အခန်း ၆၀၇
Vol. 56 Ch. 607
အပိုင်း (၆၀၇)
“ဒါဆို မင်းက ဘာလုပ်ဖို့ စိတ်ကူးထားလဲ...” လင်းပိုင်ဖန်က မေးလိုက်သည်။
“အခုချိန်မှာ နည်းလမ်းနှစ်လမ်းပဲ ရှိတော့တယ်...”
ယောင်ယောင်က လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်ပြီး - “ပထမတစ်လမ်းကတော့ သူ့ကို သတ်ပစ်လိုက်ဖို့ပဲ။ ဒါဆိုရင် သူမ ကျွန်မကို ဘယ်တော့မှ ကျော်တက်နိုင်မှာ မဟုတ်တော့ဘူး...”
လင်းပိုင်ဖန်မှာ လန့်သွားပြီး - “ဒါက နည်းနည်းတော့ မလွန်လွန်းဘူးလား...။ မင်းတို့က ရန်သူတွေဆိုပေမဲ့လည်း ဒီလောက်အထိ အသက်အသေအပျောက် ဖြစ်စရာ မလိုပါဘူး...”
ယောင်ယောင်က လင်းပိုင်ဖန်ကို ချက်ချင်း လက်ညှိုးဖြင့် ထိုးကာ - “အင်း... ကျွန်မ သိသားပဲ၊ အရှင်မင်းကြီးက တကယ့်ကို မိန်းမလိုက်စားတဲ့သူပဲ။ သူ့ကို နှမြောနေတာမလား...၊ ဒါဆိုရင်တော့ ဒုတိယနည်းလမ်းကိုပဲ သုံးရတော့မှာပေါ့...”
“ဘာနည်းလမ်းလဲ...” လင်းပိုင်ဖန်က ထပ်မေးလိုက်သည်။
“သူမက ‘ခံစားချက်ကင်း နိယာမသိုင်းကျမ်း’ ကို အောင်မြင်ချင်တယ်ဆိုရင်... ကျွန်မတို့က သူ့ကို ခံစားချက်တွေအပေါ် တွယ်တာသွားစေမယ့် အကြောင်းပြချက်တစ်ခု ပေးလိုက်ရုံပဲလေ၊ ဒါဆိုရင် သူမ ဒီသိုင်းကျမ်းကို လေ့ကျင့်လို့ ရတော့မှာ မဟုတ်ဘူး။ သူမ မလေ့ကျင့်နိုင်ရင် ကျွန်မထက် သာမသွားနိုင်တော့ဘူးပေါ့...”
“အကြံကောင်းပဲ...” လင်းပိုင်ဖန်က သူ့ပေါင်သူ ရိုက်ကာ ထောက်ခံလိုက်သည်။
“ဒါကြောင့်မို့လို့ ကျွန်မရဲ့ အကြံပြုချက်ကတော့...”
ယောင်ယောင်က အနားသို့ တိုးကပ်လာပြီး တိုးတိုးလေး ကပ်ပြောလိုက်သည် - “အရှင်မင်းကြီး... အိပ်ရာပေါ်မှာ သူ့ကို အပိုင်ဖမ်းနိုင်အောင် ကြိုးစားလိုက်ပါ။ အကယ်၍ အရှင်မင်းကြီးက သူ့ကို အပြည့်အဝ စိတ်ကျေနပ်အောင် လုပ်ပေးနိုင်ရင် သူမ ‘ခံစားချက်ကင်း နိယာမသိုင်းကျမ်း’ ကို ဘယ်လိုမှ ကျင့်လို့ရတော့မှာ မဟုတ်ဘူး...”
လင်းပိုင်ဖန်မှာ မှင်တက်သွားပြီး - “ယောင်ယောင်... မင်းက ဘယ်လိုလုပ် ဒီလိုအတွေးမျိုး တွေးနိုင်ရတာလဲ။ ငါက အဲဒီလောက်အထိ လွယ်တဲ့သူ မဟုတ်ဘူးနော်...။ မင်းရဲ့ ပုဂ္ဂိုလ်ရေး ရန်ငြိုးအတွက်နဲ့ ငါ့ရဲ့ ပျော်ရွှင်မှုကို ဘာလို့ စတေးခိုင်းရတာလဲ...”
