အခန်း ၆၉
Vol. 7 Ch. 69
အခန်း(၆၉)
ဖရဲသီးစားရန် နဉ်ရွှီနောက်သို့ လိုက်လာသော ဒုတိယသခင်လေးသည် သူ့မျက်နှာပေါ်တွင် မသိမသာမပြုံးမိဘဲ မနေနိုင်ပေ။
သူသိသလောက်ဆိုလျှင် မက်မွန်နတ်ဘုရားမ၏ဘေးနားရှိ ပိုးပန်းသူများထဲ၌ ရှင်းထောင်မြို့ မြို့တော်ဝန်၏ ဒုတိယသားလည်း တိုက်တိုက်ဆိုင်ဆိုင် ပါဝင်နေသည်။
ဤဒုတိယသားသည် လတ်တလောတွင် နာမည်ကြီးနေပြီး လူတွေက အလှနတ်ဘုရားမလေးကို သူပိုင်ဆိုင်တော့မည်ဟု ထင်နေကြသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူနှင့် မြို့တော်ဝန်၏ ဒုတိယသား၏ ဆက်ဆံရေးမှာ အလွန်ပြေလည်လှသည် မဟုတ်ပေ။
အကယ်၍ ဒီအရှုပ်တော်ပုံကို ဖော်ထုတ်ပြီး ထိုလူ၏ ဂုဏ်သတင်းသာ ပျက်စီးသွားမည်ဆိုလျှင် သူ အိပ်ပျော်နေလျှင်ပင် ရယ်မောပြီး နိုးလာနိုင်သည်။
နဉ်ရွှီက သူမ၏ ခေါင်းကို စောင်းလိုက်ရာ ဒုတိယသခင်လေးရဲ့ မျက်နှာပေါ်က အပြုံးကို တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့သွားသည်။
သူမက အနည်းငယ် အံ့အားသင့်သွားပြီး "ရှင် ဘာကို ရယ်နေတာလဲ"
ဒုတိယသခင်လေးက ထိုစကားကို ကြားချိန်တွင် သူ့ရင်ထဲ ထိတ်လန့်သွားသည်။
အကြောင်းရင်းကို မသိသော်လည်း သူ့ရင်ထဲတွင် အမှန်တရားကို မပြောသင့်ကြောင်း ပြောနေသည့် အသံတစ်သံရှိသည်။
၎င်းကိုမပြောရုံတင်မကဘဲ ဆက်စပ်နေသည့် စကားတစ်လုံးကိုမျှ ထုတ်မပြောခြင်းက အကောင်းဆုံးဖြစ်သည်။
သူက လုံးဝတုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။ "ကျွန်တော့ စောင့်ကြည့်မှုအောက်မှာ ကြီးပြင်းလာတဲ့ အားချန်က ကျွန်တော်နဲ့ အမျိုးတော်နေတယ်ဆိုတာ တွေးမိပြီး မပျော်ဘဲ မနေနိုင်လို့ပါ။"
နဉ်ရွှီလည်း ရယ်လိုက်သည်။
ဒီနေ့ ဝူလုချန်သည် လူအများ၏ အာရုံစိုက်ခံလိုက်ရသလို သူမသည်လည်း ဝူမိသားစုခေါင်းဆောင်ထံမှ အကျိုးအမြတ်များ ရခဲ့သည့်အတွက် အမြတ်ထွက်တဲ့နေ့ဟု ဆိုနိုင်သည်။
သူတို့နှစ်ယောက် အပြန်အလှန် ရယ်မောနေကြစဉ် ဖရဲသီးစားခြင်းစနစ်က ရုတ်တရက် အသံထွက်လာသည်။ [နင့်ဘေးက ဒီဒုတိယဝူသခင်လေးကလည်း တကယ်ရယ်ရတဲ့လူပဲ။]
ဒုတိယသခင်လေး: ???
