← Chapters

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇

Vol. 7 Ch. 67

အခန်း (၆၇)

နဉ်ရွှီ၊ အခြားသူများနှင့် ကင်းလှည့်အဖွဲ့တို့ တံခါးဝသို့ ရောက်ချိန်တွင် လာရောက်လည်ပတ်သူများ၏ မောက်မာထောင်လွှားသော စကားသံများကို ကြားလိုက်ရသည်။

"ငါကြားတာတော့ ငါ့တူလေးရဲ့ သွေးကြောတွေ ပျက်စီးသွားပြီး နောင်အနာဂတ်မှာ ဘယ်တော့မှ ကျင့်ကြံလို့ မရတော့ဘူး ဆိုလားပဲ။"

"အိုး၊ နှမြောစရာပဲ။"

"ပါရမီရှင်မရှိတော့ဘူးဆိုမှတော့ မင်းတို့ ဝူမိသားစုမှာ အမွေဆက်ခံမယ့်သူ မရှိတော့ဘူးမလား။"

ဝူမိသားစုဝင်များသည် ဒေါသထွက်သွားကြပြီး ဒေါသကိုထိန်းရန် အသက်ရှူသွင်းကာ စွမ်းအင်များကို ဒန်ထျန်(စွမ်းအင်ဗဟိုချက်)ထဲသို့ ဖိနှိပ်လိုက်ကြသည်။ "လျှိုမိသားစုက အဘိုးကြီး၊ မင်းက ရိုင်းစိုင်းနေတာပဲ။"

လျှိုမိသားစု၏ အဘိုးကြီးဟု အခေါ်ခံရသည့် လူအိုကြီးမှာ ရူးသွပ်စွာ ရယ်မောလိုက်သည်။ "ဘာလို့ ဒေါသထွက်နေတာလဲ၊ အဘိုးကြီး။ ငါက အမှန်ကို ပြောနေတာပဲလေ။"

သူက ဟန်ဆောင်ပန်ဆောင်ဖြင့် "ကြည့်ဦး၊ ငါက မင်းတို့ကို အထူးတလည်အနေနဲ့ အဆင့်သုံး ပြန်လည်နုပျိုခြင်းဆေးလုံးနည်းနည်း လာပေးတာလေ။ ငါ့တူလေးရဲ့ ဒဏ်ရာအတွက် အများကြီး အထောက်အကူ မပြုပေမဲ့ ဒါက ငါ့ရဲ့ စေတနာလေးပါပဲ။"

အဝေးမှ ထိုစကားကို ကြားလိုက်ပြီးနောက် ကင်းလှည့်အဖွဲ့ခေါင်းဆောင်က ပြင်းပြင်းထန်ထန် နှာခေါင်းရှုံ့ကာ "အဆင့်သုံး ပြန်လည်နုပျိုခြင်းဆေးလုံး ဟုတ်လား။ ဒီအဘိုးကြီးက ဘယ်သူ့ကို လာပြီး နှိမ်နေတာလဲ။"

ရှင်းထောင်မြို့၏ အဓိကမိသားစုကြီး သုံးခုထဲမှ တစ်ခုဖြစ်၍ လျှိုမိသားစုသည် အဆင့်ခုနစ် ပြန်လည်နုပျိုခြင်း ဆေးလုံးကိုပင် ရနိုင်စွမ်းရှိသည်။

သို့သော် လျှိုမိသားစုသည် အဆင့်သုံး ပြန်လည်နုပျိုခြင်း ဆေးလုံးကိုသာ ယူလာခဲ့၏။

ဒုက္ခရောက်နေသူကို အခွင့်ကောင်းယူ နှိပ်စက်လိုသည့် ဤအပြုအမူမှာ တကယ့်ကို ရုပ်ဆိုးလှပြီး ယခုဆိုလျှင် ဟန်ဆောင်ဖို့ကိုပင် ဝန်လေးနေသည်။

