အခန်း (၂၁၇၃-၂၁၇၄)
Vol. 218 Ch. 2173-2174
အခန်း (၂၁၇၃) မျိုးဆက်သစ်လူငယ်က အစွမ်းကုန် ကြိုးစားပါ့မယ်
ကော်ဟုန် ၏ ဖခင် ဟုတ်လား
ဖန့်ချန် က အနည်းငယ် အံ့ဩသွားခဲ့ရသည်၊ တစ်ဖက်လူ ရောက်လာသည့် အချိန်ကလည်း မြန်ဆန်လွန်းလှပေသည်။ ကောင်းကင်ငါးပါးစစ်မြေပြင်က ပြီးဆုံးသွားခဲ့ရုံမျှသာ ရှိသေးသော်လည်း တစ်ဖက်လူက ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
“ဒီပုဂ္ဂိုလ်ရဲ့ ကျင့်ကြံခြင်းအဆင့်က မနိမ့်တဲ့ပုံပဲ၊ ဆရာက သူ့အပေါ်မှာ တော်တော်လေး ယဉ်ကျေးပျူငှာတယ်၊ သေချာပေါက် ကောင်းကင်နိမိတ်ဖြစ်စဉ်အဆင့် သူတော်စင်တစ်ယောက် ဖြစ်လိမ့်မယ်။
မင်း ခဏနေရင် စကားပြောတဲ့အခါ အခြားလူကို သွားပြီးတော့ မစော်ကားမိစေနဲ့ဦး ”
ကျန်းတောက်ယွဲ့ က သတိပေးလိုက်သည်။
“စီနီယာအစ်ကိုကြီး…… တစ်ဖက်လူက ကော်ဟုန်ရဲ့ ဖခင် ဖြစ်နိုင်တယ်၊ အထွတ်ထိပ်တာအို အဆင့်ကြီး တစ်ယောက်ပဲ ”
ဖန့်ချန် ကလည်း ထို့အတူပင် ပြန်လည်သတိပေးလိုက်၏။
“……”
ကျန်းတောင်ယွဲ့ က အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးမှသာ ဖြည်းညင်းစွာဖြင့် ဖန့်ချန် အား လှမ်းကြည့်လိုက်မိရာ မျက်ဝန်းထဲ၌ သံသယဖြစ်ခြင်းများနှင့်အတူ လေးနက်တည်ကြည်သည့် အရိပ်အယောင်များ စွန်းထင်နေခဲ့သည်။
“တစ်ဖက်လူက ရန်ငြိုးနဲ့လာတာတော့ မဟုတ်ပါဘူးနော်၊ တကယ်လို့သာ အထွတ်ထိပ်တာအို အဆင့်ကြီးက ရန်လာရှာတာဆိုရင်တော့ ဆရာလည်း မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး၊ မင်း အခုချက်ချင်း သွားပြီးတော့ ပုန်းအောင်းနေလိုက်တာက ပိုပြီးတော့ အသက်ရှင်သန်ဖို့ လမ်းစ ရှိလိမ့်ဦးမယ် ”
“ကျုပ်က သူ့ရဲ့ သားကို သတ်ခဲ့တာမှ မဟုတ်တာ၊ ဘာရန်ငြိုး ရှိလာနိုင်မှာလဲ ”
ဖန့်ချန် က ပြုံးလျက် ခေါင်းခါပြလိုက်ပြီးနောက် ရုတ်တရက် စပ်စုချင်သည့် အမူအရာဖြင့် -
“စီနီယာအစ်ကိုကြီး…… အတိတ်တုန်းက မင်းတကယ်ပဲ ချင်ရှောင်းကို ဒူးထောက်ပြီး အသနားခံ တောင်းပန်ရတဲ့အထိ ရိုက်နှက်ခဲ့တာလား ”
“အတုကြီးပါ၊ ငါ ပေါက်ကရတွေ လျှောက်ပြောလိုက်တာ၊ အဲဒီတုန်းက ငါနဲ့ သူနဲ့က အရှုံးအနိုင် မပေါ်ဘဲ အဆင့်တူတူပဲ ရှိခဲ့တာ၊ တစ်ကွက်တည်းတင် ပိုပြီးတော့ သာလွန်ခဲ့ရုံပဲ ရှိတာပါ ”
ကျန်းတောင်ယွဲ့ ၏ မျက်ဝန်းထဲ၌ တိုးညှင်းလှသော ပြုံးယောင်သန်းမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။
“ဒါပေမဲ့ ငါ့ရဲ့ စကားက လူသားမျိုးနွယ်စုကျောင်းဆောင်ထဲမှာ အတိုင်းအတာတစ်ခုအထိတော့ အလေးပါသေးတယ်၊ ဒီကိစ္စက အစစ်ပဲဖြစ်ဖြစ် အတုပဲဖြစ်ဖြစ် ယုံကြည်တဲ့လူ ရှိနေရင် ရပြီလေ၊ ဒီချေးအိုးကြီးက ချင်ရှောင်းရဲ့ ကိုယ်ပေါ်ကို မှောက်ချလိုက်ပြီဆိုမှတော့ သူ ပြန်ပြီးတော့ ဆေးကြောသန့်စင်ဖို့ ဆိုတာက တော်တော်လေး ခက်ခဲသွားပြီပေါ့ ”
“စီနီယာအစ်ကိုကြီးရဲ့ နည်းလမ်းက တကယ့်ကို မြင့်မြတ်လှပါတယ် ”
ဖန့်ချန် က မချီးကျူးဘဲမနေနိုင် ဖြစ်သွားခဲ့ရကာ လက်မပင် ထောင်ပြလိုက်မိတော့သည်။
“မင်းကလည်း ဖြစ်ရမယ်၊ ထိုက်ဟောက်ဝေကို အကျိုးအပဲ့ ဖြစ်သွားအောင် လုပ်လိုက်ရင် ရပြီပဲ၊ ဘာဖြစ်လို့ သူ့ကို တကယ်ပဲ ရိုက်သတ်လိုက်ရတာလဲ၊ ပထမအချက်အနေနဲ့ သူက ငါတို့ရဲ့ ရွှေဟွေးကျောင်းတော်ကြီးက ကျောင်းသားတစ်ယောက်ပဲ၊ မင်းဒီလို ပြုမူလိုက်တာက လူကြီး တော်တော်များများကို မပျော်မရွှင် ဖြစ်သွားစေလိမ့်မယ်။
ဒုတိယအချက်အနေနဲ့ ကတော့ ဒါက သေချာပေါက် ကွင်းဆက်တုံ့ပြန်မှု အချို့ကို ဆွဲခေါ်လာခဲ့လိမ့်မယ်၊ ငါတို့ရဲ့ လူသားမျိုးနွယ်စု သူတော်စင်တွေ အပြင်လောကမှာ သွားလာလှုပ်ရှားတဲ့အခါ အနည်းငယ် ပိုပြီးတော့ သတိထားကြရတော့မယ် ထင်တယ် ”
ကျန်းတောင်ယွဲ့ က ဆုံးမဩဝါဒ ပေးသည့် လေသံဖြင့် -
“လူတိုင်းက ခေါင်းမော့ရင် မတွေ့တွေ့အောင် တွေ့နေကြရတာပဲ၊ အလုပ်တစ်ခုခု လုပ်တဲ့အခါ နောက်နောင် ပြန်လည်ဆုံတွေ့နိုင်ဖို့အတွက် လမ်းစတစ်ခု ချန်ထားပေးသင့်တာပေါ့ ”
ဖန့်ချန် က ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီး -
