အခန်း (၄၆၇-၄၆၈)
Vol. 47 Ch. 467-468
အခန်း (၄၆၇)
“ဒီနေရာက နှလုံးသားမဲ့ချိုင့်ဝှမ်းလား”
မနက်စောစော မြူခိုးများဆိုင်းနေသော ချိုင့်ဝှမ်း၏အထက် ကောင်းကင်တွင်
ချူချိုက်ယီသည် ချိုက်ယု၏ ကျောပေါ်၌ ရပ်နေသည်။ အောက်ဘက်ရှိ မြူများဖုံးလွှမ်းနေသော တောင်တန်းများကို ကြည့်ရင်း သူမ တီးတိုးရေရွတ်လိုက်သည်။
“ဒါပဲ စီနီယာအစ်မ ကြည့်လိုက်။ ချိုင့်ဝှမ်းအပြင်ဘက်မှာ ကျောက်တိုင်တစ်ခု ရှိတယ်။ အစီအရင်ကို ကြည့်ရတာ အရေးမပါတဲ့ ဂိုဏ်းငယ်လေးတစ်ခုပဲ ဖြစ်ရမယ်”
ပိုင်ကျင်း ပြောနေရင်း ချိုင့်ဝှမ်းအပြင်ဘက်၌ မတ်တပ်ရပ်နေသော ကျောက်တိုင်ဆီသို့ လက်ညှိုးထိုးပြလိုက်သည်။
“ငါတို့ ရောက်လာတဲ့နေရာ မှန်ရင် ရပြီ”
ချူချိုက်ယီ သူမ သားဖြစ်သူကို လှည့်ကြည့်လိုက်သည်။
“ရွှယ်တောက် ဒီကိစ္စကို သား ဘယ်လို ကိုင်တွယ်ချင်လဲ”
ချူရွှယ်တောက် လေးစားစွာ ပြောလိုက်သည်။
“အမေ သား လျူကျားဟွေနဲ့ သားရဲ့ ရန်ငြိုးကိုပဲ ရှင်းလင်းချင်ပါတယ်။ တခြားသူတွေကို သား အခက်တွေ့အောင် မလုပ်ချင်ပါဘူး”
“ငါ့သား ပီသတယ်။ ကြင်နာတတ်ပြီး ရှင်းလင်းတဲ့ စိတ်ရှိတယ်။ ဒါက သား ဆုံးဖြတ်ချက်ဆိုမှတော့ အမေ သား ဆန္ဒအတိုင်း လုပ်ပေးမယ်”
ချူချိုက်ယီ သူမ လက်ကို ဝှေ့ယမ်းလိုက်ပြီး ချူရွှယ်တောက်ကို အလင်းတန်းတစ်ခုဖြင့် လွှမ်းခြုံကာ ချိုင့်ဝှမ်းအပြင်ဘက် မြေပြင်ပေါ်သို့ ပို့လွှတ်လိုက်သည်။
“အမေ အစ်ကို့ကို နှလုံးသားမဲ့ချိုင့်ဝှမ်းထဲ တစ်ယောက်တည်း ဝင်သွားခိုင်းတော့မလို့လား”
ချူရင်းရင်း သူမ မိခင်၏ ဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်သွားသည်။
ချူချိုက်ယီ တည်ငြိမ်စွာ ပြောလိုက်သည်။
“သမီး အစ်ကိုက ဂိုဏ်းတွေထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ပေမဲ့ သူ့စိတ်နေသဘောထားက မရင့်ကျက်သေးဘူး။ သူ့ကိုယ်ပိုင် အားသာချက်တွေကို ဘယ်လို အသုံးချရမလဲ ဆိုတာကို မသိသေးဘူး။ ဒီတစ်ကြိမ်တော့ သူ့ကို အတွေ့အကြုံကနေတစ်ဆင့် မြန်မြန် ရင့်ကျက်လာအောင် လုပ်ပေးလိုက်တာ”
ချန်ကျင်းကျင်း သူမ လက်ထဲရှိ အမည်းရောင် စစ်တုရင်ရုပ် တစ်ရုပ်ကို ကစားရင်း ပြုံးလိုက်သည်။
“စိတ်မပူပါနဲ့ တူမလေးရယ်။ တူလေးရွှယ်တောက် လုံးဝ အဆင်ပြေမှာပါ။ အကယ်၍ ငါသာ ဒီစစ်တုရင်ရုပ်ကို ချလိုက်ရင် နှလုံးသားမဲ့ချိုင့်ဝှမ်း တစ်ခုလုံး ပြာကျသွားလိမ့်မယ်”
၎င်းကို ကြားသောအခါ ချူရင်းရင်း သူမ မိခင်ဆီသို့ လှမ်းကြည့်လိုက်သည်။ သူမ အင်မော်တယ် တစ်ယောက်၏ စွမ်းရည်များကို ယခင်က တစ်ခါမှ မမြင်ဖူးခဲ့သဖြင့် သူမထက် အသက် အနည်းငယ်သာ ပိုကြီးသော ဒေါ်လေး အပေါ် အနည်းငယ် သံသယ ဝင်မိသွားသည်။
ချူချိုက်ယီ ပြောလိုက်သည်။
“စိတ်ချ အမေနဲ့ သမီးအဒေါ်တွေ ဒီမှာ ရှိနေမှတော့ သမီးရဲ့ အစ်ကို ဘာအန္တရာယ်မှ မဖြစ်ဘူး”
