← Chapters

အခန်း ၅၅၀၃

Vol. 278 Ch. 5503

အခန်း ၅၅၀၃

Vol. 278 Ch. 5503

Chapter 5503

ဖုန်းတုမြို့တော်အတွင်းရှိ ရုန်းရင်းဆန်ခတ်မှုကြီး အလျှင်အမြန် ငြိမ်သက်သွားသည်။

အင်အားစုတစ်ခု ပျက်စီးသွားခြင်းနှင့်အတူ အင်အားစုအသစ်တစ်ခု ထွက်ပေါ်လာခြင်းက မလွဲမသွေ လိုက်ပါလာတတ်သည်။ မဟာချင်၏ငှက်နက်အလံသည် ဖုန်းတုမြို့တော်၏ တံတိုင်းများ အထက်တွင် လူးလွန့်နေပြီး ထိုနေရာတဝိုက်ကို သိမ်းပိုက်ထားကြောင်း ကြေညာနေသည်။

ငရဲနယ်မြေရှိ လူများသည် ထိုကဲ့သို့ စည်းမျဉ်းများကို ကြာမြင့်စွာကတည်းက အကျွမ်းတဝင် ရှိနေခဲ့ကြလေပြီ။ မရေမတွက်နိုင်သော လူများသည် မဟာချင်ထံသို့ အလျှင်အမြန် အညံ့ခံခဲ့ကြပြီး တစ်ချိန်တည်းမှာပင် ယန်မိသားစု အကြွင်းအကျန်များကို လိုက်လံဖမ်းဆီးရာတွင် ပါဝင်ခဲ့ကြသည်။

ဤသည်မှာ သူတို့အတွက် အသက်ရှင်သန်နိုင်ရန် နည်းလမ်းတစ်ခုပင်။ ငရဲနယ်မြေတွင် ခြေကုပ်ရယူရန်အတွက် အချိန်အခါနှင့်အခြေအနေများကို သိရှိခြင်းက မရှိမဖြစ် လိုအပ်သည်။

ယန်မိသားစု ကျင့်ကြံသူများသည် ကြောက်လန့်နေသော ကြွက်များကဲ့သို့ လူစုကွဲသွားကြ၏။ ကောင်းကင်ကွန်ယက်၏ သူလျှိုများက နေရာအနှံ့အပြား၌ ကင်းလှည့်နေသဖြင့် သူတို့ ပုန်းအောင်းနေသောနေရာများ တစ်ခုပြီးတစ်ခု ဖော်ထုတ်ခြင်းခံခဲ့ရသည်။ တစ်ချိန်က တက်ကြွမှုအပြည့်ရှိခဲ့သော ယန်မိသားစု ကျင့်ကြံသူများသည် လမ်းဖြတ်ကူးနေသော ကြွက်များကဲ့သို့ ချက်ချင်းဖြစ်သွားပြီး လူတိုင်းက သူတို့ကို သတ်ဖြတ်ရန် အော်ဟစ်နေကြသည်။

နေထွက်ခြင်းနှင့်နေဝင်ခြင်း ဒီရေကျခြင်းနှင့် ဒီရေတက်ခြင်းစသဖြင့် အရာအားလုံးတွင် သတ်မှတ်ထားသော ကံကြမ္မာ ရှိကြ၏။

တစ်ရက်အတွင်းမှာပင် ယန်မိသားစုသည် တည်ရှိခြင်း မရှိတော့ချေ။ ငရဲနယ်မြေအတွင်းရှိ လူတိုင်း၏ စိတ်နှလုံးသားထဲတွင် အခိုင်အမာရှိနေခဲ့သော ဤဧရာမတည်ရှိမှုကြီးသည် လုံးလုံးလျားလျား အမြစ်ပြတ် ချေမှုန်းခြင်း ခံလိုက်ရသည်။

အမိန့်ကို လက်ခံရရှိပြီးနောက် လုယိုသည် မဟာချင် သံမဏိမြင်းတပ်ကို မြို့ အပြင်ဘက်သို့ ချက်ချင်းဦးဆောင်သွားပြီး နေရာအသီးသီးရှိ ယန်မိသားစု၏ ပိုင်ဆိုင်မှုများကို စတင်၍ လွှဲပြောင်းယူခဲ့သည်။

