← Chapters

အခန်း (၄၆၅-၄၆၆)

Vol. 47 Ch. 465-466

အခန်း (၄၆၅-၄၆၆)

Vol. 47 Ch. 465-466

အခန်း (၄၆၅)

“မြို့စားမင်းကြီး၊ မြို့စားမင်းကြီး လီမိသားစု..မဟုတ်ဘူး။ ချူမောင်နှမတွေနဲ့ အင်မော်တယ်လေးပါး ကောင်းကင်ကနေ ဆင်းသက်လာပြီး မြို့ထဲကို ရောက်နေပါပြီ”

“ဘာ”

နင်ကျိုးမြို့စားမှာ ဤစကားကို ကြားသည်နှင့် ချက်ချင်း ထရပ်လိုက်ပြီး တီးတိုးရေရွတ်မိလိုကိသည်။

“ကောင်းကင်ကနေ ဆင်းသက်လာတယ်ဆိုတော့ အဲဒီအင်မော်တယ်လေးပါးက အနည်းဆုံးတော့ တာအိုတည်ဆောက်ခြင်းအဆင့်ရှိတဲ့ တည်ရှိမှုမျိုးပဲ။ မြန်မြန်။ မြင်းပြင်ကြ၊၊ ငါ သွားပြီး အင်မော်တယ်တွေကို ဂါရဝပြုရမယ်”

“ဟုတ်ကဲ့”

မြို့တွင်းရှိ မျိုးရိုးမြင့် မိသားစုအသီးသီးတွင်လည်း ထိုနည်းတူ အဖြစ်အပျက်များ ဖြစ်နေကြသည်။

အိမ်တော်ခေါင်းဆောင်များနှင့် မြို့စားမင်းတို့သည် တူညီသော ရွေးချယ်မှုများကို ပြုလုပ်ခဲ့ကြ၏။

သူတို့မိသားစုထဲမှ အချို့လူများသည် အင်မော်တယ်ကံကြမ္မာကို ရရှိခဲ့ကြဖူးသော်လည်း အများစုမှာ ခန္ဓာသန့်စင်ခြင်းအဆင့်မျှသာ ရှိကြပြီး ဝိညာဉ်သားရဲများကို စီးနင်း၍သာ ပျံသန်းနိုင်ကြသည်။

ကောင်းကင်ယံတွင် ကိုယ်တိုင်ပျံသန်းနိုင်ခြင်းမှာ သူတို့မျက်စိထဲတွင်မူ လက်လှမ်းမမီနိုင်သော အစွမ်းသတ္တိတစ်ခုပင်။

ချူရွှယ်တောက်သည် လမ်းတွင်တွေ့သော လူတစ်ဦးထံမှ လျူအိမ်တော်သို့ သွားရာလမ်းကို ပေါ့ပေါ့ပါးပါး မေးမြန်းပြီးနောက် အဖွဲ့သည် ထိုနေရာသို့ အေးအေးလူလူ လှမ်းလျှောက်လာခဲ့ကြ၏။

တစ်ချိန်တည်းတွင် လျူအိမ်တော်အတွင်၌

ဘဏ္ဍာစိုးသည် အရှေ့ဘက်ခန်းမဆီသို့ ခလုတ်တိုက်လုမတတ် ပြေးဝင်လာသည်။

သူ ဝင်လာသည်နှင့် ခြေလှမ်းများ မမြဲတော့ဘဲ ဝုန်းကနဲ ဒူးထောက်လျက် လဲကျသွားတော့၏။

ဤသည်ကို မြင်သောအခါ လျူဖူ၏ မျက်နှာတွင် မကျေမနပ်ဖြစ်မှုများ ထင်ဟပ်သွားသည်။ သူ၏ လျူမိသားစုမှာ ယခုအခါ အင်မော်တယ်မိသားစု ဖြစ်နေပြီဖြစ်သည်။

လက်အောက်ငယ်သားတစ်ဦး ယခုကဲ့သို့ ပြုမူနေခြင်းမှာ သူ့ကို မျက်နှာပျက်စေ၏။ သူ ခက်ထန်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ဘဏ္ဍာစိုး၊ မင်း ငါ့ကို ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်တစ်ခု ပေးနိုင်ရင် ကောင်းမယ်၊ မဟုတ်ရင် ငါ့ရဲ့ ရက်စက်မှုကို အပြစ်မတင်နဲ့”

ဤစကားကို ကြားရမှ ဘဏ္ဍာစိုးသည် သတိပြန်ဝင်လာပြီး အော်ဟစ်လိုက်သည်။

“ခေါင်းဆောင်၊ ဒုက္ခရောက်ပါပြီ။ လီပင်အန်းဆိုတဲ့ ကောင်စုတ်က အင်မော်တယ်အချို့ကို ဦးဆောင်ပြီး ကျွန်တော်တို့ လျူမိသားစုဆီကို လာနေပါပြီ”

“ဟမ့်”

လျူဖူ နှာခေါင်းရှုံ့ကာ အေးစက်စွာ ဆိုလိုက်သည်။

“အဖေမရှိ အမေမရှိတဲ့ ကောင်စုတ်က အင်မော်တယ်ကံကြမ္မာကို ဘယ်လိုလုပ် ရနိုင်မှာလဲ။ မင်း အလိမ်ခံလိုက်ရတာပဲ ဖြစ်ရမယ်”

ဘဏ္ဍာစိုး စိတ်ပျက်အားငယ်စွာဖြင့် ပြောလိုက်သည်။

“ခေါင်းဆောင် မယုံရင် လူတွေကို ခေါ်ပြီး ကိုယ်တိုင်သွားကြည့်လိုက်ပါ။ အခုဆို လျူအိမ်တော်နဲ့ သိပ်မဝေးတော့ဘူးလို့ ထင်ပါတယ်”

“ကောင်းပြီ”

လျူဖူ မနှစ်မြို့သော အမူအရာဖြင့် ဆိုလိုက်သည်။

“ ငါ့ကို လိမ်တာဆိုရင်တော့ မင်းမှာ ဘယ်လောက်တောင် သတ္တိရှိလဲဆိုတာ ကြည့်ဖို့ သည်းခြေကို ငါကိုယ်တိုင် ထုတ်ပစ်မယ်”