ချိုင့်ဝှမ်း အပြင်ဘက်၌။
မြေပြင်သို့ ဆင်းသက်ပြီးနောက် ချူရွှယ်တောက် မကျေမနပ် မဖြစ်ပေ။ သူ့ရည်ရွယ်ချက်က ရှင်းလင်းလှသည်။ လျူကျားဟွေကို ရင်ဆိုင်ပြီး သူတို့၏ မပြီးပြတ်သေးသော ကိစ္စများကို ရှင်းလင်းရန် သူ လာခဲ့ခြင်းပေ။ နှလုံးသားမဲ့ချိုင့်ဝှမ်းကိုတော့ သူ့မိခင်တို့ ထိန်းချုပ်ထားနိုင်စွမ်းရှိ၏။
“ဒါက အင်မော်တယ်တွေရဲ့ မြင့်မြတ်တဲ့ နယ်မြေပဲ။ ကျူးကျော်လာသူတွေ ရပ်လိုက်စမ်း”
ချိုင့်ဝှမ်း အတွင်းမှ တင်းမာသော အသံတစ်သံ ထွက်ပေါ်လာသည်။ ခဏအကြာတွင် ကျော၌ ဓားများ လွယ်ထားသည့် မီးခိုးရောင် ဝတ်ရုံနှင့် လူငယ် နှစ်ယောက် ဖြည်းညှင်းစွာ ထွက်လာကြသည်။
သူတို့ ရှေ့ရှိ လူငယ်ကို လေ့လာကြည့်ရှုလိုက်ပြီးနောက် သူတို့မျက်လုံးများထဲတွင် အံ့အားသင့်မှုများ လင်းလက်သွားသည်။
ဤသာမန်လူသားက သူ့စိတ်ဝိညာဉ်စွမ်းအင်ကို အောင်အောင်မြင်မြင် နိုးထထား၏။ သူ အင်မော်တယ် လမ်းစဉ်အတွက် ကံကြမ္မာ ပါလာသူများလော။
ချူရွှယ်တောက် သူတို့အကြည့်အောက်တွင် တည်ငြိမ်စွာ လက်သီးဆုပ်လိုက်သည်။
“စီနီယာတို့ ရွှယ်တောက် ဂါရဝပြုပါတယ်”
“မင်းက ကျင့်ကြံသူ တစ်ယောက်ပဲ။ ဘာလို့ ဒီကို ရောက်လာတာလဲ။ လူ့လောကထဲက ငါတို့စီနီယာ တစ်ယောက်ယောက်က မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို နိုးထလာအောင် ကူညီပေးခဲ့လို့ ချိုင့်ဝှမ်းကို လာပြီး ဂါရဝပြုတာများလား”
တပည့် နှစ်ယောက်ထဲမှ တစ်ယောက်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
ချူရွှယ်တောက် ခေါင်းခါယမ်း၏။
“မဟုတ်ပါဘူး။ စီနီယာတို့ ကျွန်တော်တို့ကြားက အတိတ်ကိစ္စတွေကို ရှင်းလင်းဖို့ နှလုံးသားမဲ့ချိုင့်ဝှမ်းက တပည့် တစ်ယောက်ကို လာရှာတာပါ”
တပည့်နှစ်ယောက် ခဏတာ မှင်တက်သွားကြပြီးနောက် သူတို့မျက်လုံးများထဲတွင် အေးစက်သော သတ်ဖြတ်လိုသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။
ဤနေရာသို့ အတိတ်က ကိစ္စများကို ရှင်းလင်းရန် လာသည်ဆိုသည်မှာ သူ့ကိုယ်သူ အသတ်ခံရန် လာပေးခြင်းပေ။
“သဘောပေါက်ပြီ။ အရင်တုန်းက ငါတို့ရဲ့ ဂိုဏ်းတူတပည့်တွေနဲ့ မင်း ဘယ်လို ပတ်သက်မှု ရှိခဲ့တာလဲ”
ဂိုဏ်းများကြားတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးသော ချူရွှယ်တောက် သူတို့မျက်လုံးများထဲရှိ ရန်လိုမှု အရိပ်အယောင်ကို ချက်ချင်း သတိထားမိသွားသည်။
နှလုံးသားမဲ့ချိုင့်ဝှမ်းသည် ကျိုးကြောင်းဆီလျော်သောဂိုဏ်း မဟုတ်ကြောင်း ပေါ်လွင်နေသည်။ စကားဖြင့် ဖြေရှင်းရန် ကြိုးစားနေခြင်းက အလဟဿ ဖြစ်ပေလိမ့်မည်။
“လွန်ခဲ့တဲ့ သုံးရက်ကတော့ သူက ကျွန်တော့်ရဲ့ တာအိုလက်တွဲဖော်ပါ။ ဒါပေမဲ့ အခုတော့ သူက ကျွန်တော့်မျိုးနွယ်စု တစ်ခုလုံးကို ဖျက်ဆီးခဲ့တဲ့သူ ဖြစ်နေပြီ”