ယန်မိသားစုသည် ငရဲနယ်မြေတွင် နှစ်ပေါင်းများစွာ အခြေစိုက်ခဲ့ပြီး ရှားပါးသော အရင်းအမြစ်အမျိုးမျိုးကို ကြာမြင့်စွာကတည်းက ထိန်းချုပ်ထားခဲ့သည်။ စိတ်ဝိညာဉ်ကျောက်တုံးများနှင့် သံမဏိမိုင်းတွင်းများအပြင် ရွှေမိုင်းတွင်းများ ငွေမိုင်းတွင်းများနှင့် တခြား လုပ်ငန်းများလည်း အမြောက်အများ ရှိနေပေ၏။ ဤအရာများကို ထိန်းချုပ်နိုင်သူ မည်သူမဆို အခြေခံအားဖြင့် ငရဲနယ်မြေ၏ ချမ်းသာကြွယ်ဝမှုတစ်ဝက်ကို ထိန်းချုပ်နိုင်ပေမည်။

ထိုကဲ့သို့ ကြီးမားသော ချမ်းသာကြွယ်ဝမှုကြီး သူတို့၏ရှေ့တွင် ရှိနေသဖြင့် သူတို့ မနာလိုမဖြစ်ဟု ပြောပါက ထိုအရာမှာ လိမ်လည်မှုသာ ဖြစ်ပေလိမ့်မည်။ သို့သော် အင်အားစု အ​မြောက်အများသည် သူတို့၏ အတွေးများကို အတင်းအကြပ် ဖိနှိပ်ထားပြီး သူတို့၏ လက်အောက်ငယ်သားများကို ပါဝင်ပတ်သက်ခြင်းမှ တင်းကြပ်စွာ တားမြစ်ထားခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ ဖုန်းတုမြို့တော်အတွင်းရှိ သွေးကွက်များသည် မခြောက်သေးချေ။

ယာယီစုဆောင်းထားသော ထောက်ပံ့ပို့ဆောင်ရေး တပ်ဖွဲ့၏ အစိတ်အပိုင်းတစ်ခုသည် ဖုန်းတုမြို့တော် အတွင်း၌ မြေပြင်ကို ရှင်းလင်းရန် တာဝန်ယူခဲ့ရသည်။ အလောင်းများကို သယ်ယူပို့ဆောင်ရန် နတ်ဆိုးသားရဲများကို အသုံးပြုခဲ့သည့်တိုင် အလောင်းများသည် ဖုန်းတုမြို့တော်အတွင်း၌ မြင့်မားစွာ စုပုံနေဆဲပင်။

သွေးညှီနံ့များသည် လေထုထဲတွင် လွင့်မျောနေပြီး ကောင်းကင်ကြီးသည် သွေးများဖြင့် အနီရောင် စွန်းထင်းနေပေ၏။ ငရဲနယ်မြေတွင် အစည်ကားဆုံးဖြစ်သော ဤမြို့တော်သည် ချက်ချင်းဆိုသလိုပင် အသူရာကြေးချွတ်သန့်စင်ဘုံအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုကဲ့သို့ သာဓကတစ်ခု ရှိနေသဖြင့် မဟာချင်ကို ရန်စရဲသေးသော မည်သူမဆို သူတို့၏ ကိုယ်ပိုင်ပျက်စီးမှုကို ရှာဖွေနေခြင်းသာ ဖြစ်ပေလိမ့်မည်။

ကောင်းကင်ကွန်ယက်သည် ယန်မိသားစု အကြွင်းအကျန်များကို စုံစမ်းစစ်ဆေးနေစဉ် သူတို့သည် ဝိုင်အရက်ဆိုင်တစ်ဆိုင်သို့ မတော်တဆ ဝင်ရောက်သွားမိသည်။ ထိုဆိုင်၏မြေအောက်တွင် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေကာ မရေမတွက်နိုင်သော ရတနာများကို တွေ့ရှိခဲ့ကြ၏။

ထိုဝိုင်အရက်ဆိုင်၏ဆိုင်ရှင်က အပြင်းအထန် ငြင်းဆိုခဲ့သည်။ သူ၏ဆိုင်အောက်တွင် မည်သည်ကြောင့် ရတနာများစွာ ရှိနေကြောင်းကို သူ လုံးလုံးလျားလျား မသိခဲ့ချေ။

စုံစမ်းစစ်ဆေးမှုအပြီးတွင် ကောင်းကင်ကွန်ယက်က ဤရတနာများသည် ယခင်က ယန်မိသားစု၏ ဘဏ္ဍာတိုက်တွင် သိုလှောင်ထားသော အရာများဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

ထိုအရာများသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သော်လည်း မထင်မှတ်ဘဲ အဝေးသို့ ရွှေ့ပြောင်းမခံရဘဲ ဖုန်းတုမြို့တော်အတွင်းရှိ ဤထောင့်တစ်နေရာတွင် သိုဝှက်ခံထားရခြင်း ဖြစ်ပေ၏။

"သေချာ ရှာကြစမ်း... နောက်ထပ် ရှိနေရမယ်..."

