အခန်း ၅၅၀၁
Vol. 278 Ch. 5501
Chapter 5501
လူများ အဆက်မပြတ် သတ်ဖြတ်ခံနေရပြီး သူတို့၏ သွေးများသည် မြေပြင်ကို စွန်းထင်းသွားစေပေ၏။
လေပြင်းကဲ့သို့ ထူထပ်သိပ်သည်းသော ပတ်ဝန်းကျင်ရှိ ဓားချီများသည် ပြင်းထန်စွာ တဟုန်ထိုး မြင့်တက်လာပြီး အလောင်းပုံကြီးကို ချက်ချင်းတိုက်ခတ်သွားသည်။
အလောင်းများဖြင့် ပြည့်နှက်နေသော ဖုန်းတုမြို့တော်၏လမ်းများတလျှောက် အေးစက်သော လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။ ခေါင်းမဲ့ အလောင်းများသည် လေနှင့်အတူ လမ်းမများပေါ်တွင် လိမ့်သွားပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်၏။
"သူ့ကို တိုက်ခိုက်ကြစို့..."
အစွမ်းထက် ကျင့်ကြံသူတစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်သည်။
အသက်ရှင်ကျန်ရစ်သူများကလည်း ဒေါသတကြီးအော်ဟစ်သံများကို ထုတ်လွှတ်လိုက်ကြသည်။ သေရေးရှင်ရေးအန္တရာယ် ရှိနေသဖြင့် သူတို့သည် သေသည်အထိ တိုက်ခိုက်ရန် ပြင်ဆင်လိုက်တော့သည်။
ဤလူများအနက် သရဲဘုရင်အဆင့် ကျွမ်းကျင်သူ များလည်း ရှိနေသည်။ အသေခံတိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်ထားသော လူတစ်စုသည် သူတို့၏မှော်နည်းစနစ်များကို ထုတ်ဖော်အသုံးပြုလိုက်ကြ၏။ အလွန်ကျယ်လောင်သော တုန်ခါသံကြီးသည် တောက်ပသော ဓားချီအလင်းတန်းများကို ဖြတ်သန်းတိုက်ခတ်သွားခြင်းနှင့်အတူ အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်လာသည်။
လုယွီသည် ကြောက်ရွံ့ခြင်း မရှိချေ။ သူသည်ရှေ့သို့ ပြေးဝင်လာသော ကျွမ်းကျင်သူအနည်းငယ်ကို ရင်ဆိုင်ရချိန်တွင် သူ၏လက်ကို မြှောက်ကာ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ရွှေရောင်လက်သီးပုံရိပ်ယောင်တစ်ခုသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများနှင့်အတူ ပွင့်အံ့ထွက်လာပေ၏။ ထိုလက်သီးချက် ဖြတ်သန်းသွားသော နေရာတိုင်းရှိ လူများအားလုံး၏ အရိုးများ အက်ကွဲသွားပြီး သူတို့၏သွေးများက မိုးကောင်းကင်ကို စွန်းထင်းသွားသည်။
"သူကတစ်ယောက်တည်းပဲ...ငါတို့အားလုံး အတူပူးပေါင်းပြီး သူ့ကို သတ်ကြစို့.."
မြင့်မားသော ကောင်းကင်ယံမှနေ၍ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
မိုးကောင်းကင်ယံတွင် အောက်သို့ ဆင်းသက်မလာသေးသော သရဲစစ်သားများ သန်းနှင့်ချီ၍ ရှိနေသည်။
ယန်မိသားစု၏ချမ်းသာကြွယ်ဝမှုသည် သူတို့ကို မနာလိုဖြစ်စေခဲ့ပေ၏။ ထိုကဲ့သို့ ကြီးမားသော ချမ်းသာကြွယ်ဝမှုသည် မည်သူ့ကိုမဆို ရူးသွပ်သွားစေရန် လုံလောက်သည်။
လုယိုနှင့်တခြားသူများလည်း ရှေ့သို့ ထွက်လာကြသည်။
"မင်းတို့က ရှေ့ကိုတိုးလာရဲသေးတယ်ပေါ့..."
