← Chapters

အခန်း ၆၀၉

Vol. 56 Ch. 609

အခန်း ၆၀၉

Vol. 56 Ch. 609

အပိုင်း (၆၀၉)

​မဟာရှနိုင်ငံတော်တွင် နောက်ထပ် တစ်ရက်မျှ အတူရှိပြီးနောက် စုန့်ယွီဖေးသည် မခွဲခွာချင်လှတဲ့ စိတ်တို့ဖြင့် လင်းပိုင်ဖန်ကို နှုတ်ဆက်ကာ တာအိုဂိုဏ်းသို့ ပြန်သွားခဲ့သည်။

​ ဂိုဏ်းသို့ ရောက်သောအခါ သူမအား လောလောဆယ် မည်သည့်တာဝန်မှ ထမ်းဆောင်ရန်မလိုဘဲ ကျင့်စဉ်ကိုသာ အာရုံစိုက် လေ့ကျင့်ရန် အကြီးအကဲများက လမ်းညွှန်ခဲ့ကြသည်။

​ ထို့ကြောင့် စုန့်ယွီဖေးသည် စိတ်အေးချမ်းသာစွာဖြင့် မဟာရှနိုင်ငံတော်သို့ ပြန်လာခဲ့ပြီး လင်းပိုင်ဖန်၏ ဘေးနားတွင်ပဲ နေထိုင်ခဲ့လေသည်။

​ ရက်အနည်းငယ်ခန့် သုတေသနပြုပြီးနောက် လျိုဝမ်ချင်းသည် နောက်ဆုံးတွင် ဆန်ဇူးပဲစေ့ကို မည်သို့ စိုက်ပျိုးရမည်ကို နည်းလမ်းရှာဖွေတွေ့ရှိသွားခဲ့သည်။

​ စိုက်ပျိုးရန် အခြေအနေများမှာ အလွန်ပင် ခက်ခဲကျပ်တည်းသော်လည်း 'လေးရာသီချိုင့်ဝှမ်း' ၏ ပတ်ဝန်းကျင်မှာ ထိုအပင်ကို စိုက်ပျိုးရန် အကောင်းဆုံး ဖြစ်နေသည်။

​ အကယ်၍ စနစ်တကျ စိုက်ပျိုးပြီး သုံးနှစ်တိုင်တိုင် ဂရုတစိုက် ပြုစုပျိုးထောင်မည်ဆိုပါက ဆန်ဇူးပဲစေ့ တစ်သုတ်ကို ရိတ်သိမ်းနိုင်မည် ဖြစ်သည်။

​ လင်းပိုင်ဖန်သည် ထိုသတင်းကို ကြားလိုက်ရသဖြင့် အတိုင်းထက်အလွန် ဝမ်းမြောက်သွားခဲ့သည်။

​ သူသည် မိမိအတွက် အရေးပေါ်သုံးရန် ဆန်ဇူးပဲစေ့ အချို့ကို ချန်ထားပြီး ကျန်ရှိသမျှ အစေ့အားလုံးကို စိုက်ပျိုးခိုင်းလိုက်သည်။ ယခုအချိန်မှစ၍ သူ၏လက်ထဲတွင် ဆန်ဇူးပဲစေ့များ ပြတ်တောက်သွားခြင်းမရှိဘဲ အစဉ်အမြဲ ရှိနေတော့မည် ဖြစ်သည်။

​

​ ဤအချိန်တွင် ဆောင်းရာသီသို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ ရာသီဥတုကလည်း တဖြည်းဖြည်း ပိုမိုအေးစိမ့်လာခဲ့သည်။

​ ရိက္ခာပြတ်လပ်မှုနှင့် အေးခဲလှသော ရာသီဥတုဒဏ်ကြောင့် နိုင်ငံအသီးသီးမှ ပြည်သူများသည် ပိုမို၍ စိုးရိမ်ထိတ်လန့် လာကြသည်။ သို့သော်လည်း လူအများစုမှာမူ အသက်ရှင်ကျန်ရစ်မည့် လမ်းစကို ရှာဖွေနေကြပြီ ဖြစ်သည်။

