အခန်း ၆၁
Vol. 5 Ch. 61
အခန်း (၆၁)
System မှာ ခံစားချက်မကောင်း ပေ။ [ နင်ငါ့ကိုဘာလို့ ခေါ်တာလဲ]
" နင်က ငါဘာပြောမယ်ဆိုတာသိတယ်ပေါ့လေ "
[ မသိဘူး]
ယွဲ့ရှ: [ ဒါက ငါ့ရဲ့ ဘ၀တစ်သက်စာ တောင်းဆိုချက်ပဲ]
System:【…………】
' နင့်မှာ ဘ၀တစ်သက်စာ တောင်းဆိုချက် ဘယ်နှခုတောင် ရှိနေတာလဲ'
သူတို့နှစ်ယောက် တိတ်တဆိတ် ငြင်းခုံကြပြီးနောက် ယွဲ့ရှ၏ပြတ်သားစူးရှသော အကျင့်အောက်တွင် system မှာ လက်လျှော့လိုက်ရတော့သည်။
[ ဒီတစ်ခါနောက်ဆုံးပဲနော် နောက် နင် ဘာတောင်းဆိုတောင်းဆို ငါ ခွင့်မပြုတော့ဘူး]
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် အကောင်းတိုင်းဖြစ်နေသော စက်ဘီးသည် ဒယိမ်းဒယိုင်ဖြစ်လာပြီးနောက် စက်ဘီးပေါ်မှ လူနှစ်ယောက်သည်လည်း ပြင်းပြင်းထန်ထန်ပြုတ်ကျသွားပြီး မြှီးညှောင့်ရိုးမှာ တော်တော်ထိသွားကြ၏။ သူတို့မှာ ချက်ချင်းမရပ်နိုင်ဘဲ နာနာကျင်ကျင် ညည်းညူနေရရှာသည်။
" မင်းသက်သက်လုပ်တာမလား"
" မင်းသက်သက်လုပ်တာ မင်းနောက်ကွယ်မှာငါပြောတာ ဘာတွေအဲ့လောက်ကြီးကျယ်နေလို့လဲ"
"ခွေးကောင် မင်း သေချင်နေတာလား"
ပလက်စတစ် ညီအကိုချစ်ခြင်းမှာ ချက်ချင်းပြိုကွဲသွားသည်။
ကျန်းရှုယောင်မောမောနှင့် ပြန်ရောက်လာသောအခါ ယွဲ့ရှနှင့်ကော်ဖီဆိုင်ထဲမှ လူများသည် အပြင်မှာ ဂေါ်ဇီလာနှစ်ကောင်ရန်ဖြစ်နေသည်ကို ထိုင်ကြည့်နေကြောင်း တွေ့လိုက်ရ၏။ သူတို့သည် ပျော် ပျော်ကြီးကြည့်နေကြပြီး အားပါပေးနေကြသေးသည်။ သူမမှာ မတတ်နိုင်သည့်အဆုံး ပြောလိုက်ရသည်။ "အဲ့လိုဟာတွေနဲ့ ဝေးဝေးနေ အရမ်းကြောက်စရာကောင်းတယ်"
"ဟုတ်တယ်" ယွဲ့ရှက သူမ လက်များဗလာဖြစ်နေသည်ကို မြင်သောအခါ " နင်ရှာနေတာမတွေ့ သေးဘူးလား"
ကျန်းရှုယောင်က သက်ပြင်းချလိုက်ကာ " အစားထိုးလို့ရတာ တွေ့ခဲ့ပေမယ့် ဒီနေ့ကုန်နေတယ်တဲ့ ငါ အခြားတစ်နည်းစဉ်းစားမှ ရတော့မှာ"
တက်သစ်စဒီဇိုင်းနာပြိုင်ပွဲ စတင်ခဲ့သည်မှာ လွန်ခဲ့သောတစ်လက ဖြစ်သည်။ သူမသည် အခြားပြိုင်ပွဲဝင်များနှင့်ယှဉ်လျှင် အချိန်ထက်ဝက်သာ ရသောကြောင့် သူမသည် သူများထက် အစပိုင်းများစွာပိုကြိုးစားရ၏။
ကျန်းရှုယောင်နှင့်ယွဲ့ရှအိမ်သို့ ပြန်လိုက်ကြပြီး တစ်လမ်းလုံးသူမသည် ဆက်တိုက်စိုးရိမ်လိုက် သူမကိုယ်သူမ ပြန်အားပေးလိုက်လုပ်နေခဲ့သည်။