“စီနီယာအစ်ကိုကြီး…… ကျုပ် နားလည်ပါပြီ၊ ဒါပေမဲ့ ကော်ကာကွယ်ရေးဆရာ လုပ်ခဲ့တဲ့ ကိစ္စက လွန်လွန်းတယ်၊ တကယ်လို့ နောင်တစ်ချိန်မှာ ရှီးမျိုးနွယ်စုရဲ့ နေမင်းခုနစ်ပါး ကျောင်းသားတွေနဲ့ ထပ်ပြီး ကြုံတွေ့ရဦးမယ်ဆိုရင်လည်း ကျုပ် အရင်အတိုင်းပဲ ညှာတာနေမှာ မဟုတ်ဘူး ”
ကျန်းတောင်ယွဲ့ က ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် မတတ်သာသည့် အဆုံး ခေါင်းညိတ်ပြလိုက်သည်။
“မင်းသဘောပါပဲ၊ ဘာပဲဖြစ်ဖြစ် ဒါတွေက ကိစ္စအသေးအမွှားလေးတွေပဲမို့လို့ လူသားမျိုးနွယ်စုအပေါ် သက်ရောက်မှု သိပ်ပြီးတော့ မကြီးမားပါဘူး ”
ကရုဏာတောင်
ရှူရှန့် က အနည်းငယ် အနေရခက်လှသော မျက်နှာအမူအရာမျိုးဖြင့် လူရိပ်တစ်ခု၏ ရှေ့မှောက်တွင် ရပ်တန့်နေခဲ့ရသည်။
“စီနီယာကြီး ကော်…… ကျုပ်ရဲ့ တပည့်က စကားအဆင်အခြင် မရှိတတ်တာပါ၊ အချို့ကိစ္စတွေကို သူ ပြောချင်ရာတွေ ပြောနေခဲ့တာမို့လို့ စီနီယာကြီးအနေနဲ့ ဘာမှ မကြားခဲ့သလိုမျိုး သဘောထားလိုက်ပါဗျာ ”
ရောက်ရှိလာသည့် လူက အသက်လေးဆယ်ကျော် အရွယ်ခန့် ရှိပုံရပြီး လူသားမျိုးနွယ်စုနှင့် အလွန်အမင်း ဆင်တူလှပေသည်၊ သေသေချာချာ စိုက်မကြည့်လျှင် ၎င်းတို့ကြားက ကွာခြားချက်ကို မြင်တွေ့နိုင်ရန် ခဲယဉ်းလှပေသည်။
သူက နွေးထွေးပျူငှာစွာ ပြုံးလိုက်ပြီး -
“မျိုးဆက်သစ်လူငယ်တွေကြားက ကတိကဝတ်ကိုလည်း စောင့်ထိန်းရမှာပေါ့၊ ငါက လူကြီးမိဘတစ်ယောက် ဖြစ်နေတာကို ဘာမှမကြားခဲ့သလိုမျိုး ဘယ်လိုလုပ်ပြီး ဟန်ဆောင်နေလို့ ရမှာလဲ ”
ရှူရှန့် က မတတ်သာသည့် အဆုံး -
“ဒါပေမဲ့ စီနီယာကြီးအနေနဲ့ ယင်သူတော်စင်အဖြစ်သတ်မှတ်ပြီး စတင်လှုပ်ရှားမယ်ဆိုရင် ဒီတာဝန်ကို ကျုပ် တို့ ကရုဏာတောင်က မထမ်းဆောင်နိုင်ပါဘူး၊ ပြီးတော့ ခိုင်မာတဲ့ သက်သေအထောက်အထားလည်း မရှိဘူးလေ၊ တကယ်လို့ တစ်စုံတစ်ယောက်က ဒါကို အခွင့်ကောင်းယူပြီး လှည့်တိုက်ခိုက်လာခဲ့ရင်၊ ကျုပ်ရဲ့ တပည့်က ပါးစပ်ထဲရှိရာ လျှောက်ပြောနေတာပါလို့ စွပ်စွဲလာခဲ့ရင် ဘယ်လိုလုပ်မလဲ ”
“ဘာကို ကြောက်နေတာလဲ၊ မင်းတို့ ကရုဏာတောင်က အလုပ်လုပ်တဲ့နေရာမှာ အမြဲတမ်း ခြေလှမ်းတုံ့ဆိုင်းပြီး ကြောက်ရွံ့လွန်းနေတာပဲ ”
ထိုအလတ်ပိုင်းအရွယ် လူကြီးက မျက်မှောင်ကြုတ်လျက် -
“ယင် သူတော်စင် ဟုတ်မဟုတ် ဆိုတာကို အထွတ်ထိပ်တာအို အဆင့်က သက်သေပြနိုင်စွမ်း ရှိတယ်၊ ထိုက်ဟောက်ယွီ က တကယ်ပဲ အခြားလူရဲ့ အတွင်းကမ္ဘာနယ်မြေ အုတ်မြစ်ကို လုယူခဲ့တာ မှန်ကန်နေသရွေ့တော့ ဒီကိစ္စက ကျောက်စာတိုင်ပေါ်မှာ သံမှိုရိုက်သလိုမျိုး သေချာသွားပြီပဲ၊ သူ့ရဲ့ ဆရာဖြစ်တဲ့ ကော်ကာကွယ်ရေးဆရာ လည်း ပြစ်ဒဏ်စီရင်ခြင်းကို ခံရလိမ့်မယ်။
ပေါ့ပေါ့ပါးပါး ဆိုရင်တော့ ရွှေဟွေးကျောင်းတော်ကြီးကနေ နှင်ထုတ်ခံရမှာပေါ့။
ပြင်းပြင်းထန်ထန် ဆိုရင်တော့ သမာဓိခုံရုံးဘက် ကို သွားပြီးတော့ စစ်ဆေးမေးမြန်းခြင်းကို ခံရမှာဖြစ်ပြီးတော့ နယ်နှင်ဒဏ်ပေးပြီး အလုပ်ကြမ်းကျွေးတာမျိုး ရင်ဆိုင်ရလိမ့်မယ်။
ဒီလိုမျိုး ရှားရှားပါးပါး အခွင့်အရေးကို မင်းက လက်လွတ်ခံလိုက်ချင်တာလား ”
ဤနေရာသို့ ရောက်ရှိလာသောအခါ သူက လေသံကို အလေးအနက် ထားလိုက်ပြီး -
“အဲဒီအချိန်ကျရင် ဖန့်ကျစ်ရွှယ် ကို မင်းတို့ရဲ့ လူသားမျိုးနွယ်စုကျောင်းဆောင်ဆီ ပြန်လည်ရွှေ့ပြောင်းပေးပြီးတော့ ကျင့်ကြံခိုင်းလို့ ရပြီလေ၊ ဒီလို ပါရမီရှင်မျိုးကို မင်းတို့က ကိုယ်တိုင်ကိုယ်ကျ လက်ထဲမှာ မပိုင်ဆိုင်ထားချင်ဘူးလား ”
“ရှီးမျိုးနွယ်စုဘက်က မကျေမနပ် ဖြစ်သွားမှာကိုပဲ စိုးရိမ်မိတာပါ၊ အဲဒီအချိန်ကျရင် တစ်စုံတရာချို့ယွင်းချက် ရှိသွားခဲ့ရင် ကျုပ် တို့ ကရုဏာတောင်က ဒီတာဝန်ကို မခံယူနိုင်ပါဘူး ”
ရှူရှန့် က ဟန်ဆောင်ပန်ဆောင်ဖြင့် -
“ကျုပ် မြင်တာကတော့ ဒီကိစ္စကို ကလေးတွေကြားထဲမှာ အပြန်အလှန် စနောက်ပြီး ပြောဆိုခဲ့ကြတဲ့ စကားအဖြစ်ပဲ သဘောထားလိုက်တာက ပိုကောင်းပါလိမ့်မယ်။
ကျုပ် ဖန့်ချန်ကို သေချာပေါက် မှာကြားလိုက်ပါ့မယ်၊ နောင်တစ်ချိန်မှာ ကော်ဟုန်နဲ့ တွေ့ရင် သူ့ကို မသတ်ဖို့ပေါ့ ”
“ငါ့မှာ သားသမီးတွေ အများကြီး ရှိတယ်၊ ကော်ဟုန်ရဲ့ ပါရမီက မဆိုးဘူးဆိုပေမဲ့ သူက ငါ အနှစ်သက်ဆုံး တစ်ယောက်တော့ မဟုတ်ဘူး၊ သူ သေသလား ရှင်သလား ဆိုတာကို…… ငါ ဂရုမစိုက်ဘူး ”