ယေဘုယျအားဖြင့် ပြောရလျှင် လျှိုမိသားစုသည် ပါရမီရှင်ကို ဆုံးရှုံးလိုက်ရသည့် ဝူမိသားစုအား နောက်ထပ်ကြောက်နေစရာ မလိုဟု ယုံကြည်နေကြသည်။

ဝူမိသားစု၏ ပါရမီရှင် မတော်တဆဖြစ်သည်မှာ နှစ်ရက်သာ ရှိသေးသော်လည်း သူတို့က သူတို့၏ အာဏာကို ထုတ်ပြရန် မစောင့်နိုင်တော့ပေ။

နဉ်ရွှီက ဝူလုချန်ကို တစ်ချက်ကြည့်ကာ "မိသားစုခေါင်းဆောင်ကြီးက မင်းကို အခြေအနေ လာထိန်းခိုင်းတာမလား။" ဟု ပြောလိုက်သည်။

ဝူလုချန်၏ ရိုးသားသော မျက်နှာမှာ အနည်းငယ် တည်ကြည်လေးနက်သွားပြီး "အဲ့ဒီလို ဖြစ်လိမ့်မယ်။"

ထိုသို့ပြောပြီးနောက် သူက စိုးရိမ်နေသော မျက်နှာဖြင့် "ခေါင်းဆောင်၊ ကျွန်တော် ကောင်းကောင်း မလုပ်နိုင်မှာကို စိုးရိမ်မိတယ်။" ဟု ဆိုသည်။

ယခင်က နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်တို့ထံမှ သူသည် ဝူမိသားစု၏ သွေးသားရင်းချာ သားအရင်း ဖြစ်ကြောင်း သိခဲ့ရသော်လည်း သူသည် ဝူမိသားစု အစောင့်တစ်ဦး၏ သားအနေနှင့်သာ အမြဲကြီးပြင်းလာခဲ့ရသည်။

သူ တစ်ခါမှ မကြုံတွေ့ခဲ့ဖူးသော မြင်ကွင်းများနှင့် တစ်ခါမှ မထိတွေ့ခဲ့ဖူးသော အရာများ ရှိနေသဖြင့် သူ အမှားလုပ်မိမှာကို စိုးရိမ်နေရခြင်း ဖြစ်သည်။

နဉ်ရွှီက ပေါ့ပေါ့ပါးပါးပင် "အဆင်ပြေပါတယ်၊ ခဏနေရင် ကျွန်မရဲ့ ညွှန်ကြားချက်တွေကို နားထောင်လိုက်ရုံပဲ။" ဟု ပြောလိုက်သည်။

ဝူလုချန်က ၎င်းကို မတွေးတော့ဘဲ "ကောင်းပါပြီ။" ဟု ချက်ချင်း ပြန်ဖြေလိုက်သည်။

ဖရဲသီးစားခြင်းစနစ်က [ဟေး၊ ဟေး၊ ပရိသတ်ကို အံ့သြမှင်သက်သွားအောင် လုပ်ဖို့ အခွင့်အရေးက အိမ်တိုင်ရာရောက် ရောက်လာတာမဟုတ်ဘူးလား။]

[လျှိုမိသားစုက ဒီမှာ ဝူမိသားစုကို လာပြီး ရန်စတာဆိုပေမဲ့ ငါတို့အတွက်တော့ သူတို့က ငါတို့ကို ကူဖို့ ရောက်လာသလိုပဲ။]

ထိုရင်တွင်းသံကို ကြားလိုက်ရသော် ဝူလုချန် တစ်ခဏမျှ ကြောင်အမ်းသွားသည်။

ပရိသတ်ကို အံ့သြမှင်သက်သွားအောင် လုပ်မယ်ဟုတ်လား။ ဘယ်သူလဲ။ သူ့ကို ပြောတာလား။ မဖြစ်နိုင်တာ၊ သူက ဘယ်လိုလုပ်ပြီး လူတွေကို အံ့သြအောင် လုပ်နိုင်မှာလဲ။