​ သူတို့အားလုံးသည် မဟာရှနိုင်ငံတော်သို့ ဦးတည်ရန် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြသည်။ အကြောင်းမှာ မဟာရှနိုင်ငံတော်တွင် လုံလောက်သော ရိက္ခာများရှိပြီး နိုင်ငံပေါင်းစုံမှ ဒုက္ခသည်များကိုလည်း လက်ခံပေးနေသောကြောင့်ပင်။ မဟာရှနိုင်ငံတော်၏ မြေပေါ်သို့ ခြေချနိုင်ရုံမျှဖြင့် အသက်ရှင်သန်ခွင့် ရရှိနိုင်မည် ဖြစ်သည်။

​ ထို့ကြောင့် မဟာရှနိုင်ငံတော်၏ လူဦးရေမှာ တစ်ဟုန်ထိုး ပြန်လည်တိုးပွားလာခဲ့သည်။

​ အင်ပါယာ မြေပုံမှတစ်ဆင့် ကြည့်ရှုလိုက်ရာ ဆောင်းတွင်းဝင်ပြီး နှစ်လအတွင်းမှာပင် ဒုက္ခသည်ပေါင်း သန်း ၅၀ နီးပါး မဟာရှနိုင်ငံတော်သို့ ထွက်ပြေးခိုလှုံလာကြသည်ကို တွေ့လိုက်ရသည်။

​ ဒုက္ခသည် သန်း ၅၀ ဆိုသည်မှာ မည်သည့်နိုင်ငံအတွက်မဆို ကြီးမားလှသော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သည်။ သို့သော်လည်း မဟာရှနိုင်ငံတော်၊ အထူးသဖြင့် လင်းပိုင်ဖန်အတွက်မူ ယင်းက သတင်းကောင်းတစ်ရပ်ပင် ဖြစ်သည်။

​ “ဒင်!... ကစားသမား၏ နိုင်ငံတော်အင်အား တိုးတက်လာသည်နှင့်အမျှ သင်၏ ခွန်အားသည်လည်း လိုက်ပါတိုးမြှင့်လာခဲ့ပြီ ဖြစ်သည်။ ဆုလာဘ်အဖြစ် ‘ခုနှစ်စင်ကြယ် ဓားသိုင်းကျမ်း’ ကို ပေးအပ်လိုက်သည်...”

​ “‘ခုနှစ်စင်ကြယ် ဓားသိုင်းကျမ်း’ သည် ထိပ်တန်း ကျင့်ကြံခြင်းလောကတစ်ခုမှ မြင့်မြတ်လှသော လျှို့ဝှက်ဆန်းကြယ် သိုင်းပညာတစ်ခု ဖြစ်သည်။ လေ့ကျင့်ရန် ခက်ခဲသော်လည်း စွမ်းအားမှာ အလွန်တရာ ကြီးမားလှပြီး ဓားအရှိန်အဝါမှာ ကြယ်ရောင်စုံ ဖြာထွက်နေသကဲ့သို့ ကြယ်ခုနှစ်စင်း ပုံသဏ္ဌာန်ကို ဖော်ဆောင်နိုင်သည်။ ကြယ်တာရာတို့၏ စွမ်းအားကို ဆွဲယူအသုံးပြုနိုင်သဖြင့် နတ်ဘုရားများနှင့် မိစ္ဆာများပင် မခန့်မှန်းနိုင်သော ထူးခြားပြောင်မြောက်သည့် အစွမ်းသတ္တိ ရှိပေသည်...”

​ လင်းပိုင်ဖန်သည် ထိုဓားသိုင်းကျမ်းကို လျင်မြန်စွာ သင်ယူလိုက်ပြီး သူ၏ ခွန်အားကို နောက်ထပ်တစ်ဆင့် မြှင့်တင်လိုက်သည်။

​ ထို့နောက် သူက လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ရင်း - “ လောကစည်းကို ပိုင်းဖြတ်သည့် လက်ဝါးကိုတောင် သုံးရမယ့် အချိန်ရောက်ပြီပဲ။ နတ်ဘုရားတွေ ကျွန်တော့်ကို ကောင်းမွန်တဲ့ ကမ္ဘာတစ်ခုနဲ့ ဆုံတွေ့ခွင့်ရအောင် စောင်မကြည့်ရှု့ပေးပါ ...”