ချင်စစ်သားများသည် သူတို့၏မှော်လက်နက်များကို ထုတ်ယူလိုက်ရာ သူတို့၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် မိုးကောင်းကင်ယံသို့ ပျံ့လွင့်သွားပြီး ထိုသရဲတစ္ဆေစစ်သားအုပ်စုကို ထိပ်တိုက်ရင်ဆိုင်လိုက်ကြ၏။
ချင်စစ်တပ်၏ ရှေ့ပြေးတပ်မသာ ဖုန်းတုအတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ တခြားတပ်မများသည် ပတ်ဝန်းကျင်ရှိ ယန်မိသားစု၏ကျန်ရှိနေသော အင်အားစုများကို ရှင်းလင်းနေဆဲပင်။ ထိုသို့မဟုတ်ပါက သူတို့သည် ဤသရဲတစ္ဆေအုပ်စုကို သူတို့၏အားနည်းချက်အား အခွင့်ကောင်းယူရန် အခွင့်အရေး ပေးခဲ့မည် မဟုတ်ချေ။
"ကိစ္စမရှိဘူး... ချင်ဧကရာဇ် သေသွားတာနဲ့ ကျန်တဲ့လူတွေက တိုက်ခိုက်စရာမလိုဘဲ အလိုလိုပြိုလဲသွားလိမ့်မယ်..."
အမှောင်ထုထဲမှနေ၍ နောက်ထပ် အေးစက်သော လှောင်ပြောင်ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။
သန်းနှင့်ချီသော သရဲတစ္ဆေစစ်သားများသည် ဖုန်းတု မြို့တော်၏အထက်ရှိ မိုးကောင်းကင်ယံတွင် နေရာယူထားပြီး သိပ်သည်းစွာ စုရုံးကာ ကောင်းကင်နှင့်နေရောင်ကိုပင် ဖုံးကွယ်ထားသည်။
"မင်းတို့အဆင့်နဲ့လား..."
လုယွီက ရုတ်တရက် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး အဆုံးအစမရှိသော နတ်ဘုရားအလင်းတန်းများ သူ၏ ခန္ဓာကိုယ်ပေါ်တွင် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားလေ၏။
သက်ရှိအားလုံးထက် သာလွန်သော စိတ်ဆန္ဒတစ်ရပ်က လူများအားလုံး၏ခေါင်းပေါ်သို့ ကျဆင်းလာသည်။ ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော လူများသည် သူတို့၏ဦးရေပြားများ ထုံကျဉ်သွားကာ သူတို့၏ ကျောရိုးတလျှောက် ချမ်းစိမ့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဟန်ဆောင်နေတာပဲ..."
သရဲဘုရင်တစ်ပါးသည် မကောင်းသောနိမိတ်ကို မယုံကြည်ဘဲ အမှောင်ထုထဲတွင် တိတ်တဆိတ် ပုန်းအောင်းကာ လုယွီထံ ချဉ်းကပ်သွားပြီး ချုံခိုတိုက်ခိုက်လိုက်၏။
သို့သော် မထင်မှတ်ဘဲ လုယွီ၏မျက်လုံးများသည် ရွှေဖြင့် သွန်းလုပ်ထားသည့်အလား ရွှေရောင်မီးတောက်များဖြင့် တောက်ပလာသည်။။ မည်သည့်တည်ရှိမှုမျှ သူ၏အမြင်အာရုံအောက်မှ လွတ်မြောက်ရန် မဖြစ်နိုင်ချေ။
ဘုန်းခနဲအသံနှင့်အတူ ထိုသရဲဘုရင်သည် လုယွီ၏ လက်ဝါးဖြင့် ရိုက်ခံလိုက်ရပြီး သူ၏ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလိုပင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားကာ နေရာမှာပင် သေဆုံးသွားတော့သည်။
ထို့နောက် လုယွီ၏အရှိန်အဝါသည် အထွတ်အထိပ်သို့ စုစည်းသွားပြီး စတင်၍ ထွက်ပေါ်လာသည်။
