အခန်း (၄၆၉-၄၇၀)
Vol. 47 Ch. 469-470
အခန်း (၄၆၉)
ထိုစကားလုံးများကို ကြားလိုက်ရသောအခါ ချန်ကျင်းကျင်း၏ နှုတ်ခမ်းအစုံ အနည်းငယ် ကွေးညွတ်သွားလေတော့သည်။
သူမ လုပ်လက်စ အလုပ်ကို ရပ်လိုက်ပြီး အသံထွက်ပေါ်လာရာ အရပ်ဆီသို့ ကြည့်လိုက်၏။
တုတ်တစ်ချောင်းကို အမှီပြုထားပြီး ဆံပင်၊ မုတ်ဆိတ်ဖြူဖြူများဖြင့် စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် အဘိုးအိုကြီးတစ်ဦး ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာသည်။
သူ့လမ်းလျှောက်နှုန်းမှာ မမြန်လှဘဲ ချိနဲ့နေသလို ခံစားရစေ၏။
သို့သော်လည်း ထိုအဘိုးကြီး ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း အရှိန်အဝါမှာ ပိုမိုပြင်းထန်လာသည်။
သူ နှလုံးသားမဲ့ချိုင့်ဝှမ်း၏ တံခါးဝသို့ ရောက်ရှိလာသောအခါ စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာလိုသောသူတစ်ယောက်၏ ဖိအားကို ထုတ်လွှတ်နေခဲ့ပြီ ဖြစ်သည်။
“ကျွန်တော်တို့ မဟာအကြီးအကဲကို ဂါရဝပြုပါတယ်”
နှလုံးသားမဲ့ချိုင့်ဝှမ်းမှ ကျင့်ကြံသူများသည် ရှေ့မှ အဘိုးအိုအား ကြည့်လိုက်ကြပြီး အောက်ဆုံးအဆင့်သို့ ကျဆင်းနေသော သူတို့စိတ်ဓာတ်များမှာ ချက်ချင်းပင် ပြန်လည်နိုးထလာသည်။
သူတို့စိတ်ထဲတွင် မဟာအကြီးအကဲမှာ မည်သူမျှ မယှဉ်နိုင်သော တည်ရှိမှုတစ်ခု ဖြစ်နေ၏။
ထို့အပြင် ယခင်က မဟာအကြီးအကဲသည် နှလုံးသားမဲ့ချိုင့်ဝှမ်း၏ အစီအရင်ကို အသုံးပြုကာ စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးနိုင်ခဲ့ဖူး၏။
“နင်က စကားပြောဖို့ အရည်အချင်းရှိလို့လား”
ချန်ကျင်းကျင်း သူမရှေ့မှ အဘိုးကြီးကို ကြည့်ကာ မျက်နှာတွင် လေးစားမှု တစ်စက်မှမရှိဘဲ အေးအေးလူလူ မေးမြန်းလိုက်သည်။
“ကျုပ်က နှလုံးသားမဲ့ချိုင့်ဝှမ်းရဲ့မဟာအကြီးအကဲပဲ။ ဒါကြောင့် စကားပြောဖို့ အရည်အချင်းရှိတာပေါ့”
မဟာအကြီးအကဲက ရပ်တန့်လိုက်ပြီးနောက် ဆက်၍ မေးလိုက်သည်။
“အင်မော်တယ်နတ်သမီးတို့ တကယ်ပဲ ကျုပ်ရဲ့ နှလုံးသားမဲ့ချိုင့်ဝှမ်းက တပည့်တစ်ယောက်အတွက်နဲ့ ဒီနေရာကို ရောက်လာကြတာလား”
“မှန်တယ်”
ချူချိုက်ယီက ပြောပြီးသည်နှင့် သူမ၏ ကိုယ်ပိုင်အရှိန်အဝါကိုလည်း ထုတ်လွှတ်လိုက်၏။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် မဟာအကြီးအကဲ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားပြီး သူ့ခန္ဓာကိုယ်မှာလည်း ယိုင်နဲ့သွားရသည်။
“အဟွတ်... အဟွတ်...”
မဟာအကြီးအကဲ ခပ်ဖွဖွ ချောင်းဆိုးလိုက်ကာ ဆိုလိုက်သည်။
“တပည့်ကြားကိစ္စပဲဖြစ်မှာပေါ့။ မဟုတ်ရင် ကျုပ်ရဲ့ နှလုံးသားမဲ့ချိုင့်ဝှမ်းလို အင်အားစုလေးတစ်ခုက အင်မော်တယ်နတ်သမီးတို့လို အထွတ်အထိပ် အမွေအနှစ်တွေရှိတဲ့ ဂိုဏ်းတစ်ခုကို ဘယ်လိုနည်းနဲ့မှ လာရောက်ရန်စမိမှာ မဟုတ်ပါဘူး။ မေးပါရစေ။ နတ်သမီးတို့အနေနဲ့ ဒီကိစ္စကို ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းချင်လဲ။ ဒီအဘိုးကြီး လုပ်ဆောင်ပေးနိုင်သရွေ့တော့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်”
သူ အသက်တစ်ထောင်ကျော် နေထိုင်ခဲ့ပြီးဖြစ်ရာ သူ့အသိဉာဏ်မှာ နှလုံးသားမဲ့ချိုင့်ဝှမ်း၏ သခင်နှင့် နှိုင်းယှဉ်၍မရပေ။