​ နောက်တစ်စက္ကန့်တွင် သူသည် လောကစည်းကို ပိုင်းဖြတ်သည့် လက်ဝါး' ကို ထုတ်ဖော်လိုက်သည်။

​ အင်ပါယာ မြေပုံ အနီးရှိ မြူခိုးများ တဖြည်းဖြည်း လွင့်ပြယ်သွားပြီးနောက် ကျယ်ပြောလှပြီး သက်ရှိများ ရှိနေသော ကမ္ဘာကြီးတစ်ခု ပေါ်ထွက်လာသည်။

​ လင်းပိုင်ဖန်မှာ အလွန်ဝမ်းသာသွားပြီး - “လူသားတွေ ရှိတဲ့ ကမ္ဘာပဲ။ အသုံးဝင်မယ့် အရာတစ်ခုခုကို ရှာတွေ့နိုင်မှာ သေချာတယ်...”

​ သို့သော် နောက်တစ်ခဏတွင် လင်းပိုင်ဖန်မှာ အံ့အားသင့်သွားခဲ့ရပြန်ပြီး - “ဒီကမ္ဘာက ရင်းနှီးနေသလိုပဲ... တစ်နေရာရာမှာ မြင်ဖူးသလိုမျိုး...”

​ သူက သေချာစွာ စူးစိုက်ကြည့်လိုက်ရာ ပို၍ကြည့်လေ၊ ပို၍ ရင်းနှီးလေ ဖြစ်လာကာ - “ဟင်... ဒါ ယောင်ချန်း ရှိနေတဲ့ ကမ္ဘာ မဟုတ်ဘူးလား...”

​ အကြောင်းမှာ သူသည် ထိုရင်းနှီးနေသော သဲကန္တာရကြီးကို တစ်ဖန် ပြန်လည်မြင်တွေ့လိုက်ရခြင်းကြောင့် ဖြစ်သည်။

​ တစ်ချိန်တည်းမှာပင် ယောင်ချန်း၏ တပည့်ဖြစ်သူ ရှောင်ယန်၏ ရင်းနှီးသော ပုံရိပ်ကိုလည်း ထပ်မံမြင်တွေ့လိုက်ရသည်။

​ ယခုအချိန်တွင် ရှောင်ယန်သည် မီးတောင်တစ်ခုအတွင်းသို့ တိတ်တဆိတ် ခိုးဝင်ကာ 'ကြာပန်းစိမ်း မြေကမ္ဘာမီးလျှံ' ကို ခိုးယူရန် ကြံစည်နေခြင်း ဖြစ်သည်။

​ ရှောင်ယန်၏ အခြေအနေမှာ အတော်လေး သနားစရာ ကောင်းလှသည်။ မကြာသေးမီက သူသည် သိုင်းဧကရာဇ် အချို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး နှစ်လကျော်တိုင်တိုင် ပြင်းထန်သော စစ်ဆေးမေးမြန်းမှုများနှင့် နှိပ်စက်ညှဉ်းပန်းမှုများကို ခံစားခဲ့ရသည်။

​ လွန်ခဲ့သော တစ်လခန့်ကမှ သူသည် ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်း ဖြစ်သော်လည်း ဆရာဖြစ်သူ၏ အကူအညီမပါဘဲ ခြေတစ်လှမ်း လှမ်းတိုင်းမှာပင် ရေခဲပြင်ပါးပါးပေါ် လျှောက်လှမ်းနေရသကဲ့သို့ နောက်တစ်ကြိမ် ပြန်လည်ဖမ်းဆီးခံရမည်ကို စိုးရိမ်နေရသည်။