ဤသည်ကို ကြားရသောအခါ ဘဏ္ဍာစိုး စိတ်ထဲမှ တွေးလိုက်မိသည်။

‘ဒီဘေးဒုက္ခကနေ အရင်လွတ်အောင် ရုန်းပါဦးဟ’

လျူဖူ သူ့ဘေးမှ အစောင့်ကို အမိန့်ပေးလိုက်သည်။

“ငါ့ရဲ့ စာကြည့်ခန်းထဲကို သွားပြီး အဲ့ဒီအရာကို ယူလာခဲ့။ ကျန်တဲ့သူတွေ ငါနဲ့ လိုက်ခဲ့”

“ဟုတ်ကဲ့”

လူတိုင်း ပြန်ဖြေပြီးနောက် သူတို့အလုပ်များကို လုပ်ဆောင်ရန် ထွက်သွားကြလေတော့သည်။

“လျူအိမ်တော်”

ချူရွှယ်တောက်သည် သူ့ရှေ့မှ အသစ်စက်စက် အိမ်တော်ကြီးကို ကြည့်ကာ နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးညွှတ်လိုက်ပြီး မျက်လုံးများထဲတွင်မူ လူသတ်လိုသော အရိပ်အယောင်များ ပြည့်နှက်သွား၏။

သူ့ဘေးမှ ချူရင်းရင်း၏ မျက်နှာတွင်လည်း ဒေါသများ ထင်ဟပ်နေသည်။ အကယ်၍ သူမ အစ်ကိုကြီးက တားမထားပါက လျူအိမ်တော်၏ တံခါးမကြီးကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်ခွဲပစ်ပြီး ထိုကျေးဇူးကန်းသည့် လူအုပ်ကြီးကို ဆွဲထုတ်ပစ်ချင်နေပြီ ဖြစ်သည်။

ကျွီ… ကျွီ…

လျူအိမ်တော်၏ တံခါးမကြီးသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

အဘိုးကြီးလျူ သိုင်းသမားတစ်စုကို ဦးဆောင်ကာ ခြိမ်းခြောက်လိုသော အရှိန်အဝါဖြင့် လမ်းလျှောက်ထွက်လာသည်ကို သူတို့ မြင်လိုက်ရ၏။

ချူရွှယ်တောက်ကို မြင်သည်နှင့် လျူဖူ လှမ်းပြောလိုက်သည်။

“လီပင်အန်း၊ မင်း နောင်တရပြီး ငါ့ဆီကနေ ငွေတွေ ပိုတောင်းဖို့ ပြန်လာတာတော့ မဟုတ်ပါဘူးမလား”

“ဟမ့်”

ချူရွှယ်တောက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ကျွန်တော် တကယ်ပဲ နောင်တရတယ်။ ဒါပေမဲ့ ကျွန်တော်နောင်တရတာက ခင်ဗျားတို့ငွေတွေကို နည်းနည်းပဲ ယူခဲ့မိလို့ မဟုတ်ဘူး၊ အဲဒီတုန်းက လျူမိသားစုကို ကူညီခဲ့မိလို့ပဲ။ ကူညီခဲ့မိလို့ ခင်ဗျားတို့လို ကျေးဇူးကန်းတဲ့ ဝံပုလွေတစ်အုပ်ကို မွေးမြူမိသလို ဖြစ်သွားတာ။ ဒီနေ့တော့ ကျွန်တော်ကိုယ်တိုင် လျူမိသားစုကို မြေမြှုပ် သင်္ဂြိုလ်ပေးမယ်”

ဤစကားကို ပြောလိုက်သည်နှင့် ပတ်ဝန်းကျင် လေထုမှာ ချက်ချင်း ပြောင်းလဲသွား၏။

လျူဖူ စကားပင် မပြောရသေးမီ လမ်း တစ်ဖက်တစ်ချက်စီမှ မြင်းခွာသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

နင်ကျိုးမြို့စားနှင့် အိမ်တော်ခေါင်းဆောင် အသီးသီးတို့သည် မြင်းများကို ကြာပွတ်ဖြင့် ရိုက်နှက်ကာ လျူအိမ်တော်ဆီသို့ အပြေးအလွှား ရောက်ရှိလာကြသည်ကို သူတို့ မြင်လိုက်ရ၏။

“ဟူး…”

သူတို့သည် ချူရွှယ်တောက်နှင့် အင်မော်တယ်များ လျူအိမ်တော်တံခါးဝတွင် ရပ်နေသည်ကို မြင်သောအခါ လက်ထဲမှ ဇက်ကြိုးများကို အလျင်အမြန် ဆွဲလိုက်ကြပြီး နေရာတွင် ရပ်တန့်လိုက်ကြသည်။

ဤမြင်ကွင်းကို မြင်သောအခါ လျူဖူ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ့အမြင်တွင် မြို့စားမင်းရော အိမ်‌တော် ခေါင်းဆောင်များပါ သူ့လျူမိသားစုကို ကူညီရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။

သူ လှောင်ပြုံးပြုံးကာ ဆိုလိုက်၏။

“မင်းလို အမွေးမစုံသေးတဲ့ ကောင်စုတ်က ငါ့လျူအိမ်တော်ကို ဖျက်ဆီးချင်တယ် ဟုတ်လား။ မင်း တကယ်ပဲ မိုးနဲ့မြေရဲ့ အတိုင်းအဆကို မသိတာပဲ။ ဒီနေ့ ငါ့လျူမိသားစု လက်လှုပ်စရာတောင် မလိုဘူး။ နင်ကျိုးစီရင်စုက မိတ်ဆွေတွေကပဲ မင်းကို ဖမ်းဆီးပေးလိမ့်မယ်”

ဤစကားကို ကြားလိုက်ရသောအခါ မြို့စားမင်းနှင့် အခြားသူများ၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ချက်ချင်း ပေါ်လာ၏။

ချူရွှယ်တောက် လူတိုင်းကို ဂရုမစိုက်သလို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ မေးလိုက်သည်။

“အဲလိုလား။ မင်းတို့အားလုံး လျူမိသားစုကို ကူညီဖို့ လာကြတာပေါ့”

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး”

မြို့စားမင်းက ပထမဆုံး ဝင်ပြောသည်။

“အင်မော်တယ်ချူ၊ ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့။ ကျွန်တော်တို့ ဒီနေ့ ဒီကိုလာတာက အရှင့်ကို ဂါရဝပြုဖို့ သီးသန့်လာခဲ့တာပါ”

