)
အဖွဲ့သည် မူလက ချက်ချင်းထွက်ခွာရန် စီစဉ်ခဲ့သော်လည်း ဝူလုချန်၏ ပုံစံမှာ ကောင်းမနေသဖြင့် လက်ရှိအခြေအနေနှင့် ဝူမိသားစုခေါင်းဆောင်ကို သွားတွေ့ရန်မှာ အမှန်ပင် မသင့်တော်လှပေ။
နဉ်ရွှီက သူ့ကိုသူ ကိုယ်လက်သန့်စင်ရန် ငါးမိနစ် အချိန်ပေးလိုက်သည်။
ထိုအချိန်အတွင်း ဖရဲသီးစားခြင်းစနစ်က နဉ်ရွှီကို "နယ်မြေသုံးထောင် ကျင့်ကြံသူများ သတင်းဖလှယ်ရာနေရာ" အကြောင်း ပြောပြနေသည်။
[ဆေးနည်းတောင်းတဲ့သူတွေကို ရှန်ချီသျန်းရဲ့ ပို့စ်အောက်မှာပဲ လက်တွေ့လောကက သူတို့ရဲ့ အထောက်အထားအမှန်ကို အရင်ဆုံး တင်ပြဖို့ တစ်ပုံစံတည်း စာပို့ထားလိုက်တယ်။]
[ကိုယ့်အထောက်အထားကို မဖော်ပြရဲတဲ့သူတွေကတော့ သူတို့စိတ်ထဲမှာ မရိုးသားလို့ ဒါမှမဟုတ် အင်အားမတောင့်တင်းလို့ပဲ ဖြစ်မှာပေါ့။]
[ဒီအဆင့်က လူတော်တော်များများကို စစ်ထုတ်ပေးနိုင်လိမ့်မယ်။]
နဉ်ရွှီက "ကောင်းပြီ" ဟု ဆိုလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က ပေးထားသည့် ဆေးနည်းများမှာ ရှေးဟောင်းဆေးနည်းများဖြစ်ရာ သာမန်ကျင့်ကြံသူများအနေဖြင့် ဆေးညွှန်းထဲက ဝိညာဉ်ဆေးပင်များကို စုဆောင်းနိုင်မည်မဟုတ်၍ နောက်ဆုံးတွင် ဆေးနည်းမှာ အသုံးမဝင်တော့ပေ။
ထိုသို့သော ဆေးနည်းမျိုးကို ရရှိခြင်းက သူတို့အတွက် ကောင်းသည့် ကိစ္စ မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ရှန်မိသားစုပင် သန်းနျန်အတွက် လိုအပ်သည့် ဆေးဘက်ဝင်ပစ္စည်းများကို စုဆောင်းရန် အချိန်နှင့် အင်အား အမြောက်အများ အသုံးပြုခဲ့ရသည်။
သာမန်ကျင့်ကြံသူတစ်ယောက်အတွက်ဆိုလျှင် ပို၍ပင် ခက်ခဲလိမ့်မည်။
နဉ်ရွှီက တစ်ခဏမျှ စဉ်းစားလိုက်ပြီး "ငါက ဖိုရမ်ပေါ်မှာ ဖရဲသီးသတင်းတွေ ထုတ်ဖော်ဖို့ အရေးအကြီးဆုံးမလို့ 'ဖရဲသီးရွှေ့ပြောင်းသူ' လို့ နာမည်ပေးထားတာလေ၊ ဆေးနည်းပေးတယ်ဆိုတာက လမ်းကြုံလို့လုပ်တာ။"
"ငါတို့နဲ့ ဟွာကျိုင်းဂိုဏ်းကြားမှာ တစ်ဖက်ဖက်က မသေမချင်း ဒီရန်ငြိုးက အဆုံးသတ်မှာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီးသား။"
"အဆင့်နိမ့်ကျင့်ကြံသူတွေကတော့ ဟွာကျိုင်းဂိုဏ်းရဲ့ အမျက်ဒေါသကို ခံရမှာကြောက်လို့ သူတို့ရဲ့ အထောက်အထားကို ဖော်ပြရဲမှာ မဟုတ်ဘူး။”
“ဒီအချိန်မှာ ငါတို့ဆီကို ဆေးနည်းတောင်းရဲတဲ့သူတွေက ဟွာကျိုင်းဂိုဏ်းနဲ့ ရန်ဖက်တွေ ဖြစ်ရင်ဖြစ် ဒါမှမဟုတ် ဟွာကျိုင်းဂိုဏ်းရဲ့ အင်အားကို မကြောက်တဲ့သူတွေပဲ ဖြစ်လိမ့်မယ်။"
"သူတို့လည်း အကျိုးအမြတ်ကို ချိန်ဆနေကြမှာပဲ။"
