← Chapters

အခန်း (၂၁၇၇-၂၁၇၈)

Vol. 218 Ch. 2177-2178

အခန်း (၂၁၇၇-၂၁၇၈)

Vol. 218 Ch. 2177-2178

အခန်း (၂၁၇၇) ပျက်ကွက်မှု ပြစ်ဒဏ်

ထိုက်ဟောက်ယွီ ၏ လက်ရှိ အမူအရာက အလွန်အမင်း စိုးရိမ်တုန်လှုပ်ပြီး အပြစ်ရှိကြောင်း ထင်ရှားနေခဲ့ပြီ ဖြစ်သည်။ အကယ်၍ မျက်စိရှေ့က သက်သေအထောက်အထားတွေက မပြည့်စုံသေးဘူးဆိုရင်တောင်မှ၊ အမှန်တော့ ရှီးမျိုးနွယ်စုကျောင်းဆောင်က သူတော်စင်တွေအနေနဲ့ ဖန့်ချန် ၏ စွပ်စွဲချက်က ဆယ်ပုံကိုးပုံလောက် မှန်ကန်နေပြီဆိုတာကို အသေအချာ ကောက်ချက်ချနိုင်နေခဲ့ပြီ ဖြစ်သည်။

“ဒါပေမဲ့ တခြားလူကို ယင်သူတော်စင်အဖြစ် စွပ်စွဲဖို့ဆိုတာ လိုအပ်တဲ့ သက်သေအထောက်အထားက ဒီလောက်တော့ မလွယ်ကူလှဘူး ”

ရှီးမျိုးနွယ်စုကျောင်းဆောင်က သူတော်စင်အတော်များများက ကော်ယန်လီ အား တိတ်တဆိတ် လှမ်းမျှော်ကြည့်ရှုလိုက်ကြမိသည်။

“ကျောင်းတော်ကြီးရဲ့ အကြီးအကဲတွေကို ရှေ့ကနေ ထွက်ရပ်ပေးဖို့ ဖိတ်ခေါ်မယ် ဟုတ်လား ”

ကော်ယန်လီ က မျက်မှောင်ကြုတ်လျက် ကော်ယန်ရှောက် အား စိုက်ကြည့်လိုက်ပြီး -

“မင်း သေသေချာချာ စဉ်းစားပြီးပြီလား။ မင်းက ငါ့ရဲ့ တပည့်ကို ယင်သူတော်စင်အဖြစ် စွပ်စွဲချင်နေတာပဲ၊ တကယ်လို့ နောက်ပိုင်းမှာ မင်းမှားသွားတယ်ဆိုတာ သက်သေပြနိုင်ခဲ့ရင်၊ အဲဒါက ရိုးရိုးရှင်းရှင်း တောင်းပန်စကားတစ်ခွန်းနဲ့တင် လှည့်စားပြီး ပြီးစလွယ် လုပ်လို့ရတာမျိုး မဟုတ်ဘူး။

ငါ့ရဲ့ တည်ရှိမှုက ကော်မိသားစုထဲမှာ မင်းရဲ့ ရာထူးနေရာကို ခြိမ်းခြောက်နေလို့ပဲ၊ မင်းက ဘာမဆို အားမနာတမ်း လုပ်ပြီး ငါ့ကို နာမည်ဖျက်ဖို့ နည်းလမ်း ရှာနေတာလား။

ငါ့ကို ဘာမှလုပ်လို့မရတော့တာနဲ့ ငါ့ရဲ့ တပည့်ဆီကနေ စတင်ပြီး အစွမ်းပြနေတာလား ”

“နာမည်ဖျက်တာ ဟုတ်မဟုတ်ဆိုတာကိုတော့ လုပ်ထုံးလုပ်နည်းအတိုင်း သွားကြတာပေါ့၊ ကော်ယန်လီ…… မင်း ဒီတစ်ခေါက် လုပ်ရပ်က အလွန်အမင်း လွန်လွန်းတယ်၊ မင်းကို ဘယ်သူမှ ကာကွယ်ပေးမှာ မဟုတ်ဘူး ”

ကော်ယန်ရှောက် က ခပ်ဖွဖွ ပြုံးလိုက်ပြီး ဟင်းလင်းပြင်ထဲသို့ လှမ်းမျှော်ကြည့်ရှုလိုက်ကာ -

“မိတ်ဆွေဟောင်းတို့…… ဒီကိစ္စက ဘာပဲဖြစ်ဖြစ် မင်းတို့ ကျောင်းတော်ကြီးရဲ့ ကိစ္စပဲဥစ္စာ၊ နောက်ပိုင်းကျရင်တော့ မင်းတို့ပဲ ဆက်လက် ကိုင်တွယ်ဖြေရှင်းကြပါတော့ ”

ခဏချင်းဆိုသလိုပင်၊ အတွင်းကမ္ဘာ ဟင်းလင်းပြင် တံခါးပေါက်တွေက တစ်ခုပြီးတစ်ခု ဆက်တိုက် ပွင့်ဟလာခဲ့သည်။

အတိအကျ ပြောရလျှင် ရှစ်ခုပင် ဖြစ်ပြီး၊ တံခါးပေါက် တစ်ခုချင်းစီရဲ့ အထဲမှာ ဝေဝါးလှတဲ့ လူရိပ်တစ်ခုစီ မတ်တတ်ရပ်နေခဲ့ကြသည်။

သူတို့တွေက အစကတည်းက ရောက်ရှိနေခဲ့ကြပုံရပြီး၊ လက်ရှိအချိန်ကျမှသာ ကိုယ်ထင်ပြလာကြတာ ဖြစ်သည်။

ဖန့်ချန် ၏ စိတ်လှုပ်ရှားမှုက သိသိသာသာ လှုပ်ခတ်သွားခဲ့ရသည်။ ပြီးခဲ့တဲ့ တစ်ခေါက် သူနဲ့ ကျောင်းတော်ကြီးရဲ့ အကြီးအကဲတွေ ထိတွေ့ခဲ့ရတာက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဖြစ်ပြီး၊ အဲဒီတုန်းက သူက အသံကိုသာ ကြားခဲ့ရပြီး ပုံရိပ်ကို မမြင်ခဲ့ရပေ။

သို့သော် ဤတစ်ကြိမ်မှာတော့ ရောက်လာတာနဲ့တင် တန်းပြီးတော့ ရှစ်ယောက်တိတိ ဖြစ်နေခဲ့ရုံတင်မက၊ ဝေဝါးတဲ့ ပုံရိပ်တွေကိုပါ မြင်တွေ့နိုင်ခဲ့ရတာကြောင့် ခံစားရတဲ့ အဆင့်အတန်းက လုံးဝ ဥဿုံ ကွာခြားသွားခဲ့ပြီ ဖြစ်သည်။

သူက ခန့်မှန်းမိသွားခဲ့ပြီ ဖြစ်သည်။ ကော်ယန်ရှောက် သည် ရွှေဟွေးကျောင်းတော်ကြီးဆီကို မလာခင်ကတည်းက အရာအားလုံးကို အကွက်ချ စီစဉ်ထားခဲ့ပြီးသား ဖြစ်ရမည်ဖြစ်ပြီး၊ သူကိုယ်တိုင် ထွက်ရပ်ပြီး သက်သေခံကာ ထိုက်ဟောက်ယွီ အား လက်ညှိုးထိုး ထောက်ပြလိမ့်မည်ဆိုတာကို သေချာပေါက် တွက်ချက်ထားခဲ့ခြင်း ဖြစ်သည်။

ကော်ယန်လီ ၏ မျက်ဝန်းထဲ၌ မည်းမှောင်လှတဲ့ အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့ရသည်။ ဤတစ်ကြိမ်တွင် ကော်ယန်ရှောက် က ဤမျှအထိ ပြတ်သားလိမ့်မည်ဟု သူမထင်ထားခဲ့မိပုံရပြီး၊ ဘယ်လို အဖိုးအခမျိုးကိုမဆို ပေးဆပ်ပြီး သူ့ဆီကနေ အသားတစ်စလောက်အထိ အမိအရ ကိုက်ခဲဖဲ့ယူဖို့ တွေးတောထားခဲ့ခြင်း ဖြစ်သည်။