သူ့ရှေ့မှ နတ်သမီးသည် စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်၏ အရှိန်အဝါသာ ရှိနေသော်လည်း ထိုဖိအားမျိုးမှာ သူ့နက်ရှိုင်းလှသော မှတ်ဥာဏ်မှုများထဲရှိ ပါရမီရှင်တစ်ဦးထံတွင်သာ တွေ့မြင်ဖူးခဲ့သည့် အရာမျိုး ဖြစ်နေ၏။
ဤကဲ့သို့သော ပါရမီရှင်မျိုးမှာ မြင့်မြတ်နယ်မြေများမှ မွေးဖွားလာသူ သို့မဟုတ် အနည်းဆုံး သူတော်စင်တစ်ပိုင်းအဆင့်ရှိသော အင်အားစုတစ်ခုမှ လာသူ ဖြစ်ရပေမည်။
သူတော်စင်တစ်ပိုင်းအဆင့်ရှိသော အင်အားစုတစ်ခုပင် သူ၏ သေးငယ်လှသော နှလုံးသားမဲ့ချိုင့်ဝှမ်းအနေဖြင့် တောင့်ခံနိုင်မည့်အရာ မဟုတ်ပေ။
“ဒီလိုသာ စောစောက လုပ်ခဲ့ရင် ပြီးသွားမဲ့ကိစ္စကို”
ချန်ကျင်းကျင်း စိတ်မရှည်သလို ရေရွတ်လိုက်သည်။
“နတ်သမီးရဲ့ ညွှန်ပြမှုက တန်ဖိုးရှိလှပါတယ်”
မဟာအကြီးအကဲသည် လုံးဝ ဒေါသမထွက်သည့်အပြင် ဆန့်ကျင်ဘက်အနေဖြင့် သူ့မျက်နှာတွင် ဖားယားလိုသော အမူအရာ ရှိနေ၏။
ဤမြင်ကွင်းက နှလုံးသားမဲ့ချိုင့်ဝှမ်း တပည့်များ၏ စိတ်ထဲတွင် တစ်ခါက ရှိခဲ့ဖူးသော သူ၏ ခန့်ညားထည်ဝါလှသည့် ပုံရိပ်ကို ချက်ချင်းပင် ပြိုလဲပျက်စီးသွားစေသည်။
သို့သော်လည်း နှလုံးသားမဲ့ချိုင့်ဝှမ်းမှ တပည့်များသည် စိတ်လိုက်မာန်ပါ မလုပ်ခဲ့ကြဘဲ ချိုင့်ဝှမ်းမှ ထွက်ခွာသွားရန် စိတ်ကူးကိုသာ တိတ်တဆိတ် တွေးလိုက်ကြသည်။
ဤကဲ့သို့သော ဂိုဏ်းမျိုးတွင် ဆက်လက်နေထိုင်ရန် မထိုက်တန်ပေ။
ချူချိုက်ယီ တည်ငြိမ်စွာ ပြောလိုက်သည်။
“လျူကျားဟွေ့ကို အပ်လိုက်။ ပြီးတော့ နင်တို့နှလုံးသားမဲ့ချိုင့်ဝှမ်းက ငါ့ကလေးတွေအပေါ် သတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက် ထားရဲတဲ့အတွက လျော်ကြေးပေးရမယ်”
“သဘောတူပါတယ်”
ထိုစကားကို ကြားလိုက်ရသောအခါ မဟာအကြီးအကဲ ထပ်မံတွေးတောခြင်းမရှိ ချက်ချင်း သဘောတူလိုက်သည်။
လက်စဖျောက်ခံရမည့် ဘေးအန္တရာယ်နှင့် နှိုင်းယှဉ်ပါက တပည့်တစ်ယောက်ကို အပ်နှံလိုက်ခြင်းက ဘာမှမဟုတ်ပေ။
ထို့ပြင် နှလုံးသားမဲ့ချိုင့်ဝှမ်း၏ သခင်ပင် ကျဆုံးသွားခဲ့ပြီဖြစ်ရာ သူ တပည့်တစ်ယောက်အပေါ် ဂရုစိုက်နေမည် မဟုတ်တော့ပေ။
ထိုစကားကို ကြားလိုက်ရသောအခါ လူအုပ်ထဲရှိ လျူကျားဟွေ့ ချက်ချင်းပင် မျက်နှာဖြူလျော်သွားပြီး ခန္ဓာကိုယ်ကို မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားဝောာ့သည်။
ဤအရာကို မြင်သောအခါ ဆရာမိန်ကျင်း သူမကို ချက်ချင်းပင် ထူမပေးလိုက်ပြီး ခပ်အေးအေး ပြောလိုက်သည်။
“ကျားဟွေ့၊ သွားလိုက်ပါ။ ဒါ မင်းရဲ့ ကံကြမ္မာပဲ”
“ဆရာ... ကျွန်မ...”
လျူကျားဟွေ့ ယခုအခါတွင် ထိတ်လန့်ကြောက်ရွံ့မှုများမှတစ်ပါး အခြားဘာကိုမှ မခံစားနိုင်တော့ပေ။ သူမ လီဖျန်အန်းကို ရင်ဆိုင်ရန် မဝံ့ရဲသလို ဒေါသတကြီး ချဉ်းကပ်လာကြသော အင်မော်တယ်များကိုလည်း မရင်ဆိုင်ရဲပေ။
ဆရာမိန်ကျင်း ပြောလိုက်သည်။
“တကယ်လို့ မင်း ဂုဏ်သိက္ခာရှိရှိနဲ့ မသွားချင်ဘူးဆိုရင်တော့ မင်း ဆရာဖြစ်တဲ့ ငါကပဲ ကူညီပေးရတော့မှာပေါ့”
ထိုစကားကို ကြားလိုက်ရသောအခါ လျူကျားဟွေ့၏ စိတ်နှလုံးထဲရှိ နောက်ဆုံး မျှော်လင့်ချက်ရောင်ခြည်လေးမှာ ကွယ်ပျောက်သွားတော့သည်။ သူမ ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး လမ်းလျှောက်နေသော အလောင်းကောင်တစ်ခုကဲ့သို့ လူအုပ်ထဲမှ လမ်းလျှောက်ထွက်လာ၏။
သူမ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် နှလုံးသားမဲ့ချိုင့်ဝှမ်းမှ တပည့်များက လမ်းဖယ်ပေးကြသည်။