နဉ်ရွှီက ဝူမိသားစု၏ ဒုတိယသခင်လေးကို တစ်ချက်ကြည့်လိုက်ပြီး "နင်ဘာကို ပြောချင်တာလဲ။" ဟု မေးလိုက်သည်။
[ဒီ ဒုတိယဝူသခင်လေးက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် သူ့အသက် ၁၀၀ ပြည့်တော့မယ့်အချိန်မှာ ဝူမိသားစုခေါင်းဆောင်က သူ့အိမ်ထောင်ရေးအတွက် ရုတ်တရက် စိုးရိမ်စပြုလာပြီးတော့ ရှင်းထောင်မြို့က မိသားစုတစ်ခုရဲ့ သမီးနဲ့ လက်ထပ်ပေးချင်ခဲ့တာ။]
အိမ်ထောင်ရေးသည် ကျင့်ကြံသည့်မိသားစုများ၏ သာမန်လုပ်ဆောင်ချက်တစ်ခုသာ ဖြစ်ပုံပေါ်သည်။
သူမက "ပြီးတော့ ဘာဆက်ဖြစ်လဲ" ဟု မေးလိုက်သည်။
[အဲဒီ့နောက် သူနဲ့ လက်ထပ်မယ့်သူက ကလေးတုန်းက အဆိပ်ခတ်ခံရဖူးတော့ ရုပ်ရည်က သိပ်ကြည့်မကောင်းဘူးလေ။]
[သူက အဲ့ဒါကို သဘောမကျဘူးပေါ့။]
ဖရဲသီးစားခြင်းစနစ်က ၎င်းကိုပြောရင်း ရွံရှာသလို သက်ပြင်းချလိုက်သည်။ [အိမ်ထောင်ရေးကို ငြင်းဆန်ဖို့အတွက် သူက သူ့ဦးလေးရဲ့ သား သူ့ရဲ့ဝမ်းကွဲနဲ့ ချစ်နေကြပါတယ် သူနဲ့သူ့ဝမ်းကွဲက ငယ်သူငယ်ချင်းတွေဖြစ်ပြီး ကောင်းကင်က ဖန်တီးပေးတဲ့ စုံတွဲပါ၊ မိသားစုရဲ့ဖိအားပေးမှုကြောင့်သာ မဟုတ်ရင် သူတို့ဟိုးအရင်ကတည်းက အတူရှိနေကြမှာ လို့ ပြောပြီး လူသိရှင်ကြား ကြေညာလိုက်တာလေ။
[သူ့ရဲ့ဝမ်းကွဲအကြောင်းကို ပြောတဲ့အချိန်ဆိုရင် သူက အကြိမ်ကြိမ် ရှိုက်ကြီးတငင်ငိုကြွေးပြီး သူ့ကိုယ်သူတောင် မထိန်းနိုင်ခဲ့ဘူး။]
နဉ်ရွှီ: !!
ဒုတိယသခင်လေး: ......
ကိုယ့်အကြောင်းကို ဖရဲသီးပြန်စားမိမည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဒီထူးဆန်းသော ဖြစ်တည်မှုက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကိစ္စကိုပင် အမှန်တကယ် သိနေခဲ့သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ရှင်းထောင်မြို့တစ်မြို့လုံးတွင် ဒီအကြောင်းကို ပြောတဲ့သူ မရှိသလောက်ပင်၊ သူကိုယ်တိုင်ပင် မေ့လုနီးပါးဖြစ်နေသော်လည်း ယနေ့တွင် ရုတ်တရက် ပြန်လည်အစဖော်ခံလိုက်ရမည်ဟု မထင်မှတ် ထားခဲ့ပေ……
မမေးပါနဲ့တော့၊ ရှက်စရာကောင်းလိုက်တာ။
နဉ်ရွှီက စိတ်ဝင်တစားဖြင့် "ဒါဆို သူနဲ့ သူ့ဝမ်းကွဲကြားက ဆက်ဆံရေးက ဘာလဲ။ သူတို့က အချစ်စစ်တွေလား" ဟု ဆိုသည်။
[ဘယ်ကသာ၊ အဲ့ဒီ့နှစ်ယောက်မှာ ကောင်းမွန်တဲ့ ခင်မင်မှုရှိပေမဲ့ အဲ့လို ဆက်ဆံရေးမျိုး မဟုတ်ဘူး။]
[စစ်မှန်တဲ့ ညီအစ်ကိုသံယောဇဉ် သက်သက်ပါပဲ။]
နဉ်ရွှီက ဒုတိယဝူသခင်လေးကို အထင်ကြီးလေးစားသည့် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။ "အိမ်ထောင်မပြုရဖို့အတွက် သူက တကယ်ကြီး သူ့ရဲ့ ဂုဏ်သိက္ခာကိုတောင် မလိုချင်တော့ဘူးပဲ။"