“ဆရာ…… ကျုပ် ဘာမှမဖြစ်နိုင်ဘူးမလား ”

ထိုက်ဟောက်ယွီ ၏ တုန်လှုပ်ခြောက်ခြားနေသော အသံက ကော်ယန်လီ ၏ နားထဲ၌ ထွက်ပေါ်လာခဲ့သည်။

“ဘာမှမဖြစ်ပါဘူး ”

ကော်ယန်လီ က ညင်သာစွာဖြင့် နှစ်သိမ့်စကားတစ်ခွန်း ပြောလိုက်သော်လည်း၊ ရင်ထဲ၌တော့ ခပ်ဖွဖွ သက်ပြင်းချလိုက်မိသည်။

ဤအကြီးအကဲ ရှစ်ယောက်ကိုယ်တိုင် ရောက်ရှိလာခဲ့ပြီဆိုမှတော့၊ သူက ဒီကိစ္စရဲ့ အဆုံးသတ် ရလဒ်ကို သိရှိသွားခဲ့ရပြီ ဖြစ်သည်။

“ကျုပ်တို့က အကြီးအကဲတွေကို ဂါရဝပြုပါတယ် ”

ယန်ယွမ်၊ ရွှီထင် နှင့် ရှီးမျိုးနွယ်စု သူတော်စင်တွေအားလုံးက ချက်ချင်းဆိုသလို အကြီးအကဲ ရှစ်ယောက်ထံသို့ ကိုယ်ကိုင်းလျက် လက်အုပ်ချီ အရိုအသေပြုလိုက်ကြသည်။

ရှီးမျိုးနွယ်စုကျောင်းဆောင် ရဲ့ ကျောင်းအုပ်ကြီး ဇုန်းချန်သောက် ကတော့ လက်အုပ်ချီရုံသာ ပြုလုပ်ခဲ့သည်။

ဘာဖြစ်လို့လဲဆိုတော့ သူကလည်း အထွတ်ထိပ်တာအိုအဆင့် ဖြစ်တာကြောင့် ကျင့်ကြံခြင်းက ဤအကြီးအကဲတွေနဲ့ တန်းတူ ဖြစ်နေခဲ့ရုံတင်မက၊ ကျောင်းဆောင်အတွင်းက ကျောင်းအုပ်ကြီးရဲ့ ရာထူးအဆင့်အတန်းကလည်း အမှန်တော့ အကြီးအကဲတွေထက် နိမ့်ကျမနေဘဲ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းနေကြရတာ ဖြစ်လို့ပဲ။

“ငါတို့တွေ အစကတည်းက ရောက်နေခဲ့ကြတာ၊ ခုနက အခြေအနေတွေကိုလည်း မျက်စိနဲ့အကြွင်းမဲ့ မြင်တွေ့ခဲ့ပြီးပြီ ”

အကြီးအကဲတစ်ယောက်က ဖြည်းညင်းစွာ ပါးစပ်ဟလိုက်ရာ၊ သူ့ရဲ့ အကြည့်တွေက ဖန့်ချန် ၏ ကိုယ်ပေါ်သို့ ကျရောက်နေခဲ့ပုံရသည်။

“ငါတို့အားလုံးရဲ့ တူညီတဲ့ သဘောထားကတော့၊ ဒီကောင်လေးရဲ့ စကားလုံးတွေထဲမှာ လိမ်ညာလှည့်စားနေတဲ့ အရိပ်အယောင် လုံးဝ ရှိမနေဘူးဆိုတာပဲ ”

ရှီးမျိုးနွယ်စု သူတော်စင်တွေက ရင်ထဲ၌ တိတ်တဆိတ် တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။ ဒါက အကြီးအကဲ ရှစ်ယောက်စလုံးက ဖန့်ချန် ၏ သက်သေထွက်ဆိုချက်ကို အသိအမှတ်ပြုလိုက်ကြပြီဆိုတဲ့ သဘောပဲ မဟုတ်လား။

ဒါဆိုရင် နောက်ပိုင်းကျရင်……

“နောက်ပိုင်းကျရင်တော့၊ ထိုက်ဟောက်ယွီ က အရင်တုန်းက ယင်သူတော်စင်ရဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့ဖူးသလား ဆိုတာကို စစ်ဆေးဖို့ ငါတို့မှာ နည်းလမ်း ရှိပါတယ် ”

စကားသံ ဆုံးသွားတာနဲ့တင်၊ အလင်းတန်းတစ်ခုက ထိုက်ဟောက်ယွီ အား တိုက်ရိုက် ပစ်မှတ်ထား သတ်မှတ်လိုက်ပြီး၊ သူက မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ အတွင်းကမ္ဘာနယ်မြေ တံခါးပေါက် ရှစ်ခုရဲ့ ရှေ့သို့ ခေါ်ဆောင်ခြင်း ခံလိုက်ရကာ မျက်နှာတစ်ခုလုံး ထိတ်လန့်ကြောက်ရွံ့ခြင်းတွေ ပြည့်နှက်နေခဲ့ရတော့သည်။

“ဆရာ…… ဆရာ ”

ထိုက်ဟောက်ယွီ က ခေါင်းလှည့်လျက် ကော်ယန်လီ အား ကြည့်ရှုလိုက်မိရာ၊ မျက်ဝန်းထဲ၌ အကူအညီတောင်းခံခြင်း အရိပ်အယောင်တွေ ပြည့်နှက်နေခဲ့သည်။

သို့သော် ကော်ယန်လီ ကတော့ ဖြည်းညင်းစွာ မျက်လုံးမှိတ်လိုက်ပြီး၊ ဘာစကားမှ ထပ်မံဝင်မပြောတော့ပေ။

ဤမြင်ကွင်းက ကျိုရွှမ်နတ်ဘုရားတောင်က သူတော်စင်တွေကိုလည်း ဇဝေဇဝါဖြစ်ခြင်းများနှင့် ဝမ်းနည်းပူဆွေးခြင်းများထဲသို့ ကျရောက်သွားစေခဲ့ရတော့သည်။

နောက်ထပ် ခဏအတွင်းမှာပင် ထိုက်ဟောက်ယွီ ၏ အတွင်းကမ္ဘာနယ်မြေ တံခါးပေါက်က အတင်းအကျပ် ပွင့်ဟသွားခဲ့ရပြီ ဖြစ်သည်။

“အခြားလူရဲ့ အတွင်းကမ္ဘာနယ်မြေ အုတ်မြစ်ကို ခိုးယူဖူးတဲ့သူကတော့၊ အရင်တုန်းက ကျင့်ကြံခြင်းက ဘယ်လောက်ပဲ ခိုင်မာနေခဲ့ပါစေ၊ အတွင်းကမ္ဘာနယ်မြေထဲမှာ ထူးဆန်းတဲ့ အသွင်ပြောင်းလဲမှု တစ်ခု သေချာပေါက် ဖြစ်ပေါ်လာမှာပဲ ”

“ဒီထူးဆန်းတဲ့ အသွင်ပြောင်းလဲမှုက၊ သူ နောက်ပိုင်းမှာ အဆင့်တက်လှမ်းတဲ့အခါ အားနည်းချက်နဲ့ နာတာရှည်ရောဂါ ဖြစ်လာလိမ့်မယ် ”

“ဒါပေမဲ့ မလွန်လွန်းဘဲ တခြားလူရဲ့ အတွင်းကမ္ဘာနယ်မြေ အုတ်မြစ်ကို မပြတ်ဘဲ ခိုးယူနေတာမျိုး မဟုတ်ရင်၊ အဆင့်တက်တဲ့အခါ လုံလောက်အောင် ဂရုစိုက်မယ်ဆိုရင်တော့ ဒီနာတာရှည်ရောဂါက ပေါက်ကွဲထွက်လာမှာ မဟုတ်ဘူး ”

“ပြင်ပအားစွမ်းအင် ဝင်ရောက်စွက်ဖက်တာ ဖြစ်နေရင်တောင်မှ၊ ကျင့်ကြံခြင်းက အထွတ်ထိပ်တာအိုအဆင့်ကို မရောက်မချင်းတော့ ဒီနာတာရှည်ရောဂါလေးကို ဆွဲထုတ်ဖို့က တကယ် ခက်ခဲလိမ့်မယ် ”

