အခန်း ၅၀
Vol. 4 Ch. 50
အပိုင်း ၅၀ - ကျန်းရှုယောင်အကြည့်ကိုသတိထားမိပြီး သူပြုံးပြလိုက်သည် (၂)
ယွဲ့ရှမှာ ဂါဝန်ဝတ်ကာထွက်လာပြီးနောက်တွင် ကျန်းရှုယောင်စိတ်လှုပ်ရှားရမည့်အလှည့်ဖြစ်သည်။ သူမ၏ ပုံမှန်တည်ငြိမ်မှုလေးသည် မြူးထူးပျော်ပါးခြင်းနှင့်အစားထိုးခံလိုက်ရသည်။ သူမသည် ယွဲ့ရှဘေးနားတွင် ဝိုင်းကြီးပတ်လျက် အသေးစိတ်နေရာတိုင်းကိုကြည့်ပြီး “ဝါး.....”
သူမ ထိုဒီဇိုင်းကိုရေးဆွဲခဲ့စဉ်က ယွဲ့ရှ၏ရဲတင်းပြီး ဟိတ်ဟန်ကြီးမှုကိုတွေးပြီး ရေးခဲ့သည်။ တောက်ပနေသော နေမင်းကဲ့သို့ လင်းလက်နေသော ယွဲ့ရှကို ထိုဂါဝန်နှင့် သူမ အမှန်တကယ်ပင်လိုက်ဖက်စေချင်ခဲ့သော်လည်း ထိုဂါဝန်သည် ယွဲ့ရှနှင့် အမှန်တကယ်လိုက်ဖက်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ထို့အပြင် ယွဲ့ရှ၏ အသားအရေမှာ cold tone မဟုတ်ဘဲ warm tone ဖြစ်သည်။ သူမ၏ညှပ်ရိုးများသည် နက်ဝင်နေပြီး သူမ၏ ပုခုံးနားများသည်လည်း လှပသော်လည်း ဆွဲဆောင်မှု အရှိဆုံးနေရာမှာ သူမ၏ ခြေထောက်အောက်ပိုင်းဖြစ်သည်။ သူမ၏သွယ်လျသောခြေထောက်ရှည်ရှည်များသည် စံသတ်မှတ်ချက်များနှင့်ညီသည်။ သူမ တစ်ကိုယ်လုံး တောက်ပနေသကဲ့သို့ပင်။
“ရှရှ၊ လက်ကိုဆန့်ပြီး နည်းနည်းလောက်လှည့်ကြည့်ပါလား” ကျန်းရှုယောင်သည် လုပ်သားပျားကဲ့သို့ အာရုံစိုက်နေသည်။ “အဆင်မပြေတဲ့အပိုင်းရှိလား”
ယွဲ့ရှက ကျားကျားယားယား ငုတ်တုတ်ထိုင်ချလိုက်ပြီး မရေရာစွာပြောလာသည်။ “ငါ့ရင်ဘတ်နဲ့ခါးကတော့ နည်းနည်းကျပ်တယ်”
ရှုယောင်သည် သူမ ကိုယ်တိုင်းကို မမေးခဲ့သောကြောင့် အတိုင်းအတာကို မျက်လုံးအမြင်ပေါ်မူတည်ပြီး ခန့်မှန်းပြီးချုပ်ခဲ့ခြင်းဖြစ်သည်။ ‘ရှုယောင်ငါ့ကိုကြည့်တုန်းက စူပါမော်ဒယ် effect နဲ့ ကြည့်ခဲ့တာလား၊ ရင်ဘတ်ကတော့ အဆင်ပြေပေမယ့် ခါးက ကြပ်လိုက်တာ ငါ့ပန်ကိတ်တောင်ဖြစ်တော့မယ်’
ကျန်းရှုယောင်သည် ဂါဝန်ကိုကြည့်လိုက်ပြီး ပြဿနာကိုချက်ချင်းသိသွားသည်။ သူမက ရှက်ရှက်ဖြင့်ပြောလာသည်။ “ဂါဝန်ကိုပြန်ချွတ်လိုက်ပါလား ငါချက်ချင်းပြင်ပေးမယ်”
