အခန်း ၅၈
Vol. 4 Ch. 58
အပိုင်း(၅၈)
မူလဇာတ်လမ်းတွင် ကျန်းရှုယောင်သည် အစတွင် ဆရာမဖြစ်ပြီး နောက်ပိုင်းတွင် ဇာတ်လိုက်၏ပိုင်ဆိုင်လိုစိတ်ကြီးမှုကြောင့် သူမသည် ဒုတိယအဆင့်ရာထူးဖြင့်သာ ရပ်တန့်လိုက်ရပြီး စာသင်ကြားစဉ်တစ်လျှောက် ပန်းချီပြပွဲနှစ်ခုသာ လုပ်ခဲ့ရသည်။
ကျန်းရှုယောင် စာသင်ကြားခြင်းကို မနှစ်သက်ခြင်းမဟုတ်ပေ။ သူမသည် သူမ လုပ်သမျှကိစ္စတိုင်းကို အလေးအနက်ထားပြီး လုပ်သောကြောင့် ကျောင်းသား/သူများကလည်း သူမကို ချစ်ကြသည်။ သို့သော် သူမ၏ဇာတ်လိုက်အတွက် အနိမ့်ဆုံးလုပ်ပေးနိုင်စွမ်းမှာ ကြာလေနိမ့်လေဖြစ်လာပြီး လူလည်း ထုံထိုင်းလာကာ သူမ သတိထားမိချိန်တွင် သူမသည် အချုပ်ချသလိုဖြစ်သွားပြီး လုံး၀မလွတ်မြောက်နိုင် တော့ပေ။
" အဲ့တော့ နင်ဘာ ပြန်ပြောလိုက်လဲ" ယွဲ့ရှက မေးလာသည်။
ကျန်းရှုယောင် အကြည့်လွှဲလိုက်ပြီး မျက်လုံးစဉ်းလျက် ခေါင်းခါပြလာသည်။
သူမ ငြင်းခဲ့သည်။
သူမသည် ထိုချိန်က လက်ထောက်ဒီဇိုင်းနာကဲ့သို့ ယွဲ့ရှ၏စိတ်ပျက်စွာ တုန့်ပြန်မှုကို စောင့်နေသော်လည်း အချိန်ငါးစက္ကန့်ခန့်ကြာပြီးနောက် ယွဲ့ရှသည် တက်ကြွနေဆဲ အသံဖြင့် " ဘာလို့လဲ" ဟု မေးလာသည်။
ကျန်းရှုယောင်က ရုတ်တရက် ခေါင်း မော့လာပြီး သူမကို တည့်တည့်ကြည့်လာပြီး နောက် ခေါင်းစောင်းလိုက်သည်။
ယင်းမှာ လုံး၀ဥဿုံသံသယ၀င်ခြင်းသာဖြစ်ပြီး အခြားရည်ရွယ်ချက်မပါပေ။
သူမသည် တွန့်ဆုတ်နေပြီးနောက် သူမ၏ အတွေးများအားလုံးကို ပြောပြလာသည်။ "ငါ့ကိုယ်ငါ အရည်အချင်း မပြည့်မှီသေးဘူးထင်လို့ ဌာနချုပ်က ဒီဇိုင်းနာတွေက အရမ်း အရမ်း တော်ကြတာ၊ ငါ ကအရင်က ဒီဇိုင်းပိုင်းကို သင်မှမသင်ဖူးတာ ငါက ခုမှ တက်သစ်စပဲရှိသေးတာ၊ နောက်တစ်ခါ ငါမှာရှိတဲ့အဆင့်နဲ့မလုံလောက်တော့ရင် ဘယ်လိုလုပ်မလဲ၊ ငါစဉ်းစားလေ စဉ်းစားလေ စိတ်ထဲနေလို့မ ကောင်းတော့လို့ ငြင်းလိုက်တာ"
"ဟုတ်လား၊ ဘာမှမဖြစ်ပါဘူး နောက်ကျ နောက်ထပ်အခွင့်အရေးတစ်ခုရလာနိုင်တာပဲ လေ" ယွဲ့ရှက ပြန်ပြောလာသည်။
တစ်လမ်းလုံးတိတ်ဆိတ် နေခဲ့သည်။
