← Chapters

အခန်း ( ၄၆၁-၄၆၂)

Vol. 47 Ch. 461-462

အခန်း ( ၄၆၁-၄၆၂)

Vol. 47 Ch. 461-462

အခန်း (၄၆၁)

“ဒီနှစ်တွေတစ်လျှောက်လုံး သားတို့ အများကြီး ဒုက္ခခံခဲ့ရတယ်”

နင်ကျိုးမြို့အပြင်ဘက်တွင် နေဝင်ဆည်းဆာ အလင်းတန်းများသည် လမ်းမကြီးပေါ်သို့ ဖြာကျနေသည်။

ချူချိုက်ယီ သူမ သားနှင့်သမီး ပြောပြသော အတွေ့အကြုံများကို ကြားပြီးနောက် သူမ နှလုံးသားထဲတွင် ရှုပ်ထွေးသည့် ခံစားချက်များဖြင့် ပြည့်နှက်သွားသည်။ ထို့နောက် သူတို့နှစ်ဦးကို သူမ ရင်ခွင်ထဲသို့ ပြန်ဆွဲသွင်းလိုက်သည်။

“အခု အမေ ဒီကို ရောက်နေပြီဆိုတော့ သားတို့ကို နောက်ထပ် ဒုက္ခခံခိုင်းမှာ မဟုတ်တော့ဘူး”

သူမ မလာမီက ကလေးများသည် သေမျိုးလောကတွင် အခက်အခဲ အမျိုးမျိုးကို ကြုံတွေ့ရလိမ့်မည်ဟု သူမ ထင်ထားပါ၏။

ကျေးဇူးတင်စရာ တစ်ခုတည်းသောအရာမှာ ထိုစဉ်က သူမ လူရွေးမမှားခဲ့ခြင်းပင်။ ထိုကိုယ်ပိုင်အစေခံမလေးသည် သူတို့နှစ်ဦးကို အစွမ်းကုန် ပြုစုပျိုးထောင်ပေးခဲ့ကာ အနည်းဆုံးတော့ သူမ အသက်ရှင်နေစဉ် အချိန်အတွင်း သူတို့နှစ်ဦး ပူပင်သောက ကင်းကင်းဖြင့် နေထိုင်ခဲ့ရသည်။

ထို့အပြင် သူမက သူတို့နှစ်ဦးကို ထိုစဉ်က သူမ၏ ဂုဏ်ပုဒ်ဖြစ်သော လီကွေ့ဖေးကို အစွဲပြု၍ အမည်ပေးခဲ့ခြင်းဖြင့် သူတို့၏ မိခင်ကို မှတ်မိနေစေ၏။

ကံမကောင်းစွာ သူမ သားသည် လူယုတ်မာများနှင့် ပေါင်းသင်းခဲ့ပြီး ကျေးဇူးကန်းသော ဝံပုလွေတစ်ကောင်ကို မွေးမြူမိခဲ့ကာ သေလောက်သော ဘေးအန္တရာယ်ကို ရင်ဆိုင်ခဲ့ရသည်။

သူတို့နှစ်ဦး မိခင်ဖြစ်သူထံမှ ထွက်ပေါ်လာသော နွေးထွေးမှုကို ခံစားလိုက်ရပြီး ဤနှစ်တွေတစ်လျှောက်လုံး နှလုံးသားထဲရှိ နာကြည်းမှုများ ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာကာ မျက်လုံးထောင့်များမှ မျက်ရည်စီးကြောင်းများ အလိုလို စီးကျလာသည်။

ပိုင်ကျင်းနှင့် ချန်ကျင်းကျင်းတို့သည် ထိုကဲ့သို့သော စိတ်လှုပ်ရှားဖွယ် မြင်ကွင်းကို မြင်သောအခါ သူတို့ နှာခေါင်းများ ကျိန်းစပ်လာလို ခံစားလိုက်ရသည်။

အချိန်အတော်ကြာပြီးနောက် ချူချိုက်ယီ သူမ၏ ကလေးနှစ်ယောက်ကို တုံ့ဆိုင်းစွာ လွှတ်ပေးလိုက်သည်။

“သားတို့ ဗိုက်ဆာနေလောက်ပြီ။ အမေ ထမင်းချက်ကျွေးမယ်”

“ဟုတ်”

သူတို့နှစ်ဦး တပြိုင်နက် ပြန်ဖြေလိုက်ကြသည်။

လီပင်အန်း လူမိုက်များကြားတွင် နှစ်ပေါင်းများစွာ ရောနှောနေခဲ့သော်လည်း သူ့မိခင်ရှေ့တွင်တော့ ကလေး တစ်ယောက်လို ဖြစ်နေဆဲပင် ဖြစ်သည်။

ချူချိုက်ယီသည် သူမ သိုလှောင်လက်စွပ်ထဲမှ နတ်ဆိုးသားရဲ အသားအချို့ကို ထုတ်ယူလိုက်သည်။ သူမ ဝမ်တောက်ကျောင်းတော်တွင် ဟင်းမချက်သော်လည်း မီးဖိုချောင်သို့ သွား၍ မကြာခဏ ကူညီပေးလေ့ရှိရာ အိမ်ချက်ဟင်းလျာအချို့ကိုလည်း သူမ သင်ယူတတ်မြောက်ထားသည်။

နေဝင်သွားပြီးနောက် လီမိသားစု မောင်နှမနှစ်ယောက်သည် မြေပြင်ပေါ်တွင် ကျေနပ်စွာ ထိုင်နေကြသည်။