“ဒါကြောင့်မို့လို့၊ ငါတို့ ရှစ်ယောက်က အထွတ်ထိပ်တာအို တန်ခိုးစွမ်းအားကြီးကို အသုံးချပြီး သူက တခြားလူရဲ့ အတွင်းကမ္ဘာနယ်မြေ အုတ်မြစ်ကို တကယ်ပဲ ခိုးယူခဲ့ဖူးသလား ဆိုတာကို ကြည့်ရှုကြတာပေါ့ ”

အကြီးအကဲတစ်ယောက်က စကားပြောပြီးတာနဲ့တင်၊ ထိုက်ဟောက်ယွီ ၏ အတွင်းကမ္ဘာနယ်မြေထဲသို့ တန်ခိုးစွမ်းအားကြီး တစ်ခုကို ဦးစွာ ပစ်သွင်းလိုက်သည်။

ကျန်ရှိတဲ့ ခုနစ်ယောက်ကလည်း တစ်ဦးပြီးတစ်ခု ဆက်တိုက် လိုက်ပါလုပ်ဆောင်ခဲ့ကြသည်။

တန်ခိုးစွမ်းအား ရှစ်ခုက ထိုက်ဟောက်ယွီ ၏ အတွင်းကမ္ဘာနယ်မြေထဲသို့ ဝင်ရောက်သွားခဲ့ပြီး၊ ခဏမျှ အချိန်အတွင်းမှာပင် ထိုက်ဟောက်ယွီ ၏ အတွင်းကမ္ဘာနယ်မြေပေါ်၌ ဖျော့တော့လှတဲ့ သွေးရောင်မြူခိုးလွှာတစ်ခု ဖုံးလွှမ်းသွားခဲ့ရကာ၊ တစ်ပြိုင်နက်တည်းမှာပင် အလွန်အမင်း နံစော်လှတဲ့ အနံ့အသက်ဆိုးတစ်ခုက ပတ်ဝန်းကျင် အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့ရတော့သည်။

ဒီနေရာမှာ ရှိနေကြတဲ့ ရှီးမျိုးနွယ်စု သူတော်စင်တွေအားလုံးက မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့ကြရပြီး၊ နှာခေါင်းကို ခပ်ဖွဖွ ရှုံ့လိုက်ကြမိပြီးမှ မျက်ဝန်းထဲ၌ ရွံရှာမုန်းတီးခြင်း အရိပ်အယောင်တွေ ထွက်ပေါ်လာခဲ့ကြရပြီ ဖြစ်သည်။

ဒီအနံ့အသက်ဆိုးက၊ လူသေအလောင်း ပုပ်ပွသွားတဲ့ အနံ့မျိုးနဲ့ တူညီနေခဲ့သည်။

“တကယ်ပဲ ယင်သူတော်စင်ရဲ့ နည်းလမ်းဆိုးတွေကို လုပ်ဆောင်ခဲ့ဖူးတာ အမှန်ပဲပဲ ”

“တကယ် မထင်ထားခဲ့မိဘူး၊ ထိုက်ဟောက်ယွီ က ဒီလိုလူမျိုး ဖြစ်နေလိမ့်မယ်လို့ ”

“ဒီကြွက်ချေးတစ်လုံးကတော့၊ ငါတို့ ရှီးမျိုးနွယ်စုကို နှစ်ပေါင်းများစွာအထိ လှောင်ပြောင် သရော်ခြင်း ခံရအောင် ဒုက္ခပေးတော့မှာပဲ ”

“အခုက ရှီးမျိုးနွယ်စုရဲ့ ပြဿနာတင် မဟုတ်တော့ဘူး၊ သူက ဖန့်ညီမလေးရဲ့ အတွင်းကမ္ဘာနယ်မြေ အုတ်မြစ်ကို လုယူဖို့ ကြိုးစားခဲ့တာလေ၊ ဖန့်ညီမလေးက လူသားမျိုးနွယ်စုကနေ ဆင်းသက်လာတာ ဖြစ်နေခဲ့ရင်တောင်မှ လူသားမျိုးနွယ်စုက ရှေ့ကနေ ထွက်မရပ်ရင်တောင် အမာခံတပည့်အဆင့်အနေနဲ့ ကျောင်းတော်ကြီးက ဖန့်ညီမလေးကို အလွန်အမင်း တန်ဖိုးထားတာမို့လို့ သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မယ်၊ ငါတို့ ရှီးမျိုးနွယ်စုကျောင်းဆောင်ကိုပါ ဆွဲထည့်မလား မသိဘူး ”

“အာ…… သူတစ်ယောက်တည်းပဲ ဖြစ်ချင်မှဖြစ်မှာပေါ့…… သာမန် တည်ရှိမှုမျိုးကတော့ ယင်သူတော်စင်ရဲ့ နည်းလမ်းဆိုးတွေကို ရှာဖွေနိုင်ဖို့က မဖြစ်နိုင်လောက်ဘူးမလား……”

ရှီးမျိုးနွယ်စု သူတော်စင်တွေရဲ့ အကြည့်တွေက၊ ကော်ယန်လီ ဆီသို့ မသိမသာ လှမ်းမျှော်ကြည့်ရှုလိုက်ကြမိသည်။

“ကော်ယန်လီ…… မင်းမှာ ဘာစကားများ ရှင်းပြစရာ ရှိသေးလဲ ”

ဇုန်းချန်သောက် က မျက်နှာတစ်ခုလုံး သံမဏိလို မည်းမှောင်လျက် ပြောဆိုလိုက်သည်။

အမှန်တရားက စကားလုံးတွေထက် ပိုပြီးတော့ သက်သေထင်ရှားနေခဲ့ပြီ ဖြစ်ရာ၊ လက်ရှိအချိန် လက်ရှိအခိုက်အတန့်မှာတော့ အမှန်တရားက မျက်စိရှေ့မှာတင် အထင်အရှား ပေါ်ထွက်နေခဲ့ပြီ ဖြစ်သည်။

ရွှီထင် ၏ မျက်နှာအမူအရာကလည်း အလွန်အမင်း ရုပ်ဆိုးဆိုး ဖြစ်နေခဲ့ရသည်။

ရှီးမျိုးနွယ်စုကျောင်းဆောင်က ဘာပဲဖြစ်ဖြစ် သူ တာဝန်ယူ စစ်ဆေးရတဲ့ ကျောင်းဆောင်တွေထဲက တစ်ခု ဖြစ်တာကြောင့်၊ အခု ကျောင်းဆောင်ထဲမှာ ယင်သူတော်စင် ထွက်ပေါ်လာခဲ့တာကို သူက မရိပ်မိလိုက်ဘဲ ရှိနေခဲ့ကာ၊ ကော်ယန်ရှောက် ကိုယ်တိုင် ထွက်ရပ်ပြီး ဖော်ထုတ်လိုက်ရတာ ဖြစ်သည်။

ကျောင်းတော်ကြီးဘက်ကတော့၊ သေချာပေါက် သူ့လိုမျိုး စစ်ဆေးရေးမှူးကိုပါ အပြစ်ပေး အရေးယူလိမ့်မည် ဖြစ်သည်။

ပညာရေးမှူးကြီး ဖြစ်တဲ့ ယန်ယွမ် မှာလည်း ထို့အတူပဲ တာဝန်က အလွန်အမင်း ကြီးမားလှတာကြောင့်၊ သူက မျက်နှာအမူအရာကို တည်ကြည်လျက် နောက်ပိုင်း ကိုင်တွယ်ဖြေရှင်းမယ့် နည်းလမ်းတွေကို တွေးတောနေခဲ့ပြီ ဖြစ်သည်။

“ငါ့မှာ ပြောစရာ စကားမရှိပါဘူး၊ ထိုက်ဟောက်ယွီ ရဲ့ ဆရာတစ်ယောက်အနေနဲ့၊ သူ ယင်သူတော်စင်ရဲ့ နည်းလမ်းဆိုးတွေကို လုပ်ဆောင်ခဲ့တာကို ငါ ဘာတစ်ခုမှ မသိရှိခဲ့ရတာက ငါ့ရဲ့ တာဝန်ပျက်ကွက်မှုပဲ ဖြစ်တယ် ”

