အခန်း ၆၁၀
Vol. 56 Ch. 610
အပိုင်း (၆၁၀)
ဤအချိန်တွင် ဘုရင်မ မယ်ဒူဆာသည် လင်းပိုင်ဖန်၏ ဖမ်းဆီးခြင်းကို ခံထားရလေပြီ ဖြစ်သည်။
သို့သော်လည်း ဆန်းကြယ်မီးလျှံကို ဝါးမြိုမိထားခြင်းကြောင့် ထိုမီးလျှံက သူမ၏ခန္ဓာကိုယ်ကို လောင်ကျွမ်းစေကာ အလွန်အမင်း နာကျင်ခံစားနေရသည်။ ဘုရင်မ မယ်ဒူဆာသည် သူမ၏ မူလအသွင်သဏ္ဌာန်သို့ ပြန်လည်ပြောင်းလဲသွားပြီး နာကျင်စွာဖြင့် အသည်းအသန် ရုန်းကန်အော်ဟစ်နေရှာသည်။
လင်းပိုင်ဖန်၏ မျက်လုံးများက တောက်ပသွားပြီး - “မင်းက ဆန်းကြယ်မီးလျှံကို သုံးပြီး ခန္ဓာကိုယ်ကို လောင်ကျွမ်းစေခြင်းအားဖြင့် မင်းရဲ့ကိုယ်ထဲက ရှေးဟောင်းသွေးမျိုးဆက်ကို နိုးထစေပြီး သိုင်းဘိုးဘေး အဆင့်ကို တက်လှမ်းဖို့ ကြံစည်ခဲ့တာကိုး။ ဒါပေမဲ့ ဆန်းကြယ်မီးလျှံနဲ့ ခန္ဓာကိုယ်ကို လောင်ကျွမ်းစေတဲ့ နာကျင်မှုက လူတိုင်း ကြံ့ကြံ့ခံနိုင်တဲ့ အရာမဟုတ်ဘူး။ အကယ်၍ မင်းသာ တောင့်မခံနိုင်ရင် ခန္ဓာကိုယ်ကော ကျင့်စဉ်ပါ အစအနမကျန် ပျက်စီးသွားလိမ့်မယ်...”
အလွန်အမင်း နာကျင်နေသော ဘုရင်မ မယ်ဒူဆာကို ကြည့်ရင်း လင်းပိုင်ဖန်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
ထို့နောက်တွင် မယ်ဒူဆာ၏ ခန္ဓာကိုယ်အတွင်းရှိ မီးလျှံများကို လင်းပိုင်ဖန်က စတင်ထိန်းချုပ်လိုက်ရာ ထိုမီးလျှံများသည် အလွန်ပင် ယဉ်ပါးသော မီးမြွေလေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
သူ၏ ထိန်းချုပ်မှုအောက်တွင် ထိုမီးမြွေလေးသည် မယ်ဒူဆာ၏ တစ်ကိုယ်လုံးပေါ်၌ ညင်သာစွာ စီးမျောလှည့်ပတ်သွားလေသည်။
ထို့ကြောင့် ဘုရင်မ မယ်ဒူဆာ၏ နာကျင်မှုများ လျော့ပါးသွားခဲ့ပြီး သူမက ညည်းညူသံ ခပ်တိုးတိုးလေးနှင့်အတူ စွဲမက်ဖွယ်ကောင်းသော မျက်ဝန်းတစ်စုံကို ဖွင့်ကြည့်လိုက်ရာ အသက်နှစ်ဆယ်ကျော်အရွယ်ရှိပြီး အင်ပါယာဝတ်စုံကို ဝတ်ဆင်ထားသည့် လွန်စွာခန့်ညားလှသော လူငယ်တစ်ဦးကို မြင်တွေ့လိုက်ရသည်။
သူမ၏ နှလုံးသားထဲတွင် အလွန်အံ့အားသင့်သွားခဲ့ရသည်။
သူမကို ဤနေရာသို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့သော စီနီယာကြီးမှာ အမှန်တကယ်တော့ အသက် နှစ်ဆယ်ကျော်အရွယ် လူငယ်လေးတစ်ဦး ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
သူက ဒီလောက်ငယ်ငယ်လေးနဲ့ သိုင်းနတ်ဘုရားအဆင့်ထိ ကျင့်ကြံနိုင်ခဲ့တာလား။
ဒါတင်မကသေးဘူး... သူက ဆန်းကြယ်မီးလျှံကိုတောင် လှည့်ပတ်ထိန်းချုပ်နိုင်တယ်လား။
ဆန်းကြယ်မီးလျှံကို ထိန်းချုပ်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပေမယ့် ၎င်းက အလွန်ပင် ပြင်းထန်ကြမ်းတမ်းလှသည်။
ထိုမီးလျှံကို မိမိ၏ ခြေလက်အင်္ဂါများကဲ့သို့ စိတ်တိုင်းကျ လွတ်လပ်စွာ စေခိုင်းနိုင်ခြင်းက သာမန်လူသားတစ်ယောက် လုပ်ဆောင်နိုင်သည့် အရာမဟုတ်ချေ။