ချူချိုက်ယီ ပြောလိုက်သည်။

“ပင်အန်း၊ ရင်းရင်း သားတို့ ကိုယ့်လက်နဲ့ကိုယ် လက်စားချေချင်ကြမှတော့ အမေက အထွတ်အထိပ်ကျင့်ကြံခြင်းနည်းစနစ် တစ်ခုကို သင်ပေးမယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် အမေ သားတို့ အရိုးအဆစ်တွေကို အရင်ဆုံး စစ်ဆေးပေးပြီးမှ ဘာကို ကျင့်ကြံရမလဲဆိုတာ ဆုံးဖြတ်ပေးမယ်”

“ဟုတ်”

သူတို့နှစ်ဦး ချူချိုက်ယီကို မျှော်လင့်တကြီး ကြည့်လိုက်ကြ၏။ အင်မော်တယ် တစ်ပါး ဖြစ်လာရန်ဆိုသည်မှာ သူတို့ ငယ်ရွယ်စဉ်ကတည်းက စိတ်ကူးယဉ်ခဲ့ကြသော အရာတစ်ခုဖြစ်သည်။

သူတို့ မိသားစုတွင် ကျင့်ကြံခြင်းကို ထောက်ပံ့ပေးရန် လုံလောက်သော စုဆောင်းငွေ မရှိခဲ့သဖြင့် နောက်ဆုံးတွင် နှစ်ဦးစလုံး လက်လျှော့ရန်သာ ရွေးချယ်ခဲ့ကြရသည်။

ယခုအခါ အင်မော်တယ် လမ်းစဉ်ပေါ်သို့ လျှောက်လှမ်းရန် အခွင့်အရေး ရရှိလာပြီဖြစ်ရာ သူတို့ နှလုံးသားထဲတွင် အလွန် စိတ်လှုပ်ရှားနေကြတော့သည်။

အထူးသဖြင့် လီပင်အန်း ဖြစ်သည်။ သူက ယခုအခါ လျူကျားဟွေကို ရှာဖွေပြီး သူမအပေါ် သူ ဘယ်နေရာများ အမှားလုပ်ခဲ့မိသလဲ ဆိုတာ မေးချင်နေသည်။ သူ သူမကို အင်မော်တယ် လမ်းစဉ်ပေါ် ရောက်ရှိရန်ကူညီပေးခဲ့သော်လည်း သူမက ကျေးဇူးကို အငြိုးဖြင့် ပြန်ဆပ်ကာ သူ့ကို သတ်ရန် ကြိုးစားခဲ့သည်။

ထို့နောက် ချူချိုက်ယီသည် သူမ သိုလှောင်လက်စွပ်ထဲမှ အရိုးအဆစ်များကို စစ်ဆေးရန်အတွက် စမ်းသပ်ကျောက်တုံး တစ်ခုကို ထုတ်ယူလိုက်သည်။

၎င်းသည် ဝမ်တောက်ကျောင်းတော် တပည့်ခေါ်ယူအချိန်အတွင်း အသုံးပြုသော အရာဖြစ်သည်။

သူမ မလာခင် သားနှင့်သမီးကို ကျင့်ကြံရန် ခေါ်ဆောင်လာဖို့ တွေးထားခဲ့သဖြင့် ပြင်ပရေးရာခန်းမရှိ ဂျူနီယာမောင်လေး တစ်ယောက်ထံမှ ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်။

“စမ်းသပ်ကျောက်တုံးပေါ်မှာ သားတို့ လက်တွေကို တင်လိုက်။ ခဏကြာရင် သားတို့ အရိုးအဆစ်အဆင့်ကို စမ်းသပ်နိုင်တဲ့ အလင်းတန်းတစ်ခု ထွက်ပေါ်လာလိမ့်မယ်”

သူတို့နှစ်ဦး အကြည့်ချင်း ဖလှယ်ပြီးနောက် လီပင်အန်း က သူ့လက်ကို စမ်းသပ် ကျောက်တုံးပေါ်သို့ တင်လိုက်၏။ ခဏအကြာတွင် မှိန်ဖျဖျ ခရမ်းရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာသည်။

“အထွတ်အထိပ်အဆင့်အရိုးအဆစ်”

၎င်းကို မြင်သောအခါ ပိုင်ကျင်း ရေရွတ်လိုက်သည်။

“စီနီယာအစ်မ ချူချိုက်ယီရဲ့ သားက တကယ်ကို မျှော်လင့်ထားတဲ့အတိုင်းပဲ”

ချူချိုက်ယီ ခေါင်းညိတ်လိုက်သည်။

“လိုအပ်ချက် နည်းနည်းရှိနေသေးပေမဲ့ ကျောင်းတော်မှာ ကျင့်ကြံဖို့ အရည်အချင်း ပြည့်မီပါတယ်”

၎င်းကို ကြားသောအခါ လီပင်အန်း မှင်တက်သွားပြီး သူ့နှလုံးသားထဲတွင် မေးခွန်းများစွာ ထွက်လာသော်လည်း သူ မမေးခဲ့ပေ။

မကြာမီ လီရင်းရင်း ၏ အလှည့်သို့ ရောက်လာပြီး သူမကလည်း လက်ကို စမ်းသပ် ကျောက်တုံးပေါ်သို့ တင်လိုက်ရာ အချိန်တိုလေးအတွင်း စမ်းသပ် ကျောက်တုံးမှ ခရမ်းရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ၎င်းတွင် ရွှေရောင် အလင်းတန်း အနည်းငယ်လည်း ပါဝင်နေသည်။

“ဝိုး”

၎င်းကို မြင်သောအခါ ချန်ကျင်းကျင်း အံ့ဩသွားသည်။

“စီနီယာအစ်မ တူမလေးရင်းရင်းရဲ့ အရိုးအဆစ်တွေကလည်း ကျောင်းတော်ထဲက ပါရမီရှင် အဆင့်မှာ ရှိနေတာပဲ”

“အင်း”