‘ရတယ် ဘာမှမဖြစ်ဘူး၊ အခြားနည်းလမ်းမရှိရင် နောက်တစ်လမ်းကိုပြောင်းလိုက်ရုံပဲလေ၊ ဘာပဲဖြစ်ဖြစ်နည်းလမ်းရှိမှာပါ’
‘လက်မလျှော့နဲ့ လက်မလျှော့နဲ့’
သို့သော် ကျန်းရှုယောင် မထင်ထားသည်မှာ ထိုပြဿနာမှာ ဤနည်းလမ်းဖြင့် ဖြေရှင်းသွားလိမ့်မည်ကိုပင်။
သူမနှင့်ယွဲ့ရှသည်တစ်နေကုန် အပြင်ထွက်ပြီးရှာပြီးနောက် သူတို့အိမ်ပြန်ရောက်လာသောအခါ သူတို့သည် ဧည့်ခန်း စားပွဲပေါ်တွင်တင်ထားသော စျေးကြီးပိတ်စ၊ပိုးထည်များပါဝင်သည့် အိတ်များကြောင့် မျက်လုံးပင်ကမ်းလုနီးနီးပင်ဖြစ်သွားသည်။
ယွဲ့တဲ့လျန်က စေ့စေ့စပ်စပ် သန့်ရှင်းနေပြီး သူ့ဘေးနားတွင်ရပ်နေသော လီမိန်ကျူက မျက်မှောင်ကြုတ်ပြီးချဲ့ကားပြောနေသည်။ “ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ဒါတွေကိုပို့ဖို့ ဒီအချိန်ကိုရွေးလိုက်တာလဲ၊ အချိန်ကိုလည်းကြည့်ဦး အရမ်းနောက်ကျနေပြီ၊ ကြိုလည်းမပြောဘူး၊ အခုတော့ထားစရာနေရာမရှိတော့ဘူး”
ယွဲ့ရှ : “…..”
ကျန်းရှုယောင် : “….”
ယွဲ့ချင်းက တိတ်တဆိတ်ရောက်လာပြီး" အမေရဲ့သရုပ်ဆောင်စွမ်းရည် ကောင်းလွန်းတယ်"
လီမိန်ကျူသည် သရုပ်ဆောင်ရသည်ကို အလွန်ဝါသနာပါသောသူဖြစ်သည့်အလျောက် သူမက နှုတ်ခမ်းကို လက်ဖြင့်ကာလျက် ကျန်းရှုယောင်ကို အခုမှ မြင်သည့်အတိုင်း " ငါ့မှတ်ဉာဏ်ကလည်းကြာ လေမေ့လေပဲကွယ်၊ ဒါတွေက ကျန်းလေးအတွက် အသုံးဝင်တာပဲထားလိုက်ပါ နောက်ရက်ကျရင် အန်တီထပ်ပို့ပေးမယ်"
ယွဲ့တဲ့လျန်မှာ သည်းမခံနိုင်တော့သည့်အဆုံး " မိန်းမ တော်လိုက်ပါတော့" ဟု ပြောလာတော့သည်။
ယွဲ့ရှ: " အမေ ရပ်ပါတော့နော်"
လီမိန်ကျူမှာ သရုပ်ဆောင်နေသည်ကိုရပ်လိုက်ပြီး ကျန်းရှုယောင်ကို လက်ခါပြလိုက်သည်။ " ကျန်း လေး လာကြည့်ပါဦး သမီးသုံးလို့ရတာရှိလားလို့"
ကျန်းရှုယောင်မှာ တံခါး၀တွင် ငိုင်ငိုင်လေးရပ်လျက် အကုန်လုံးကိုကြည့်ပြီး နှလုံးသားမှာ ခါးသက်စွာ နာကျင်နေတော့သည်။
သူမ ထိုကျေးဇူးများကို မည်သို့ပြန်ဆပ်ရမည်ကိုပင် မသိတော့ပေ။
——ယွဲ့မိသားစုမှာ သူမနှင့်မည်သည့်ပတ်သတ်မှုမျှမရှိသော်ငြား သူမ ဤနေရာတွင် စပြီးနေကတည်းက သူမကို တိတ်တဆိတ်ဂရုစိုက်ပေးခဲ့ကြသည်။ သို့သော် သူမကမူ.......