နှလုံးသားမဲ့ချိုင့်ဝှမ်းဆီသို့ ဤမျှကြီးမားသော ဘေးအန္တရာယ်ကို ယူဆောင်လာသူမှာ စိတ်ဝိညာဉ်စွမ်းအား နိုးထရုံသာရှိသေးသည့် တပည့်မတစ်ဦးဖြစ်ကြောင်း မြင်တွေ့လိုက်ရသောအခါ သူတို့ အလွန်တရာ စိတ်ဓာတ်ကျသွားလေ၏။
မဟာအကြီးအကဲ၏ နှုတ်ခမ်းထောင့်ပင် မထိန်းနိုင်ဘဲ တွန့်ကွေးသွားရသည်။ သူ့စိတ်ထဲတွင်မူ တပည့်သစ်စုဆောင်းခြင်းကို တာဝန်ယူထားသူများအားလုံးကို လှည့်ပတ်ဆဲရေးနေတော့သည်။
‘မင်းတို့အားလုံး ငါတို့ နှလုံးသားမဲ့ချိုင့်ဝှမ်းရဲ့ စည်းမျဉ်းတွေကို ခွေးကျွေးလိုက်ကြပြီလား’
‘တပည့်တစ်ယောက်ကို လက်ခံချင်တာနဲ့ ငါ့ရဲ့ နှလုံးသားမဲ့ချိုင့်ဝှမ်းကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့တယ်လား’
လျူကျားဟွေ့သည် ချူရွှယ်တောက်၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ သူမသည် ရှေ့မှ အမျိုးသားကို ကြည့်ကာ ပြောလိုက်၏။
“အစ်ကို ပင်အန်း၊ ကျွန်မကို မသတ်ပါနဲ့။ ကျွန်မ အစ်ကို့ရဲ့ အသက်ကို နုတ်ယူချင်ခဲ့တာ မဟုတ်ပါဘူး။ ဒါတွေအားလုံး ကျွန်မရဲ့ ဆရာနဲ့ နှလုံးသားမဲ့ချိုင့်ဝှမ်းက ဖိအားပေးလို့ လုပ်ခဲ့ရတာပါ”
ဤစကားလုံးများ ထွက်ပေါ်လာသည်နှင့် နှလုံးသားမဲ့ချိုင့်ဝှမ်းမှ တပည့်များ ချက်ချင်းပင် ဒေါသတကြီး ဖြစ်သွားကြသည်။
သူတို့ နှလုံးသားမဲ့ချိုင့်ဝှမ်း၏ ကျင့်စဉ်နည်းလမ်းများမှာ အနည်းငယ် ထူးဆန်းသော်လည်း မည်သူ့ကိုမှ ကျင့်ကြံရန် အတင်းအကျပ် မပြုလုပ်ခဲ့ဖူးချေ။
အနီးနားက တိုင်းပြည်များထဲတွင် မရေမတွက်နိုင်သော အရပ်သားများသည် သူတို့နှလုံးသားမဲ့ချိုင့်ဝှမ်းသို့ ဝင်ရောက်ရန် အသည်းအသန် ကြိုးစားနေကြရလေ၏။
အသက်ရှင်သန်ရေးအတွက် ဤမိန်းမက အမှန်တကယ်ပင် ဤကဲ့သို့သော အမှုကို ကျူးလွန်ရဲသည်။
အကယ်၍ ထိုကြောက်မက်ဖွယ်ကောင်းသော လူများသာ ရှိမနေပါက သူတို့မှာ စက်ဆုပ်ဖွယ်ကောင်းသော မိန်းမကို ရိုက်နှက်ကာ သတ်ပစ်ချင်နေကြ၏။
“လီပင်အန်းဆိုတဲ့လူက သေသွားပြီ”
ချူရွှယ်တောက် ပြောလိုက်သော ပထမဆုံး စကားက လျူကျားဟွေ့ကို စိတ်ပျက်အားလျော့သွားစေသည်။
သူက ဆက်၍ပြောလိုက်သည်။
“အခု မင်းရှေ့မှာ ရပ်နေတဲ့လူက ချူရွှယ်တောက်ပဲ။ ငါ ဒီနေ့ ဒီကိုလာတာ နောင်တစကားတွေကို နားထောင်ဖို့ မဟုတ်ဘူး။ ငါပြောချင်တာ အတိတ်တုန်းက မင်းဟာ ငါ့ကို ဘာမဟုတ်တဲ့ကျင့်စဉ်အတွက် ခြေနင်းကျောက်တုံးတစ်ခုအဖြစ် အသုံးပြုခဲ့ပေမဲ့ ဒီနေ့မှာတော့ ငါက မင်းလက်လှမ်းမမှီနိုင်တဲ့ နေရာကို ရောက်နေပြီဆိုတာပဲ”
စကားများ ဆုံးသွားသည်နှင့် သူ ခါးတွင်ချိတ်ထားသော ဓားရှည်ကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။
ချွင်
ဓားအလင်းတန်း တစ်ချက်လက်သွားပြီးနောက် ဓားချီတစ်ခုက ကျဆင်းလာသည်။
လျူကျားဟွေ့အနေဖြင့် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ သူမ ခန္ဓာကိုယ်မှာ ဓားတစ်ချက်တည်းဖြင့် နှစ်ပိုင်းပြတ်သွားတော့လေ၏။
ချူရွှယ်တောက်သည် လျူကျားဟွေ့၏ အလောင်းကို ထပ်မံကြည့်ရှုခြင်းမပြုဘဲ လက်ထဲမှ ဓားကို ဖြည်းညှင်းစွာ ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။
“ကောင်းတယ်”
နှလုံးသားမဲ့ချိုင့်ဝှမ်း၏ တပည့်များထဲမှ တစ်စုံတစ်ယောက်က ဦးဆောင်၍ အော်ဟစ်လိုက်ပြီးနောက် အခြားသော တပည့်များကလည်း လိုက်လံလက်ခုပ်တီးကြလေ၏။
“သတ်လိုက်တာ ကောင်းတယ်”
