အခန်း (၄၆၃-၄၆၄)
Vol. 47 Ch. 463-464
အခန်း (၄၆၃)
ဂိုဏ်းအသီးသီးမှ အကြည့်များသည် ချူရွှယ်တောက်ထံ ကျရောက်လာကြပြီး သူတို့မျက်နှာအမူအရာများသည်လည်း ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေ၏။
မြစ်ကြောင်းခန်းမ၏ ခန်းမသခင် လက်ဝှေ့ယမ်းလိုက်သည်။
“ကလေးတို့၊ နောက်ဆုတ်ပြီး ပွဲကြည့်ကြစို့”
“ဟုတ်ကဲ့၊ ဆရာ”
မြစ်ကြောင်းဂိုဏ်းမှ တပည့်များ ပြန်ထူးကာ နောက်ဆုတ်သွားကြသည်။
အခြားဂိုဏ်းများကလည်း ထိုနည်းတူ လိုက်လုပ်ကြ၏။ သူတို့သည် လီမောင်နှမနှင့် ရန်ငြိုးမရှိကြဘဲ လျူမိသားစုကို မျက်နှာလိုမျက်နှာရ လုပ်ရန်သာ ဤနေရာသို့ လာခဲ့ကြခြင်း ဖြစ်သည်။
ယခုအခါ အခြေအနေများ ပြောင်းလဲသွားသဖြင့် သူတို့အစီအစဉ်များကို ရုပ်သိမ်းရန်မှတစ်ပါး အခြားမရှိတော့ပေ။
ဤလုပ်ရပ်သည် ကျားနက်ကလန်၏ ကျားစွယ်အစောင့်တပ်ဖွဲ့ကို ချက်ချင်း ဒေါသထွက်သွားစေ၏။
ကျားစွယ်တပ်မှူး သူ၏ ကျောပေါ်မှ ဓားမကြီးကို ဖြည်းညှင်းစွာ ဆွဲထုတ်ကာ အပေါ်သို့ မြှောက်လိုက်သည်။
“ကိုယ့်လူတို့၊ ငါနဲ့အတူ တက်ကြ။ အဲဒီ လိမ်လည်လှည့်ဖြားတတ်တဲ့ ကောင်စုတ်ကို ခုတ်ပိုင်းပစ်ကြစမ်း”
“သတ်… သတ်…သတ်…”
ကျားစွယ်အစောင့်တပ်ဖွဲ့ဝင်များသည် ကျားနက်ကလန်ခေါင်းဆောင်၏ ယုံကြည်စိတ်ချရသော လက်အောက်ငယ်သားများဖြစ်ပြီး ငယ်စဉ်ကတည်းက သစ္စာစောင့်အသေခံ စစ်သည်တော်များအဖြစ် မွေးမြူခြင်းခံထားရသူများပင်။
သူတို့နှလုံးသားထဲတွင် ကြောက်ရွံ့ခြင်းဟူ၍ မရှိပေ။
ကျားစွယ်တပ်မှူး၏ အမိန့်ပေးမှုအောက်တွင် ကျားစွယ်အစောင့်တပ်ဖွဲ့ဝင် ဆယ့်ရှစ်ယောက်တို့သည် အရှိန်အဟုန်ဖြင့် ပြေးဝင်တိုက်ခိုက်ကြတော့သည်။
ထိုမြင်ကွင်းကို မြင်သောအခါ ချူရွှယ်တောက်သည် သူ့ခါးမှ ဓားရှည်ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ပြီး ပြေးဝင်လာသော အစောင့်တပ်ဖွဲ့ဝင်များကို မျက်နှာမူကာ စစ်သည်တစ်ထောင် ထိုးဖျက်ခြင်း ဟူသော တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်သည်။
ချွင်
ဓားအလင်းတန်း ကျဆင်းလာသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါ လှိုင်းလုံးကြီးတစ်ခုကလည်း အတူတူ ကျရောက်လာ၏။
ပြေးဝင်လာသော အစောင့်တပ်ဖွဲ့ဝင်များသည် ချက်ချင်းပင် တစ်စစီ ပြတ်တောက်သွားကြပြီး သူတို့ခန္ဓာကိုယ်များမှာလည်း သွေးချင်းချင်းနီလျက် စုတ်ပြတ်သွားကြသည်။
သူတို့စီးနင်းလာသော မြင်းများသည်လည်း လွန်စွာ ထိတ်လန့်သွားကြသဖြင့် ပစ်လဲသွားကြ၏။
တိတ်ဆိတ်သွားသည်။
ကွင်းပြင်တစ်ခုလုံးမှာ နောက်တစ်ကြိမ် လုံးဝ တိတ်ဆိတ်ကာ အေးစက်သွားသည်။
ထိုမြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့လိုက်ရသော ဂိုဏ်းအသီးသီးမှ တပည့်များသည် ဆွံ့အလျက် ရပ်နေကြပြီး သူတို့ခန္ဓာကိုယ်များမှာ တခဏအတွင်း ချွေးစေးများဖြင့် ရွှဲနစ်သွားကြတော့၏။
“ကိုယ်တွင်းအင်္ဂါအဆင့်…”
မြစ်ကြောင်းဂိုဏ်းမှ အကြီးအကဲ ထိတ်လန့်တုန်လှုပ်စွာ လွှတ်ကနဲ ပြောလိုက်မိသည်။
ခန်းမသခင်မန် တီးတိုးရေရွတ်သည်။
“မဖြစ်နိုင်တာ မင်း တစ်ညတည်းနဲ့ ကိုယ်တွင်းအင်္ဂါအဆင့်ကို ဘယ်လိုလုပ် တက်လှမ်းနိုင်မှာလဲ”