“ဘာပြောတယ်”
တပည့် နှစ်ယောက်စလုံး လူငယ်လေး၏ အတင့်ရဲလှသော စကားများအတွက် လုံးဝ ပြင်ဆင်မထားသဖြင့် ဆွံ့အ မှင်တက်သွားကြသည်။
သူတို့ထဲမှ တစ်ယောက် ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။
“ကောင်လေး မင်း ပြဿနာရှာဖို့ ဒီကို လာတာလား”
ချူရွှယ်တောက် ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။ “ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့ စီနီယာတို့။ ကျွန်တော် ကိုယ်ရေးကိုယ်တာ ရန်ငြိုးတစ်ခုကို ဖြေရှင်းဖို့ လာတာပါ နှလုံးသားမဲ့ချိုင့်ဝှမ်းကို ရန်ငြိုးဖွဲ့ဖို့ လာတာ မဟုတ်ပါဘူး”
“ဟမ့်”
နှလုံးသားမဲ့ချိုင့်ဝှမ်းမှ တပည့် အေးစက်စက် နှာမှုတ်လိုက်သည်။
“ကောင်လေး အပြစ်ကင်းသလို ဟန်ဆောင်မနေနဲ့။ မင်းက ငါတို့ ဂိုဏ်းတူညီမရဲ့ သေမျိုးလောက၊က မျိုးနွယ်စု တစ်ခုလုံးကို သုတ်သင်ခဲ့ပြီးတော့ အခု သူ့ကို ရှာဖို့ ဒီကို လာရဲသေးတယ်ပေါ့။ ဒါက ရန်စတာ မဟုတ်ဘူးဆိုရင် မင်း အပြစ်တွေအတွက် လာတောင်းပန်တာလား။ ဒီနေ့ ငါတို့ သူ့သံယောဇဉ်ကြိုးတွေကို ထာဝရ ဖြတ်တောက်ပေးဖို့ မင်းကို သတ်ပစ်မယ်”
သူ့စကားများ အဆုံးတွင် ဖိအားတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ခန္ဓာကိုယ်သန့်စင်ခြင်းနှောင်းပိုင်းအဆင့် အရှိန်အဝါပင်။
ပြင်းထန်သည့် ဖိအားကြောင့် ချူရွှယ်တောက်၏ မျက်နှာက ဖြူရော်သွားသော်လည်း သူ့လေသံကတော့ တည်ငြိမ်ပြတ်သားနေဆဲပင် ဖြစ်သည်။
“စီနီယာတို့ ကျွန်တော် ယဉ်ကျေးသမှုနဲ့ လာတာပါ။ ဘာလို့ ကျွန်တော့်ကို အကူအညီ ခေါ်ဖို့ ဖိအားပေးနေရတာလဲ”
“ဟက်”
ချိုင့်ဝှမ်းမှ တပည့်က လှောင်ပြောင် ရယ်မောလိုက်သည်။ “မင်းရဲ့ နောက်ကွယ်မှာ ထောက်ခံပေးတဲ့သူ ရှိရင် သူတို့ကို ခေါ်ထုတ်လိုက်လေ။ ဒီနေ့ ငါတို့ နှလုံးသားမဲ့ချိုင့်ဝှမ်းက မင်းတို့ကို တစ်ယောက်မကျန် ဖိနှိပ်ပစ်မယ်”
“ခင်ဗျားတို့ သဘောအတိုင်းပါပဲ”
ချူရွှယ်တောက်၏ အမူအရာက အေးစက်သွားပြီး သူက ကောင်းကင်ယံဆီသို့ အော်ဟစ်လိုက်သည်။
“အမေ သားကို ကူညီပါဦး”
၎င်းကို ကြားသောအခါ ချူချိုက်ယီ၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားသည်။
“ဒီကလေးက စာအုပ်ကြီးသမားတစ်ယောက်တော့ မဟုတ်ဘူးပဲ”
ထို့နောက် သူမ လက်ဖဝါးကို အောက်ဘက်ဆီသို့ ညင်သာစွာ ဖိချလိုက်သည်။
“ဟားဟားဟား”
ချူရွှယ်တောက်၏ အော်ဟစ်သံကို ကြားသောအခါ တပည့် နှစ်ယောက် ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
“အထင်ကြီးလောက်စရာ တစ်ခုခု ပြောမယ်လို့ ထင်ထားတာ၊၊ တကယ်တော့ ငါတို့ရှေ့မှာ သူ့အမေကို လှမ်းခေါ်လိုက်တာပဲ။ မင်း ငါတို့ကို အဖေလို့ ဘာလို့ မခေါ်တာလဲ။ အဲဒီလိုဆိုရင် ငါတို့ကတောင်...”