​ သူသည် အသေအချာ စဉ်းစားပြီးနောက် မိမိ၏ အနာဂတ်အတွက် မီးတောင်သို့ ပြန်လာကာ ထူးခြားဆန်းပြားသော ထိုမီးလျှံကို ခိုးယူရန် စွန့်စားလိုက်ခြင်း ဖြစ်သည်။

​ စောင့်ဆိုင်းနေခဲ့သည်မှာ တစ်လခွဲခန့် ကြာပြီးနောက် ထိုအမျိုးသမီး မရှိခိုက်တွင် သူက တိတ်တဆိတ် ပြန်လည်ဝင်ရောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

​ မလှမ်းမကမ်းရှိ စွဲမက်ဖွယ်ကောင်းသော မီးလျှံကို ကြည့်ရင်း ရှောင်ယန်မှာ - “ဒီတစ်ကြိမ်တော့ ငါ သေချာပေါက် အောင်မြင်ရမယ်...” ဟု မိမိကိုယ်ကို စိတ်ဓာတ်မြှင့်တင်လိုက်သည်။

​ ထို့နောက် သူက 'ကြာပန်းစိမ်း မြေကမ္ဘာမီးလျှံ' ရှိရာသို့ တရွေ့ရွေ့ တိုးကပ်သွားတော့သည်။

​ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းပိုင်ဖန်မှာ စကားပင် မဆိုနိုင်တော့ဘဲ - “မရေမတွက်နိုင်တဲ့ ကမ္ဘာတွေထဲကမှ ငါက ဘာလို့ ဒီကမ္ဘာကိုပဲ ထပ်ရောက်လာရပြန်တာလဲ။ လောကကြီးက ဒီလောက်ကျယ်ပြောတာကို မင်းနဲ့မှ ပြန်ဆုံရတယ်ဆိုတော့... တကယ့်ကို ကံကြမ္မာပဲ...”

​ အမှန်အတိုင်းပြောရလျှင် လင်းပိုင်ဖန်အနေဖြင့် လက်လှမ်းရန် အနည်းငယ် အားနာမိသည်။

​ ဘာပဲဖြစ်ဖြစ်... သူက တစ်ဖက်လူ၏ ဆရာကို ဖမ်းဆီးခဲ့သည်မှာ မကြာသေးဘဲ ယခုအခါတွင်မူ တစ်ဖက်လူ၏ အခွင့်အရေးကို ထပ်မံလုယူတော့မည်ဖြစ်ရာ ယင်းက လူတစ်ယောက်ကို စိတ်ဓာတ်ကျသွားစေနိုင်သည် မဟုတ်ပါလား။

​ သို့သော်လည်း သူသည် လက်ရှောင်နေ၍လည်း မရချေ။

​ ဤကမ္ဘာသို့ သူ ရောက်ရှိလာနိုင်ခြင်းက နေ့တိုင်းဖြစ်ပျက်နေသည် မဟုတ်ပေ။

​ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ အဖိုးတန်ဆုံးအရာမှာ 'ကြာပန်းစိမ်း မြေကမ္ဘာမီးလျှံ' သာ ဖြစ်နေသဖြင့်... သူသည် မည်သို့ လက်ဗလာဖြင့် ပြန်သွားနိုင်ပါအံ့နည်း။

​ ထို့ကြောင့် လင်းပိုင်ဖန်သည် တွန့်ဆုတ်မနေတော့ဘဲ နောက်တစ်ကြိမ် လက်လှမ်းလိုက်တော့သည်။

​ ဖန်သားကဲ့သို့ တောက်ပသော ဧရာမလက်ဝါးကြီးသည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ သဲကန္တာရထဲရှိ မီးတောင်ဆီသို့ ဦးတည်သွားခဲ့သည်။

​ မီးတောင်အတွင်းရှိ မျိုးနွယ်စုတစ်ခုမှ လွန်စွာလှပသော အမျိုးသမီးတစ်ဦးသည် ထိတ်လန့်တကြားဖြင့် မော့ကြည့်လိုက်ပြီး - “အဲ့ဒီ ဧရာမလက်ဝါးကြီး နောက်တစ်ခါ ပြန်လာပြန်ပြီ... ဘာလို့လဲ...”