ဖရဲသီးစားခြင်းစနစ်က စဉ်းတောင် မစဉ်းစားဘဲ ချက်ချင်းပင် [ဘာအကျိုးအမြတ်ကို ချိန်ဆနေစရာ ရှိလို့လဲ] ဟု ဆိုသည်။
[တွေဝေနေစရာမလိုဘူးဆိုတာ သေချာနေတာကို။ ငါတို့ဘက်ကနေ ရပ်တည်လိုက်ရုံပဲဟာ။]
[ဟွာကျိုင်းဂိုဏ်းက အားနည်းတယ်။]
[နောက်ဆုံးမှာ ငါတို့ကပဲ တစ်ဦးတည်းသော အောင်နိုင်သူ ဖြစ်လာမှာ။]
ဟုတ်ပါသည်။ ဤအရာမှာ ဖရဲသီးစားခြင်းစနစ်ပင် ဖြစ်သည်။
ဖရဲသီးစားခြင်းစနစ်မှာ အဆိပ်ပြင်းသောလျှာရှိပြီး ဂုဏ်ပကာသနမက်မောကာ အရာရာကို ကိုယ်ကျိုးအတွက်သာ ကြည့်တတ်ခြင်း စသည့် အားနည်းချက်များစွာ ရှိသော်လည်း ၎င်းတွင် အားသာချက် အနည်းငယ်လည်း ရှိသည်။
ဥပမာအားဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းမှာ ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။
သို့သော် ဤသည်မှာ ပါးစပ်ကပြောရုံ သက်သက်ဖြစ်သည့် မျက်ကန်းယုံကြည်မှုမျိုး မဟုတ်ဘဲ ခိုင်မာသည့် ယုံကြည်ချက်မျိုး ဖြစ်သည်။
ဖရဲသီးစားခြင်းစနစ် တစ်ခုတည်းဖြင့် အရာရာကို မလုပ်ဆောင်နိုင်သည်မှာ သေချာသည်။
၎င်း၏ ဒေတာဘေ့စ်မှာ ဘယ်လောက်ပဲ ကြီးမားနေပါစေ၊ ၎င်းသည် ဒေတာအစုအဝေးတစ်ခုမျှသာ ဖြစ်သဖြင့် အရာရာကို တစ်ဦးတည်း မလုပ်ဆောင်နိုင်ပေ။
အချို့သော အစီအစဉ်များကို အကောင်အထည်ဖော်ရန်မှာ လက်ခံပိုင်ရှင် (Host) ဖြစ်သည့် နဉ်ရွှီအပေါ် မူတည်သေးသည်။
ထို့ကြောင့် နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်တို့သည် တစ်ဦးကို တစ်ဦး အပြန်အလှန် အကျိုးပြုနေသည့် ဆက်ဆံရေးမျိုး ဖြစ်သည်။
နဉ်ရွှီက "သူတို့မျက်လုံးထဲမှာ 'ဖရဲသီးရွှေ့ပြောင်းသူ'ဆိုတာ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူလေးပဲလေ" ဟု ဆိုလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က နှာခေါင်းရှုံ့လိုက်ပြီး [ဒါဆို သူတို့ရဲ့ အမြင်ကို စမ်းသပ်ဖို့ အချိန်ရောက်ပြီလေ။] ဟု ပြောလိုက်သည်။
[အမည်မသိ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူလေးဘက်က ရပ်တည်မလား ဒါမှမဟုတ် ဟွာကျိုင်းဂိုဏ်းဘက်က ရပ်တည်မလားဆိုတာ ကျင့်ကြံခြင်းလောကက ဒီအင်အားကြီးပုဂ္ဂိုလ်တွေရဲ့ ရွေးချယ်မှုအပေါ်မှာပဲ မူတည်တယ်။]
[နင် ချီသန့်စင်ခြင်းအဆင့်မှာ ရှိနေတုန်းကို မိတ်ဆွေမဖွဲ့ထားဘဲ မဟာယာနအဆင့် တက်သွားတော့မှ မိတ်ဆွေလာဖွဲ့ကြမှာလား။]
[အဲ့ဒီအချိန်ကျရင် ငါတို့က သူတို့ကို တစ်ချက်လေးတောင် လှည့်မကြည့်ဘူးနော်။]
ကိုယ်လက်သန့်စင်ပြီး တံခါးအပြင်သို့ ထွက်လာသည့် ဝူလုချန် : "......"