သူမသည် ကျန်းရှုယောင်နှင့်အတူ လမ်းဖြတ်ကူးနေပြီး သူတို့နောက်လမ်းဆုံသို့ ရောက်သောအခါ သူမ ရုတ်တရက် စိတ်လေးလံလာသလို ခံစားရပြီး သူမ မသိလိုက်ခင်မှာပင် နောက်သို့လှည့်မိလိုက်သည်။
"ဒါပေမယ့် ဒါပေမယ့်"
ကျန်းရှုယောင်သည် ယွဲ့ရှ လက်ကောက်၀တ်ကိုကိုင်ပြီး ရပ်နေဆဲပင်။ သူမသည် ယွဲ့ရှကို မကြည့်ဘဲ မျက်နှာနီရဲလျက် မြန်မြန်ပြောလာသည်။ " ငါ တောင်းပန်ပါတယ် ငါလေ ဒီ အခွင့်အရေးကို လက်မလွှတ်ချင်ဘူး ဒီလို အခြေအနေဆိုရင်တောင်မှ ငါ လက်မလွှတ်ချင်ဘူး၊ အဲ့ဒါကြောင့် ငါသူပေးတဲ့ အလုပ်လျှောက်လွှာယူခဲ့တာ ငါ တွေးမိတာလေ အခုတောင် သူတို့ဘက်က တုန့်ပြန်လာပြီဆိုတော့လေ ငါ ကောင်းကောင်းလုပ်နိုင်မှာပါ့နော်"
"ယွဲ့ရှ" သူမက အသက်တစ်ချက်ရှူလိုက်ပြီး ခေါင်းမော့ပြီးနောက် တိုးတိုးလေး ပြောလာသည်။ " နင်ငါလုပ်နိုင်မယ်ထင်လားဟင်"
သူတို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်သည်။ သူမအတွက်ထိုကဲ့သို့ စကားကြီးကြီးပြောလာခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။ သူမမှာ စိတ်လှုပ်ရှားလွန်းသောကြောင့် တစ်ကိုယ်လုံးရှိ သွေးများဆူပွက်လာသည်ဟုပင်ခံစားနေရသည်။ သို့သော် သူမ မတုန့်ပြန်နိုင်ခင်မှာပင် ယွဲ့ရှက သူမ လက်ကောက်၀တ်ကိုဖျတ်ခနဲဆွဲယူလိုက်ချိန် နွေးထွေးမှုများသည် သူမ၏လက်ချောင်းထိပ်မှတစ်ဆင့် တစ်ကိုယ်လုံးအနံ့ စီးဆင်းသွားသည်။
"လုပ်နိုင်တာပေါ့ ဘာလို့မလုပ်နိုင်ရမှာလဲ နင်လုပ်နိုင်တယ်၊ နင်သာ မကြိုးစားကြည့်ဘူးဆိုရင် နင် ဘယ်လောက်တော်လဲဆိုတာ နင်သိမှာမဟုတ်ဘူး" ယွဲ့ရှက ဂုဏ်ယူစွာ ပြောပြလာ၏။
သူမ ထိုအပိုင်းကို သေချာစွာမသိသော်ငြား သူမသည် ရှုယောင်အတွက် ဂုဏ်ယူကြောင်းကို ယုံကြည်မှုရှိရှိဖြင့် ပြောလာခဲ့သည်။
ကျန်းရှုယောင်က ယွဲ့ရှကိုကြောင်တောင်တောင်ဖြင့် ကြည့်ပြီး စိတ်သက်သာရာရစေသော ဆေး သောက်လိုက်သည့်နှယ် စိတ်ငြိမ်သွားသည်။ "အွမ်း"
'ဘာမှ မပြောင်းလဲဘူးဆို ထပ်ကြိုးစားမယ်'
'ဒီအခွင့်အရေးသာပြန်ရမယ်ဆို အကြိမ်ကြိမ်ကြိုးစားမယ်'