နင်ကျိုးပြည်နယ် တစ်ခုလုံးတွင် အစိုးရ၌သာ အမိန့်ပေးကွပ်ကဲနေသော ကိုယ်တွင်းအင်္ဂါအဆင့် သိုင်းပညာရှင်တစ်ဦး ရှိသည်။
သာမန်ဂိုဏ်းများနှင့် လေလွင့်သိုင်းသမားများအတွက်မူ အရေပြားအဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိခြင်းကပင် သူတို့အကန့်အသတ် ဖြစ်နေပြီဖြစ်သည်။
သို့သော် ယခုအခါ သူတို့မျက်စိရှေ့တွင် ကိုယ်တွင်းအင်္ဂါအဆင့် သိုင်းပညာရှင်တစ်ဦး ရပ်နေလေ၏။ သူတို့နှလုံးသားထဲမှ ထိတ်လန့်မှုမှာ စာဖွဲ့၍မရနိုင်အောင်ပင်။
ချူရွှယ်တောက် တည်ငြိမ်စွာ ပြောလိုက်သည်။
“ခင်ဗျားပြောတာ မှန်တယ်။ ကျုပ် တစ်ညတည်းနဲ့ ကိုယ်တွင်းအင်္ဂါအဆင့်ကို ရောက်ဖို့ဆိုတာ တကယ်ပဲ မဖြစ်နိုင်ပါဘူး။ တကယ်တော့ ကျုပ် ကိုယ်တွင်းအင်္ဂါအဆင့်ကို တက်လှမ်းခဲ့တာ မဟုတ်ဘူး”
ဤစကားကို ကြားရသောအခါမှသာ ခန်းမသခင်မန် သက်ပြင်းချနိုင်သွားသည်။ သူက ကိုယ်တွင်းအင်္ဂါအဆင့် ကျွမ်းကျင်သူ မဟုတ်သရွေ့ မျှော်လင့်ချက် ရှိနေသေး၏။
သို့သော် နောက်တစ်စက္ကန့်တွင် ချူရွှယ်တောက် ဆက်ပြောလိုက်သော စကားများက သူ့ကို စိတ်ပျက်အားငယ်ခြင်း အနက်ဆုံးချောက်နက်ထဲသို့ တွန်းပို့လိုက်လေသည်။
“ဒါပေမဲ့ မနေ့ညက ကျုပ် အင်မော်တယ်ကျင့်ကြံသူတွေရဲ့ အဆင့်ထဲကို ဝင်ရောက်ခဲ့တယ်”
ချူရွှယ်တောက် ခန်းမသခင်မန်ကို မဲ့ပြုံး ပြုံးပြရင်း ကြည့်လိုက်သည်။
ဘုန်း
အင်မော်တယ်ကျင့်ကြံသူ ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ခန်းမသခင်မန်သည် အလွန်အမင်း ထိတ်လန့်သွားသဖြင့် မြင်းပေါ်မှ လိမ့်ကျသွားလေ၏။
သူက ငတုံးတစ်ယောက်မဟုတ်ပေ။ အကယ်၍ လီပင်အန်းတွင် ယခင်က အင်မော်တယ်များနှင့် ဆက်နွှယ်မှုရှိခဲ့လျှင် ကျားနက်ကလန်မှာ သူ့ကို လိုက်လံသတ်ဖြတ်ရန် မဝံ့ရဲပေ။
ဤသည်က အဓိပ္ပာယ်တစ်ခုကိုသာ ဖော်ဆောင်နေ၏။ ထို လူစိမ်း အမျိုးသမီးသုံးဦးမှာ မြင့်မြတ်လှသော အင်မော်တယ်နတ်ဘုရားများ ဖြစ်ကြသည်။
ကျန်ရှိနေသော ကျားနက်ကလန်အဖွဲ့ဝင်များမှာလည်း ဤသည်ကို မြင်သောအခါ သူတို့ လက်နက်များကို ချပစ်လိုက်ကြပြီး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။
ချူရွှယ်တောက်၏ အကြည့်က ခန်းမသခင်မန်ထံသို့ ကျရောက်သွား၏။
“ခင်ဗျားနဲ့ ကျုပ်က တစ်ချိန်က ဆရာနဲ့ တပည့် ဖြစ်ခဲ့ဖူးတယ်။ ခင်ဗျားကိုယ်တိုင် အဆုံးစီရင်ဖို့ အခွင့်အရေးတစ်ခု ပေးမယ်။ ဘာလုပ်ရမလဲဆိုတာ သိသင့်ပါတယ်”
“ကျေးဇူးတင်ပါတယ်”
ယခုအခါ နောက်ပြန်လှည့်ရန် လမ်းမရှိတော့ကြောင်း ခန်းမသခင်မန် သိလိုက်သည်။
အင်မော်တယ်များ၏ ရှေ့မှောက်တွင် သူကဲ့သို့ သာမန်လူတစ်ယောက် မဆိုထားနှင့် ကျားနက်ကလန်တစ်ခုလုံး ပေါင်းလိုက်လျှင်ပင် ဆန့်ကျင်ရန် အရည်အချင်းမရှိချေ။
လျူမိသားစုသည် ယခုတစ်ကြိမ်တွင် တကယ်ပဲ တွက်ချက်မှု မှားယွင်းသွား၏။
ထိုသို့တွေးရင်း သူ လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး နဖူးကို ပြင်းထန်စွာ ထုရိုက်လိုက်လေတော့၏။
ဖျောက်
အရိုးကျိုးသွားသံနှင့်အတူ ခန်းမသခင်မန်မှာ မြေပြင်ပေါ်သို့ လဲကျကာ သေဆုံးသွားတော့သည်။