ကံကောင်းစွာဖြင့် သူက ခေါင်းဆောင်၏ ပေါင်ကို ဖက်ထားပြီးသား ဖြစ်သည်။
သူ ခေါင်းဆောင်ကို စတွေ့တုန်းက ခေါင်းဆောင်မှာ ချီကို ခန္ဓာကိုယ်ထဲ စသွင်းခါစသာ ရှိသေးသည်။
စဉ်းစားကြည့်လိုက်လျှင် သူသည်လည်း ဝါရင့်နေသည့် အသင်းဖော်တစ်ယောက်ပင် ဖြစ်သည်။
နဉ်ရွှီက ဝူလုချန်ကို တစ်ချက်ကြည့်ပြီး "ပြင်ဆင်ပြီးပြီလား။ ပြင်ဆင်ပြီးပြီဆိုရင် သွားကြတာပေါ့" ဟု ပြောလိုက်သည်။
ဝူလုချန်က မသိစိတ်မှ အလိုအလျောက် ကျောကိုမတ်လိုက်ပြီး "ဟုတ်ကဲ့ပါ ခေါင်းဆောင်" ဟု ပြန်ဖြေလိုက်သည်။
နတ်ဘုရားချင်ကျို့က ဆေးနည်းလေ့လာနေပြီး ချင်းရီလော့ကလည်း လက်နက်သန့်စင်ရန် အလုပ်ရှုပ်နေသဖြင့် နောက်ဆုံးတွင် နဉ်ရွှီ၊ ဖြူစင်သော ကျင့်ကြံသူနှင့် ဝူလုချန်တို့သာ ဝူမိသားစုခေါင်းဆောင်ကြီးကို နှုတ်ဆက်ရန် ထွက်လာလိုက်သည်။
လည်ပတ်သူများမှာ ဧည့်သည်များပင် ဖြစ်သည်။ ဧည့်သည်ဆိုသည်မှာ အိမ်ရှင်ကို အသိပေး အကြောင်းကြားရမည်။
ဝူလုချန်က အခုလေးတင် အဆင့်တက်ထားသည်ဖြစ်ရာ ဤကိစ္စကို မိသားစုခေါင်းဆောင်ကြီး သိထားသင့်သည်မှာ ပြောစရာ မလိုပေ။
ဝူမိသားစုခေါင်းဆောင်ကို ရှာသည့်လမ်းတွင် နဉ်ရွှီက ဖရဲသီးစားခြင်းစနစ် ခုနကပြောခဲ့သည်များကို စဉ်းစားမိပြီး မေးလိုက်သည်။ "ဂိုဏ်းက တပည့်တော်တော်များများက ငါ့ကို သဘောကျကြတယ် ဆိုပြီး နင် ခုနက ပြောလိုက်တာလား။"
ဖရဲသီးစားခြင်းစနစ်က ထိုသို့ပြောချိန်တွင် ဝူလုချန်၏ ရိုးတွင်းခြင်ဆီ ဆေးသည့် အရေးအကြီးဆုံး အဆင့် ဖြစ်နေသဖြင့် နဉ်ရွှီက ထိုအချိန်တွင် မေးရန် အချိန်မရှိခဲ့ပေ။
ယခု ပြန်စဉ်းစားကြည့်မှ အနည်းငယ် ထူးဆန်းနေသည်ဟု သူမ ခံစားရသည်။
ဖရဲသီးစားခြင်းစနစ်က [ဟုတ်တယ်လေ။] ဟု ဆိုသည်။
နဉ်ရွှီက မမျှော်လင့်ထားဘဲ "ငါ့ရဲ့ အစားအသောက်ကျင့်ကြံသူ သူငယ်ချင်းတွေကလွဲရင် တခြားဂိုဏ်းတပည့်တွေနဲ့ ငါ အဆက်အသွယ် သိပ်မလုပ်ဖူးဘူးလေ။ သူတို့က ငါ့ကို သိလို့လား" ဟု ဆိုသည်။
အချင်းချင်း မသိဘဲနဲ့ သဘောကျတယ်၊ တန်ဖိုးထားတယ်လို့ ပြောနေတာက အတော်လေး ကျိုးကြောင်းမဆီလျော်ဘူးလားလို့
ဖရဲသီးစားခြင်းစနစ်က စဉ်းပင်မစဉ်းစားဘဲ ချက်ချင်းပဲ ဆိုလိုက်သည်။ [အချို့သောသူတွေကတော့ ဒီအတိုင်း ရပ်နေရုံနဲ့တင် တခြားသူတွေရဲ့ အာရုံစိုက်မှုကို အလွယ်တကူ ဆွဲဆောင်နိုင်တယ်လေ။]
[နင့်ကို သဘောကျတာက ထူးဆန်းလို့လား။]
[နင် ငါနဲ့ ချိတ်ဆက်နိုင်တာကို ကြည့်လိုက်ရင် နင့်မှာ ဆွဲဆောင်မှုတွေ အများကြီး ရှိနေတယ်ဆိုတာကို ပြနေတာပဲလေ။]