“ဟုတ်ပါတယ်... အရှင်မင်းကြီးက ပုံမှန်အချိန်တွေမှာတော့ အဲ့လိုမဟုတ်ပါဘူး၊ ဒါပေမဲ့ တစ်ခါတလေ ကျရင်တော့ ထိန်းလို့တောင် မရတော့ဘူးလေ။ ကျွန်မက အရှင်မင်းကြီးအကြောင်းကို အရှင်မင်းကြီးထက်တောင် ပိုသိသေးတယ်။ တကယ်တော့ ကျွန်မ ဒီအကြံကို ပေးလိုက်တုန်းက စိတ်ထဲမှာ ခိုးပြီး သဘောကျသွားတယ်မလား...” ယောင်ယောင်က လင်းပိုင်ဖန်ကို အပြစ်တင်သလိုမျိုး ထိုးဆွလိုက်သည်။
“ယောင်ယောင်... မင်း ငါ့ကို အထင်လွဲနေပြီ...”
လင်းပိုင်ဖန်က ယောင်ယောင်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး - “မြစ်ရေပြင် ကျယ်ပြောလှပေမဲ့ ငါကတော့ ရေတစ်မှုတ်စာပဲ သောက်သုံးမှာပါ။ ငါ့အနားမှာ မင်းရှိနေပေးတာနဲ့တင် ငါ အားရကျေနပ်လှပါပြီ...”
ယောင်ယောင်က စိတ်လှုပ်ရှားသွားပြီး - “ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး...၊ ဒါပေမဲ့ ချူးမိဖုရားကျတော့ကော...”
လင်းပိုင်ဖန် - “...”
“ယွဲ့ကိုယ်မိဖုရားကျတော့ကော...”
လင်းပိုင်ဖန် - “...”
“ရှန့်မိဖုရားကျတော့ကော...”
လင်းပိုင်ဖန် - “...”
“သူတို့ကိုလည်း အခုလို စကားမျိုးတွေပဲ ပြောခဲ့တာမလား...”
လင်းပိုင်ဖန် - “..........”
ယောင်ယောင်၏ စနောက်လိုသော မျက်ဝန်းများအောက်တွင် လင်းပိုင်ဖန်က နာကျင်စွာဖြင့် သက်ပြင်းချလိုက်ပြီး - “တကယ်တော့ ငါလည်း ဒါမျိုးကို မလိုလားပါဘူး၊ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ... ငါက တိုင်းပြည်တစ်ခုရဲ့ အုပ်ချုပ်သူ ဖြစ်နေတာပဲလေ။ တော်ဝင်မျိုးနွယ်စုမှာ အနွယ်အဆက် ရှိရမယ်၊ တိုင်းပြည်မှာလည်း အရိုက်အရာ ဆက်ခံမယ့်သူ ရှိရမယ်လေ...”
“ဒါကြောင့်မို့လို့... အမတ်မင်းတွေနဲ့ ပြည်သူလူထုရဲ့ တောင်းဆိုမှုတွေကြောင့် ငါ့ရဲ့ အသိစိတ်ကို ဆန့်ကျင်ပြီးတော့ မင်းတို့အားလုံးကို မိဖုရားအဖြစ် တင်မြှောက်ခဲ့ရတာပေါ့။ ဒါက ငါရှောင်လွှဲလို့မရတဲ့ တာဝန်တစ်ခုပဲ။ ယောင်ယောင်... မင်းက ဘာလို့ ငါ့ရဲ့ ခက်ခဲမှုကို နားမလည်ပေးနိုင်ရတာလဲ...”
ယောင်ယောင် - “...”
ဟမ့်... နားလည်ပေးရဦးမယ် ဟုတ်လား….
ထိုအချိန်တွင် လင်းပိုင်ဖန်က လေးနက်သော လေသံဖြင့် - “ယောင်ယောင်... တိုင်းပြည်နဲ့ ပြည်သူလူထုအတွက်ဆိုရင် ငါ နောက်နောင်လည်း မိဖုရား အနည်းငယ်လောက် ထပ်ယူရဦးမယ် ထင်တယ်၊ မင်း နည်းနည်းလောက် သည်းခံပေးပါဦး...”
ယောင်ယောင် - “.....”
“အရှင်မင်းကြီးမှာ မိဖုရားတွေ ဒီလောက်တောင် များနေတာပဲ... နောက်ထပ် တစ်ယောက် တိုးလာလည်း ဘာဖြစ်မှာလဲ...”