ချူချိုက်ယီ ပြန်ဖြေလိုက်ပြီး သူမ အကြည့်က လီပင်အန်း အပေါ် ကျရောက်သွား၏။ သူမနှင့် သားဖြစ်သူတို့ အတူတကွ ဖြတ်သန်းသော အချိန်သည် မကြာသေးသော်လည်း သူမ သားသည် ပြိုင်ဆိုင်လိုစိတ်ရှိသူ တစ်ယောက် ဖြစ်ကြောင်း သူမ သိနိုင်ပေသည်။

သူမက ပြောလိုက်သည်။

“ပင်အန်း ကျင့်ကြံခြင်းဆိုတာ အရိုးအဆစ်တွေအပေါ်မှာပဲ မူတည်တာ မဟုတ်ဘူး။ အရေးအကြီးဆုံးက တာအို နှလုံးသားပဲ။ တာအိုကို ရှာဖွေချင်တဲ့ နှလုံးသားက လုံလောက်အောင် ခိုင်မာနေသရွေ့ အနာဂတ် အောင်မြင်မှုတွေက သေချာပေါက် နိမ့်ကျနေမှာ မဟုတ်ဘူး”

မိခင်ဖြစ်သူ သူ့ကို နှစ်သိမ့်ပေးနေကြောင်း လီပင်အန်း သိနိုင်သော်လည်း မည်သူ၏ အထင်အမြင်သေးမှုကိုမျှ မခံလိုသဖြင့် သူ ပြတ်သားသော အမူအရာဖြင့် ပြောလိုက်သည်။

“အမေ သား သေချာပေါက် ကြိုးစားပမ်းစား ကျင့်ကြံပါမယ်”

ချူချိုက်ယီ ခေါင်းညိတ်လိုက်သည်။

“ပြောပါဦး။ မင်းတို့မောင်နှမနှစ်ယောက် ဘာကို ကျင့်ကြံချင်ကြလဲ။ ဒါမှ အမေ မင်းတို့အတွက် ကျင့်ကြံခြင်း နည်းစနစ်တွေ ပေးလို့ ရမှာ”

ဤနှစ်များအတွင်း လေ့ကျင့်မှုများမှ တစ်ဆင့် သူမ ကျင့်ကြံခြင်း နည်းစနစ် အများအပြားကို ရရှိခဲ့သဖြင့် သူမ ကလေးနှစ်ယောက်ကို သင်ကြားပေးရန်အတွက် လုံလောက်သည်ထက် ပိုပေသည်။

ထို့နောက် မောင်နှမနှစ်ယောက် အတွေးနက်သွားကြ၏။ အချိန်အတော်ကြာပြီးနောက် လီပင်အန်း ပြောလိုက်သည်။

“အမေ... သားက နှစ်ဖက်သွားဓားနည်းစနစ်တွေကို ကျင့်ကြံချင်တယ်၊၊ သား လက်ထဲက ဓားနဲ့ အင်မော်တယ်လမ်းစဉ်ကို လျှောက်ချင်တယ်”

“အမေ သမီးက ဓားနည်းစနစ်တွေကို သင်ယူချင်တယ်။ ပုံပြင်စာအုပ်တွေထဲက နတ်သမီးလေးတွေလို ဓားပျံစီးပြီး ပျံသန်းချင်တယ်”

လီရင်းရင်း ပြောဆိုပြီးနောက် သူမ မျက်နှာလေးက အနည်းငယ် နီရဲသွားပြီး ကောင်မလေး တစ်ယောက်၏ ရှက်ရွံ့နေသော အမူအရာကို ပြသလာသည်။

ချူချိုက်ယီက ပြုံးလျက် ပြောလိုက်သည်

“ကောင်းပြီ၊ အမေ သားတို့ အခြေခံကို တည်ဆောက်ဖို့အတွက် သူတော်စင်အဆင့် ကျင့်ကြံခြင်း နည်းစနစ် တစ်ခုကို အရင်ဆုံး သင်ပေးမယ်”

သူတော်စင်အဆင့် ကျင့်ကြံခြင်း နည်းစနစ် ဆိုသည်မှာ ဘာကိုဆိုလိုမှန်း သူတို့နှစ်ဦး မသိကြသဖြင့် ခေါင်းသာ ညိတ်ပြလိုက်ကြသည်။

“ပြီးတော့”

ချူချိုက်ယီ ခဏတာ ရပ်တန့်လိုက်သည်။

“လီကွေ့ဖေးဆိုတာက သေမျိုးလောက၊ ကအမေ့ ဂုဏ်ပုဒ်သ။ ားတို့ အမေ့ကို မမေ့သွားစေဖို့ ရှောင်ချွေ့ က သားတို့နာမည်တွေမှာ လီဆိုတဲ့ စာလုံးကို အသုံးပြုခဲ့တာ။ အခု တို့မိသားစု ပြန်ဆုံစည်းသွားပြီဆိုတော့ အခုကစပြီး သားတို့ အမေ့မျိုးရိုးနာမည်ကို ယူရမယ်”

“အမေ့ကို နာမည် ပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်”

သူတို့နှစ်ဦးတွင် ကန့်ကွက်စရာ မရှိကြပေ။ သူတို့မွေးစားမိခင် မကွယ်လွန်မီ ဤကိစ္စကို သူတို့အား ပြောပြခဲ့ဖူးသည်။

ချူချိုက်ယီ ပြောလိုက်သည်။

“အမေ့ရဲ့ မျိုးရိုးနာမည်က အခု ချူ ဖြစ်နေပြီ။ ပင်အန်း သားက တာအိုကို စိတ်နှလုံးနှစ်ပြီး ရှာဖွေမယ်ဆိုတော့ အခုကစပြီး ချူရွှယ်တောက်လို့ ခေါ်မယ်။ ပင်အန်း ဆိုတာကတော့ သားရဲ့ နာမည်ပြောင်ဖြစ်လာလိမ့်မယ်။ ရင်းရင်း အတွက်ကတော့ မျိုးရိုးနာမည် ပြောင်းလိုက်ရုံနဲ့ လုံလောက်ပါပြီ”

