အခန်း ၅၂
Vol. 4 Ch. 52
အပိုင်း ၅၂ - ဒါက တန်ဖိုးကြီးလွန်းတယ် (၂)
ယွဲ့မိသားစု၀င်များတွင် တမူထူးခြားသော အငွေ့အသက်ရှိသောကြောင့် လူကြားထဲတွင် ထင် ပေါ်ကြသည်။ ယွဲ့ရှကိုစီးပွားရေးဆိုင်ရာ ညစာစားပွဲသို့ ခေါ်လာမည်ဟု မည်သူကထင်ထားမည်နည်း။ အနက်ရောင်ပွဲတက်၀တ်စုံကို၀တ်ဆင်ထားသော ယွဲ့မိသားစု၀င်သုံး ယောက်ကြားတွင် ယွဲ့ရှမှာ တောက်ပနေသောနေကြာပန်းလေးနှင့်ပင် တူနေလေသည်။
လူအများစုသည် သူတို့၏ ဒီဇိုင်းများ၏ အလှပဆုံးပုံစံကို ပြသနိုင်ဖို့ရန် မော်ဒယ်များကို သိသာထင်ရှားမှုများများစားစားမရှိသော အ၀တ်ချိတ်များလို ဖြစ်စေချင်ကြသည့် အလျောက် မော်ဒယ်များ၏ ခန္ဓာကိုယ်စံသတ်မှတ်ချက်မှာ မြင့်မားလှသည်။ သို့သော် ယွဲ့ရှ၏ တောက်ပနေသော ပုံစံမှာ လူများအား သူမ၏အပြစ်အနာအဆာများအပေါ်ကျော်ကြည့်သွားစေသည်။
အယ်ဒီတာချုပ် : "...."
'ဘာလို့ငါအဲ့ဂါ၀န်ကိုတအားရင်းနှီးနေသလိုခံစားနေရပါလိမ့်'
' အဲ့တာ ပြိုင်ပွဲ အတွက်ပြုလုပ်ထားတဲ့ အခြေခံမူကြမ်းပုံစံဂါ၀န်မလား၊ အဲ့ဒါက ဘာလို့ ဒီလောက်တောင်ထည်ဝါတဲ့ ပုံစံထိ ပြောင်းသွားရတာလဲ၊ ဘာတွေဖြစ်ကုန်တာလဲ'
ကျွင်းရှောင်ဟန်မျက်နှာမှာဖြူ ဖျော့သွားသည်။ သူမသည် လက်ထဲမှခွက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး စိတ်ဖိစီးမှုကြောင့် အသက်ရှူနှုန်းနှင့်နှလုံးခုန်နှုန်းမှာ မြန်လာခဲ့သည်။
' သူကဘာလို့ ရောက်လာတာလဲ၊ သူဘယ်လိုစိတ်နဲ့လာရဲတာလဲ'
' အရှက်မရှိဘူးလား ခုက လူ့တံတွေးခွက်မှာမျောပြီး အိမ်မှာပုန်းနေရမှာလေ'
အယ်ဒီတာချုပ်မှာ အသိပြန်၀င်လာကြီး ကျွင်းရှောင်ဟန် အစောတုန်းကပြောခဲ့သောစကားများမှာ မှန်ပုံပေါ်သည်ဟု တွေးလာသည်။
သူက သူမကိုပဟေဠိဆန်စွာ ကြည့်လာပြီး "မစ်ကျွင်းပြောတာ တကယ်မှန်တယ်ဗျ ကျွန်တော်သာသူ့ကို အပြင်မှာ မမြင်ဖူးရင် ဒီလိုဖြစ်မယ်လို့တောင်ထင်မှာ မဟုတ်ဘူးဗျ"
'မစ်ကျွင်းရူးနေတာလားမသိ၊ သူကဘာလို့ သူ့ပြိုင်ဘက်ကို လူသိများအောင်ပိုလုပ်နေတာလဲ'
ယခုတစ်ခါသည် ယွဲ့ရှအတွက် ပထမဆုံးအကြိမ် အရေးကြီးသောဆိုရှယ်ပါတီများကို တက်ရောက်ခြင်းဖြစ်သည်။
ယွဲ့ရှသည် သူမကိုလာနှုတ်ဆက်သောသူများကိုပြုံးပြပြီး ရွှင်ရွှင်ပျပျဖြင့် လုပ်ငန်းကဒ်များကို ပေးနေသည်။ တစ်ဖက်လူများမှာ လုပ်ငန်းကဒ်များကို ဘုမသိဘမသိဖြင့် လက်ခံလိုက်ရသည်။ သူတို့သည် ထိုကဒ်မှာသူမ၏လုပ်ငန်းကဒ်ဟုထင်သော်လည်း ကဒ်ပေါ်တွင် ရေးထားသည်မှာ စာလုံးသုံးလုံးဖြစ်နေသည်။
ဒီဇိုင်းနာ: ကျန်းရှုယောင်
လူအားလုံး : "...."