ကျန်းရှုယောင် ' ငါက ဒါနဲ့ထိုက်တန်လို့လား၊ ငါက ဒါနဲ့ မထိုက်တန်' ဘူးဆိုသည့် အတွေးရေယာဉ်ထဲ မဝင်မှီ လက်မတင်လေးပင် ယွဲ့ရှက အချိန်ဇယားကိုကြည့်ပြီး ပြောလာ၏။ " ပြိုင်ပွဲမစခင် စုစုပေါင်း ၃၆ နာရီ ကျန်သေးတယ် "
ကျန်းရှုယောင်က ပိတ်စအပုံထံ သွားလိုက်ပြီး " အန်တီ ကျေးဇူးအရမ်းတင်ပါတယ်"
ထို့အပြင် ပိတ်စမှာ များလွန်းသောကြောင့် ကျန်းရှုယောင်သည် သူမ လိုချင်သော ပိတ်စကိုရှာရာတွင်သာ အာရုံစိုက်ထားလိုက်သည်။ ယွဲ့ရှမှာ အကြံတစ်ခုရပြီး ပင်လယ်ပြာရောင် ပိတ်စကို ကောက်ယူလိုက်သည်။ " ဒီအပြာရောင် အရမ်းလှတယ်၊ ဒါကို ငါတို့ရဲ့ငန်းတွေအတွက် ဖဲပြားလုပ်ဖို့ သုံးရ အောင်လေ "
ယွဲ့ချင်းက သူမ အမြင်ကို လှောင်လိုက်သည်။ " အဲ့ဒါကလှတယ်ပေါ့ မျက်လုံးက အဲ့လောက်အကြီးကြီးရှိ နေပြီးတော့ အံ့ဩတယ်"
ယွဲ့တဲ့လျန် : "အင်း...."
ယွဲ့ချင်းက ပြန်ပြောလာသည်။ " ဟင် ပြန်ကြည့်တော့လဲ မဆိုးပါဘူး တကယ်လှတယ်"
ခေါင်းချင်းဆိုင်နေသော သုံးယောက်ကို လီမိန်ကျူက ကြည့်နေရင်း စိတ်ဝင်စားလာပြီး သူမသည် ကလေးများ ငယ်စဉ်က နေ့ရက်များကိုပင် တွေးမိသွား၏။
“သားတို့ငယ်ငယ်တုန်းကဆို အမြဲကစားနေကျလေ၊ အဝတ်စကြီးကို ဝတ်ရုံလိုပတ်ပြီး နန်းတွင်းဇာတ်ကားတွေရိုက်တန်းကစားကြတာလေ၊ ရှောင်ချင်းဆို အမြဲ ရေခဲနန်းတော်ထဲ အပိတ်ခံရတဲ့ ကိုယ်လုပ်တော်နေရာကပဲ၊ သူက ပြောလိုက်သေးတယ် “အရှင်မင်းကြီး နှမတော်ကို သနားညှာတာပေးတော်မူပါ”ဆိုပြီး ပြီးကျ ဆွဲခေါ်သွားခံရတာပဲ၊ ငါးကြိမ် ခြောက်ကြိမ်လောက်ဖြစ်လာတော့ သူအနိုင်ကျင့်ခံနေရပါတယ်ဆိုပြီးလာတိုင်ပါလေရော”
ယွဲ့ချင်းမှာ သီးပြီး စိတ်ဆိုးလာတော့သည်။ “အမေ အဲ့ဒါတွေက ကြာလှပြီဟာ၊ ဘာလို့ခုထိ ပြောနေသေးတာလဲ”