ခေါင်းဆောင်နဲ့ ဖရဲသီးစားခြင်းစနစ်က မကြာမီ ဆူညံပွက်လောရိုက်အောင် လုပ်တော့မည်ဟု သူ အမြဲ ခံစားနေရသည်။

၎င်းကို သဘောပေါက်သွားပြီးနောက် သူသည် ခေတ္တခဏမျှ စိုးရိမ်တုန်လှုပ်နေသလို မျှော်လင့်ချက် အပြည့်နှင့် စောင့်စားနေမိသည်ကို ခံစားလိုက်ရသည်။

စိုးရိမ်နေရခြင်းမှာ ခေါင်းဆောင်က သူ့ကို လူကြားထဲ ပေါ်ပေါ်ထင်ထင် ဖြစ်အောင် ကူညီပေးမှာကြောင့် ဖြစ်သည်။

မျှော်လင့်ချက်ရှိနေရခြင်းမှာ သူက လျှိုမိသားစုကို မကျေနပ်တာ ကြာပြီဖြစ်၍ သူတို့ကို မျက်နှာဖြတ်ရိုက်နိုင်ရင် ကောင်းမည်ဖြစ်၍ပင်။

လျှိုမိသားစုနှင့် ဝူမိသားစုကြားက ရန်ငြိုးမှာ ကြာမြင့်လှပြီဖြစ်သော်လည်း ယခင်က လျှိုမိသားစုသည် အပေါ်ယံ ဟန်ဆောင်ပြခဲ့ကြသေးသည်။ သို့သော် ယခုတွင်မူ သူတို့က အပေါ်ယံဟန်ဆောင်ခြင်း လုံးဝမရှိကြတော့ပေ။

ထိုအချိန်တွင် ကင်းလှည့်အဖွဲ့ခေါင်းဆောင်က ဝူမိသားစုခေါင်းဆောင်ကြီးအား အသံကျယ်ကျယ်ဖြင့် သတင်းပို့လိုက်သည်။ "သခင်ကြီး ဝူလုချန် ရောက်ပါပြီ။"

ဝူမိသားစုခေါင်းဆောင်က ဝူလုချန်အား လက်ယပ်ခေါ်လိုက်ပြီး ကျေနပ်အားရသော မျက်နှာဖြင့် "အားချန်၊ အဖိုးဘေးကို လာခဲ့။" ဟု ပြောလိုက်သည်။

ဝူလုချန်က လိုက်နာပြီး မိသားစုခေါင်းဆောင်၏ ဘေးတွင် သွားရပ်လိုက်သည်။

ဝူမိသားစုနှင့် လျှိုမိသားစုတို့မှာ တစ်ဖက်နှင့်တစ်ဖက် အကွာအဝေးတစ်ခုမှနေ၍ ရင်ဆိုင်နေကြပြီး အလျှော့ပေးရန် ငြင်းဆန်နေကြသည်။

ဝူမိသားစုခေါင်းဆောင်ကြီးက ဩဇာရှိသည့် အသံဖြင့် "ငါ့ဝူမိသားစုရဲ့ ကိစ္စတွေကို မင်းတို့လျှိုမိသားစု ဝင်ရောက်ပူပန်ပေးဖို့ မလိုဘူး။" ဟု ဆိုလိုက်သည်။

"အားချန်ရဲ့ ပါရမီက မဆိုးဘူး၊ ငါကတော့ တကယ့်ကို စိတ်ကျေနပ်တယ်။"

ဝူမိသားစုတွင် ပါရမီရှင်တစ်ယောက် လျော့သွားသော်လည်း အမွေဆက်ခံမည့်သူများ ရှိနေသေးကြောင်း သွယ်ဝိုက်ပြောလိုက်ခြင်း ဖြစ်သည်။

လျှိုမိသားစုခေါင်းဆောင်သည် ဝူလုချန်ကို မြင်ပြီးနောက် သူ့၏ ကျင့်ကြံခြင်းကို စစ်ဆေးရန် ဝိညာဉ်စွမ်းအားကို သုံးလိုက်သည်။

သူသည် ငယ်ရွယ်သော်လည်း ချီသန့်စင်ခြင်းအဆင့် ငါးလွှာကို ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရပြီးနောက် သူ၏ မျက်ခုံးကြားက အရေးအကြောင်းများမှာ ပိုမိုနက်ရှိုင်းသွားသည်။

ဤလူမှာ အမှန်ပင် အဆင့်မနိမ့်လှသော်လည်း......