ဖရဲသီးစားခြင်းစနစ်က ရယ်လိုက်ပြီး [ဟုတ်တယ်၊ မဟုတ်ရင် သူ့ကို ရယ်ရတဲ့လူလို့ ပြောပါ့မလား။]
[ပိုကောင်းတဲ့ ဖြေရှင်းနည်း ရှိနေတာ အသိသာကြီးကို သူက သူ့ကို ဆိုးကျိုးပေးမယ့် နည်းလမ်းကိုမှ ရွေးချယ်ခဲ့တာလေ။]
[သူက သူ့ဝမ်းကွဲကိုပါ ဒုက္ခတောထဲ ဆွဲသွင်းလိုက်တာလေ။]
နဉ်ရွှီက စိတ်ဝင်တစားဖြင့် "သူတို့ အခုဘယ်လိုဖြစ်နေကြပြီလဲ" ဟု ဆိုသည်။
ဖရဲသီးစားခြင်းစနစ်က ရူးသွပ်စွာ ရယ်မောလိုက်သည်။ [မကောင်းဘူး၊ သူတို့အားလုံး နှစ်သောင်းချီတဲ့ လူပျိုကြီးတွေ ဖြစ်နေကြပြီလေ။]
နဉ်ရွှီက "နှစ်သောင်းချီတဲ့ လူပျိုကြီး" ဟူသည့် စကားကို ကြားသော် ရယ်လိုက်မိသည်။ သူမ၏ မျက်ဝန်းများကပါ ပြုံးနေပြီး နှုတ်ခမ်းထောင့်စွန်းများကလည်း အနည်းငယ် ကွေးညွတ်နေသည်။
ပရိသတ်ထဲတွင် တစ်ဦးတည်းသော ထိခိုက်နစ်နာသူမှာ ဝူမိသားစု၏ ဒုတိယသခင်လေးသာ ဖြစ်သည်။
ဒုတိယဝူသခင်လေး: နှစ်သောင်းချီ လူပျိုကြီး ဟုတ်လား။ မဟုတ်ပါဘူးနော်၊ သူက အသက် ၁၀၀စွန်းစွန်းလေးပဲ ရှိသေးတာကို။ သူ့ဝမ်းကွဲကလည်း သူ့ထက် အသက်သိပ်မကြီးဘူးလေ၊ ဘယ်လိုဖြစ်ပြီး နှစ်သောင်းချီ လူပျိုကြီး ဖြစ်သွားရတာတုန်း။
ဖရဲသီးစားခြင်းစနစ်က ဆက်ပြောလာသည်။ [ဘယ်လိုပဲဖြစ်ဖြစ် ရှင်းထောင်မြို့မှာ အဆင့်အတန်းရှိတဲ့ သူတွေရဲ့ သမီးတွေကတော့ ဒီနှစ်ယောက်ကို သဘောကျဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။]
[ဝူမိသားစုခေါင်းဆောင်က ဒုတိယဝူသခင်လေးကို အိမ်ထောင်ချပေးဖို့ ရည်ရွယ်ချက် မရှိတော့ဘူးလေ။]
နဉ်ရွှီ: "ဘာလို့လဲ။ ဝူမိသားစုခေါင်းဆောင်က အတည်ပေါက်ကြီးလား။"
[အတည်ပေါ့ဟ၊ ဝူမိသားစုခေါင်းဆောင်တင် မကဘူး၊ အဲဒီတုန်းက ဒီအကြောင်း သိတဲ့သူတိုင်းက အတည်ထင်သွားကြတာ။]
[သူတို့ရဲ့ အချစ်က စစ်မှန်ပြီး ရွှေထက်တောင် ခိုင်မြဲတယ်လို့ ထင်နေကြတာ။ ဘယ်သူက ဒီလူ့ကို ပထမတန်းစား သရုပ်ဆောင်ဖြစ်ခိုင်းလို့လဲ။]
[တကယ်တမ်းတော့၊ အမှန်က အဲ့ဒီလို မဟုတ်ဘူး။]
[ဒုတိယဝူသခင်လေးက ဉာဏ်များတဲ့သူဖြစ်နေလိမ့်မယ်လို့ ဘယ်သူကများ တွေးမိမှာလဲ။ သူက ကစားနေရုံပဲလေ။]
[သူ့ဝမ်းကွဲက အရင်က လက်တွဲဖော် ရှာချင်ခဲ့တာလေ၊ သူ့ရဲ့ ဘယ်မိသားစုနောက်ခံကမှ သူ့ကို မနိမ့်ကျစေပါဘူး။ မကြာသေးခင်ကမှ သူ မိန်းကလေးတစ်ယောက်ကို ချစ်မိသွားပေမဲ့ သူချစ်ရတဲ့သူက သူနဲ့ ဒုတိယဝူသခင်လေးရဲ့ ဇာတ်လမ်းထဲ ပါသွားမှာကို ကြောက်လို့ သူ့ကို မြွေနဲ့ကင်းမြီးကောက်လို ရှောင်နေတာလေ။]
ဒုတိယဝူသခင်လေး: !!