အခြားခေါင်းဆောင်များကလည်း တစ်ယောက်ပြီးတစ်ယောက် အလျင်အမြန် ထောက်ခံကြသည်။

“မှန်ပါတယ်၊ ကျွန်တော်တို့အားလုံး အင်မော်တယ်အရှင်ရဲ့ ခန့်ညားထည်ဝါတဲ့ အရှိန်အဝါကို လာရောက်ဂါဝရပြုတာပါ”

ချူရွှယ်တောက် ဤသည်ကို ကြားရသောအခါ စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။

“ကောင်းတယ်။ မင်းတို့ လျူမိသားစုနဲ့အတူ အသေခံဖို့ လာတာမဟုတ်ဘူးဆိုရင်တော့ ဘေးမှာရပ်ပြီး ငြိမ်ငြိမ်လေး ပွဲကြည့်နေကြ။ မဟုတ်ရင် ငါ့လက်ထဲက ဓားက မျက်စိမပါဘူး၊ မင်းတို့ကို အမှတ်မထင် ဒဏ်ရာရသွားစေရင် မကောင်းဘူး”

“ဟုတ်ကဲ့”

မြို့စားမင်းက သူ့နဖူးမှ ချွေးများကို လက်ဖြင့် သုတ်ရင်း ပြောလိုက်သည်။

သူက စိတ်ထဲမှ တွေးလိုက်မိလေ၏။

‘ကံကောင်းလို့ ငါ့ရဲ့ တုံ့ပြန်မှုက မြန်ဆန်ခဲ့တာ၊ မဟုတ်ရင် ငါလည်း လျူမိသားစုရဲ့ ကြံရာပါ ဖြစ်သွားတော့မှာပဲ’

လျူဖူ လူတိုင်း၏ စကားကြောင့် ဇဝေဇဝါ ဖြစ်သွားရသည်။ သူက အေးစက်သော မျက်နှာဖြင့် မေးလိုက်၏။

“မြို့စားမင်း၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အရှင်လာလည်တုန်းက ဒီလိုစကားမျိုး မပြောခဲ့ပါဘူး။ အရှင်က ကတိဖျက်တော့မှာလား”

မြို့စားမင်းသည် လျူမိသားစု ခေါင်းဆောင် အခြေအနေမှန်ကို ယခုထက်ထိ မမြင်နိုင်သေးဘဲ သူ့ကိုပါ ရေထဲဆွဲချချင်နေလိမ့်မည်ဟု မထင်ထားပေ။ သူ အလျင်အမြန်ပင် အဆက်အသွယ် ဖြတ်လိုက်သည်။

“လျူမျိုးရိုးနဲ့လူ၊ လျှောက်မပြောနဲ့။ ငါက လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်နေတာ၊ မင်းတို့ လျူမိသားစုနဲ့ ဘာပတ်သက်မှုမှ မရှိဘူး”

“ဟမ့်”

လျူဖူ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“အဘိုးကြီး၊ မင်းကလည်း လေထဲမှာလွင့်နေတဲ့ မြက်ပင်သာသာပဲကိုး။ ငါ့လျူမိသားစုမှာ ဝှက်ဖဲ မရှိဘူးလို့ ထင်နေတာလား။ အစေခံတွေ ဓားကို ယူခဲ့စမ်း”

“ဟုတ်ကဲ့”

သူ့နောက်ကွယ်မှ သိုင်းသမားများက ပြန်ထူးလိုက်ပြီးနောက် သေတ္တာတစ်လုံးကို ထမ်းလျက် ထွက်လာကြလေ၏။

ချူရွှယ်တောက် သူတို့ကို နှောင့်ယှက်ရန် ရည်ရွယ်ချက်မရှိဘဲ ထိုပြပွဲကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ ဤအဘိုးကြီးကို တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်ခြင်းက လွယ်ကူလွန်းလှသည်။ မသေခင် စိတ်ပျက်အားငယ်မှုကို ခံစားရစေမှသာ သူ့နှလုံးသားထဲမှ နာကျည်းမှုကို ဖြေဖျောက်နိုင်ပေမည်။

ဒုန်း

သေတ္တာမှာ မြေပြင်ပေါ်သို့ ကျသွားသည်။

လျူဖူကိုယ်တိုင် သေတ္တာကို ဖွင့်လိုက်ရာ အတွင်း၌ သစ်သားဓား သုံးလက် ရှိနေ၏။ ဓားတစ်လက်စီတိုင်းမှ ရိုးတွင်းခြင်ဆီအထိ အေးစက်စေသော အရှိန်အဝါများ ထွက်ပေါ်နေသည်။

လျူဖူက သူ့ခါးမှ ဓားမြှောင်ကို ထုတ်ယူကာ လက်ညှိုးကို လှီးဖြတ်ပြီးနောက် သစ်သားဓားတစ်လက်ပေါ်သို့ သွေးတစ်စက် ချလိုက်သည်။ ထို့နောက် သူ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“တိုက်ခိုက်စမ်း”

စကားဆုံးသည်နှင့် သူ ချူရွှယ်တောက်ထံသို့ လက်ညှိုးညွှန်လိုက်၏။

ကလန်

ဓားသံ ထွက်လာသည်နှင့် သစ်သားဓားသည် လျှပ်စီးကြောင်းတစ်ခုပမာ ချူရွှယ်တောက်ထံသို့ ပျံသန်းသွားတော့သည်။

မြို့စားမင်းနှင့် အခြားသူများသည် ဤမြင်ကွင်းကို မြင်သောအခါ မသိစိတ်မှ ချူရွှယ်တောက်၏ နောက်ကွယ်မှ ကျင့်ကြံသူ သုံးဦးကို ကြည့်လိုက်၏။

ထိုဓားမှာ ချူရွှယ်တောက်၏ လည်ပင်းကို ထိခါနီးတွင် သွယ်လျပြီး ကျောက်စိမ်းကဲ့သို့ လှပသော လက်တစ်ဖက်က လေဟာနယ်ထဲမှ ရုတ်တရက် ပေါ်လာပြီး သစ်သားဓားကို လက်ညှိုးနှင့် လက်မကြားတွင် ညှပ်လိုက်သည်။