[ဘာပဲဖြစ်ဖြစ် နင်တို့က နံနက်ခင်းသင်တန်းတွေမှာ အတူတူ တက်ခဲ့ကြတာပဲဟာ၊ သူတို့ နင့်ကို သဘောကျတာ ပုံမှန်ပဲ မဟုတ်ဘူးလား။]
နဉ်ရွှီက "...... ကျေးဇူးအများကြီး တင်ပါတယ်နော်" ဟု ဆိုလိုက်သည်။
ဖရဲသီးစားခြင်းစနစ်ကသာ သူမကို ဤသို့ ဆက်ပြီး ချီးကျူးနေမည်ဆိုလျှင် သူမ တကယ်ပဲ ဘဝင်မြင့်သွားတော့မည်ဖြစ်သည်။
ဖရဲသီးစားခြင်းစနစ်၏ နောက်ပြောင်ခြင်းကို ခံလိုက်ရပြီးနောက် နဉ်ရွှီ၏ ရင်ထဲတွင် ထွက်ပေါ်လာသော ထူးဆန်းသည့် ခံစားချက်လေးမှာ လုံးဝ ပျောက်ကွယ်သွားသည်။
ထိုအချိန်တွင် နဉ်ရွှီ ရှာနေသော ဝူမိသားစုခေါင်းဆောင်ကြီးမှာ ဝူမိသားစုပါရမီရှင် သခင်လေး၏ အခန်းထဲတွင် ရှိနေသည်။
ပါရမီရှင် သခင်လေးမှာ ပြင်းထန်စွာ ဒဏ်ရာရထားသဖြင့် ပြန်လည်ကုသနေဆဲဖြစ်သည်။
သူ၏ ပျက်စီးသွားသော သွေးကြောများကို လက်ရှိတွင် ပြန်လည်ကောင်းမွန်အောင် ကုသ၍ မရသေးသော်လည်း၊ သွေးကြောဒဏ်ရာများအပြင် အတွင်းဒဏ်ရာများ ဆိုဒ်စုံ ရှိနေသေးသည်။
ခိုးဝင်လာသည့် နတ်ဆိုးကြီးမှာ မူလက ပါရမီရှင်သခင်လေးကို သတ်ရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း မြင်နိုင်ပေသည်။
သို့သော် ပါရမီရှင် သခင်လေးမှာ အသက်ဘေးမှ သီသီလေးလွတ်မြောက်သွားပြီး ကပ်ဘေးကြီးတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့သည်။
သူ၏ သွေးကြောများသာ ပျက်စီးသွား၍ အနာဂတ်တွင် ဆက်ပြီး မကျင့်ကြံနိုင်တော့သဖြင့် ပါရမီရှင် သခင်လေးက ဤဘဝမျိုးနှင့် ဆက်လက်ရှင်သန်လိုသည့် စိတ်ဆန္ဒ ရှိမရှိ မသိပေ။
ပါရမီရှင် သခင်လေး၏ ခြံဝင်းနားသို့ ချဉ်းကပ်လိုက်ချိန်တွင် ခြံဝင်းအတွင်း၌ လူများဖြင့် ပြည့်နှက်နေသည်ကို နဉ်ရွှီ မြင်လိုက်ရသည်။
ခြံဝင်းအတွင်းရှိ အငွေ့အသက်မှာ အလွန်ပင် လေးလံလှပြီး အများစုမှာ တိတ်ဆိတ်နေကြကာ၊ လူတစ်ချို့မှာ အသံတိုးတိုးဖြင့်သာ စကားပြောနေကြသည်။
ဤလူများသည် ပါရမီရှင် သခင်လေး၏ သတင်းကိုကြား၍ လာရောက်ကြည့်ရှုကြသည့် ဝူမိသားစုဝင်များ ဖြစ်ပေလိမ့်မည်။
ဤသို့သော အရေးကြီးကာလတွင် အပြင်လူများ သေချာပေါက် ဝင်၍မရပေ။
နဉ်ရွှီနှင့် တစ်ခြားလူများ ဝင်လာနိုင်ခြင်းမှာ ဝူလုချန်ကြောင့်သာ ဖြစ်သည်။
တံခါးနားမှ လူများက သူတို့ သုံးယောက်ကို မြင်သည်နှင့် "ခင်ဗျားတို့က ဘယ်သူတွေလဲ" ဟု ချက်ချင်း မေးလိုက်သည်။
ဝူလုချန်က ရှေ့သို့ တစ်လှမ်းတိုး၍ ခေါင်းကိုကုတ်လိုက်ကာ "ဒုတိယသခင်လေး၊ ကျွန်တော်ပါ။ သူတို့က ကျွန်တော့်ရဲ့ သူငယ်ချင်းတွေပါ" ဟု ပြောလိုက်သည်။