သူ့ဝမ်းကွဲမှာ တကယ်ပဲ သဘောကျနေတဲ့သူ ရှိနေတာလား။ သူ့ဝမ်းကွဲကို အားနာလာပြီ။
ဒါပေမဲ့ သူနဲ့ သူ့ဝမ်းကွဲ မတွေ့ဖြစ်တာ ၄၊ ၅ နှစ်လောက် ရှိနေပြီလေ၊ ဘယ်သူက အဲ့ဒီအကြောင်းကို မှတ်မိနေဦးမှာလဲ။
နဉ်ရွှီက "ဒါဆို ဒုတိယဝူသခင်လေးမှာရော သူကြိုက်တဲ့သူ ရှိလား" ဟု မေးလိုက်သည်။
[မရှိဘူး၊ သူ့ရဲ့ သုံးနှစ်ခွဲအရွယ် စိတ်နဲ့ဆိုရင် ဉာဏ်အလင်းရဦးမှာတောင် မဟုတ်ဘူးဆိုတာ ခန့်မှန်းလို့ရတယ်။]
သုံးနှစ်ခွဲအရွယ်ဟု အပြောခံရသည့် ဒုတိယဝူသခင်လေး : .........
လူတစ်ယောက်နှင့် ဖရဲသီးစနစ်တစ်ခု ဖရဲသီးအကြောင်း ပြောရင်း ဝူမိသားစုခေါင်းဆောင်၏ ကိုယ်ပိုင်ဘဏ္ဍာတိုက်သို့ ရောက်ရှိလာလေသည်။
နဉ်ရွှီက အပေါက်ဝရှိ တံခါးစောင့်ကို အထောက်အထားပြပြီး အထဲသို့ ဝင်လိုက်သည်။ တံခါးစောင့်များကို ဝူမိသားစုခေါင်းဆောင်က ညွှန်ကြားထားမှန်း သိသာလှသည်။
ဝူမိသားစုခေါင်းဆောင်၏ ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲသို့ ဝင်လိုက်သည်နှင့် နဉ်ရွှီသည် သူမရှေ့မှ ရတနာများကြောင့် မျက်စိကျိန်းသွားသည်။ ဝူမိသားစုခေါင်းဆောင်၏ ကိုယ်ပိုင်ဘဏ္ဍာတိုက်သည် များပြားသော ပစ္စည်းကောင်းများနှင့် ဝိညာဉ်ရတနာ အမျိုးမျိုးတို့ကို အမျိုးအစားအလိုက် ခွဲခြားထားသည်။
ဒုတိယဝူသခင်လေးက တက်တက်ကြွကြွဖြင့် "တာအိုမိတ်ဆွေ၊ မင်းလိုချင်တာ အကုန်ယူသွားလိုက်။ မင်း ဒီနေ့ ကျွန်တော့်အဖိုးကို နာမည်ကြီးအောင် လုပ်ပေးခဲ့တာဆိုတော့ မင်း ဒီနေရာတစ်ခုလုံးကို နေရာလွတ်ကြီးဖြစ်အောင် လုပ်ရင်တောင် သူ ဘာမှပြောမှာမဟုတ်ဘူး။" ဟု ဆိုသည်။
နဉ်ရွှီနဲ့ ဖရဲသီးစားခြင်းစနစ်တို့က "တကယ်လို့ ဝူမိသားစုခေါင်းဆောင်သာ သိရင် သူ့ရဲ့မိုက်မဲတဲ့ မျိုးဆက်ကို ဆူပူကြိမ်းမောင်းလိမ့်မယ်ထင်တယ်။" ဟု သရော်လိုက်ကြသည်။
ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲရှိ ရတနာများသည် ဝူမိသားစုခေါင်းဆောင်၏ အသားတင်ပိုင်ဆိုင်မှုထက် ထက်ဝက်မက ရှိပေလိမ့်မည်။ အားလုံးကို သယ်ထုတ်သွားရန်မှာ သိသာစွာပင် လက်တွေ့မကျပေ၊ ဝူမိသားစုခေါင်းဆောင်က အားလုံးရွေးနိုင်သည်ဟု ပြောခဲ့သော်လည်း အကယ်၍ သူမသာ အကုန်ယူလိုက်လျှင် ယခုရှိနေသော ရင်းနှီးမှုလေးမှာ ပျောက်ကွယ်သွားပေလိမ့်မည်။
အကုန်သယ်သွားရန် မလိုအပ်သော်လည်း ပိုတန်ဖိုးရှိပြီး အသုံးဝင်သော ပစ္စည်းအနည်းငယ်ကို ရွေးချယ်ရန် လိုပေသည်။
ဖရဲသီးစားခြင်းစနစ်သည် အထဲရောက်သည်နှင့် အလွန်ပင်စိတ်လှုပ်ရှားနေသည်။
နောက်ဆုံးတွင် သူနှင့် ချည်နှောင်ထားသော Hostမှာ မကြာမီ ညတွင်းချင်း ချမ်းသာတော့မည် မဟုတ်ပါလား။
[Host၊ ဒါလေးကိုယူ၊ ပြီးတော့ ဒါကောပဲ။ အကောင်းဆုံး ခံစစ်မှော်လက်နက်ပဲ၊ ပုံစံက အမွှေးနံ့သာအိတ်ပုံစံဆိုတော့ သယ်ရတာ အရမ်းအဆင်ပြေနေရောပဲ။]
[Host၊ ဒီဆံထိုးလေးက အရမ်းလှတယ်၊ ဒါလည်း ခုခံရေး အမျိုးအစားပဲ၊ နင်နဲ့ တကယ်လိုက်တယ်။]
[Host၊ Host၊ အဲ့ဒါလေးကော......]
