အခန်း (၂၁၇၁-၂၁၇၂)
Vol. 218 Ch. 2171-2172
အခန်း (၂၁၇၁) မင်းက နေမင်းခုနစ်ပါး တံဆိပ်တစ်ခုပဲ ဆုံးရှုံးရမှာ
အသစ်ရောက်ရှိလာသော ထိုကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေ အနည်းငယ်၏ အောက်ခြေအခြေခံများသည် တစ်ခုချင်းစီတိုင်းက ထူထပ်သိပ်သည်းကာ ကျစ်လျစ်ခိုင်မာလှပေရာ ဟင်းလင်းပြင်ထက်၌ ဤအတိုင်း ရပ်တန့်နေရုံမျှဖြင့်တင် လူသားမျိုးနွယ်စုကျောင်းဆောင်ဘက်က စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် ကျောင်းသားများမှအစ ရွှေရှင်း တို့လို လူမျိုးများအဆုံး ရင်ထဲ၌ တိုးညှင်းလှသော စွမ်းအင်ဖိအားတစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ကြရသည်။
“ဒီလူအနည်းငယ်ကလည်း ကမ္ဘာတည်ဆောက်ခြင်း နောက်ဆုံးအဆင့်တွေပဲ၊ ဒါပေမဲ့ သူတို့ရဲ့ ကျင့်ကြံခြင်းအုတ်မြစ် က တကယ်လို့ စီနီယာအစ်ကိုကြီးသာ စွမ်းအားအပြည့် ထုတ်သုံးမယ်ဆိုရင် သူ့ထက်တောင် သိပ်ပြီး နည်းမှာမဟုတ်ဘူး ”
ဖန့်ချန်က လာရောက်သည့်လူများကို အကဲခတ်ကြည့်ရှုရင်း ရင်ထဲ၌ ထိုလူများနှင့် ကျန်းတောင်ယွဲ့ အကြားက စွမ်းအားကွာဟချက်ကို တိတ်တဆိတ် နှိုင်းယှဉ်ကြည့်လိုက်မိသည်။
သူ့၏ အတွေ့အကြုံအရ တွေးတောချက်များအရဆိုလျှင် တကယ်လို့များ ကျန်းတောက်ယွဲ့ သာ စွမ်းအားအပြည့် ထုတ်သုံးခဲ့မည်ဆိုပါက ရွှေရှင်းတို့ထက် အလွန်အမင်း သန်မာနေမည်မှာ သေချာလှပေသည်။
ထိုအခြေအနေက ယခုရောက်ရှိလာသည့် လူနည်းငယ်၏ စွမ်းဆောင်ရည်များနှင့် အတူတူလောက် ဖြစ်ပေလိမ့်မည်။
“ချင်ရှောင်း…… ငါတို့တွေ မတွေ့ရတာ တော်တော်တောင် ကြာသွားပြီပဲ၊ ဒီနှစ်တွေအတွင်းမှာ နင်က ဘာဖြစ်လို့ ကောင်းကင်ငါးပါးစစ်မြေပြင်ထဲကို တစ်ကြိမ်မှ မဝင်ရောက်ခဲ့တာလဲ။ နင့်ရဲ့ ကျောင်းတော်ကြီးအတွင်းက ကမ္ဘာတည်ဆောက်ခြင်း နောက်ဆုံးအဆင့် အဆင့်သတ်မှတ်ချက်က အခုဆိုရင် အဆင့်သုံးဆယ်ကျော်ရဲ့ အပြင်ဘက်ကို ပြုတ်ကျသွားခဲ့ပြီ မဟုတ်လား ”
ယန်ရွှမ်းကျိန်း က ခပ်ဖွဖွ ပြုံးလျက် ပြောဆိုလိုက်သည်။
သူမ ဤစကားကို ထုတ်ပြောလိုက်သည်နှင့်တစ်ပြိုင်နက် သူမ ခေါ်ဆောင်လာခဲ့သည့် ထိုရှီးမျိုးနွယ်စု သူတော်စင်များ၏ မျက်နှာအမူအရာများက အသီးသီး ပြောင်းလဲသွားခဲ့ရကာ ချင်ရှောင်း အား စိုးရိမ်ထိတ်လန့်ခြင်း၊ စူးစမ်းလိုခြင်း မျက်ဝန်းအလင်းတန်းများဖြင့် အကဲခတ်ကြည့်ရှုလိုက်ကြတော့သည်။
ထိုက်ဟောက်ယွီ ပင်လျှင် ချင်ရှောင်း အား ကြည့်ရှုသည့် မျက်ဝန်းအလင်းတန်းများထဲ၌ တိုးညှင်းလှသော တည်ကြည်လေးနက်မှု အရိပ်အယောင် အနည်းငယ် ပေါ်လွင်နေခဲ့ရသည်။
လူသားမျိုးနွယ်စုကျောင်းဆောင်ဘက်၌မူ ချင်ရှောင်း ၏ နာမည်ကျော်ကြားမှုက ဝါရင့်ကျောင်းသားများအကြားတွင် ပြန့်နှံ့နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် ထိုဝါရင့်ကျောင်းသားများသည် သူ့၏ တည်ရှိမှုနှင့် ပတ်သက်ပြီး အံ့ဩခြင်း မရှိကြချေ။
ကျောင်းသားသစ်အချို့၊ အထူးသဖြင့် ဟော်ဆွေ့မျိုးနွယ်စုခွဲမှ ရောက်ရှိလာကြသည့် ကျောင်းသားသစ်အချို့ကမူ ချင်ရှောင်း ၏ နာမည်ကို ကြားလိုက်ရသဖြင့် တစ်ဦးပြီးတစ်ဦး ထိတ်လန့်အံ့ဩခြင်း အရိပ်အယောင်များ ပေါ်လွင်သွားခဲ့ရပြီးနောက် မျက်ဝန်းထဲ၌ စူးစမ်းလိုစိတ်များနှင့်အတူ ကြည်ညိုလေးစားမှုများ ပြည့်နှက်လျက် ချင်ရှောင်း အား အလျင်အမြန် လှမ်းကြည့်လိုက်မိကြသည်။
“ဟိုတစ်ယောက်က တကယ်ပဲ စီနီယာ ချင်ရှောင်း အကြီးအကဲလား ”
“ဟုတ်တယ်၊ တကယ်ကို စီနီယာအစ်ကိုကြီး ချင်ရှောင်း ပဲ ”
“ရှူး မထင်မှတ်ထားဘူး၊ စီနီယာအစ်ကိုကြီး ချင်ရှောင်း က လူသားမျိုးနွယ်စုကျောင်းဆောင်ထဲမှာ ဆက်ပြီးတော့ တံခါးပိတ် ကျင့်ကြံနေတုန်းပဲကိုး၊ ငါကတော့ သူ ဟင်းလင်းပြင်အဆင့်မြင့်မဟာမိတ်အဖွဲ့ထဲမှာ သွားပြီး ရာထူးတာဝန်တွေ ယူနေပြီလို့ ထင်နေတာ ”
ချင်မျိုးနွယ်စုခွဲက လူတော်တော်များများက ရင်ထဲ၌ တိတ်တဆိတ် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရသည်။