“ဘာလို့ ပြောလို့မရမှာလဲ” လီမိန်ကျူက ပျော်စရာကောင်းသောမှတ်ဉာဏ်ထဲတွင် နစ်ဝင်နေသည့်အတိုင်း နွေးထွေးစွာပြုံးပြလျက် “သား မှတ်မိသေးလားတော့မသိ၊ အလယ်တန်းတုန်းက ကျောင်းပြဇာတ်ပွဲလုပ်တော့ သားက ဂျူလီယက်နေရာက ကစားရတယ်လေ၊ သားသရုပ်ဆောင်တာကောင်းလွန်းလို့ အမေ လက်ခုတ်တောင် အားရပါးရတီးခဲ့သေးတယ်၊ လီရှူးအမေတောင် အမေတစ်ခုခုဖြစ်နေတယ်ထင်ပြီး လာမေးသေးတယ်၊ ပြန်စဉ်းစားကြည့်လိုက်တော့ တကယ် သတိရစရာကောင်းတာပဲ”
ယွဲ့တဲ့လျန် : “…………”
ယွဲ့ချင်း : “…………”
“...ဟင်...” လီမိန်ကျူက တစ်ခုခုမှားနေသလို ခံစားရပြီးမေးလာသည်။ “ဘာဖြစ်လို့လဲ”
“အမေ” ယွဲ့ချင်းက နှုတ်ခမ်းစေ့လျက် ပြောလာသည်။ “ဂျူလီယက်နေရာက သရုပ်ဆောင်ခဲ့တဲ့သူက လီရှူးဆိုတာကိုကော အမေတွေးဖူးလား”
လီမိန်ကျူ: “?”
ဘဝအတက်အကျများစွာရင်ဆိုင်ပြီးနောက် ထိုရှက်စဖွယ်ကိစ္စလေးည် လီမိန်ကျူအတွက် ဘာမှမဟုတ်ပေ။ သူမက တည်ငြိမ်စွာဖြင့် သူမ မည်သည့်စကားကိုမျှ မပြောခဲ့သည့်အတိုင်း နောက်အကြောင်းအရာကိုစတော့သည်။
“ရှရှ ငါးနှစ်တုန်းကဆို၊ သူများတွေက အိမ်ဆောက်တန်းကစားနေချိန် သူက သစ်ပင်ကြီးပဲ တက်ချင်နေတာလေ၊ သူက သစ်ပင်ပေါ်ကပြုတ်ကျတာတောင် ဘာမှမပြောဘူးလေ၊ ညဘက်ရေချိုးပေးတဲ့အခါကျမှ ခြေထောက်တစ်ခုလုံးသွေးတွေကြီးပဲဖြစ်နေတာကိုမြင်တော့ ငါ့မှာ မူးလဲတော့မလို့”
“မဖြစ်နိုင်တာ” ယွဲ့ရှက မသိလိုက်ဘဲ ငြင်းလာသည်။ “သမီး သစ်ပင်ပေါ်မတက်ပါဘူးနော်၊ သမီးက သူများကြက်တောင်ကိုပြန်ယူပေးဖို့လုပ်နေတာပါ”
ယွဲ့ရှ: “ငယ်ကတည်းက ကစားကြမ်းတာတော့ အမှန်ဘဲ”
ယွဲ့ချင်း : “ ဟုတ်တယ်”
ယွဲ့ရှမှာ တစ်ခုခုပြန်ပြောချင်သော်လည်း ရုတ်တရက် သူမက သူပြောမည့်စကားကိုရပ်လိုက်ပြီး...