ဝူမိသားစုခေါင်းဆောင်၏ ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲတွင် ရတနာပေါင်း ၁၀၀ခန့် ရှိသည်။ နဉ်ရွှီသည် အခု ၂၀ လောက်သာ ယူရန်စီစဉ်ထားသည်။ မှန်ပေသည်၊ ဤရတနာအခု၁၀၀ထဲမှ တန်ဖိုးအရှိဆုံး ၆ခုကို သူမက တစ်ခါတည်း ယူထားလိုက်သည်။
ကျန်နေသည့် ပစ္စည်းများနှင့် ပတ်သတ်ပြီး...... နဉ်ရွှီသည် ပြတင်းပေါက်နားရှိ ရတနာထားရာစင်ပေါ်တွင် သေးငယ်ပြီး လက်ရာမြောက်သည့် အိုးလေးတစ်လုံးကို တွေ့လိုက်သည်။ တစ်အိုးလုံးက မည်းနက်နေပြီး လက်သီးဆုပ်ခန့်သာရှိကာ ၎င်းအပေါ်တွင် အသက်ဝင်လှသော နဂါးနက်တစ်ကောင်ကို ပုံဖော်ထွင်းထုထားပြီး နေရောင်က နဂါးနက်အပေါ် အလင်းပြန်လာချိန်တွင် နဂါးက ပျံတက်တော့မယောင်ပင်။
သူမက အိုးကို ကိုင်ကာ မဆော့ကစားကြည့်ဘဲ မနေနိုင်ပေ။
စိတ်ကူးထားသလို အေးစက်မနေဘဲ ထိုအိုးသည် နွေးထွေးသည့် အထိအတွေ့နှင့် ကိုင်ရသည်မှာ ကောင်းမွန်လှသည်။ သူမက ဖြူစင်သောကျင့်ကြံသူကို လှည့်ကြည့်လိုက်ပြီး "ရှင် ဒါကို သဘောကျလား"
သူမ အိုးကို ကိုင်လိုက်သည်ကို မြင်သည်နှင့် ဖရဲသီးစားခြင်းစနစ်က ချက်ချင်းပင် မိတ်ဆက်ပေးလိုက်သည်။ [ဒါက ဝူမိသားစုခေါင်းဆောင် ငယ်ရွယ်ချိန်တုန်းက လျှို့ဝှက်နယ်မြေတစ်ခုကနေ ယူလာခဲ့တာလေ။]
[သူက ဒီရတနာကို စစ်ဆေးဖို့ လူအများကြီးကို ရှာခဲ့ပေမဲ့ ကြည့်ကောင်းရုံပဲရှိတဲ့ သာမန်အိုးတစ်လုံးဆိုပြီး အဖြေထွက်လာတယ်။]
နဉ်ရွှီက တစ်ခဏမျှ ကြောင်အမ်းသွားပြီး ဖရဲသီးစားခြင်းစနစ်ကို "သာမန်အိုးလား။ ဒါဆို ဖြူစင်သောကျင့်ကြံသူအတွက် မဟုတ်တော့ဘူးပေါ့။"ဟု ဆိုလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က သူမကို တားဆီးရန် အလုပ်ရှုပ်သွားသည်။ [ဒီအိုးရဲ့ ကုန်ကြမ်းနဲ့ မူလအစကို ဘယ်သူမှ မခွဲခြားနိုင်ပေမဲ့ ဝူမိသားစုခေါင်းဆောင်ကတော့ ဒါက ပစ္စည်းကောင်းပဲနေမှာလို့ ဆုံးဖြတ်ပြီးတော့ သူ့ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲ ထည့်ထားခဲ့တာ။]
[တကယ်က ဒါဟာ တကယ့်ပစ္စည်းကောင်းလေးလေ။ သူသုံးထားတဲ့ အဓိကကုန်ကြမ်းက ကြယ်သံရိုင်းပဲ၊ အဲ့ဒီဟာက အင်မတန် ရှားပါးပြီးတော့ နှစ်ပေါင်းထောင်ချီအောင် တူးဖော်လို့မရနိုင်ဘူး။]