ဘာဖြစ်လို့လဲဆိုတော့ ချင်ရှောင်း ငယ်ရွယ်စဥ်အချိန်တုန်းကလည်း ကောင်းကင်ငါးပါးစစ်မြေပြင်ကို တုန်လှုပ်စေခဲ့ဖူးသည့် အတိတ်သမိုင်းကြောင်းများ ရှိခဲ့ဖူးသောကြောင့် ဖြစ်ပေသည်။
ထိုအချိန်တုန်းက ချင်ရှောင်း က စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်မျှသာ ရှိသေးပြီး ဘာနာမည်မှ မရှိသည့် သာမန်ကျောင်းသားဘဝကနေ နောင်လာမည့် နှစ်ပေါင်းငါးရာအတွင်းမှာတင် ငါးဆယ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည်။
ထိုအရှိန်အဟုန်ဖြင့် နေမင်းခုနစ်ပါးခန်းမအတွင်းသို့ ဝင်ရောက်နိုင်မည့် အမှတ်များကို စုဆောင်းနိုင်ခဲ့ပြီး နေမင်းခုနစ်ပါးခန်းမ၏ အဆင့်တစ်ရာမြောက်နေရာက တည်ရှိမှုနှင့် တိုက်ခိုက်ခွင့် အခွင့်အရေးကို ရရှိခဲ့သည်။
ထိုတိုက်ပွဲတွင် ချင်ရှောင်း က အနိုင်ရရှိခဲ့ပြီး ထိုအချိန်မှစ၍ နေမင်းခုနစ်ပါး ကျောင်းသားတစ်ဦး ဖြစ်လာခဲ့ရသည်။
၎င်းအပြင် တစ်ဟုန်ထိုး တက်လှမ်းရင်း အဆင့်ခြောက်ဆယ်မြောက် အမြင့်ဆုံးနေရာအထိပင် ရောက်ရှိခဲ့ဖူးသည်။
ထိုအချိန်တုန်းက ယန်ရွှမ်းကျိန်း ၏ နေမင်းခုနစ်ပါးခန်းမအတွင်း အဆင့်သတ်မှတ်ချက်က သူ့ထက် အလွန်အမင်း နိမ့်ပါးလှပြီး အကောင်းဆုံးအနေနှင့် အဆင့်ရှစ်ဆယ်ဝန်းကျင်ကိုသာ ထိရုံမျှ ထိနိုင်ခဲ့ကာ အခြားသော တည်ရှိမှုများ၏ လိုက်လံကျော်တက်ခြင်းကို ခံခဲ့ရသည်။
ထိုနောက်တွင် ချင်ရှောင်း က ဤကဲ့သို့သော အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားရင်း အသက်စွမ်းအင် သူတော်စင်အဆင့်အထိ တိုက်ခိုက်နိုင်ခဲ့သလို ကမ္ဘာတည်ဆောက်ခြင်း သူတော်စင်အဆင့်အထိလည်း တိုက်ခိုက်နိုင်ခဲ့သည်။
ကမ္ဘာတည်ဆောက်ခြင်း အစောပိုင်းအဆင့်သို့ ရောက်ရှိပြီးနောက်တွင်မူ သူက ရုတ်တရက် ကောင်းကင်ငါးပါးစစ်မြေပြင်ဆီသို့ နောက်ထပ် သွားရောက်ခြင်း မပြုတော့ချေ၊ တစ်ကြိမ်ပြီးတစ်ကြိမ် ပျက်ကွက်ခဲ့ရခြင်းကြောင့် အမှတ်များကလည်း တစ်ကြိမ်ပြီးတစ်ကြိမ် အနှုတ်ပြခံခဲ့ရသည်။
သူ့၏ နေမင်းခုနစ်ပါးခန်းမ အဆင့်သတ်မှတ်ချက်က နောက်ဆုံးတွင် အဆင့်တစ်ရာအောက်သို့ ကျဆင်းသွားခဲ့ရပြီးနောက် ပြုတ်သွားခဲ့ရတော့သည်။
ထိုအချိန်မှစ၍ အချိန်ပေါင်း မြောက်မြားစွာ ကုန်လွန်သွားခဲ့ပြီးနောက် ချင်ရှောင်း က အခြေခံအားဖြင့် လူလုံးထွက်ပြခြင်း မရှိတော့ချေ၊ ရံဖန်ရံခါ တစ်စုံတစ်ယောက်က မြင်တွေ့လိုက်ရလျှင်တောင် ကျောင်းတော်ကြီးအတွင်း၌သာ သူ့၏ ပုံရိပ်ကို မြင်တွေ့ရခြင်း ဖြစ်ပြီး ကောင်းကင်ငါးပါးစစ်မြေပြင်အတွင်း၌ မဟုတ်ချေ။
အချိန်ကြာလာသည်နှင့်အမျှ လူတော်တော်များများက ချင်ရှောင်း ၏ တည်ရှိမှုကို မေ့လျော့သွားခဲ့ကြရသည်။
ချင်မျိုးနွယ်စုမှ ဆင်းသက်လာကြသည့် မျိုးနွယ်စုခွဲ တပည့်များကသာ ထိုအချိန်တုန်းက ချင်ရှောင်း အား မိမိတို့၏ အားကျအတုယူရမည့် စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်သည်။
အားလုံးက သူသည် မဟာမိတ်အဖွဲ့၏ ဖိတ်ခေါ်ခြင်းကို လက်ခံလိုက်ရသဖြင့် ရာထူးအဆင့်အတန်းတစ်ခု ရရှိကာ အပြင်လောကသို့ စေလွှတ်ခြင်း ခံလိုက်ရပြီဟု ထင်မှတ်နေခဲ့ကြခြင်း ဖြစ်သည်။
မထင်မှတ်ဘဲ ဒီနေ့တွင် လူသားမျိုးနွယ်စုကျောင်းဆောင်၌ ချင်ရှောင်း ပေါ်လာသည်ကို မြင်တွေ့လိုက်ရခြင်း ဖြစ်ပေသည်။
ယန်ရွှမ်းကျိန်း က ချင်ရှောင်း ၏ အဆင့်သတ်မှတ်ချက်သည် ကျောင်းတော်ကြီး၏ ကမ္ဘာတည်ဆောက်ခြင်း နောက်ဆုံးအဆင့်အတွင်း အဆင့်သုံးဆယ်ကျော်အထိ ကျဆင်းသွားခဲ့ပြီဟု ပြောဆိုလိုက်သည်ကို ကြားလိုက်ရသဖြင့် ဤချင်မျိုးနွယ်စုခွဲများနှင့် လူသားမျိုးနွယ်စု၏ စွမ်းအင်စုစည်းခြင်း သူတော်စင်များ၊ အသက်စွမ်းအင် သူတော်စင် တော်တော်များများက ရင်ထဲ၌ အနည်းငယ် သက်ပြင်းချလိုက်မိကြသည်။
ကျောင်းတော်ကြီး၏ ကျင့်ကြံခြင်းအဆင့်တူအတွင်း အဆင့်သုံးဆယ်ကျော်ဟူသည်က နေမင်းခုနစ်ပါးခန်းမ၏ အဆင့်တစ်ရာနှင့် နှိုင်းယှဉ်လိုက်လျှင် ကွာဟချက်က အလွန်အမင်း ကြီးမားလှပေသည်။
အနည်းဆုံးတော့ ကျောင်းတော်ကြီးအတွင်း ကျင့်ကြံခြင်းအဆင့်တူ၏ ထိပ်တန်းအဆင့်ငါးခုအတွင်း ဝင်နိုင်မှသာ နေမင်းခုနစ်ပါးခန်းမ၏ အနားသတ်မျဉ်းကို ထိတွေ့နိုင်မည် ဖြစ်သည်။
