အခန်း ၆၈
Vol. 7 Ch. 68
အခန်း (၆၈)
ရှိနေသူအားလုံးမှာ ဤအပြောင်းအလဲကြောင့် ထိတ်လန့်သွားကြပြီး အံ့သြခြင်း၊ ထိတ်လန့်ခြင်းနှင့် မယုံကြည်နိုင်ခြင်း စသည့် ရှုပ်ထွေးသော ခံစားချက်များ အသီးသီး ဖြတ်ပြေးနေသည့် မျက်နှာများဖြင့် ဝူလုချန်ကို တိတ်တဆိတ် ကြည့်လိုက်ကြသည်။
ဖရဲသီးစားခြင်းစနစ်က ဂုဏ်ယူစွာ ပြုံးလိုက်ပြီး [ဝူလုချန်ရဲ့ စွမ်းအားတွေ ပေါက်ကွဲပြလိုက်တာကို သူ့ကို တကယ် ဟိတ်ဟန်ထုတ်နိုင်စေတာပဲ။]
[ဒီတစ်ခါတော့ အမှတ်ပြည့်လို့ မပြောရင်တောင် အနည်းဆုံး ကိုးဆယ့်ကိုးမှတ်တော့ ပေးလို့ရတယ်။]
ထိုသို့ပြောပြီးနောက်နောက် ၎င်းက ရယ်လိုက်ကာ [ဒါက Hostကြောင့်ပါ၊ နင့်ရဲ့အကြံကကောင်းလို့လေ။]
နဉ်ရွှီ: "နင့်ဆီက သတင်းအချက်အလက်တွေသာ မရှိရင် ငါလည်း ဒီလိုအကြံမျိုး ထွက်လာမှာ မဟုတ်ဘူး။"
ခြုံငုံကြည့်လျှင် လက်ရှိအခြေအနေမှာ သူတို့နှစ်ဦး ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ပင် ဖြစ်သည်။
[ဟေး... ပျော်ရွှင်စရာကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုလေးပဲ။]
"ပျော်ရွှင်စရာကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုလေးပါ။"
ဤစကားကို ကြားလိုက်ရသည်နှင့် ရင်တွင်းစကားသံက မည်သည့်နေရာမှ လာသည်ကို နောက်ဆုံး သဘောပေါက်သွားသည့် ဝူမိသားစု၏ ဒုတိယသခင်လေးမှာ ကြောင်အမ်းသွားလေသည်။
ဒါကဘာကို ဆိုလိုတာလဲ။
သူသည် သူ၏ရှေ့တွင် ရပ်နေသော နဉ်ရွှီကို ကြောင်အမ်းအမ်းဖြင့် ကြည့်နေမိကာ သူ၏မျက်နှာတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
ယနေ့ လုပ်ဆောင်ချက်များမှာ နဉ်ရွှီနှင့် ထိုထူးဆန်းသော အသံတို့၏ ထိန်းချုပ်မှုအောက်မှာ ရှိနေခဲ့ခြင်းဖြစ်သည်လား။
သူတို့က ဒီလောက်အထိ တော်ကြတာလား။
ဝူလုချန်၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါလှုပ်ခတ်မှုများမှာ လျင်မြန်စွာ အဆုံးသတ်သွားသည်။ ဝူအိမ်တော်၏ အနက်ရှိုင်းဆုံးနေရာမှ လှုပ်ခတ်မှုများသည် တဖြည်းဖြည်း အရှိန်ကျသွားသည်။
သို့သော် နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်တို့ တွေးထားသည့် ရည်မှန်းချက်မှာ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
ဝူလုချန်သည် ဝူမိသားစုဝင်အစစ်ဖြစ်ကြောင်း လူတိုင်း သိသွားကြပြီ ဖြစ်သည်။
ဝူမိသားစုခေါင်းဆောင်က အံ့အားသင့်သော မျက်နှာဖြင့် ဝူလုချန်၏ ပုခုံးကို ပုတ်ကာ "ဟုတ်ပြီ၊ ဟုတ်ပြီ၊ ငါ့ဝူမိသားစုရဲ့ မျိုးဆက်ပီသပါပေတယ်။" ဟု ဝမ်းသာအားရ ပြောလိုက်သည်။