ချူရွှယ်တောက်က သူ့အကြည့်ကို ဘဏ္ဍာစိုးယွီ ထံသို့ လှည့်လိုက်၏။
“ငါ မင်းကို လမ်းပြအဖြစ် ချန်ထားဖို့ စီစဉ်ခဲ့တာ၊ ဒါပေမဲ့ အခုတော့ အဲဒါ မလိုတော့ဘူးထင်တယ်။ မင်း ဘာလုပ်ရမလဲ သိမှာပါ”
“ကျေးဇူးတင်ပါတယ်၊ အင်မော်တယ်လီ”
တွန့်ဆုတ်မနေဘဲ ဘဏ္ဍာစိုးယွီသည်လည်း သူ့လက်ကို မြှောက်ကာ နဖူးကို ရိုက်လိုက်ပြီး အသက်မဲ့စွာ မြေပြင်ပေါ်သို့ လဲကျသွား၏။
ပတ်ဝန်းကျင်မှ ဂိုဏ်းခေါင်းဆောင်များသည် ဤသည်ကို မြင်သောအခါ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြပြီး တညီတညွတ်တည်း ပြောလိုက်ကြသည်။
“ကျွန်တော်မျိုးတို့ အင်မော်တယ်လီကို ဂါရဝပြုပါတယ်”
ချူရွှယ်တောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
“လီပင်အန်းက သေဆုံးသွားပြီ”
ဤစကားကြောင့် ရောက်ရှိနေသူ အားလုံး ဆွံ့အသွားကြ၏။
မြစ်ကြောင်းခန်းမသခင် သတိထားလျက် ပြောလိုက်သည်။
“အင်မော်တယ်အရှင်၊ ကျွန်တော်တို့ကို နောက်ပြောင်မနေပါနဲ့ခင်ဗျာ၊ အရှင်က ကျွန်တော်တို့ရှေ့မှာ ရပ်နေတာ မဟုတ်ဘူးလား”
အခြားဂိုဏ်းများမှ ခေါင်းဆောင်များကလည်း အလျင်အမြန် ထောက်ခံကြ၏။
“မှန်ပါတယ် အင်မော်တယ်အရှင်။ ကျွန်တော်တို့ အခုတင်ပဲ အရှင့်ရဲ့ အတုမဲ့ နတ်ဘုရားအစွမ်းကို မြင်တွေ့ခဲ့ရတာပါ”
ချူရွှယ်တောက်က ဆက်ပြောသည်။
“ငါ မင်းတို့ကို မလိမ်ဘူး။ ဒီနေ့ကစပြီး ဒီလောကမှာ လီပင်အန်းဆိုတာ မရှိတော့ဘူး၊ ငါ ချူရွှယ်တောက်ပဲ ရှိတော့တယ်။ မင်းတို့အတွက်ကတော့၊ မင်းတို့ကို ငါမသတ်သင့်တဲ့ အကြောင်းပြချက်တစ်ခု ပေးစမ်းပါ”
“နားလည်မှုလွဲတာပါ အင်မော်တယ်ချူ၊ နားလည်မှုလွဲတာပါ။ ကျွန်တော်တို့က အခြေအနေလာကြည့်တာပါ၊ အရှင့်ကို ထိခိုက်စေဖို့ ရည်ရွယ်ချက် လုံးဝမရှိပါဘူး။ ဒါ့အပြင် ကျွန်တော်တို့ မြစ်ကြောင်းဂိုဏ်းဟာ ကျားနက်ကလန်နဲ့ အမြဲတမ်း ရန်သူဖြစ်ခဲ့တာပါ။ သူတို့ကို ကူညီပြီး အရှင့်ကို ဘယ်လိုလုပ် ဆန့်ကျင်ရဲပါ့မလဲ”
မြစ်ကြောင်းခန်းမသခင်က သူ့ရပ်တည်ချက်ကို အလျင်အမြန် ထုတ်ဖော်ကာ ပြောလိုက်၏။
အခြားသူများကလည်း ချက်ချင်း ဝင်ပြောကြသည်။
“မှန်ပါတယ်။ ကျွန်တော်တို့ အရှင်နဲ့ ရန်သူတွေမဖြစ်ချင်ပါဘူး၊ ကျားနက်ကလန်ကို ဒုက္ခပေးဖို့ လာခဲ့ကြတာပါ”
“အဲလိုလား”
ချူရွှယ်တောက်သည် လူသတ်ရတာ ဝါသနာပါသူမဟုတ်သဖြင့် အကြောင်းမဲ့ သတ်ဖြတ်မည်မဟုတ်ပေ။
သူက လှောင်ပြုံးပြုံးကာ ဆိုလိုက်သည်။
“စကားသက်သက်ပဲဆိုရင်တော့ မလုံလောက်ဘူး”
မြစ်ကြောင်းခန်းမသခင်၏ မျက်လုံးများ လှုပ်ရှားသွားပြီး အလျင်အမြန် ပြောလိုက်သည်။
“အင်မော်တယ်ချူ၊ ကျားနက်ကလန်နဲ့ လျူမိသားစုက အရှင့်ကို ဘာလို့ သတ်ချင်ရလဲဆိုတာ ကျွန်တော် သိပါတယ်”
“အိုး”
ချူရွှယ်တောက်၏ စိတ်ဝင်စားမှု နိုးကြွလာပြီး ဖြည်းညှင်းစွာ မေးလိုက်သည်။
“ဒါဆိုရင် ပြောပြစမ်း”
မြစ်ကြောင်းခန်းမသခင် ရှင်းပြသည်။
“လျူမိသားစုရဲ့ နတ်ဘုရားမ….မဟုတ်ဘူး၊၊ လျူမိသားစုက အမျိုးသမီးဟာ နှလုံးသားမဲ့ချိုင့်ဝှမ်းလို့ခေါ်တဲ့ အင်မော်တယ်ဂိုဏ်းတစ်ခုထဲကို ဝင်ရောက်သွားတယ်လို့ ကြားရပါတယ်။ အဲဒီဂိုဏ်းကို ဝင်ဖို့အတွက် သံယောဇဉ်ဖြတ်တောက်ခြင်းလို့ခေါ်တဲ့ ပညာရပ်တစ်ခုကို အရင်သင်ရပါတယ်၊ အရှင်က အဲဒီ အစီအစဉ်ရဲ့ ပစ်မှတ် ဖြစ်ခဲ့တာပါ”