သူ၏ စွမ်းဆောင်မှုအောက်တွင် ဆန်းကြယ်မီးလျှံသည် သူမ၏ခန္ဓာကိုယ်အတွင်း ခယဝပ်တွားလျက် စီးမျောသွားပြီး သူမအပေါ် ပျက်စီးဆုံးရှုံးမှုကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးခဲ့သည်။
ဘုရင်မ မယ်ဒူဆာသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး မျက်လုံးများကို ပြန်မှိတ်ကာ သူမ၏ကိုယ်တွင်းရှိ ရှေးဟောင်းသွေးမျိုးဆက်ကို နိုးထစေရန် ကျင့်စဉ်ကို အာရုံစိုက်ပြီး လှည့်ပတ်လိုက်တော့သည်။
နာရီဝက်ခန့် ကြာပြီးနောက် ဘုရင်မ မယ်ဒူဆာ၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
ယင်းက သူမ၏ ကိုယ်တွင်းရှိ သွေးမျိုးဆက်ကို အောင်မြင်စွာ နိုးထစေနိုင်ခဲ့ပြီဟု ဆိုလိုခြင်း ဖြစ်သည်။
သူမသည် သိုင်းဘိုးဘေးအဆင့်သို့ အောင်မြင်စွာ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။
လင်းပိုင်ဖန်သည် နောက်ဆုံးတွင် သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သူမ၏ခန္ဓာကိုယ်ထဲမှ 'ကြာပန်းစိမ်း မြေကမ္ဘာမီးလျှံ' ကို ပြန်လည်ထုတ်ယူကာ မိမိကိုယ်တွင်းသို့ ပေါင်းစပ်လိုက်တော့သည်။
ထိုသို့ ပေါင်းစပ်လိုက်ခြင်းကြောင့် သူ၏ခွန်အားက နောက်ထပ်တစ်ဆင့် တိုးတက်လာခဲ့သည်။ သူသည် နတ်ဘုရားအမျက် ကြာပန်းမီးတောက်ကဲ့သို့သော ထူးခြားဆန်းပြားသည့် သိုင်းကွက်များကိုပင် ထုတ်ဖော်နိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်သည်။
အချိန်တန်လျှင်မူ သူသည် ကောင်းကင်နှင့် မြေပြင်၏ မြင့်မြတ်သော သားရဲလေးကောင်ကို အံ့အားသင့်စရာ လက်ဆောင်တစ်ခု သေချာပေါက် ပေးရမည် ဖြစ်သည်။
ဤအချိန်တွင် ဘုရင်မ မယ်ဒူဆာသည် ကျင့်စဉ်လေ့ကျင့်ခြင်းကို အဆုံးသတ်လိုက်ပြီး လူသားအသွင်သို့ ပြန်လည်ပြောင်းလဲလိုက်သည်။
သူမသည် လင်းပိုင်ဖန်ကို ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်ပြီး - “ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ...” ဟု ပြောလိုက်သည်။
သူမက လင်းပိုင်ဖန်ကို ရှုပ်ထွေးသော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်သည်။
ဘာပဲဖြစ်ဖြစ်... သူမကို ဖမ်းဆီးခဲ့ပြီး မီးလျှံကို လုယူခဲ့သည်မှာ ထိုသူဖြစ်သော်လည်း၊ သူ၏ အကူအညီမပါဘဲနှင့်မူ သူမအနေဖြင့် သိုင်းဘိုးဘေးအဆင့်သို့ တက်လှမ်းနိုင်ရန် အခွင့်အရေး မရှိသလောက် နည်းပါးလှပြီး အသက်ပင် ဆုံးရှုံးသွားနိုင်သည် မဟုတ်ပါလား။
ထို့ကြောင့် လင်းပိုင်ဖန်အပေါ် ထားရှိသော သူမ၏ ခံစားချက်များမှာ အတော်လေး ရှုပ်ထွေးနေသည်။
“အင်း...” လင်းပိုင်ဖန်က ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီး သူ၏လက်ထဲတွင် ဆန်ဇူးပဲစေ့တစ်စေ့ ပေါ်လာကာ သူမထံသို့ ပစ်ပေးလိုက်သည်။
“မင်း ဒဏ်ရာရထားတယ်... ဒဏ်ရာတွေ သက်သာသွားအောင် ဒီဆန်းဇူးပဲစေ့ကို စားလိုက်...”