[ဒီသံရိုင်းက အိုးကို အပူချိန် တည်ငြိမ်အောင် ထိန်းပေးနိုင်တယ်၊ မတူညီတဲ့ မီးနဲ့ လောင်ကျွမ်းရင်တောင် ပေါက်ကွဲသွားမှာ မဟုတ်ဘူး၊ ချက်ပြုတ်ဖို့နဲ့ ခံစစ်အတွက်ပါ သုံးလို့ရတယ်။]
[ဒါက နှစ်ပေါင်းထောင်ချီ နေပြီဆိုပေမဲ့၊ ဒီနှစ်တွေအတွင်းမှာ လူသားမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်ကြားက ရုန်းရင်းဆန်ခတ်တိုက်ပွဲတွေကို ကြုံခဲ့ရသလို ငြိမ်းချမ်းတဲ့ ကာလတွေကိုလည်း ကြုံခဲ့ရတယ်၊ သခင်အမျိုးမျိုးနဲ့ တွေ့ခဲ့ရတဲ့အတွက် မရေမတွက်နိုင်အောင် လက်ပြောင်းလက်လွှဲ ဖြစ်ခဲ့ပြီးပြီ။]
[ဒါက အသက်ဝင်တော့မှာလေ။]
အတွေ့အကြုံများစွာရှိသော အိုးတစ်လုံးဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဖရဲသီးစားခြင်းစနစ်၏ မိတ်ဆက်ပေးမှုကို ကြားပြီးနောက် ၎င်းမှာ အမှန်ပင် ပစ္စည်းကောင်းတစ်ခု ဖြစ်ကြောင်း နဉ်ရွှီ သဘောပေါက်သွားသည်။
သူမက အိုးကိုယူလိုက်ပြီး ဖြူစင်သောကျင့်ကြံသူထံ ချဉ်းကပ်ကာ "ဒီဟာက ကောင်းတယ်၊ ရှင်နဲ့ အရမ်းလိုက်ဖက်တယ်လို့ ကျွန်မထင်တယ်။ ရှင်ကော ဘယ်လိုထင်လဲ" ဟု ပြောလိုက်သည်။
[ဝူးဝူး၊ ငါ့ရဲ့ ဖြူစင်တဲ့ကျင့်ကြံသူလေးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝယ်ထားတဲ့ ရိုးရိုးအိုး ရာပေါင်းများစွာကို သုံးနေရတာတုန်းလေ။]
[အဲ့ဒီသာမန်အိုးက သူ့လက်ထဲမှာဆိုရင် ရိုးရိုးသာမန်မဟုတ်တော့ပေမဲ့ အဲ့လောက်ဈေးပေါတဲ့အိုးက သူနဲ့လုံးဝမတန်ဘူး။]
နောက်ဆုံးတွင် ဖရဲသီးစားခြင်းစနစ်သည် အသံ တိမ်ဝင်သွားပြီး အသံအက်သွားသည်။
နဉ်ရွှီက အလေးအနက် တွေးလိုက်သည်။ "လက်ရှိသုံးနေတဲ့အိုးက သူနဲ့ တကယ်မတန်ဘူး။"
သူမ၏ အသင်းဖော်များအနေဖြင့် အကောင်းဆုံးကိုသာ သုံးရပေမည်။
ဖြူစင်သောကျင့်ကြံသူသည် သူ့မျက်လုံးထဲက အပြုံးကို ဖုံးကွယ်ရန် မျက်လွှာချလိုက်ပြီး "မင်းပြောတာကို နားထောင်ပါ့မယ်။" ဟု ဆိုလိုက်သည်။
ထို့နောက် သူသည် တိုက်ရိုက်ပင် သွေးစက်ချ၍ သခင်အဖြစ် အသိအမှတ်ပြုလိုက်သည်။
ဒုတိယသခင်လေး: !!