‘ဟမ်’
‘ငါက ဘာလို့ ကြက်တောင်သွားယူတာကိုသိနေတာလဲ’
‘System က ငါ့ကို ဇာတ်လိုက်နဲ့ဇာတ်လိုက်မ အမြင်ဘက်က ဇာတ်လမ်းရဲ့အကြောင်းနဲ့ပတ်သတ်တဲ့မှတ်ဉာဏ်ပဲပေးထားတာမလား’
ယွဲ့ရှက မျက်မှောင်ကြုတ်လိုက်ပြီး System ကို ခေါ်လိုက်သော်လည်း တစ်ဖက်မှာ အပတ်စဉ် အစည်းအဝေးတက်နေသောကြောင့် ပြန်မဖြေလာပေ။
‘ထားလိုက်တော့ error တက်တာပဲနေမှာပါ’
ယွဲ့မိသားစုများက မိသားစုနှင့်ပတ်သတ်သောမှတ်ဉာဏ်များအကြောင်းကိုပျော်ရွှင်စွာပြောနေစဉ်၊ ကျန်းရှုယောင်၏စိတ်ဖိစီးမှုမှာ လျော့ကျသွားပြီး စိတ်လည်းပြန်တည်ငြိမ်လာခဲ့သည်။ အဆုံးတွင် တောက်ပနေသော အရောင်များကြားတွင် သူမ အတွက် အဆင်ပြေဆုံး အရောင်ကိုရှာတွေ့ခဲ့လေပြီ။
လီမိန်ကျူမှာ ပျော်ရွှင်စွာစကားပြောနေပုံပေါ်သော်လည်း စင်စစ်တွင်သူမ၏အာရုံများမှာ ကျန်းရှုယောင် အပေါ်တွင်ဖြစ်သည်။ သူမက ချက်ချင်းမေးလာသည်။ “သမီးရှာတွေ့ပြီလား”
“တွေ့ပြီ အန်တီ” ကျန်းရှုယောင်က ခေါင်းညိတ်ပြလာသည်။
“ကောင်းတာပေါ့” လီမိန်ကျူက ပြုံးလိုက်ပြီး “အဲ့ဆို မြန်မြန်သွားလုပ်တော့လေ”
ကျန်းရှုယောင်က အားတက်သရော ခေါင်းငြိမ့်ပြလိုက်ပြီး ပိတ်စများကိုကိုင်လျက် လှေကားပေါ်တက်သွားသော်လည်း အလယ်တွင်ရပ်လိုက်သည်။
သူမက တွန့်ဆုတ်စွာ လှည့်လာပြီး လီမိန်ကျူကိုလေးနက်စွာ ဦးညွှတ်လိုက်ပြီးနောက် အခန်းထဲသို့ ယုန်တစ်ကောင်ကဲ့သို့ ပြေး၀င်သွားခဲ့သည်။
သူမ တွန့်ဆုတ်နေခဲ့တာဖြစ်ပြီး မည်သည့်စကားပြောရမည်ကို မသိသောကြောင့် ဘာမှ မပြောခဲ့ခြင်းဖြစ်သည်။
" အို" လီမိန်ကျူမှာ ကြောင်သွားသော်လည်း မတတ်သာဘဲ ပြုံးလိုက်ရသည်။ " အဲ့လိုတွေ လုပ်ဖို့ မလိုပါဘူးကွယ်"
' ဒီကလေး အရင်ကဘ၀ကို ဘယ်လိုဖြတ်သန်းခဲ့ရတာပါလိမ့်'
တတိယအထပ်မှ အပ်ချုပ်စက်လေးမှာ တစ်ညလုံး အသံလေး ထွက်နေခဲ့လေသည်။