သူတို့နှစ်ဦး ပြောလိုက်ကြသည်။ “ဟုတ်ကဲ့ပါ အမေ”

ချူချိုက်ယီ သူမ လက်ကို မြှောက်ကာ သူတို့နှစ်ဦးစိတ်ထဲသို့ ညွှန်ပြလိုက်၏။ မကြာမီ သူတို့ စိတ်ထဲတွင် စာတစ်ကြောင်း ပေါ်လာခဲ့သည်။

‘ဒြပ်စင်ငါးပါး ဖရိုဖရဲကျမ်း၊ ခန္ဓာသန့်စင်ခြင်း အခန်း’

ခဏအကြာတွင် သူတို့နှစ်ဦး သတိပြန်ဝင်လာပြီး ချူချိုက်ယီကို အတူတကွ ဦးညွှတ်လိုက်ကြသည်။

“ကျေးဇူးတင်ပါတယ် အမေ”

“အသက်ရှူ လေ့ကျင့်ခန်းတွေကနေ တစ်ဆင့် သားတို့ကျင့်ကြံခြင်းကို စတင်လိုက်။ စောစောက နတ်ဆိုးသားရဲ အသားတွေကို စားထားတာ ကောင်းတယ်။ အဲဒါက သားတို့စိတ်ဝိညာဉ်စွမ်းအင်တွေကို နိုးထလာစေဖို့ ကူညီပေးနိုင်တယ်”

ချူချိုက်ယီ ပြောသော စိတ်ဝိညာဉ်စွမ်းအင် နိုးထလာခြင်း ဆိုသည်မှာ ကျင့်ကြံသူတစ်ဦး သူတို့ လေ့ကျင့်မှုကို မစတင်မီ ပြုလုပ်ရမည့် အရာတစ်ခု ဖြစ်ပြီး ၎င်းသည် ကျင့်ကြံခြင်း နည်းစနစ်များ၊ ရတနာများ သို့မဟုတ် ဆေးလုံးများမှ တစ်ဆင့် ခန္ဓာကိုယ်အတွင်း ပထမဆုံး စိတ်ဝိညာဉ်စွမ်းအင် အမျှင်တန်းလေးကို ထုတ်လုပ်ပေးသည့် လုပ်ငန်းစဉ်ဖြစ်သည်။

ဤအဆင့်ကို သူမ မလိုအပ်ခဲ့ရခြင်းမှာ သူမသည် ဧကရီ ဝင်စားသူဖြစ်ပြီး မွေးကတည်းက သူမ ခန္ဓာကိုယ်ထဲတွင် စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ် ရှိနေသောကြောင့်ပင်။

“ဟုတ်ကဲ့ပါ”

မောင်နှမနှစ်ယောက် ပြန်လည်ဖြေကြားပြီးနောက်တင်ပျဉ်ခွေ ထိုင်လိုက်ကြကာ သူတို့စိတ်ထဲတွင် ဖော်ပြထားသော ကျင့်ကြံခြင်း နည်းစနစ်အတိုင်း ချက်ချင်း စတင် ကျင့်ကြံလိုက်ကြသည်။

ချူချိုက်ယီနှင့် ကျန်နှစ်ယောက်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့လည်း စတင် ကျင့်ကြံလိုက်ကြသည်။

ဆင်ခြေဖုံး ဒေသရှိ ညအချိန်သည် အေးစက်ပြီး အန္တရာယ် များသော်လည်း ချူချိုက်ယီတို့သည် ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြရာ သူတို့ဖိအား အနည်းငယ်ကိုသာ ထုတ်လွှတ်လိုက်ရုံဖြင့် သေမျိုးလောကရှိ နတ်ဆိုးများ၊ မိစ္ဆာများ၊ တစ္ဆေများနှင့် အန္တရာယ်များ အားလုံးကို ဖိနှိပ်နိုင်စွမ်း ရှိပေသည်။

ထိုနေရာတွင် အကူအညီမဲ့ဆုံးလူမှာ ဘဏ္ဍာထိန်းပင်ဖြစ်သည်။ သူ အစမှအဆုံးတိုင် စကားတစ်ခွန်းမျှ မဟတော့ပေ။ သူ့နှလုံးသားထဲတွင် နောင်တနှင့် စိတ်ပျက်အားငယ်မှုမှလွဲ၍ ဘာမှမရှိတော့ချေ။ ခန်းမသခင် သူ့ကို ရှာဖွေရန် လူများ စေလွှတ်ပေးမည်လား ဆိုတာကို သူ မသိချေ။ အကယ်၍ စေလွှတ်ပေးပါက ကျားနက်ဂိုဏ်းမှ အဖွဲ့ဝင် အချို့ လွတ်မြောက်နိုင်ပြီး သူ့ဇနီးနှင့် ကလေးများလည်း ဤဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ပါစေဟု သူ မျှော်လင့်ပါ၏။

အချိန်များသည် တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်လွန်သွားပြီး ညအမှောင်ထု ကွယ်ပျောက်သွားကာ နေမင်းက ကမ္ဘာမြေကြီးကို နောက်တစ်ကြိမ် လွှမ်းခြုံလာသည်။

ချူချိုက်ယီ မျက်လုံးများကို ပထမဆုံး ဖွင့်လိုက်သည်။ သူမ ကလေးများထံမှ ထွက်ပေါ်လာသော အရှိန်အဝါ အပြောင်းအလဲကို မြင်သောအခါ သူမ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာ၏။

အခန်း (၄၆၂)