“ပြောတာ ကောင်းတယ်၊ အဲဒီလို မိန်းမမျိုးက အသတ်ခံရဖို့ ထိုက်တန်တယ်”
“…”
သားဖြစ်သူက ဤကိစ္စကို ပြတ်ပြတ်သားသား ဖြေရှင်းလိုက်သည်ကို မြင်တွေ့ရသဖြင့် ချူချိုက်ယီ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူမ ချူရင်းရင်းကို ခေါ်ဆောင်ကာ ကောင်းကင်ယံမှ ဆင်းသက်လာခဲ့၏။
ချန်ကျင်းကျင်း၊ ပိုင်ကျင်းနှင့် မြို့စားချိုက်ယုတို့သည်လည်း တစ်ဦးပြီးတစ်ဦး ဆင်းသက်လာကြသည်။
ဤအရာကို မြင်သောအခါ နှလုံးသားမဲ့ချိုင့်ဝှမ်း၏ အကြီးအကဲများ အလျင်အမြန် ရှေ့သို့ တိုးလာကာ ပြောလိုက်သည်။
“တာအိုမိတ်ဆွေတို့ ပထမကိစ္စ ဖြေရှင်းပြီးသွားပြီဆိုတော့ လျော်ကြေးအကြောင်းကို ဆွေးနွေးကြတာပေါ့”
ချူချိုက်ယီ တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါက အကြောင်းပြချက်မရှိဘဲ မဆီမလျော်လုပ်တတ်တဲ့လူ မဟုတ်ဘူး။ နင်တို့ နှလုံးသားမဲ့ချိုင့်ဝှမ်းရဲ့ ရတနာတိုက်ထဲက ရတနာတစ်ခုကိုပဲ ရွေးလိုက်မယ်”
ထိုစကားကို ကြားလိုက်ရသောအခါ မဟာအကြီးအကဲ၏ မျက်လုံးများ လင်းလက်သွား၏။ သို့သော် ဆက်၍တွေးကြည့်သောအခါ တစ်ဖက်လူမှာ လုပ်ရိုးလုပ်စဉ်အတိုင်းသာ ပြုလုပ်နေခြင်းဖြစ်နိုင်ကြောင်း သဘောပေါက်သွားသည်။
သူမ၏ အဆင့်အတန်းနှင့်ဆိုလျှင် နှလုံးသားမဲ့ချိုင့်ဝှမ်း၏ စုဆောင်းထားမှုများကို လောဘတက်နေမည်မဟုတ်ပေ။
“တာအိုမိတ်ဆွေ ကျေးဇူးပြုပြီး ကြွပါ”
“အင်း”
ချူချိုက်ယီ ခေါင်းညိတ်လက်ခံလိုက်ပြီးနောက် အုပ်စုကို ဦးဆောင်ကာ မဟာအကြီးအကဲ၏ နောက်မှ ချိုင့်ဝှမ်းအတွင်းသို့ လိုက်ပါသွားသည်။
တခဏကြာပြီးနောက် လူစုမှာ နှလုံးသားမဲ့ချိုင့်ဝှမ်း၏ ရတနာတိုက်သို့ ရောက်ရှိလာ၏။
မဟာအကြီးအကဲက ပြောလိုက်သည်။
“တာအိုမိတ်ဆွေ၊ ဒါက ကျုပ်ရဲ့ နှလုံးသားမဲ့ချိုင့်ဝှမ်းက ရတနာတိုက်ပါ။ ကျေးဇူးပြုပြီး စိတ်ကြိုက် ရွေးချယ်ပါ”
ချူချိုက်ယီက အသာယာ ခေါင်းညိတ်လိုက်သည်။
“နင်တို့ နှလုံးသားမဲ့ချိုင့်ဝှမ်းရဲ့ ရှေးဟောင်းပစ္စည်းအချို့ကိုပဲ ထုတ်ပေးပါ။ ငါတို့ ဒီသံတိုသံစတွေနဲ့ အပိုင်းအစတွေကို ကြည့်ဖို့ စိတ်မဝင်စားဘူး”
“ဟုတ်ကဲ့ပါ”
မဟာအကြီးအကဲက စိတ်ထဲတွင် တွေးလိုက်သည်။
‘ငါခန့်မှန်းခဲ့တဲ့အတိုင်းပဲ။ သူ လိုချင်တာက သိက္ခာဆယ်ဖို့ပဲ။ တကယ့်ကို ပါရမီရှင်တစ်ယောက်ရဲ့ ပုံစံအတိုင်းပါပဲ’
အချိန်တစ်ခုကြာပြီးနောက် မဟာအကြီးအကဲသည် သေတ္တာအနည်းငယ်ကို သယ်ဆောင်လာပြီး ချူချိုက်ယီတို့ အုပ်စု ရှေ့တွင် ချထားလိုက်သည်။
“နတ်သမီးတို့၊ ဒီသေတ္တာတွေထဲက ပစ္စည်းတွေဟာ ကျုပ်ရဲ့ နှလုံးသားမဲ့ချိုင့်ဝှမ်းမှာ နှစ်ပေါင်းထောင်ချီကြာအောင် သိုလှောင်ထားခဲ့တာဖြစ်ပြီး ရှေးဟောင်းပစ္စည်းတွေလို့ သတ်မှတ်နိုင်ပါတယ်”
ထိုစကားကို ကြားရသော်လည်း ချူချိုက်ယီတို့၏ မျက်နှာတွင် မည်သည့်အမူအရာမှ ပြောင်းလဲခြင်းမရှိပေ။
သူတို့ မျက်လုံးထဲတွင် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက ပစ္စည်းများနှင့် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက ပစ္စည်းများအကြား မည်သည့်ကွာခြားချက်မှ မရှိချေ။
အမျိုးသမီး သုံးဦးက သူတို့နတ်ဘုရားအာရုံများဖြင့် ထိုနေရာကို လှန်လှောကြည့်ရှုပြီးနောက် အကြည့်များသည် ရှေးဟောင်း သစ်သားသေတ္တာလေးတစ်ခုပေါ်သို့ ကျရောက်သွားခဲ့သည်။ သူတို့ တပြိုင်နက်တည်း ပြောလိုက်ကြ၏။
“ငါတို့ ဒါကို ယူမယ်”