၎င်းကို ကြားပြီးနောက် ဒုတိယသခင်လေးဟု ခေါ်သည့် ကျင့်ကြံသူက ရှေ့သို့ လှမ်းလာကာ ဝူလုချန်၏ ပုခုံးကို ပုတ်လိုက်သည်။ "အားချန် မင်းပြန်ရောက်လာပြီပဲ။"
ဝူလုချန်က ခေါင်းညိတ်လိုက်ကာ "ဂိုဏ်းက ဒီရက်တွေကို မိသားစုဆီ အလည်ပြန်ခွင့် ပေးထားတာနဲ့ သူငယ်ချင်းတွေကိုပါ ခေါ်လာခဲ့တာပါ" ဟု ဆိုသည်။
ဖရဲသီးစားခြင်းစနစ်က နဉ်ရွှီကို တိုးတိုးလေး ပြောလိုက်သည်။ [ဒီရိုးအတဲ့လူကြီးက ဝူမိသားစုထဲမှာ အဆင်ပြေနေလိမ့်မယ်လို့ ငါမထင်ထားမိဘူး။]
နဉ်ရွှီက "ဟုတ်တယ်" ဟု ပြန်ပြောလိုက်သည်။
ကျင့်ကြံခြင်းလောကသည် မိသားစု နောက်ခံနှင့် မျိုးရိုးကို အလေးအနက် အထားဆုံး ဖြစ်သည်။
ဝူလုချန်သည် ဝူအိမ်တော်၏ အစောင့်၏ သားသာ ဖြစ်သဖြင့် အဆင့်အတန်း နိမ့်ပါးသော်လည်း၊ ဒုတိယသခင်လေး၏ သူ့အပေါ် ဆက်ဆံပုံကို ကြည့်ခြင်းအားဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဝူမိသားစုတွင် သူ အဆင်ပြေခဲ့ပုံပင်။
ဒုတိယသခင်လေးက ခေတ္တမျှ ကြောင်အသွားသည်။ ဘယ်သူ စကားပြောလိုက်တာလဲ
ထိုအသံမှာ ရှင်းပြရခက်စွာ ပေါ်လာပြီး ချက်ချင်း ပြန်ပျောက်သွားသဖြင့် သူ နားကြားမှားသည်ဟုသာ တွေးလိုက်သည်။
"မိသားစု အလည်ပြန်ခွင့်လား။ ငါ အဲဒါကို မေ့သွားတယ်။ အိမ်မှာ ကိစ္စကြီးတွေ ဖြစ်ထားတော့ ဒီနှစ်ရက်အတွင်း ငါ အလုပ် အရမ်း ရှုပ်နေတာ မင်းလည်း သိမှာပါ။"
ဝူလုချန်၏ မျက်နှာမှာ စိုးရိမ်စိတ်များ ပေါ်လာသည်။ "ကျွန်တော် သိပါတယ်။ တတိယသခင်လေးရဲ့ အခြေအနေ ဘယ်လိုရှိလဲ။"
ဒုတိယသခင်လေးက ခေါင်းခါပြကာ "အခြေအနေက သိပ်မကောင်းဘူး။" ဟု ဆိုသည်။
သူသည် ပါရမီရှင် သခင်လေးအကြောင်း အများကြီး မပြောချင်သဖြင့် နဉ်ရွှီနှင့် ဖြူစင်သော ကျင့်ကြံသူထံသို့ အာရုံပြောင်းလိုက်သည်။
သူတို့ နှစ်ယောက်ကို မြင်လိုက်ရသည်နှင့် ဒုတိယသခင်လေးမှာ တစ်ခဏမျှ အံ့အားသင့်သွားကာ "သူတို့က မင်းရဲ့ အတန်းဖော်တွေလား" ဟု မေးလိုက်သည်။
ဝူလုချန်က ရိုးရိုးသားသားပင် "ဟုတ်ကဲ့" ဟု ပြုံးပြလိုက်သည်။
ဒုတိယသခင်လေးမှာ အနည်းငယ် အံ့အားသင့်သွားသည်။
ဝူလုချန်၏ အတန်းဖော်နှစ်ယောက်လုံးမှာ လူအများကြားမှ နဂါးနှင့် ဖီးနစ်များကဲ့သို့ အတော်လေး ကြည့်ကောင်းနေကြလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ထိုကဲ့သို့သော ထူးခြားသည့် အရှိန်အဝါမျိုးကို ဝူမိသားစုပါရမီရှင် သခင်လေးထံတွင်သာ သူ မြင်ဖူးခဲ့သည်။