ယခုချိန်၌ ကောင်းကင်ကွန်ယက်၏ တပ်ခွဲမှူးအဖြစ် ရာထူးတိုးမြှင့်ခံရသော ချန်းတာ့ကျုံးက စိတ်လှုပ်ရှားစွာဖြင့် သူ၏လက်များကို ပွတ်သပ်လိုက်သည်။ သူသည် ရတနာများအားလုံးကို ချိတ်ပိတ်ရန် ချက်ချင်း အမိန့်ပေးခဲ့ပြီး တစ်ချိန်တည်းမှာပင် ပိုက်စိပ်တိုက်ရှာဖွေမှုတစ်ခုကို စတင်ခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း ပြင်းထန်သော ရှာဖွေမှုအောက်တွင် ကောင်းကင်ကွန်ယက်သည် အလားတူ အရွယ်အစားရှိသော မြေအောက်ရတနာ သိုလှောင်ရုံ ကိုးခုကို အောင်မြင်စွာ တွေ့ရှိခဲ့ပေ၏။

နေအိမ်များ လောင်းကစားရုံများ ဈေးများ ခွေးလှောင်အိမ်များ...

ဤသာမန်အဆောက်အအုံများအောက်တွင် ရတနာများကို ဖုံးကွယ်ထားကြောင်း မည်သူမျှ တွေးထင်ထားမိမည် မဟုတ်ချေ။

ကောင်းကင်ကွန်ယက်သည် ဤကိစ္စကို လုယွီထံ ချက်ချင်းသတင်းပို့ခဲ့သည်။ ထိုအကြောင်းကို ကြားပြီးနောက် လုယွီသည် မပြုံးဘဲ မနေနိုင်တော့ချေ။

ဤသည်က ပြောနေရန်ပင်မလိုဘဲ ထိုရတနာများကို ခွေးနက်ကြီးက ယူဆောင်သွားခြင်း ဖြစ်ပေမည်။

ယန်မိသားစု၏ရတနာများသည် သာမန်မဟုတ်ချေ။ တန်ဖိုးကြီးရတနာ အမြောက်အများသည် လေဟာနယ် တုန်ခါမှုများကိုပင် ဖြစ်ပေါ်စေနိုင်ပြီး ပြီးပြည့်စုံသော ကမ္ဘာငယ်လေးတစ်ခု မရှိဘဲ ထိုအရာများကို သိုလှောင်သိမ်းဆည်းရန် လုံးဝမဖြစ်နိုင်ချေ။

ဤသေသင့်သောခွေးသည် အတိတ်က ဗုဒ္ဓဂိုဏ်းမှ ယူဆောင်လာသော ရတနာများကိုပင် အပြည့်အဝ မချေဖျက်နိုင်သေးသည်မှာ သေချာပေ၏။ ယခုအချိန်၌ ဆင်ကို ဝါးမျိုရန် ကြိုးစားနေသော မြွေတစ်ကောင်ကဲ့သို့ မပြည့်ဝနိုင်သော လောဘဖြင့် ထိုခွေးသည် ယန်မိသားစု၏ ပစ္စည်းများကိုလည်း ဝါးမျိုရန် အမှန်တကယ် စီစဉ်နေခဲ့သည်။

သူ တိုက်ရိုက်ယူဆောင်မသွားနိုင်သော အရာများကို ဖရိုဖရဲ ဖြစ်နေစဉ်အတွင်း ဝှက်ထားပြီး အနာဂတ်တွင် အခွင့်အရေး ရရှိသည့်အချိန်မှ ထုတ်ယူရန် ကြံရွယ်ထားခြင်း ဖြစ်ပေမည်။

"အဲ့ဒါတွေ အားလုံးကို စုဆောင်းပြီး ဘဏ္ဍာတိုက်ထဲမှာ ထားလိုက်စမ်း..."

လုယွီက သူ၏လက်ကို ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်သည်။

wunzinnosp

All Chapters