← Chapters

အခန်း ၂၄၀

Vol. 18 Ch. 240

အခန်း ၂၄၀

Vol. 18 Ch. 240

အပိုင်း(၂၄၀)

အနောက်အရပ်ခရီးစဉ်ကို စီစဉ်သူ ကွမ်ယင်မှာ အခြေအနေ အကောင်းဆုံးတွင် မရှိသောကြောင့် မဉ္ဇူဿရီ ဗောဓိသတ် က ရှေ့သို့ထွက်ကာ အခြေအနေကို ရှင်းပြလိုက်လေသည်။

"အောမိတော်ဖော... ရွှမ်ကျန်းဆရာတော်... ငါတို့လေးယောက် ဒီကို ရောက်လာတာက မင်းနဲ့ အနောက်အရပ်ခရီးစဉ် မှာ ကျမ်းစာပင့်ဆောင်မယ့် သူတွေရဲ့ ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ ယုံကြည်မှုတွေ တည်ကြည်သလားဆိုတာကို စမ်းသပ်ဖို့ပဲ... ကံကောင်းထောက်မစွာနဲ့ပဲ မင်းက အလှအပနဲ့ စည်းစိမ်ဥစ္စာတွေရဲ့ သွေးဆောင်မှုနောက်ကို မပါသွားခဲ့တဲ့အတွက် ငါတို့ အများကြီး စိတ်သက်သာရာ ရသွားတယ်..."

ထိုသို့ပြောပြီးနောက် မဉ္ဇူဿရီ ဗောဓိသတ်သည် နောက်တစ်ကြိမ် ခေတ္တရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလေသည်။

"ဒါပေမဲ့... မင်းရဲ့ ဒုတိယတပည့် ကျူးပါကျဲ ကတော့ ကိလေသာတဏှာ ရဲ့ လွှမ်းမိုးမှုကို ခံနေရတုန်းပဲ... အဲဒီလောက်တောင် အရှက်မရှိတဲ့ အပြုအမူမျိုး လုပ်ခဲ့တာလေ... လမ်းခရီးတစ်လျှောက်လုံး သူ့ကို တင်းတင်းကျပ်ကျပ် ဆုံးမသွန်သင်ဖို့ သေချာအောင် လုပ်ရမယ်..."

"ဟွန့်... ဒီလို စရိုက်မျိုးနဲ့ဆိုရင် သာမန် ဆုံးမသွန်သင်ရုံနဲ့တော့ လုံလောက်မှာ မဟုတ်ဘူး... သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်..."

ကွမ်ယင် ဗောဓိသတ်သည် သူမ၏ ပုံမှန် တည်ငြိမ်သော အမူအရာမှ လုံးဝ ကင်းကွာလျက် မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များဖြင့် ပြောလိုက်လေသည်။

ကျူးပါကျဲသည် ကျမ်းစာပင့်ဆောင်သူ အဖွဲ့၏ ကြိုတင်သတ်မှတ်ထားသော အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အစားထိုး၍ မရနိုင်သောကြောင့်သာ ကံကောင်းသွားခဲ့သည်။ သို့မဟုတ်ပါက ကွမ်ယင် ဗောဓိသတ်သည် သူ့အား သတ်ပစ်ရန် အမှန်တကယ် ရည်ရွယ်ချက် ရှိကောင်းရှိခဲ့ပေမည်။

"ကောင်းပါပြီ... ကောင်းပါပြီ... တပည့် နားလည်ပါပြီ... ခရီးစဉ်တစ်လျှောက်မှာ သူ့ကို သင့်တော်သလို ဆုံးမသွန်သင်သွားပါ့မယ်..."

ကွမ်ယင် ပို၍ ဒေါသထွက်လေလေ ကျန်းလျို ၏ ရင်ထဲတွင် ပို၍ ပျော်ရွှင်လေလေပင် ဖြစ်သည်။ သို့သော် သေချာသည်မှာ ထိုအရာများကို မျက်နှာပေါ်တွင် အထင်အရှား မပြသဘဲ သဘောတူညီစွာဖြင့် ခေါင်းကို အားပါးတရ ညိတ်ပြလိုက်လေသည်။

အခြေအနေ အချိန်အခါ မသင့်တော်သောကြောင့်သာ မဟုတ်လျှင် ဗောဓိသတ်၏ ပုံမှန် တည်ငြိမ်မှုများကို လုံးဝ စွန့်လွှတ်လိုက်ရသည်အထိ ဒေါသထွက်အောင် ပါကျဲ မည်သို့ လုပ်ဆောင်ခဲ့သနည်းဟု ကျန်းလျို သည် အမှန်တကယ်ပင် မေးမြန်းချင်နေမိသည်။

"တော်ပြီ... မင်း သွားလို့ရပြီ... ပါကျဲ က အနောက်တောင်ဘက် အရပ်ကို လွင့်စဉ်သွားတာ... သူ့ကို အဲဒီဘက်မှာ သွားရှာလိုက်တော့..."