အမျိုးသမီး သုံးဦး၏ အကြည့်များနောက်သို့ လိုက်ကြည့်လိုက်သောအခါ မဟာအကြီးအကဲသည် သူတို့ရွေးချယ်လိုက်သော သစ်သားသေတ္တာကို မြင်တွေ့လိုက်ရ၏။ တခဏတာမျှ တုံ့ဆိုင်းသွားပြီးနောက် သူ ခေါင်းညိတ်လိုက်သည်။
“ပြဿနာမရှိပါဘူး။ နတ်သမီးတို့ ဒီပစ္စည်းကို ယူသွားနိုင်ပါတယ်”
ချူချိုက်ယီ သေတ္တာကို ယူလိုက်သည်။ မထွက်ခွာမီ သူမသည် ခြေလှမ်းများကို ရပ်တန့်လိုက်၏။
“ဒီကိစ္စ ဒီနေရာတင် ပြီးဆုံးပြီ”
“ကျေးဇူးတင်ပါတယ်၊ တာအိုမိတ်ဆွေ”
မဟာအကြီးအကဲသည် ချူချိုက်ယီတို့ အုပ်စုကို နှလုံးသားမဲ့ချိုင့်ဝှမ်း၏ အပြင်ဘက်အထိ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပို့ဆောင်ခဲ့သည်။
ကောင်းကင်ယံသို့ ရောက်ရှိသွားသောအခါ မြို့စား ချိုက်ယုမှာ ချက်ချင်းပင် အဆတစ်ရာမျှ ကြီးမားလာပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ထွက်ပေါ်လာ၏။
ထိုအရာက တခဏမျှသာ ဖြစ်သော်လည်း နှလုံးသားမဲ့ချိုင့်ဝှမ်းမှ ကျင့်ကြံသူများအားလုံးကို ဝိညာဉ်များ ခန္ဓာကိုယ်မှ ထွက်ခွာသွားသကဲ့သို့သော ခံစားချက်မျိုး ပေးစွမ်းသည်။
အချိန်အတော်ကြာသွားပြီးမှသာ မဟာအကြီးအကဲ ပြောလိုက်သည်။
“နီဗားနားရှင်သန်ခြင်းအဆင့်နတ်ဆိုးဘုရင်ပဲ။ တော်သေးတာပေါ့။ ဒီအဘိုးကြီး အသေခံပြီး အဆုံးအထိ တိုက်ခိုက်ဖို့ မရွေးချယ်မိခဲ့လို့”
ထိုစကားကို ကြားလိုက်ရသောအခါ သူ့နောက်ကွယ်တွင် ရပ်နေကြသော နှလုံးသားမဲ့ချိုင့်ဝှမ်းမှ အဆင့်မြင့်အကြီးအကဲများ နောက်တစ်ကြိမ် ချွေးစေးများ ပြန်သွားကြလေ၏။
မဟာအကြီးအကဲ၏ ပုံရိပ်မှာ သူတို့ စိတ်နှလုံးထဲတွင် နောက်တစ်ဖန် အလွန်တရာ ကြီးမားသွားလေတော့သည်။
အခန်း (၄၇၀)
“ဒီသစ်သားသေတ္တာထဲမှာ နတ်ဆိုးစွမ်းအင်အကြွင်းအကျန်တွေ ရှိနေတာပဲ။ ဒါပေမဲ့ ဒါက ကမ္ဘာခြားကောင်းကင်နတ်ဆိုးတွေရဲ့ အရှိန်အဝါမျိုးတော့ မဟုတ်ဘူး။ ဒေသခံ နတ်ဆိုးမျိုးနွယ်စုတစ်ခုခုရဲ့ ရှေးဟောင်းအမွေအနှစ်များ ဖြစ်နေမလား”
မြောင်တောင်ပေါ်တွင်
ချူဖုန်းသည် သူ့ရှေ့ရှိ သေတ္တာကို သေချာစွာ စစ်ဆေးရင်း ရေရွတ်လိုက်၏။
ရွှမ်ထျန်းတိုက်ကြီးတွင် တစ်ချိန်က နတ်ဆိုးမျိုးနွယ်စုများ ရှိခဲ့ဖူးပြီး ထိုနတ်ဆိုးမျိုးနွယ်စုများမှာ ဤတိုက်ကြီးကို မရေမတွက်နိုင်သော ခေတ်ကာလများစွာ စိုးမိုးအုပ်ချုပ်ခဲ့သည်။
သို့သော်လည်း နတ်ဆိုးမျိုးနွယ်၏ အုပ်ချုပ်မှုမှာ နောက်ဆုံးတွင် မျိုးနွယ်ပေါင်း တစ်ရာမှ ကျင့်ကြံသူများ၏ တော်လှန်ခြင်းကို ခံခဲ့ရပြီး လက်ရှိတွင် ထိုမျိုးနွယ်စုများ၏ အာဏာလုပွဲဆင်နွှဲနေသည့် အခြေအနေသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သေတ္တာပေါ်တွင် ထုဆစ်ထားသော တံဆိပ်ကိုမူ သူတစ်ခါမျှ မမြင်ဖူးချေ။
သူ သောင်းပြောင်းပညာရပ်ဌာနရှိ စာအုပ်အားလုံးကို ဖတ်ရှုခဲ့ဖူးသဖြင့် ကိုယ့်ကိုယ်ကိုယ် ဗဟုသုတစုံလင်သူဟု ပြောရဲသည်။
‘ဒီပစ္စည်းက လက်ရှိခေတ်က ပစ္စည်းတစ်ခု မဟုတ်ဘူးလား’
‘မဖြစ်နိုင်တာ’
‘နှလုံးမဲ့ချိုင့်ဝှမ်းလို အင်အားစုလေးတစ်ခုမှာ ဘယ်လိုလုပ်ပြီး ရှေးခေတ်က ပစ္စည်းတစ်ခု ရှိနေမှာလည်း’
“ဆရာ၊ ကျွန်မ ဒီသေတ္တာကို ရွေးချယ်ခဲ့တာက သေတ္တာထဲက နတ်ဆိုးစွမ်းအင်အကြွင်းအကျန်တွေကို သတိထားမိခဲ့လို့ပါ”
ချူချိုက်ယီ ရိုသေလေးစားသော အမူအရာဖြင့် ပြောလိုက်သည်။