ကော်ယန်လီ က ဖြည်းညင်းစွာ မျက်လုံးပြန်ဖွင့်လိုက်ပြီး၊ မျက်နှာတစ်ခုလုံး တည်ငြိမ်အေးဆေးစွာဖြင့် ဝန်ခံပြောဆိုလိုက်သည်။

“ဘာတစ်ခုမှ မသိရှိခဲ့ဘူး ဟုတ်လား။ ထုန်းယူတားမြစ်နယ်မြေ ကိစ္စကို မင်း ဘယ်လိုနည်းနဲ့မှ ရှင်းပြလို့ မရတော့ဘူးလေ၊ မင်းက ဒီပြစ်ဒဏ်အိုးကြီးကို ထိုက်ဟောက်ယွီ ရဲ့ ခေါင်းပေါ်ကို တိုက်ရိုက် လွှဲချပစ်ပြီး သူတစ်ယောက်တည်းကိုပဲ အပြစ်ခံခိုင်းဖို့ တွေးနေတာလား။

ထိုက်ဟောက်ယွီ မှာ အရည်အချင်း အနည်းငယ် ရှိပြီး ပါရမီက မဆိုးဘူးဆိုပေမယ့်၊ သူ့ရဲ့ စွမ်းရည်တင်နဲ့ ယင်သူတော်စင်ရဲ့ နည်းလမ်းဆိုးတွေကို ရှာဖွေနိုင်ဖို့ဆိုတာ အရိပ်အယောင် လုံးဝ မကျန်ခဲ့အောင်အထိ လုပ်ဆောင်နိုင်စွမ်း ရှိမနေလောက်ဘူးမလား ”

ရှီးမျိုးနွယ်စုကျောင်းဆောင်က ကာကွယ်ရေးဆရာတစ်ယောက်က တည်ငြိမ်စွာဖြင့် ပါးစပ်ဟလိုက်သည်။

“မင်းပဲ ရှိတာပေါ့၊ ကော်ယန်လီ…… ရှီးမျိုးနွယ်စုရဲ့ ပထမ ကာကွယ်ရေးဆရာကြီး အဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ တည်ရှိမှုက ရှေ့ကနေ ထွက်ရပ်ပြီး ကူညီပေးခဲ့မှသာ၊ သူ့အတွက် ဒီလိုမျိုး လုံးဝ ဥဿုံ ပြည့်စုံတဲ့ အကွက်အကွင်းကို စီစဉ်ပေးနိုင်မှာ ဖြစ်တယ် ”

“ရှင်းပြလို့ မရဘူး ဟုတ်လား ”

ကော်ယန်လီ က ဤပုဂ္ဂိုလ်အား တစ်ချက် ဝေ့ကြည့်လိုက်သည်။

“ငါ ခုနက ရှင်းပြခဲ့တာက၊ ရှင်းလင်းနေခဲ့ပြီပဲဥစ္စာ၊ ဘယ်သူ့မှာ သံသယ ရှိနေသေးလဲ၊ အကြီးအကဲတွေ အပါအဝင် သံသယ ရှိနေသေးရင်တောင်မှ ငါ့ရဲ့ အဖြေက ခုနကအတိုင်းပဲ ဖြစ်နေမှာပဲ။

ထုန်းယူတားမြစ်နယ်မြေက၊ ငါ ဖန့်ကျစ်ရွှယ် အတွက် ပြင်ဆင်ပေးခဲ့တဲ့ စမ်းသပ်မှုတစ်ခုပဲ။

တစ်ခုတည်းသော အမှားကတော့၊ ထိုက်ဟောက်ယွီ ကို လိုက်ပါခွင့် မပေးခဲ့သင့်တာပဲ ”

သူတော်စင်အပေါင်းက လက်ရှိအချိန်အထိ ကော်ယန်လီ သည် ဆက်လက်ပြီးတော့ ဆင်ခြေပေးကာ ငြင်းဆန်နိုင်သေးလိမ့်မည်ဟု မထင်ထားခဲ့မိကြပေ။

ထိုကာကွယ်ရေးဆရာက ပါးစပ် ထပ်မံဟလျက် ပြောဆိုချင်နေသေးတဲ့ အချိန်မှာပဲ၊ ကော်ယန်ရှောက် ကတော့ ရုတ်တရက် ရယ်မောလိုက်သည်။

“ကော်ယန်လီ…… မင်း ဒီတစ်ခေါက် တာဝန်ပျက်ကွက်မှုကိုတော့ သေသေချာချာ ပြန်လည်သုံးသပ်ရမယ်၊ ဒါပေမဲ့ မင်းရဲ့ ဝမ်းကွဲအစ်ကိုတစ်ယောက် အနေနဲ့၊ ငါကတော့ မင်းက ဒီလိုလူမျိုး မဟုတ်ဘူးဆိုတာကို ယုံကြည်နေဆဲပဲ။

မင်းက အလွန်ဆုံးရှိမှ ပျက်ကွက်မှု ပြစ်ဒဏ်ပဲ ဖြစ်မှာပါ ”

ဒီကိစ္စကို အခွင့်ကောင်းယူပြီး ကော်ယန်လီ အား တစ်ခါတည်း အသေသတ် ဖိနှိပ်ချင်နေတဲ့ ထိုကာကွယ်ရေး ဆရာကတော့ မှင်တက်သွားခဲ့ရတော့သည်။

သူက အခြားသော ဆရာတွေရဲ့ မျက်ဝန်းထဲကနေ လှောင်ပြောင် သရော်ခြင်း အရိပ်အယောင်တစ်ခုကို မြင်တွေ့လိုက်ရတဲ့ အချိန်ကျမှသာ သတိပြန်ဝင်လာခဲ့ရပြီး၊ မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့ရတော့သည်။

ကော်ယန်ရှောက် ကိုယ်တိုင်ကလည်း ကော်မိသားစုရဲ့ သူတော်စင်တစ်ယောက် ဖြစ်တာကြောင့်၊ တစ်ဖက်လူက ကော်ယန်လီ အား ဖိနှိပ်ချင်နေခဲ့ရင်တောင်မှ လမ်းဆုံးအထိ တွန်းပို့ပြီး သေတွင်းထဲ ရောက်အောင် လုပ်ဖို့ မလိုအပ်ပေ၊ အဲလိုလုပ်တာက မိမိတို့ မိသားစုရဲ့ အုတ်မြစ်ကို ကိုယ်တိုင် ဖျက်ဆီးပစ်တာနဲ့ တူညီနေလို့ပဲ။

အခုတော့၊ ပျက်ကွက်မှု ပြစ်ဒဏ် ဆိုတဲ့ အရာတစ်ခုတည်းတင် ကော်ယန်လီ အတွက် ဒုက္ခအကြီးအကျယ် ရောက်ရှိသွားစေဖို့ လုံလောက်နေခဲ့ပြီ ဖြစ်သည်။

ဒါကြောင့်မို့လို့ ဒီနေ့မှာတော့ ဆယ်ပုံကိုးပုံလောက်၊ ကော်ယန်လီ သည် ယင်သူတော်စင် အဖြစ်အပျက်ကြီးထဲသို့ တကယ်ပဲ ပါဝင်ပတ်သက်သွားမှာ မဟုတ်တော့ပေ။

အခန်း (၂၁၇၈) ဆရာ…… ကျုပ် မှားသွားပါတယ်

ထိုကာကွယ်ရေးဆရာက ဤအချက်ကို တွေးတောမိသွားပြီးနောက်တွင်တော့ မကျေမနပ်ဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး၊ ထို့နောက်တွင်တော့ ဘာစကားမှ ထပ်မံမပြောဆိုတော့ပေ။