သခင်အဖြစ် အသိအမှတ်ပြုလိုက်တာလား။ အဲ့ဒီအိုးက...... သူတောင် စိတ်လှုပ်ရှားသွားတယ်။
ကြယ်သံရိုင်းနော်၊ အဲ့ဒါက ကျင့်ကြံခြင်းလောကရဲ့ ပြဌာန်းစာအုပ်တွေထဲမှာ ရှိတဲ့ အကောင်းဆုံး လက်နက်သန့်စင်တဲ့ ကုန်ကြမ်းကြီးလေ။
အဲ့ဒီထူးဆန်းတဲ့ အသံပြောတာ မှန်တယ်၊ ကြယ်သံရိုင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်ကတည်းက တူးဖော်လို့ မရတော့တာပဲ။ ဒဏ္ဍာရီဆန်လုနီးပါးတောင် ဖြစ်နေပြီ။
မရေမတွက်နိုင်တဲ့ လက်နက်သန့်စင်သူတွေ လိုချင်တပ်မက်နေကြတဲ့ ကုန်ကြမ်းဆိုပေမဲ့ သူ့အဖိုးရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲမှာ ကြယ်သံရိုင်းနဲ့ လုပ်ထားတဲ့ ရတနာတစ်ခုကို တွေ့လိုက်ရလိမ့်မယ်လို့ မထင်ထားဘူး။
ဒါပေမဲ့ အခုတော့ ဒီရတနာလေးက တခြားသူရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားပြီ။
မနှမြောဘူးလို့ ခံစားရရင် မှားလိမ့်မယ်။ လုံးဝမနာလိုမဖြစ်ပါဘူးလို့ ပြောရင် ပိုပြီးတော့ လိမ်ရာကျလိမ့်မယ်။
ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ၊ ဒီအိုးက သူတို့ ဝူမိသားစုနဲ့ ဘာမှ မပတ်သက်ဘူးလေ။
ရေစက်မပါမှတော့ ကံပါတဲ့သူကို ပေးလိုက်တာက ရေစက်တစ်ခုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့အဖိုး မသိဘူးဆိုတော့ ဘာမှမဖြစ်သလိုပဲ ဟန်ဆောင်နေလိုက်တာ ပိုကောင်းပါတယ်။
ဖြူစင်သောကျင့်ကြံသူက အိုးကို သိမ်းလိုက်သည်အား မြင်သည်နှင့် မြင်တော့ နဉ်ရွှီက မျှော်လင့်တကြီးဖြင့် "အဲ့ဒါနဲ့ ချက်ပြုတ်လိုက်ရင် ပိုပြီး အရသာရှိနေမှာလား မသိဘူး။" ဟု ဆိုလိုက်သည်။
ဖြူစင်သောကျင့်ကြံသူက ကျောက်စိမ်းကဲ့သို့ လက်ချောင်းများဖြင့် ဤနက်မှောင်သောအိုးကို ကိုင်ထားရာ အမည်းနဲ့ အဖြူ ဆုံတွေ့မှုကြောင့် ဖော်ပြ၍မရနိုင်သော အလှတရားတစ်ခုကို ဖြစ်ပေါ်စေသည်။
သူက "ညစာအတွက် မင်းဘာစားချင်လဲ" ဟု မေးလာသည်။
"ကျွန်မ အမဲလွှာချဉ်စပ်ဟင်းရည်ပဲ ထပ်စားချင်တယ်။"
"ကောင်းပြီ"
အိုးကို ယူပြီးနောက် နဉ်ရွှီက နောက်ထပ်ရတနာ တစ်ဒါဇင်ခန့် ထပ်ရွေးလိုက်သည်။ သူမ ရွေးလိုက်သည့် ပစ္စည်းအများစုမှာ ခံစစ်မှော်လက်နက်များသာဖြစ်သည်။ ခုခံရေး ပစ္စည်းများမှာ များလေ ကောင်းလေဖြစ်သည်။ သူမ၏ များပြားလှသော အသင်းဖော်များ ရှိနေသည့်အကြောင်းကို ထည့်ပြောဖို့တောင်မလိုပေ။
မှော်လက်နက်ကို ရွေးပြီးနောက် မိသားစုခေါင်းဆောင်၏ ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲမှ ထွက်လာချိန်တွင် ဒုတိယဝူသခင်လေး၏ မျက်နှာမှာ ရှုပ်ထွေးနေသည်။ ဒီလူက တကယ့်ကို စေ့စေ့စပ်စပ် ရွေးချယ်တတ်သည်။
သူမက အဖိုး၏ ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲမှ ငါးပုံတစ်ပုံသာ ယူသွားသော်လည်း ၎င်းငါးပုံတစ်ပုံမှာ ကျန်သည့် လေးပုံထက် များစွာ သာလွန်ကောင်းမွန်နေသည်။