ယောင်ယောင်က လင်းပိုင်ဖန်ကို ထိုးကြိတ်ချင်စိတ်ကို အောင့်အီးသည်းခံရင်း စိတ်လှုပ်ရှားစွာဖြင့် - “သူ့ကို နန်းတော်ထဲ ခေါ်ထားလိုက်ရုံပဲလေ၊ နန်းတော်ထဲ ရောက်တဲ့ အလှည့်အရဆိုရင် ကျွန်မက သူ့ရဲ့ အစ်မကြီး ဖြစ်လာမှာမို့လို့ သူမရဲ့ အပေါ်မှာပဲ အမြဲတမ်း ရှိနေမှာ...။ ဒါတင်မကသေးဘူး... တာအိုဂိုဏ်းကလည်း ထူးချွန်တဲ့ တာအိုမျိုးဆက်တစ်ယောက် ဆုံးရှုံးသွားလိမ့်မယ်။ နောင် ပြိုင်ပွဲတွေကျရင် တာအိုဂိုဏ်းက ကျွန်မတို့ မိစ္ဆာဂိုဏ်းထက် ခြေတစ်လှမ်း နောက်ကျသွားပြီပေါ့၊ ဟားဟား...”
လင်းပိုင်ဖန်က အနည်းငယ် စိုးရိမ်စွာဖြင့် - “ယောင်ယောင်... ဒါက သိပ်တော့ မကောင်းဘူး ထင်တယ်နော်...”
“ဆုံးဖြတ်ပြီးသွားပြီ... အရှင်မင်းကြီးမှာ ကန့်ကွက်ပိုင်ခွင့် မရှိဘူး...” ယောင်ယောင်က ပြတ်ပြတ်သားသားပင် ကြေညာလိုက်သည်။
လင်းပိုင်ဖန် - “...”
ထို့နောက်တွင် ယောင်ယောင်က သူမ၏ ဗျူဟာကို မည်သို့ အကောင်အထည်ဖော်ရမည်ကို အလေးအနက် စဉ်းစားခန်း ဝင်သွားလေသည်။
သူတို့နှစ်ယောက်ကို ဖြည်းဖြည်းချင်း သံယောဇဉ် တွယ်လာအောင် သဘာဝအတိုင်းပဲ လွှတ်ထားရမလား...။
မဖြစ်နိုင်လောက်ပါဘူး။ အဲဒီမိန်းမက အခုပဲ ‘ခံစားချက်ကင်း နိယာမသိုင်းကျမ်း’ ကို ကျင့်ဖို့ ပြင်နေတာလေ။
ဒီတစ်ခေါက် လာတာလည်း နှုတ်ဆက်ဖို့ ဖြစ်တဲ့အတွက် အချိန်အများကြီး မရှိတော့ဘူး။
အရေးပေါ် အခြေအနေမို့ အထူးနည်းလမ်းကို သုံးရတော့မည်။
“အရှင်မင်းကြီး... ခဏစောင့်နေဦး၊ ကျွန်မ အခုချက်ချင်း ပြန်လာခဲ့မယ်...” ယောင်ယောင်က စိတ်လှုပ်ရှားစွာဖြင့် ပြေးထွက်သွားတော့သည်။
နန်းတော်အတွင်းရှိ လနတ်သမီးနန်းဆောင်၌ စုန့်ယွီဖေးက တရားထိုင်နေသည်။
သို့သော်လည်း ယခုအချိန်တွင် သူမ၏ စိတ်ကို တည်ငြိမ်အောင် မလုပ်နိုင်ဘဲ ရှိနေသည်။ သူမ၏ အတွေးများက ရှုပ်ထွေးနေပြီး လူတစ်ယောက်၏ ပုံရိပ်နှင့်သာ ပြည့်နှက်နေမိသည်။
သူမက သက်ပြင်းချရင်း အိပ်ရာမှထကာ ပြတင်းပေါက်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။
ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်ထက်က လင်းပန်းဝိုင်းကဲ့သို့ လမင်းကြီးကို မြင်နေရပြီး ထိုလမင်းကြီးထဲတွင် ထိုလူ၏ ပုံရိပ်ကို ဝိုးတဝါး မြင်ယောင်နေမိသည်။
သူမက ဟာတာတာ ခံစားချက်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်မိသည် - “အရှင်မင်းကြီး... ကျွန်မတို့ နှစ်အနည်းငယ်လောက် ခွဲခွာသွားရင် အရှင်မင်းကြီးက ကျွန်မကို မေ့သွားမှာလားဟင်...။ အကယ်၍ ကျွန်မက အရှင်မင်းကြီးကို မေ့သွားခဲ့ရင်ကော... အရှင်မင်းကြီး စိတ်ထိခိုက်ရမလား...”