ထိုအချိန်တွင် ထိုက်ဟောက်ယွီ ပေါ်၌ တားမြစ်ထားသော ပိတ်ပင်မှုကလည်း ပြယ်လွင့်သွားခဲ့ပြီ ဖြစ်သော်လည်း၊ သူ၏ အတွင်းကမ္ဘာနယ်မြေထဲက နာတာရှည်ရောဂါဆိုးကြီးက ဆွဲထုတ်ခြင်း ခံလိုက်ရပြီးပြီ ဖြစ်ရာ ဆီးနှင်းတောင် ပြိုကျပျက်စီးသွားသကဲ့သို့ပင် သူ၏ အတွင်းကမ္ဘာနယ်မြေတစ်ခုလုံးက အဆက်မပြတ် စတင်ပြိုလဲပျက်စီးလာခဲ့ပြီး၊ အလွန်အမင်း နံစော်လှသော အနံ့အသက်ဆိုးများနှင့် သွေးရောင်မြူခိုးများဖြင့် ပြည့်နှက်သွားခဲ့ရတော့သည်။

ထိုက်ဟောက်ယွီ ၏ ရုပ်ခန္ဓာကြီးကပင် ဤအရာ၏ ရိုက်ခတ်မှုကို ခံလိုက်ရတာကြောင့်၊ ခန္ဓာကိုယ်ပေါ်ကနေ သွေးပုပ်ရေတွေ စိမ့်ထွက်လာခဲ့ပြီး မျက်လုံးအစုံက ရဲရဲနီလာကာ သွားတွေကလည်း စတင်မည်းမှောင်ပြီး ပုပ်ပွလာခဲ့ရပြီ ဖြစ်သည်။

ရှီးမျိုးနွယ်စု သူတော်စင်တွေက ဤမြင်ကွင်းကို မြင်တွေ့လိုက်ရတဲ့အခါ၊ ၎င်းတို့အားလုံးက ရင်ထဲ၌ အနည်းငယ် တုန်လှုပ်သွားခဲ့ကြရပြီး မျက်ဝန်းထဲ၌ မှင်တက်ခြင်း သို့မဟုတ် ထိတ်လန့်ကြောက်ရွံ့ခြင်း အရိပ်အယောင်တွေ အသီးသီး ထွက်ပေါ်လာခဲ့ကြရသည်။

“ဒါက ယင်သူတော်စင်ရဲ့ အဆုံးသတ် ရလဒ်ပဲ၊ သေဆုံးသွားပြီးတဲ့နောက်မှာ ဘယ်တော့မှ ပြန်လည်နိုးထခွင့် မရှိတော့ဘူး၊ ဝိညာဉ်အလင်းတန်းလေးတောင်မှ ကျန်ရှိအောင် မထိန်းသိမ်းနိုင်တော့တာမို့လို့၊ သဘာဝအတိုင်းပဲ သံသရာထဲကို ပြန်လည်ဝင်ရောက်ဖို့ အရည်အချင်း လုံးဝ ဆုံးရှုံးသွားခဲ့ရတာပဲ”

အကြီးအကဲတစ်ယောက်က ဖြည်းညင်းစွာ ပါးစပ်ဟလိုက်ရာ၊ စကားသံက မကျယ်လောင်လှသော်လည်း သတိပေးခေါင်းလောင်းကြီး တစ်လုံး ပြင်းထန်စွာ မြည်ဟီးလိုက်သလိုမျိုး လူတိုင်းရဲ့ ရင်ထဲ၌ ပေါက်ကွဲဟည်းအော်သွားခဲ့ရတော့သည်။

ဇုန်းချန်သောက် ကတော့ ဤမြင်ကွင်းကို မျက်နှာအမူအရာမရှိဘဲ အေးစက်စွာ ကြည့်ရှုနေခဲ့သည်။

ထိုက်ဟောက်ယွီ ၏ ပါရမီက မဆိုးလှဘူးဆိုပေမယ့်၊ သူက ယင်သူတော်စင်ရဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့တာမို့လို့ အခု ဤကဲ့သို့သော အဆုံးသတ်မျိုးကို ရရှိတာကလည်း ခံထိုက်တဲ့ ဝဋ်ကြွေးပဲ ဖြစ်သည်။

သူက ရှီးမျိုးနွယ်စုကျောင်းဆောင်က ကျောင်းသားတွေကို တစ်ချက် ဝေ့ကြည့်လိုက်ရာ၊ ၎င်းတို့အားလုံးက ရင်ထဲ၌ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေကြတာကို မြင်တွေ့လိုက်ရတာကြောင့် ခေါင်းကို ခပ်ဖွဖွ ညိတ်ပြလိုက်မိသည်။

ဒီတစ်ကြိမ် ဖြစ်ရပ်က ဤကျောင်းသားတွေအတွက် 'စံပြနမူနာ' တစ်ခု ပြသလိုက်သလို ဖြစ်သွားခဲ့ပြီး၊ နောက်ပိုင်းမှာ ယင်သူတော်စင် ဖြစ်လာဖို့ အခွင့်အလမ်း ရှိနိုင်တဲ့ ကျောင်းသားအချို့ကို ဤအတွေးကို လုံးဝ ဥဿုံ စွန့်လွှတ်သွားစေနိုင်ခဲ့သည်။

“ထိုက်ဟောက်ယွီ…… မင်း လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေက၊ ကော်ယန်လီ နဲ့ ပတ်သက်မှု ရှိနေသလား ”

အကြီးအကဲက မေးမြန်းလိုက်သည်။

ထိုက်ဟောက်ယွီ ကတော့ လက်ရှိအချိန်မှာ အလွန်အမင်း နာကျင်ခံခက်လှတဲ့ အခြေအနေဆိုးကြီးထဲသို့ ရောက်ရှိနေခဲ့ရပြီ ဖြစ်သည်။

သူက မြေပြင်ပေါ်၌ ဒူးထောက်လျက် အဆက်မပြတ် အော်ဟစ်ညည်းတွားနေခဲ့ရရှာသည်။

အတွင်းကမ္ဘာနယ်မြေ ပျက်စီးသွားခြင်းနှင့် ယင်သူတော်စင်ရဲ့ နာတာရှည်ရောဂါဆိုးကြီးက ပေါက်ကွဲထွက်လာခြင်းကြောင့်၊ သူ၏ ရုပ်ခန္ဓာကြီးကလည်း တစ်ချိန်တည်းမှာတင် ပြင်းထန်လှတဲ့ ထိခိုက်ဒဏ်ရာရရှိမှုကို ခံစားနေရခြင်း ဖြစ်သည်။

စွမ်းအင်စုစည်းခြင်းအဆင့်က သူတော်စင်တွေအတွက် ပထမဆုံး ခြေလှမ်းဖြစ်သလို၊ အတွင်းကမ္ဘာနယ်မြေနဲ့ ဆက်နွှယ်မှု ရှိတဲ့ အရေးကြီးဆုံး ခြေလှမ်းလည်း ဖြစ်သည်။

စွမ်းအင်စုစည်းခြင်း သူတော်စင် ဖြစ်လာပြီးတဲ့နောက်မှာတော့၊ အတွင်းကမ္ဘာနယ်မြေရဲ့ ဘယ်လိုရိုက်ခတ်မှုနဲ့ ပြောင်းလဲမှုမဆိုက ပိုင်ရှင်ရဲ့ ကိုယ်ပေါ်၌ တိုက်ရိုက် ထင်ဟပ်ပေါ်လွင်လာမှာ ဖြစ်သည်။

ဒါက အတွင်းကမ္ဘာနယ်မြေနဲ့ ပိုင်ရှင်ကြားက ဆက်နွှယ်မှု ဆက်စပ်ချက်ပဲ ဖြစ်သည်။

ပိုင်ရှင် သေဆုံးသွားရင်တောင်မှ အတွင်းကမ္ဘာနယ်မြေက ပျက်စီးချင်မှ ပျက်စီးမှာ ဖြစ်သော်လည်း၊ အတွင်းကမ္ဘာနယ်မြေ ပျက်စီးသွားခဲ့ရင်တော့ ပိုင်ရှင်က သေချာပေါက် အသက်ရှင်နိုင်တော့မှာ မဟုတ်ပေ။