သူက လှောင်ပြောင်ပြီး ဟန်ဆောင်ပန်ဆောင် နှမြောတသဟန်ဖြင့် "ဝူမိသားစုခေါင်းဆောင်၊ မင်းက မင်းနဲ့ သွေးသားမတော်စပ်တဲ့ သူတစ်ယောက်ကို အစွမ်းကုန် ပျိုးထောင်ပေးတော့မလို့လား။”

"သူ့ရဲ့ မျိုးရိုးက ဝူ ဖြစ်နေပေမဲ့ သူက မင်းတို့အိမ်တော်က သာမန်ကလေးတစ်ယောက်ပဲမလား။"

လျှိုမိသားစုခေါင်းဆောင်သည် ဝူမိသားစု၏ အခြေအနေကို ကောင်းကောင်း သိရှိထားသည်။

ဝူမိသားစုခေါင်းဆောင်တွင် သွေးသားရင်းချာ ကလေးများစွာရှိပြီး သူက သူတို့ကို ဝူမိသားစုခေါင်းဆောင်ထက်ပင် ပိုပြီး ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။

ဝူမိသားစုခေါင်းဆောင်၏ မျိုးဆက်များထဲတွင် ဝူလုချန် ဟုခေါ်သော အမျိုးသားတစ်ဦးရှိကြောင်းကို သူတစ်ခါမှ မမှတ်မိပေ။

ဝူမိသားစုခေါင်းဆောင်က အေးဆေးတည်ငြိမ်သော လေသံဖြင့် "ငါ့မိသားစုမှာ ကလေးနဲ့ သွေးသားရင်းချာ ဆိုတာက သိပ်မကွာပါဘူး။ " ဟု ဆိုသည်။

ဝူလုချန်သည် သူနှင့် သွေးသားမတော်စပ်သည်မှာ အမှန်ပင်ဖြစ်ပြီး ဤကိစ္စမှာ ငြင်း၍မရသလို ဖုံးကွယ်၍လည်း မရပေ။ လျှိုမိသားစုလည်း မကြာမီ သိသွားမှာပင် ဖြစ်သည်။

လျှိုမိသားစုခေါင်းဆောင်က အဆိုပါစကားကို ကြားသော် သူက အဓိပ္ပာယ်ပါပါဖြင့် "တကယ်ပဲ မကွာဘူးလား" ဟု မေးလိုက်သည်။

ထိုသို့ပြောပြီးနောက် သူက မလိုတမာ မျက်နှာထားဖြင့် "ဒီလောက်များပြားတဲ့မျိုးဆက်တွေထဲမှာ ပါရမီရှင်ကို အစားထိုးနိုင်မယ့်သူ တစ်ယောက်မှ ရှာမတွေ့တော့ နောက်ဆုံး အိမ်မှာမွေးထားတဲ့ ကလေးတစ်ယောက်ကိုပဲ ပျိုးထောင်ဖို့ လုပ်လိုက်တာလား……. မင်းတို့ ဝူမိသားစုက နေဝင်ချိန်ကို ရောက်တော့မှာလား။"

ဝူမိသားစုခေါင်းဆောင်သည် ဒေါသတကြီးဖြင့် "လျှိုဟန်၊ မင်းရိုင်းစိုင်းလွန်းနေပြီနော်။"

ဖရဲသီးစားခြင်းစနစ်က [ဒီအဘိုးကြီးက ဒီနေ့ ပြဿနာလာရှာတာပဲ။] ဟု တတွတ်တွတ် ဆိုသည်။

[လူတွေက အိမ်အရောက်လာပြီး မောက်မာထောင်လွှားပြနေတာကို သူတို့က မချရသေးဘူးလား။]