တုန်းဖန်းဟို့ က မျက်တောင်မခတ်တမ်း ချင်ရှောင်း အား စိုက်ကြည့်နေမိရင်း မျက်ဝန်းအောက်ခြေဆီ၌ တိုးညှင်းလှသော တည်ကြည်လေးနက်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့ရသည်။
သူ့၏ သမိုင်းကြောင်းက အတိတ်တုန်းက ချင်ရှောင်း နှင့် အလွန်အမင်း ဆင်တူလှပေသည်။
တစ်ခုတည်းသော ကွာခြားချက်ကမူ တစ်ဖက်လူက အဆင့်ခြောက်ဆယ်မြောက်အထိ တစ်ဟုန်ထိုး တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တုန်းက ရွှေဟွေးကျောင်းတော်ကြီး၏ ကျင့်ကြံခြင်းအောက်ခြေအရဆိုလျှင် ချင်ရှောင်း က သေချာပေါက် ကျောင်းတော်ကြီးအတွင်း ကျင့်ကြံခြင်းအဆင့်တူ၌ နံပါတ်တစ် ဖြစ်ပေလိမ့်မည်။
သူကမူ ယခုတစ်ကြိမ်တွင် အဆင့်ကိုးဆယ့်ငါးနေရာ၌တင် တားဆီးခြင်းကို ခံလိုက်ရသည်။
နှစ်ဦးနှစ်ဖက်အကြားက ကွာဟချက်က တကယ်ကို ကြီးမားလွန်းလှပေသည်။
၎င်းက တုန်းဖန်းဟို့ ၏ ရင်ထဲ၌ မသိမသာ စိတ်ပျက်အားလျော့မှု ခံစားချက်တစ်ခု ထွက်ပေါ်လာစေခဲ့ရသည်။
“ငါက ဒီလောက်နှစ်တွေအထိ လက်မလှုပ်ခဲ့တာတောင် အဆင့်သုံးဆယ်ကျော်မှာ ရှိနေသေးတာလား။ ဒါဆိုရင်တော့ မဆိုးဘူးလို့ ပြောရမှာပေါ့ ”
ချင်ရှောင်း က အနည်းငယ် အံ့ဩသွားခဲ့ရသည့် ဟန်ပန်မျိုးဖြင့် ပြုံး၍ ပြောဆိုလိုက်သည်။
ယန်ရွှမ်းကျိန်း က တည်ငြိမ်စွာဖြင့်
“နင်က ဒီလောက်နှစ်တွေအထိ မလှုပ်ရှားခဲ့လို့ပဲလေ၊ အတိတ်တုန်းက နေမင်းခုနစ်ပါးခန်းမကနေ ပြုတ်သွားခဲ့ရတာကလည်း နင် ရှေ့မထွက်ခဲ့လို့ အမှတ်တွေ အနှုတ်ပြခံရတဲ့ အကြောင်းအရင်းကြောင့်ပဲ၊ အခြားလူရဲ့ လက်ထဲမှာ ရှုံးနိမ့်ခဲ့ရတာ မဟုတ်ဘူး။
ဒါကြောင့် ကျောင်းတော်ကြီးဘက်က အဆင့်သတ်မှတ်ချက် တွက်ချက်တဲ့နေရာမှာ နင့်ရဲ့ နောက်ပိုင်း တိုက်ပွဲရလဒ်တွေကို တွက်ချက်လို့မရဘဲ အတိတ်တုန်းက စံနှုန်းတွေအတိုင်းပဲ ခန့်မှန်းတွက်ချက်ထားရတာ။
ဒါကြောင့်လည်း နင်က ကျောင်းတော်ကြီးရဲ့ အဆင့်သုံးဆယ်ကျော်နေရာမှာ ရှိနေနိုင်သေးတာပဲ ”
သူမ၏ ဤစကားက ထိုနေရာရှိ သူတော်စင်များကို ချက်ချင်း သတိမူမိသွားစေခဲ့ရသည်။
တကယ်လို့သာ ချင်ရှောင်း က အတိတ်တုန်းက ရှုံးနိမ့်ခဲ့ရခြင်းကြောင့် ပြုတ်သွားခဲ့ရခြင်း မဟုတ်ဘူးဆိုရင်တော့……
“ဒါဆို စီနီယာအစ်ကိုကြီး ချင်ရှောင်း က အခုအချိန်အထိ နေမင်းခုနစ်ပါး ကျောင်းသားတစ်ယောက်ရဲ့ တိုက်ပွဲစွမ်းရည် အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်တုန်းပဲပေါ့ ”
ချင်မျိုးနွယ်စုခွဲ တော်တော်များများက မျက်နှာထက်၌ အံ့ဩဝမ်းသာခြင်း အရိပ်အယောင်များ ပြည့်နှက်သွားခဲ့ရသည်၊ ဘာပဲဖြစ်ဖြစ် အားလုံးက ချင်မျိုးနွယ်စုခွဲများ ဖြစ်ကြသဖြင့် ချင်ရှောင်း သန်မာလေလေ သူတို့လည်း မျက်နှာပွင့်လေလေ မဟုတ်ပါလား။
“နောက်ပြီးတော့ အားလုံးပဲ…… နင်တို့အားလုံးကလည်း အတိတ်တုန်းက နေမင်းခုနစ်ပါး ကျောင်းသားတွေ ဖြစ်ခဲ့ဖူးတာပဲ၊ ဘယ်အချိန်ကာလတုန်းကပဲ ဖြစ်ဖြစ်၊ ဘယ်လောက်ကြာကြာပဲ ဖြစ်ဖြစ်၊ နေမင်းခုနစ်ပါး ကျောင်းသားအဖြစ် တက်လှမ်းနိုင်မယ့် ကျင့်ကြံခြင်းအောက်ခြေ ရှိတဲ့ တည်ရှိမှုတစ်ခုက ကျောင်းဆောင်အသီးသီးအတွက် ဘယ်လောက်အထိ တန်ဖိုးရှိလှတယ်ဆိုတာကို သိကြမှာပါ။
သေသေချာချာလေး ပျိုးထောင်ပေးလိုက်မယ်ဆိုရင် နောင်တစ်ချိန်မှာ ဟင်းလင်းပြင် အဆင့်မြင့်မဟာမိတ်အဖွဲ့ရဲ့ ကြီးမားလှတဲ့ အထောက်အပံ့တစ်ခု ဖြစ်လာနိုင်တယ် ”
ယန်ရွှမ်းကျိန်း က ချင်ရှောင်း ၏ ဘေးနားရှိ အခြားသော ကမ္ဘာတည်ဆောက်ခြင်း သူတော်စင်များကို လှမ်းကြည့်လိုက်သည်။
ထိုအချိန်ကျမှသာ လူအုပ်ကြီးက ဤလူအနည်းငယ်ကလည်း ‘နေမင်းခုနစ်ပါး ကျောင်းသားဟောင်း’ များ ဖြစ်ကြကြောင်း နားလည်သွားခဲ့ကြရပြီး ခဏမျှအတွင်း သူတို့ကို ကြည့်ရှုသည့် မျက်ဝန်းအလင်းတန်းများက ကြီးမားစွာ ပြောင်းလဲသွားခဲ့ရတော့သည်။
၎င်းထဲတွင် ကြောက်ရွံ့ရိုသေမှုများ၊ စူးစမ်းလိုမှုများ၊ သက်ပြင်းချမှုများနှင့်အတူ ကိုးကွယ်အားကျမှုများ ပြည့်နှက်နေခဲ့ရသည်။