“ဟုတ်ကဲ့ပါ စီနီယာ...”
ဘုရင်မ မယ်ဒူဆာသည် တွန့်ဆုတ်မနေဘဲ ချက်ချင်းပင် မျိုချလိုက်သည်။
ဘာပဲဖြစ်ဖြစ်... သူသာ သူမကို အန္တရာယ်ပြုချင်ပါက ဤမျှအထိ ဒုက္ခခံပြီး လုပ်ဆောင်နေစရာ မလိုချေ။
ဆန်ဇူးပဲစေ့ကို စားသုံးပြီးနောက် ဘုရင်မ မယ်ဒူဆာ၏ ခန္ဓာကိုယ်မှာ တစ်ခဏအတွင်း အလျင်အမြန် ပြန်လည်ကောင်းမွန်လာခဲ့ရာ မည်သည့်ဒဏ်ရာမှ မရခဲ့ဖူးသည့်အတိုင်း ဖြစ်သွားသည်။
ဘုရင်မ မယ်ဒူဆာမှာ လွန်စွာပင် တုန်လှုပ်အံ့အားသင့်သွားခဲ့ရသည်။
ဒီလောက်တောင် ထူးခြားဆန်းပြားတဲ့ အာနိသင် ရှိနေတာလား။ ဒါက ဘယ်လိုမျိုး နတ်ဘုရားဆေးလုံးလဲ။
ဒါက အနည်းဆုံး အဆင့် (၉) ဆေးလုံးနဲ့ ညီမျှနေလေပြီ ဖြစ်သည်။
ဒါကိုတောင် သူက ဒီလောက် လွယ်လွယ်ကူကူ ပေးလိုက်တာလား။
သူ့ရဲ့ နောက်ခံနဲ့ အဆင့်အတန်းက သူမ ထင်ထားတာထက်တောင် ပိုပြီး အံ့ဩဖို့ကောင်းပါလား။
“နောက်တစ်ကြိမ် ထပ်ပြီး ကျေးဇူးတင်ပါတယ် စီနီယာ...”
“အင်း...”
လင်းပိုင်ဖန်က ခေါင်းကို ထပ်မံညိတ်ပြလိုက်ပြီး - “မူလကတော့ ငါက ဆန်းကြယ်မီးလျှံကိုပဲ ယူဖို့ ရည်ရွယ်ထားတာ၊ ဒါပေမဲ့ မထင်မှတ်ဘဲ မင်းက ဝင်ရှုပ်ပြီး မီးလျှံကို ဝါးမြိုပစ်လိုက်တော့... မင်းကိုပါ မီးလျှံနဲ့အတူ ဖမ်းခေါ်လာခဲ့ရတာပဲ...” ဟု ပြောလိုက်သည်။
ဘုရင်မ မယ်ဒူဆာမှာ ခေါင်းညိတ်လိုက်လေသည်။ ယင်းက သူမ ကိုယ်တိုင် တွေးဆထားချက်နှင့် ကိုက်ညီနေသည်။
“မူလကတော့... ငါ မင်းကို သတ်ပစ်လိုက်ပြီးမှ မင်းခန္ဓာကိုယ်ထဲက မီးလျှံကို ထုတ်ယူလိုက်ရင်လည်း ရတာပဲ...”