လူတိုင်း ထိုလက်‌‌ပိုင်ရှင်ကို ကြည့်လိုက်ကြ၏။ မျက်နှာဖုံးစွပ်ထားပြီး နတ်သမီးတစ်ပါးကဲ့သို့ အရှိန်အဝါရှိသော အမျိုးသမီးတစ်ဦး လျူဖူအား အေးစက်သော မျက်လုံးများဖြင့် ကြည့်နေသည်ကို မြင်လိုက်ရ၏။

ထိုအမျိုးသမီးမှာ ချူချိုက်ယီပင်။ သူမ တည်ငြိမ်စွာ ပြောလိုက်သည်။

“လှည့်ကွက်လေးတစ်ခုသာသာပါပဲ”

စကားဆုံးသည်နှင့် သူမ လက်ကောက်ဝတ်ကို လှည့်လိုက်သည်။ ဖျောက်ခနဲ အသံနှင့်အတူ သစ်သားဓားမှာ ကျိုးပြတ်သွား၏။ ထို့နောက် သူမ လက်ကို ပေါ့ပေါ့ပါးပါး ယမ်းလိုက်သည်။

ကျိုးပဲ့သွားသော ဓားသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သေတ္တာဆီသို့ ပျံသန်းသွား၏။

ဝုန်း

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သေတ္တာသည် ချက်ချင်းပင် အမှုန့်ဖြစ်သွားပြီး ကျန်ရှိနေသော သစ်သားဓား နှစ်လက်မှာလည်း ပြာအဖြစ် ပြောင်းလဲသွားတော့သည်။

တိတ်ဆိတ်သွားသည်။

လမ်းတစ်လျှောက် ချက်ချင်း တိတ်ဆိတ်သွားလေ၏။ လူတိုင်း ကျောက်ရုပ်များပမာ နေရာတွင် ဆွံ့အလျက် ရပ်နေကြသည်။

အင်မော်တယ်အရှင်က တကယ်ကို သန်မာလွန်းလှ၏။

ပွဲကြည့်နေသော လူအုပ်ကြီး မူလက နှစ်ဖက်စလုံးအကြား အစွမ်းပြသည့် တိုက်ပွဲတစ်ခု ဖြစ်ပွားပြီးနောက် ချူရွှယ်တောက်တို့အဖွဲ့ အနိုင်ရလိမ့်မည်ဟု ထင်ထားခဲ့ကြခြင်း ဖြစ်သည်။ သူတို့သည် နိုင်ပွဲက ဤမျှလောက်အထိ လွယ်ကူလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ကြချေ။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လျူဖူ၏ ခြေထောက်များ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ ဝုန်းကနဲ လဲကျသွားသည်။ သူက တိုးတိုးရေရွတ်မိလိုက်၏။

“မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်တာ။ ငါ့လျူမိသားစုရဲ့ နတ်ဘုရားရတနာက ဘယ်လိုလုပ် ပျက်စီးသွားရတာလဲ”

ဤသည်ကို ကြားရသောအခါ ချန်ကျင်းကျင်း မအောင့်နိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်၏။

“ဘာရတနာလဲ။ သွေးနဲ့ သန့်စင်ထားတဲ့ အရာတစ်ခု သက်သက်ပဲဟာ။ ဒါက သာမန်လူတွေကို ခြောက်လှန့်ဖို့ပဲ လုံလောက်တာ၊ စစ်မှန်တဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ ရှေ့မှာတော့ လုံးဝ အသုံးမဝင်ဘူး”

ချူချိုက်ယီ သူမ၏ သားနှင့် သမီးကို ပြောလိုက်သည်။

“ရွှယ်တောက်၊ ရင်းရင်း၊ ကျန်တာတွေကို မင်းတို့ပဲ လုပ်လိုက်တော့”

“ဟုတ်ကဲ့၊ အမေ”

ချူရွှယ်တောက်နှင့် ချူရင်းရင်းတို့ တညီတညွတ်တည်း ပြန်လည်ဖြေကြားလိုက်ကြသည်။

တိုတောင်းသော စကားသုံးခွန်းမျှသာ ဖြစ်သော်လည်း လူအုပ်ကြီး၏ နားထဲတွင်မူ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။

မြို့စားမင်းနှင့် အခြားသူများအားလုံး မျက်လုံးများ ပြူးသွားကြပြီး ချူမောင်နှမကို ထိတ်လန့်မှု၊ အားကျမှုများဖြင့် ကြည့်လိုက်ကြသည်။

ဤသာမန် လမ်းဘေးမှ ကလေးနှစ်ယောက်က အမှန်တကယ်တော့ အင်မော်တယ်များ၏ မျိုးဆက်များ ဖြစ်လိမ့်မည်ဟု မည်သူကမျှ မထင်ထားခဲ့ကြချေ။

သဘာဝအတိုင်းပင် ဤနေရာတွင် အံ့သြဆုံးလူမှာ လျူဖူ ဖြစ်သည်။ ထိုအချိန်တွင် သူ နောင်တရခြင်းများဖြင့် ပြည့်နှက်နေ၏။ အင်မော်တယ် သမက်လောင်းတစ်ယောက်ကို သူကိုယ်တိုင် လက်လွှတ်လိုက်ရခြင်း ဖြစ်သည်။ သူသည် သူ့ထံသို့ တစ်လှမ်းချင်း လှမ်းလာနေသော ချူရွှယ်တောက်ကို ကြည့်ကာ တိုးတိုးရေရွတ်လိုက်၏။

“ပင်အန်း၊ ပင်အန်း၊ မလုပ်ပါနဲ့။ ငါ မင်းရဲ့ ယောက္ခထီးလေ”

“ဟမ့်”

ချူရွှယ်တောက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“သူခိုးအိုကြီး၊ ဒီလောကမှာ လီပင်အန်းဆိုတာ မရှိတော့ဘူး။ ကျွန်တော့နာမည်က ချူရွှယ်တောက်ဆိုတာ မှတ်ထား၊ ခင်ဗျား မြေအောက်ကမ္ဘာကို ရောက်လို့ ယမမင်းက မေးရင် ဘယ်သူ့လက်ချက်နဲ့ သေခဲ့ရလဲဆိုတာ သိအောင်လို့”

စကားဆုံးသည်နှင့် သူက ခါးမှ ဓားရှည်ကို ပြင်းထန်စွာ ဆွဲထုတ်လိုက်ပြီး လျူဖူထံသို့ လွှဲခုတ်လိုက်တော့သည်။