ကြီးမားကျယ်ပြန့်သော နတ်ဘုရားစွမ်းအား များသည် ကောင်းကင်နှင့်မြေကြီးကြားတွင် မောက်မာထောင်လွှားစွာ ရပ်တည်နေသာ ဓမ္မပုံရိပ်ယောင်ကြီးတစ်ခုအဖြစ် စုစည်းသွားပေ၏။ ထိုဓမ္မပုံရိပ်ယောင်၏ အသွင်အပြင်သည် တည်ကြည်လေးနက်ပြီး ကြီးကျယ်ခမ်းနားကာ လောကကြီး၏ အမြင့်မြတ်ဆုံး အရှင်သခင်အလားပင်။
လူအများသည် သူတို့၏ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်ဘဲ မြေပြင်ပေါ်တွင် ချက်ချင်းဒူးထောက်လိုက်ကြသည်။ သူတို့သည် သူတို့၏နှလုံးသား နက်ရှိုင်းသော နေရာမှ ထွက်ပေါ်လာသော ကြောက်ရွံ့မှု ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ဤသည်မှာ သူတို့၏ရှေ့တွင် ထွက်ပေါ်လာသော ဓမ္မပုံရိပ်ယောင်သည် သူတို့အားလုံးထက် များစွာပို၍ အဆင့်အတန်း မြင့်မားနေသည့်အလားပင်။
ပဉ္စမနယ်မြေတွင် မြေအောက်လောက နတ်ဘုရား၏ နတ်ဘုရားကျောင်း မရှိတော့ချေ။
သို့သော် နတ်ဘုရားကျောင်း ဖျက်ဆီးခံရသော်လည်း သက်ရှိများ၏ယုံကြည်မှုသည် ရပ်တန့်မသွားခဲ့ချေ။ မြင့်မားသော ယုံကြည်မှုစွမ်းအားများသည် ဓမ္မပုံရိပ်ယောင်၏ နောက်ကွယ်တွင် တောက်ပသော ဧရာမအလင်းစက်ဝန်းကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ထိုအလင်းစက်ဝန်း လည်ပတ်လာသည်နှင့်အမျှ ကြီးမားကျယ်ပြန့်ပြီး ပြိုင်ဘက်ကင်းသော ကျမ်းစာရွတ်ဆိုသံများနှင့် မှော်မန္တန်ရွတ်ဆိုသံများသည် ပတ်ဝန်းကျင်မှ ထွက်ပေါ်လာပေ၏။
လုယွီက သူ၏ ညာဘက်လက်ကို မြှောက်ကာ မိုးကောင်းကင်ယံသို့ လက်ညှိုးညွှန်လိုက်သည်။
မိုးကောင်းကင်ယံသည် မှောင်မိုက်နေကာ အကန့်အသတ်မဲ့သော တိမ်မည်းများသည် ဖုန်းတုမြို့တော်၏အထက်ရှိ လေဟာနယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
အစွမ်းထက်သော ဖိအားတစ်ရပ်က လူအများပေါ်သို့ ကျဆင်းလာပေ၏။ လူအများစုသည် ထိုကဲ့သို့ ကြီးမားသည့် စွမ်းအားကို တောင့်မခံနိုင်ကြသဖြင့် လေထဲတွင် ဆက်လက်၍ မရပ်တည်နိုင်တော့ဘဲ အမြင့်မှ ပြုတ်ကျလာကြသည်။ မရေမတွက်နိုင်သော လူများသည် ပြုတ်ကျပြီးနောက် ချက်ချင်းသေဆုံးသွားတော့သည်။
တိမ်မည်းများအတွင်း၌ လျှပ်စီးများလက်နေကာ အံ့အားသင့်ဖွယ်ကောင်းသော တုန်ခါသံတစ်သံနှင့်အတူ မိုးကြိုးလှိုင်းတစ်လှိုင်း ပေါက်ကွဲထွက်လာပေ၏။
ဓမ္မပုံရိပ်ယောင်သည် ကောင်းကင်ဘုံမိုးကြိုးကို သူ၏ လက်ထဲတွင် ကိုင်ထားပြီး သူ၏မျက်လုံးများဖြင့် အရပ်မျက်နှာအဘက်ဘက်ကို စူးစူးဝါးဝါး ကြည့်နေသည်။
"နတ်ဘုရားပြစ်ဒဏ်..."
လုယွီသည် နက်နဲသိမ်မွေ့သော အသံဖြင့် ရေရွတ်လိုက်ရာ ကောင်းကင်ဘုံမိုးကြိုးကို ကိုင်ဆောင်ထားသော ဓမ္မပုံရိပ်ယောင်က အောက်သို့ ပြင်းထန်စွာ ပစ်ခတ်လိုက်သည်။
wunzinnosp