“ကျုပ်…… ကျုပ် လုပ်ခဲ့သမျှ အရာအားလုံးက၊ ဆရာနဲ့ ဘာမှမပတ်သက်ပါဘူး၊ ဘာမှမပတ်သက်ပါဘူး ”

ထိုက်ဟောက်ယွီ က မြေပြင်ကို ရူးသွပ်စွာဖြင့် ထုရိုက်လျက်၊ ခေါင်းမော့ကာ ဒေါသတကြီး အော်ဟစ်ဆဲဆိုလိုက်မိရာ မျက်နှာတစ်ခုလုံး အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းအောင် ပုံပျက်ပန်းပျက် ဖြစ်နေခဲ့ရတော့သည်။

ရှီးမျိုးနွယ်စု ကျောင်းသားအတော်များများက သူ့ရဲ့ အရင်တုန်းက ယဉ်ကျေးသိမ်မွေ့လှတဲ့ အမူအရာကို ရုတ်တရက် တွေးတောမိသွားကြပြီး၊ အခု သူ့ရဲ့ ဤကဲ့သို့သော အခြေအနေဆိုးကြီးကို မြင်တွေ့လိုက်ကြရတဲ့အခါ ယင်သူတော်စင် ဆိုတဲ့ စကားလုံးနှစ်လုံးအပေါ် ပိုမိုပြီးတော့ ထိလွယ်ရှလွယ် ဖြစ်သွားခဲ့ကြရသလို စိုးရိမ်ကြောက်ရွံ့ခြင်းတွေလည်း တိုးပွားလာခဲ့ရပြီ ဖြစ်သည်။

ဖန့်ကျစ်ရွှယ် ကတော့ ထိုက်ဟောက်ယွီ အား မျက်နှာအမူအရာမရှိဘဲ အေးစက်စွာ ကြည့်ရှုနေခဲ့ပြီး၊ တစ်ဖက်လူက လက်ရှိအချိန်မှာ ဤကဲ့သို့သော ညှဉ်းပန်းနှိပ်စက်မှုကို ခံစားနေရကာ နောက်ထပ် မကြာခင်မှာတင်ရုပ်ကောနာမ်ပါ လုံးဝပျက်စီးခြင်းဖြစ်သွားတော့မှာကို မြင်တွေ့လိုက်ရတဲ့အခါ ရင်ထဲက ဒေါသတရားတွေကလည်း တဖြည်းဖြည်းနဲ့ ပြယ်လွင့်သွားခဲ့ရပြီ ဖြစ်သည်။

ဒါပေမဲ့ ဒါက ထိုက်ဟောက်ယွီ တစ်ယောက်တည်းအပေါ် ထားရှိတဲ့ ဒေါသတရားသာ ဖြစ်ပြီး၊ သူမက ကော်ယန်လီ အား တစ်ချက် လှမ်းကြည့်လိုက်မိရာ မျက်ဝန်းအလင်းတန်းတွေက အေးစက်နေဆဲ ဖြစ်ပြီး၊ ကော်ယန်လီ အား မိမိရဲ့ ဆရာအဖြစ် ဘယ်လိုနည်းနဲ့မှ ထပ်ပြီးတော့ သတ်မှတ်နိုင်ခြင်း မရှိတော့ပေ။

“ကြည့်ရတာတော့၊ ကော်ယန်လီ မှာ တကယ့်ကို ပျက်ကွက်မှု ပြစ်ဒဏ်တစ်ခုတည်းပဲ ရှိတာပေါ့ ”

အကြီးအကဲတစ်ယောက်က တည်ငြိမ်စွာဖြင့် -

“ဇုန်းချန်သောက်…… ငါတို့ အကြီးအကဲအဖွဲ့က ကိုင်တွယ်ဖြေရှင်းမယ့် နည်းလမ်းတစ်ခုကို အတူတူ တိုင်ပင်ဆွေးနွေးလိုက်မယ်။

ဒီမတိုင်ခင်မှာတော့၊ မင်းက ကော်ယန်လီ ကို သေသေချာချာ စောင့်ကြပ်ကြည့်ရှုထားပါ၊ သူ့ကို ကျိုရွှမ်နတ်ဘုရားတောင်မှာပဲ နေထိုင်စေပြီး သဘောအတိုင်း အပြင်ကို ထွက်ခွာခွင့် မပေးနဲ့ဦး ”

“နားလည်ပါပြီ၊ အကြီးအကဲတို့ စိတ်ချလက်ချ ရှိပါ၊ ကျုပ် ဘာလုပ်ရမလဲဆိုတာကို သိပါတယ် ”

ဇုန်းချန်သောက် က ခေါင်းကို ခပ်ဖွဖွ ညိတ်ပြလိုက်သည်။

“ဒါနဲ့…… ဖန့်ကျစ်ရွှယ် က လက်ရှိအချိန်မှာ ရှီးမျိုးနွယ်စုကျောင်းဆောင်မှာ ဆက်လက်နေထိုင်ဖို့အတွက် သေချာပေါက် မဆီလျော်တော့ဘူး၊ ငါ့ရဲ့ အကြံပြုချက်ကတော့ သူမကို လူသားမျိုးနွယ်စုကျောင်းဆောင်ဆီကိုပဲ ပြန်လည်ပို့ဆောင်ပေးလိုက်တာက ပိုကောင်းလိမ့်မယ်။

ဒါကလည်း လူသားမျိုးနွယ်စုအတွက် လျော်ကြေးတစ်ခုအဖြစ် သတ်မှတ်လို့ရတာပေါ့ ”

ကော်ယန်ရှောက် က လက်အုပ်ချီလျက် ပြောဆိုလိုက်သည်။

ဇုန်းချန်သောက် ၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလို အနည်းငယ် ပျက်ယွင်းပြောင်းလဲသွားခဲ့ရပြီး၊ ယန်ယွမ် နှင့် ရွှီထင် တို့ကလည်း မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ ကော်ယန်ရှောက် ဘက်သို့ လှမ်းကြည့်လိုက်ကြမိရာ ရင်ထဲ၌ တဖြည်းဖြည်းနဲ့ သဘောပေါက်နားလည်မိသွားခဲ့ကြပြီ ဖြစ်သည်။

“ဒီကိစ္စကို ခွင့်ပြုလိုက်မယ် ”

အကြီးအကဲက ပြန်လည်တုံ့ပြန်လိုက်သည်။

ဖန့်ချန် က ထိုစကားကို ကြားလိုက်ရတဲ့အခါ၊ ရင်ထဲ၌ တဖြည်းဖြည်းနဲ့ သက်ပြင်းချလိုက်မိတော့သည်။

အစစ်အမှန် ရည်ရွယ်ချက်က အောင်မြင်သွားခဲ့ပြီ ဖြစ်ပြီး၊ ထိုက်ဟောက်ယွီ ကလည်း ချက်ချင်းဆိုသလို ရုပ်ကောနာမ်ပါ လုံးဝ ပျက်စီးသွားတော့မှာ ဖြစ်ရာ၊ ကျန်ရှိတဲ့ အရာအားလုံးက ဘာမှအရေးမကြီးတော့ပေ။

ဒီနေရာကို မလာခင်ကတည်းက၊ သူက ဤအဖြစ်အပျက်ကြီးကို အသုံးချပြီး ကော်ယန်လီ ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာကို ကြိုတင်သိရှိထားခဲ့ပြီးသား ဖြစ်သည်။

နောက်ပိုင်း ကိစ္စရပ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကလည်း၊ သူ ခန့်မှန်းထားခဲ့သလိုမျိုးပင် ဖြစ်လာခဲ့သည်။

ကော်ယန်ရှောက် က ဤအဖြစ်အပျက်ကို အသုံးချပြီး ကော်ယန်လီ အား ဖိနှိပ်လိုက်ရုံသာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး၊ လမ်းဆုံးအထိ တွန်းပို့ပြီး အသက်ကို ရန်ရှာခဲ့ခြင်း မဟုတ်သလို၊ လမ်းဆုံးအထိ တွန်းပို့ဖို့လည်း ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပေ။