သူမသည် ပြောနေရင်းကို တစ်ခုခုကိုသတိထားမိပုံပေါ်ပြီး မျက်နှာအမူအရာသည်ပြောင်းသွားသည်။
‘အယ် နူးညံ့လိုက်တာ’
ယွဲ့ရှ : “.....” ရှုယောင် အိပ်ငိုက်နေသည်အထင်ဖြင့် ယွဲ့ရှသည် ခေါင်းငုံ့ကြည့်လိုက်သည်။ ရှုယောင်သည် သူမ ဗိုက်ခေါက်ကို အကြိမ်ကြိမ် တို့နေသည်။ ယွဲ့ရှမှာ ခေါင်းရှုပ်သွားသည်။ [ System သူ့မှာ ဗိုက်ခေါက်ရှိတယ်မဟုတ်ဘူးလား ]
‘ရှုယောင်က ဘာလို့ သူ့ဗိုက်သူမထိတာလဲ၊ အတူတူပဲမဟုတ်ဘူးလား’
System က ဘက်လိုက်မှုမရှိပြောလာသည်။ [ ဇာတ်လိုက်မက ဘာကိစ္စဗိုက်ခေါက်ရှိရမှာလဲ ]
ယွဲ့ရှက သူမ နားလည်သွားပုံကို သေချာပြသလာသည်။ [အာ သူကောင်းကောင်းမစားရသေးလို့ ထင်တယ်၊ ငါသူစားတဲ့အစားအစားကို ထပ်တိုးပေးမှ ဖြစ်တော့မယ် အာ့မှ သူပိုကျန်းမာရေးကောင်းလာမှာ ]
System: [?]
ယွဲ့ရှတို့ မဆင်းလာသေးသောကြောင့် ယွဲ့ချင်း အပေါ်ထပ်မှအသံများကြားသောအခါ သူသည် မျက်မှောင်ကြုတ်လိုက်ပြီး အပေါ်ထပ်သို့တက်သွားပြီး အမှတ်တမဲ့ ဖြတ်သွားဟန်ဖြင့် ဧည့်သည်ခန်းရှေ့ ဖြတ်သွားသောအခါ မျက်လုံးထောင့်မှ ယွဲ့ရှကိုမြင်လိုက်ပြီး မျက်တောင်ကိုဖြေးညှင်းစွာခတ်လိုက်သည်။
‘ဘယ်သူကြီးတုန်း’
ယွဲ့ရှ၏လက်တလော ဝတ်စားပုံသည် သူ့အပေါ်ပုံရိပ်ကြီးကြီးချန်ထားခဲ့သည်။ သူ့ခေါင်းအလုပ်လုပ်ဖို့ရန် ခဏလောက်အချိန်ယူလိုက်ပြီး ငါးစက္ကန့်အကြာ၌ သူက မသေချာမရေရာစွာမေးလာသည်။ “ယွဲ့ရှလား”
တံခါးဝတွင် ကြောင်တောင်တောင်ဖြင့်ရပ်နေသော အကိုဖြစ်သူကို ယွဲ့ရှမြင်သောအခါ ချက်ချင်းကြွားလာသည်။ “မလှဘူးလား၊ ရှုယောင်က ညီမအတွက်ချုပ်ပေးထားတာ”
မော်ဒယ်တစ်ယောက်အနေဖြင့် သူမသည် ဒီဇိုင်းနာထက်ပင် ပိုကွန်ဖီးဒန့်ရှိနေသည်။ သူမ ပုံမှာ ကျန်းရှုယောင်၏လက်ရာကိုပြသရန် အိမ်ထဲမှ ခြေဗလာဖြင့် ထပြေးတော့မည့် ပုံပင်ပေါက်နေသည်။
ကျန်းရှုယောင်ကမူ ရှက်ရှက်နှင့်လက်သီးဆုပ်လိုက်ပြီး ဘာမှမပြောလာပေ။