ယနေ့ ကွမ်ယင် ဗောဓိသတ် ၏ အခြေအနေမှာ ပုံမှန်မဟုတ်ကြောင်း ထင်ရှားလှရာ မဉ္ဇူဿရီ ဗောဓိသတ်သည် ကျမ်းစာပင့်ဆောင်သူ များရှေ့တွင် သူမအား မျက်နှာပန်းမပျက်စေလိုသဖြင့် အခြေအနေကို ပြေလည်စေရန် ဝင်ရောက်ပြောဆိုလိုက်ခြင်း ဖြစ်လေသည်။

ထို့နောက်တွင်တော့ နတ်ဘုရားလေးပါးစလုံးသည် အချင်းချင်း အကြည့်ချင်း ဖလှယ်ပြီးနောက် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ထွက်ခွာသွားကြလေသည်။

မဉ္ဇူဿရီ ဗောဓိသတ်၏ လမ်းညွှန်မှုအတိုင်း သူတို့ အဖွဲ့သည်လည်း အနောက်တောင်ဘက်သို့ ဦးတည် ထွက်ခွာ လာခဲ့ကြ၏။ မိုင်ဆယ်ဂဏန်းခန့် အကွာတွင် စွန်းဝူခုန်း သည် ကျူးပါကျဲ ၏ ခြေရာများကို နောက်ဆုံးတွင် ရှာတွေ့သွားလေတော့သည်။

ညအချိန်တွင် မြေပြင်ပေါ်၌ ရှည်လျားသော လမ်းကြောင်းကြီးတစ်ခု ဖြစ်ပေါ်နေပြီး ဥက္ကာပျံကြီးတစ်ခု ကျဆင်းလာသည့်အလား မြင်ကွင်းတစ်ခုကို သူတို့ မြင်တွေ့လိုက်ရလေသည်။

ထိုလမ်းကြောင်းကြီး၏ အဆုံးတွင်မူ ကျူးပါကျဲသည် မြေပြင်ပေါ်၌ လဲလျောင်းနေပြီး သူ၏ ပုံပန်းသဏ္ဌာန်မှာ အလွန်တရာ သနားစရာကောင်းနေလေသည်။

ကျန်းလျို၏ အကြည့်သည် ကျူးပါကျဲထံသို့ ကျရောက်သွားပြီး သူ၏ ဦးခေါင်းအထက်ရှိ သွေးတန်းမှာ ဆယ်ပုံတစ်ပုံခန့်သာ ကျန်ရှိတော့သည်ကို မြင်တွေ့လိုက်ရသည်။ ၎င်းက သူ၏ ဒဏ်ရာများ မည်မျှ ပြင်းထန်ကြောင်းကို ဖော်ပြနေလေသည်။

အကယ်၍သာ အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်ရမည့် ကြီးလေးသော တာဝန်ကြီး မရှိခဲ့လျှင် ကွမ်ယင်၏ ဤတိုက်ခိုက်မှုကြောင့် ကျူးပါကျဲသည် သေချာပေါက် သေဆုံးသွားခဲ့ပြီ ဖြစ်ပေမည်။

"ဟေး... ပါကျဲ... မင်း အခြေအနေ ဘယ်လိုနေလဲ... အဆင်ပြေရဲ့လား..."

စွန်းဝူခုန်းသည် သွက်လက်ဖျတ်လတ်သော လှုပ်ရှားမှုများဖြင့် ကျူးပါကျဲ၏ ဘေးသို့ ကျွမ်းထိုးကာ သွားရောက်ပြီး မေးလိုက်လေသည်။

"ဆရာ... အစ်ကိုကြီး... ကျွန်တော် ဝက်ကြီး... အဆင်ပြေပါတယ်... မသေသေးပါဘူး... ငါ... ငါ ကောင်းကောင်း အနားယူဖို့ပဲ လိုတာပါ..."