​ လက်ဝါးကြီး ဦးတည်သွားသော လမ်းကြောင်းကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာပျက်သွားပြီး - “မကောင်းတော့ဘူး။ သူက 'ကြာပန်းစိမ်း မြေကမ္ဘာမီးလျှံ' ကို ပစ်မှတ်ထားနေတာပဲ...”

​ သူမသည် ချက်ချင်းပင် အတောင်ပံများကို ဖြန့်ကာ မီးတောင်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့တော့သည်။

​ ဤအချိန်တွင် လင်းပိုင်ဖန်၏ လောကစည်းကို ပိုင်းဖြတ်သည့် လက်ဝါးမှာ မီးတောင်အနီးသို့ ရောက်ရှိနေပြီ ဖြစ်သည်။

​ ပြင်းထန်လှသော ဖိအားကြောင့် မီးတောင်မှာ စတင်ပြိုကျလာပြီး မြေပြိုမှုများနှင့် ဖုန်မှုန့်များ ဝေစာကာ ကြီးမားသော လှုပ်ခတ်မှုကြီးကို ဖြစ်ပေါ်စေခဲ့သည်။

​ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ရှောင်ယန်သည် လှည့်ကြည့်လိုက်ရာ သူ၏မျက်နှာမှာ ပြာနှမ်းသွားတော့သည်။

​ “ဘာလို့ သူပဲ ဖြစ်နေရပြန်တာလဲ... ငါ့ဘဝမှာ ဘာအပြစ်တွေများ လုပ်ခဲ့မိလို့လဲ...၊ သူက ငါ့ရဲ့ဆရာကို ဖမ်းသွားရုံတင်မကဘူး အခု ငါ့ရဲ့ ဆန်းကြယ်မီးလျှံကိုပါ လုဦးမလို့လား...”

​ သူသည် နောက်ထပ် စဉ်းစားမနေတော့ဘဲ ချက်ချင်းပင် လှည့်၍ အသက်လု ထွက်ပြေးတော့သည်။

​ လင်းပိုင်ဖန်ကမူ သူ့ကို ဂရုမစိုက်အားချေ၊ ပုရွက်ဆိတ်မျှသာရှိသော သတ္တဝါလေးက သူ့မျက်စိထဲ မဝင်နိုင်ပေ။

​ သူက ဆန်းကြယ်မီးလျှံကို ဖမ်းဆီးတော့မည့် အချိန်တွင်ပင် ထိုလှပသောအမျိုးသမီး ပေါ်လာပြီး လင်းပိုင်ဖန်၏ လမ်းကြောင်းကို ပိတ်ဆို့ကာ - “စီနီယာ... ဒီဆန်းကြယ်မီးလျှံက ကျွန်မပိုင်တာပါ။ ဒါက ကျွန်မရဲ့ ကံကြမ္မာနဲ့ ဆက်နွှယ်နေလို့... ကျေးဇူးပြုပြီး လုမယူပါနဲ့...” ဟု အော်ဟစ်လိုက်သည်။

​ လင်းပိုင်ဖန်က သူမကိုလည်း အရေးမလုပ်ဘဲ လက်ဝါးကြီးကို ဆက်လက် ရွေ့လျားစေခဲ့သည်။

​ လှပသောအမျိုးသမီးသည် အံကို တင်းတင်းကြိတ်ကာ သူမ၏ နတ်ဘုရားစွမ်းအားများကို အကုန်အစင် ထုတ်သုံးပြီး သူ့ကို တားဆီးရန် ကြိုးစားခဲ့သည်။

​ သို့သော် သူမက လင်းပိုင်ဖန်၏ ပြိုင်ဘက် မည်သို့ ဖြစ်နိုင်ပါမည်နည်း။

​ သူက လက်ညှိုးကို အသာအယာ လှုပ်ခတ်လိုက်ရုံမျှဖြင့် သူမကို လွင့်ထွက်သွားစေခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရကာ မြေပြင်ပေါ်သို့ လဲကျသွားစေခဲ့သည်။