သူတို့ စကားမဆုံးမီမှာပင် ကောင်းကင်မှ လွှမ်းမိုးနိုင်သော ဖိအားကြီး တစ်ခု ကျဆင်းလာသည်။
လူနှစ်ယောက် အပေါ်သို့ မော့ကြည့်လိုက်သောအခါ ဧရာမ လက်ဖဝါးကြီးတစ်ဖက် သူတို့ဆီ ကျဆင်းလာသည်ကို မြင်လိုက်သည်။
“မဟုတ်ဘူး”
ဘုန်း
မိုးကြိုးပစ်သည့်အလား ပေါက်ကွဲသံကြီးနှင့်အတူ တပည့် နှစ်ယောက်စလုံး ချက်ချင်းပင် ပြာကျသွားပြီး သူတို့ခန္ဓာကိုယ်များနှင့် ဝိညာဉ်များပါ လုံးဝ ဖျက်ဆီးခံလိုက်ရသည်။
နှလုံးသားမဲ့ချိုင့်ဝှမ်း တစ်ခုလုံး ချက်ချင်း အထိတ်တလန့် ဖြစ်သွားသည်။
ကောင်းကင်ဇာစ်မြစ်အထွတ်အထိပ်အဆင့်တွင် တိတ်ဆိတ်စွာ ကျင့်ကြံနေသော အထွတ်အထိပ်အကြီးအကဲပင် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး အံ့အားသင့်စွာ တီးတိုးရေရွတ်လိုက်သည်။
“ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါပဲ။ ဘယ်လို တည်ရှိမှုမျိုးက ငါ့ရဲ့ နှလုံးသားမဲ့ချိုင့်ဝှမ်းကို လာပြီး တိုက်ခိုက်ရဲတာလဲ”
တစ်ချိန်တည်းမှာပင် ချိုင့်ဝှမ်း၏ သတိပေး ခေါင်းလောင်းသံများ စတင် မြည်လာသည်။
ဒေါင်... ဒေါင်... ဒေါင်...
ခေါင်းလောင်းသံ ကိုးချက် မြည်ပြီးနောက် လွန်ခဲ့သော တစ်ရက်ကမှ စိတ်ဝိညာဉ်စွမ်းအင်ကို နိုးထလာသည့် လျူကျားဟွေ အပါအဝင် ချိုင့်ဝှမ်းမှ တပည့်များ သူတို့ဂိုဏ်းတူတပည့်များနှင့်အတူ ဗဟို ရင်ပြင်၌ စုဝေးလာကြသည်။
ချိုင့်ဝှမ်းသခင်၏ အစွမ်းထက်သော အသံက သူတို့နားထဲတွင် ပဲ့တင်ထပ်သွားသည်။
“အစွမ်းထက်တဲ့ ရန်သူ တစ်ယောက် ချဉ်းကပ်လာပြီ။ နှလုံးသားမဲ့ချိုင့်ဝှမ်းက တပည့်တွေ အားလုံး ရန်သူကို ရင်ဆိုင်ဖို့ ချိုင့်ဝှမ်း အပြင်ဘက်ကို သွားကြ”
“ဟုတ်ကဲ့ပါ”
တပည့်များ တညီတညွတ်တည်း ပြန်ဖြေပြီး ချိုင့်ဝှမ်း ဝင်ပေါက်ဆီသို့ အပြေးအလွှား သွားကြသည်။
ဆရာမိန်ကျင်း လျူကျားဟွေကို သူမဘေးတွင် ကိုယ်တိုင်ကိုယ်ကျ ထားပြီး သတိပေးလိုက်သည်။
“ကျားဟွေ မင်းရဲ့ ဆရာနားမှာ ကပ်နေပါ။ ဝေးဝေး မသွားနဲ့။ မဟုတ်ရင် ငါတောင် မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”
“ဟုတ်ကဲ့ပါ ဆရာ”
လျူကျားဟွေ ညင်သာစွာ ပြန်ဖြေလိုက်ပြီး သူမ ဆရာ၏ ဘေးတွင် ကပ်လျက် လိုက်ပါသွားသည်။
အချိန်တိုလေးအတွင်းမှာပင် နှလုံးသားမဲ့ချိုင့်ဝှမ်းမှ ကျင့်ကြံသူ ထောင်ပေါင်းများစွာ ချိုင့်ဝှမ်း အပြင်ဘက်တွင် စုဝေးပြီးလာသည်။ သို့သော် ထိုနေရာ၌ မတ်တပ်ရပ်နေသည့် ချူရွှယ်တောက်အပေါ် သူတို့မျက်လုံးများ ကျရောက်သွားသောအခါ အားလုံး မှင်တက်သွားကြသည်။
သူတို့အထဲတွင် လျူကျားဟွေလောက် အံ့အားသင့်သွားသူ မရှိပေ။ သူမ ရှေ့ရှိ ရင်းနှီးနေသော မျက်နှာကို စိုက်ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။
“ဘယ်လိုလုပ် သူဖြစ်နေရတာလဲ”
ဆရာမိန်ကျင် သူမဆီသို့ လှည့်ပြီး မေးလိုက်သည်။ “ကျားဟွေ မင်း ဒီလူကို သိတာလား”
လျူကျားဟွေက ပြန်ဖြေသည်။
“ဟုတ်တယ် ဆရာ။ သူက ကျွန်မရဲ့ သံယောဇဉ် ဖြတ်တောက်ရမဲ့သူပါပဲ”
“အိုး”
၎င်းကို ကြားသောအခါ ဆရာမိန်ကျင်း ချူရွှယ်တောက်ကို စိုက်ကြည့်ပြီး ရေရွတ်လိုက်သည်။