ယွဲ့ချင်းက ညီမဖြစ်သူကိုထူးဆန်းစွာ ကြည့်လိုက်သည်။ သူသည် သူ့ညီမကို ငတုံးတစ်ယောက်လိုသာ အမြဲတစေမြင်နေခဲ့သော်လည်း သူသည် ရိုးသားစွာပြောလာခဲ့သည်။ “အေး လှတယ်”
ယွဲ့ရှက နှုတ်ခမ်းတွန့်လိုက်ပြီး ယဉ်ကျေးစွာပြန်လည်ပြောလာသည်။ “ကျေးဇူးတင်ပါတယ်”
ကောင်းသောစကားများပြောဆိုရာတွင် သူတို့သည် ထိုစကားများပြောဆိုရန် တစ်စုံတစ်ယောက်က သူတို့ခေါင်းကိုသေနတ်ဖြင့်ချိန်ထားသည့်အတိုင်း တောင့်တင်းနေကြသည်။ မောင်နှမဟု မပြောရပေ။
သို့သော် ယွဲ့ချင်းမှာ နေသားကျနေပြီဖြစ်သည်။
“ရှုယောင်၊ လှလား” ယွဲ့ရှက ရှုယောင်ကိုမေးလိုက်သည်။
ကျန်းရှုယောင်က တက်တက်ကြွကြွခေါင်းညိတ်ပြလာသည်။ “လှတယ်”
“တကယ်ပေါ့..” ယွဲ့ရှအသံ အကြိမ် ၈၀၀ ခန့် ပိုချိုမြိန်လာသည်။ “ပျော်လိုက်တာ”
ယွဲ့ချင်း : “...?...”
ယနေ့သည် ပိတ်ရက်ဖြစ်သောကြောင့် ယွဲ့မိဘနှစ်ယောက်လုံး အိမ်တွင်ရှိကြသည်။ အပေါ်ထပ်မှအသံများကိုကြားသောအခါ သူတို့သည် အသံကြားရာနေရာသို့ ခေါင်းရှုပ်စွာဖြင့်ရောက်လာကြသည်။
အလွန်မကျယ်သောအခန်းလေးထဲတွင် လူပြည့်လာသည့်အပြင် ယွဲ့တဲ့လျန်၏တင်းမာအေးစက်သော မျက်နှာထားကြောင့် ကျန်းရှုယောင်မှာ ပို၍ပင် စိတ်ဖိစီးလာခဲ့သည်။ သူဒေါသထွက်မနေသည့် အချိန်တွင်သည် သူ့ရုပ်သည် လူရှိန်စရာကောင်းသည်။ သူမ နှလုံးခုန်နှုန်းမှာမြန်လာပြီး
“အန်တီ၊ဦးလေးတို့ မင်္ဂလာပါ”
ယွဲ့တဲ့လျန်က ခေါင်းညိတ်ပြလိုက်ပြီး လီမိန်ကျူက အပြုံးလေးနှင့် ပြန်ပြောလာသည်။ “မင်္ဂလာပါသမီးလေး”
အချင်းချင်းနှုတ်ဆက်ပြီးနောက် မိဘနှစ်ယောက်လုံး ယွဲ့ရှကိုကြည့်လာကြသည်။
ယွဲ့ရှက ကလေးတစ်ယောက်လုံး ကြွားလုံးထုပ်လာသည်။ “ရှုယောက်က သမီးအတွက်ချုပ်ပေးထားတာ”
သူတို့သည် ဘာစကားမှမပြောဘဲ သူမကိုသာကြည့်လာကြသည်။
ကျန်းရှုယောင်က လက်ကိုစုပ်ထားသည်။ ‘တစ်ခုခုဖြစ်လို့လား၊ အင်္ကျီကတအားဖော်တယ်လို့ သူတို့ထင်သွားတာလား၊ ဂါဝန်က ယွဲ့ရှနဲ့မလိုက်လို့များလား’
နှစ်စက္ကန့်အကြာ၌....