ထိုအလတ်ပိုင်းအရွယ် လူကြီး၏ မျက်နှာထက်က ပြုံးယောင်သန်းမှုက တဖြည်းဖြည်းနှင့် မှေးမှိန်ကွယ်ပျောက်သွားခဲ့ရသည်။
“ငါက ဝေးလံလှတဲ့ နေရာကနေ အထူးတလည် တစ်ခေါက် ရောက်လာခဲ့ရတာက မင်းရဲ့ ဒီလို စကားတွေကို လာနားထောင်ဖို့ မဟုတ်ဘူး၊ ငါ မင်းရဲ့ တပည့် ပြန်လာတာကို စောင့်ဆိုင်းပြီးတော့ သူ့ကို ကိုယ်တိုင်ကိုယ်ကျ ပြောလိုက်တာက ပိုကောင်းလိမ့်မယ် ထင်တယ် ”
“စီနီယာကြီး ကော်…… မင်း နဲ့ ကော်ကာကွယ်ရေးဆရာ က မျိုးဆက်တူတူပဲမို့လား။ သူက ကော်မိသားစုထဲမှာ အဆင့်အတန်း မနိမ့်လှဘူးလေ၊ မင်းက ဒီလိုမျိုး တိုက်ရိုက် လှုပ်ရှားလိုက်ရင် မကြောက်ဘူးလား……”
ရှူရှန့် ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ရသဖြင့် အခြားအရပ်မျက်နှာဘက်ကနေ လှည့်ပတ်ပြီး ဆွဲဆောင်ဖျောင်းဖျလိုက်ကာ တစ်ဖက်လူ၏ ဤအတွေးအကြံကို ဖျက်ဆီးပစ်နိုင်မလား စမ်းသပ်ကြည့်လိုက်သည်။
သူက ကရုဏာတောင်ကို ဤကဲ့သို့သော ကိစ္စရပ်များနှင့် ပတ်သက်ဆက်နွှယ်သွားခြင်း မရှိစေချင်ပေ။
“ဘာကို ကြောက်ရမှာလဲ၊ ကော်ကာကွယ်ရေးဆရာ ရဲ့ ပါရမီက ဘယ်လောက်ပဲ မြင့်မားပါစေဦးတော့ အခုအချိန်မှာ ကောင်းနိမိတ်ဖြစ်စဉ်အဆင့် ပဲ ရှိသေးတာပဲ။
ငါတို့ရဲ့ ကော်မိသားစုမှာ ကောင်းနိမိတ်ဖြစ်စဉ် သူတော်စင်တွေ ပြတ်လပ်ဖူးလို့လား ”
ထိုအလတ်ပိုင်းအရွယ် လူကြီးက ပြုံးစိစိ အမူအရာဖြင့် ပြောဆိုလိုက်သည်။
ရှူရှန့် ကတော့ အခြေအနေကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားခဲ့ရပြီ ဖြစ်သည်၊ တစ်ဖက်လူက ကော်ကာကွယ်ရေးဆရာ ဆိုသည့် ဤကောင်းနိမိတ်ဖြစ်စဉ် သူတော်စင်ကို တကယ်ပဲ ဂရုမစိုက်ခြင်း ဖြစ်ပေသည်၊ သို့မဟုတ်ရသော် အလွန်အမင်း ဂရုစိုက်လွန်းနေခြင်း ဖြစ်နိုင်သည်။
ဒါက မိသားစုတွင်းက အားပြိုင်မှုများနှင့် ပတ်သက်ဆက်နွှယ်နေခဲ့ပြီ ဖြစ်ရာ အရှေ့က ပုဂ္ဂိုလ်က ဤကိစ္စ၏ အကြောင်းပြချက်ကို အသုံးချပြီး ကော်ကာကွယ်ရေးဆရာ ကို တိုက်ရိုက် နှိမ်နင်းရန်အတွက် အပိုင်တွက်ချက်ထားခြင်း ဖြစ်ပေသည်။
အပြင်လောကဆီသို့ ပျံ့နှံ့သွားခဲ့လျှင်ပင် တစ်ဖက်လူက မိမိ၏ သားဖြစ်သူက ဖန့်ချန် အား ကတိပေးခဲ့ဖူးသဖြင့် ဤကျေးဇူးတရားကို ပြန်ဆပ်ရုံမျှသာ ဖြစ်သည်ဟု အကြောင်းပြချက် ပေးနိုင်ပေသည်။
ထိုအချိန်တွင်တင် လူနှစ်ယောက်စလုံးက ခန်းမဆောင်ကြီး၏ အပြင်ဘက်ဆီသို့ ပြိုင်တူ လှမ်းကြည့်လိုက်ကြမိရာ ကျန်းတောင်ယွဲ့ က ဖန့်ချန် အား ခေါ်ဆောင်လျက် ခန်းမဆောင်ကြီးအတွင်းသို့ အတူတူ လျှောက်လှမ်းဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ကြရသည်။
“ဆရာ ”
ထိုလူနှစ်ယောက်က ရှူရှန့် အား လှမ်းကြည့်လိုက်ကြပြီး လက်အုပ်ချီလျက် အရိုအသေပေးလိုက်ကြသည်။
“မင်း အရင်ဆုံး ဆုတ်ခွာသွားလိုက်ဦး၊ ဖန့်ချန်ပဲ ဒီမှာ ကျန်ခဲ့ပါစေ ”
ရှူရှန့် က လက်ကာပြလိုက်သည်။
“ဟုတ်ကဲ့ပါ ”
ကျန်းတောက်ယွဲ့ က ခန်းမဆောင်ကြီးထဲကနေ ရိုရိုသေသေဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့တော့သည်။
ထိုအလတ်ပိုင်းအရွယ် လူကြီးက ကျန်းတောက်ယွဲ့ အား စိုက်ကြည့်နေမိရင်း မျက်ဝန်းထဲ၌ ချီးကျူးဂုဏ်ပြုသည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့ရသည်။
“မင်းရဲ့ ဒီတပည့်ကြီးက မဆိုးဘူးပဲ၊ နောင်တစ်ချိန်မှာ ကရုဏာတောင်မှာ မင်းရဲ့ ရာထူးကို ဆက်ခံမှာလား ”
“မပြောတတ်သေးပါဘူးဗျာ ”
ရှူရှန့် က ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် ဖန့်ချန် အား လက်လှမ်းပြလိုက်သည်။
“ဖန့်ချန်…… ဒီပုဂ္ဂိုလ်ကတော့ ရှီးမျိုးနွယ်စုရဲ့ စီနီယာကြီး ဖြစ်ပြီး ကော်ဟုန်ရဲ့ ဖခင် 'ကော်ယန်ရှောက်' ပဲ ”
“မျိုးဆက်သစ်လူငယ် ဖန့်ချန်…… စီနီယာကြီး ကော် ကို ဂါရဝပြုပါတယ် ”
ဖန့်ချန် က အရှေ့သို့ လျှောက်လှမ်းသွားခဲ့ပြီး လက်အုပ်ချီလျက် အရိုအသေပေးလိုက်သည်။
ကော်ယန်ရှောက် က ပြုံးစိစိ အမူအရာဖြင့် ဖန့်ချန် အား စိုက်ကြည့်လိုက်သည်။