“မင်း သံယောဇဉ် ဖြတ်တောက်ချင်တဲ့သူက အင်မော်တယ်ဂိုဏ်းထဲ ဝင်ရောက်ပြီးသား ဆိုတာ ငါ့ကို ဘာလို့ မပြောခဲ့တာလဲ”
လျူကျားဟွေ၏ အမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားသည်။
“မဖြစ်နိုင်ဘူး။ သူ ဘယ်လိုလုပ်ပြီး အင်မော်တယ် ဂိုဏ်း တစ်ခုကို ဝင်ရောက်နိုင်မှာလဲ။ သူ လူမိုက်တွေ ကြားမှာ ဘဝကို ရုန်းကန်နေရတဲ့ အရိုင်းအစိုင်း သိုင်းသမား တစ်ယောက် သက်သက်ပါပဲ”
အခန်း (၄၆၈)
“အရင်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုတော့ သူ စိတ်ဝိညာဉ်စွမ်းအင်ကို နိုးထပြီး အင်မော်တယ်လမ်းစဉ်ပေါ်ကို တက်လှမ်းနိုင်ခဲ့ပြီဆိုတာ သေချာတယ်”
ဆရာမိန်ကျင်း ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သော်လည်း သူမ နတ်ဘုရားအာရုံသည် ချူရွှယ်တောက်၏ ပတ်ဝန်းကျင်တစ်ခုလုံးကို အဆက်မပြတ် စစ်ဆေးနေလေ၏။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သူမ အစောကတည်းက ခံစားမိသည်။ ထိုမျှပြင်းထန်သော အရှိန်အဝါမျိုးမှာ နိုးထခါစ ကျင့်ကြံသူတစ်ဦးထံမှ ထွက်ပေါ်လာရန် လုံးဝမဖြစ်နိုင်ပေ။
သူမရှေ့မှ လူငယ်၏နောက်ကွယ်တွင် အားကိုးရမည့် အစွမ်းထက်သော တည်ရှိမှုတစ်ခု ရှိနေကြောင်း ထင်ရှားလှပြီး ထိုသူ၏အစွမ်းမှာ သူတို့ဂိုဏ်း၏ အထွတ်အထိပ်အကြီးအကဲထက် မနိမ့်ကျပေ။
နှလုံးသားမဲ့ချိုင့်ဝှမ်းမှ စီနီယာများသည်လည်း သူတို့ နတ်ဘုရားအာရုံများကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင်တစ်ခုလုံးကို လှန်လှောရှာဖွေလိုက်ကြသည်။
အချို့ဆိုလျှင် သူတို့နတ်ဘုရားအာရုံကို ရှေ့မှလူငယ်ထံသို့ တိုက်ရိုက် ဦးတည်းပစ်မှတ်ထားလိုက်၏။
ချူရွှယ်တောက်အနေဖြင့် သူ့အပေါ်သို့ ကျရောက်နေသည့် အကြည့်များကို ခံစားမိသော်လည်း သူ စိုးစဉ်းမျှ ကြောက်ရွံ့ခြင်းမရှိပေ။
သူ့မျက်လုံးထဲတွင်မူ အထက်ကောင်းကင်မှ ကြည့်ရှုနေသော သူ့အမေနှင့် အဒေါ်နှစ်ယောက်ရှိနေသရွေ့ နှလုံးသားမဲ့ချိုင့်ဝှမ်းတစ်ခုလုံး သူ့ကို မည်သို့မျှ အန္တရာယ်မပြုနိုင်ပေ။
သူ ကျောကိုမတ်မတ်ဆန့်ကာ တည်ငြိမ်သော အမူအရာဖြင့် ချိုင့်ဝှမ်း၏ အကြီးအကဲများကို မော့ကြည့်ပြီး ပြောလိုက်သည်။
“လျူကျားဟွေ့၊ မင်း ငါတို့ကြားက ပတ်သက်မှုကို အမြဲတမ်း ဖြတ်တောက်ချင်နေခဲ့တာ မဟုတ်လား။ အခု ငါ နှလုံးသားမဲ့ချိုင့်ဝှမ်းကို ရောက်လာပြီ။ မင်း ဘယ်မှာလဲ”
ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် ချိုင့်ဝှမ်းမှကျင့်ကြံသူများ၏ မျက်နှာများမှာ ပျက်ယွင်းသွားကြသည်။
သူတို့ဂိုဏ်းသည် အခြားကျင့်ကြံသူများနှင့် သံယောဇဉ်ဖြတ်တောက်ရာတွင် ဤကဲ့သို့သော အခြေအနေမျိုး တစ်ခါမျှ မကြုံဖူးချေ။
အမှန်တော့ ကျင့်ကြံသူတိုင်းတွင် ကိုယ်ပိုင်နောက်ခံနှင့် မဟာမိတ်များ ရှိကြရာ သံယောဇဉ်ဖြတ်တောက်လိုသောသူ၏ နောက်ကွယ်တွင် ကြောက်မက်ဖွယ်ကောင်းသော နောက်ခံအင်အား ရှိမနေဘူးဟု မည်သူမျှတပ်အပ် မပြောနိုင်ပေ။
ချိုင့်ဝှမ်းသခင် မျက်မှောင်ကြုံ့လိုက်သည်။ အချိန်အတန်ကြာသွားသော်လည်း သူက မည်သည့်အစွမ်းထက် အရှိန်အဝါကိုမျှ မခံစားရသေးပေ။