ဘုရင်မ မယ်ဒူဆာ၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားခဲ့သည်။
“ဒါပေမဲ့ နောက်ပိုင်းကျတော့ မင်းမှာ 'ကောင်းကင်ဝါးမျိုမြွေ' ရဲ့ ရှေးဟောင်းသွေးမျိုးဆက် ရှိနေပြီး ထူးခြားတဲ့ အလားအလာရှိတာကို ငါ တွေ့လိုက်ရတယ်။ အဲဒီသွေးမျိုးဆက်သာ နိုးထလာရင် မင်းက အနာဂတ်မှာ ထိပ်တန်း သိုင်းပညာရှင်တစ်ဦး ဖြစ်လာဖို့ ကံပါလာပြီးသားပဲ။ ဒါကြောင့် ငါ မင်းရဲ့ အသက်ကို ချမ်းသာပေးပြီး အသွင်ပြောင်းလဲမှုကို ကူညီပေးခဲ့တာ။ အခု ငါ မင်းကို မေးမယ်... မင်း ငါ့ရဲ့ နိုင်ငံတော်ထဲ ဝင်ရောက်ပြီး ငါ့အပေါ် သစ္စာခံဖို့ ဆန္ဒရှိရဲ့လား...”
လင်းပိုင်ဖန်သည် အစစ်အမှန် အကြောင်းပြချက်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။
သူ မယ်ဒူဆာကို ကယ်တင်ခဲ့ခြင်းမှာ သူမ၏ ခွန်အားကို အသုံးချချင်သောကြောင့် ဖြစ်သည်။
ရှေးဟောင်းသွေးမျိုးဆက် မနိုးထခင်မှာပင် သူမသည် ကောင်းကင်အဆင့်၏ ထိပ်ဆုံးတွင် ရှိနေခဲ့ပြီး၊ ယခု ချိုးဖျက်ပြီးနောက်တွင်မူ မဟာကောင်းကင်အဆင့်၏ ခွန်အားကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်ရာ ဤလောကတွင် ရှားပါးလှသော ထိပ်တန်းအစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့လေပြီ။
သူမသာ မဟာရှနိုင်ငံတော်သို့ ဝင်ရောက်လာပါက နိုင်ငံတော်၏ အင်အားကို သေချာပေါက် တိုးတက်စေမည် ဖြစ်သည်။
ဘုရင်မ မယ်ဒူဆာက လင်းပိုင်ဖန်ကို ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်ရင်း - “စီနီယာ... ကျွန်မမှာ ရွေးချယ်ခွင့်ရော ရှိလို့လား...” ဟု မေးလိုက်သည်။
လင်းပိုင်ဖန်က ပေါ့ပေါ့ပါးပါးပင် - “မင်း ဘယ်လိုထင်လဲ...” ဟု ပြန်ပြောလိုက်သည်။
မယ်ဒူဆာမှာ သက်ပြင်းချရင်း - “ကျွန်မ သဘောတူပါတယ်...” ဟု ပြောလိုက်ရသည်။
“ကောင်းပြီ...” လင်းပိုင်ဖန်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“ဒင်!... ကစားသမား၏ နိုင်ငံတော်အင်အား တိုးတက်လာသည်နှင့်အမျှ သင်၏ ခွန်အားသည်လည်း လိုက်ပါတိုးမြှင့်လာခဲ့ပြီ ဖြစ်သည်။ ဆုလာဘ်အဖြစ် ‘မွေးရာပါ တာအိုသန္ဓေခန္ဓာကိုယ်’ ကို ပေးအပ်လိုက်သည်...”