“မင်းနဲ့ ငါ့ရဲ့ သားကြားက ကတိကဝတ်ကို ငါ့ရဲ့ သားက ငါ့ကို ပြောပြပြီးပြီ၊ ငါက ဖခင်တစ်ယောက် ဖြစ်သလို အထွတ်ထိပ်တာအို အဆင့်ကြီး တစ်ယောက်လည်း ဖြစ်နေတာမို့လို့ သဘာဝကျကျပဲ သူ့ကို ကတိဖျက်ခွင့် ပေးလို့ မရဘူးပေါ့။
ဒါပေမဲ့ ငါ့ကို ဖန့်ကျစ်ရွှယ် ကို လူသားမျိုးနွယ်စုကျောင်းဆောင်ဆီ ပြန်လည်ပြောင်းရွှေ့ပေးခိုင်းဖို့ အတွက်ဆိုရင်တော့ နောက်ထပ် ကိစ္စတစ်ခုမှာ မင်းရဲ့ အကူအညီ လိုအပ်လိမ့်ဦးမယ် ”
“စီနီယာကြီး မိန့်ကြားပါဦးဗျာ ”
“တကယ်လို့ ငါက ယင်သူတော်စင်ရဲ့ ပြစ်မှုနဲ့ ထိုက်ဟောက်ယွီ ကို အပြစ်ပေး စီရင်ချင်တယ်ဆိုရင် မင်းက အပြင်ထွက်ပြီးတော့ သက်သေအဖြစ် ထွက်ဆိုပေးဖို့ ဆန္ဒရှိရဲ့လား။
အဲဒီအချိန်ကျရင် မင်းက အထွတ်ထိပ်တာအို အဆင့်ကြီး အတော်များများကို ရင်ဆိုင်ရမှာ ဖြစ်ပြီးတော့ မင်း လိမ်ညာနေသလား မလိမ်ညာဘူးလား ဆိုတာကို သူတို့တွေ သက်သေပြနိုင်မယ့် နည်းလမ်းတွေ ရှိကြတယ် ”
ကော်ယန်ရှောက် က ခပ်ဖွဖွ ပြုံး၍ ပြောဆိုလိုက်သည်။
ဖန့်ချန် က အနည်းငယ် ကြောင်အသွားခဲ့ရပြီး ရင်ထဲ၌ ဤကဲ့သို့သော ကောင်းမွန်သည့် ကိစ္စမျိုး ရှိနေသေးတာလားဟု တိတ်တဆိတ် ရေရွတ်လိုက်မိသည်။
ရှူရှန့် ကမူ တိုက်ရိုက်ပင် ဝင်ရောက်သတိပေးလိုက်သည်။
“မင်း သေသေချာချာ စဉ်းစားတွက်ချက်ရမယ်၊ တကယ်လို့ မင်းက အပြင်ထွက်ပြီး သက်သေအဖြစ် ထွက်ဆိုလိုက်မယ်ဆိုရင် အနည်းဆုံးတော့ ထိုက်ဟောက်ရဲ့ မျိုးနွယ်စုတစ်စုလုံးနဲ့ ဆက်ဆံရေးက လုံးဝ ဥဿုံ ပျက်စီးသွားခဲ့ရပြီပဲ ”
ဖန့်ချန် ကတော့ သဘာဝကျကျပင် အပြင်ထွက်ပြီး သက်သေအဖြစ် ထွက်ဆိုရန် အလွန်အမင်း ဆန္ဒရှိလှပေသည်၊ သို့သော်လည်း ရင်ထဲ၌ အနည်းငယ် ဝေခွဲမရ ဖြစ်နေခဲ့ရသည်မှာ ဘာဖြစ်လို့ ကော်ယန်ရှောက် က ဤကိစ္စကို သိရှိနေရခြင်း ဖြစ်သနည်း။
ဖန့်ချန် ရင်ထဲက စိုးရိမ်ပူပန်မှုများကို မြင်တွေ့သွားခဲ့ပုံရသဖြင့် ကော်ယန်ရှောက် က ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် -
“မင်းက ဝေခွဲမရ ဖြစ်နေတာမို့လား၊ မင်းတို့တွေက သတင်းအချက်အလက်တွေကို ပိတ်ဆို့ထားကြတာကို ငါက ဘာဖြစ်လို့ သိရှိနေရတာလဲ ဆိုပြီးတော့လေ။ မင်းက ဒီကိစ္စထဲမှာ တစ်စုံတရား လှည့်ကွက်တွေ ရှိနေမှာကို ကြောက်နေတာမို့လား ”
သူက ခဏမျှ ရပ်တန့်လိုက်ပြီးမှ -
“ငါ ကော်ကာကွယ်ရေးဆရာ ကို စောင့်ကြည့်နေခဲ့တာ တစ်ရက်နှစ်ရက် မကသေးဘူး၊ သူ ဘာတွေ လုပ်ခဲ့သလဲ ဆိုတာကို ငါ့ရင်ထဲမှာ အကုန်လုံး သိရှိပြီးသားပါ၊ ခိုင်မာတဲ့ သက်သေအထောက်အထားလေးပဲ လိုအပ်နေတာ။
ပြီးခဲ့တဲ့တစ်ခေါက် မင်းတို့တွေ ချင်ရှောင်းနတ်ဘုရားနယ်မြေ ရဲ့ ရှေးဟောင်းမျိုးနွယ်စု ဖန့်မိသားစုဆီကို သွားပြီး လူသွားခေါ်တဲ့ ကိစ္စတုန်းကလည်း ပြန်လာမယ့် လမ်းခရီးမှာ ဘာတွေ ဖြစ်ပွားခဲ့သလဲ ဆိုတာကို ငါ့မှာ အလားတူ သိရှိနိုင်မယ့် နည်းလမ်း ရှိပါတယ်။
မင်းရဲ့ ဆရာကတော့ ခြေလှမ်းတုံ့ဆိုင်းပြီး ကြောက်ရွံ့လွန်းနေတာကြောင့် ကရုဏာတောင်ကို ဒီကိစ္စထဲမှာ ဝင်ရောက်ပတ်သက်ဆက်နွှယ်ခြင်း မရှိစေချင်တာ။
ဒါပေမဲ့ ဒီကိစ္စက မင်းနဲ့ ငါ့ရဲ့ သားကြားထဲမှာ ဆွေးနွေးတိုင်ပင်ထားခဲ့တဲ့ ကတိကဝတ်တစ်ခု ဖြစ်တာကြောင့် မင်းကိုယ်တိုင်ပဲ ဆုံးဖြတ်ချက် ချရမှာ ဖြစ်ပြီး မင်းရဲ့ ဆရာနဲ့ ဘာမှ မသက်ဆိုင်ပါဘူး။
မင်း အဖြေတစ်ခု ပေးပါဦး၊ လုပ်မှာလား၊ မလုပ်ဘူးလား ”
“လုပ်ပါ့မယ် ”
ဖန့်ချန် က ခေါင်းညိတ်ပြလိုက်ပြီး -
“စီနီယာကြီး ကော် အနေနဲ့ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်သလဲ၊ မျိုးဆက်သစ်လူငယ်က အစွမ်းကုန် ကြိုးစားပါ့မယ် ”
အခန်း (၂၁၇၄) အဲဒီတုန်းက ကိစ္စမှာ ငါ တကယ်ပဲ မှားခဲ့တာပါ
ဤသည်မှာ ဖန့်ချန် အနေဖြင့် ရှီးမျိုးနွယ်စုကျောင်းဆောင်သို့ ဒုတိယအကြိမ်မြောက် ရောက်ရှိလာခြင်း ဖြစ်ပေသည်။
ပထမအကြိမ်တုန်းကမူ ကော်ကာကွယ်ရေးဆရာ အား လာရောက်ရှာဖွေပြီး ၎င်းနှင့်အတူ ဖန့်ကျစ်ရွှယ် ကို သွားရောက်ခေါ်ဆောင်ရန် ဖြစ်သည်။
ဤတစ်ကြိမ်တွင်လည်း ကော်ကာကွယ်ရေးဆရာ အား လာရောက်ရှာဖွေခြင်း ဖြစ်သော်လည်း ရည်ရွယ်ချက်ကမူ လုံးဝ ဥဿုံ ကွဲပြားခြားနားလှပေသည်။
သူက ကော်ယန်ရှောက် ၏ နောက်သို့ လိုက်ပါလျက် ရှီးမျိုးနွယ်စုကျောင်းဆောင်သို့ ဆိုက်ရောက်လာသောအခါတွင်တင် ကြီးမားသော လှုပ်ခတ်မှုတစ်ခုကို ဖြစ်ပွားစေခဲ့တော့သည်။