[ဝူအဘိုးကြီးကတော့ မလုပ်နိုင်တော့ဘူးပဲ။]

[ဒီအချိန်မျိုးမှာ မကျေနပ်ရင် တိုက်ရိုက်တုံ့ပြန်ရမှာလေ၊ အခုတော့ ဒီလူက 'မင်း ရိုင်းစိုင်းလွန်းနေပြီ' ဆိုတာပဲ ပြောနေသေးတယ်။]

[လူတွေက ဒီလောက်တောင် ရိုင်းပျနေတာကို ဘာလို့ ပြန်မချတာလဲ။]

တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိလာသော ဝူမိသားစု၏ ဒုတိယသခင်လေး: "ဒီရင်တွင်းစကားသံက ထပ်ပေါ်လာပြန်ပြီလား။"

နဉ်ရွှီ: "...... ဖြစ်နိုင်တာက လုံးဝကြီး မျက်နှာပျက်အောင် လုပ်ရမယ့်အချိန် မရောက်သေးလို့နေမှာပေါ့။"

ဝူမိသားစုခေါင်းဆောင် ဘာတွေ တွေးနေသလဲဆိုသည်ကို နဉ်ရွှီက သဘာဝအတိုင်း မသိနိုင်ပေ။ သို့သော် လက်ရှိအခြေအနေမှာ မိသားစုကြီးနှစ်ခုနှင့် ပတ်သက်နေသဖြင့် ဝူမိသားစုခေါင်းဆောင်က ခြေလှမ်းတိုင်းကို သတိကြီးကြီးထားနေရခြင်း ဖြစ်နိုင်သည်။

ဖရဲသီးစားခြင်းစနစ်က ဆက်လက်ဝေဖန်နေသည်။ [ရယ်ရလွန်းလို့ သေတော့မယ်၊ ဒီလူက ပါရမီရှင်ဆိုတာ တရုတ်ဂေါ်ဖီထုပ်လို့များ ထင်နေတာလား။ ဝူမိသားစုမှာ သုံးလို့ရတဲ့ ပါရမီရှင် တစ်ယောက်ပဲ ရှိသလို၊ လျှိုမိသားစုမှာလည်း မနည်းကြည့်နေရတဲ့ ပါရမီရှင် တစ်ယောက်ပဲ ရှိတာပါ။ သူက လျှိုမိသားစုရဲ့ ပါရမီရှင်လို့သာ မပြောထားရင် လမ်းဘေးမှာ အလကားပုံနေတဲ့ အမှိုက်တွေလို နေရာတကာ ရှိနေတဲ့သူမျိုးပဲ။”

[မသိရင် သူ့လျှိုမိသားစုမှာ ပါရမီရှင်တွေ အများကြီး ရှိနေသလိုမျိုးလုပ်နေတာ။]

[ပြောရရင် သူ့ရဲ့ ပါရမီရှင်ဆိုတဲ့သူရဲ့ ပါရမီက လက်ရှိဒီလူအကြီးထက်တောင် ညံ့သေးတယ်။]

ဝူမိသားစု၏ ဒုတိယသခင်လေး: ??? လူအကြီးစားဟုတ်လား။ ဘယ်သူလဲ။ ဝူလုချန်လား။

ဖရဲသီးစားခြင်းစနစ်က ဝေဖန်နေစဉ် လျှိုမိသားစုခေါင်းဆောင်၏ ရန်စမှုက ဆက်လက်ဖြစ်ပေါ်နေသည်။ "ငါ ပြောတာ မှားလို့လား။"

သူ့နောက်တွင် ရပ်နေသော လျှိုမိသားစုဝင်များစွာ ရှိသည်။

ယနေ့အိမ်တိုင်ရာရောက် လာရခြင်းမှာ လက်ဆောင်ပေးရန်ဟု အမည်တပ်ထားသော်လည်း အမှန်တကယ်တွင် ရန်စရန်အတွက် လူများကို အထူးတလည် ခေါ်ဆောင်လာခြင်း ဖြစ်သည်။