ဤကောင်လေးက သက်သက် ကြွားလုံးထုတ်နေခြင်းများလော။
သူ ရှေ့မှ လူငယ်ကို စူးစိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
“တာအိုရောင်းရင်း မင်း ဒီကိုရောက်နေပြီပဲ။ ဘာလို့ ကိုယ်ထင်မပြသေးတာလဲ။ မင်းက မျိုးဆက်သစ်လူငယ်တစ်ယောက်ရဲ့ နောက်ကွယ်မှာ ပုန်းအောင်းပြီး ငါ့ရဲ့ နှလုံးသားမဲ့ချိုင့်ဝှမ်းကို အရှက်ခွဲချင်တာလား။ အဲဒီလိုဆိုရင်တော့ ဒီအဘိုးကြီးက အားနည်းသူကို နှိပ်စက်တယ်လို့ အပြစ်မတင်နဲ့တော့”
ထိုအခိုက်တွင် မထီမဲ့မြင်ပြုဟန်ရှိသည့် အမျိုးသမီးတစ်ဦး၏အသံမှာ ကောင်းကင်ယံမှ ကျဆင်းလာသည်။
“အဘိုးကြီး၊ ဒီအင်မော်တယ်က နင့် ခေါင်းပေါ်တည့်တည့်မှာ ရပ်နေတာလေ။ ငါ့ကို သတိထားမိဖို့ အချိန်အကြာကြီး ယူလိုက်ရတာပဲ”
ချိုင့်ဝှမ်းသခင်၏ တစ်ကိုယ်လုံး တုန်ရင်သွားသည်။ တစ်ဖက်လူက သူ့ခေါင်းတည့်တည့်တွင် ရှိနေသော်လည်း သူ လုံးဝ သတိမထားမိခဲ့ပေ။
ထိုအရာက သူမ ကျင့်စဉ်အဆင့်မှာ သူ့ထက် များစွာသာလွန်နေခြင်း သို့မဟုတ် သူမတွင် အရှိန်အဝါကို ဖုံးကွယ်နိုင်သော ရတနာတစ်ခုခု ရှိနေခြင်းဟု ဆိုနေ၏။
မည်သည့်အခြေအနေမျိုးဖြစ်စေ သူမ နောက်ခံမှာ သာမန်မဟုတ်ကြောင်း သက်သေပြရန် လုံလောက်လှသည်။
နှလုံးသားမဲ့ချိုင့်ဝှမ်းမှ ကျင့်ကြံသူများအားလုံး ခေါင်းမော့ကြည့်လိုက်ကြသည်။
တိမ်တိုက်များ ကွဲအက်သွားပြီး ခန့်ညားထည်ဝါ၍ အရောင်စုံအဆင်းရှိသော ဒေါင်းတစ်ကောင်ပေါ်တွင် ရပ်နေသည့် ချောမောလှသော အမျိုးသမီးလေးဦးကို မြင်တွေ့လိုက်ရသည်။ ထိုမိန်းကလေးများမှာ သူတို့အား အထက်စီးမှနေ၍ ငုံ့ကြည့်နေကြလေ၏။
ဤကဲ့သို့ အထက်စီးမှ အကြည့်ခံရခြင်းက တပည့်များအား ဒေါသပုန်ထသွားစေသည်။
အကယ်၍ ချိုင့်ဝှမ််းသခင်သာ ရှိမနေပါက တပည့်များသည် ထိုရဲတင်းလှသော အမျိုးသမီးများကို သင်ခန်းစာပေးရန် ရှေ့သို့ ထွက်သွားကြပေမည်။
လျူကျားဟွေ့သည် ဒေါင်းနတ်ဆိုး၏ကျောပေါ်တွင် ရပ်နေသော လီရင်းရင်းကို မြင်လိုက်ရသောအခါ သူမ မျက်နှာ ပြာနှမ်းသွားရပြန်၏။
“ဒီကောင်မလေးကလည်း အင်မော်တယ်လမ်းစဉ်ပေါ်ကို ဘယ်လိုလုပ်ပြီး တက်လှမ်းနိုင်ခဲ့တာလဲ။ လီမောင်နှမတွေဘယ်လိုဖြစ်ပြီး ဒီလိုကံကောင်းခြင်းမျိုးကို ပိုင်ဆိုင်နေရတာလဲ”
သူမ ပြောနေစဉ်အတွင်း စိတ်ထဲတွင် ခါးသီးမှုများ ပြင်းထန်စွာ မြင့်တက်လာတော့သည်။ သူမသည် အင်မော်တယ်လမ်းသို့ ဝင်ရောက်နိုင်ရန် နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ရ၏။
‘ဘာဖြစ်လို့ လီမောင်နှမတွေကျမှ ငါ တမ်းတခဲ့ရတဲ့အရာကို ဒီလောက်လွယ်လွယ်ကူကူ ရသွားကြတာလဲ’
ချိုင့်ဝှမ်းသခင် နောက်ဆုံးတွင် သတိကြီးစွာထား၍ မေးလိုက်သည်။
“ခင်ဗျားတို့ ဘယ်ကဂုဏ်သရေရှိ အင်မော်တယ်တွေလဲ။ ပြီးတော့ ဘာအကြောင်းကြောင့် ကျုပ်ရဲ့ နှလုံးသားမဲ့ချိုင့်ဝှမ်းကို လာရန်စတာလဲ”
သူ့စကားများက ယုံကြည်ချက် ကင်းမဲ့နေသည်။ သူသည် ထိုအမျိုးသမီးကျင့်ကြံသူ သုံးဦး၏ ကျင့်စဉ်အဆင့်ကို ထိုးဖောက်မမြင်နိုင်သော်လည်း တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းထားရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