ရှီးမျိုးနွယ်စုကျောင်းဆောင်ကို တာဝန်ယူကွပ်ကဲရသည့် စစ်ဆေးရေးမှူးပင်လျှင် သတင်းကြားသိရသဖြင့် အလျင်အမြန် ပြေးလွှားရောက်ရှိလာခဲ့ရသည်။
ထို့နောက်တွင်မူ မဟာနတ်တောင်အသီးသီး၏ ကာကွယ်ရေးဆရာများ၊ ဆရာများနှင့် အထက်အောက် ရှိသမျှသော ရှီးမျိုးနွယ်စု ကျောင်းသားများ အားလုံး ရောက်ရှိလာကြတော့သည်။
သို့သော်လည်း ၎င်းတို့အားလုံးက ကော်ယန်ရှောက် ၏ အနားသို့ လွယ်လွယ်ကူကူနှင့် မချဉ်းကပ်ရဲကြဘဲ မလှမ်းမကမ်း နေရာတစ်ခုမှနေ၍ တိတ်တဆိတ် စောင့်ကြည့်နေရုံမျှသာ တတ်နိုင်ကြပေသည်။
အကြောင်းမူကား ကော်ယန်ရှောက် က လူသုံးဦးနှင့်အတူ ရယ်မောမြူးထူးလျက် စကားလက်ဆုံ ကျနေသောကြောင့် ဖြစ်သည်၊ ၎င်းတို့ထဲမှ တစ်ဦးမှာ ရှီးမျိုးနွယ်စုကျောင်းဆောင်၏ ကျောင်းအုပ်ကြီး ဖြစ်ပြီး နောက်တစ်ဦးမှာ ရှီးမျိုးနွယ်စုကျောင်းဆောင်၏ ပညာရေးမှူးကြီး ဖြစ်ပေသည်။
ကျန်ရှိနေသည့် နောက်ဆုံးတစ်ဦးကမူ ဤနေရာကို တာဝန်ယူကွပ်ကဲရသည့် စစ်ဆေးရေးမှူးပင် ဖြစ်သည်။
ကျောင်းအုပ်ကြီးသည် ရာထူးအဆင့်အတန်း အပိုင်းတွင် မဟာနတ်တောင်အသီးသီး၏ စောင့်ရှောက်ရေးဆရာများထက် များစွာ သာလွန်မြင့်မားလှပေသည်၊ ကော်ကာကွယ်ရေးဆရာ အပါအဝင် ၎င်းတို့အားလုံးသည် ကျောင်းအုပ်ကြီး၏ အောက်တွင်သာ ရှိကြပေသည်။
ပညာရေးမှူးကြီးနှင့် စစ်ဆေးရေးမှူးတို့သည် ကျင့်ကြံခြင်းအဆင့်အရ ပြောရလျှင် မဟာနတ်တောင်အသီးသီး၏ စောင့်ရှောက်ရေးဆရာများနှင့် သိပ်မကွာခြားလှဘဲ၊ ထိုလူနှစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်က ကော်ကာကွယ်ရေးဆရာ ထက်ပင် တစ်ဆင့် နိမ့်ကျနေပါသေးသည်။
သို့သော်လည်း ရာထူးအဆင့်အတန်း အပိုင်းတွင်မူ ကော်ကာကွယ်ရေးဆရာ ထက် သာလွန်မြင့်မားကြပေသည်။
ဒါကြောင့်မို့လို့ လက်ရှိအချိန်တွင် ဤလူသုံးဦးတည်းသာလျှင် ပထမဆုံးအချိန်၌ ကော်ယန်ရှောက် နှင့် ဝင်ရောက်ဆက်ဆံ စကားပြောဆိုနိုင်ခြင်း ဖြစ်ပေသည်။
“အဲဒီပုဂ္ဂိုလ်က ဘယ်လိုမျိုး အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးမို့လို့လဲ၊ နှစ်ပေါင်းများစွာကြာအောင် လူလုံးမပြခဲ့တဲ့ ကျောင်းအုပ်ကြီးတောင်မှ အပြေးအလွှား ပြန်လာရတယ်ဆိုတော့……”
နျူးရှင်းဝူ က ရေရွတ်လိုက်မိရင်း ကော်ယန်ရှောက် အား စိုက်ကြည့်နေသည့် မျက်ဝန်းထဲ၌ ရိုသေခန့်ညားခြင်းများနှင့် ထိတ်လန့်တုန်လှုပ်ခြင်း အရိပ်အယောင်များ ပြည့်နှက်နေခဲ့ရသည်။
သူက ကော်ယန်ရှောက် သည် မည်သည့်အဆင့်ရှိသော သူတော်စင်ဖြစ်မှန်း မခွဲခြားနိုင်သော်လည်း တစ်ဖက်လူ၏ အစွမ်းက ကျောင်းအုပ်ကြီးထက် ဘယ်လိုနည်းနဲ့မှ မနိမ့်ကျနိုင်ကြောင်း တွက်ချက်မိသဖြင့် သေချာပေါက်ပင်…… အထွတ်ထိပ်တာအို အဆင့်ကြီးတစ်ယောက် ဖြစ်ရမည်။
ဤကဲ့သို့သော အားကောင်းမောင်းသန် ပုဂ္ဂိုလ်ကြီးတစ်ယောက် ရှီးမျိုးနွယ်စုကျောင်းဆောင်သို့ ရောက်ရှိလာခြင်းက အမှန်တကယ်တော့ အလွန်အမင်း အံ့ဩမှင်သက်စရာ မကောင်းလှပေ။
သို့သော်လည်း ထိုပုဂ္ဂိုလ်ကြီး၏ ဘေးနားတွင် လိုက်ပါလာသည့် တည်ရှိမှုတစ်ခုကမူ ရှီးမျိုးနွယ်စုကျောင်းဆောင် တစ်ခုလုံးကို အမှန်တကယ်ပင် အံ့ဩတုန်လှုပ်ခြင်းများဖြင့် စွံ့အသွားစေခဲ့ရပေသည်။
ဖန့်ချန်
လူသားမျိုးနွယ်စုကျောင်းဆောင်က ဖန့်ချန် ဖြစ်သည်။
ရှီးမျိုးနွယ်စု ကျောင်းသားများအနေဖြင့် ဘယ်လိုနည်းနဲ့မှ စဉ်းစား၍ မရနိုင်ကြပေ၊ ဘာဖြစ်လို့ ဖန့်ချန် က ဤကဲ့သို့သော အထွတ်အထိပ် ပုဂ္ဂိုလ်ကြီး၏ ဘေးနားတွင် လိုက်ပါလျက် ရှီးမျိုးနွယ်စုကျောင်းဆောင်ဆီသို့ ရောက်ရှိလာရသနည်း။
ဒါက အစောပိုင်းတုန်းက ထိုက်ဟောက်ဝေ သေဆုံးသွားရသည့် ကိစ္စနှင့် ပတ်သက်ဆက်နွှယ်နေ၍လား။
သို့မဟုတ်ပါက ထို့ထက် ပိုမိုစောစီးခဲ့သော အတိတ်က ကိစ္စရပ်တစ်ခုကြောင့်လား……
“ကြည့်ရတာတော့ လာတဲ့လမ်းစက မကောင်းလှဘူးပဲ၊ ဖန့်ချန် က ဒီလို အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးနဲ့ သိကျွမ်းနေလိမ့်မယ်လို့ တကယ်ကို ထင်မထားခဲ့မိဘူး……”