ပါရမီရှင်ကို ဆုံးရှုံးလိုက်ရသည့် ဝူမိသားစုအား သူတို့က တကယ်ပင် မကြောက်ပေ။

လျှိုမိသားစုခေါင်းဆောင်က ရူးသွပ်စွာ ရယ်မောလိုက်ပြီး "မင်းရဲ့အိမ်တော်က ကလေးဖြစ်နေရင်တောင် မင်းရဲ့ ကိုယ်ပိုင်ကလေးနဲ့တော့ ကွာတာပေါ့။"

"သူက သွေးမျိုးဆက်စွမ်းအားကို သုံးနိုင်လို့လား။"

"မသုံးနိုင်ဘူးလေ။"

"ဝူအဘိုးကြီး၊ မင်း တကယ်ပဲ ဒီလူကို ပျိုးထောင်ဖို့ အားစိုက်ထုတ်မှုတွေ အများကြီး သုံးတော့မလို့လား။ သူ့မှာ ပါရမီ နည်းနည်း ရှိနေရင်တောင် သူ ဘယ်လောက်အထိ မြင့်အောင် ရောက်နိုင်မှာမလို့လဲ။"

"ဝါးခြင်းတောင်းနဲ့ ရေခပ်သလို အဆုံးမသတ်စေနဲ့။"

ဝူမိသားစုခေါင်းဆောင်မှာ ဖြူဖျော့သွားပြီး ရင်ထဲတွင် ဒေါသထွက်နေသော်လည်း ဘာမှ ပြန်မချေပနိုင်ပေ။

သူတို့၏ မိသားစုကြီး သုံးခု ရှင်းထောင်မြို့တွင် အင်အားကြီးထွန်းကားလာသည့် အကြောင်းရင်းမှာ သူတို့တွင် သွေးမျိုးဆက်စွမ်းအား ရှိခြင်းကြောင့် ဖြစ်သည်။

သူတို့၏ ဘိုးဘေးအားလုံးသည် မဟာယနအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

အချိန်များစွာ ကုန်လွန်သွားခဲ့သော်လည်း တိုက်ရိုက်သွေးသားတော်စပ်သူများတွင် ဘိုးဘေးများ၏ သွေးမျိုးဆက်စွမ်းအား အများကြီးမဟုတ်လျှင်တောင် အနည်းငယ်ကို ဆက်ခံနိုင်စွမ်း ရှိသေးသည်။

ဝူမိသားစုနှင့် သွေးသားမတော်စပ်သည့် မျိုးဆက်များမှာ ဝူမိသားစုဘိုးဘေးများ၏ သွေးမျိုးဆက်စွမ်းအားကို သေချာပေါက် ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။

ထို့အပြင် ဤသွေးမျိုးဆက်စွမ်းအား အစိတ်အပိုင်းမှာလည်း......

ဖရဲသီးစားခြင်းစနစ်က စိတ်မရှည်စွာဖြင့် [ဒီအဘိုးကြီးက အရမ်းကို စွမ်းအားကြီးလွန်းလို့ မျက်နှာပြောင်တိုက်တဲ့နည်းကိုပဲ မှီခိုနေရတာပဲ။]

[သူက ဘာလို့ ဒီလောက်တောင် အဓိပ္ပာယ်မရှိတာတွေ ပြောနေရတာလဲ။]

၎င်းက လက်ဝါးချင်း ပွတ်လိုက်ပြီး [ဝူလုချန်အတွက် ခန့်ခန့်ညားညားကြီး လှည့်ထွက်ပြီးတော့ သူတို့ကို ပြင်းထန်တဲ့ ထိုးနှက်ချက် ပေးရမယ့် အချိန်ရောက်ပြီ။] ဟု ဆိုသည်။