“ဟမ့်”
ထိုအကြောင်းကို ကြားလိုက်သောအခါ ချူရွှယ်တောက်၏ ဒေါသများ တောက်လောင်လာပြန်၏။
“လျူကျားဟွေ့၊ ငါ မင်းကို စာသင်ဖို့ မြို့တော်ကို ပို့ပေးခဲ့ပြီး မင်းရဲ့ မိသားစု ဒုက္ခရောက်နေချိန်မှာ ကူညီပေးခဲ့တာ။ ဒါပေမဲ့ မင်းက ငါ့ကို မင်းရဲ့ လမ်းခင်းကျောက်တုံးလို သဘောထားခဲ့တယ်ပေါ့။ မင်း ဘယ်လို ပညာရပ်မျိုးကို ကျင့်နေလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”
သူ့နောက်ကွယ်မှ အမျိုးသမီးများမှာ ဤစကားများကို ကြားရသောအခါ သိသိသာသာ မကျေမနပ် ဖြစ်သွားကြသည်။
ချူချိုက်ယီ အေးစက်စွာ ပြောလိုက်သည်။
“နှလုံးသားမဲ့ချိုင့်ဝှမ်းက ဆက်ပြီး တည်ရှိနေဖို့ အကြောင်းပြချက် မရှိတော့ဘူး”
“စီနီယာအစ်မ၊ ကျွန်မတို့ အစ်မကို ထောက်ခံပါတယ်”
ချန်ကျင်းကျင်း နှင့် ပိုင်ကျင်းတို့ စိတ်အားထက်သန်စွာ စေတနာ့ဝန်ထမ်း လုပ်နေကြ၏။
ဤသည်ကို ကြားရသောအခါ မြစ်ကြောင်းခန်းမသခင်နှင့် အခြားသူများ မသိစိတ်မှ တုန်လှုပ်သွားကြသည်။
သူတို့က ထိုအင်မော်တယ်နတ်သမီးများနှင့် အင်မော်တယ်ချူတို့၏ ဆက်ဆံရေးကို မသိသော်လည်း လျူမိသားစုဝင် ရောက်ရှိနေသော အင်မော်တယ်ဂိုဏ်းကို ဖျက်ဆီးရန် အလွယ်တကူ ပြောဆိုနိုင်ခြင်းမှာ သူတို့သည် အမှန်တကယ်ပင် အလွန်အမင်း အစွမ်းထက်ကြောင်း သက်သေပြနေသည်။ ဤဘေးဒုက္ခမှ မည်သူကများ လွတ်မြောက်နိုင်ပါမည်နည်း။
ချူရွှယ်တောက် သူတို့ကို နောက်တစ်ကြိမ် အကဲခတ်ကြည့်လိုက်သည်။
“ဒီအချက်အလက်တစ်ခုတည်းနဲ့တော့ မင်းတို့ရဲ့ အသက်ကို ချမ်းသာပေးဖို့ မလုံလောက်သေးဘူး။ ကျားနက်ကလန်ဟာ မင်းတို့ရဲ့ ရန်သူလို့ ပြောနေကြတာဆိုတော့ မင်းတို့လည်း အန်ကျိုးစီရင်စုကနေ ကျားနက်ကလန်ကို လက်စဖျောက်ပစ်ဖို့ လိုလားကြမှာပေါ့”
“လိုလားပါတယ်”
သူတို့က တညီတညွတ်တည်း ဖြေလိုက်ကြသည်။
ချူရွှယ်တောက် ခေါင်းအသာငြိမ့်ပြလိုက်၏။
“ကောင်းပြီ။ ငါ မင်းတို့ကို တစ်ရက် အချိန်ပေးမယ်။ မနက်ဖြန် နေထွက်ချိန်မှာ ကျားနက်ကလန်ကို မြင်နေရသေးရင် မင်းတို့ထဲက ဘယ်သူမှ အသက်ရှင်ဖို့ အကြောင်းပြချက် ရှိတော့မှာမဟုတ်ဘူး”
သူ့လေသံက ပေါ့ပေါ့ပါးပါးပင် ဖြစ်သော်လည်း နားထောင်သူတိုင်း၏ နားထဲတွင်မူ နတ်ဆိုးတစ်ကောင်၏ တိုးတိုးရေရွတ်သံကဲ့သို့ပင်။
မြစ်ကြောင်းခန်းမနှင့် အခြားဂိုဏ်းများမှ ခေါင်းဆောင်များက အတူတူ ပြန်လည်ဖြေကြားလိုက်ကြသည်။
“ကျွန်တော်တို့ အင်မော်တယ်ချူကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး”
ချူရွှယ်တောက်က ဆိုလိုက်သည်။
“အင်း၊ သွားကြတော့”
“ကျေးဇူးတင်ပါတယ် အင်မော်တယ်အရှင်”
လူအုပ်ကြီးက သူ့ကို ကျေးဇူးတင်စကားဆိုကာ အလျင်အမြန် မြင်းပေါ်တက်၍ သူတို့ တပည့်များကို ခေါ်ဆောင်ပြီး ထွက်ခွာသွားကြလေတော့၏။
သူတို့စိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်ရှိတော့သည်။ ကျားနက်ကလန်မှာ ယနေ့ညတွင် လုံးဝ မလွတ်မြောက်နိုင်တော့ပေ။
လူတိုင်း ထွက်ခွာသွားသည်ကို မြင်သောအခါ ချူချိုက်ယီ ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး သူမ သားဖြစ်သူကို မေးလိုက်သည်။