သူမ၏ ကလေးနှစ်ယောက်ကို ဝမ်တောက်မြို့သို့ ပြန်လည်ခေါ်ဆောင်ကာ အခြေချပေးပြီးနောက် သူမသည် အခွင့်အရေးရသည်နှင့် သူမ ဆရာအား ပြေးလာတွေ့ကာ နှလုံးမဲ့ချိုင့်ဝှမ်းတွင် ရှာတွေ့ခဲ့သော သစ်သားသေတ္တာကို ဆက်သခဲ့ခြင်း ဖြစ်သည်။
ဤသေတ္တာမှာ တားမြစ်မန္တန်များဖြင့်ချိပ်ပိတ်ထားသော သေတ္တာတစ်လုံးဖြစ်ပြီး နှစ်ပေါင်းသောင်းချီ ကြာမြင့်ခဲ့သည့်တိုင်အောင် ၎င်းပေါ်ရှိ ရုပ်ကြွများသည် အသက်ဝင်စွာ ရှိနေဆဲပင်။
“ဒီသေတ္တာထဲမှာ ဘာရှိလဲဆိုတာကို ငါ တော်တော်လေး စိတ်ဝင်စားမိတယ်”
ချူဖုန်း လက်ထဲမှ သေတ္တာကို ချလိုက်ပြီး ချူချိုက်ယီကို ကြည့်ကာ မေးလိုက်သည်။
“ဒါကို ဖွင့်ကြည့်လို့ရလား”
“ဖွင့်ပါ ဆရာ”
ချူချိုက်ယီက ထိုအရာမှာ အရေးကြီးကိစ္စတစ်ခုဟု မထင်ပေ။
သူမ ဆရာသာမရှိလျှင် သူမသည် ယခုဘဝတွင် ကလေးများကို တွေ့မြင်ခွင့်ရရန် မဆိုနှင့် လက်ရှိအဆင့်အတန်းကိုပင် ရလာနိုင်မည်မဟုတ်ပေ။
“ကောင်းပြီ”
ချူဖုန်းသည် လက်ကိုတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် သေတ္တာပေါ်ရှိ နီဗားနားရှင်သန်ခြင်းအဆင့် ချိတ်ပိတ်မှုကို အလွယ်တကူပင် ဖျက်ဆီးလိုက်၏။
သူ သေတ္တာကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ အတွင်း၌ သိုးသားရေစာလိပ်တစ်ခုကို တွေ့လိုက်ရသည်။
ချူဖုန်းမှာ တွေဝေမနေဘဲ လက်ကိုဆန့်ကာ ထိုစာလိပ်ကို ယူလိုက်တော့၏။ သူ့လက်နှင့် ထိမိသွားသည့် ခဏ၌ အတွင်းမှ နတ်ဆိုးစွမ်းအင်တစ်ခု အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာတော့သည်။
‘အင်း…’
ချူဖုန်း လက်မှ အလင်းတန်းများ ဖြာထွက်လာပြီး ထိုနတ်ဆိုးစွမ်းအင်များအား ချက်ချင်း ဖိနှိပ်လိုက်သည်။
သူက နတ်ဆိုးစွမ်းအင်နှင့် ညစ်ညူးဖွယ်ရာချီစွမ်းအားများ ဖုံးလွှမ်းနေသည့် စာလိပ်ကို ဖြည်းညှင်းစွာ ဖြန့်လိုက်သည်။
ဤမျှလောက်သော နတ်ဆိုးစွမ်းအင်ပမာဏမှာ ချူဖုန်းအတွက် ဘာမှမဟုတ်ပေ။
သူ သာမန်ကာလျှံကာ ဝှေ့ယမ်းလိုက်ရုံဖြင့် နတ်ဆိုးစွမ်းအင်နှင့် သွေးပျက်ဖွယ်ရာချီစွမ်းအားများက ပျယ်လွင့်သွားပြီး စာလိပ်ပေါ်တွင် သင်္ဘောတစ်စင်း၏ ပုံရိပ်တစ်ခု ထွက်ပေါ်လာတော့သည်။
၎င်းမှာ တစ္ဆေသင်္ဘောတစ်စင်းပင်။ တစ္ဆေသင်္ဘောဟု ခေါ်ရခြင်းမှာ ပန်းချီကားတစ်ချပ်မျှသာ ဖြစ်သော်လည်း ၎င်းအတွင်း၌ ရွေ့လျားနေသော တစ္ဆေများ ရှိနေသောကြောင့် ဖြစ်၏။
နတ်ဆိုးစွမ်းအင်နှင့် သွေးပျက်ဖွယ်ရာချီစွမ်းအားများမှာ ထိုသရဲတစ္ဆေများထံမှ ဖြာထွက်နေခြင်း ဖြစ်သည်။
“ဒါ မြေအောက်ကမ္ဘာကို သွားတဲ့ ကူးတို့လက်မှတ် ဖြစ်နေတာပဲ”
ထိုစကားထွက်လာသည်နှင့် တပည့်များအားလုံး ဇဝေဇဝါဖြစ်သွားကြပြီး ချူဖုန်းကို စပ်စုလိုသော အကြည့်များဖြင့် လှည့်ကြည့်လာကြသည်။
မဟာပဏ္ဍိတရွှေတောင်ပံ ရုတ်တရက် မေးလိုက်သည်။
“ဒါက ဘယ်တော့မှ မရပ်နားဘဲ ခုတ်မောင်းနေတဲ့ မြေအောက်ကမ္ဘာ ရတနာသင်္ဘောရဲ့ လက်မှတ်လား”
“မှန်တယ်”
ချူဖုန်းက ပြုံးလျက် ပြောလိုက်သည်။
“မင်းက ဒီလိုအရာမျိုးကိုလည်း သိနေလိမ့်မယ်လို့ မထင်ထားဘူး ”
မဟာပဏ္ဍိတရွှေတောင်ပံ ရယ်မောလိုက်သည်။
“ဟီးဟီး၊ အစ်ကိုကြီး၊ ကျွန်တော့်ကို မချီးမွမ်းပါနဲ့။ ဒါတွေအားလုံးက ကျွန်တော့်ရဲ့ သွေးမျိုးဆက်အမွေအနှစ်ကနေ သိလာတာပါ။ မြေအောက်ကမ္ဘာရဲ့ ကူးတို့လက်မှတ်ကို ကိုင်ဆောင်ထားသရွေ့ မြေအောက်ကမ္ဘာ ရတနာသင်္ဘောပေါ် တက်နိုင်ပြီး အဲ့ဒီပေါ်မှာ ထာဝရအသက်ကိုလည်း ရနိုင်တယ်လို့ ပြောကြတယ်။ နှမြောဖို့ကောင်းတာက အဲ့ဒီသင်္ဘောပေါ်တက်သွားတဲ့ ဘယ်သူမဆို သင်္ဘောပေါ်ကနေ ပြန်ဆင်းလာတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး”