သို့သော် ပါရမီရှင် သခင်လေးပင် သူတို့နှစ်ယောက်ထက် အနည်းငယ် နိမ့်ကျနေသယောင် ရှိသည်။
၎င်းမှာ မည်သည့်အရာဖြစ်သည်ကို ဒုတိယသခင်လေး တိတိကျကျ မပြောနိုင်ပေ။ ကျင့်ကြံသူတစ်ယောက်အနေဖြင့် ခံစားရသော ဝေဝါးသည့် ခံစားချက်တစ်ခုသာ ဖြစ်သည်။
သူက နဉ်ရွှီနှင့် ဖြူစင်သော ကျင့်ကြံသူတို့ကို ခေါင်းညိတ်ပြကာ "မင်းတို့က အားချန်ရဲ့ သူငယ်ချင်းတွေဆိုမှတော့ ဝူအိမ်တော်ရဲ့ အထူးဧည့်သည်တော်တွေပါပဲ။" ဟု ဆိုသည်။
"မိသားစုက အလုပ်တွေများနေတာမလို့ ဧည့်ဝတ်ပြုတဲ့နေရာမှာ လစ်ဟင်းမှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ အကယ်၍ ဧည့်ဝတ်ကျေပွန်မှု မရှိခဲ့ဘူးဆိုရင်လည်း ခွင့်လွှတ်ပေးကြပါဦး။"
နဉ်ရွှီက ပြန်ပြောလိုက်သည်။ ဖြူစင်သော ကျင့်ကြံသူမှာ ပေါင်းသင်းဆက်ဆံရေး မလုပ်လိုသူဖြစ်ပြီး အပြင်လူများရှေ့တွင် သူသည် အချိန်အများစုမှာ တိတ်ဆိတ်နေသည်။
နဉ်ရွှီက"ရပါတယ်၊ ကျွန်မတို့ကမှ လာပြီး နှောင့်ယှက်မိသလို ဖြစ်နေတာ။" ဟု ပြောလိုက်သည်။
ဒုတိယသခင်လေးက ယဉ်ကျေးစွာဖြင့် "မဟုတ်တာ၊ မင်းတို့လာပေးတာကို ဝူအိမ်တော်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။"
နှုတ်ဆက်စကားပြောပြီးနောက် သူက ဝူလုချန်ကို ပြောလိုက်သည်။ "အဘိုးက တတိယညီလေးရဲ့ အခန်းထဲမှာ။ ဒီနေ့အတွက် ကုသမှု ပြီးသွားရင် ငါနဲ့အတူ ဝင်တွေ့လို့ ရတယ်။"
"မင်း ပြန်လာတာကို မြင်ရင် အဘိုးလည်း အရမ်းဝမ်းသာသွားမှာ။"
ဝူလုချန် : "ဟုတ်ကဲ့။"
ဤနေရာတွင် စကားဝိုင်းမှာ ခေတ္တမျှ ရပ်တန့်သွားကာ ပတ်ဝန်းကျင်က ရုတ်တရက် တိတ်ဆိတ်သွားသည်။
၎င်းမှာ ဝူမိသားစုဝင်များ တိတ်ဆိတ်သွားခြင်းသာဖြစ်သည်။ ဖရဲသီးစားခြင်းစနစ်ကတော့ အဘယ်ကြောင့် တိတ်ဆိတ်နေပါမည်နည်း။
ဖရဲသီးစားခြင်းစနစ်က ညည်းညူနေသည်။ [ဝူလုချန်ရဲ့ အရည်အချင်းက တိုးတက်လာပြီလေ၊ ပြီးတော့ သူက ခန္ဓာကိုယ်ကျင့်ကြံတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်နေတာကို ဘယ်သူမှ သတိမထားမိကြဘူးလား။]
[ပါရမီရှင် သခင်လေးရဲ့ ဒဏ်ရာက ဝူမိသားစုအတွက် အရေးကြီးတဲ့ကိစ္စကြီးဆိုပေမဲ့ သူတို့ ဒီလောက်အထိ ထုံထိုင်းနေလိမ့်မယ်လို့ ငါ မထင်ထားဘူး။]
[အရမ်းကို သာမန်ကာလျှံကာ နိုင်လွန်းတယ်၊ တကယ့်ကို သာမန်ပဲ။]
နဉ်ရွှီက ပေါ့ပေါ့ပါးပါးဖြင့် "ဘာက သာမန်ဖြစ်နေလို့လဲ" ဟု မေးလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က တိုက်ရိုက်ပင် [ဒီလူတွေလေ] ဟု ဆိုသည်။