“တစ်ညတည်းနဲ့ စိတ်ဝိညာဉ်စွမ်းအင် အောင်အောင်မြင်မြင် နိုးထလာတာပဲ။ ဂုဏ်ပြုပါတယ် စီနီယာအစ်မချူချိုက်ယီ”

ပိုင်ကျင်းနှင့် ချန်ကျင်းကျင်းတို့သည် သူတို့တူလေးများဆီမှ ထွက်ပေါ်လာသော အရှိန်အဝါ အပြောင်းအလဲကို မြင်တွေ့လိုက်ရသောအခါ ဂုဏ်ပြုလိုက်ကြသည်။

ချူချိုက်ယီ ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ဒီကလေးနှစ်ယောက်က ငါ့ကို စိတ်ပျက်မစေဘူး။ သူတို့ညစာအတွက် နတ်ဆိုးသားရဲ အသားကို သုံးခဲ့ရတာ အလဟဿ မဖြစ်တော့ဘူး”

အံ့ဩအထိတ်လန့်ဆုံး သူမှာ ဘဏ္ဍာထိန်းပင်ဖြစ်သည်။ လီမိသားစုမောင်နှမနှစ်ယောက် သာမန်လူများမှ ကျင့်ကြံသူများ အဖြစ်သို့ ပြောင်းလဲသွားသည်ကို သူ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။

အထူးသဖြင့် ချူရွှယ်တောက်ဆီမှ ထွက်ပေါ်လာသော အရှိန်ဝါက သူ့ကို ကြောက်ရွံ့ထိတ်လန့်မှုအား ခံစားရစေသည်။ ကျားနက်ဂိုဏ်းချုပ်ပင် သူ့ကို ထိုမျှ အစွမ်းထက်သော ခံစားချက်မျိုး မပေးနိုင်ခဲ့။

အင်မော်တယ်များနှင့် သာမန်လူများ ကြားတွင် ကွာခြားချက် ရှိသည်ဟူသော စကားမှာ အမှန်တရားပေ။

လူအုပ်ကြီး၏ အသံများကို ကြားသောအခါ ချူရွှယ်တောက် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူ့ခန္ဓာကိုယ် အတွင်းရှိ အခြေအနေကို အာရုံခံလိုက်မိသောအခါ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

ထို့နောက် သူ မတ်တပ်ရပ်ပြီး ချူချိုက်ယီကို ဦးညွှတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် အမေ”

“ ကျေးဇူးတင်စရာ မလိုပါဘူး “

ချူချိုက်ယီ ပြောလိုက်သည်။

“သားတို့ စိတ်ဝိညာဉ်စွမ်းအင်ကို အောင်အောင်မြင်မြင် နိုးထလာပြီး ကျင့်ကြံခြင်းအစကို တရားဝင် ခြေလှမ်းလိုက်နိုင်ရုံပဲ ရှိသေးတယ်။ သားတို့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအင်ကို တစ်ကြိမ်အပြည့်လည်ပတ်ပြီးတာနဲ့ ခန္ဓာသန့်စင်ခြင်း ပထမအဆင့်ကို ရောက်ပြီလို့ သတ်မှတ်လို့ ရပြီ။ အရင်ဆုံး ခဏ နားကြ။ အမေ မနက်စာ လုပ်ပေးမယ်”

“ဟုတ်”

ယခုအချိန်တွင် ချူရွှယ်တောက် စိတ်ထဲ၌ ကျင့်ကြံခြင်း အကြောင်းများဖြင့်သာ လုံးဝ ပြည့်နှက်နေတော့သည်။ သူ ပိုပြီး အစွမ်းထက်လာရန်နှင့် လက်စားချေရန်ကိုသာ စဉ်းစားနေ၏။

နာရီဝက်ပင်မကြာလိုက် ချူချိုက်ယီ မနက်စာကို ပြင်ဆင်ပြီးသွားသည်။ ချူရင်းရင်းသည်လည်း မျက်လုံးများကို ဖွင့်လိုက်သည်။ သူမတွင် ယခင်က ကျင့်ကြံခဲ့ဖူးသော အတွေ့အကြုံ မရှိသောကြောင့် သိုင်းပညာ နောက်ခံရှိသည့် ချူရွှယ်တောက်ထက် တိုးတက်မှုက အနည်းငယ် နှေးကွေးနေသည်။

မနက်စာ စားပြီးနောက် မောင်နှမနှစ်ယောက် ဆက်လက် ကျင့်ကြံခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် နင်ကျိုးမြို့၏ မြောက်ဘက်

မြို့ပြင် ကျားနက် ဂိုဏ်း၏ ကျားရဲခန်းမအတွင်း၌။

ခန်းမသခင်သည် ပင်မခန်းမထဲတွင် အဆက်မပြတ် ရှေ့နောက် လမ်းလျှောက်နေသည်။ ဘဏ္ဍာထိန်းသည် နှစ်ပေါင်းများစွာ သူ ယုံကြည်စိတ်ချရသော လူယုံ တစ်ယောက် ဖြစ်သည်။ ထိုလူက အပြင်ပန်းတွင် အားနည်းသော ပညာတတ်တစ်ယောက်ပုံပေါက်သော်လည်း သူ့ခွန်အားက လုံးဝ မအားနည်းပေ။

သူ ကျားနက်ဂိုဏ်းမှ အဓိကအဖွဲ့ဝင် အများအပြားကိုလည်း ခေါ်သွားသည်။ အရေးမပါသော လီပင်အန်းကို ဖမ်းဆီးရန်ဆိုသည်မှာ လွယ်ကူသော အလုပ်တစ်ခု ဖြစ်သင့်သော်လည်း သူ အဘယ်ကြောင့် ယခုထိ သတင်းပြန်မပို့သေးသည်ကို နားမလည်နိုင်ပေ။