' ကောင်မလေး နင်ကထူးဆန်းလိုက်တာ'
' သူနဲ့ကျန်းရှုယောင်က ယောက်ျားတစ်ယောက်တည်းကိုဝိုင်းလု နေကြတာမဟုတ်ဘူးလား၊ သူတို့ရဲ့ရန်ငြိုးတွေကို အဆုံးသတ်လိုက်ပြီလား'
' မဟုတ်မှသူတို့ကြားက အတင်းအဖျင်းက မှားနေတာများလား၊ ဖြစ်နိုင်ပါတယ်လေ ကောလဟာလဆိုတာ နေရာတိုင်းကိုလွင့်တတ်တဲ့ အမျိုးပဲဟာ'
ကျွင်းရှောင်ဟန်သည် မျက်နှာဖြူဖျော့စွာဖြင့် ခေါင်းငုံ့ချလိုက်သည်။ သူမကိုနားကို ကပ်လာသော ယွဲ့ရှကိုကြည့်ရင်း သူမ၏နှလုံးခုန်နှုန်းများမှာ တဒုန်းဒုန်းမြည်နေ၏။
'ဒီနားကိုမလာနဲ့ ဒီနားကိုမလာနဲ့'
ယွဲ့ရှမှာပြုံးလျက် သူမနားမှဖြတ်သွားပုံမှာ သူမမှာ မတည်ရှိသည့်အတိုင်းပင်ဖြစ်သည်။
ကျွင်းရှောင်ဟန်စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချမိချိန် မရှင်းပြနိုင်သောဒေါသစိတ်မှာ သူမ ရင်ထဲတွင် ထိုးထွက်လာသည်။
' သူကဘာလို့ ငါ့ကို အရေးမစိုက်တာလဲ၊ ငါကအောက်ခြေရောက်နေလို့ အဖက်မလုပ်တာလား၊ အခြားမိန်းမလို လူမျိုးတွေက သူများနဲ့တူကိုတူမနေတာ၊ သူ့စိတ်ကိုကလေ.....'
"ငါနင့်ကိုကျော်သွားမယ်လို့ ထင်နေတာလား"
ယွဲ့ရှ၏တည်ငြိမ်သောအသံကို သူမ အပေါ်မှ ကြားလိုက်ရသည်။ ကျွင်းရှောက်ဟန်က တုန်ရီစွာဖြင့် အပေါ်သို့ကြည့်လိုက်သည်။
သူမသည် သူမကိုယ်သူမ အမှန်တရား၏ ဘက်တော်သားနှင့် အမှန်တရားအတွက် အပြစ်ပေးသူလိုလိုနေနေခဲ့သည်။ သို့သော် ယခုအချိန်တွင် ပြစ်မှုရှိနေသူမှာ သူမကိုယ်တိုင် ဖြစ်နေခဲ့သည်။
ယွဲ့ရှသည် သူမထက် ခေါင်းတစ်လုံးပိုရှည်သည်။ ယွဲ့ရှက သူမကိုကြည့်နေချိန် သူ၏မျက်လုံးများသည် အေးစက်ပြီးမဲနက်နေသည်။
"တစ်ခုခုလိုတာများရှိလို့လား"
ကျွင်းရှောင်ဟန်သည် ဘေးပတ်ပတ်လည်စပ်စုလိုသော မျက်လုံးများကိုသတိထားမိပြီး သူမကိုယ်သူမ အတွက်ရပ်တည်လိုက်သည်။ " ငါနင့်ကို သိပ်မသိသလိုပဲ"
"နင်က ငါနဲ့တောင်သိပ်မသိဘဲနဲ့ ငါ့နာမည်ကိုညစ်ပတ်အောင်လုပ်တယ်ပေါ့လေ" ယွဲ့ရှက ဖြေးဖြေးချင်း ပြောလာသည်။ " ငါတို့သာ ရင်းနှီးမယ်ဆို ငါ့ကို ဆီပူထဲထည့်ကြော်မလားဘဲ"
ယွဲ့ရှ အမြင်တွင် ကောင်မလေးအများစု၏ဗီဇမှာ မဆိုးကြပေ။ ထို့ကြောင့် သူမက ကျွင်းရှောင်ဟန် ကို အခွင့်အရေးနှစ်ကြိမ်ပေးခဲ့သော်လည်း သူမ၏အပြုအမူများကို အမြဲသည်းခံနေမည်ဟု မဆိုလိုပေ။
ယခုတစ်ခါမှ သူမ၏နောက်ဆုံးသည်းခံနိုင်စွမ်း ဖြစ်သည်။ နောင်တွင် ပိုမိုသော လုပ်ရပ်ကို မလုပ်နိုင်စေရန် ယခုကတည်းက သင်ခန်းစာ ပေးထားရမည်။
ကျွင်းရှောင်ဟန်: " ငါပြောတာ မှားလို့လား၊ နင်ငြင်းချင်ရင် ငြင်းလို့ရတာပဲလေ၊ နင်သာ ဖြူစင်နေမယ်ဆိုဘာ တွေများ ဒေါသထွက်စရာရှိလို့လဲ"