[ဒီမှာရှိနေတဲ့ ဝူမိသားစု မျိုးဆက်သစ်တွေအားလုံး သာမန်တွေပဲ။]
[အရည်အချင်းအရဆို အရည်အချင်းကလည်း မကောင်းဘူး၊ အမြင်နဲ့ ကြည့်မယ်ဆိုရင် အမြင်မကောင်းဘူး။]
[တစ်ယောက်မှ ယှဉ်နိုင်စွမ်း မရှိဘူး။]
ဝူလုချန် : ဟမ်
ဒုတိယသခင်လေး : ??? အဲ့ဒါ ဘာကြီးလဲ
ဝူမိသားစု၏ သခင်လေးများနှင့် သခင်မလေးများသည် ငယ်စဉ်ကတည်းက အရင်းအမြစ်မျိုးစုံဖြင့် ပြုစုပျိုးထောင်ခံခဲ့ရသူများဖြစ်ရာ အခြားသူများ၏ အမြင်တွင် သူတို့သည် ကောင်းကင်ဘုံ၏ မျက်နှာသာပေးခြင်းကို ခံရသော ပါရမီရှင်များသာ ဖြစ်သည်။
အကယ်၍သာ သူတို့သာ ဤအကြောင်းကို သိသွားလျှင် မည်သို့ခံစားသွားမည်နည်း။
အခြားသူများ မည်သို့ ခံစားသွားရမည်ဆိုသည်ကို ဒုတိယသခင်လေး မသိပေ။
သူ သိသည်မှာ သူ စိတ်အရမ်းရှုပ်ထွေးနေသည်သာ ဖြစ်၏။
ဒီစိတ်အသံနှစ်ခုက ဘာတွေလဲ။
သူ့ဦးနှောက်နှင့် မမီတော့သဖြင့် အမှန်ပင် စဉ်းစားမရ ဖြစ်နေသည်။
သို့သော် ဤမကျေမနပ် ပြောဆိုသံများကို နားထောင်ရသည်က စိတ်ဝင်စားစရာ ကောင်းနေပြန်သည်။
ဖရဲသီးစားခြင်းစနစ်သည် ဝူလုချန်၏ အနားတွင် ရပ်နေသော လူတိုင်းကို ရွေးပြီး လိုက်လံနှိုင်းယှဉ်ပြနေရာ ဝူလုချန်သည် ဤလူအုပ်ထဲတွင် သိသိသာသာ ပေါ်လွင်နေသည်။
ထို့နောက် ဖရဲသီးစားခြင်းစနစ်သည် သူတို့နှင့် အလှမ်းဝေးသည့် နေရာတွင် ရပ်နေသူများကို ဆက်ပြီး ဝေဖန်ပြန်သည်။
ရုတ်တရက် ဖရဲသီးစားခြင်းစနစ်က နှာခေါင်းရှုံ့ကာ [စိတ်ဝင်စားစရာကောင်းသားပဲ။] ဟု ဆိုလိုက်သည်။
နဉ်ရွှီက "ဘာက စိတ်ဝင်စားစရာ ကောင်းတာလဲ" ဟု မေးလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က ပြုံးလိုက်ပြီး [ဝူမိသားစုပါရမီရှင် သခင်လေး ဒဏ်ရာရသွားတော့ ဝူမိသားစုရဲ့ မျိုးဆက်သစ်တွေ အကုန်နီးပါး ရောက်လာကြတာပဲ။] ဟု ဆိုသည်။
[ဒါပေမဲ့ မလာတဲ့သူတွေလည်း ရှိသေးတယ်။]
နဉ်ရွှီက "မလာတဲ့သူတွေက ဘာလုပ်နေကြလို့လဲ။" ဟု မေးလိုက်သည်။
[အချင်းချင်း ရင်ဖွင့်နေကြတာလေ။]
နဉ်ရွှီ : [!!]
သူမ ရုတ်တရက် စိတ်ဝင်စားသွားကာ "ဘယ်သူတွေလဲ။ ဘယ်သူနဲ့ ဘယ်သူ စကားပြောနေကြတာလဲ။" ဟု မေးလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က နဉ်ရွှီကို ဝေမျှရန် မစောင့်နိုင်တော့ပေ။ [ဝူမိသားစုခေါင်းဆောင်ကြီး အသစ်စက်စက် ယူထားတဲ့ သုံးဆယ့်လေးယောက်မြောက် ကိုယ်လုပ်တော်နဲ့ သူ့ရဲ့ နှစ်ဆယ့်ခြောက်ယောက်မြောက် ကိုယ်လုပ်တော်တို့ပေါ့။]
နဉ်ရွှီ : [???]
ဝူလုချန် : ......