“‘မွေးရာပါ တာအိုသန္ဓေခန္ဓာကိုယ်’ (နိုးထပြီး) သည် တာအိုတရားများနှင့် နီးစပ်မှုရှိသဖြင့် တာအိုသဘောတရားများကို လျင်မြန်စွာ နားလည်သဘောပေါက်နိုင်ရုံတင်မကဘဲ တိုက်ပွဲဝင်ချိန်တွင် တာအိုနှင့် တစ်သားတည်း ပေါင်းစည်းနိုင်ကာ တာအို၏ စွမ်းအားကို မိမိစိတ်ကြိုက် ဆွဲယူအသုံးပြုနိုင်သည်...”
တစ်ခဏအတွင်းမှာပင် လင်းပိုင်ဖန်သည် ကောင်းကင်နှင့် မြေပြင်၏ သဘာဝစွမ်းအားများအပေါ် မိမိ၏ အာရုံခံစားနိုင်စွမ်းက လွန်စွာ တိုးတက်လာသည်ကို ခံစားလိုက်ရသည်။
မီးလျှံများနှင့် အခြားသော သဘာဝစွမ်းအားများကို ထိန်းချုပ်ရသည်မှာ ပိုမိုလွယ်ကူပြီး အားစိုက်စရာမလိုတော့ဘဲ စွမ်းအားမှာလည်း ဆတိုး တိုးတက်လာခဲ့သည်။
လင်းပိုင်ဖန်မှာ အလွန်ဝမ်းသာသွားပြီး - “အခုဆို ငါ့မှာ ‘မွေးရာပါ တာအိုသန္ဓေခန္ဓာကိုယ်’ ပါ ရှိနေပြီပဲ။ အကယ်၍ ငါသာ အနာဂတ်မှာ အထွတ်အထိပ်ကို မရောက်နိုင်ရင် ဒီလို မြင့်မြတ်လှတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ဖြုန်းတီးပစ်ရာ ကျလိမ့်မယ်...”
လင်းပိုင်ဖန်က ဆုလာဘ်ကို လက်ခံရယူနေစဉ်တွင် ဘုရင်မ မယ်ဒူဆာ၏ မျက်ဝန်းထဲ၌ အံ့ဩတုန်လှုပ်မှုများ ဖြတ်ပြေးသွားခဲ့သည်။
သူမ၏ ရှေ့မှ လူသည် နောက်ထပ်တစ်ကြိမ် ပိုမိုအစွမ်းထက်လာပြန်သည်ဟု သူမ ခံစားလိုက်ရသည်။
ခုနတင် ဆန်းကြယ်မီးလျှံကို ဝါးမြိုလိုက်စဉ်က သူ၏ ခွန်အားက တစ်ဟုန်ထိုး တိုးတက်သွားခဲ့သည်။
ယခုအခါတွင်မူ ဘာမျှမလုပ်ဘဲနှင့်ပင် နောက်ထပ်တစ်ကြိမ် ပိုမိုသန်မာလာပြန်ပြီလား။
ဒီလို တိုတောင်းလှတဲ့ အချိန်လေးအတွင်းမှာတင် သူက နှစ်ကြိမ်တိုင်တိုင် တိုးတက်မှု ရရှိခဲ့တာပဲ။
သူ့ရဲ့ တိုးတက်မှုနှုန်းက တကယ့်ကို ထိတ်လန့်စရာပင်။
သူက လူသားတစ်ယောက်ရော ဟုတ်ပါရဲ့လား။
သူမ၏ စိတ်ထဲတွင် ရုတ်တရက် ခံစားချက်တစ်ခု ပေါ်လာခဲ့ပြီး... အကယ်၍ သူမအနေဖြင့် ‘ကောင်းကင်ဝါးမျိုမြွေ’ သွေးမျိုးဆက်ကို အကုန်အစင် ထုတ်သုံးရင်တောင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ချေ။
သိုင်းသူတော်စင် အဆင့်ကတောင် ထိုသူ့ရဲ့ ကျင့်စဉ်လမ်းရဲ့ အဆုံးသတ် ပန်းတိုင် မဟုတ်လောက်ပေ။
ဘုရင်မ မယ်ဒူဆာသည် ပို၍ စဉ်းစားလေ၊ ပို၍ ထိတ်လန့်လေ ဖြစ်လာကာ သူမ၏ လေသံမှာလည်း ပိုမို ရိုသေကိုင်းညွတ်လာပြီး - “စီနီယာ စေခိုင်းသမျှ ဘယ်လို အလုပ်ကိုမဆို ကျွန်မ ချက်ချင်း ထမ်းဆောင်ပါ့မယ်။ ဒါက ဓားတောင်ကို တက်ရတက်ရ၊ မီးပင်လယ်ကိုပဲ ဖြတ်ရဖြတ်ရပါ။ ဒါပေမဲ့ စီနီယာ့အနေနဲ့ ကျွန်မရဲ့ သေးငယ်တဲ့ တောင်းဆိုချက်လေးတစ်ခုကို ဖြည့်ဆည်းပေးဖို့ မျှော်လင့်ပါတယ်...”