သူ ဇဝေဇဝါ ဖြစ်နေချိန်မှာပင် အပြင်ဘက်မှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။

“ဂိုဏ်းချုပ်ရောက်လာပါပြီ”

ကျားနက်ခန်းမသခင် အလျင်အမြန် ရှေ့ထွက်ကာ လေးလေးစားစား နှုတ်ဆက်လိုက်သည်။

“ခန်းမသခင်မန် ဂိုဏ်းချုပ်ကို ကြိုဆိုပါတယ်”

“အင်း”

ကျားနက်ဂိုဏ်းချုပ် အမည်မှာ ဟူလီ ဖြစ်သည်။ သူက ကောင်းကင်ကွေ့ပတ်နည်းစနစ်ကို ကျင့်ကြံသည်။ သူ့ပုံစံသည် ရှည်လျား ထွားကြိုင်းပြီး လူတစ်ယောက် ရှေ့တွင် ရပ်နေရုံဖြင့် ရှင်းပြ၍မရသော ဖိအားတစ်ခုကို ခံစားရစေနိုင်သည်။

“လီမိသားစုကောင်လေးကို ရှင်းလင်းဖို့ မင်း လူတွေ လွှတ်လိုက်တယ်လို့ ငါ ကြားထားတယ်။ အခု ရလဒ်က ဘယ်လိုလဲ။ မင်း သူ့ကို ရှင်းလင်းပြီးသွားပြီဆိုရင် ငါတို့ အဲ့ကောင်လေး ခေါင်းကို ယူပြီး လျူမိသားစုဆီ အလည်အပတ် သွားကြမယ် “

“ဂိုဏ်းချုပ်ကို တင်ပြပါတယ်။ ကျွန်တော် လွှတ်လိုက်တဲ့ လူတွေ အခုထိ သတင်း ပြန်မပို့သေးပါဘူး”

ခန်းမသခင်မန် စကားပြောပြီးသည်နှင့် အလျင်အမြန် ခေါင်းငုံ့သွားသည်။

“အဲ့ကောင်လေးကို အသက်ရှင်ခွင့် ပေးဖို့ မင်း ရည်ရွယ်ထားတာလား”

ဟူလီ အေးစက်သော အသံဖြင့် မေးလိုက်သည်။

ခန်းမသခင်မန် အလျင်အမြန် ရှင်းပြလိုက်သည်။

“ကျွန်တော် မလုပ်ရဲပါဘူး။ မနေ့က ကျွန်တော် လက်ရွေးစင်တပည့်တွေကို လွှတ်လိုက်ပါတယ်။ ဘဏ္ဍာထိန်းက သူတို့ကို ဦးဆောင်နေတာပါ။ အကျိုးကြောင်းသင့်စဉ်းစားကြည့်ရင် အဲဒီကောင်လေးကို ဖမ်းဆီးဖို့ လုံးဝ ပြဿနာ မရှိသင့်ပါဘူး”

“ဒီလိုဆိုရင်တော့ မင်းမှာ အပြစ်မရှိပါဘူး”

ဟူလီ ခဏတာ ရပ်တန့်လိုက်ပြီး ပြောသည်။

“ဒါပေမဲ့ ငါတို့ ကျားနက်ဂိုဏ်းက လူတစ်ယောက်တည်း အပေါ်မှာ လောင်းကြေး အကုန် ထပ်ထားလို့ မရဘူး။ လီမိသားစုက ကောင်လေးရဲ့ တည်နေရာကို ရှာဖွေဖို့ ကျားရဲခန်းမတစ်ခုလုံးကို လှုပ်ရှားခိုင်းလိုက်။ ဂိုဏ်းချုပ် ဖြစ်တဲ့ ငါကလည်း မင်းကို ကူညီဖို့ ကျားစွယ်အစောင့်တပ်ကို လွှတ်ပေးမယ်။ ငါတို့ လီမိသားစုက ကောင်လေးကို တခြား အင်အားစုတွေရဲ့ လက်ထဲ လုံးဝ အကျခံလို့ မဖြစ်ဘူး။ မဟုတ်ရင် ငါတို့ ကျားနက်ဂိုဏ်းက မြို့ပြင်မှာ ခြေကုပ်ယူနိုင်တော့မှာ မဟုတ်ဘူး”

“ဟုတ်ကဲ့ပါ”

ခန်းမသခင်မန် ပြန်ဖြေပြီးနောက် သူ လူစုဝေးရန် ခရာမှုတ်ခိုင်းလိုက်သည်။

အချိန်တိုလေးအတွင်းမှာပင် ကျားရဲခန်းမမှ တပည့် တစ်ရာကျော် အတူတကွ ထွက်ခွာသွားကြသည်။

ထိုသို့သော မြင်ကွင်းမျိုးက မြောက်ဘက် မြို့ပြင်ကို အထိတ်တလန့် ဖြစ်သွားစေပြီး တစ်ချိန်တည်းမှာပင် လီပင်အန်း သေဆုံးမသွားသေးဘူး ဆိုသည့် အချက် တစ်ခုကို လူတိုင်း သိရှိသွားကြသည်။

တစ်ခဏအတွင်းမှာပင် မြို့ပြင်မှ အင်အားစုကြီးငယ်တို့ စတင် လှုပ်ရှားလာကြသည်။

သတင်းက မြို့တွင်းသို့ အလျင်အမြန် ပျံ့နှံ့သွားသည်။ လျူမိသားစုထံမှ မျက်နှာသာ ရလိုသော မြို့ပြင်မှ အင်အားစုများနှင့် မတူဘဲ ဤအင်အားစုများကတော့ ခြားနားသည်။

မြို့တွင်းရှိ မိသားစုများနှင့် အင်အားစု အားလုံးလိုလို အင်မော်တယ် ကံကြမ္မာများ ရှိကြသည်။ သူတို့အားလုံး အပြောင်းအလဲများကို တိတ်တဆိတ် စောင့်ကြည့်ရန် ရွေးချယ်လိုက်ကြသည်။