“ဒါကတော့ သဘာဝကျပါတယ်၊ နေမင်းခုနစ်ပါး ကျောင်းသားအဖြစ် တက်လှမ်းနိုင်တဲ့လူက ဘယ်သူကများ သာမန်လူ ဖြစ်ပါ့မလဲ။ နောင်တစ်ချိန် နည်းနည်းလောက် ပျိုးထောင်ပေးလိုက်ရင် ကမ္ဘာကြီးအဆင့်ကို တက်လှမ်းဖို့က ပြဿနာမရှိပါဘူး။
အချိန် နည်းနည်းလောက် ထပ်ပေးလိုက်လို့ ကမ္ဘာကြီးအဆင့်ရဲ့ နယ်ပယ်သုံးခုကိုသာ အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်မယ်ဆိုရင်တော့ ကောင်းနိမိတ်ဖြစ်စဥ်အဆင့်ကို ရောက်ရှိဖို့ကလည်း ဖြစ်နိုင်ခြေ ရှိတာပဲ ”
ထိုအထဲက ကမ္ဘာတည်ဆောက်ခြင်း နောက်ဆုံးအဆင့် တစ်ဦးက တည်ငြိမ်စွာ ပြုံး၍ ပြောဆိုလိုက်သည်။
စကားပြောဆိုနေရင်းနှင့် သူက ဖန့်ချန်အား တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး
“ဖန့်ချန်…… မင်းရဲ့ လှုပ်ရှားမှုက တကယ်ပဲ ရက်စက်လွန်းတယ်၊ ထိုက်ဟောက်ဝေကို မရိုက်သတ်ပစ်ခဲ့သင့်ဘူး၊ ဒါက ငါတို့ လူသားမျိုးနွယ်စုအတွက် ပြဿနာတွေ ဖိတ်ခေါ်လိုက်တာပဲ ”
ရွှေရှင်း တို့ လူအုပ်ကြီးက ခဏမျှ ကြောင်အသွားခဲ့ရပြီး မျက်နှာအမူအရာများက ချက်ချင်းပင် ထူးဆန်းရှုပ်ထွေးသွားခဲ့ရတော့သည်။
ချင်ရှောင်း ကလည်း ယခုအချိန်တွင် ဖန့်ချန်အား အထက်အောက် အကဲခတ်ကြည့်ရှုလိုက်ရင်း မနေနိုင်ဘဲ ပြုံး၍ ပြောဆိုလိုက်သည်။
“မင်းရဲ့ ဒီလိုမျိုး စိတ်ဓာတ်ပြင်းထန်မှုက အတိတ်တုန်းက ငါ့ရဲ့ ပုံစံနဲ့ တကယ်ကို ဆင်တူတယ်၊ ဒါပေမဲ့ မင်းလိုမျိုး ဇွတ်တရိုး တိုးဝှေ့လှုပ်ရှားတာကတော့ တကယ်ကို မကောင်းဘူး။
ငါတို့ လူသားမျိုးနွယ်စုက ဟင်းလင်းပြင် အဆင့်မြင့်မဟာမိတ်အဖွဲ့ထဲမှာ ရှီးမျိုးနွယ်စုနဲ့ ရှိတဲ့ ဆက်ဆံရေးက တကယ်တမ်းတော့ မဆိုးလှပါဘူး။
ဟင်းလင်းပြင် အဆင့်မြင့်မဟာမိတ်အဖွဲ့က မင်း စိတ်ကူးထားတာထက် ပိုပြီး ကြီးမားသလို ကျောင်းတော်ကြီးဆိုတာက နေရာသေးလေးတစ်ခု သက်သက်ပဲ။
ဒီဘက်မှာ ရန်ဖြစ်ကြတာက ဘာမှမဟုတ်ပေမဲ့။
တကယ်လို့များ အပြင်လောကကို သက်ရောက်မှု ရှိသွားမယ်ဆိုရင်တော့ ပြဿနာက ကြီးမားသွားလိမ့်မယ် ”
ယန်ရွှမ်းကျိန်း က ၎င်းစကားကို ကြားလိုက်ရသဖြင့် ဘာစကားမှ ထုတ်မပြောဘဲ ပြုံး၍သာ နေလိုက်သည်။
“ဒါဆို စီနီယာအစ်ကိုကြီးရဲ့ သဘောက ဘာလဲဟင် ”
ဖန့်ချန်က လက်ဝါးချင်းယှက်လျက် မေးမြန်းလိုက်သည်။
“မင်းက ထိုက်ဟောက်ဝေကို ရိုက်သတ်ပစ်ခဲ့တာဆိုတော့ သူ့ကို နေမင်းခုနစ်ပါး တံဆိပ်တစ်ခု ပြန်ပြီး လျော်ကြေးပေးလိုက်ရင် ရတာပဲ။
ထိုက်ဟောက်ဝေ က အသက်ဆုံးရှုံးသွားခဲ့ရတာဖြစ်ပြီး မင်းကတော့ နေမင်းခုနစ်ပါး တံဆိပ်တစ်ခုပဲ ဆုံးရှုံးရမှာ၊ ဒီထဲက အရှုံးအမြတ်ကို မင်းအနေနဲ့ တွက်ချက်တတ်ရမယ် ”
ချင်ရှောင်း က ပြုံး၍ ပြောဆိုလိုက်သည်။
ဖန့်ချန် စကားမဟရသေးခင်မှာတင် ရွှေရှင်း က မျက်မှောင်ကြုတ်လျက် ဝင်ပြောလိုက်တော့သည်။
“စီနီယာအစ်ကိုကြီး ချင်ရှောင်း…… နေမင်းခုနစ်ပါး တံဆိပ်ဆိုတာက သူတော်စင်တစ်ယောက်အတွက် အလွန်အမင်း အရေးကြီးပါတယ်၊ ဒီလိုကိစ္စမျိုးကြောင့်နဲ့ ဖန့်ချန်ကို နေမင်းခုနစ်ပါး တံဆိပ် ထုတ်ပေးပြီး ရှီးမျိုးနွယ်စုကို လျော်ကြေးပေးခိုင်းရမယ်လို့ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ ”
“ဟုတ်တယ်လေ၊ ဒါက ကျိုးကြောင်းဆီလျော်မှု မရှိပါဘူး ”
“အဲဒီတုန်းက ကော်ကာကွယ်ရေးဆရာ လာတောင်းတုန်းကတောင် နင်ကျောင်းအုပ်ကြီးက မပေးခဲ့ဘူး မဟုတ်လား ”
ကမ္ဘာတည်ဆောက်ခြင်းအဆင့် တော်တော်များများက ဝင်ရောက်ပြောဆိုလိုက်ကြပြီး စကားလုံးများအကြား၌ အတိတ်တုန်းက ဖြစ်ပွားခဲ့သော ထိုကိစ္စကို ထည့်သွင်းပြောဆိုလိုက်ကြသည်။
“အဲဒီတုန်းက ကော်ကာကွယ်ရေးဆရာက လာတောင်းရုံတင်ဖြစ်သလို ထိုက်ဟောက်ဝေ ကလည်း မသေသေးဘူးလေ၊ ဒါကြောင့် နင်ကျောင်းအုပ်ကြီးက မပေးတာက ကျိုးကြောင်းဆီလျော်မှု ရှိပါတယ်။ ”
ချင်ရှောင်း က ပြုံးလျက် ရှင်းပြလိုက်ရင်း
“ဒီနေ့ ဒီအချိန်ကတော့ မတူညီတော့ဘူး၊ ရှီးမျိုးနွယ်စုဘက်က နေမင်းခုနစ်ပါးခန်းမထဲကို ဝင်ရောက်နိုင်တဲ့ ကျောင်းသားတစ်ယောက် သေဆုံးသွားခဲ့ရတာ။
နေမင်းခုနစ်ပါး တံဆိပ်ကို ထုတ်မပေးဘူးဆိုရင် ရှီးမျိုးနွယ်စုရဲ့ ဒေါသက ဘယ်လိုလုပ် ပြေပျောက်ပါ့မလဲ။