လျှိုမိသားစုခေါင်းဆောင်မှာမူ ယခုအချိန်တွင် အတွေးများစွာ ဝင်နေသည်။
ဝူလုချန်နှင့် ဝူမိသားစုခေါင်းဆောင်၏ ဆက်ဆံရေးမှာ အဘယ်နည်း။ ယနေ့ သူ အိမ်တိုင်ရာရောက် လာရောက်ခြင်းမှာ ဝူမိသားစုအား သူ့မျက်နှာကို ဖြတ်ရိုက်ရန် အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားတာလား။
ဤမေးခွန်းများ၏ အဖြေကို လျှိုမိသားစုခေါင်းဆောင် သိရှိမည်မဟုတ်ပေ။
သို့သော် ဘာတွေပဲဖြစ်ဖြစ် ဝူမိသားစုတွင် နောက်ထပ် ပါရမီရှင်တစ်ဦး ရှိနေခြင်းမှာ ငြင်းဆန်၍မရသော အမှန်တရားတစ်ခုဖြစ်သည်။
သူက ထူးဆန်းသော လေသံဖြင့် "ဝူအဘိုးကြီး၊ မင်းက အတော်လေးကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားနိုင်တာပဲ။" ဟု ပြောလိုက်သည်။
ဝူမိသားစုခေါင်းဆောင်က ဘာမှ ပြန်မပြောဘဲ ပြုံးရုံသာ ပြုံးနေခဲ့သည်။
သူကိုယ်တိုင်လည်း ဤအံ့သြဖွယ်ရာ အခြေအနေကြောင့် အငိုက်မိသွားရသည်ဟု ပြောနိုင်ပါမည်လား။
ကံကောင်းထောက်မစွာဖြင့် အံ့သြရသည်ထက် ဝမ်းသာရသည်က ပိုများနေသည်။
သူသည် ဝူလုချန်ကို အမြဲတမ်း မျက်နှာသာပေးခဲ့ပြီး ဤမျိုးဆက်သစ်လေးကို မြှောက်စားပေးချင်ခဲ့ခြင်းမှာ မဆန်းတော့ပေ။ သူတို့က သွေးသားချင်း တော်စပ်မှု ရှိနေသောကြောင့် ဖြစ်သည်။
အဘယ့်ကြောင့် သူ့ဝူမိသားစု၏ သွေးသားက ဝူမိသားစုအစောင့်၏သား ဖြစ်သွားရသည်ကို သူမသိပေ။
လျှိုမိသားစုခေါင်းဆောင်မှာ အေးစက်စွာဖြင့် နှာခေါင်းရှုံ့လျက် လူများကို ခေါ်ပြီး ချက်ချင်းပင် ထွက်ခွာသွားသည်။
မူလက ဝူမိသားစု၏ ပါရမီရှင်ကို ပေးရန် ရည်ရွယ်ထားသည့် အဆင့်သုံး ပြန်လည်နုပျိုခြင်း ဆေးလုံး သေတ္တာများကိုပင် ပြန်ပေးသွားခြင်းမရှိပေ။
ဖရဲသီးစားခြင်းစနစ်က မဝေဖန်ဘဲ မနေနိုင်ပေ။ [အတွင်းခံ ခိုးရတာကြိုက်တဲ့ အဲ့ဒီနှာဘူးကြီးက ဟန်ဆောင်နေတာပဲ။ ဂုဏ်ပြုစကားကျတော့ပြောပြီး လူတွေကို ချက်ချင်းအဝေးကို ခေါ်သွားတာ ပြီးတော့ ပြောထားတဲ့ အဆင့်သုံး ပြန်လည်နုပျိုခြင်း ဆေးလုံးကိုလည်း ထားမသွားတဲ့အပြင် တံခါးကို ဆောင့်ပိတ်သွားတယ်။]
နဉ်ရွှီ: "??? နင်ပြောနေတာ လျှိုမိသားစုခေါင်းဆောင်ကိုလား။"
ဖရဲသီးစားခြင်းစနစ်: [ဟုတ်တယ်။]
နဉ်ရွှီ: "သူက ဘယ်သူ့ဆီက ခိုးတာလဲ။"
[အစေခံတွေဆီကလေ။]
[သူ့ဆီမှာ ခြေချစရာ နေရာကို မရှိတော့တဲ့အထိ သူခိုးထားတဲ့ အတွင်းခံတွေနဲ့ပြည့်နေတဲ့ မှောင်မည်းနေတဲ့ အခန်းတစ်ခန်းရှိတယ်၊ ကျစ်၊ တချို့အတွင်းခံတွေဆိုရင် လျှော်တောင်မလျှော်ရသေးတော့ ချွေးနံ့တွေ၊ ကြက်ဥပုပ်နံ့တွေ၊ နံစော်နေတဲ့ ခြေထောက်နံ့တွေနဲ့......]