“ဟမ့်”
ချန်ကျင်းကျင်း နှာခေါင်းရှုံ့၍ အေးစက်စွာ ပြောလိုက်သည်။
“အဘိုးကြီး၊ နင်လို နိမ့်ကျတဲ့ ကျင့်ကြံသူက ငါတို့နာမည်ကို သိပိုင်ခွင့်မရှိဘူး။ အခြေအနေကို နားလည်စမ်းပါ။ လျူကျားဟွေ့ဆိုတဲ့ မိန်းမကို ငါ့တူလေးဆီ အမြန်ဆုံးအပ်လိုက်။ မဟုတ်ရင် နင်တို့ နှလုံးသားမဲ့ချိုင့်ဝှမ်းက ဆက်ပြီးတည်ရှိနေဖို့ အကြောင်းမရှိတော့ဘူး”
သူမ စကားလုံးများက ကျင့်ကြံသူများ၏ ဒေါသကို ချက်ချင်းပင် မီးမွှေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
သူတို့က ချန်ကျင်းကျင်းကို သတ်ဖြတ်လိုသော အကြည့်များဖြင့် စိုက်ကြည့်လာ၏။ တစ်ချို့မှာ ဓားများကိုပင် ဆွဲထုတ်ကာ အော်ဟစ်လိုက်ကြသည်။
“ချိုင့်ဝှမ်းသခင် ကျွန်တော်တို့ကို ဒီနတ်ဆိုးမနဲ့ တိုက်ခွင့်ပြုပါ”
“ဟုတ်တယ်။ သူတို့ဘက်က လေးယောက်ပဲ ရှိတာ။ ကျွန်တော်တို့ နှလုံးသားမဲ့ချိုင့်ဝှမ်းက ဘယ်တုန်းက သူရဲဘောကြောင်ဖူးလို့လဲ”
ချိုင့်ဝှမ်းသခင်၏ မျက်နှာ အမူအရာသည် အလွန်တရာ ညိုမှောင်သွားသည်။ သူက နှလုံးသားမဲ့ချိုင့်ဝှမ်းကို နှစ်ပေါင်းတစ်ရာကျော် အုပ်ချုပ်ခဲ့ပြီး ကျယ်ပြောလှသော နယ်မြေတစ်ခုတွင် အာဏာရှင်တစ်ဦး ဖြစ်ခဲ့၏။
သူသည် အမြဲတမ်း ရိုသေလေးစားမှုကိုသာ ခံခဲ့ရသည်။ ယခုမူ မည်သူမှန်းမသိသော အမျိုးသမီးများက သူ့ရှေ့တွင် လာရောက် စော်ကားရဲနေကြ၏။
ဤကဲ့သို့သော အရှက်ခွဲမှုမှာ သည်းခံနိုင်စရာမရှိပေ။
“ဘယ်လောက် အတင့်ရဲလိုက်တဲ့ စကားလဲ။ ဒီနေ့တော့ ဒီအဘိုးကြီးက မင်းတို့ နှလုံးသားမဲ့ချိုင့်ဝှမ်းကို ဘယ်လိုမျိုး ချေမှုန်းမလဲဆိုတာ ကြည့်ရသေးတာပေါ့။ ဓား လာစမ်း”
သူ၏ ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ထက်ရှသော ဓားမြည်သံတစ်ချက် ကောင်းကင်ယံသို့ လွင့်ပျံသွားလေ၏။
အေးစက်တောက်ပသော ဓားတစ်စင်းမှာ ချိုင့်ဝှမ်းထဲမှ ပျံသန်းထွက်ပေါ်လာပြီး ချိုင့်ဝှမ်းသခင်၏ လက်ထဲသို့ ကျရောက်လာသည်။
တပည့်များ၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုများ လင်းလက်သွားပြီး သူတို့ထဲမှ တစ်ယောက်ဆိုလျှင် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“ချိုင့်ဝှမ်းသခင် နောက်ဆုံးတော့ အတည် လုပ်တော့မယ်။ သံယောဇဉ်ဖြတ်ဓား ထွက်လာပြီဆိုရင် ဒီလူတွေ ဒီနေ့ ဒီနေရာမှာ သေကြရတော့မှာပဲ”
ချန်ကျင်းကျင်း ချိုင့်ဝှမ်းသခင်၏ လက်ထဲမှ ဓားကို ကြည့်ရင်း မျက်နှာတွင် မထီမဲ့မြင်ပြုသော အမူအရာ အနည်းငယ် ထွက်ပေါ်လာသည်။
“နင့်မှာ တစ်ခုခု အထင်ကြီးစရာကောင်းတဲ့ ရတနာ ရှိလိမ့်မယ်လို့ ငါထင်နေတာ”
သူမ ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
“ဒါပေမဲ့ အဆင့်မြင့်ဝိညာဥ်လက်နက် တစ်ခုထက် မပိုပါလား။ ငါတို့ ကျောင်းတော်က အားအနည်းဆုံးသူတွေတောင် ဒီလိုဟာမျိုးကို လှည့်ကြည့်မှာ မဟုတ်ဘူး”
“နတ်ဆိုးမ၊ အကြွားမသန်စမ်းနဲ့။ ဒီနေ့တော့ ဒီအဘိုးကြီး သံယောဇဉ်ဖြတ်ဓားရဲ့ စွမ်းအားကို ပြပေးရမှာပေါ့”