ဖန့်ကျစ်ရွှယ် က အကြီးအကဲရဲ့ ပြန်လည်တုံ့ပြန်မှုကို ကြားလိုက်ရပြီးနောက်တွင်တော့၊ ဘာတစ်ခုမှ တုံ့ဆိုင်းမနေဘဲ ကိုယ်ခန္ဓာကို လှုပ်ရှားလျက် ဖန့်ချန် ၏ ဘေးနားသို့ ပျံသန်းရောက်ရှိလာခဲ့သည်။

ဖန့်ချန် က သူမအား လှမ်းပြုံးပြလိုက်ရာ၊ ဖန့်ကျစ်ရွှယ် ၏ အေးစက်လှသော မျက်နှာထက်၌လည်း ချက်ချင်းဆိုသလို တောက်ပလှသော အပြုံးအရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ရတော့သည်။

ကော်ယန်လီ ကတော့ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော်လည်း၊ ဘာစကားမှ ဝင်မပြောဘဲ တိတ်ဆိတ်ငြိမ်သက်ခြင်းကိုသာ ဆက်လက်ထိန်းသိမ်းထားခဲ့သည်။

ရှီးမျိုးနွယ်စုကျောင်းဆောင်က သူတော်စင်တွေကတော့ တစ်ဦးကိုတစ်ဦး အပြန်အလှန် ကြည့်ရှုလိုက်ကြမိပြီး၊ ဘယ်သူမှ ရှေ့ကနေ ထွက်ရပ်ပြီး ကန့်ကွက်ခြင်း မပြုခဲ့ကြပေ။

ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စက ဘာပဲဖြစ်ဖြစ် မိမိတို့ ရှီးမျိုးနွယ်စုဘက်က အရင်ဦးစွာ မတရားလုပ်ခဲ့တာ ဖြစ်လို့ပဲ။

ရှီးမျိုးနွယ်စု သူတော်စင်အချို့ကတော့ ရင်ထဲ၌ ကော်ယန်လီ အား ဒေါသတကြီး ကျိန်ဆဲလိုက်ကြမိသည်။

တကယ်လို့ ဤအရာတွေက ဖြစ်ပျက်မလာခဲ့ဘူးဆိုရင်၊ နောက်ပိုင်းမှာ ဖန့်ကျစ်ရွှယ် သည် အထွတ်ထိပ်တာအိုအဆင့်ကို တက်လှမ်းသွားခဲ့ရင် ရှီးမျိုးနွယ်စုအတွက် ရှီးမျိုးနွယ်စုနဲ့ ဆက်ဆံရေး အလွန်အမင်း ကောင်းမွန်လှတဲ့ အထွတ်ထိပ်တာအို မိတ်ဆွေတစ်ယောက် ပိုမိုတိုးပွားလာမှာ ဖြစ်သည်။

သို့သော် အခုတော့၊ တစ်ဖက်လူက နောက်ပိုင်းမှာ အထွတ်ထိပ်တာအိုအဆင့်ကို တက်လှမ်းသွားခဲ့ရင်တောင်မှ ရှီးမျိုးနွယ်စုအပေါ် သေချာပေါက် အနည်းငယ် အကန့်အသတ် ရှိနေမှာ ဖြစ်ပြီး၊ ရန်သူအဖြစ် သတ်မှတ်ခြင်း မပြုရင်တောင်မှ မိတ်ဆွေအဖြစ်တော့ ဘယ်လိုနည်းနဲ့မှ ဖြစ်လာနိုင်တော့မှာ မဟုတ်ပေ။

“ကော်အစ်ကိုကြီး…… အကြီးအကဲတို့ဗျာ၊ ဒီကိစ္စကို ကျုပ်တို့တွေ အစကနေ ပြန်ပြီးတော့ သေသေချာချာ တိုင်ပင်ဆွေးနွေးကြရင် မကောင်းဘူးလား။

ဖန့်ကျစ်ရွှယ် က အစကတည်းက ကော်ယန်လီ ကိုယ်တိုင် သွားရောက်ကြိုဆိုခဲ့တာ ဖြစ်လို့ပဲ ရှီးမျိုးနွယ်စုကျောင်းဆောင်ဆီကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အခု ကော်ယန်လီ က တာဝန်ပျက်ကွက်မှုကြောင့် အပြစ်ပေးခြင်း ခံရတော့မှာဆိုမှတော့၊ ကျုပ်တို့တွေ သူမအတွက် ဆရာတစ်ယောက် အသစ်ပြန်ပြီးတော့ ရှာဖွေပေးလိုက်ရင် ရတာပဲ”

ဇုန်းချန်သောက် က ရုတ်တရက်ဆိုသလို အကြီးအကဲတွေထံသို့ လက်အုပ်ချီလျက် ပြုံး၍ ပြောဆိုလိုက်သည်။

“တကယ်လို့ အဆင်မပြေဘူးဆိုရင်လည်း၊ ကျုပ်ကိုယ်တိုင် ရှေ့ကနေ ထွက်ရပ်ပြီး သူမကို တပည့်အဖြစ် ခန့်လိုက်မယ်၊ ငါ့ရဲ့ တပည့်အဖြစ် ခံယူလိုက်ရင်တော့ အရင်တုန်းကလိုမျိုး အမှားအယွင်းတွေ ဘယ်လိုနည်းနဲ့မှ ထပ်ပြီးတော့ ဖြစ်လာမှာ မဟုတ်တော့ပါဘူး ”

ဖန့်ချန် ၏ မျက်နှာအမူအရာက အနည်းငယ် လှုပ်ခတ်သွားခဲ့ရပြီး၊ သူက ဇုန်းချန်သောက် ကဲ့သို့သော အထွတ်ထိပ်တာအိုအဆင့် တည်ရှိမှုမျိုးက လက်ရှိအချိန်အထိ ဖန့်ကျစ်ရွှယ် အား ဆက်လက်ထိန်းသိမ်းထားချင်နေဆဲ ဖြစ်ရုံတင်မက၊ သူကိုယ်တိုင် ရှေ့ကနေ ထွက်ရပ်ပြီး တပည့်အဖြစ် သိမ်းပိုက်ဖို့အထိ ပြောဆိုလာလိမ့်မည်ဟု မထင်ထားခဲ့မိပေ။

“တကယ်လို့ အထွတ်ထိပ်တာအိုအဆင့်ရဲ့ တပည့်အဖြစ် ခံယူလိုက်ရမယ်ဆိုရင်တော့၊ ညီမလေးရဲ့ အနာဂတ် ခရီးလမ်းအတွက် သေချာပေါက် အလွန်အမင်း ကောင်းမွန်တယ်၊ ဒါပေမဲ့…… ကိုယ့်မျိုးနွယ်စု မဟုတ်ရင် နှလုံးသားချင်းက အမြဲတမ်း ကွဲပြားနေမှာပဲမို့လို့၊ ဒါက ဘာပဲဖြစ်ဖြစ် ရေရှည်အတွက်တော့ နည်းလမ်းကောင်းတစ်ခု မဟုတ်ဘူး……”

ဖန့်ချန် ၏ ရင်ထဲ၌လည်း တုံ့ဆိုင်းခြင်း အရိပ်အယောင်လေးတစ်ခု ထွက်ပေါ်လာခဲ့မိသည်။

“ဇုန်းချန်သောက်…… မင်းတို့ ရှီးမျိုးနွယ်စုကျောင်းဆောင်က ကိုယ့်ရဲ့ ပြဿနာတွေကို အရင်စင်ကြယ်အောင် ရှင်းလင်းပစ်သင့်တာပေါ့။

ဖန့်ကျစ်ရွှယ် နဲ့ ပတ်သက်လို့ကတော့၊ လူသားမျိုးနွယ်စုကျောင်းဆောင်ဆီကိုပဲ အရင် ပြန်သွားခွင့်ပြုလိုက်ပါ ”

အကြီးအကဲတစ်ယောက်က တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

ကျန်ရှိတဲ့ အကြီးအကဲ ခုနစ်ယောက်ကလည်း တစ်ဦးကိုတစ်ဦး အပြန်အလှန် ကြည့်ရှုလိုက်ကြမိပြီးမှ အသီးသီး သဘောထား ထုတ်ဖော်ပြသလိုက်ကြရာ၊ အားလုံးက ဖန့်ကျစ်ရွှယ် အား လူသားမျိုးနွယ်စုကျောင်းဆောင်ဆီသို့ ပြန်သွားဖို့ကိုသာ ထောက်ခံကြပြီး ဘယ်သူမှ ဇုန်းချန်သောက် ၏ ဘက်၌ ရပ်တည်ပေးခြင်း မရှိခဲ့ကြပေ။