ရွှပ်

ဓားအလင်းတန်း ဖြတ်သန်းသွားပြီးနောက် လျူဖူမှာ အော်ဟစ်သံပင် မပြုနိုင်ဘဲ သွေးအိုင်ထဲသို့ လဲကျသွားတော့၏။

ပတ်ဝန်းကျင်မှ လူများသည် ဤမြင်ကွင်းကို မြင်သောအခါ စိတ်ထဲမှ တွေးလိုက်ကြသည်။

‘လျူအိမ်တော်ကတော့ လက်စဖျောက်ခံရပြီ’

အခန်း (၄၆၆)

ညနေခင်းအချိန်သို့ ရောက်ရှိလာသည်နှင့် နေမင်းကြီးက အနောက်ဘက်သို့ ဝင်ရောက်သွားသည်။

လျူစံအိမ်၏ ပတ်ဝန်းကျင်တစ်ဝိုက်တွင် သွေးနံ့များဖြင့် ပြည့်နှက်နေသည်။

ဤအချိန်တွင် လျူစံအိမ်၌ အစေခံတစ်စုသာ ကျန်ရစ်တော့ပြီး သူတို့သည် ကြမ်းပြင်ကို တုန်ယင်စွာ ဆေးကြောနေကြ၏။

ချူမောင်နှမနှစ်ယောက်သည် ကျေးဇူးကန်းသော ဝံပုလွေအုပ်အပေါ် မည်သည့်သနားညှာတာမှုမျှ မပြသခဲ့ပေ။ စံအိမ်ရှိ လျူမိသားစုတိုက်ရိုက်မျိုးဆက်နှင့် ဆွေမျိုးပေါက်ဖော်အားလုံးကို တိုက်ရိုက် သတ်ဖြတ်ပစ်ခဲ့သည်။

နင်ကျိုးမြို့စားနှင့် မိသားစုကြီးများမှ လူများသည် ဘေးမှနေ၍ တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။ တာအိုတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဆိုသည်မှာ ဤအရေးမပါသော လူများ ဝင်ရောက်စွက်ဖက်နိုင်သည့် စွမ်းရည်ထက် ကျော်လွန်နေပြီ ဖြစ်သည်။

လျူမိသားစုဝင်အားလုံး ခေါင်းဖြတ်ခံလိုက်ရကြောင်း အတည်ပြုပြီးနောက် ချူမောင်နှမနှစ်ယောက်သည် စံအိမ်မှ ဖြည်းညှင်းစွာ ထွက်လာခဲ့ကြသည်။

ထို့နောက် သူတို့ ချူချိုက်ယီကို ဦးညွှတ်လိုက်ကြသည်။ “အမေ”

ချူချိုက်ယီ ခေါင်းအသာညိတ်လိုက်ပြီး မေးလိုက်သည်။ “ပြီးသွားပြီလား”

ချူရွှယ်တောက်က ပြန်ဖြေသည်။

“လျူကျားဟွေကလွဲပြီး လျူမိသားစုဝင် အားလုံးကို ရှင်းလင်းပြီးသွားပါပြီ”

“ဒါဆိုရင် နောက်တစ်ဆင့်က လျူကျားဟွေကိုပါ ရှင်းလင်းဖို့ပဲ”

ချူချိုက်ယီ အရေးမစိုက်စွာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

လူအုပ်ကြီးထဲမှ စောင့်ကြည့်နေသူများသည် ၎င်းကို ကြားသောအခါ သူတို့နှလုံးသားထဲတွင် ထိတ်လန့်သွားကြပြီး ရှေ့ရှိ အမျိုးသမီးကို ကြည့်ရန် သူတို့ခေါင်းများကို သတိထားကာ မော့ကြည့်လိုက်ကြသည်။

သူတို့ရှေ့ရှိ လူကို မစော်ကားမိခဲ့သည့်အတွက် သူတို့ နှလုံးသားထဲတွင် တိတ်တဆိတ် ဝမ်းမြောက်နေကြသည်။ လျူကျားဟွေ ဝင်ရောက်ခဲ့သော ဂိုဏ်းကို ဘိုးဘေးထျန်းယွမ် စောင့်ကြပ်လေသည်။

၎င်းသည် နိုင်ငံအနီးရှိ ပထမတန်းစား အင်မော်တယ်ဂိုဏ်းတစ်ခုလည်း ဖြစ်သော်လည်း သူတို့ရှေ့ရှိ အင်မော်တယ်နတ်သမီး၏ အမြင်တွင်တော့ အရေးမပါသည့်အလား။

ချူချိုက်ယီ၏ အကြည့်က နင်ကျိုးမြို့စားအပေါ်သို့ ကျရောက်သွားသည်။

“နှလုံးသားမဲ့ချိုင့်ဝှမ်းကို ဘယ်လိုသွားရမလဲဆိုတာ သိလား”

၎င်းကို ကြားသောအခါ နင်ကျိုးမြို့စား၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားသည်။ သူ နဖူးမှ ချွေးများကို လက်ဖြင့် သုတ်လိုက်သည်။

“နတ်သမီးကို ဖြေရရင် ဒီနိမ့်ကျတဲ့ ကျွန်တော်မျိုး မသိပါဘူး”

“ဟွန့်”

ချူချိုက်ယီ အေးစက်စက် နှာမှုတ်လိုက်သည်။

“မသိတာလား ဒါမှမဟုတ် မပြောရဲတာလား”

“ဒီနိမ့်ကျတဲ့ ကျွန်တော်မျိုး တကယ်ကို မသိတာပါ”

နှလုံးသားမဲ့ချိုင့်ဝှမ်း၏ တောင်တံခါး တည်နေရာအကြောင်းကို နင်ကျိုးမြို့စားမင်း ကြားဖူးထားသော်လည်း သူ အကြမ်းဖျင်းလောက်ကိုသာ သိသည်။ ထို့အပြင် သူ့ရှေ့ရှိ လူတွင် နှလုံးသားမဲ့ချိုင့်ဝှမ်းကို ဖျက်ဆီးနိုင်စွမ်း တကယ်ရှိမရှိ သို့မဟုတ် လေလုံးထွားနေခြင်း ဟုတ်မဟုတ်ဆိုသည်ကို သူ သေချာမသိပေ။