နဉ်ရွှီသည် ထိုပုံရိပ်ကို မြင်ယောင်ကြည့်ရုံဖြင့်ပင် ဆက်သည်းမခံနိုင်တော့ပေ။
သူမက သက်ပြင်းချလိုက်ကာ "သူ့ဝါသနာတွေက တကယ့်ကို ထူးခြားတာပဲ။"
[ဘယ်သူက မထူးခြားဘူးလို့ ပြောမှာလဲ။]
ဒုတိယသခင်လေး: !!
သူ့အဖိုးနဲ့ တစ်သက်လုံး ရန်ဘက်ဖြစ်လာခဲ့တဲ့ လျှိုမိသားစုခေါင်းဆောင်က တကယ်တမ်းတော့ ဒီလိုလူမျိုးတဲ့လား။
တကယ်ကို မျက်စိပွင့်သွားစေတာပဲ။
ဒါပေမဲ့ ဒီအသံ ဖော်ပြနေတဲ့ ပုံရိပ်ကတော့......သူ တကယ်ကို ရွံရှာပြီး အန်မိတော့မှာပဲ။
ဝူမိသားစု ဒုတိယသခင်လေးမှာ လျှိုမိသားစုခေါင်းဆောင်၏ အတင်းအဖျင်းသတင်းထဲတွင် နစ်မွန်းနေစဉ် ဝူမိသားစုခေါင်းဆောင်က လူတိုင်းကို နဉ်ရွှီထံသို့ ဦးဆောင်ပြီးခေါ်လာသည်။
သူက နဉ်ရွှီအား လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည်။ "ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။"
ထိုသို့ပြောပြီးနောက် သူက နဉ်ရွှီအား စူးစမ်းလိုသော မျက်နှာထားဖြင့် ကြည့်နေသည်။ "ဒီနေ့ အားချန်ရဲ့ နည်းစနစ်က......"
နဉ်ရွှီက အပြုံးဖျော့ဖျော့ ပေးလိုက်သည်။ "ဒီနည်းစနစ်က ဝူလုချန်ရဲ့ ဝိညာဉ်စွမ်းအား လည်ပတ်မှုကို အရှိန်မြှင့်ပေးသလို သူ့ရဲ့ သန်မာတဲ့ ခန္ဓာကိုယ်ကျင့်ကြံမှုဘက်ခြမ်းကိုလည်း ပြသနိုင်စေပါတယ်။"
"သူ့ရဲ့ သန်မာတဲ့အခြမ်းကို ထုတ်မပြရသေးခင် တခြားအပြောင်းအလဲမျိုး အရင်ဖြစ်လာလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားဘူး။"
"ဒါက တိုက်ဆိုင်တာပါပဲ။"
ဝူမိသားစုခေါင်းဆောင်က ပြုံးလိုက်ပြီး အသေးစိတ် ထပ်မမေးတော့ပေ။
တိုက်ဆိုင်မှု ဟုတ်မဟုတ်ဆိုသည်မှာ အရေးမကြီးတော့ပေ။
အရေးကြီးသည်မှာ သူတို့၏ ပါရမီရှင် ဒဏ်ရာရသွားပြီးနောက် မိသားစုကြီးပွားတိုးတက်စေရန် ယခင်ပါရမီရှင်၏ နေရာတွင် အစားထိုးနိုင်မည့်သူတစ်ဦး ပေါ်ထွက်လာခဲ့ခြင်းပင် ဖြစ်သည်!