နဉ်ရွှီက "သူတို့က ဘာလုပ်နေတာလဲ" ဟု မေးလိုက်သည်။
[မဟုတ်ဘူး၊ မဟုတ်ဘူး။]
ဖရဲသီးစားခြင်းစနစ်က ကောက်ကျစ်စွာ ပြုံးလိုက်ပြီး [ဒီသုံးဆယ့်လေးယောက်မြောက် ကိုယ်လုပ်တော်က အိမ်ထဲဝင်လာတာ ရက်ပိုင်းပဲ ရှိသေးတယ်။ သူက ယောကျ်ားတစ်ယောက် ဖြစ်နေတာ။]
နဉ်ရွှီ : "ဟမ်"
"မိန်းမလို ဝတ်ထားတဲ့ ယောကျ်ားလား။"
[ဟုတ်တယ်။]
နဉ်ရွှီအနေဖြင့် ယောကျ်ားက မိန်းမလို ဝတ်ထားသည့် ဖရဲသီးမျိုးကို ကြားဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း၊ မိန်းမယောင်ဆောင်ထားသည့် ကိစ္စများမှာ အမြဲတမ်း ပို၍ ပေါက်ကွဲအား ပြင်းလှသည်။
နဉ်ရွှီသည် ထိုသို့ တွေးနေစဉ်မှာပင် ဖရဲသီးစားခြင်းစနစ်က ဆက်ပြောသည်ကို ကြားလိုက်ရသည်။ [ဒီနှစ်ဆယ့်ခြောက်ယောက်မြောက် ကိုယ်လုပ်တော်နဲ့ သုံးဆယ့်လေးယောက်မြောက် ကိုယ်လုပ်တော်တို့က ငယ်ချစ်ဦးတွေလေ။]
[သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ချစ်ပြီး တစ်သက်လုံး အတူနေဖို့ ကတိပေးထားကြတာ။]
[ဒါပေမဲ့ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက နှစ်ဆယ့်ခြောက်ယောက်မြောက် ကိုယ်လုပ်တော်ကို သူမရဲ့ မိသားစုခေါင်းဆောင်က ဝူမိသားစုခေါင်းဆောင်ဆီ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးထောင်နဲ့ ရောင်းစားခဲ့တာ။]
[ချစ်သူနှစ်ဦး အတင်းအကျပ် ခွဲခံခဲ့ရတာပေါ့။]
[သူ့ချစ်သူနဲ့ ပြန်ဆုံနိုင်ဖို့အတွက် သုံးဆယ့်လေးယောက်မြောက် ကိုယ်လုပ်တော်က ငါးနှစ်လုံးလုံး သည်းခံပြီး ကြိုးစားခဲ့ရတာ။]
ဘာကြောင့်မှန်းမသိ နဉ်ရွှီသည် အဓိကအချက်က မကြာမီ ရောက်လာတော့မည်ဟု ခံစားနေရသည်။
သူမသည် နောက်ဆက်တွဲကို ငြိမ်ပြီး စောင့်နေလိုက်သည်။
အမှန်တကယ်ပင် ဖရဲသီးစားခြင်းစနစ်က သူမကို စိတ်မပျက်စေခဲ့ပေ။
၎င်းက ဖြည်းဖြည်းချင်းဆိုသည်။ [ဒီငါးနှစ်အတွင်းမှာ သူက မိတ်ကပ်လိမ်းတာ၊ ထိုင်တာ၊ လမ်းလျှောက်တာ၊ ဆွဲဆောင်မှုရှိအောင်နေတာ၊ အသံကိုပါ ပြုပြင်ပြီး သူကိုယ်တိုင် အသေအချာ သင်ယူခဲ့တာ။ နောက်ဆုံးတော့ သူ ဖြစ်ချင်တာ ဖြစ်သွားပြီး ဝူအိမ်တော်ထဲကို လက်ထပ်ဝင်လာခဲ့လို့ သူ့ချစ်သူနဲ့ ပြန်ဆုံနိုင်ခဲ့တာပေါ့]
နဉ်ရွှီ : "......"
ဝူမိသားစုခေါင်းဆောင်ကြီးက ငါးနှစ်အတွင်းမှာ ကိုယ်လုပ်တော် ကိုးယောက်တောင် ထပ်ယူခဲ့တာကို အပြစ်တင်ရမလား ဒါမှမဟုတ် ဒီသုံးဆယ့်လေးယောက်မြောက် ကိုယ်လုပ်တော်နဲ့ သူ့ချစ်သူတို့က ကျင့်ကြံဖော် တစ်ယောက်တည်းကို ပိုင်ဆိုင်နေတာကိုပဲ ပြောရမလား သူမ မသိတော့ပေ။
ပေါက်ကွဲထွက်သွားပြီ၊ တကယ့်ကို ပေါက်ကွဲအား ပြင်းလွန်းတယ်။
နဉ်ရွှီ တိတ်ဆိတ်နေစဉ် ဖရဲသီးစားခြင်းစနစ်က စိတ်လှုပ်ရှားစွာဖြင့် [ပွဲကြည့်လို့ ရပြီ] ဟု ဆိုလာသည်။
[Host၊ မြန်မြန် သွားကြစို့။ ပွဲသွားကြည့်ကြမယ်။]
ဝူလုချန် : ???
ဒုတိယသခင်လေး : !!