​ ထို့နောက် သူက 'ကြာပန်းစိမ်း မြေကမ္ဘာမီးလျှံ' ကို ဆက်လက် ဖမ်းဆီးရန် လက်လှမ်းလိုက်သည်။

​ လှပသောအမျိုးသမီး၏ မျက်နှာမှာ ဖြူလျော်နေပြီး ပါးစပ်မှ သွေးများ စီးကျနေသည်။

​ ဧရာမလက်ဝါးကြီးက မီးလျှံကို ဖမ်းဆီးတော့မည်ကို မြင်လိုက်ရသောအခါ သူမသည် ပြတ်သားသော မျက်နှာထားဖြင့် သူမ၏ အမြင့်ဆုံးစွမ်းရည်ကို သုံးကာ မီးလျှံ၏ ရှေ့တွင် ပေါ်လာပြီး လင်းပိုင်ဖန်ကို အံ့အားသင့်စေကာ ထိုမီးလျှံကို ဝါးမြိုပစ်လိုက်တော့သည်။

​ “တကယ်ကို ပြတ်သားတဲ့ မိန်းမပဲ... ရန်သူအပေါ် ရက်စက်ရုံတင်မကဘူး မိမိကိုယ်ကိုလည်း ရက်စက်နိုင်သားပဲ။ ဘာပဲဖြစ်ဖြစ်... မင်းကိုကော၊ မီးလျှံကိုကော ငါ အတူတူ ယူသွားလိုက်မယ်...” လင်းပိုင်ဖန်က သူမကို ဖမ်းဆီးကာ ကောင်းကင်ထက်သို့ ဖြည်းဖြည်းချင်း မြှင့်တင်လိုက်သည်။

​ ထိုအချိန်တွင် မြွေလူသားမျိုးနွယ်စုဝင်များက ဖြစ်ပျက်နေသည်ကို သိရှိသွားကြပြီး အတူတကွ စတင်ခုခံကြတော့သည်။

​ “သူတို့ကို ထွက်သွားခွင့် မပေးနဲ့...”

​ “ငါတို့ရဲ့ ဘုရင်မကို ဒီမှာပဲ ဆွဲထားကြ...”

​ ဧရာမလက်ဝါးကြီးကို တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် ခုခံနေကြသော မြွေလူသားအားလုံး လွင့်ထွက်သွားကြတော့သည်။

​ ထွက်ပြေးနေသော ရှောင်ယန်သည်လည်း လွင့်ထွက်သွားခဲ့ပြီး ကံဆိုးမိုးမှောင်ကျစွာဖြင့် ထိုနေရာသို့ ဦးတည်လာနေကြသော အစွမ်းထက် သိုင်းပညာရှင်ကြီးအချို့၏ ရှေ့တည့်တည့်သို့ ပစ်ကျသွားခဲ့သည်။

​ ရင်းနှီးနေသော သိုင်းဧကရာဇ်များနှင့် ရင်ဆိုင်လိုက်ရသောအခါ ရှောင်ယန်သည် အသက်ရှင်လိုစိတ် အပြည့်ဖြင့် - “ကောင်းကင်နဲ့ မြေကြီးကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်... အဲ့ဒီ ဧရာမလက်ဝါးပိုင်ရှင်နဲ့ ကျွန်တော်နဲ့ တကယ်ကို ဘာပတ်သက်မှုမှ မရှိပါဘူး။ သူ ဘယ်လို ပေါ်လာလဲဆိုတာလည်း ကျွန်တော် တကယ်မသိဘူး... ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံကြပါ...” ဟု ပြောလိုက်သည်။

​ သိုင်းဧကရာဇ်တစ်ဦးက ခေါင်းညိတ်ပြကာ - “ငါတို့ မင်းကို ယုံပါတယ်...၊ ဒါပေမဲ့ မင်း ငါတို့နဲ့အတူ လိုက်ခဲ့ဖို့တော့ လိုလိမ့်မယ်။ ငါတို့ကို ယုံကြည်စမ်းပါ... ငါတို့ မင်းအပေါ် ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူး...”

​ ရှောင်ယန် : “...”

All Chapters