“ရွှယ်တောက်၊ နောက်ထပ် ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ”
အခန်း (၄၆၄)
“အမေ၊ ကျွန်တော်ကိုယ်တိုင် လျူမိသားစုနဲ့ လျူကျားဟွေ့ကို ငရဲပြည်ဆီ ပို့ပေးပါ့မယ်”
ချူရွှယ်တောက်၏ လေသံတွင် လူသတ်ငွေ့များ ပြည့်နှက်နေ၏။ သူသည် ကျားနက်ကလန်ကို ကိုယ်တိုင်ကိုယ်ကျ လက်တုံ့မပြန်ခဲ့ပေ။ အကြောင်းမှာ သူတို့သည် ကြံရာပါသက်သက်သာ ဖြစ်သောကြောင့်ပင်။
အဓိက တရားခံများမှာ လျူမိသားစုနှင့် လျူကျားဟွေ့တို့ဖြစ်ရာ သူက လူတစ်ဦးတစ်ယောက်ကိုမျှ လွတ်မြောက်ခွင့်ပေးမည် မဟုတ်ချေ။
“ဒါဆိုရင် အရင်ဆုံး မင်းရဲ့ အားအင်တွေကို ပြန်ဖြည့်တင်းဖို့ အာရုံစိုက်လိုက်ဦး။ မင်း ပြန်သက်သာတာနဲ့ လျူမိသားစုကို သွားပြီး အမြစ်ကနေဆွဲနှုတ်ကြတာပေါ့”
ချူချိုက်ယီက မိသားစုတစ်ခုလုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ရမည့်အရေးကို ပုံမှန်ကိစ္စတစ်ခုကဲ့သို့ပင် တည်ငြိမ်စွာ ဆိုလိုက်သည်။
“ဟုတ်ကဲ့”
ချူရွှယ်တောက်သည် သူ့ဝိညာဉ်စွမ်းအင်ကို နိုးထစေခဲ့ရုံမျှသာ ရှိသေးသည်။ စောစောက ပြင်းထန်သော တိုက်ခိုက်မှုကို ထုတ်ဖော်ပြီးနောက် သူ့ခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်များ ကုန်လုနီးပါး ခန်းခြောက်သွား၏။
ထို့ကြောင့် သဘာဝအတိုင်းပင် ကျင့်ကြံခြင်းဖြင့် သူ့အင်အားကို ပြန်လည်ဖြည့်တင်းရန် လိုအပ်နေ၏။
ဂိုဏ်းအသီးသီး မြို့ပြင်သို့ ပြန်ရောက်သည်နှင့် ချူရွှယ်တောက်မှာ အင်မော်တယ်ဂိုဏ်းတစ်ခု၏ ခေါ်ဆောင်ခြင်းကို ခံလိုက်ရသည်ဟူသော သတင်း တောမီးပမာ ပျံ့နှံ့သွားတော့သည်။
ထိုသတင်းကို ကြားရသောအခါ သူတို့၏ ပထမဆုံး တုံ့ပြန်မှုသည် အမိန့်ကို နာခံပြီး ကျားနက်ကလန်ကို ဖျက်ဆီးပစ်ရန် ဖြစ်၏။
လျူမိသားစုရော ချူရွှယ်တောက်ပါ စော်ကား၍မရသော သူများဖြစ်ကြသည်။
တစ်ခုတည်းသော ရွေးချယ်မှုမှာ လျင်လျင်မြန်မြန် လှုပ်ရှားခြင်းဖြင့် နှစ်ဖက်စလုံးကို မျက်နှာသာရအောင် လုပ်ဆောင်ရန်သာ။
ထို့ပြင် ကျားနက်ကလန်ကို အမြစ်ပြတ်ချေမှုန်းခြင်းမှာ သူတို့အတွက် အလွယ်တကူ လုပ်ဆောင်နိုင်သော ကိစ္စရပ်တစ်ခုလည်း ဖြစ်နေ၏။
မကြာမီ မြို့တစ်ခွင်လုံးတွင် တိုက်ပွဲခေါ်သံများ ဟိန်းထွက်သွားတော့သည်။
တစ်နာရီမပြည့်မီ အချိန်အတွင်းမှာပင် ဂိုဏ်းများသည် သူတို့ လူအင်အားကို စုစည်းကာ ကျားနက်ကလန်၏ နယ်မြေဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။ သူတို့၏ လူသတ်လိုသော အရှိန်အဝါများ ညချမ်းကို လွှမ်းမိုးသွား၏။
ဤကဲ့သို့ အလုံးအရင်းဖြင့် လှုပ်ရှားမှုသည် မြို့တွင်းရှိ အင်အားစုများကို သဘာဝအတိုင်း ထိတ်လန့်သွားစေသည်။ အကြောင်းမှာ မြို့ပြင်ဂိုဏ်းများသည် သူတို့ လက်အောက်ခံများ ဖြစ်ကြသောကြောင့်ပင်။ အမိန့်မရှိဘဲ သူတို့တွင် အတူတကွ လှုပ်ရှားခွင့် မရှိချေ။
ပြင်ပအင်အားစုအားလုံး တစ်ပြိုင်နက်တည်း လှုပ်ရှားခြင်းမျိုးမှာ မြို့စားမင်းကိုယ်တိုင်ပင် အမိန့်မပေးနိုင်သော အရာမျိုး ဖြစ်နေ၏။