နျူးရှင်းဝူ က အတော်ကြာအောင် တွေးတောကြည့်သော်လည်း အဖြေရှာမရနိုင်သဖြင့် တိတ်တဆိတ် အံ့ဩတုန်လှုပ်နေရုံမျှသာ တတ်နိုင်တော့သည်၊ တစ်ချိန်တည်းမှာပင် ဤကိစ္စရပ်များ ပြီးဆုံးသွားပါက သူ ဖန့်ချန် အား သွားရောက်ရှာဖွေပြီး အတိတ်ကအကြောင်းများကို ပြန်လည်ပြောဆိုရင်း အခြေအနေကို စပ်စုမေးမြန်းကြည့်ရန် စိတ်ကူးလိုက်မိသည်။
ထိုအချိန်တွင်ပင် ယန်ရွှမ်းကျိန်း ကလည်း လူအုပ်ကြီး၏ ကြားထဲတွင် ရှိနေခဲ့ပြီး သူမ၏ ဘေးနားတွင် ရှီးမျိုးနွယ်စု ပါရမီရှင် အများအပြားက ဝိုင်းရံထားကြကာ လမင်းကို ကြယ်တာရာများက ဝိုင်းရံပင့်မြှောက်ထားသည့်အလား သူမအား ရှီးမျိုးနွယ်စု၏ နံပါတ်တစ် ပထမဆုံးသော ကမ္ဘာတည်ဆောက်ခြင်းအဆင့် သူတော်စင်အဖြစ် ဝိုင်းဝန်းမြှောက်ပင့်ပေးထားကြသည်။
သူမက လူသားမျိုးနွယ်စုကျောင်းဆောင်ကနေ ပြန်လည်ရောက်ရှိလာခဲ့သည်မှာ မကြာသေးမီကမျှသာ ရှိသေးသော်လည်း အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးက ဖန့်ချန် အား ခေါ်ဆောင်လျက် ရှီးမျိုးနွယ်စုကျောင်းဆောင်သို့ ဆိုက်ရောက်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် ရင်ထဲ၌ လေးနက်တည်ကြည်ခြင်း အရိပ်အယောင်များ မလွှဲမရှောင်သာ ပေါ်ပေါက်လာခဲ့ရကာ၊ ထိုပုဂ္ဂိုလ်ကြီး ဤနေရာသို့ လာရောက်ခြင်းက သူမ လူသားမျိုးနွယ်စုကျောင်းဆောင်သို့ သွားရောက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ဆက်နွှယ်နေလိမ့်မည်ဟု ခံစားလိုက်မိသည်။
ဤအတွေးကို တွေးတောမိရင်း ယန်ရွှမ်းကျိန်း က မလှမ်းမကမ်း နေရာတစ်ခုဆီသို့ စောင်းငဲ့ကြည့်လိုက်သည်။
ထိုနေရာတွင် မတ်တတ်ရပ်နေကြသည့် လူများမှာ ကျိုရွှမ် နတ်ဘုရားတောင်၏ တပည့်များပင် ဖြစ်ကြသည်။
ထိုက်ဟောက်ယွီ ကလည်း ၎င်းတို့ထဲတွင် ရှိနေခဲ့ပြီး လက်ရှိအချိန်၌ မျက်နှာထက်တွင် အံ့ဩမှင်သက်ခြင်း အရိပ်အယောင်များ ပြည့်နှက်နေခဲ့ရသည်။
ယန်ရွှမ်းကျိန်း ၏ မျက်ဝန်းထဲ၌ အေးစက်သည့် အရိပ်အယောင်များ ဖြတ်သန်းသွားခဲ့ရသည်။
တကယ်လို့သာ သူမအနေဖြင့် ထိုသူ၏ လှည့်စားခြင်းကို မခံခဲ့ရဘူးဆိုလျှင် ဤတစ်ကြိမ်တွင် ၎င်းအတွက် ရှေ့ကနေ ထွက်ရပ်ပေးပြီး လူသားမျိုးနွယ်စုကျောင်းဆောင်ဆီသို့ တစ်ခေါက် သွားရောက်ခဲ့လိမ့်မည် မဟုတ်ပေ။
တကယ်လို့သာ လူသားမျိုးနွယ်စုဘက်က အစကတည်းက ဖန့်ချန်ကို စစ်ဆေးရေးမှူးအဖြစ် တာဝန်မပေးချင်ခဲ့ပါဘဲ၊ ကျိုရွှမ် နတ်ဘုရားတောင် ကိုယ်တိုင်က ထိုက်ဟောက်ဝေ ၏ လက်ကို အသုံးချပြီး ဖန့်ချန် အား ဖယ်ရှားပစ်ရန် ကြံစည်ခဲ့ခြင်း ဖြစ်ကြောင်းကိုသာ စောစောစီးစီး သိရှိခဲ့ရလျှင်၊ နောက်ဆုံးတွင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့ရရုံတင်မကဘဲ ထိုက်ဟောက်ဝေ ရဲ့ အသက်ပါ ဆုံးရှုံးသွားခဲ့ရသည့် ရလဒ်မျိုးအတွက် သူမ ဘယ်လိုနည်းနဲ့မှ အကြောင်းပြချက်မရှိဘဲ ရှေ့ကနေ ထွက်ရပ်ပေးခဲ့လိမ့်မည် မဟုတ်ပေ။
ဤကဲ့သို့သော ကိစ္စမျိုးက သူမ၏ အမြင်အရ ပြောရလျှင် ကျိုရွှမ်နတ်ဘုရားတောင်နေဖြင့် တကယ်ပဲ ထိုက်တန်လှပေသည်။
“တကယ်လို့ ဒါက ငါ့ကို ပြဿနာလာရှာတာပဲ ဖြစ်ဖြစ်၊ ငါ အခြေအနေအတိုင်း အမှန်အတိုင်း လျှောက်တင်ပြီး အမှားကို ဝန်ခံလိုက်ရုံပဲလေ၊ ကြီးမားတဲ့ ပြဿနာမျိုးတော့ ပေါ်ပေါက်လာနိုင်မှာ မဟုတ်ပါဘူး ”
ဤအတွေးကို တွေးတောမိပြီးမှသာ ယန်ရွှမ်းကျိန်း ရင်ထဲ၌ ဖြည်းညင်းစွာဖြင့် သက်ပြင်းချနိုင်တော့သည်။
အခြားအရာတွေကို ထည့်မပြောရသေးလျှင်ပင် ထိုပညာရေးမှူးကြီးသည် သူမ၏ ယန်မိသားစုထဲက လူတစ်ယောက် ဖြစ်ပေသည်။
ရှီးမျိုးနွယ်စုအတွင်း၌ ယန်မိသားစုသည်လည်း သာမန်ကာလျှံကာ မျိုးနွယ်စုအသေးစားလေး မဟုတ်ပေ၊ ဤကဲ့သို့သော ကိစ္စအသေးအမွှားလေး တစ်ခုတည်းကြောင့်နှင့်တော့ သူမကို တကယ်ပဲ အပြစ်ပေး အရေးယူလိမ့်မည် မဟုတ်ပေမို့လား။
လက်ရှိအချိန်တွင် ထိုက်ဟောက်ယွီ ၏ စိတ်အာရုံများက ဖရိုဖရဲ ဖြစ်နေခဲ့ရပြီ ဖြစ်သည်၊ တကယ်လို့သာ သူ၏ ဆရာဖြစ်သူ ကော်ကာကွယ်ရေးဆရာ က တည်ငြိမ်အေးဆေးစွာဖြင့် ဘေးနားတွင် မတ်တတ်ရပ်မနေပေးဘူးဆိုလျှင် သူ စောစောကတည်းက ထိတ်လန့်တုန်လှုပ်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ဖြူလျော်နေခဲ့လောက်ပြီ ဖြစ်သည်။