အကယ်၍ နှလုံးသားမဲ့ချိုင့်ဝှမ်း အဖျက်ဆီးမခံရပါက အနာဂတ်တွင် ကံဆိုးမည့်သူမှာ သူ တစ်ယောက်တည်း ဖြစ်နေမည် မဟုတ်ပေ။

ချူချိုက်ယီသည် သူမ သိုလှောင်အိတ်လက်စွပ်ထဲမှ စိတ်ဝိညာဉ်သားရဲ အသားတစ်တုံးနှင့် ကျင့်ကြံခြင်းကျမ်းစာတစ်အုပ်ကို ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ဒါက အင်မော်တယ် ကံကြမ္မာရှိတဲ့သူတွေကို စိတ်ဝိညာဉ်စွမ်းအင် နိုးထလာစေဖို့ ကူညီပေးနိုင်တဲ့ စစ်မှန်ကံကြမ္မာအဆင့် စိတ်ဝိညာဉ်သားရဲအသားတစ်တုံးပဲ။ ပြီးတော့ စစ်မှန်ကံကြမ္မာအဆင့်အထိ ကျင့်ကြံနိုင်တဲ့ ကျင့်ကြံခြင်းကျမ်းစာတစ်အုပ်လည်း ရှိတယ်။ အကယ်၍ တစ်ယောက်ယောက်က နှလုံးသားမဲ့ချိုင့်ဝှမ်းရဲ့ တည်နေရာအကြောင်း ပြောပြမယ်ဆိုရင် ဒီပစ္စည်းနှစ်ခုကို ရမယ်”

လူတိုင်းသည် ၎င်းကို ကြားသောအခါ လေအေးတစ်ဆုပ် ရှူသွင်းလိုက်မိကြသည်။

စစ်မှန်ကံကြမ္မာအဆင့် ကျင့်ကြံခြင်းကျမ်းသည် သူတို့အတွက် ကြီးမားလှသော ကံကြမ္မာတစ်ခုပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ စိတ်ဝိညာဉ်စွမ်းအင် နိုးထလာစေရန် ပစ္စည်းများကို ဝယ်ယူရန် သူတို့ ငွေသုံးနိုင်သော်လည်း ကျင့်ကြံခြင်းကျမ်းစာအုပ်ကိုတော့ ဝယ်ယူ၍ မရနိုင်ပေ။

ဤပစ္စည်းနှစ်ခု ပေါ်လာခြင်းနှင့်အတူ လူတိုင်း စိတ်ထဲတွင် ချူချိုက်ယီ၏ အဆင့်အတန်းက ပို၍ မြင့်တက်သွားသည်။

“ဒီနိမ့်ကျတဲ့ ကျွန်တော်မျိုး သိပါတယ်”

နင်ကျိုးမြို့စားမင်း ပထမဆုံး ပြန်ပြောလာသည်။

ပတ်ဝန်းကျင်ရှိ မိသားစုကြီးများကလည်း တစ်ယောက်ပြီးတစ်ယောက် ဝင်ပြောကြသည်။

“ဒီနိမ့်ကျတဲ့ ကျွန်တော်မျိုး သိပါတယ်”

၎င်းကို ကြားသောအခါ ချူချိုက်ယီ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားပြီး သူမ အကြည့်သည် နင်ကျိုးမြို့စားမင်းအပေါ်သို့ ရောက်သွား၏။

“ခုနကတင် မသိဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား”

နင်ကျိုးမြို့စားမင်း အလျင်အမြန် ရှင်းပြသည်။

“ဒီနိမ့်ကျတဲ့ ကျွန်တော်မျိုးက နည်းနည်းလောက်ပဲ သိတာပါ။ ပြီးတော့ နတ်သမီးကို လမ်းမှားပြမိမှာကို စိုးရိမ်လို့ပါ။ အင်မော်တယ်နတ်သမီး ကျွန်တော့်အသက်ကို ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်”

“ဟမ့်”

ချူချိုက်ယီ ပြောလိုက်သည်။

“ဒီနတ်သမီးက လွန်ခဲ့တဲ့ နှစ်ရက်ကမှ ငါ့ကလေးတွေကို ရှာတွေ့ခဲ့တာဆိုတော့ စိတ်အခြေအနေ တော်တော်လေး ကောင်းနေတယ်။ ဒါကြောင့် မင်းရဲ့ ခွေးအသက်ကို လောလောဆယ် ချမ်းသာပေးလိုက်မယ်။ မင်းတို့အားလုံး သိနေကြမှတော့ သိထားတာတွေကို စာရွက်ပေါ်မှာ ရေးပေးကြ။ ဒီပစ္စည်းနှစ်ခုအတွက်ကတော့ မင်းတို့ဘာသာ ခွဲဝေယူကြပေါ့”

“ဆုချီးမြှင့်တဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်သမီး”

လူတိုင်းက တညီတညွတ်တည်း ပြောလိုက်ကြသည်။

အကယ်၍ သူတို့ မိသားစုများထဲမှ တစ်စုစုကသာ ဤပစ္စည်းနှစ်ခုကို ရရှိသွားပါက သူတို့သည် အားလုံး၏ ပစ်မှတ် ဖြစ်လာမည်ဖြစ်ပြီး မျိုးနွယ်စု သုတ်သင်ခံရမည့် ဘေးအန္တရာယ်ကိုပင် ဖိတ်ခေါ်မိနိုင်ကြောင်းကို လူတိုင်း သိကြသည်။ ဤအရာများကို ညီတူညီမျှ ခွဲဝေယူခြင်းက ကောင်းမွန်သော ရွေးချယ်မှုတစ်ခုပင်။

မကြာမီ မိသားစုခေါင်းဆောင်အသီးသီးသည် သူတို့ သိထားသော နှလုံးသားမဲ့ချိုင့်ဝှမ်း၏ တည်နေရာကို စာရွက်များပေါ်တွင် ရေးသားကာ ချူရွှယ်တောက်ထံ တစ်ခုပြီးတစ်ခု ပေးကြသည်။

ချူချိုက်ယီ သူတို့ ရေးသားထားသမျှ အားလုံးကို ဖတ်ရှုလိုက်သည်။ လူတိုင်း သိထားသော အချက်အလက်များက အနည်းငယ် ကွဲလွဲနေသော်လည်း လမ်းကြောင်းကိုတော့ အကြမ်းဖျင်းအတည်ပြုနိုင်ပေသည်။