ယွဲ့ရှ ပြန် မပြောပေ။ သူမက ကျွင်းရှောင်ဟန်ကို တိတ်ဆိတ်စွာ ကြည့်နေလိုက်ပြီးနောက် ပြုံးလိုက်သည်။
" အရှက်မရှိသူများယောက်ျားကို လိုက်ကပ်နေတဲ့ ပြည့်တန်ဆာလိုအခြားမိန်းမ"
ယွဲ့ရှက ကွန်မန့်များကို ဖြေးဖြေးချင်း ရွတ်ပြ နေသည်။ " ငါနင့် ဗီဒီယိုကို အစအဆုံးကြည့်ပြီးသား အစအဆုံး နင်အဲ့လိုစကားတွေသုံးပြီး ပြောခဲ့တာ၊ ပိုထူးဆန်းတာဘာလဲသိလား နင်က အဲ့စကားတွေကို ငါ့ကိုပဲ ပြောခဲ့တာ၊ အဲ့ကိစ္စထဲပါတဲ့ ယောက်ျားကကော၊ သူက ရှိသေးတာလား"
ကျွင်းရှောင်ဟန် မှာ တောင့်ခဲသွားပြီ ဘာပြန်ပြောရမည်ကိုပင် မသိတော့ပေ။
"နင်ငါ့ကို ဘာလို့ အဲ့လောက်မုန်းနေလဲ ငါစဉ်းစားနေတာကြာလှပြီ၊ ငါသူ့ကိုလိုက်ခဲ့ပြီး အငြင်းခံရတာကို မရှက်တဲ့အပြင် ပါတီတွေတောင် ငါမျက်နှာပြောင်ပြောင်ဘဲ တက်ခဲ့တာလေ၊ နင့်အမြင်မှာဆို မိန်းမကောင်းတစ်ယောက်ဖြစ်ချင်ရင် ငိုမဲ့မဲ့မျက်နှာနဲ့ ကိုယ့်အမှားကိုကိုယ် အိမ်မှာ နေပြီး သုံးသပ် နေရမှာမလား၊ ဟုတ်တယ်မလား"
ပြီးတော့ ရှန်းယုက ငါ့အကြောင်းကို မေးလို့လား၊ လင်းရှူကကော ငါ့အပေါ်စိတ်၀င်စားပုံပေါက် နေလို့လား၊ အဲ့ဗိုလ်ကေနဲ့ကောင် ရွံ့စရာစကားကို ချီးကျူးတာလို့မြင်ပြီး ငါကကောင်းတဲ့စကားတွေနဲ့ မထိုက်တန်တဲ့သူလို့ နင်ထင်လို့လား"
ယွဲ့ရှအသံမှာ မကျယ်ဘဲတည်ငြိမ်နေသော်လည်း ကျွင်းရှောင်ဟန်မှာ သူမ၏နှလုံးကို ဓားသွားများ အကြိမ်ကြိမ်ထိုးစိုက်နေသလိုခံစားနေရပြီး စူးရှရှအသံဖြင့် ပြောလိုက်သည်။
" နင်.....နင်.....ဘာတွေ ပြောနေတာလဲ၊ "
သူမက ရှက်ပြီး မျက်နှာမလွဲခင်အထိ ယွဲ့ရှ သူမကို စိုက် ကြည့် နေခဲ့သည်။
တစ်ခါတစ်ရံကျလျှင် မည်သည်ကြောင့် လူများကစက်ဆုတ်ဖွယ်ရည်ရွယ်ချက်ဖြင့် ရောနေသော ဆန့် ကျင်ဘက်လိင်ထံမှ ကြိုက်နှစ်သက်မှုကို အဘယ်ကြောင့် အလွန်တောင့်တနေသည်ကို ယွဲ့ရှနားမလည်ပေ။ ထို ချစ်ခြင်းအတုနောက်ကိုလိုက်ရင်း လူများသည် ကိုယ့်ကိုကိုယ် ဖျက်စီးမိကြပြီး ဘေးနားမှလူများနှင့်ပြဿနာတက်ကြသည့်အပြင် မုန်းတီးစိတ်များကိုလည်းစုမိကြသည်။
" လူတိုင်းက နင့်လိုမဟုတ်ဘူးဆိုတာပဲ ငါပြောမယ် နင့်ကိုလေ ငါတကယ်သနားမိတယ်သိလား"
ယွဲ့ရှက ထိုစကားနောက်ဆုံး ပြောခဲ့ပြီး လှည့်ထွက်သွားသည်။
ကျွင်းရှောင်ဟန်မှာ သွားတကြိတ်ကြိတ်ဖြင့် သူ၏မျက်နှာမှာလည်း ဒေါသကြောင့်နီရဲနေ၏။ လက်သီးအလွန်ဆုပ်ထားသောကြောင့် သူမ၏ လက်သည်းရှည်များသည် လက်ဖဝါးထဲသို့ စိုက်၀င်နေပြီး ထိုနေရာတွင် သူမ တော်တော်ကြာသည်အထိရပ်နေမိသည်။