ငါတို့ လူသားမျိုးနွယ်စုဘက်က ကြည့်မယ်ဆိုရင်လည်း တကယ်တမ်းတော့ နေမင်းခုနစ်ပါး ကျောင်းသားတစ်ယောက် မရှိလို့ မဖြစ်တာမျိုး မဟုတ်ပါဘူး။
တစ်ခု ပိုတာ၊ တစ်ခု လျော့တာက အခြေအနေတစ်ခုလုံးအပေါ်ကို သက်ရောက်မှု မရှိပါဘူး။
အနည်းဆုံးတော့ အခုရှိနေတဲ့ အခြေအနေကို ထိန်းသိမ်းထားနိုင်ဦးမှာဖြစ်လို့ နောင်တစ်ချိန် မင်းတို့တွေ အပြင်လောကကို သွားတဲ့အခါမျိုးမှာ အကြောင်းပြချက်မရှိဘဲ သေဆုံးရမည့် ဘေးကနေ ကင်းဝေးသွားမှာပေါ့ ”
အခန်း (၂၁၇၂) ဖန့်ညီလေး…… ဆရာက မင်းကို အိမ်ပြန်ထမင်းစားဖို့ လှမ်းခေါ်နေတယ်
လူသားမျိုးနွယ်စု သူတော်စင်များသည် ချင်ရှောင်း တစ်ချိန်လုံး ရှီးမျိုးနွယ်စုနှင့် ဆက်ဆံရေးကောင်းမွန်အောင် ထိန်းသိမ်းရန်သာ တွေးတောနေသည်ကို မြင်လိုက်ရသဖြင့် မျက်နှာအမူအရာများက တစ်ယောက်ပြီးတစ်ယောက် အနည်းငယ် အရုပ်ဆိုးသွားခဲ့ကြရသည်။
ယန်ရွှမ်းကျိန်း က ထိုစကားကို ကြားလိုက်ရသောအခါ ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီး -
“ချင်ရှောင်း…… လူသားမျိုးနွယ်စုကျောင်းဆောင်ထဲမှာ နင်ကပဲ အကျိုးအကြောင်း သိတတ်ပြီးတော့ အခြေအနေအရပ်ရပ်ကို နားလည်တာပဲ ”
“ကျောင်းသူ ယန်…… စိတ်အေးအေးထားပါ၊ ထိုက်ဟောက်ဝေ သေဆုံးသွားတဲ့ကိစ္စကတော့ ကျောင်းသား ဖန့် အနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ရှင်းလင်းချက်တစ်ခု ပေးရမှာပါ။
ဒီရှင်းလင်းချက်ကိုသာ မပေးဘူးဆိုရင် နောင်တစ်ချိန်မှာ လူသားမျိုးနွယ်စုအပေါ် သက်ရောက်မှုတွေ ရှိလာတဲ့အခါ သူကိုယ်တိုင်လည်း သူ့အကျိုးဆက်ကို သူ ပြန်ခံစားရပါလိမ့်မယ် ”
ချင်ရှောင်း က ပြုံးလျက် လက်ကာပြလိုက်ပြီးနောက် မျက်ဝန်းအလင်းတန်းက ဖန့်ချန် ၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည်။
“ဖန့်ချန်…… အရှုံးအမြတ်ကို ငါ မင်းကို ရှင်းပြပြီးပြီ၊ မင်း ဘယ်လိုမျိုး စီစဉ်တွက်ချက်ထားလဲ ”
“ကျုပ်ကတော့ အခြေအနေအရပ်ရပ်ကို နားလည်ပြီးသားပါ ”
ဖန့်ချန် က ခေါင်းကို ခပ်ဖွဖွ ညိတ်ပြလိုက်သည်။
လူအုပ်ကြီးက ခဏမျှ ကြောင်အသွားခဲ့ရသည်၊ သို့ဆိုလျှင် ဖန့်ချန် က တကယ်ပဲ နေမင်းခုနစ်ပါး တံဆိပ်ကို ထုတ်ပေးလိုက်တော့မည်လား။
ယန်ရွှမ်းကျိန်း ပင်လျှင် ဤသူငယ်သည် ချင်ရှောင်း ၏ ပြောဆိုဖျောင်းဖျမှုကို ခံလိုက်ရသဖြင့် နေမင်းခုနစ်ပါး တံဆိပ်ကို မထုတ်ပေးဘဲမနေရ ဖြစ်သွားပြီဟု ထင်မှတ်သွားခဲ့ရကာ မျက်ဝန်းထဲ၌ တိုးညှင်းလှသော ပြုံးယောင်သန်းမှုတစ်ခု ချက်ချင်း ပေါ်ပေါက်လာခဲ့ရသည်။
ဖန့်ချန် က ဆက်လက်၍ -
“ဟင်းလင်းပြင် အဆင့်မြင့်မဟာမိတ်အဖွဲ့ရဲ့ အခြေအနေအရပ်ရပ်ကနေ ကြည့်မယ်ဆိုရင် ထိုက်ဟောက်ဝေ က သေတောင် သေသွားခဲ့ပြီပဲ၊ ဒါဆိုရင်တော့ မြေမှုန့်က မြေမှုန့်ဆီ၊ ပြာက ပြာဆီပဲ သွားရမှာပေါ့၊ ဒီပုဂ္ဂိုလ်အကြောင်းကို နောက်ထပ် ထည့်ပြောနေဖို့ မလိုတော့ပါဘူး။
ကျုပ်ကို နေမင်းခုနစ်ပါး တံဆိပ် ထုတ်ပေးပြီး ထိုက်ဟောက်ယွီ အတွက် ဒဏ်ရာကုသခိုင်းဖို့ ဆိုတဲ့ ကိစ္စကတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။
ကျုပ်က အခုဆိုရင် နေမင်းခုနစ်ပါးခန်းမထဲမှာ အဆင့်ကိုးဆယ် ရှိနေတာ။
နောက်တစ်ကြိမ် ကောင်းကင်ငါးပါးစစ်မြေပြင်ကျရင် ကျုပ်က အရှေ့ကို ထပ်ပြီးတော့ တိုးဝှေ့တက်လှမ်းရဦးမှာ။
ထိုက်ဟောက်ယွီ ကတော့…… နေမင်းခုနစ်ပါး ကျောင်းသားတစ်ယောက်တောင် မဟုတ်သေးဘူး။
ဟင်းလင်းပြင် အဆင့်မြင့်မဟာမိတ်အဖွဲ့ရဲ့ နေမင်းခုနစ်ပါး ကျောင်းသားတစ်ယောက်ကို နေမင်းခုနစ်ပါး တံဆိပ် ထုတ်ပေးခိုင်းပြီးတော့ ဒီလိုမျိုး ပြိုင်ပွဲဝင်တစ်ယောက်ကို ပေးခိုင်းရမယ်ဆိုတာက။
ဟင်းလင်းပြင် အဆင့်မြင့်မဟာမိတ်အဖွဲ့ရဲ့ အခြေအနေအရပ်ရပ်ကနေ ကြည့်မယ်ဆိုရင် သေချာပေါက် ဆုံးရှုံးမှုကြီး တစ်ခုပဲ။
ဒါကြောင့် ကျုပ် စီစဉ်တွက်ချက်ထားတာကတော့ ရှီးမျိုးနွယ်စု သူတော်စင်တွေအနေနဲ့ သူတို့ ကိုယ်တိုင်ဆီကနေ စတင်ပြီးတော့ ပြဿနာကို ရှာဖွေပြီး ဖြေရှင်းသင့်တာပါ။