မကြာမီ အချိန်အတွင်းမှာပင် ဆက်သားများသည် မြို့တွင်းရှိ ကြီးမားသော မိသားစုကြီးတိုင်းဆီသို့ သတင်းပို့စာလွှာများကို ယူဆောင်လာခဲ့ကြသည်။
သတင်းစကားတိုင်းက တစ်မျိုးတည်းပင်။ လီပင်အန်း အင်မော်တယ်ဂိုဏ်းတစ်ခုသို့ ဝင်ရောက်သွားပြီ ဖြစ်ကြောင်း လီမိသားစုသည် လျူမိသားစုကို စိန်ခေါ်ရန် ရည်ရွယ်ထားကြောင်းနှင့် ကျားနက်ကလန်ကို လီပင်အန်းက စံပြအဖြစ် သတ်မှတ်ကာ အပြစ်ပေးလိုက်ပြီ ဖြစ်ကြောင်းတို့ ဖြစ်သည်။
သတင်းပို့စာလွှာများကို ဖတ်ပြီးနောက် မျိုးရိုးမြင့်မိသားစုများ၏ အကြီးအကဲများမှာ တိုးတိုးရေရွတ်လိုက်ကြသည်။
“တကယ်ပဲ ကံကြမ္မာဆိုတာ မျက်တောင်တစ်ခတ်အတွင်း ပြောင်းလဲသွားနိုင်တာပဲ။ လီမိသားစုရဲ့ လူငယ်လေးက တစ်ညတည်းနဲ့ အင်မော်တယ်တစ်ပါးရဲ့ တပည့်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။ နင်ကျိုးမြို့ဟာ မကြာခင်မှာ ထူးခြားတဲ့ မြင်ကွင်းတစ်ခုကို တွေ့မြင်ရတော့မှာပဲ”
တစ်ချိန်တည်းမှာပင် ကျားနက်ကလန်အတွင်း၌
ဂိုဏ်းခေါင်းဆောင် မြို့ပြင်တွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို လုံးဝ မသိသေးပေ။
မဟာမိတ်ဂိုဏ်းများ အလုံးအရင်းဖြင့် ရောက်ရှိလာပြီး သူ့နယ်မြေကို ဝိုင်းရံထားလိုက်သည့် အခါမှသာ သတင်းကို ရရှိခဲ့ပြီး လုံးဝ ဆွံ့အသွားရသည်။
“ဘာတွေ ဖြစ်နေတာလဲ”
သူက ကြောင်အမ်းအမ်းဖြင့် တိုးတိုးရေရွတ်လိုက်၏။
“လျူမိသားစုရော ကျူမိသားစုပါ ဘာသတင်းမှ ပို့မလာဘူး။ သူတို့ ဘာတွေ ကြံစည်နေကြတာလဲ”
သူ နောက်ထပ် တုံ့ပြန်မှု မလုပ်နိုင်သေးမီမှာပင် ပြင်ပဂိုဏ်းများမှ အထူးချွန်ဆုံး သိုင်းသမားများ ကျားနက်ကလန်၏ ဌာနချုပ်အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာခဲ့ကြပြီ ဖြစ်သည်။
“ဟေးဟု၊ အပြင်ထွက်ပြီး အသေခံစမ်း”
မြစ်ကြောင်းဂိုဏ်း ခေါင်းဆောင် ထျဲ့ကျန်းက အော်ဟစ်လိုက်ရာ သူ့အသံမှာ ဝင်းတစ်ခုလုံးတွင် ဟိန်းထွက်သွားသည်။
ဇဝေဇဝါဖြစ်ပြီး ထိတ်လန့်နေသော်လည်း ကျားနက်ကလန် ခေါင်းဆောင်သည် နောက်မဆုတ်ခဲ့ပေ။ အကယ်၍ ဤသည်က သူ၏ ဘေးဒုက္ခအစစ်အမှန် ဖြစ်နေပါက ထွက်ပြေးရန်မှာ အချိန်နှောင်းသွားခဲ့လေပြီ။
သူသည် ကျားခေါင်းတပ်ထားသော ဓားမကြီးကို ကိုင်စွဲကာ ပြင်းထန်သော အရှိန်အဝါဖြင့် တံခါးအပြင်သို့ လှမ်းထွက်လာသည်။
မြို့ပြင်ဂိုဏ်းများမှ စုဝေးရောက်ရှိနေသော ခေါင်းဆောင်များကို မြင်သောအခါ သူ့မျက်နှာအမူအရာက ပိုမိုခက်ထန်သွားလေ၏။
“မင်းတို့က မဖိတ်ထားရှိဘဲ ဒီကိုလာရဲတယ်ပေါ့။ ငါ့ရဲ့ ကျားနက်ကလန်မှာ နောက်ခံမရှိဘူးလို့ တကယ်ပဲ ထင်နေတာလား”
ထျဲ့ကျန်းက လှောင်ပြုံးပြုံးလိုက်သည်။
“ဟေးဟု၊ ကျူမိသားစုက မင်းကို လာကယ်လိမ့်မယ်လို့ မျှော်လင့်နေတုန်းပဲလား။ ဒီတစ်ကြိမ်မှာတော့ မင်းက အင်မော်တယ်တစ်ပါးကို စော်ကားမိသွားပြီ။ ကျူမိသားစုတောင်မှ ဝေးဝေးက ရှောင်နေလိမ့်မယ်”
“ဘာလဲ”
ဟေးဟု၏ မျက်နှာသည် မယုံကြည်နိုင်မှုများဖြင့် အေးခဲသွားသည်။
“မင်း အတည်ပြောနေတာလား”
ထျဲ့ကျန်း အေးစက်စွာ ဆက်ပြောသည်။