နဉ်ရွှီက သူတို့ ဝူမိသားစုကို ပါရမီရှင်တစ်ဦး ပို့ဆောင်ပေးထားသဖြင့် သဘာဝအားဖြင့် သူတို့၏ ကျေးဇူးရှင်အား ဆိုးရွားစွာ မဆက်ဆံနိုင်ပေ။
ဝူမိသားစုခေါင်းဆောင်က အပြုံးတစ်ခုနှင့် "အဖိုးရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲက မိတ်ဆွေလေး နှစ်သက်ရာကို စိတ်ကြိုက်ယူသွားနိုင်ပါတယ်" ဟု ပြောလိုက်သည်။
နဉ်ရွှီက ဝူမိသားစုခေါင်းဆောင်က ဤမျှ ရက်ရောလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားသဖြင့် တစ်ခဏမျှ ကြောင်အမ်းသွားသည်။
သူ့ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲတွင် ရှိသမျှအရာအားလုံးထဲမှ သူမအား စိတ်ကြိုက်ရွေးခိုင်းခြင်းမှာ ဘာကိုဆိုလိုတာလဲ။ သူ၏ ဘဏ္ဍာတိုက်တစ်ခုလုံးကို သူမ သယ်သွားမှာကို သူမကြောက်ဘူးလား။
သူမက လက်သီးဆုပ်ကာ ပြန်လည်နှုတ်ဆက်လိုက်သည်။ " မိသားစုခေါင်းဆောင်က အရမ်းကို ယဉ်ကျေးလွန်းနေပါပြီ။"
မိသားစုခေါင်းဆောင်က လက်ကိုဝေ့ယမ်းလိုက်သည်။ "ဒါက ဖြစ်သင့်တာပါ။"
ယခုအချိန်၌ သူ့တွင် ဝူလုချန်အား မေးစရာ မေးခွန်းများစွာ ရှိနေသလို မျိုးနွယ်စုအကြီးကဲများနှင့် ဆွေးနွေးစရာ ကိစ္စများလည်း ရှိသည်။
ဥပမာအားဖြင့် ဝူလုချန်၏ နောက်ဆက်တွဲ အရင်းအမြစ် ခွဲဝေပေးခြင်းနှင့် အခြားသော ကိစ္စရပ်များ ဖြစ်သည်။
သူသည် နဉ်ရွှီနှင့် အခြားလူများအား စိတ်ကြိုက်လုပ်ဆောင်ရန် ခွင့်ပေးပြီးနောက်တွင် အချိန်ဆွဲမနေဘဲ ဝူလုချန်နှင့် ဝူမိသားစုဝင်များနှင့်အတူ ထွက်ခွာသွားသည်။
မထွက်ခွာမီ သူသည် နဉ်ရွှီအား သူ၏ ကိုယ်ပိုင်ဘဏ္ဍာတိုက်သို့ ဝင်ရောက်ခွင့် ပေးခဲ့ရာ ဤအကြိမ်တွင် သူမကို ခေါ်သွားပေးရန် ဝူလုချန်ကို မလိုအပ်တော့ဘဲ သူမကိုယ်တိုင် ဘဏ္ဍာတိုက်ထဲသို့ တိုက်ရိုက် ဝင်ရောက်နိုင်ပြီ ဖြစ်သည်။
လူများ ထွက်ခွာသွားပြီးနောက် နဉ်ရွှီက ဖရဲသီးစားခြင်းစနစ်ကို "ဝူမိသားစုခေါင်းဆောင်က တော်တော်လေး ရက်ရောတာပဲ" ဟု ပြောလိုက်သည်။
ယခင်က တိတ်ဆိတ်နေခဲ့သည့် ဖရဲသီးစားခြင်းစနစ်က [ရက်ရောတာက အပေါ်ယံပေါ့ဟာ၊ နင်က သာမန်လူမဟုတ်ဘဲ အနှေးနဲ့အမြန် ကောင်းကင်ပေါ် ပျံတက်သွားမယ့် နဂါးတစ်ကောင်လို ဖြစ်လာမှာကို သူမြင်သွားလို့ နင်နဲ့ ကြိုပြီးမိတ်ဆွေဖွဲ့ထားချင်တာ နေမှာပေါ့ ဟီးဟီး။]
[ဒီအဘိုးကြီးက လူအကဲခတ်တော်မယ်လို့ ငါ မမျှော်လင့်ထားဘူး။]
နဉ်ရွှီ: ......