ပြဿနာ ဖြစ်ပွားလာတာနဲ့ အပြင်လောကမှာ အပြစ်ဖို့မည့်လူကို လိုက်ရှာနေဖို့ မဟုတ်ပါဘူး။
ထိုက်ဟောက်ဝေ သေဆုံးသွားရတဲ့ အကြောင်းအရင်းကတော့ သူကိုယ်တိုင်က ပြုမူလှုပ်ရှားတဲ့နေရာမှာ အလွန်အမင်း ဗိုလ်ကျလွန်းလို့ပဲ၊ လူသားမျိုးနွယ်စုရဲ့ ကျောင်းသားကို အရင် ရိုက်သတ်ခဲ့တာကြောင့် သူလည်းပဲ သေသွားခဲ့ရတာ။
ဒါကို ကံကံ၏အကျိုး လို့ ခေါ်တယ်၊ စီနီယာအစ်ကိုကြီး ချင်ရှောင်း…… မင်း ဘယ်လိုထင်လဲ ”
ချင်ရှောင်း ၏ မျက်နှာထက်က ပြုံးယောင်သန်းမှုက အနည်းငယ် အေးစက်သည့် အရိပ်အယောင်များ စွန်းထင်သွားခဲ့ရသည်။
လူသားမျိုးနွယ်စု သူတော်စင်များသည် တစ်ဦးကိုတစ်ဦး အပြန်အလှန် ကြည့်ရှုလိုက်ကြပြီး အချို့လူများကမူ တိတ်တဆိတ် ခိုးပြုံးနေခဲ့ကြသည်။
ချင်ရှောင်း က အခြေအနေအရပ်ရပ်ကို ထည့်ပြောခဲ့သည်။
ဖန့်ချန် ကလည်း ထို့အတူပင် အခြေအနေအရပ်ရပ်ကို ထည့်ပြောခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ရှေ့ကလူက လူသားမျိုးနွယ်စုကို အခြေခံပြီး ပြောဆိုခဲ့ခြင်းဖြစ်ကာ နောက်ကလူကမူ ဟင်းလင်းပြင် အဆင့်မြင့်မဟာမိတ်အဖွဲ့ကြီးကို တိုက်ရိုက် ထုတ်သုံးပြီး ဖိနှိပ်လိုက်ခြင်း ဖြစ်ပေသည်။
ချင်ရှောင်း က နောက်ထပ် စကားထုတ်ပြောရန် ပြင်ဆင်လိုက်သည့် အချိန်တွင်တင် ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေတစ်ခုက ဟင်းလင်းပြင်ကို ဖြတ်သန်းလျက် ဆိုက်ရောက်လာခဲ့တော့သည်။
“ဖန့်ညီလေး…… ဆရာက မင်းကို အိမ်ပြန်ထမင်းစားဖို့ လှမ်းခေါ်နေတယ် ”
ကျန်းတောင်ယွဲ့ က ပြုံးလျက် လက်လှမ်းပြလိုက်သည်။
ကရုဏာတောင်က စီနီယာအစ်ကိုကြီး ရောက်ရှိလာခြင်းပင်။
လူအုပ်ကြီး၏ မျက်နှာအမူအရာများက ပြောင်းလဲသွားခဲ့ရသည်။
“ဆရာ ပြောတာကတော့ ဒီတစ်ကြိမ်မှာ မင်းနဲ့ ထိုက်ဟောက်ဝေတို့ မပြေမလည် ဖြစ်ပွားပြီးတော့ လူသားမျိုးနွယ်စုနဲ့ ရှီးမျိုးနွယ်စုကြားက ချစ်ကြည်ရေးကို သက်ရောက်မှု ရှိသွားမှာ စိုးရိမ်ခဲ့တာတဲ့။
ဒါကြောင့် ကောင်းကင်ငါးပါး ကြီးကြပ်ကွပ်ကဲရေးမှူး စီနီယာကြီး ပေမင်လျိုဆန်း ကို အထူးတလည် သွားရောက် မှာကြားခဲ့ပြီး နေမင်းခုနစ်ပါး စစ်ဆေးမှုမှာ မင်းကို အသုံးမပြုဖို့ ပြောခဲ့တာ။
ရလဒ်အနေနဲ့ ပေမင်လျိုဆန်း စီနီယာကြီးက ယာယီကိစ္စရှိလို့ တာဝန်ပြောင်းရွှေ့ပြီး ထွက်ခွာသွားခဲ့ရတယ်၊ နောက်ထပ် အစားထိုးလိုက်တဲ့ ကောင်းကင်ငါးပါး ကြီးကြပ်ကွပ်ကဲရေးမှူးကလည်း ရှီးမျိုးနွယ်စုကနေ ဆင်းသက်လာတာ ထင်ရတာပဲ။
မင်းကို စစ်ဆေးရေးမှူးအဖြစ် အတင်းအကျပ် လုပ်ခိုင်းခဲ့လို့ နောက်ပိုင်းမှာ ဒီလို ကိစ္စရပ်တွေ ဖြစ်ပွားခဲ့ရတာက တကယ်ပဲ မတတ်သာတဲ့ အဆုံးမို့လို့ပါပဲနော် ”
ကျန်းတောင်ယွဲ့ က ယန်ရွှမ်းကျိန်း အား ခပ်ရွဲ့ရွဲ့ အဓိပ္ပာယ်ဖြင့် တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။
ယန်ရွှမ်းကျိန်း ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့ရသည်။
“ဒီလိုကိစ္စမျိုး ရှိခဲ့တာလား ”
“မင်းကတော့ အရင်အတိုင်းပဲ စိတ်နေစိတ်ထားမျိုး ရှိနေတုန်းပဲ၊ အခြားလူရဲ့ လှည့်စားခြင်းကို ခံရပြီးတော့ ရှေ့ကနေ မားမားမတ်မတ် ထွက်ရပ်ပေးနေတာ၊ စောစောနဲ့ နောက်ကျတာပဲ ကွာမယ်၊ တစ်နေ့နေ့တော့ အရှုံးပြဇာတ်နဲ့ ရင်ဆိုင်ရလိမ့်မယ် ”
ကျန်းတောင်ယွဲ့ က ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် ဖန့်ချန် နှင့်အတူ လှည့်ထွက်သွားရန် ပြင်ဆင်လိုက်တော့သည်။
“ခဏ နေဦး ”
ချင်ရှောင်း က လက်ကို မြှောက်လျက် တားဆီးလိုက်သည်။
“ချင်ရှောင်း…… အတိတ်တုန်းက တိုက်ပွဲမှာ ငါက မင်းကို မျက်နှာသာ အနည်းငယ် ပေးခဲ့ဖူးတယ်၊ အခုတော့ မင်းက ငါ့ရဲ့ ညီလေးကို နေမင်းခုနစ်ပါး တံဆိပ် ထုတ်ပေးဖို့ လာပြီး အတင်းအကျပ် ဖိအားပေးနေတာလား။
ဒီမျက်နှာသာက အလကား ဖြစ်သွားခဲ့ရပြီပဲ၊ အားလုံးပဲ သိအောင် ပြောပြရဦးမယ်၊ အဲဒီတုန်းက ချင်ရှောင်း က ငါ့ရဲ့ လက်ထဲမှာ အသက်ရှင်လျက် အဖမ်းခံရလုနီးပါး ဖြစ်ခဲ့တာ၊ သူက ဒူးထောက်ပြီး အသနားခံ တောင်းပန်ခဲ့လို့သာ ငါက သူ့ကို လွှတ်ပေးခဲ့တာ ”
