အခန်း ၅၅၀၂
Vol. 278 Ch. 5502
Chapter 5502
"အား အား အား အား အား..."
ကျောရိုးစိမ့်လောက်သော ကျယ်လောင်သည့် အော်ဟစ်သံလှိုင်းလုံးများသည် ဖုန်းတုမြို့တော် အတွင်း၌ အဆုံးအစမရှိ ပဲ့တင်ထပ်နေပေ၏။
ကောင်းကင်ဘုံမိုးကြိုးသည် ရုန့်ရင်းကြမ်းတမ်းပြီး အရပ်မျက်နှာအဘက်ဘက်သို့ ဖြတ်သန်းတိုက်ခတ်သွားသည်။ လောကကြီးတခွင်လုံးရှိ မည်သည့်အရာမဆို ထိုအစွမ်းထက်သည့် ကောင်းကင်ဘုံမိုးကြိုး အောက်တွင် အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားတော့မည့် အလားပင်။
ဤနေရာ၌ လူတစ်သန်းခန့်ရှိနေပြီး အလွန်များပြားသော အရေအတွက်ပင်။ သို့သော် ကောင်းကင်ဘုံမိုးကြိုးသည် သူတို့၏ခန္ဓာကိုယ်များကို ရိုက်ခတ်သွားသဖြင့် သူတို့သည် ပြန်လည်ခုခံရန် အတွေးတစ်ခုမျှပင် မတွေးတောနိုင်ခဲ့ကြချေ။ သူတို့၏ရုပ်ခန္ဓာကိုယ် များနှင့်အတူ သူတို့၏ စိတ်ဝိညာဉ်များလည်း ကောင်းကင်ဘုံမိုးကြိုး၏ ပြင်းထန်စွာရိုက်ခတ်ခြင်းကို ခံရပြီး လေထုထဲတွင် ချက်ချင်းပျောက်ကွယ်သွားကာ ဗလာနတ္တိအဖြစ်သို့ ပြောင်းလဲသွားကြ၏။
နတ်ဘုရားများ ဒေါသထွက်ချိန်၌ အလောင်းတစ်သန်း ကျန်ရှိနေပေလိမ့်မည်။
ဘုန်း... ဘုန်း... ဘုန်း...
ရက်စက်ကြမ်းတမ်းသော ကောင်းကင်ဘုံမိုးကြိုးများသည် မြင့်မားသော ကောင်းကင်ယံမှ အဆက်မပြတ် ကျဆင်းလာပြီး ကျင့်ကြံသူအမြောက်အများကို မီးသွေးများအဖြစ်သို့ ပြောင်းလဲလိုက်သည်။
လူအများသည် အသိစိတ် လွတ်ကင်းသွားသည်အထိ လုံးလုံးလျားလျား ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့သည် ဒူးထောက်ကာ ကရုဏာထားရန် လုယွီကို တောင်းပန်လိုက်ကြ၏။ လူတချို့က သေရမည်ဆိုလျှင်ပင် မဟာချင်အတွက် ကြိုးစားပမ်းစား အလုပ်အကျွေးပြုမည်ဟု ကျိန်ဆိုကြသည်။
သို့သော် လုယွီသည် မရပ်တန့်ခဲ့ချေ။ ဤ ငရဲနယ်မြေ တွင် သူ၏အခွင့်အာဏာကို တည်ဆောက်ပြီး လူတိုင်းကို သူတို့၏လောဘအတွေးများအား စွန့်လွှတ်စေချင်သည်။
ထိုအတွက်ကြောင့် သူ သတ်ဖြတ်ရုံသာ ကျန်ရှိတော့သည်။
ငရဲနယ်မြေ၏စည်းမျဉ်းများကို လုယွီထက် ပို၍နားလည်သူ မရှိချေ။ ဤကဲ့သို့ ဖရိုဖရဲဖြစ်နေသော နေရာမျိုးတွင် လုံလောက်သော စွမ်းအားကို မပြသနိုင်ပါက ထိုနိမ့်ကျသောလူများသည် ကြောက်ရွံ့မှုကို သိရှိမည် မဟုတ်ချေ။