ချိုင့်ဝှမ်းသခင် အော်ဟစ်ကာ ဓားကို ချန်ကျင်းကျင်းထံ ဦးတည်ကာ ထိုးနှက်လိုက်သည်။
‘သံယောဇဉ်ဖြတ် ဓားတစ်ချက်’
ဤအရာကို မြင်သောအခါ ချန်ကျင်းကျင်း သူမ လက်ထဲမှ အနက်ရောင် စစ်တုရင်ရုပ်ကို ပေါ့ပေါ့ပါးပါးပင် ပစ်ချလိုက်၏။
တောက်
ထိုအရုပ် ကျဆင်းသွားသော အသံနှင့်အတူ ကောင်းကင်နှင့် မြေကြီး ရုတ်တရက် ပြောင်းလဲသွားသည်။ မြူခိုးများ ဖုံးလွှမ်းနေသော ကောင်းကင်ကြီးသည် စစ်တုရင်ခုံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့၏။
ထိုအနက်ရောင်အရုပ် ပေါ်လာသည်နှင့် ကြီးမားလှသော နတ်ဆိုးလက်ကြီးတစ်ဖက် ကောင်းကင်ယံမှ ပေါ်ထွက်လာပြီး နှလုံးသားမဲ့ချိုင့်ဝှမ်းဆီသို့ ကျဆင်းလာသည်။
ထိုလက်ကြီး မကျရောက်မီမှာပင် ဖိအားကြောင့် ချိုင့်ဝှမ်းသခင်၏ ဓားအရှိန်အဝါမှာ လုံးဝ ပျက်စီးသွားရ၏။
“မလုပ်နဲ့”
အော်ဟစ်သံနှင့်အတူ ချိုင့်ဝှမ်းသခင်မှာ လက်ဖဝါးကြီး၏ ရိုက်ခတ်မှုကို ခံလိုက်ရသည်။
ဝုန်း
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ဂိုဏ်းတံခါးဝတွင် ဖုန်မှုန့်များနှင့် အပျက်အစီးများဖြင့် ပြည့်နှက်သွားတော့၏။
အသံများ ငြိမ်သက်သွားပြီး ဖုန်မှုန့်များ ကင်းစင်သွားသောအခါ ချိုင့်ဝှမ်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
နှလုံးသားမဲ့ချိုင့်ဝှမ်းမှ တပည့်များသည်လည်း ကျောက်ရုပ်များကဲ့သို့ ငြိမ်သက်သွားကြပြီး သူတို့ ချိုင့်ဝှမ်းသခင် ငြိမ်သက်စွာ လဲလျောင်းနေသော လက်ဖဝါးပုံသဏ္ဌာန် မြေကျင်းကြီးကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြ၏။
ညင်သာသော လေပြေတစ်ခု ဖြတ်သန်းတိုက်ခတ်သွားပြီး ကျင့်ကြံသူတို့၏ တစ်ကိုယ်လုံးကို တုန်လှုပ်ခြောက်ခြားသွားစေသည်။
“ချိုင့်ဝှမ်းသခင်”
လူအုပ်ထဲမှ တစ်ယောက်က နောက်ဆုံးတွင် အော်ဟစ်လိုက်ပြီး အခြားသူများကို အသိပြန်ဝင်လာစေသည်။
ထိတ်လန့်တကြား အော်ဟစ်သံများ လေထုထဲတွင် ပြည့်နှက်သွားသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ရှေ့သို့ မတိုးရဲကြပေ။ သူတို့ လဲကျနေသော ခေါင်းဆောင်ကဲ့သို့ ဖြစ်သွားမည်ကို ကြောက်ရွံ့နေကြ၏။
ချန်ကျင်းကျင်း ထိုမြင်ကွင်းကို ငုံ့ကြည့်ကာ တည်ငြိမ်သော အမူအရာ၊ ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။
“ကဲ နင်တို့ထဲက ဘယ်သူက ဒီအင်မော်တယ်ရဲ့ စွမ်းအားကို စမ်းသပ်ချင်သေးလဲ”
တိတ်ဆိတ်ခြင်း။
ပြန်လည်ရရှိသော တစ်ခုတည်းသော တုံ့ပြန်မှုမှာ ချိုင့်ဝှမ်းအတွင်း ဖြတ်သန်းတိုက်ခတ်နေသော လေတိုးသံများသာ။
ချန်ကျင်းကျင်း ခပ်ဖွဖွ ပြုံးလိုက်သည်။
“ဘယ်သူမှ မရှိဘူးလား။ ဒါဆိုရင်တော့ နင်တို့အားလုံး ဒါကို ဆက်ပြီး မြင်တွေ့ချင်နေကြတယ်လို့ပဲ ဒီအင်မော်တယ်က သတ်မှတ်လိုက်မယ်”
သူမ ထိုသို့ ဆိုလိုက်ရင်း အခြားသော အနက်ရောင် စစ်တုရင်ရုပ်တစ်ခုလသူမ၏ လက်ချောင်းများကြားတွင် ပေါ်လာပြန်သည်။ သူမ ထိုအရာကို ချလိုက်တော့မည့် ဆဲဆဲတွင် ချိုင့်ဝှမ်းအတွင်းပိုင်းမှ အိုမင်းရင့်ရော်သောအသံတစ်ခု ထွက်ပေါ်လာ၏။
“အင်မော်တယ်နတ်သမီး ကျေးဇူးပြုပြီး ခဏလောက် ရပ်ပါဦး”