“မင်းနဲ့ငါ မြို့မြောက်ပိုင်းမှာ ကျင်လည်ခဲ့တာ အနှစ်နှစ်ဆယ်ကျော်ပြီ။ ဒီနေ့တော့ မင်းကို အမှန်တရားကိုသိပြီး သေခွင့်ပေးမယ်။ မင်း လိုက်သတ်ခဲ့တဲ့ တပည့်ဟောင်း လီပင်အန်းက အခု အင်မော်တယ်ချူ ဖြစ်သွားပြီ။ သူက အင်မော်တယ်ဂိုဏ်းတစ်ခုရဲ့ တပည့်ဖြစ်လာပြီး သူ့ဘေးမှာ တခြားအင်မော်တယ်သုံးပါးလည်း ရှိနေတယ်”
“အခုလေးတင်ပဲ အင်မော်တယ်ချူက အမိန့်ပေးလိုက်တယ်။ ဒီနေ့ဟာ မင်းတို့ရဲ့ ကျားနက်ကလန် သေဆုံးမဲ့နေ့ပဲ”
သူ့အသံမှာ ကျယ်လောင်ပြီး ပြတ်သားလှရာ ကျားနက်ကလန်မှ တပည့်တိုင်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
မူလက သူတို့သည် အသက်ရှူအောင့်ကာ အခြားဂိုဏ်းများမှ တပည့်များနှင့် အသေတိုက်ရန် အဆင်သင့်ဖြစ်နေပြီး အနည်းငယ်ကိုပါ အတူတူ သေတွင်းထဲ ဆွဲသွင်းရန် ကြံရွယ်ထားကြခြင်း ဖြစ်သည်။
ယခုအခါ သူတို့မှာ အင်မော်တယ် အများအပြားကို စော်ကားမိသွားကြောင်း သိလိုက်ရသဖြင့် တိုက်ခိုက်လိုစိတ်များက ချက်ချင်း ပျောက်ကွယ်သွားလေတော့၏။
“ဒါ မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်တာ။ မင်း ငါ့ကို လိမ်နေတာပဲ”
ဟေးဟုက ယုံကြည်ရန် ငြင်းဆန်နေသည်။ လီပင်အန်းက တစ်ညတည်းနှင့် အင်မော်တယ်တစ်ပါး၏ တပည့်ဖြစ်လာရန်မှာ လုံးဝ မဖြစ်နိုင်ချေ။
ထျဲ့ကျန်းက ရယ်မောလျက် ပြန်ဖြေလိုက်သည်။
“မင်း မယုံရင် ဒီမှာရှိတဲ့ ခေါင်းဆောင်တွေကို မေးကြည့်လိုက်လေ။ အင်မော်တယ်တစ်ပါးက အမိန့်မပေးထားဘူးဆိုရင် ငါတို့က မင်းတို့ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းဖို့ ဒီလောက်ကြီးမားတဲ့ လှုပ်ရှားမှုမျိုးကို လုပ်ပါ့မလား”
သူ့စကားကြောင့် ပတ်ဝန်းကျင်မှ ဂိုဏ်းခေါင်းဆောင်များက ထောက်ခံလိုက်ကြသည်။
“မှန်တယ် ဟေးဟု၊ မင်းက မျက်စိကန်းပြီး မင်းရဲ့ ကံကြမ္မာအခွင့်အရေးကို လက်လွှတ်လိုက်ရတာ။ ဒါ ငါတို့အပြစ် မဟုတ်ဘူး”
“ငါတို့ကိုယ်တိုင် အင်မော်တယ်ချူက ကျားစွယ်အစောင့်တပ်ဖွဲ့ဝင် တစ်ဒါဇင်ကျော်ကို တစ်ချက်တည်းနဲ့ ခုတ်ပိုင်းပစ်လိုက်တာ မြင်ခဲ့ရတာ၊ အဲဒီတိုက်ကွက်က ကိုယ်တွင်းအင်္ဂါအဆင့် ဆရာကြီးတစ်ယောက်နဲ့ တန်းတူပဲ”
စကားတစ်ခွန်းချင်းစီတိုင်းက ဟေးဟု၏ မျက်နှာကို ပိုမိုမှောင်မိုက်သွားစေပြီး သူ့စိတ်ပိုင်းဆိုင်ရာ အကာအကွယ်အား ပြိုလဲသွားစေ၏။
နောက်ဆုံးတွင် သူ့ဓားမှာ မြေပြင်ပေါ်သို့ ကျသွားပြီး တီးတိုးရေရွတ်လိုက်သည်။
“ရယ်စရာကောင်းလိုက်တာ၊ ရယ်စရာကောင်းလိုက်တာကွာ။ ငါတစ်သက်လုံး အင်မော်တယ်ကံကြမ္မာကို ရှာဖွေခဲ့ပေမဲ့ ငါ့နှာခေါင်းနားမှာတင် ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒီနေ့တော့ ငါ ဟေးဟုက မြင်းမှားကို ပုံအောမိသွားပြီ။ ကျေးဇူးပြုပြီး ငါ့ကို သိက္ခာရှိရှိ သေခွင့်ပေးပါ၊ ငါ့ရဲ့ နောက်ဆုံးစာတစ်စောင်ကို ရေးခွင့်ပြုပါ”
ဤအခြေအနေတွင် အင်မော်တယ်များကို ဆန့်ကျင်တိုက်ခိုက်ခြင်းမှာ အချည်းနှီးသာဖြစ်ကြောင်း သူ နားလည်သွား၏။
ကျန်ရှိနေသော တစ်ခုတည်းသောအရာမှာ သူ၏လူများ တုံ့ပြန်နိုင်ရန် အချိန်ဆွဲပေးဖို့သာ။
ထျဲ့ကျန်းက ပြောလိုက်သည်။
“ငါတို့က အမိန့်အရ လုပ်ဆောင်နေတာ။ အကယ်၍ မင်းက ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ လိုလားတယ်ဆိုရင် မင်းရဲ့ မိသားစုကိုတော့ ငါတို့ လွှတ်ပေးနိုင်ပါတယ်”