ကျန်ရှိနေသည့် ရှီးမျိုးနွယ်စု ကျောင်းသားများ၊ ထို့အပြင် ထိုဆရာများသည် ကော်ယန်ရှောက် ၏ မူလအဆင့်အတန်းကို ခွဲခြားနိုင်ခြင်း မရှိကြသော်လည်း သူကတော့ ခွဲခြားသိမြင်နိုင်သည်။
အတိတ်တုန်းက သူသည် ဆရာဖြစ်သူ၏ နောက်သို့ လိုက်ပါလျက် ကော်မိသားစုဆီသို့ တစ်ခေါက် ရောက်ရှိခဲ့ဖူးပြီး ဤအထွတ်အထိပ် တည်ရှိမှုကြီးနှင့် တွေ့ဆုံဖူးခဲ့သဖြင့် သဘာဝကျကျပင် ဤပုဂ္ဂိုလ်နှင့် သူ၏ ဆရာကြားတွင် ဆက်ဆံရေးက အဆင်မပြေလှကြောင်း သိရှိနေခဲ့သည်။
“ကော်ယန်ရှောက် ဒီနေရာကို လာတာက ဖန့်ချန်ကိုလည်း ခေါ်လာသေးတယ်၊ ဒါက အတိတ်တုန်းက ဆရာက ဖန့်ချန်ဆီကနေ နေမင်းခုနစ်ပါး တံဆိပ်ကို လုယူချင်ခဲ့တဲ့ ကိစ္စကြောင့်လား။
တော်သေးတာပေါ့၊ ဒီကိစ္စကို တကယ်ပဲ အရေးတယူ လုပ်မယ်ဆိုရင်တောင် ကြီးမားတဲ့ ပြဿနာမျိုး ရှိမလာနိုင်ဘူး၊ နေမင်းခုနစ်ပါး တံဆိပ်ကလည်း ဖန့်ချန်ရဲ့ ကိုယ်ပေါ်မှာ ကောင်းကောင်းမွန်မွန် ရှိနေသေးတာပဲဥစ္စာ……”
ဤအချက်ကို ဆင်ခြင်တွေးတောမိပြီးနောက် ထိုက်ဟောက်ယွီ ရင်ထဲက ကြောက်ရွံ့မှုများက အတိုင်းအတာတစ်ခုအထိ လျော့နည်းသွားခဲ့ရသည်။
အကြောင်းမူကား ထိုက်ဟောက်ဝေ ၏ ကိစ္စရပ် ပေါ်ပေါက်ခဲ့ဖူးသဖြင့် လက်ရှိအချိန်တွင် ကျိုရွှမ်နတ်ဘုရားတောင်၏ ကျောင်းသားများသည် ဖန့်ချန် အား ကြည့်ရှုသည့် မျက်ဝန်းများက ဘယ်လိုနည်းနဲ့မှ ကောင်းမွန်မနေကြပေ။
လူအုပ်ကြီး၏ ကြားထဲတွင် မတ်တတ်ရပ်နေသည့် ဖန့်ကျစ်ရွှယ် ကတော့ ထူးခြားချက်တစ်ခု ဖြစ်ပေသည်။
သူမက အစတုန်းက ဖန့်ချန် ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသဖြင့် အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရသော်လည်း၊ ထို့နောက်တွင်မူ ပတ်ဝန်းကျင်အခြေအနေက မူမမှန်ကြောင်း ရိပ်မိသွားခဲ့သဖြင့် ဝမ်းမြောက်မှုများက အတွေးနက်ခြင်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
“ဒီအထွတ်အထိပ် ပုဂ္ဂိုလ်ကြီးက စီနီယာအစ်ကိုကြီး ဖန့်ချန်ကို ခေါ်ဆောင်ပြီး အတူတူ လာရောက်တယ်ဆိုတော့၊ သေချာပေါက် အတိတ်က အကြွေးဟောင်းကို လာပြီးတော့ ရှင်းလင်းတာပဲ ဖြစ်ရမယ်……”
ဖန့်ကျစ်ရွှယ် ကျောင်းတော်သို့ ရောက်ရှိလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ အတိတ်တုန်းက ဖြစ်ပွားခဲ့ဖူးသည့် ကိစ္စအသေးအမွှားလေးများကို အတိုင်းအတာတစ်ခုအထိ သိရှိနားလည်ထားခဲ့ပြီ ဖြစ်သည်။
ထိုက်ဟောက်ယွီ ကဲ့သို့ပင် ၎င်းတို့အားလုံးက ဤတစ်ကြိမ်တွင် ဖန့်ချန် က ကျောထောက်နောက်ခံတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သဖြင့် ကျောထောက်နောက်ခံ၏ အစွမ်းကို အသုံးချကာ အတိတ်တုန်းက နေမင်းခုနစ်ပါး တံဆိပ် လုယူခံရလုနီးပါး ဖြစ်ခဲ့သည့် အကြွေးကို ကောင်းကောင်းမွန်မွန် လာရောက်ရှင်းလင်းခြင်း ဖြစ်လိမ့်မည်ဟု ထင်မှတ်သွားခဲ့ကြရသည်။
ဤအရာမှတစ်ပါး လူအုပ်ကြီးအနေဖြင့် အခြားသော အကြောင်းအရင်းကို စဉ်းစား၍ မရနိုင်ကြပေ။
ဖန့်ကျစ်ရွှယ် က ဤအချိန်တွင် ကော်ကာကွယ်ရေးဆရာ အား တိတ်တဆိတ် ခိုးကြည့်လိုက်မိရာ၊ ကော်ကာကွယ်ရေးဆရာ ၏ မျက်နှာထက်၌ မကြုံစဖူး ထူးခြားလှစွာသော လေးနက်တည်ကြည်မှုများ ဖုံးလွှမ်းနေသည်ကို မြင်တွေ့လိုက်ရသဖြင့် သူမ၏ ခန့်မှန်းချက် မှန်ကန်သွားခဲ့ပြီဟု ရင်ထဲ၌ တွေးတောလိုက်မိတော့သည်။
……
……
“ကော်ညီလေးက ပုံမှန်ဆိုရင် တကယ့်ကို နဂါးတစ်ကောင်လိုပဲ အမြီးပဲမြင်ရပြီး ခေါင်းမမြင်ရအောင် လျှို့ဝှက်လွန်းတယ်၊ ငါ့ရင်ထဲမှာတော့ ညီလေးနဲ့ ဘယ်အချိန်ကျမှ ပြန်လည်ဆုံတွေ့ရပါ့မလဲလို့ တွေးနေခဲ့တာ၊ ညီလေး ကိုယ်တိုင်ကိုယ်ကျ ဒီနေရာကို ကြွရောက်လာလိမ့်မယ်လို့ တကယ်ကို ထင်မထားခဲ့မိဘူး……”
ရှီးမျိုးနွယ်စုကျောင်းဆောင်၏ ကျောင်းအုပ်ကြီး က ပြုံးရွှင်လျက် ပြောဆိုလိုက်သည်။
ကော်ယန်ရှောက် က ထိုစကားကို ကြားလိုက်ရသောအခါ ရယ်မောလျက် -
“စီနီယာအစ်ကိုကြီး ဇုန်း…… မင်းက ကျုပ်ကို တွေ့ချင်တယ်ဆိုရင် မလွယ်ကူဘူးလား။ ကျုပ် ထင်တာတော့ စီနီယာအစ်ကိုကြီးက ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်နေလို့ ကျုပ်ကို မေ့လျော့နေတာ နေမှာပါ ”