ဇုန်းချန်သောက် က ရင်ထဲ၌ သက်ပြင်းတစ်ချက် ချလိုက်မိပြီး၊ ပြုံးလျက်သာ လက်အုပ်ချီလိုက်ရတော့သည်။

“အကြီးအကဲတို့…… ကျုပ် ဖန့်ကျစ်ရွှယ် ကို ကိုယ်တိုင် မေးမြန်းကြည့်ပြီး၊ သူမက ဘယ်ဘက်မှာ နေထိုင်ချင်သလဲဆိုတာကို ကြည့်ရရင် မကောင်းဘူးလား ”

အကြီးအကဲ ရှစ်ယောက်စလုံးက ချက်ချင်းဆိုသလို ဘာစကားမှ ဝင်မပြောတော့ဘဲ ငြိမ်သက်သွားခဲ့ကြသည်။

ဇုန်းချန်သောက် က ဤအခြေအနေကို မြင်တွေ့လိုက်ရတဲ့အခါ၊ ပြုံးရယ်လျက် ဖန့်ကျစ်ရွှယ် ဘက်သို့ လှည့်ကြည့်လိုက်ပြီး -

“သမီးငယ်လေး…… မင်း ရှီးမျိုးနွယ်စုမှာ ဆက်လက်နေထိုင်ပြီး၊ ငါ့ကို ဆရာအဖြစ် ဆည်းကပ်ဖို့ ဆန္ဒ ရှိရဲ့လား ”

“ဆန္ဒမရှိပါဘူး ”

ဖန့်ကျစ်ရွှယ် က ပြောဆိုလိုက်သည်။

“……”

ဇုန်းချန်သောက် က ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင် သရော်သလိုမျိုး ပြုံးလိုက်ပြီး၊ လက်ကို ဝှေ့ယမ်းလျက် ဘာစကားမှ ထပ်မံမပြောဆိုတော့ပေ။

ရှီးမျိုးနွယ်စု သူတော်စင်တွေက တစ်ဦးကိုတစ်ဦး အပြန်အလှန် ကြည့်ရှုလိုက်ကြမိရင်း၊ တစ်ဖက်လူက အထွတ်ထိပ်တာအိုအဆင့် ရှိတဲ့ တည်ရှိမှုကြီးရဲ့ တပည့်အဖြစ် တောင်းဆိုချက်ကို တိုက်ရိုက် ငြင်းပယ်လိုက်တာ ဟုတ်လား။

၎င်းတို့အားလုံးက ရင်ထဲ၌ အရသာမျိုးစုံ ပြည့်နှက်သွားခဲ့ရပြီး၊ မနာလိုဖြစ်ခြင်း၊ လေးစားမိခြင်းများနှင့်အတူ ဤတစ်ကြိမ်တွင် ရှီးမျိုးနွယ်စုကျောင်းဆောင်၏ လုပ်ရပ်ကြောင့် ဤဖန့်ညီမလေးကို လုံးဝ ဥဿုံ စိတ်ပျက်အားလျော့သွားစေခဲ့ပြီ ဖြစ်ကြောင်း ပိုမိုပြီးတော့ သိရှိသွားခဲ့ရပြီ ဖြစ်သည်။

အဲလိုမှမဟုတ်ရင်၊ တစ်ဖက်လူက ဘယ်လိုနည်းနဲ့မှ ဤမျှအထိ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချနိုင်မှာ မဟုတ်ပေ။

“ဟားဟားဟား……မိန်းကလေးက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့တင် ဒီအထိ ကိုယ်ပိုင်အမြင် ရှိပြီး၊ လုပ်ရပ်တွေက ပြတ်သားတယ်၊ အထွတ်ထိပ်တာအိုအဆင့် ရှိတဲ့ အတွင်းကမ္ဘာနယ်မြေလည်း ရှိနေသေးတာဆိုတော့ အနာဂတ်မှာ သေချာပေါက် သာမန်လူမျိုး ဖြစ်လာမှာ မဟုတ်ဘူး ”

ကော်ယန်ရှောက် က ရယ်မောလျက် ချီးကျူးစကား ပြောဆိုလိုက်သည်။

ဖန့်ကျစ်ရွှယ် ကလည်း ဘယ်လိုပြန်လည်တုံ့ပြန်ရမှန်း မသိရှိတာကြောင့်၊ ကော်ယန်ရှောက် အား ယဉ်ကျေးစွာဖြင့် လှမ်းပြုံးပြလိုက်ပြီးမှ ခေါင်းငုံ့လျက် ဖန့်ချန် ၏ နောက်ကျောဘက်၌ မတ်တတ်ရပ်ကာ ဘာစကားမှ ဝင်မပြောတော့ပေ။

ထိုအချိန်တွင် ထိုက်ဟောက်ယွီ ၏ အတွင်းကမ္ဘာနယ်မြေတစ်ခုလုံးက လုံးဝ ဥဿုံ ပြိုလဲပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။

သူ့ရဲ့ တစ်ကိုယ်လုံးက ပုပ်ပွနေတဲ့ အသားစိုင်ကြီးတစ်ခုလိုမျိုး ဖြစ်နေခဲ့ရုံတင်မက၊ ဆီအိုးပူကြီးထဲသို့ ပစ်ထည့်ပြီး အကြော်ခံလိုက်ရသလိုမျိုးပင်။

မြင်တွေ့ရတာက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှပြီး၊ ထွက်ပေါ်လာတဲ့ အနံ့အသက်ကလည်း အလွန်အမင်း ထူးဆန်းနေခဲ့သည်။

ထိုက်ဟောက်ယွီ က ကိုယ်ခန္ဓာကို ဖြည်းညင်းစွာ လှည့်လိုက်ပြီး ကော်ယန်လီ ဘက်သို့ ကြည့်ရှုလိုက်မိရာ၊ ပုံပျက်ပန်းပျက် ဖြစ်နေသော မျက်နှာထက်၌ ဝမ်းနည်းပူဆွေးခြင်း အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ သူက မြေပြင်ပေါ်၌ ဖြည်းညင်းစွာ ဒူးထောက်လျက် ဦးချလိုက်တော့သည်။

“ဆရာ…… ကျုပ် မှားသွားပါတယ်……”

စကားသံ ဆုံးသွားတာနဲ့တင်၊ သူက သွေးပုပ်ရည်အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့ရတော့သည်။

ဖန့်ချန် က အစကတည်းက သေသေချာချာ အကဲခတ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်ပြီး၊ ထိုက်ဟောက်ယွီ ၏ ဝိညာဉ်အလင်းတန်းကို မမြင်တွေ့လိုက်ရသလို ဝိညာဉ်ဖမ်း တမန်တွေလည်း ပေါ်ထွက်လာခြင်း မရှိတာကြောင့်၊ တစ်ဖက်လူက တကယ့်ကို ရုပ်ကောနာမ်ပါ လုံးဝ ပျက်စီးသွားခဲ့ပြီး စကြဝဠာ ဟင်းလင်းပြင်ကြီးထဲကနေ လုံးဝ ဥဿုံ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကြောင်း သက်သေပြနေခဲ့သည်။

ကော်ယန်လီ က ခပ်ဖွဖွ ပြုံးလိုက်ပြီး၊ ရုတ်တရက် ဖန့်ချန် ဘက်သို့ လှမ်းကြည့်လိုက်သည်။

“ဖန့်ချန် ကျောင်းသား…… မင်းမှာ တစ်ချက် ပြောဖို့ ကျန်နေသေးတယ်နော်၊ မင်းက ဘယ်လိုနည်းနဲ့…… ဖန့်ကျစ်ရွှယ် ရဲ့ အတွင်းကမ္ဘာနယ်မြေထဲကို ရောက်ရှိလာခဲ့တာလဲ ”

All Chapters