ဒီတစ်ကြိမ်တွင် သူ့အဖိုးက တန်ဖိုးကြီးကြီးပေးလိုက်ရသည်ဟု ဆိုရပေမည်။
သို့ရာတွင် သူတို့က အရေးကြီးသည့်ကာလအတွင်း ဝူမိသားစုအတွက် ခန္ဓာကိုယ်သန့်စင်ခြင်း ပါရမီရှင်တစ်ယောက်ကို ပို့ပေးခဲ့သည်။
ဝူလုချန်၏ ထွက်ပေါ်လာမှုက တခြားမိသားစုများကို ခြောက်လှန့်လိုက်ရုံသာမက မိသားစုအတွင်းရှိ လူများ၏ စိတ်ကိုလည်း တည်ငြိမ်စေသည်။ ၎င်းကို ဝိဉာဉ်ကျောက်တုံးများဖြင့် တိုင်းတာ၍မရပေ။
ကုန်ကုန်ပြောရလျှင် နဉ်ရွှီက နည်းနည်းပိုပြီး လောဘကြီးခဲ့လျှင်ပင် လွန်သည်ဟု မဆိုနိုင်ပေ။
သူတို့ ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲမှ ထွက်လာသည်နှင့် နဉ်ရွှီနှင့် အခြားလူများက သတင်းတစ်ချို့ကို ကြားလိုက်ရသည်။
ပထမသတင်းမှာ ဝူလုချန်၏ တည်ရှိမှုကို ပြသရန် ဝူမိသားစုခေါင်းဆောင်သည် ဆွေမျိုးမိတ်သင်္ဂဟ အမြောက်အမြားကို ဖိတ်ကြားကာ နောက်သုံးရက်အကြာတွင် တည်ခင်းဧည့်ခံပွဲတစ်ခု ကျင်းပရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ဒုတိယသတင်းမှာ ဒုတိယဝူသခင်လေး၏ ဝမ်းကွဲအစ်ကိုက တိုက်တိုက်ဆိုင်ဆိုင်ပင် အနီးအနားတွင် ရှိနေသဖြင့် ၎င်းသတင်းကို ကြားပြီးနောက် အပြေးအလွှား ရောက်လာခဲ့သည်။
တတိယသတင်းမှာ နဉ်ရွှီကို ကျေးဇူးတင်သည့်အနေဖြင့် ဝူမိသားစုခေါင်းဆောင်က သူမနှင့် သူမအသင်းဖော်များကို ညစာစားရန် ဖိတ်ကြားခြင်းပင်ဖြစ်သည်။
၎င်းကို ကြားသော် နဉ်ရွှီက သက်ပြင်းချလိုက်သည်။
"ငါတော့ ဒုတိယဝူသခင်လေးရဲ့ ဒုက္ခတောထဲ ဆွဲချခံလိုက်တဲ့ လူပျိုကြီးကို မြင်ရတော့မယ့်ပုံပဲ။"
ဖရဲသီးစားခြင်းစနစ်က စိုးရိမ်တကြီးဖြင့် ဆိုလာသည်။ [အခု အဲဒီလူပျိုကြီးအကြောင်းကို စိတ်ပူမနေနဲ့ဦး။]
[ရှင်းထောင်မြို့ မြို့တော်ဝန်ရဲ့ ဒုတိယသားက မက်မွန်နတ်ဘုရားမကို ညဘက် လည်ပတ်ဖို့ ဖိတ်လိုက်တာ။]
[နတ်ဘုရားမက သဘောတူလိုက်တယ်။]
[ဒါပေမဲ့ အဲ့ဒီလူက လူကောင်း မဟုတ်ဘူး။ သူက ယုတ်မာတဲ့ နည်းလမ်းတစ်မျိုးကို သုံးဖို့ ပြင်နေတာ။ သူက ဟန်ဆောင်တာ အရမ်းတော်လွန်းတော့ နတ်ဘုရားမကို လှည့်စားထားနိုင်တာပဲ။]
နဉ်ရွှီက တစ်ခဏမျှ ကြောင်အသွားပြီး "ဖရဲသီးကို ဖွင့်ချလိုက်၊ အခုချက်ချင်း ဖရဲသီးကို ဖွင့်လိုက်တော့။"
ထိုလူ၏ အကြံအစည် အောင်မြင်မသွားစေရန် နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်တို့က ကျင့်ဝတ်စောင့်ထိန်းနေမည်မဟုတ်ပေ။
သူမ စိတ်ထဲတွင် မနေနိုင်ဘဲ ထိုသို့တွေးလိုက်မိသည်။ ဒီတာအိုမိတ်ဆွေက ငါ့အတွက်တော့ တကယ်ကို ဆိုးတာပဲ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်၊ နင်ကလည်း လူယုတ်မာပဲဟာ၊ ဖော်ထုတ်ခံလိုက်ရတော့မှာဆိုတော့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်တယ်မလား။