လီမိန်ကျူက ယွဲ့ရှနားထိပြေးလာပြီး သူမလက်ကိုကိုင်လိုက်သည်။ “သမီးလေး ဒီနေ့လှလိုက်တာ၊ ကျန်းလေးက တော်လိုက်တာ မေမေကြည့်ပါရစေဦး”
ယွဲ့တဲ့လျန်က တိတ်ဆိတ်စွာ လက်မနှစ်ဖက် ထောင်ပြလိုက်သည်။ “လှတယ်”
အခန်းကျဉ်းလေးသည် ရုတ်တရက်ဆူညံသွားသည်။ ဆူညံအောင်လုပ်နေသူမှာ ကျန်းရှုယောင် မဟုတ်သော်လည်း သူမ၏ရင်ထဲနွေးထွေးလေးစီးဆင်းလာသလို သူမခံစားနေရ၏။
ယခုလို တက်ကြွသောအချိန်လေးတွင် သူမ ရင်ထဲမှ စိုးရိမ်ပူပန်မှုများသည်လည်းလွင့်စင်သွားသည်။ သူမသည် ရှီချင်းယင်၊လင်းဝမ်နှင့် မကောင်းသောအတွေးများ တွေးခြင်းမှာ ရပ်တန့်သွားသည်။ သူမစိတ်ထဲတွင် အတွေးတစ်ခုသာရှိသည်။ ‘အာ ငါတစ်ခုခုကို သေသေချာချာလုပ်နိုင်ခဲ့တာပဲ’
လီမိန်ကျူသည် ဆက်လက်စကားပြောနေဆဲပင်။ “ကြည့်ပါဉီး သမီးရဲ့ချစ်စရာဗိုက်ခေါက်လေး၊ သမီးအရမ်းလှတယ် လာလာ ဓာတ်ပုံရိုက်ရအောင် ရှုယောင်လည်းလာခဲ့”
ယွဲ့တဲ့လျန် : “ အဖေဓာတ်ပုံရိုက်ပေးမယ်”
ကျန်းရှုယောင်က ပြုံးလိုက်ပြီး “ဟုတ် သမီးက ရပါတယ်”
ဤကဲ့သို့ ပျော်ရွှင်ဖွယ်တက်ကြွလန်းဆန်းသောလေထုလေးသည် အလွန်တရာမှ နှစ်လိုဖွယ်ကောင်းလှသည်။
ကျန်းရှုယောင်ထိုသို့တွေးပြီးပြုံးလျက် လှည့်လိုက်ချိန် မျက်လုံးထောင့်မှ တည်ရှိမှုအားနည်းသော တစ်ယောက်ကိုမြင်လိုက်သည်။ ထိုလူသည် ဤအခြေအနေတွင် ကလန့်ကလားဖြစ်နေသည်။
လူတိုင်းထံမှ လျစ်လျူရှုခံထားရသော ယွဲ့ချင်းသည် ထောင့်တွင် ငြိမ်သက်စွာရပ်နေသည်။ သူသည် စကားဝိုင်းထဲ ဝင်ရန်ကြိုးစားသော်လည်း ခဏခဏ ကျရှုံးနေသည်။ သူ၏မျက်နှာအမူအရာသည် တည်ငြိမ်လာပြီး သူ့အကြည့်များရှင်းလင်းလာပုံမှ လူ့လောကမှထွက်သွားပြီး ဘုန်းကြီးဝတ်တော့မည့်ပုံနှင့်ပင်တူနေသည်။ ကျန်းရှုယောင်၏အကြည့်ကိုမြင်သောအခါ သူက ခြောက်သွေ့စွာပြုံးပြလိုက်သည်။
‘ဟက် ငါက နေသားကျနေပါပြီ’