ဒုတိယသခင်လေး: !!
သူလည်းပဲ သာမန်မဟုတ်တဲ့အရာတွေကို မြင်နိုင်ပါတယ်၊ ဒါဆို သူလည်း သူမရဲ့ ပေါင်ကို ဖက်ထားလို့ ရမလား။
နဉ်ရွှီက ဖရဲသီးစားခြင်းစနစ်ကို "နင် စောနက ဘာလို့ စကားမပြောတာလဲ" ဟု မေးလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က စိတ်ဝင်တစားဖြင့် [ငါ ဖရဲသီးစားနေလို့လေ။ ရှင်းထောင်မြို့မှာ ဖရဲသီးတွေ အများကြီး ရှိတာကို နင်မသိဘူးလား၊ ငါ လိုက်တောင် မကြည့်နိုင်ဘူး။] ဟု ဆိုလာသည်။
နဉ်ရွှီက စိတ်ဝင်တစားဖြင့် "မျှဝေပေးဖို့ စိတ်ဝင်စားစရာကောင်းတဲ့ ဖရဲသီးရှိလား။" ဟု ပြောလိုက်သည်။
[ရှိတာပေါ့၊ အများကြီးပဲ၊ တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဖရဲသီးတစ်လုံး ရှိတယ်၊ နင် သေချာပေါက် စိတ်ဝင်စားလိမ့်မယ်။]
ဖရဲသီးစားခြင်းစနစ်က နဉ်ရွှီကို အသေးစိတ် ပြောပြရန် ပြင်နေစဉ် ဖြူစင်သောကျင့်ကြံသူက စကားပြောလိုက်သည်။ "ဝူဒုတိယသခင်လေး၊ ဘာကိစ္စများရှိလို့လဲ။"
နဉ်ရွှီ၏ နောက်ကွယ်တွင် ခဏမျှ ရပ်နေသော ဝူဒုတိယသခင်လေးက အသာအယာ ချောင်းဟန့်လိုက်သည်။ "အားချန်ကို အဖိုး ခေါ်သွားပြီဆိုတော့၊ ကျွန်တော် ခင်ဗျားတို့ကို အဖိုးရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်ဆီ ဘာလို့ခေါ်မသွားရမှာလဲ။"
နဉ်ရွှီသည် ကိုယ်ပိုင်ဘဏ္ဍာတိုက်သို့ ပစ္စည်းသွားယူရန် ဖြူစင်သောကျင့်ကြံသူနှင့် သွားနိုင်သော်လည်း ဝူမိသားစုဝင် လိုက်ပို့ပေးခြင်းက ပို၍ အဆင်ပြေသည်။
သူမက သိပ်ပြီး တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်သည်။
ဝူမိသားစုခေါင်းဆောင်၏ ကိုယ်ပိုင်ဘဏ္ဍာတိုက်သို့ လျှောက်သွားစဉ် နဉ်ရွှီက "နင် ခုနက ပြောတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဖရဲသီးက ဘာလဲ" ဟု တိုက်တွန်းလိုက်သည်။
ဖရဲသီးစားခြင်းစနစ်: [မက်မွန်နတ်ဘုရားမက အချစ်ကို မေ့လိုက်ပြီးတဲ့နောက်မှာ များပြားလှတဲ့ လူငယ်ပါရမီရှင်တွေက နတ်ဘုရားမကို ပေါ်ပေါ်ထင်ထင် လိုက်နေကြပြီ။ ပြောရရင်တော့ ဒါက ကျင့်ကြံခြင်းလောကမှာ အချိန်အတော်ကြာ နာမည်ကြီးတဲ့ နတ်ဘုရားမပဲလေ။]
[နတ်ဘုရားမကလည်း ငြင်းတာမျိုးမရှိဘူး၊ ကြည့်ရတာ သူမ တကယ်ပဲ လက်လျှော့ပြီးတော့ သူမအတွက် စိတ်ကျေနပ်စရာကောင်းတဲ့ တာအိုလက်တွဲဖော်ကို ရှာဖို့ ပြင်နေပုံရတယ်]
ဒုတိယသခင်လေး: !!