ကျန်းတောင်ယွဲ့ က စကားပြောဆိုပြီးနောက် ချင်ရှောင်း အား ထပ်မံ ဂရုစိုက်ခြင်း မပြုတော့ဘဲ ဖန့်ချန် နှင့်အတူ ဟင်းလင်းပြင်ထက်၌ ပျောက်ကွယ်သွားခဲ့ကြတော့သည်။
ထိုလူနှစ်ယောက်က ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သော်လည်း ကျန်းတောင်ယွဲ့ ခုနက ပြောဆိုသွားခဲ့သည့် စကားလုံးများကမူ လူအုပ်ကြီး၏ နားထဲ၌ ဆက်လက် ပဲ့တင်ထပ်နေခဲ့ရဆဲ ဖြစ်ပေသည်။
ချင်မျိုးနွယ်စုခွဲမှ ဆင်းသက်လာကြသည့် သူတော်စင်များသည် အနည်းငယ် မယုံကြည်နိုင် ဖြစ်သွားခဲ့ကြရကာ တစ်ဦးကိုတစ်ဦး အပြန်အလှန် ကြည့်ရှုလိုက်ကြသည်။
ကျန်ရှိနေသည့် လူသားမျိုးနွယ်စု သူတော်စင်များကမူ မျက်နှာထက်၌ အံ့ဩမှင်သက်ခြင်း အရိပ်အယောင်များ ပြည့်နှက်နေခဲ့ရသည်။
ရွှေရှင်း တို့ လူအုပ်ကြီးကမူ အတွေးကမ္ဘာထဲသို့ နစ်မြုပ်သွားခဲ့ကြရပြီး ခဏမျှ ကြာပြီးမှသာ သတိပြန်လည်လာခဲ့ကြရကာ အချင်းချင်း စောင်းငဲ့ကြည့်လိုက်မိကြရာ တစ်ဦးစီတိုင်း၏ မျက်ဝန်းအောက်ခြေဆီမှ ထိတ်လန့်တုန်လှုပ်ခြင်းနှင့် အံ့ဩတုန်လှုပ်ခြင်း အရိပ်အယောင်များကို မြင်တွေ့လိုက်ကြရသည်။
ချင်ရှောင်း က ကျန်းတောင်ယွဲ့ နဲ့ လက်ရည်ယှဉ်ခဲ့ဖူးတာလား။
နောက်ပြီးတော့ ကျန်းတောင်ယွဲ့ ကို ရှုံးနိမ့်ခဲ့တာလား။
ဒူးထောက်ပြီး အသနားခံခဲ့တယ် ဟုတ်လား။
လူအုပ်ကြီးက ချင်ရှောင်း ရုတ်တရက် ကောင်းကင်ငါးပါးစစ်မြေပြင်ဆီသို့ နောက်ထပ် သွားရောက်ခြင်း မပြုတော့ဘဲ ဤမျှလောက်များပြားလှသည့် နှစ်ပေါင်းများစွာအတွင်း တံခါးပိတ် ကျင့်ကြံနေခဲ့ရခြင်းကို ဆက်စပ်တွေးတောကြည့်လိုက်မိကြပြီးနောက် ရုတ်တရက် ကျန်းတောင်ယွဲ့ ၏ စကားအပေါ် အနည်းငယ် ယုံကြည်သွားခဲ့ကြရတော့သည်။
ချင်ရှောင်း က မျက်မှောင်ကြုတ်လျက် ကျန်းတောင်ယွဲ့ နှင့် ဖန့်ချန် တို့ ထွက်ခွာသွားခဲ့သည့် အရပ်မျက်နှာဆီသို့ စိုက်ကြည့်နေမိရင်း ရုတ်တရက် ခပ်ဖွဖွ ပြုံးလိုက်သည်။
“ကျန်းတောင်ယွဲ့ က အရင်အတိုင်းပဲ၊ ပေါက်ကရတွေ လျှောက်ပြောရတာကို သဘောကျတုန်းပဲ၊ ကရုဏာတောင်ဆိုတာကလည်း ဒီလိုမျိုး နှုတ်လျှာစွမ်းရည် တစ်ခုတည်းနဲ့တင် အနိုင်ရနေတာပဲလေ ”
စကားပြောဆိုပြီးနောက် သူက ယန်ရွှမ်းကျိန်း အား လှမ်းကြည့်လိုက်ပြီး -
“ကျောင်းသူ ယန်…… စိတ်အေးအေးထားပါ၊ ထိုက်ဟောက်ဝေ ရဲ့ ကိစ္စကတော့ ငါ မင်းအတွက် လူသားမျိုးနွယ်စုကျောင်းဆောင်ထဲမှာ စကားတွေ အများကြီး ကူညီပြောပေးပါ့မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ရှင်းလင်းချက်တစ်ခုတော့ ရအောင် ပေးရမှာပေါ့ ”
“ဒီကိစ္စကို နင် အရင်ဆုံး ဝင်ပြီးတော့ မပတ်သက်ပါနဲ့ဦး ”
ယန်ရွှမ်းကျိန်း က လက်ကို ခပ်ဖွဖွ ကာပြလိုက်ပြီး အတွေးနက်နေသည့် ဟန်ပန်မျိုးဖြင့် ထိုက်ဟောက်ယွီ အား လှမ်းကြည့်လိုက်သည်။
“ခုနက ကျန်းတောင်ယွဲ့ ပြောသွားတဲ့ စကားက အမှန်ပဲလား ”
ထိုက်ဟောက်ယွီ ၏ မျက်နှာထက်၌ ဝေခွဲမရသည့် အရိပ်အယောင်များ ပြည့်နှက်သွားခဲ့ရသည်။
“ငါလည်း မသိဘူးလေ……”
ယန်ရွှမ်းကျိန်း ရင်ထဲ၌ တွေးတောချက်တစ်ခု ရရှိသွားခဲ့ရကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး -
“သွားစို့ ”
သူမက ဘာစကားမှ ထပ်မံထုတ်ပြောခြင်း မပြုတော့ဘဲ ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေကို မောင်းနှင်လျက် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ထွက်ခွာသွားခဲ့တော့သည်။
ကျန်ရှိနေသည့် ရှီးမျိုးနွယ်စု သူတော်စင်များကလည်း သူမ၏ နောက်သို့ လိုက်ပါရင်း တဖွဲဖွဲ ထွက်ခွာသွားခဲ့ကြရကာ မထွက်ခွာမီ အချိန်တွင်တင် ထိုက်ဟောက်ယွီ အား ဒေါသတကြီးဖြင့် စူးစိုက်ကြည့်သွားခဲ့ကြသေးသည်။
ထိုက်ဟောက်ယွီ က ၎င်းအခြေအနေကို မြင်လိုက်ရသဖြင့် အလျင်အမြန် လိုက်ပါသွားခဲ့ရသော်လည်း မျက်ဝန်းအောက်ခြေဆီ၌မူ ရက်စက်ယုတ်မာသည့် အရိပ်အယောင်များ စီးဆင်းနေခဲ့ရပေသည်။
……
……
“ယန်ရွှမ်းကျိန်း ဆိုတဲ့ မိန်းကလေးက ဦးနှောက်က သိပ်ပြီးတော့ အလုပ်မလုပ်ဘူး၊ အခြားလူရဲ့ အသုံးချခြင်းကို ခံရဖို့ လွယ်ကူလွန်းတယ်။