ယန်မိသားစုတစ်ခုတည်းကို ဖျက်ဆီးရုံဖြင့် မလုံလောက်ချေ။ သူသည် ကောင်းကင်ကြီး မှောင်မိုက်သွားပြီး သွေးများ မြစ်များအလား စီးဆင်းသွားကာ ကောင်းကင်နှင့်မြေကြီးကြားရှိ သက်ရှိအားလုံး ကြောက်ရွံ့မှုကို သိလာသည်အထိ ဆက်လက် သတ်ဖြတ်သွားပေမည်။
ထိုနတ်ဘုရားပြစ်ဒဏ်သည် နှစ်နာရီတိတိ ကြာမြင့်ခဲ့ပေ၏။
ကောင်းကင်ဘုံမိုးကြိုး၏တုန်ခါသံသည် နောက်ဆုံးတွင် ပြီးဆုံးသွားသော်လည်း လုယွီ၏ နတ်ဘုရားဓမ္မပုံရိပ်ယောင်သည် ပျောက်ကွယ်မသွားဘဲ တိမ်ပင်လယ် ၏အထက်တွင် မောက်မာထောင်လွှားစွာ ရပ်တည်နေဆဲပင်။
ဖုန်းတုမြို့တော်တွက် အဆုံးအစမရှိသော အလောင်းပင်လယ်ကြီးဖြင့် ပြည့်နှက်နေလေပြီ။ လမ်းတိုင်းတွင် ထူထပ်သိပ်သည်းသော သွေးညှီနံ့များ ပျံ့နှံ့နေပြီး ပြတ်တောက်နေသော ခြေလက်များနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ နေရာအနှံ့အပြား၌ ရှိနေသည်။ လူအများစုသည် မီးလောင်ထားသော အမည်းရောင်အတုံးတစ်တုံးသာ ကျန်ရှိပြီး အလောင်းအပြည့်အစုံပင် မကျန်ရစ်ခဲ့ချေ။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်နေပေ၏။ ဖုန်းတုမြို့တော်အတွင်းရှိ ငရဲနယ်မြေမှလူများဖြစ်စေမဟာချင်စစ်သားများဖြစ်စေ သူတို့အားလုံး လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံနေကြသည်။
သရဲတစ္ဆေစစ်သားတစ်သန်း သေဆုံးသွားပြီး သူတို့၏ သွေးများသည် မြစ်များအဖြစ် စုစည်းသွားကာ သွေးညှီနံ့များက လေဟာနယ်ထဲတွင် လွင့်မျောနေသည်။
"ဒါက အရမ်းရက်စက်လွန်းတယ်..."
တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။ သူတို့သည် သူတို့၏ရှေ့ရှိ မြင်ကွင်းကြောင့် ကြာမြင့်စွာကတည်းက အံ့အားသင့် မှင်တက်နေခဲ့ကြလေပြီ။
ချင်ဧကရာဇ်သည် ယန်မိသားစုကို ချေမှုန်းခဲ့စဉ်က သူသည် ယန်မိသားစုမှ အစွမ်းထက်ကျင့်ကြံသူများကိုသာ သတ်ဖြတ်ခဲ့သည်။ လုယွီသည် အစွမ်းထက်ကြောင်း လူတိုင်း သိထားကြသော်လည်း သူပေးခဲ့သော ထိတ်လန့်တုန်လှုပ်မှု ခံစားချက်မှာ ယခု သူတို့ မြင်တွေ့နေရသည့် အရာနှင့် အလှမ်းကွာဟနေဆဲပင်။
အကောင်းပကတိ ရှိနေခဲ့သော ဖုန်းတုမြို့တော်သည် ချက်ချင်းဆိုသလိုရင် အသူရာကြေးချွတ်သန့်စင်ဘုံအဖြစ်သို့ ပြောင်းလဲသွားပေ၏။ မည်သူကမျှ လုယွီကို ရက်စက်သည်ဟု တွေးထင်မည်မဟုတ်ဘဲ ချင်ဧကရာဇ်၏နည်းလမ်းများမှာ အလွန် ရက်စက်ကြမ်းကြုတ်သည်ဟုသာ သူတို့ တွေးထင်ကြပေလိမ့်မည်။
"ငါတို့ မလှုပ်ရှားခဲ့တာ ကံကောင်းသွားတယ်... မဟုတ်ရင် ငါတို့ရဲ့ ကံကြမ္မာကလည်း သူတို့နဲ့ အတူတူ ဖြစ်နေလိမ့်မယ်..."