ချူဖုန်း ပြောလိုက်သည်။
“အကျဉ်းချခံရတဲ့ ပုံစံမျိုးနဲ့ ထာဝရအသက်ရှင်တာပေါ့ ဟုတ်လား”
မဟာပဏ္ဍိတရွှေတောင်ပံ ခေါင်းခါလိုက်သည်။
“အဲ့ဒါကိုတော့ ကျွန်တော်လည်း နားမလည်ဘူး”
ချူဖုန်း မြေအောက်ကမ္ဘာ ကူးတို့လက်မှတ်ကို သိမ်းဆည်းကာ သေတ္တာထဲသို့ ပြန်ထည့်လိုက်ပြီး ချူချိုက်ယီ၏ ရှေ့သို့ တွန်းပေးလိုက်သည်။
“မင်း သိချင်စိတ်ကို ဖြေရှင်းပေးပြီးပြီ။ ဒီအရာကို သေသေချာချာ သိမ်းထားလိုက်။ တစ်နေ့နေ့မှာ အသုံးဝင်လာနိုင်တယ်”
ချူချိုက်ယီ ခေါင်းခါလိုက်သည်။
“ဆရာ၊ ဒါက တပည့်ရဲ့ လက်ဆောင်ပါ။ ဆရာ လက်ခံပေးဖို့ မျှော်လင့်ပါတယ်”
“ကောင်းပြီလေ”
ချူဖုန်း ငြင်းပယ်မနေဘဲ ယူလိုက်တော့သည်။
“ငါက ဒီလို ရှားရှားပါးပါး ပစ္စည်းလေးတွေကို သဘောကျတတ်တာနဲ့ အတော်ပဲ။ မင်း ကလေးတွေကိုကော သေသေချာချာ နေရာချပေးပြီးပြီလား”
ချူချိုက်ယီ ပြောသည်။
“ဆရာ ကျွန်မ သူတို့အတွက် စီစဉ်ပေးခဲ့ပြီးပါပြီ”
“တစ်နေ့နေ့လောက် သူတို့ကို ငါ့ဆီလာတွေ့ဖို့ တောင်ပေါ် ခေါ်လာခဲ့ဦး”
ချူဖုန်း ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
“ဟုတ်ကဲ့”
ချူချိုက်ယီ ပြန်ဖြေလိုက်သည်။
ချူဖုန်း ပြောလိုက်၏။
“မင်းလည်း ခရီးပန်းလာပြီ။ အရင်သွားနားလိုက်ဦး”
“အဲ့တာဆို တပည့်ကို ခွင့်ပြုပါ”
အမျိုးသမီး သုံးဦးစလုံး တချိန်တည်း ပြောလိုက်ကြပြီးနောက် လှည့်ထွက်သွားကြသည်။
ချူဖုန်းကမူ သေတ္တာကို ထပ်မံဖွင့်လှစ်ကာ ကူးတို့လက်မှတ်ကို သေသေချာချာ စစ်ဆေးနေပြန်၏။
“အစ်ကိုကြီး၊ မြေအောက်ကမ္ဘာ ရတနာသင်္ဘောကို သွားကြည့်ချင်လို့လား”
မဟာပဏ္ဍိတရွှေတောင်ပံ ၎င်းကိုမြင်သောအခါ ကျွန်တော့်ကိုလည်း ခေါ်သွားပါဦးဟု ပြောမိလုနီးပါးပင် ဖြစ်သွား၏။
ချူဖုန်း ခေါင်းညိတ်လိုက်သည်။
“ငါ နည်းနည်းတော့ စိတ်ဝင်စားတယ်။ ဒါပေမဲ့ အချိန် မကျသေးဘူး။ သင့်တော်တဲ့ အခွင့်အရေးကို ရှာရမယ်”
“အဲ့ဒီ့ သင့်တော်မဲ့အချိန်က ဘယ်အချိန်လဲ”
မဟာပဏ္ဍိတရွှေတောင်ပံ ထပ်၍မေးလိုက်သည်။
ချူဖုန်းက ပြုံးလိုက်၏။
“အချိန်တန်ရင် မင်းသိရမှာပါ။ မြေအောက်ကမ္ဘာရတနာသင်္ဘောပေါ်က အရာတွေကြောင့် မင်းလိပ်ပြာလွင့်မတတ် မကြောက်သွားဖို့ပဲ လိုတယ်”
မဟာပဏ္ဍိတရွှေတောင်ပံ ခဏတာမျှ တုန့်ဆိုင်းသွားပြီးနောက် ကျောကိုဆန့်ကာ ပြောလိုက်သည်။
“အစ်ကိုကြီး၊ အစ်ကိုကြီးက ဘယ်သူ့ကို အထင်သေးနေတာလဲ။ အစ်ကိုကြီးနဲ့အတူ ရှိနေသရွေ့ ကျွန်တော် ဘယ်နေရာမဆို သွားရဲတယ်”
“ဟားဟား”
ချူဖုန်းက ထပ်မံ၍ မှတ်ချက်မပေးတော့ဘဲ ခပ်တိုးတိုးသာ ရယ်မောလိုက်သည်။
ထိုအချိန်၌ တံခါးအပြင်ဘက်မှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
“ဌာနမှူးချူ ရှောင်ပိုင် လာရောက်ဂါရဝပြုပါတယ်”
“ဝင်ခဲ့ပါ”
ချူဖုန်း တံခါးဘက်သို့ လှည့်ကြည့်လိုက်ရာ အကြီးအကဲရှောင်ပိုင်သည် ပြုံးလျက် ဝင်လာသည်ကို တွေ့ရပြီး သူ့နောက်တွင်မူ စပ်စုသောမျက်လုံးများဖြင့် ချောမောသော လူငယ်လေးတစ်ဦး ပါလာ၏။
အကြီးအကဲရှောင်ပိုင်သည် ထိုလူငယ်လေး၏ အပြုအမူလေးများကို သတိပြုမိသွားပုံရပြီး ချက်ချင်းပင် ငေါက်ငမ်းလိုက်တော့သည်။
“မင်းကို ဟိုဟိုဒီဒီ လျှောက်မကြည့်ပါနဲ့လို့ ငါပြောထားတယ်မဟုတ်လား။ ဘာလို့ နားမထောင်တာလဲ”