လျူမိသားစု နေအိမ်အတွင်း၌။

လျူဖူ သူ့မနက်ခင်း လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်ရင်း သီချင်းလေး တစ်ပုဒ်ကို နားထောင်နေကာ အလွန် သက်တောင့်သက်သာ ရှိနေသည်။

သူ သီချင်းထဲ နစ်မြောနေချိန်တွင် အိမ်တော်ထိန်းအိုကြီးက လျူဖူ ဘေးသို့ လျှောက်လာပြီး နားထဲတွင် စကား အနည်းငယ် တီးတိုးပြောလိုက်သည်။

နားထောင်ပြီးနောက် လျူဖူ၏ အမူအရာက သိပ်မပြောင်းလဲသွားပေ။ သူ အပြုံးတစ်ဝက်ဖြင့် ပြောလိုက်သည်။

“အဲ့ကောင်လေးက ပြေးတဲ့နေရာမှာ တော်တော်လေး တော်တာပဲ။ ဒါပေမဲ့ သူ နင်ကျိုးမြို့ကနေ မလွတ်မြောက်နိုင်ပါဘူး”

နင်ကျိုးမြို့ အပြင်ဘက် လမ်းမကြီးဘေးတွင်

မနက်စာ စားပြီးနောက် ချူရွှယ်တောက်တို့ မောင်နှမနှစ်ယောက် စတင် ကျင့်ကြံကြသည်။

ချူချိုက်ယီတို့လည်း ထိုနေရာမှာပင် ကျင့်ကြံကြသည်။ သူတို့က ပုံရိပ်များကို ဖုံးကွယ်ရန် တမင်တကာ မန္တန်များ မရွတ်ဆိုထားပေ။

လမ်းမကြီးပေါ်မှ ခရီးသွားများ ပိုမို များပြားလာပြီး သူတို့က ချူချိုက်ယီတို့ကို သတိထားမိလာကြသည်။

မကြာမီ တစ်ယောက်ယောက်က ချူရွှယ်တောက်ကို မှတ်မိသွားပြီး ဤသတင်းကို မြို့ပြင်ရှိ အင်အားစု အသီးသီးသို့ ဖြန့်ဝေလိုက်ကြသည်။

ဤသတင်းကို လက်ခံရရှိသောအခါ အင်အားစု အသီးသီး၏ ပထမဆုံး တုံ့ပြန်မှုက မယုံကြည်နိုင်ခြင်းပင်။ သူတို့ လီပင်အန်း အဘယ်ကြောင့် မြို့ပြင်တွင် စောင့်နေသည်ကို နားမလည်နိုင်ကြပေ။ ထိုအရာက သေရန် စောင့်နေသည်နှင့် အတူတူပင်။

အင်အားစုများသည် သူတို့လူများကို ဦးဆောင်ကာ မြောက်ဘက်ဆီသို့ အပြေးအလွှား သွားကြသည်။

မွန်းတည့်ချိန်တွင်

အင်အားစု အသီးသီး လီပင်အန်းတို့မောင်နှမနှစ်ယောက် ထိုနေရာတွင် ထိုင်၍ ကျင့်ကြံနေသည်ကို မြင်တွေ့လိုက်ရသည်။

သို့သော် မည်သူကမျှ ရှေ့သို့ ပြေးမတက်ကြပေ။ အကြောင်းမှာ မောင်နှမနှစ်ယောက်သည် သူတို့ကိုပင် ကြောက်ရွံ့စေသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသောကြောင့်ပင် ဖြစ်သည်။

ထို့အပြင် လူအုပ်ကြီးထဲတွင် ရင်းနှီးနေသော ပုံရိပ်တစ်ခု ဖြစ်သည့် ကျားနက်ဂိုဏ်း၏ အသက်နှုတ်ဘဏ္ဍထိန်းကိုလည်း သူတို့ မြင်တွေ့လိုက်ရသည်။

အကြည့်များက ကျားနက်ဂိုဏ်းအဖွဲ့ဝင်များ အပေါ်သို့ ချက်ချင်းဆိုသလို ကျရောက်သွားကြသည်။

ခန်းမသခင်မန်၏ မျက်မှောင်များ မှုန်ကုပ်နေသည်။ လီပင်အန်း ဆိုသော ကောင်လေး ဘာလုပ်ရန် ကြိုးစားနေသလဲ ဆိုတာကို သူ သိပ်နားမလည်နိုင်ပေ။

သူ တုံ့ဆိုင်းနေချိန်မှာပင် မနီးမဝေးမှနေ၍ လှောင်ပြောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ခန်းမသခင်မန် ဘာလို့ ရပ်လိုက်တာလဲ။ မင်းရဲ့ အမည်ခံတပည့်ကို ကြောက်သွားတယ်လို့တော့ ငါ့ကို မပြောနဲ့နော်”

ခန်းမသခင်မန် လှည့်ကြည့်လိုက်ပြီး စကားပြောနေသော သက်လတ်ပိုင်း အမျိုးသားကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“အဘိုးကြီးဟယ် ဒီမှာ ရန်စနေတာတွေကို ရပ်လိုက်စမ်း။ ငါ မင်းလို အရူး တစ်ယောက် မဟုတ်ဘူး”

“ဟီးဟီး”