သူမ၏ နှလုံးသားထဲတွင် အဖြေမရှိခဲ့ချေ။
သူမသည် လင်းပိုင်ဖန်နှင့် အကြိမ်အနည်းငယ်သာ ဆုံဖူးသော်လည်း သူ၏ပုံရိပ်က သူမ၏ နှလုံးသားထဲတွင် စွဲထင်နေခဲ့ပြီ ဖြစ်သည်။
သူ၏ ခန့်ညားထည်ဝါသော ရုပ်ရည်၊ ပြောင်မြောက်လှသော အရည်အချင်းနှင့် ဗျူဟာများ၊ သူရဲကောင်းဆန်သော စရိုက်နှင့် ကမ္ဘာကြီးကို သိမ်းပိုက်လိုသော ရည်မှန်းချက်ကြီးမားမှုတို့က သူမကို နက်ရှိုင်းစွာ ဆွဲဆောင်နေခဲ့ပြီး စွဲလန်းစေခဲ့သည်။
ဘာပဲဖြစ်ဖြစ်... လောကမှာရှိတဲ့ ဘယ်မိန်းကလေးကမဆို အရှင်မင်းကြီးကို မမြတ်နိုးဘဲ နေပါ့မလဲ။
သူမက တာအိုဂိုဏ်းရဲ့ တာအိုမျိုးဆက်တစ်ဦး ဖြစ်သော်လည်း အမျိုးသမီးတစ်ဦးသာ ဖြစ်သဖြင့် ကင်းလွတ်ခွင့် မရှိခဲ့ပေ။
နှမြောစရာကောင်းသည်မှာ... သူတို့နှစ်ဦး၏ ရပ်တည်ချက် ကွဲပြားမှုကြောင့် သူတို့၏ ဆက်ဆံရေးက သူငယ်ချင်းမှသည် ရန်သူအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်အတွင်းမှာ မနှစ်မြို့စရာ ကိစ္စရပ်တွေ အများကြီး ဖြစ်ပွားခဲ့သည်။
အခုချိန်မှာ ပြဿနာတွေ ပြေလည်သွားခဲ့ပြီ ဆိုသော်လည်း သူတို့ကြားက အက်ကြောင်းကတော့ ကျန်ရှိနေဆဲ ဖြစ်သည်။
ပြီးတော့ သူမ၏ အဆင့်အတန်းကြောင့် သူ၏ အနားမှာ ရပ်တည်ပြီး သုခ၊ ဒုက္ခတွေကို အတူတူ ဝေမျှခွင့် ရမှာမဟုတ်ပေ။
တစ်ခါတလေကျရင် သူမသည် ယောင်ယောင်ကို အထူးပင် မနာလိုဖြစ်မိသည်။
ယောင်ယောင်က မိစ္ဆာမလေးတစ်ယောက် ဖြစ်သော်လည်း မိမိအလိုရှိရာကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိပြီး မိမိမြတ်နိုးရတဲ့ အမျိုးသားကို လက်ထပ်ပိုင်ခွင့် ရှိသည်။
သူမကတော့ ဝတ္တရားတွေ အများကြီးကို ပခုံးမှာ ထမ်းထားရသဖြင့် မိမိကိုယ်ပိုင် ရွေးချယ်မှုတွေကို လွတ်လပ်စွာ မလုပ်နိုင်ခဲ့ချေ။
“ဟူး... ဒီတစ်ကြိမ် ခွဲခွာပြီးရင် ကျွန်မတို့နှစ်ယောက်ရဲ့ ကမ္ဘာကြီးက ပိုဝေးကွာသွားပြီး နောက်ဘယ်တော့မှ ပြန်မဆုံနိုင်တော့တာလည်း ဖြစ်နိုင်တာပဲ...”
အတိအကျပင် ထိုအချိန်တွင် အမည်းရောင်ဝတ် လူတစ်ယောက်က ရုတ်တရက် ဝုန်းခနဲ တိုးဝင်လာခဲ့သည်။
“ဘယ်သူလဲ...” စုန့်ယွီဖေးက ချက်ချင်းပင် လှမ်း၍ လက်ဝါးစောင်းဖြင့် ရိုက်ချလိုက်သည်။
ထိုလူက တိုက်ကွက်ကို ဖမ်းဆီးလိုက်ပြီး ဆက်တိုက် တိုက်ခိုက်လေတော့သည်။
သူတို့နှစ်ဦးက နန်းဆောင်အတွင်း၌ တိုက်ပွဲဖြစ်ပွားနေကြသည်။
တိုက်ခိုက်နေရင်းဖြင့် စုန့်ယွီဖေးက အော်ဟစ်လိုက်သည် - “နန်းတော်အထိ အတင့်ရဲပြီး ဝင်လာရအောင်... မင်းက ဘယ်သူလဲ...”