လင်းပိုင်ဖန်သည် စိတ်အခြေအနေ ကောင်းမွန်နေသဖြင့် - “ပြောကြည့်ပါ...”
“စီနီယာလည်း သတိထားမိလောက်မှာပါ၊ ကျွန်မက မြွေလူသားမျိုးနွယ်စုရဲ့ ဘုရင်မတစ်ဦး ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ မျိုးနွယ်စုဟာ ရှင်သန်ရပ်တည်ဖို့နဲ့ မျိုးပွားဖို့အတွက် အလွန်ကို ခက်ခဲကျပ်တည်းခဲ့ရပြီး နှစ်တွေကြာလာတာနဲ့အမျှ လူဦးရေကလည်း သိသိသာသာ လျော့နည်းလာခဲ့ပါတယ်။ ဒါက မြွေလူသားတွေရဲ့ အုပ်ချုပ်သူတစ်ဦးအနေနဲ့ ကျွန်မရဲ့ ရှောင်လွှဲလို့မရတဲ့ တာဝန်ဖြစ်လို့... ကျွန်မ အသက်ကို စွန့်ပြီး ဆန်းကြယ်မီးလျှံကို ဝါးမြိုခဲ့တာပါ။ အခုတော့ စီနီယာ့ရဲ့ အကူအညီကို ရရှိခဲ့ပြီ ဖြစ်ပါတယ်။ အခု ကျွန်မ မြွေလူသားမျိုးနွယ်စုတစ်ခုလုံးကို ဦးဆောင်ပြီး စီနီယာ့ထံ သစ္စာခံဖို့ ဆန္ဒရှိပါတယ်၊ တစ်ချိန်တည်းမှာပဲ စီနီယာ့အနေနဲ့ ကျွန်မတို့ မျိုးနွယ်စုကို ကာကွယ်စောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်...” ဟု ဘုရင်မ မယ်ဒူဆာက လေးနက်စွာ ပြောကြားလိုက်သည်။
လင်းပိုင်ဖန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး - “ဒါက ဘာခက်တာမှတ်လို့လဲ။ မင်းကို ပြောဖို့ မေ့သွားတယ်... ငါကလည်း အင်ပါယာတစ်ခုရဲ့ ဧကရာဇ်တစ်ပါးပဲ။ ပြည်သူ သန်းပေါင်းများစွာကို အုပ်ချုပ်ရပြီး သူတို့အားလုံးကို အစားအစာ လုံလောက်ပြီးတော့ အေးချမ်းသာယာစွာ နေထိုင်နိုင်အောင် အုပ်ချုပ်ထားတယ်။ လူအနည်းငယ် ထပ်တိုးလာတာက ငါ့အတွက် ဘာပြဿနာမှ မရှိဘူး...”
ထိုစကားကို ကြားလိုက်ရသောအခါ ဘုရင်မ မယ်ဒူဆာသည် ချက်ချင်းပင် သက်ပြင်းချနိုင်တော့သည်။
တစ်ဖက်လူက အင်ပါယာဘုရင်တစ်ပါး ဖြစ်နေသဖြင့် ကိစ္စအတော်များများက ပို၍ လွယ်ကူသွားခဲ့ချေပြီ။
ဘယ်လို ဘုရင်မျိုးက မြွေလူသားမျိုးနွယ်စုရဲ့ သစ္စာခံမှုကို ငြင်းပယ်နိုင်ပါ့မလဲ။