သူမ ပစ္စည်းများကို မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး ပြောလိုက်သည်။

“ပစ္စည်းတွေ ဒီမှာ ရှိတယ်။ ငါတို့ အကြွေးကျေသွားပြီ”

ထို့နောက် ချူချိုက်ယီ ချန်ကျင်းကျင်းနှင့် ပိုင်ကျင်းတို့အား ပြောလိုက်သည်။

“ဂျူနီယာညီမလေးနှစ်ယောက် သွားကြစို့”

“ဟုတ်ကဲ့ပါ”

ကောင်မလေးနှစ်ယောက် ပြန်ဖြေလိုက်ပြီးနောက် သူတို့ ချိုက်ယုကို ကြည့်လိုက်၏။

မြို့စားချိုက်ယုသည် လှည့်လိုက်ပြီး နောက်တစ်စက္ကန့်တွင် သူမ မူလပုံစံသို့ ပြန်လည် ရောက်ရှိသွားသည်။ လူတိုင်းက သူမ ကျောပေါ်တွင် တစ်ယောက်ပြီးတစ်ယောက် ထိုင်လိုက်ကြသည်။

သူမ အတောင်ပံတစ်ချက် ခတ်လိုက်သည့်အခါ မြို့တစ်ဝက်ခန့် အရွယ်အစားရှိသော ဧရာမ သားရဲကြီးတစ်ကောင် အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပြီး မိုးကုတ်စက်ဝိုင်းဆီသို့ ပျံသန်းသွားသည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော လူတိုင်းသည် ကျောက်တုံးအဖြစ် ပြောင်းလဲသွားသည့်အလား နေရာမှာပင် အေးခဲသွားကြသည်။

အချိန်အတော်ကြာပြီးနောက် မြို့စားမင်း ဘေးရှိ သိုင်းပညာရှင်တစ်ဦးက တီးတိုးရေရွတ်လိုက်သည်။ “အရှင် အဲဒီဒေါင်းက ဘယ်လို သက်ရှိမျိုးလဲ”

ဤစကားများကို ပြောလိုက်သောအခါ လူတိုင်းက ဖြည်းဖြည်းချင်း သတိပြန်ဝင်လာကြသည်။

မြို့စားမင်း ခေါင်းခါယမ်းလိုက်သည်။ “ငါ မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ တောင်ပိုင်းရန်နိုင်ငံက ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ တည်ရှိမှုမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ ဒီတစ်ကြိမ်တော့ နှလုံးသားမဲ့ချိုင့်ဝှမ်းကို အဲဒီနတ်သမီးသုံးပါးက ဖျက်ဆီးပစ်တော့မဲ့ပုံပဲ”

၎င်းကို ကြားသောအခါ လူတိုင်း တုန်ယင်သွားကြသည်။

မြို့စားမင်း ပြောလိုက်သည်။

“လူတိုင်း ဒီနေ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့ သတင်းမဖြန့်ကြဖို့ ငါ မျှော်လင့်တယ်။ မဟုတ်ရင် ငါတို့ နင်ကျိုးမြို့တော်တစ်ခုလုံး အပျက်အစီးတွေအဖြစ် ပြောင်းလဲသွားလိမ့်မယ်။ ဒီကျင့်ကြံခြင်ကျမ်းနဲ့ နတ်ဆိုးသားရဲ အသားအတွက်ကတော့ ငါတို့တွေ အညီအမျှ ခွဲယူကြရင်ရော ဘယ်လိုလဲ”

လူတိုင်း

“ကျွန်တော်တို့ အားလုံး မြို့စားမင်း အမိန့်တွေကို လိုက်နာပါ့မယ်”

တောင်ပိုင်းရန်နိုင်ငံ၏ မြောက်ဘက် မိုင်ထောင်ပေါင်းများစွာ အကွာတွင် တည်ရှိသော နှလုံးသားမဲ့ချိုင့်ဝှမ်း

ချိုင့်ဝှမ်းသည် စိတ်ဝိညာဉ် မြူခိုးများဖြင့် လွှမ်းခြုံနေသည်။ သာမန်လူများသည် မတော်တဆ မြူခိုးများထဲသို့ ဝင်ရောက်သွားလျှင်တောင် သူတို့တွင် အင်မော်တယ် ကံကြမ္မာ မရှိပါက မသိမသာဖြင့် ပြန်ထွက်သွားကြရမည် ဖြစ်သည်။

နှလုံးသားမဲ့ချိုင့်ဝှမ်းတွင် အရွယ်ရောက်ခါစ မိန်းမလှလေးတစ်ဦးသည် ခြံဝင်းတစ်ခုအတွင်း တင်ပျဉ်ခွေထိုင်ကာ စိတ်ဝိညာဉ်စွမ်းအင် နိုးထလာစေသည့် အခမ်းအနားကို ပြုလုပ်နေသည်။ သူမနှင့်အတူ အခြား ကောင်မလေးဆယ်ယောက်ကျော်လည်း သူတို့စိတ်ဝိညာဉ်စွမ်းအင် နိုးထလာစေရန် ပြုလုပ်နေကြသည်။

အမူအရာကင်းမဲ့သော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးသည် ဖျာကြမ်းတစ်ချပ်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေပြီး ကောင်မလေးများ သူတို့ စိတ်ဝိညာဉ်စွမ်းအင် နိုးထလာမှုကို အောင်မြင်စွာ ပြီးမြောက်ရန် စောင့်ဆိုင်းနေခဲ့သည်။

နှလုံးသားမဲ့ချိုင့်ဝှမ်း၏ စိတ်ဝိညာဉ်စွမ်းအင် နိုးထလာစေသည့် နည်းလမ်းမှာ အခြားသော ကျင့်ကြံခြင်း အင်အားစုများနှင့် ကွာခြားသည်။ စိတ်ဝိညာဉ်စွမ်းအင် နိုးထလာစေရန်အတွက် သူတို့တွင် လိုအပ်ချက် နှစ်ခု ရှိသည်။ စိတ်ခံစားမှုများကို ဖြတ်တောက်ခြင်းနှင့် စိတ်ဝိညာဉ် ပစ္စည်းတစ်ခုကို စားသုံးခြင်း ဖြစ်သည်။