နဉ်ရွှီက တစ်ခဏမျှ ကြောင်အမ်းသွားပြီးနောက် "ကြည့်ရတာ ငါတို့ အကြီးအကဲဝူကို ရှင်းထောင်မြို့ဆီ မြန်မြန်ခေါ်ရတော့မယ့်ပုံပဲ။" ဟု ပြောလိုက်သည်။
မဟုတ်လျှင် နတ်ဘုရားမက တာအိုလက်တွဲဖော် ရှာတွေ့သွားပါက အကြီးအကဲဝူက ဘာသွားလုပ်ရတော့မည်နည်း။
သူသာ ချမ်းသာသည့် မမကြီးရဲ့ ပေါင်ကို မကိုင်ထားနိုင်ရင် ဟယ်ဟွမ်းဂိုဏ်းက အမျိုးသမီး ကျင့်ကြံသူကို လက်စားသွားချေရန် မဖြစ်နိုင်တော့ပေ။
ဖရဲသီးစားခြင်းစနစ်က ကျစ်ဟု အသံပြုကာ [နတ်ဘုရားမကို လိုက်နေတဲ့ အဖွဲ့ထဲမှာ အပြိုင်အဆိုင် အရမ်းပြင်းထန်တဲ့ အမျိုးသား ကျင့်ကြံသူ နည်းနည်းရှိတယ်။]
[အသက်ကြီးပြီး အရိပ်ကျွန်တစ်ယောက်လို အချိန်အတော်ကြာ နေခဲ့ရတဲ့ အကြီးအကဲဝူကတော့ အဲ့ဒီလူတွေကို တကယ်ပဲ ယှဉ်နိုင်မှာ မဟုတ်ဘူး။]
နဉ်ရွှီ၏ ခြေလှမ်းများ အနည်းငယ် ရပ်တန့်သွားသည်။
ကျင့်ကြံခြင်းလောကတွင် ချမ်းသာသော အမျိုးသမီး အများကြီးရှိသော်လည်း မက်မွန်နတ်ဘုရားမကသာ အသင့်တော်ဆုံးဖြစ်သည်မှာ ထင်ရှားသည်။
မဟုတ်လျှင် ဖရဲသီးစားခြင်းစနစ်က သူမကို အစကတည်းက အကြံပြုမည် မဟုတ်ပေ။
အခြားသော ကိုယ်စားလှယ်လောင်းများ ရှိလျှင်ပင် သူတို့က မက်မွန်နတ်ဘုရားမလောက် သေချာပေါက် ကောင်းမွန်မည် မဟုတ်ပေ။
၎င်းသည် အမျိုးသမီးတစ်ဦးရှိသော မိသားစုတစ်ခုနှင့် မိသားစုတစ်ရာ၏ တောင်းဆိုမှု*သာ ဖြစ်သည်။ သူမ၏ သက်တမ်းမှာ အနည်းငယ် မြင့်မားသော်လည်း၊ သူမ၏ ကျင့်ကြံခြင်းအဆင့်ကြောင့် သူမကို အထင်ကြီးအားကျသူများမှာ မနည်းလှပေ။
[T/N: အမျိုးသမီးတစ်ဦးရှိသော မိသားစုတစ်ခုနှင့် မိသားစုတစ်ရာ၏ တောင်းဆိုမှုဆိုတာ မိန်းကလေးက အရမ်းတော်၊အရမ်းလှတဲ့အတွက် နေရာတကာက မိသားစုတွေက သူတို့ရဲ့ချွေးမအဖြစ် တောင်းဆိုဖို့ ကြိုးစားနေကြတာကို ဆိုလိုတဲ့ တရုတ်စကားပုံပါ။]
ဤသည်မှာ ပေါင်းစပ်ခြင်းနှောင်းပိုင်းအဆင့်၏ စွမ်းအားပင်ဖြစ်သည်။