သူက ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ဖန့်ချန် အား အရှေ့က လူသုံးဦးနှင့် မိတ်ဆက်ပေးလိုက်ပြီး၊ ဖန့်ချန် အားလည်း ထိုလူသုံးဦး၏ အကြောင်းကို သေသေချာချာ ရှင်းပြပေးလိုက်သည်။
“ဖန့်ချန်…… ဒီလူသုံးဦးစလုံးက မင်းရဲ့ စီနီယာကြီးတွေပဲ ၊ ဒီပုဂ္ဂိုလ်ကတော့ ရှီးမျိုးနွယ်စုကျောင်းဆောင်ရဲ့ ကျောင်းအုပ်ကြီး 'ဇုန်းချန်သောက်' ဖြစ်ပြီး၊ ဒီပုဂ္ဂိုလ်ကတော့ ရှီးမျိုးနွယ်စုကျောင်းဆောင်ရဲ့ ပညာရေးမှူးကြီး 'ယန်ယွမ်' ပဲ ၊ ပြီးတော့ ဒီပုဂ္ဂိုလ်ကတော့ ဒီနေရာကို တာဝန်ယူကွပ်ကဲရတဲ့ စစ်ဆေးရေးမှူး 'ရွှီထင်' ပဲ ”
ဖန့်ချန် က အခြေအနေကို နားလည်တတ်လှသဖြင့် အလျင်အမြန်ပင် လက်အုပ်ချီလျက် အရိုအသေပေးလိုက်သည်။
“မျိုးဆက်သစ်လူငယ် ဖန့်ချန်…… စီနီယာကြီး သုံးဦးစလုံး အား ဂါရဝပြုပါတယ်ဗျာ ”
ထိုလူသုံးဦးစလုံးက တစ်ဦးကိုတစ်ဦး အပြန်အလှန် ကြည့်ရှုလိုက်ကြမိရာ ၎င်းတို့တစ်ဦးစီတိုင်း၏ မျက်ဝန်းအောက်ခြေဆီမှ တိုးညှင်းလှသော လေးနက်သည့် အဓိပ္ပာယ်များကို မြင်တွေ့လိုက်ကြရသည်။
ကော်ယန်ရှောက် ကဲ့သို့သော အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးက ရုတ်တရက် လူသားမျိုးနွယ်စု၏ မျိုးဆက်သစ် ပါရမီရှင်တစ်ဦးကို ခေါ်ဆောင်လျက် ရောက်ရှိလာခြင်းက ၎င်းတို့နှင့် သိကျွမ်းသွားစေရန်အတွက် ရိုးရိုးရှင်းရှင်း မိတ်ဆက်ပေးချင်ရုံမျှသာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပေ။
ဘာပဲဖြစ်ဖြစ် ၎င်းတို့နှစ်ဦးကြားက ရာထူးအဆင့်အတန်း ကွာခြားချက်က ကြီးမားလွန်းလှပေသည်။
ထို့အပြင် မကြာသေးမီကမျှသာ ဤသူငယ်သည် ရှီးမျိုးနွယ်စုကျောင်းဆောင်၏ ပါရမီရှင်တစ်ဦးကို ရိုက်သတ်ခဲ့ဖူးသည် မဟုတ်ပါလော။
ဇုန်းချန်သောက် က ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီး -
“ငါ မင်းအကြောင်းကို သိပါတယ်၊ ငါနဲ့ မင်းတို့ရဲ့ ကျောင်းအုပ်ကြီးကြားမှာလည်း အတိုင်းအတာတစ်ခုအထိ ရင်းနှီးကျွမ်းဝင်မှု ရှိခဲ့ဖူးတယ်၊ နှမြောဖို့ကောင်းတာက ဒီနှစ်တွေအတွင်း သူက ကျောင်းဆောင်မှာ မရှိနေခဲ့ဘူး၊ မဟုတ်ရင်တော့ လူသားမျိုးနွယ်စုကျောင်းဆောင်ထဲကနေ မင်းလို ပါရမီရှင်မျိုး ထွက်ပေါ်လာတာကို ငါ ဘယ်လိုပဲဖြစ်ဖြစ် သူ့ဆီကနေ ဆုလာဘ်တစ်ခုခု တောင်းခံရဦးမှာပေါ့ ”
စကားပြောဆိုပြီးနောက် သူက ကော်ယန်ရှောက် အား လှမ်းကြည့်လိုက်ပြီး ပြုံးလျက် -
“ကော်ညီလေး…… မင်း ဒီသူငယ်ကို ခေါ်ဆောင်ပြီး လာတာက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အထင်လွဲမှားမှုတစ်ခုကြောင့်တော့ မဟုတ်ပါဘူးနော် ”
“အဲဒီတုန်းက အထင်လွဲမှားမှု ဟုတ်လား ”
ကော်ယန်ရှောက် ၏ မျက်နှာထက်၌ ဝေခွဲမရသည့် အရိပ်အယောင်များ ပြည့်နှက်သွားခဲ့ရသည်။
ဇုန်းချန်သောက် က ၎င်းအခြေအနေကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် မလှမ်းမကမ်းတွင် ရှိနေသည့် ကော်ကာကွယ်ရေးဆရာ အား လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့် -
“ကာကွယ်ရေးဆရာ က အတိတ်တုန်းက သူ့ရဲ့ တပည့်ကို ကယ်တင်ချင်လွန်းလို့ စိတ်အလျင်စလို ဖြစ်သွားခဲ့ရတာကြောင့် လူသားမျိုးနွယ်စုဘက်ကို သွားပြီးတော့ ဖန့်ချန်ဆီကနေ နေမင်းခုနစ်ပါး တံဆိပ်ကို တောင်းခံခဲ့ဖူးတယ်။
ဒီကိစ္စကြောင့် လူတိုင်း မပျော်မရွှင် ဖြစ်သွားခဲ့ကြရတာမို့လို့ ငါလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဆရာ ကို အထူးတလည် ဆုံးမပြစ်ဒဏ်ပေးခဲ့ဖူးပါတယ်၊ သူလည်းပဲ သူ့ရဲ့ အမှားကို သိရှိသွားခဲ့ပါပြီ ”
ဇုန်းချန်သောက် ၏ အသံက ကျယ်လောင်လှခြင်း မရှိသော်လည်း ဤနေရာတွင် ရှိနေကြသည့် သူတော်စင်တိုင်း၏ နားထဲသို့ သေသေချာချာ တိုးဝင်သွားခဲ့ရပေသည်။
၎င်းတို့အားလုံးက မသိစိတ်အလျင်အရ ကော်ကာကွယ်ရေးဆရာ အား လှမ်းကြည့်လိုက်ကြမိရာ မျက်ဝန်းအလင်းတန်းများက အနည်းငယ် ထူးဆန်းနေခဲ့ကြသည်။
ကော်ကာကွယ်ရေးဆရာ ကမူ မျက်နှာအမူအရာ မရှိဘဲ ခေါင်းကို ခပ်ဖွဖွ ညိတ်ပြလိုက်သည်။
“အဲဒီတုန်းက ကိစ္စမှာ ငါ တကယ်ပဲ မှားခဲ့တာပါ ”