"ချင်ဧကရာဇ်က ပြိုင်ဘက်ကင်းတယ်... မဟာချင်ကို ရန်မစသင့်ဘူး... ပြန်ရောက်တဲ့အချိန်ကျရင် ငါတို့ မိသားစုက လူငယ်တွေကို သူတို့ရဲ့ စကားတွေနဲ့ လုပ်ရပ်တွေမှာ အရမ်းသတိထားဖို့ သတိပေးရမယ်..."
အစွမ်းထက်ကျင့်ကြံသူ အမြောက်အများသည် သူတို့အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်၏မျက်လုံးများရှိ စိတ်ရှုပ်ထွေးသော အမူအရာကို ကျန်တစ်ယောက်က မြင်တွေ့မိပေ၏။
ယခုချိန်မှစ၍ ယန်မိသားစု ပျောက်ကွယ်သွားသော်လည်း ပို၍အစွမ်းထက်သော အင်အားစုတစ်ခု ထွန်းကားလာခဲ့သည်။ ဤသည်မှာ သူတို့အတွက် ကောင်းသောအရာ ဟုတ်မဟုတ်ကို သူတို့ မသိရသေးချေ။
နူးညံ့သော လေပြေလေညှင်းတစ်ချက် လုယွီအပေါ်သို့ ဖြတ်သန်းတိုက်ခတ်လာသည်။
လုယွီက မိုးကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ ဤအချိန်၌ တိမ်မည်းများ ပြယ်လွင့်သွားသော်လည်း ကောင်းကင်ကြီးသည် မြေကြီး၏သွေးရောင်ကို ရောင်ပြန်ဟပ်နေပြီး မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော သွေးရောင် ကောင်းကင်ကြီးကို ဖြစ်ပေါ်စေသည်။
"နတ်ဘုရားဘုရင်ရဲ့ စွမ်းအား... ငါက သုံးဆယ် ရာခိုင်နှုန်းကိုတောင် သုံးနိုင်နေပြီပဲ..."
သူ၏စွမ်းရည်များကို အသေးစား စမ်းသပ်မှုတစ်ခုမျှသာ ဖြစ်သော်လည်း ထိုအရာက ဤကဲ့သို့ အစွမ်းထက်သော အကျိုးသက်ရောက်မှုအား ဖြစ်ပေါ်စေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော တဟုန်ထိုး မြင့်တက်လာသည့် နတ်ဘုရား စွမ်းအားကို ခံစားလိုက်ရပြီး စိတ်ခံစားချက်များဖြင့် မပြည့်နှက်ဘဲ မနေနိုင်ခဲ့ချေ။
နတ်ဘုရားဘုရင်ပလ္လင်ကို စုစည်းခြင်းနှင့်အတူ သူ၏ စွမ်းအားများ ခုန်ပျံကျော်လွှား၍ မြင့်တက်လာပေ၏။ နတ်ဘုရားပြစ်ဒဏ် တစ်ကြိမ်ကျဆင်းသွားသည်နှင့် သက်ရှိတစ်သန်း သေဆုံးသွားသည်။
အစပထမတွင် လုယွီသည် မှော်စွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာခွန်အားကိုသာ ကျင့်ကြံခဲ့သည်။ မထင်မှတ်ဘဲ မမျှော်လင့်ထားသော အခြေအနေများကြောင့် နတ်ဘုရားစွမ်းအားသည် သူ၏အလျှင်မြန်ဆုံး တိုးတက်လာသည့်အရာ ဖြစ်လာခဲ့ပေ၏။
"လုယို..."
"အရှင့်ရဲ့ လက်အောက်ငယ်သား ရှိပါတယ်..."
"မင်း သွားပြီးတော့ ယန်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို လွှဲပြောင်းယူလိုက်... တစ်ခုလောက် ဆုံးရှုံးသွားရင်တောင် မင်းကို ငါ တာဝန်ယူခိုင်းမယ်..."
လုယွီက ပြောဆိုသည်။
"အမိန့်အတိုင်းပါ..."
လုယို၏ စိတ်နှလုံးသား တုန်ရီသွားသည်။
"ပြီးတော့ သတင်းထုတ်ပြန်လိုက်စမ်း... ငါးရက်အတွင်း နယ်မြေတိုင်းက နယ်မြေသခင်တွေ ငါ့ကို တွေ့ဖို့ ဖုန်းတုမြို့တော်ကို လာရမယ်..."
လုယွီက အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
"မလာတဲ့သူတွေ သေရမယ်..."
wunzinnosp