သူမက ဒီတစ်ကြိမ်မှာ သေချာပေါက် အခြားလူရဲ့ သွေးထိုးလှုံ့ဆော်ခြင်းကို ခံလိုက်ရပြီးတော့ မင်းက လူကို အရမ်း အနိုင်ကျင့်လွန်းတယ်လို့ ထင်မှတ်သွားခဲ့လို့သာ လူတွေကို ခေါ်ဆောင်ပြီး လူသားမျိုးနွယ်စုကျောင်းဆောင်ဆီ လာပြီးတော့ မင်းကို ပညာပေးဖို့ လုပ်တာပဲ ”
ကျန်းတောင်ယွဲ့ က လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်တန့်နေမိရင်း ခပ်ဖွဖွ ပြုံး၍ ပြောဆိုလိုက်သည်။
“စီနီယာအစ်ကိုကြီး…… သူမက တကယ်ပဲ ငါ့ဆီကနေ နေမင်းခုနစ်ပါး တံဆိပ်ကို ရရှိနိုင်မယ်လို့ ထင်နေတာလား ”
ဖန့်ချန် က ပြုံး၍ မေးမြန်းလိုက်သည်။
“အဲဒါကတော့ သဘာဝကျကျပဲ ဒီလောက်အထိ တုံးအမနေပါဘူး၊ ချင်ရှောင်း လည်း ထွက်လာပြီးတော့ အပေးအယူလုပ်တဲ့ ပုံစံမျိုး လုပ်နေတာကို မမြင်ဘူးလား။
ဒါက မင်းကို ရပ်တည်ချက်တစ်ခု ဖော်ပြနေတာဖြစ်ပြီးတော့ ဖိအားတွေ ပေးနေတာပဲ။
လူသားမျိုးနွယ်စုကျောင်းဆောင်ထဲမှာတော့ သူတို့တွေ တကယ်ပဲ လျှောက်ပြီး မရမ်းရဲပါဘူး။
ဘာပဲဖြစ်ဖြစ် လူတိုင်းက ကော်ကာကွယ်ရေးဆရာ မဟုတ်ကြဘူးလေ ”
ကျန်းတောင်ယွဲ့ က ပြုံးလျက် -
“မင်းရဲ့ စိတ်အခြေအနေကသာ ပြည့်စုံမှု မရှိသေးဘဲ သူတို့ရဲ့ ခြောက်လှန့်ခြင်းကို ခံလိုက်ရမယ်ဆိုရင်တော့ နောင်လာမည့် နှစ်ပေါင်းရာချီအတွင်းမှာတင် ကျင့်ကြံခြင်းအုတ်မြစ် က ဘာမှ တိုးတက်လာတော့မှာ မဟုတ်ဘူး။
နောက်တစ်ကြိမ် ကောင်းကင်ငါးပါးစစ်မြေပြင်ဆီကို သွားတဲ့အခါမျိုးမှာလည်း စိတ်အာရုံ ပျံ့လွင့်လွယ်သွားပြီးတော့ ရလဒ်တွေကို သက်ရောက်မှု ရှိသွားလိမ့်မယ်။
အဲဒီလိုဆိုရင် သူတို့ရဲ့ ရည်ရွယ်ချက်က အောင်မြင်သွားတာပဲပေါ့ ”
“ဒီ ယန်ရွှမ်းကျိန်း ရဲ့ နောက်ခံကလည်း သေချာပေါက် သာမန်မဖြစ်နိုင်ဘူး၊ နောက်ခံက တော်တော်လေး ကြီးမားတာ ထင်တယ်နော် ”
ဖန့်ချန် က ရေရွတ်လိုက်သည်။
“ဟုတ်တယ်၊ သူမရဲ့ နောက်ခံက မရိုးရှင်းလွန်းလို့ပဲ ရှီးမျိုးနွယ်စုဘက်က သူမကို လွှတ်ပြီးတော့ မင်းကို လာပြီး ပညာပေးခိုင်းတာပေါ့။
သူမရဲ့ မိသားစုထဲမှာ လူတော်တော်များများက ရွှေဟွေးကျောင်းတော်ကြီးအတွင်းမှာ ရာထူးတာဝန်တွေ ယူထားကြတာ။
ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံးလူကတင် ရှီးမျိုးနွယ်စုကျောင်းဆောင်ရဲ့ ကျောင်းအုပ်ကြီးပဲ ”
ကျန်းတောင်ယွဲ့ က သက်ပြင်းချသည့် အမူအရာမျိုးဖြင့် -
“ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးလူကတော့ ရွှေဟွေးကျောင်းတော်ကြီးရဲ့ အကြီးကဲ ဖြစ်ပြီးတော့ အထွတ်ထိပ်တာအို အဆင့် ရှိတဲ့ တည်ရှိမှုကြီးပဲ ”
အထွတ်ထိပ်တာအို သူတော်စင်အဆင့်ကြီးပေါ့။
ဖန့်ချန် က ခေါင်းကို ခပ်ဖွဖွ ညိတ်ပြလိုက်မိသည်၊ တကယ်လို့သာ သာမန်သူတော်စင်တစ်ယောက်အနေနှင့် ဤကဲ့သို့သော နောက်ခံနောက်လိုက်မျိုး ရှိသည့် ပါရမီရှင်တစ်ဦး၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရမှန်း သိသွားခဲ့လျှင် ရင်ထဲ၌ သေချာပေါက် ထိတ်လန့်တုန်လှုပ်နေရမည်မှာ သေချာလှပေသည်။
ရံဖန်ရံခါတွင် တစ်ဖက်လူက မင်းကို တကယ်လာပြီး တိုက်ခိုက်မှာကို မကြောက်ရဘဲ တစ်ဖက်လူက ဘယ်အချိန်မှာ လာမလဲ၊ လူဘယ်လောက်အထိ ခေါ်လာမလဲဆိုတာကို မသိရခြင်းကိုသာ ကြောက်ရွံ့ရခြင်း ဖြစ်ပြီး ၎င်းက သင့်ကို အလုပ်ကိစ္စတွေကို အာရုံမစိုက်နိုင်ဖြစ်စေကာ စိတ်အာရုံကို သက်ရောက်မှု ရှိစေခြင်း ဖြစ်ပေသည်။
“စီနီယာအစ်ကိုကြီး…… ဆရာက တကယ်ပဲ ကျုပ်ကို အိမ်ပြန်ထမင်းစားဖို့ လှမ်းခေါ်တာလား ”
ဖန့်ချန် က တစ်ခွန်း မေးမြန်းလိုက်သည်။
“ဟုတ်တယ်လေ၊ ဒီနေ့ ကရုဏာတောင်ဆီကို ဧည့်သည်တစ်ယောက် ရောက်နေတယ်၊ ပြောရမယ်ဆိုရင်တော့ ဒီဧည့်သည်က မင်းနဲ့လည်း ပတ်သက်နေတာပဲ၊ သူ့ရဲ့ မျိုးရိုးကလည်း ကော် ပဲ ”
ကျန်းတောင်ယွဲ့ က ထူးဆန်းရှုပ်ထွေးသည့် မျက်နှာအမူအရာမျိုးဖြင့် ဖန့်ချန် အား တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။
“မင်း ကောင်းကင်ငါးပါးစစ်မြေပြင်ထဲမှာ သူ့ရဲ့ သားဖြစ်သူကို အသက်တစ်ချောင်း ချန်ထားပေးခဲ့လို့တဲ့၊ အခု သူက ကတိတည်ဖို့အတွက် လာရောက်တာပဲ ”