ဆယ်မိနစ်ကြာပြီးနောက်
"ရှရှ" ကျန်းရှုယောင်သည် ဘတ်စ်ရပ်နားရာတွင်ရပ်နေသည်။ ယခုတစ်ခါ ခေါင်းရှုပ်ရမည့်သူမှာ သူမဖြစ် နေသည်။ " ငါတို့ပြန်တော့မှာမလား"
"ဟုတ်တယ်လေ" ယွဲ့ရှက ဘတ်စ်ကားလမ်းညွှန်ကိုဖတ်ဖို့ ရုန်းကန် နေရသည်။ " ဒါရိုက်ဘာလင်းက ဒီနေ့ ခွင့်ယူထားတယ်လေ၊ အဲ့ဒါ ကြောင့် ဘတ်စ်ကားစီးတာ ပိုကောင်းမလားလို့"
ကျန်းရှုယောင်အတွက်မူ အိမ်ပြန်ဖို့ရန် မိနစ်လေးဆယ် လမ်းလျှောက်ရမည်ဆိုလျှင်တောင်မှ အဆင်ပြေသည်။ သို့သော် ယွဲ့ရှတစ်ယောက် ငါးသေတ္တာကဲ့သို့ကားထဲတွင်ညှပ်ခံရပြီး သုံးကြိမ်ခန့် ကားထဲမှကန်ထုပ်ခံရပြီးနောက် သူမက အပြုံးဖြင့် သူ့ကိုထူလိုက်ပြီး "ရထားဘူတာကိုသွားကြတာပေါ့"
တိုက်တိုက်ဆိုင်ဆိုင် နှစ်ယောက်လုံးဗိုက်မဆာကြသောကြောင့် ရထားဘူတာသို့ ဟိုယောင်ယောင်သည်ယောင် ယောင်လျှောက်နေကြသည်။ သို့သော် သူတို့သည် မြို့လယ်ခေါင်၏ လူဦး ရေ ထူထပ်မှုကို အထင်သေးမိပုံပင်။ သူတို့ မြင်သမျှ မြင်ကွင်းတိုင်းသည် အနက်ရောင်ခေါင်းများဖြင့် ပြည့်နှပ်နေခဲ့သည်။ ယွဲ့ရှ၏ကြောင်တောင်တောင် မျက်နှာကို မြင်သောအခါ ကျန်းရှုယောင်က စိတ်လိုလက်ရ ပြောလာသည်။ " ငါတိုး၀င်လိုက်မယ်လေ" ယွဲ့ရှက လက်ဆန့်လိုက်ပြီး: " မလုပ်နဲ့"
"ဟမ်" ကျန်းရှုယောင်က သူမကိုတားထားသော လက်ကိုကြည့်လိုက်ပြီး မပြုံးဘဲ မနေနိုင်တော့ပေ ။
"ရပါတယ် ငါ့အတွက် မစိုးရိမ်ပါနဲ့"
ယွဲ့ရှက ခါးသက်စွာ ပြောလာသည်။ "ငါက အခြားသူအတွက် နည်းနည်းစိုးရိမ်တာ"
ကျန်းရှုယောင်သည် ၅'၉" ခန့်ရှည်သော ယောက်ျားတစ်ယောက်ကို အမှောက်လဲအောင် လုပ်နိုင်ခဲ့သူဖြစ်သည်။ တစ်စုံတစ်ခုသာ ဖြစ်ခဲ့ပါက ဖြေရှင်းဖို့ရန် ခက်ခဲလိမ့်မည်။
ထို့နောက် သူတို့ နှစ်ယောက်သည် ခဏတာခန့် အချင်းချင်းကြည့်လိုက်ကြပြီး ရှက်ရှက်ဖြင့် လမ်းထောင့်နားသို့ ပြန်သွားလိုက်ကြသည်။
တက္ကစီ စီးရုံမှအပ ရွေးချယ်စရာမရှိတော့ပေ။
ဖုန်းပေါ်မှဂဏန်းနှစ်လုံးတွဲများနှင့်စာရင်းကို ကြည့်ပြီး သူတို့နှစ်ယောက်လုံး ခေါင်းရှုပ်သွားကြသည်။
"......"