“ကျေးဇူးတင်ပါတယ်”
ဟေးဟုသည် သူ၏ လက်ညှိုးကို ကိုက်ဖြတ်ကာ ပိတ်ဖြူစတစ်ခုကို ဆုတ်ဖြဲပြီး နောက်ဆုံးစာကို ရေးသားခဲ့၏။ ထို့နောက် ဓားကို ဖြည်းညှင်းစွာ ကိုင်ကာ ဓားသွားကို လည်ပင်းထက်သို့ တင်လိုက်သည်။
ပြတ်ရှသံတစ်ခုနှင့်အတူ သွေးများက သူ့လေပြွန်မှ ပန်းထွက်လာပြီး ဟေးဟု၏ ခန္ဓာကိုယ်မှာ ဖြည်းညှင်းစွာ လဲပြိုသွားတော့သည်။
ကျားနက်ကလန် အဖွဲ့ဝင်များမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ကြသည်။
“ဂိုဏ်းခေါင်းဆောင်….ဂိုဏ်းခေါင်းဆောင်”
ထျဲ့ကျန်း ဆက်ပြောသည်။
“နားထောင်စမ်း၊ ကျားနက်ကလန်သားတွေ။ မင်းတို့မှာ အခု ရွေးချယ်စရာ နှစ်ခုရှိတယ်။ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်မယ်ဆိုရင် မင်းတို့ မိသားစုတွေဟာ အခွင့်အရေး ရှိနိုင်သေးတယ် ဆန့်ကျင်မယ်ဆိုရင်တော့ ငါတို့က အားလုံးကို အမြစ်ပြတ် သုတ်သင်ရလိမ့်မယ်”
ဤသည်ကို ကြားရသောအခါ ကျားနက်ကလန် အဖွဲ့ဝင်များ၏ မျက်နှာများတွင် စိတ်ပျက်အားငယ်မှုများ ထင်ဟပ်သွားသည်။
ကျားနက်ကလန်၏ အကြီးအကဲအိုကြီးက ပြောလိုက်သည်။
“မင်းတို့ ကတိအတိုင်း လုပ်ပေးဖို့ တောင်းဆိုပါတယ်”
ထျဲ့ကျန်းက ပြန်ဖြေလိုက်သည်။
“သေချာတာပေါ့။ ငါတို့လည်း အကြောင်းမဲ့ သတ်ဖြတ်ခြင်းတွေကို မလုပ်ချင်ပါဘူး၊ မင်းတို့အားလုံး သဘောတူကြရဲ့လား”
အခြားသူများက တညီတညွတ်တည်း ဖြေလိုက်ကြသည်။
“မှန်တယ်။ မင်းတို့က အင်မော်တယ်တွေကို စိတ်ဆိုးအောင် လုပ်ခဲ့တာ၊ ငါတို့ကို မဟုတ်ဘူး”
“ကျေးဇူးတင်ပါတယ်”
အကြီးအကဲအိုကြီးက ပြောလိုက်ပြီး ဟေးဟုကဲ့သို့ပင် နောက်ဆုံးစာကို စတင်ရေးသားတော့သည်။
မကြာမီ အချိန်အတွင်းမှာပင် ကျားနက်ကလန် အဖွဲ့ဝင်များမှာ တစ်ယောက်ပြီးတစ်ယောက် အဆုံးစီရင်လိုက်ကြလေ၏။
ဤသည်ကို မြင်သောအခါ ထျဲ့ကျန်းက ဆိုလိုက်သည်။
“ကိုယ့်လူတို့၊ ကျားနက်ကလန်ရဲ့ ပိုင်ဆိုင်မှုတွေကို ဘယ်လိုခွဲဝေမလဲဆိုတာ ဆွေးနွေးကြစို့”
“သဘောတူတယ်”
မြို့တွင်းရှိ လျူမိသားစုမှာ ကျားနက်ကလန်ကို အင်အားကြီးအဖွဲ့များက ဝိုင်းရံထားကြောင်း အချိန်တချို့ကြာမှ သိရှိခဲ့ရသည်။
ထို့ပြင် ထိုသတင်းကို မြို့တွင်းရှိ အဖွဲ့အစည်းများက လျူမိသားစု မည်သို့တုံ့ပြန်မည်ကို စောင့်ကြည့်ရန် ရည်ရွယ်ချက်ရှိရှိ ပေါက်ကြားအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။
“ဘာဖြစ်သွားတာလဲ”
လျူဖူမှာ သတင်းစကားကို ရရှိသောအခါ ဆွံ့အသွားသည်။ သူသည် ချက်ချင်း ထရပ်လိုက်ပြီး အမိန့်ပေးလိုက်လေ၏။
“ချက်ချင်း သွားစုံစမ်းစမ်း။ ဘာတွေ ဖြစ်ပျက်နေတာလဲ။ အဲဒီ မြို့ပြင်က အောက်တန်းစားကောင်တွေ လီပင်အန်းကို သွားမသတ်ဘဲ ကျားနက်ကလန်ကို တိုက်နေကြတယ် ဟုတ်လား။ သူတို့ လျူမိသားစုကို မကြောက်ကြဘူးလား”
“ဟုတ်ကဲ့ပါ သခင်ကြီး”
လျူဖူက လူလွှတ်၍ စုံစမ်းခိုင်းနေစဉ်မှာပင် ချူချိုက်ယီနှင့် သူမ အဖွဲ့မှာ ကောင်းကင်ယံမှ မြို့တွင်းသို့ ဆင်းသက်လာခဲ့ကြသည်။
သူတို့ ရောက်ရှိလာခြင်းက မြို့တွင်းရှိ မိသားစုကြီးများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားလေတော့၏။