ထိုစကားကို ကြားသောအခါ လူငယ်လေးသည် ချက်ချင်းပင် ခေါင်းငုံ့သွား၏။
ချူဖုန်း၏ အကြည့်က လူငယ်လေးထံသို့ ကျရောက်သွားသည်။
“ညီအစ်ကိုပိုင် ဒါက ဘယ်သူများလဲ”
အကြီးအကဲရှောင်ပိုင် ပြောလိုက်သည်။
“အကြီးအကဲချူကို လျှောက်တင်ရရင် သူ့မျိုးရိုးနာမည်က ပင်းပါ။ သူက အကြီးအကဲပင်းရဲ့ မျိုးဆက်ပါ”
“ဩော်”
၎င်းကို ကြားမှသာ ချူဖုန်း သူနှင့် ပင်းယန်တို့ နှစ်ပေါင်းများစွာကြာအောင် အတူတူအိပ်စက်ခဲ့ကြသော်လည်း သူမ မိသားစုအကြောင်းကို တစ်ခါမှ မမေးမြန်းခဲ့ဖူးသည်အား သတိရသွား၏။
သူ့အနေဖြင့် အတိတ်ဘဝက အကျင့်ဆိုးများ အားလုံးကို ယူဆောင်လာမိခဲ့ပုံရသည်။
ကံကောင်းထောက်မစွာ အကြီးအကဲပင်းသည် သူ့အတိတ်ဘဝက ကြာပန်းဖြူလေးများကဲ့သို့ မဖြစ်နေခဲ့ပေ။
သို့မဟုတ်ပါက သူသည် လူလိမ်လူကောက်ဟူသော နာမည်ဆိုးကို ထမ်းပိုးရပေလိမ့်မည်။
ထိုစကားကို ကြားသောအခါ ပင်းယန်သည် လူငယ်လေးက်ု ဖြည်းညှင်းစွာ ကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
“ငါ ပြင်းထန်အေးခဲတောင်တန်းစံအိမ်နဲ့ ဘာပတ်သက်မှုမှ မရှိတော့ဘူးလို့ မပြောခဲ့ဘူးလား”
သူမ စကား မဆုံးသေးမီမှာပင် လူငယ်လေးသည် ဝုန်းခနဲ ဒူးထောက်ကျသွားပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလာ၏။
“ဘွားလေးပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ဘွားလေး အဲ့ဒီတုန်းက ပြင်းထန်အေးခဲတောင်တန်းစံအိမ်ကနေ ထွက်သွားချိန် တောင်တန်းစံအိမ်မှာ ဘေးဒုက္ခနဲ့ ကြုံတွေ့ရတဲ့အခါတိုင်း သုံးကြိမ်တိုင်တိုင် ဝင်ရောက်ကူညီပေးပါမယ်လို့ ဘိုးဘေးကြီးကို ကတိပေးခဲ့ဖူးပါတယ်”
ဘဝနှစ်ခုတိုင်တိုင် နေခဲ့ဖူးသော ချူဖုန်း သူတို့၏ စကားဝိုင်းအရ ပင်းယန်နှင့် သူမ မျိုးနွယ်စုကြား ဆက်ဆံရေးမှာ မကောင်းလှကြောင်း သိလိုက်သည်။
“နှင်းငှက်မွှေးကို ထုတ်လိုက်”
ပင်းယန် အေးစက်စွာ ပြောလိုက်၏။
“ဟုတ်ကဲ့”
လူငယ်လေးမှာ သိုလှောင်လက်စွပ်ထဲမှ အေးစက်သောအရှိန်အဝါများ ထွက်ပေါ်နေသည့် ငှက်မွှေးတစ်ချောင်းကို အလျင်အမြန် ထုတ်ယူကာ ကမ်းပေးလိုက်သည်။
ပင်းယန်သည် နှင်းငှက်မွှေးကို ယူကာ မန္တန်တစ်ခုကို ပေါ့ပေါ့ပါးပါးပင် ရွတ်ဆိုလိုက်၏။ မကြာမီမှာပင် ငှက်မွှေးပေါ်၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာတော့သည်။
“ဒါက ငါအဲ့ဒီတုန်းက ချန်ထားခဲ့တဲ့ နှင်းငှက်မွှေး အစစ်ပဲ။ ပြောစမ်း ငါ့ကို ဘာလုပ်ပေးစေချင်တာလဲ”
လူငယ်လေးက ပြောလိုက်သည်။
“ဘွားလေး ဘိုးဘေးကြီးက ဘွားလေးအနေနဲ့ ပြင်းထန်အေးခဲတောင်တန်းစံအိမ်ကို ကိုယ်စားပြုပြီး ကျားဇီတိုက်ပွဲမှာ ဝင်ပြိုင်ပေးဖို့ အလိုရှိနေပါတယ်”
“ဟမ့်”
ပင်းယန် နှာခေါင်းရှုံ့၍ အေးစက်စွာ ပြောလိုက်လေ၏။
“ပြင်းထန်အေးခဲတောင်တန်းစံအိမ်က ပျက်စီးဖို့ သိပ်မလိုတော့ဘူးနဲ့ တူတယ်၊၊ ငါ့လို အပြင်လူတစ်ယောက်ကို ကျားဇီတိုက်ပွဲမှာ ပါဝင်ခိုင်းဖို့အထိ တွေးမိတယ်ဆိုတော့။ အဲ့ဒါက ဘယ်တော့လဲ”
လူငယ်လေးက အလျင်အမြန် ပြောလိုက်သည်။
“နောက်လဝက်အတွင်းမှာပါ”
“သဘောတူတယ်”
ပင်းယန် အများကြီး တွေးမနေဘဲ သဘောတူလိုက်ပြီ၏။
“ထွက်သွားတော့”
“ဟုတ်ကဲ့”
လူငယ်လေးသည် ပြန်၍ဖြေကြားလိုက်ပြီးနောက် ခြံဝင်းထဲမှ ကုန်းရုန်းထကာ အလျင်အမြန် ထွက်ပြေးထွက်သွားသဖြင့် ချူဖုန်းနှင့် အခြားသူများမှာ ဇဝေဇဝါ ဖြစ်ကာ ကျန်ခဲ့ကြလေတော့သည်။