သက်လတ်ပိုင်း အမျိုးသား ရယ်မောလိုက်သည်။

“ဒါဆိုရင် ဒီနေ့ မင်းရဲ့ ကျားနက်ဂိုဏ်း ဘာလုပ်မလဲ ဆိုတာကို ကြည့်ရတာပေါ့။ မြစ်ကြောင်းဂိုဏ်း တပည့်တွေ နားထောင်ကြ။ ကျားနက်ဂိုဏ်းရဲ့ အတွင်းရေး ကိစ္စတွေကို လုံးဝ ဝင်မစွက်ဖက်ကြနဲ့။ ဒီနေ့ ငါတို့ ပြဇာတ်ကို ကြည့်ဖို့ လာကြတာ”

“ဟုတ်ကဲ့ပါ”

မြစ်ကြောင်းဂိုဏ်းတပည့်များ ပြန်ဖြေပြီးနောက် သူတို့ ကျားနက်ဂိုဏ်းမှ အဖွဲ့ဝင်များကို လှောင်ကြည့် ကြည့်လိုက်၏။

ဂိုဏ်းနှစ်ခုကြားတွင် အမြဲတမ်း ရန်ငြိုးများ ရှိနေသည်။ ယခု မြစ်ကြောင်းဂိုဏ်း တပည့်များ ပေါ်ပေါ်ထင်ထင် ရန်စနေမှတော့ ကျားနက်ဂိုဏ်းမှ တပည့်များ သည်းမခံနိုင်ကြပေ။

ကျားစွယ် အစောင့်တပ်ခေါင်းဆောင် ပြောလိုက်သည်။ “ခန်းမသခင်မန် မင်း သူ့ကို ဖမ်းဖို့ ဆန္ဒမရှိဘူးဆိုရင် ငါတို့ ကျားစွယ်အစောင့်တပ်က ကိုယ်တိုင် သွားမယ်။ အချိန်ကျလာရင် ကျားစွယ်အစောင့်တပ်က မင်းရဲ့ အောင်မြင်မှုကို ခိုးယူသွားတယ်လို့တော့ မပြောနဲ့နော်”

ခန်းမသခင်မန် အံတင်းတင်းကြိတ်လိုက်သည်။

“ကောင်းပြီ ငါ့ကျားရဲခန်းမတပည့်တွေကို အရင် လှုပ်ရှားခိုင်းမယ်။ အကယ်၍ သူတို့ အဲဒီကောင်လေးကို မဖမ်းနိုင်ရင်တော့ ကျားစွယ်အစောင့်တပ်ကို အကူအညီ တောင်းရမယ်”

“လက်ခံတယ်”

ကျားစွယ်အစောင့်တပ်ခေါင်းဆောင် သဘောတူသည့် အနေဖြင့် ခေါင်းညိတ်လိုက်သည်။

ခန်းမသခင်မန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

“တစ်ယောက်ယောက် လာကြစမ်း။ ဂိုဏ်းတူအဖွဲ့ဝင်ကို သတ်ထားတဲ့မကောင်းဆိုးဝါးကောင်ကို သွားဖမ်းကြစမ်း။ သူ့ကို နေရာမှာတင် ကွပ်မျက်ခဲ့။ သူ့ခေါင်းအတွက် ငွေစနှစ်ရာဆုကြေးပေးမယ်”

ကြီးမားသော ဆုကြေးက လူအများကို ဆွဲဆောင်နိုင်သည်။ ထို့အပြင် ငွေစနှစ်ရာက လီပင်အန်း ကိုယ်တိုင်ထံမှ လာခြင်းကြောင့် ခန်းမသခင်မန် ကမ်းလှမ်းချက်ကို အော်ဟစ်လိုက်သောအခါ နာကျင်မှု အနည်းငယ်မျှပင် မခံစားရပေ။

မျှော်လင့်ထားသည့်အတိုင်းပင် ဤစကားကို ကြားပြီးနောက် ကျားရဲခန်းမမှ တပည့်များ သူတို့ခါးရှိ လက်နက်များကို တစ်ယောက်ပြီးတစ်ယောက် ဆွဲထုတ်ကာ ကျင့်ကြံနေသော ချူရွှယ်တောက်ထံ ပြေးဝင်သွားကြသည်။

“ဟမ့်”

ကျားရဲခန်းမတပည့်များ လမ်းမကြီးပေါ်သို့ ပြေးဆင်းလာသည့် အခိုက်မှာပင် ချူရွှယ်တောက် အေးစက်စက် နှာမှုတ်လိုက်သည်။

၎င်းက သာမန် အေးစက်စက် နှာမှုတ်သံလေး တစ်ခုသာ ဖြစ်သည်။

ကျားရဲခန်းမမှ တပည့်များသည် ကြောက်မက်ဖွယ်ကောင်းသော ရက်စက်သည့် သားရဲကြီး တစ်ကောင်ကို မြင်လိုက်ရသလို ဖြစ်သွားကြသည်။ တစ်ယောက်ပြီးတစ်ယောက် သူတို့ခြေထောက်များ အားပျော့သွားပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားကြသည်။

ကံမကောင်းသော တချို့လူများဆိုလျှင် ကိုယ့်လက်နက်နှင့်ကိုယ် ဒဏ်ရာရသွားကြပြီး အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

ဤမြင်ကွင်းက အင်အားစု အသီးသီးမှ ခေါင်းဆောင်များကို မှင်တက်သွားစေသည်။

မြစ်ကြောင်းဂိုဏ်းမှ ခန်းမသခင်ဟယ် တီးတိုးရေရွတ်လိုက်သည်။

“ဒီကောင်လေးက ပေါ့သေးသေးမဟုတ်ဘူး။ ငါတို့ ဒီမှာ ပြဇာတ်ကို ကြည့်ဖို့ သက်သက် လာခဲ့မိတာ ကောင်းတယ်”

ဘေးမှ အပေါင်းအပါ တစ်ယောက် ၎င်းကို ကြားပြီး အော်ဟစ်လိုက်သည်။

“ခန်းမသခင်ဟယ် အမျှော်အမြင်ကြီးမားပါတယ်”

All Chapters