စိတ်ခံစားမှုများကို ဖြတ်တောက်ခြင်းဆိုသည်မှာ မိသားစု ချစ်ခြင်းမေတ္တာ၊ အချစ်ရေး၊ သူငယ်ချင်း သံယောဇဉ် စသည်တို့ကို ဖြတ်တောက်ခြင်း ဖြစ်သည်။ စိတ်ခံစားမှု သံယောဇဉ် တစ်ခုခုကို ဖြတ်တောက်လိုက်သရွေ့ နှလုံးသားမဲ့ချိုင့်ဝှမ်းမှ ကျင့်ကြံသူတစ်ဦးသည် ကျင့်ကြံခြင်းနည်းစနစ် စဦးအဆင့်ကို နားလည် သဘောပေါက်နိုင်ပြီး သူတို့စိတ်ဝိညာဉ်စွမ်းအင်ကို အောင်မြင်စွာ နိုးထလာစေနိုင်သည်။

နေဝင်ခါနီး အချိန်မှာပင် ကောင်မလေးတစ်ဦး၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအင် လှုပ်ရှားမှုတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။

အမျိုးသမီးသည် ကောင်မလေးထံမှ စိတ်ဝိညာဉ် လှုပ်ရှားမှုကို အာရုံခံမိပြီး မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်၏။ သူမ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူမ ဖြည်းညှင်းစွာ ပြောလိုက်၏။

“ကျားဟွေ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင် နိုးထလာမှု အောင်မြင်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ အခု မင်း နိုးထမှုခြံဝင်းကနေ ထွက်ပြီး နေထိုင်စရာ နေရာတစ်ခု ရွေးချယ်လိုက်။ ပြီးတော့ မင်းရဲ့ ကျင့်ကြံမှုကို စတင်လို့ ရပြီ”

“ဟုတ်ကဲ့ပါ ဆရာ”

လျူကျားဟွေ လေးစားစွာ ပြောလိုက်သည်။

အမျိုးသမီးက ပြောလိုက်သည်။

“ကျားဟွေ မင်းက ဆရာ သဘောကျတဲ့ တပည့်ပဲ။ မင်း အနာဂတ်မှာ ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ရှိလာရင် အချိန်မရွေး လာမေးလို့ ရတယ်။ ဆရာ မင်းအတွက် ဖြေရှင်းပေးမယ်”

“ဆရာ ဒီတပည့်က အခု ဆရာ့ကို မေးချင်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်”

လျူကျားဟွေ လေးစားစွာ ပြောလိုက်သည်။

“မေး”

ဆရာမိန်ကျင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။

လျူကျားဟွေ ပြောလိုက်သည်။

“ကျွန်မ အချစ်ရေးကို ဖြတ်တောက်လိုက်ရင် အဲဒီလူရဲ့ ရုပ်ကို ကျွန်မ နှလုံးသားထဲမှာ ဆက်ပြီး မမှတ်မိနေတော့ဘူးလ်ို့ ဆရာ ကျွန်မကို ပြောဖူးတယ်။ ဘာလို့ ကျွန်မ လီပင်အန်းရဲ့ မျက်နှာကို မှတ်မိနေသေးပြီး ကျွန်မ မိဘတွေရဲ့ ရုပ်တွေကိုတော့ ဘာလို့ မမှတ်မိတော့တာလဲ”

“အိုး”

ဆရာမိန်ကျင်းသည် ၎င်းကို ကြားသောအခါ ခဏတာ မှင်တက်သွားပြီး ပြောလိုက်သည်။

“ဆရာ မင်းအတွက် ကြည့်ပေးမယ်”

သူမ ပြောနေရင်း သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းတစ်တုံးကို ထုတ်ယူလိုက်သည်။

“ဒီအပေါ်မှာ မင်းရဲ့ လက်ကို တင်လိုက်”

လျူကျားဟွေသည် အများကြီး မစဉ်းစားဘဲ သူမ၏ လက်ကို ချက်ချင်း တင်လိုက်သည်။ မကြာမီ ကျောက်တုံးပေါ်တွင် မျဉ်းကြောင်းအချို့ ပေါ်လာသည်။ ၎င်းတို့အနက် သွေးရောင် မျဉ်းကြောင်းတစ်ကြောင်းမှာ ပြတ်တောက်နေပြီး သာမန် မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ပျောက်ကွယ်သွားသည်။

ဆရာမိန်ကျင်း တီးတိုးရေရွတ်လိုက်သည်။

“ထူးဆန်းလိုက်တာ။ မင်းရဲ့ ဆွေမျိုးတွေ ဒီကမ္ဘာပေါ်မှာ မရှိတော့ဘူး။ မင်းရဲ့ သေမျိုးလောက ချစ်သူကတော့ အသက်ရှင်လျက် ကောင်းကောင်း ရှိနေသေးတယ်။ ဘာလို့လဲ”

၎င်းကို ကြားသောအခါ လျူကျားဟွေ၏ အမြင်အာရုံများ မှောင်မည်းသွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။

ကံကောင်းထောက်မစွာ ဆရာမိန်ကျင်း၏ လျင်မြန်သော မျက်လုံးများနှင့် လက်များက လျူကျားဟွေကို ထိန်းပေးလိုက်ပြီး ပြောသည်။

“ကျားဟွေ ဝမ်းနည်းနေဖို့ မလိုပါဘူး။ ငါတို့ ကျင့်ကြံသူတွေက သေမျိုးသံယောဇဉ်တွေကို ဖြတ်တောက်ရမဲ့သူတွေပါ။ မင်းရဲ့ ဆွေမျိုးတွေ ဒီကမ္ဘာပေါ်မှာ မရှိမှတော့ တော့ ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်သင့်တယ်။ မင်းခန္ဓာသန့်စင်ခြင်း တတိယအဆင့်ကို ရောက်သွားတာနဲ့ ဆရာ မင်း လက်စားချေဖို့ တောင်တံခါးကနေ ထွက်ခွာခွင့် ပြုမယ်”

လျူကျားဟွေ ခေါင်းညိတ်လိုက်ပြီး အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။

“ဆရာ ဒီတပည့်က သေချာပေါက် ကြိုးစားပမ်းစား ကျင့်ကြံပါမယ်။ ကျွန်မ မိသားစုကို ဘယ်သူ သတ်သွားပါစေ ကျွန်မ သူတို့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်”

All Chapters