နဉ်ရွှီက ခေါင်းညိတ်ကာ "ငါလည်း အဲ့ဒီလို ထင်တယ်" ဟု ဆိုလိုက်သည်။

ဝူမိသားစု၏ ဒုတိယသခင်လေးမှာ နဉ်ရွှီ၏နောက် ခြေလှမ်းအနည်းငယ်အကွာတွင် ရှိနေပြီး "ဘာတွေ... မင်းတို့ဘာတွေ ပြောနေကြတာလဲ။" ဟု မတွေးဘဲ မနေနိုင်ပေ။

ဝူလုချန်ရဲ့ ပါရမီက မြင့်မားနေရင်တောင် အဲ့ဒါက အသုံးမဝင်ဘူးလို့ လျှိုမိသားစုက တွေးနေတာမလား။

ဒါဆိုရင် ဝူလုချန်က ဝူမိသားစုရဲ့ အောက်ခြေမှာရှိမရှိ လျှိုမိသားစုကို ပြလိုက်ကြတာပေါ့။

ထိုသို့ တွေးလိုက်ပြီးနောက် နဉ်ရွှီက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "နှလုံးအိမ်ထဲကို ကြည့်ပြီး ဝိညာဉ်စွမ်းအားများကို ယင်နှင့်ယန်သို့ ဆွဲဆောင်ပါ......"

ဤသည်မှာ ဝိညာဉ်စွမ်းအင်ကို လှုံ့ဆော်ပေးသည့် မန္တန်တစ်ခု ဖြစ်ကာ ၎င်းမှာ ထူးခြားလှသည် မဟုတ်သော်လည်း ယခု အချိန်မျိုး၌ အံ့ဖွယ်အကျိုးသက်ရောက်မှု ရှိလာမည်ဖြစ်သည်။

နဉ်ရွှီ၏ ညွှန်ကြားချက်ကို ကြားလိုက်ပြီးနောက် ဝူလုချန်က မြန်မြန်ဆန်ဆန်ပင် လိုက်နာလိုက်သည်။

ဘာပဲဖြစ်ဖြစ် ခေါင်းဆောင် ပြောနေတာဖြစ်သရွေ့ မှန်ကန်နေမည်သာ ဖြစ်သည်။

ဤအသံကို ကြားလိုက်ရသည်နှင့် လျှိုမိသားစုခေါင်းဆောင်က မောက်မာသော မျက်နှာဖြင့် လှည့်ကြည့်လိုက်သည်။

"မင်းက ဘယ်သူလဲ။"

မိသားစုခေါင်းဆောင်နှစ်ဦ’ စကားပြောနေသည်ကို အခြားသူက ဝင်ဖြတ်ပြောရဲသည်လား။

နဉ်ရွှီနှင့် ဖြူစင်သောကျင့်ကြံသူတို့မှာ တံခါးဝမှ မီတာအနည်းငယ်အကွာတွင် ရပ်နေကြသည်။ သူတို့ နှစ်ဦးမှာ အပြင်လူများ ဖြစ်ပုံရသော်လည်း ယခုအချိန်တွင် နဉ်ရွှီက ပြိုင်ပွဲထဲ စတင်ဝင်ရောက်လာလေသည်။

သူမက ပေါ့ပေါ့ပါးပါးပင် "သူက ဘယ်လောက်အထိ ပါရမီရှိလဲဆိုတာ ကျွန်မကို ကြည့်ခွင့်ပေးပါဦး။" ဟု ပြောလိုက်သည်။

လျှိုမိသားစုခေါင်းဆောင်က ပြက်လုံးတချို့ကို ကြားလိုက်ရသလိုမျိုး လှောင်ပြောင်လိုက်သည်။

"သူက ဝူမိသားစုဝင် မဟုတ်ဘူး၊ သူ့ပါရမီ ဘယ်လောက်ကောင်းကောင်း သူ ဘာလုပ်နိုင်မှာမလို့လဲ။"

"ဟားဟားဟား၊သူက ဝူမိသားစုကို ထောက်ပံ့နိုင်ဖို့ ဟန်ပြပေးရုံနဲ့ ဝူမိသားစုကို နည်းနည်း ပိုကောင်းအောင် လုပ်ပေးရုံပဲ တတ်နိုင်မှာလေ။"

"ဒါပေမဲ့ တကယ်တမ်းတော့ အပိုပါပဲ။ နောက်ဆုံးတော့ သူ ဘယ်လောက်ပဲ တော်နေပါစေ သူ ရရှိနိုင်မှာ မဟုတ်......"