ယခင်ကမ္ဘာနှင့် နှိုင်းယှဉ်လိုက်လျှင် သူမက အောင်မြင်သော အလုပ်အကိုင်ရှိသည့် စစ်မှန်သော strong woman တစ်ယောက်ဖြစ်သည်။
သူမက အသက်မငယ်တော့သော်လည်း အသက် ၁၈ နှစ်အရွယ်တွင် အောင်မြင်သော အလုပ်အကိုင်ရှိခြင်းက မဖြစ်နိုင်တဲ့အရာမလား။
အချိန်က သူမကို ထူးခြားသည့် ဆွဲဆောင်မှုတစ်ခု ပေးခဲ့သည်။ သူမသာ ကုန်းချိန်နှင့် သက်ဆိုင်သည့် အရာတစ်ခုခုနှင့် မကြုံတွေ့ရသရွေ့ သူမသည် လှပပြီး သန်မာနေမည်ဖြစ်ကာ သနားစရာ ကောင်းနေ မည် မဟုတ်ပေ။
နဉ်ရွှီ: "အရင်ဆုံး အကြီးအကဲဝူကို လှည့်စားကြတာပေါ့။"
"ပြိုင်ဘက်တွေနဲ့ ပတ်သက်ပြီးတော့......"
ဖရဲသီးစားခြင်းစနစ်: [ဘာလဲ။]
နဉ်ရွှီက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "တကယ့်ကို အပြိုင်အဆိုင်များတဲ့ ပြိုင်ဘက်တွေဆိုရင် သူတို့ကို စောစောစီးစီး ထွက်သွားခိုင်းရမှာပေါ့။"
"သူတို့မှာ ဖရဲသီးတွေ ရှိမှာပဲမလား။"
ဖရဲသီးစားခြင်းစနစ်က ရယ်မောလိုက်သည်။ [သိပ်ကောင်းတာပဲ။]
[Host... နင်က ပိုပိုပြီးတော့ တော်လာတယ်။]
[ငါ အဲ့ဒါကို ကြိုက်တယ်။]
[ငါ အခုပဲ ရှာလိုက်တော့မယ်။ ပိုးပန်းတဲ့သူအများစုမှာ ဖရဲသီးတွေ ရှိလိမ့်မယ်။]
မက်မွန်နတ်ဘုရားမနှင့်ဆိုလျှင် အလွန်ကောင်းမွန်တယ်၊ မြေဩဇာထက်သန်သောရေများကို ပြင်ပလူများ၏ လယ်ကွင်းများထဲသို့ စီးခွင့်မပြုနိုင်ပေ။
အကြီးအကဲဝူသာ ဒီအခွင့်အရေးကို ယူနိုင်လျှင် တခြားသူတွေဆီ အခွင့်အရေးယူခွင့်မပေးနိုင်ချေ။
ဘာလဲ၊ ဖရဲသီးတွေကို တိုက်ရိုက်ထုတ်ဖော်လိုက်တာက ကိုယ်ကျင့်တရား မရှိဘူးလို့ ထင်နေတာလား။
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
ဒါက မက်မွန်နတ်ဘုရားမကို ဒုက္ခတွင်းထဲကနေ ကယ်တင်လိုက်တယ်ဆိုတာ အသိသာကြီးကို။
သူမဟာ ကုန်းချိန်ကြောင့် အချိန်တွေ အများကြီး နှောင့်နှေးခဲ့ရပြီးပြီ၊ သူမ နောက်ထပ် လူယုတ်မာတစ်ယောက်နဲ့ ထပ်ပြီး မဆုံသင့်တော့ဘူးလေ။