ထိုလူက ဘာမှပြန်မပြောဘဲ ရုတ်တရက် ဖြူဖွေးသော မှုန့်အချို့ကို ကြဲပက်လိုက်သည်။
စုန့်ယွီဖေးက လျင်မြန်စွာ တုံ့ပြန်လျက် ပေအနည်းငယ်ခန့် နောက်သို့ ဆုတ်လိုက်ပြီး သူမ၏ အစစ်အမှန်ချီဖြင့် ထိုအမှုန့်များကို လွင့်စင်အောင် လုပ်လိုက်သည်။
သို့သော် ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီ။ သူမ၏ အရိုးအဆစ်များ ပျော့ခွေသွားသလို ခံစားလိုက်ရပြီး သူမ၏ အစစ်အမှန်ချီကို ထုတ်သုံး၍ မရတော့ချေ။
ထို့နောက်တွင်တော့ ဖော်ပြ၍မရသော အပူရှိန်တစ်ခုက သူမ၏ ခန္ဓာကိုယ်အတွင်းသို့ အရှိန်အဟုန်ဖြင့် စီးဆင်းလာတော့သည်။
စုန့်ယွီဖေးက ထိတ်လန့်တကြားဖြင့် - “မင်း... မင်းက ဘယ်သူလဲ၊ ငါ့ကို ဘာလုပ်လိုက်တာလဲ...”
“ဘာလုပ်လိုက်တာလဲ ဟုတ်လား... ခဏနေရင် မင်း သိရမှာပေါ့၊ ဟီးဟီး...” ထိုလူက တစ်ချက် ရယ်မောလိုက်ပြီးနောက် အင်အားကင်းမဲ့နေသော စုန့်ယွီဖေးကို ပွေ့ချီကာ ပြတင်းပေါက်မှတစ်ဆင့် ဝုန်းခနဲ ခုန်ထွက်သွားတော့သည်။
မကြာမီအချိန်အတွင်းမှာပင် သူတို့နှစ်ဦးက အရှင်မင်းကြီး၏ အိပ်ဆောင်သို့ ရောက်ရှိလာခဲ့သည်။
“အရှင်မင်းကြီး... ဒီမိန်းမကို အရှင်မင်းကြီးရဲ့ လက်ထဲ အပ်ခဲ့ပြီနော်၊ အပိုင်ဖမ်းနိုင်အောင် ကြိုးစားပါ...” ထိုလူက မျက်နှာဖုံးကို လှန်လိုက်ပြီး ကောက်ကျစ်စွာ ပြုံးလိုက်သည်။
လင်းပိုင်ဖန်က စုန့်ယွီဖေးကို ရင်ခွင်ထဲသို့ ဖမ်းပွေ့လိုက်ရင်း ထိတ်လန့်တကြားဖြင့် - “ယောင်ယောင်... မင်း သူ့ကို ဘာလုပ်လိုက်တာလဲ...”
“ဘာမှမဟုတ်ပါဘူး... ဆေးအနည်းငယ် ကျွေးလိုက်ရုံပါပဲ။ အရှင်မင်းကြီး ခဏနေရင် နားလည်သွားလိမ့်မယ်။ ကျွန်မ သွားပြီနော်၊ ကံကောင်းပါစေ...” ယောင်ယောင်က ပြောပြောဆိုဆိုဖြင့် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
ထိုအချိန်တွင် သူ၏ရင်ခွင်ထဲက စုန့်ယွီဖေးမှာ မျက်နှာတစ်ခုလုံး နီမြန်းနေပြီး မျက်ဝန်းများက ညှို့ဓာတ်ပြင်းပြင်းဖြင့် လင်းပိုင်ဖန်၏ မျက်နှာကို လှမ်း၍ ကိုင်တွယ်ကာ - “အရှင်မင်းကြီး... ဒါ အရှင်မင်းကြီး တကယ်ပဲလားဟင်...”
ဤအခြေအနေအထိ ရောက်လာမှတော့ လင်းပိုင်ဖန်အနေဖြင့် ဘယ်လိုလုပ် စိတ်က အောင့်ထားနိုင်ပါတော့မလဲ။
သူက ချက်ချင်းပင် လက်တွေ့ပြလိုက်လေတော့သည်။
ထိုညတွင် ဘာတွေ ဆက်ဖြစ်ပျက်ခဲ့သလဲ ဆိုသည်ကိုတော့ အထူးရှင်းပြနေစရာ လိုမည် မထင်တော့ပေ။