ဤစကားကို ပြောနေစဉ် ဝူအိမ်တော်တစ်ခုလုံး ရုတ်တရက် အရောင်အသွေး ပြောင်းလဲသွားပြီး ခဏအတွင်းမှာပင် ဝူအိမ်တော်အတွင်း၌ သာမန်မျက်စိဖြင့် မမြင်နိုင်သော ကြီးမားသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာပုံရသည်။

သိပ်သည်းလှသော ဝိညာဉ်စွမ်းအားများက ဝူလုချန်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး အရည်အဖြစ်ပြောင်းလုမတတ် သိပ်သည်းနေသည်။

သူသည် မျက်လုံးများကို မှိတ်ထားပြီး နဉ်ရွှီ ပြောသည့်နည်းလမ်းအတိုင်း ဝိညာဉ်စွမ်းအင်များကို လည်ပတ်စေသည်။ ယခုအချိန်တွင် သူ့စိတ်ထဲတွင် တစ်ခုတည်းသာ ရှိသည်၊ ၎င်းမှာ ခေါင်းဆောင်၏ စကားများကို နားထောင်ရန်သာဖြစ်ပေသည်။

သူ့၏ အရှိန်အဝါများ မြင့်တက်လာစဉ် ဝူအိမ်တော်၏ အနက်ရှိုင်းဆုံးနေရာမှ မြေငလျင်လှုပ်သကဲ့သို့ တုန်ခါမှုများ ဖြစ်ပေါ်လာပြီး တစ်စုံတစ်ခုမှာ ဤဝိညာဉ်စွမ်းအားများ၏ ဆွဲဆောင်ခြင်း ခံနေရသကဲ့သို့ ဖြစ်နေသည်။

ဝူလုချန်၏ ခန္ဓာကိုယ် မျက်နှာပြင်မှာ အနည်းငယ် နီရဲလာသည်။

ဝူအိမ်တော်၏ အနက်ရှိုင်းဆုံးနေရာမှ လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်နှင့် ဝူလုချန်၏ ခန္ဓာကိုယ်ထဲက သွေးများမှာ လောင်ကျွမ်းတော့မတတ် ဖြစ်လာသည်။

ရှိနေသူအားလုံးမှာ ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။

တစ်ဦးနှင့်တစ်ဦး ဆိုင်နေသည့် လျှိုမိသားစုခေါင်းဆောင်မှာလည်း စကားပြောခြင်းကို ရပ်လိုက်သည်။

ဝူလုချန်၏ အရှိန်အဝါမှာ ဝူအိမ်တော်၏ အနက်ရှိုင်းဆုံးနေရာနှင့် ဆက်နွှယ်နေကြောင်း သူ သိလိုက်ရချိန်တွင် ဒေါသတကြီးဖြင့် ဆဲဆိုလိုက်သည်။ "သူ့ရဲ့ အရှိန်အဝါက...... မင်း တကယ်ကြီး......"

"ဝူအဘိုးကြီး... မင်း ဘယ်တုန်းက တရားမဝင်သားကို ရှာတွေ့လိုက်တာလဲ။ မင်း ဒီသတင်းကို တင်းတင်းကြပ်ကြပ် ဖွက်ထားတာမလား။"

ဤမြင်ကွင်းကြောင့် ထိတ်လန့်နေသည့် ဝူမိသားစုခေါင်းဆောင်: ???

သူ အခုမှ သိတာလို့ ပြောလို့ရလား။

All Chapters