"ဒါဆိုရင်ကော" ကျန်းရှုယောင်က သူမ၏ပိုက်ဆံအိတ်သေးသေးလေးကို ကိုင်လိုက်ပြီး ဂရုတစိုက် ပြောလာသည်။ "အရင်ဆုံးသွားစားကြတာပေါ့ အလျင်လိုစရာမလိုပါဘူး"
ယွဲ့ရှ: "နင်ဗိုက်ဆာလား"
ကျန်းရှုယောင်: " အဲ့လောက်မဆာသေးဘူး"
ယွဲ့ရှ: ငါကောပဲ
"အဲ့ဆို၊ ဈေး၀ယ်ထွက်ကြမယ်လေ" ကျန်းရှုယောင်က တိုးတိုးလေး ပြောလာ၏။
သူတို့ နှစ်ယောက်လမ်းလျှောက်လာသည်မှာ အနည်းဆုံး မိနစ်လေးဆယ်ခန့်ရှိနေပြီဖြစ်ပြီး ခြေထောက်သည်လည်း နာကျင်နေပြီဖြစ်သည်။
ယွဲ့ရှက နှုတ်ခမ်းဆူလိုက်သည်။
"ဟင်း"
ကျန်းရှုယောင်သည်လည်းနှုတ်ခမ်းဆူလိုက်သည်။"ဟင်း"
နှစ်ယောက်လုံး အဆင်မပြေကြပုံပင်။
ယခုကဲ့သို့ ကို့ရို့ကားယားဖြစ်နေချိန်တွင် အနက်ရောင်ကားတစ်စီးသည် မီးပွိုင့်နားတွင် နှေးကွေးစွာရပ်လိုက်သည်။
ကားမောင်းသူမှာ စည်ကမ်းလိုက်နာသူပင်။ အရှေ့မှ မှိတ်တုတ်မှိတ်တုတ်ဖြစ် နေ သော အစိမ်းရောင်မီးက သူ့ကို အမြန်ဖြတ်သွားလို့ရကြောင်း ပြောပြနေသော်လည်း သူသည် အဖြူရောင် အစင်းကြားရှေ့တွင် နာခံစွာရပ်လိုက်ပြီး လမ်းနှင့်အပြိုင် မှန်ကိုဖွင့်လိုက်သည်။ ယွဲ့ရှနှင့် ကျန်းရှုယောင် လှည့်ကြည့်လိုက်သောအခါ ရှီယွမ်ကျန်း မျက်လုံးနှင့်ဆုံသွားသည်။
သူ့ပုံမှာ စာရွက်စာတမ်းများကို အချိန်တော်တော်ကြာသည်အထိ ကြည့်နေပုံရသည်။ သူသည် ဇက်ကြောကို အညောင်းပြေရန် လှည့်လိုက်ချိန် သူ ကြက်သေသေသွားသည်။
ကမ္ဘာပေါ်တွင် မတိုက်ဆိုင်မှုများစွာ ဖြစ်ပွားကြသော်လည်း အကုန်လုံး ရှက်စရာကိစ္စများမဟုတ်ကြပေ။
"ယွဲ့ရှ"
"ကျန်းရှုယောင်"
"ရှီယွမ်ကျန်း"
ယခုတွင် သူတို့အားလုံးတိတ်ဆိတ်သွားခဲ့ကြသည်။
တိတ်ဆိတ်နေသော လေထုထဲတွင် ရှေ့ခုံမှာ ဒါရိုက်ဘာမှ တုန်နေသည်။
'အဲ့တာ သူဌေးရဲ့ ခယ်မလောင်းနဲ့ အရင် ခယ်မလောင်းမလား၊ ဘာတွေဖြစ်နေတာလဲ၊ သူတို့နှစ်ယောက် ဟိုတလောကမှ သူချကိုယ်ချလုပ်နေကြတာလေ ခုက ခဏနားတာလား"
သို့သော် သူ့ကိုပို၍တုန်ခါစေသည်မှာ သူဌေးသည်က ခဏတာခန့်ငြိမ်သက်နေပြီးနောက် ဖြေးဖြေးချင်းပြောလာခြင်းပင်ဖြစ်သည်။ " နင်တို့လိုက်စီးမလား"
ယွဲ့ရှ: " အိုကေ"