မြေပြင်ပေါ်တွင် လဲလျောင်းနေသော ကျူးပါကျဲက အားနည်းစွာဖြင့် ပြန်ဖြေလိုက်လေသည်။

"ဒုတိယ အစ်ကို... ခုနက အတိအကျ ဘာတွေသွားလုပ်လိုက်တာလဲ... ကွမ်ယင် ဗောဓိသတ် မျက်နှာကြီး အရမ်းမှောင်မိုက်နေတာကို ကျွန်တော် မြင်လိုက်ရတယ်..."

လဲကျနေသော ကျူးပါကျဲကို ကြည့်ကာ သိချင်စိတ်ပြင်းပြနေသည့် ရှားဝူကျင်းကလည်း မေးလိုက်လေသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အမျိုးသမီးငယ် သုံးဦးနှင့် ကျူးပါကျဲ၏ ပတ်သက်မှုများသည် လျှို့ဝှက်ချက်တစ်ခု မဟုတ်ခဲ့ဘဲ ယခုအခါ ၎င်းတို့အားလုံးမှာ ဗောဓိသတ်များ ဖြစ်နေကြောင်း သိလိုက်ရသဖြင့် ရှားဝူကျင်းမှာလည်း အံ့အားသင့်နေခဲ့လေသည်။

မဉ္ဇူဿရီ၊ သမန္တဘဒြ နှင့် ကွမ်ယင် တို့ကဲ့သို့သော ဗောဓိသတ်များကိုပင် ရဲရဲဝံ့ဝံ့ လိုက်လံပိုးပန်းရဲသော ဒုတိယ အစ်ကိုကြီး၏ သတ္တိမှာ ဘုံသုံးပါးလုံးတွင် ပြိုင်ဘက်ကင်းပင် ဖြစ်လေသည်။

"ဟူး... မပြောပါနဲ့တော့ကွာ... ငါ တကယ်ကို မျက်နှာပန်းအကြီးအကျယ် ပျက်ရပြီ..."

မြေပြင်ပေါ်တွင် လဲလျောင်းနေသော ကျူးပါကျဲသည် ရှက်ရွံ့သော အမူအရာဖြင့် ပြောလိုက်လေသည်။

သူ၏ ဝက်ဘဝသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဟု သူထင်မှတ်ခဲ့သည်။ ယခုမှစ၍ ကျားစံအိမ် တွင် မြေဆီသြဇာကောင်းသော လယ်မြေ ဧကထောင်ချီကို ပိုင်ဆိုင်ကာ ဘေးပတ်လည်တွင် အမျိုးသမီးများ ဝန်းရံလျက် နတ်ဘုရားများထက်ပင် ပိုမို လွတ်လပ်ပေါ့ပါးသော ဘဝကို ရရှိတော့မည်ဟု သူ တွေးထင်ခဲ့လေသည်။

အရာအားလုံးသည် စိတ်ကူးယဉ်အိပ်မက်တစ်ခုမျှသာဖြစ်ပြီး ဗောဓိသတ်များက ဖန်တီးထားသော ကြီးမားသည့် လှည့်စားမှုကြီးတစ်ခု ဖြစ်နေမည်ကို မည်သူက ထင်မှတ်ထားမည်နည်း။ ထို့အပြင် လွန်ခဲ့သော အခိုက်အတန့်လေးကတင် သူသည်...

ဟူး... ဘာပဲဖြစ်ဖြစ် တကယ်ရှက်စရာကြီးပင်။

"ဘာတွေဖြစ်ခဲ့တာလဲ... မင်းရဲ့ ဆရာကို အကုန်ပြောပြစမ်းပါဦး..."

အလွန်အမင်း သိချင်နေသော ကျန်းလျိုက ကျူးပါကျဲအား မေးခွန်းထုတ်လိုက်လေသည်။

ကွမ်ယင် ဗောဓိသတ်ကို မည်သည့်အရာက ဤမျှလောက် ဒေါသထွက်စေခဲ့သနည်း ဆိုတာကို သူ အမှန်တကယ်ပင် သိချင်နေခဲ့လေသည်။

"ဆရာ... မမေးတာပဲ ကောင်းပါတယ်... ဝက်ကြီးကျုပ်ကတော့ မပြောဘူးဗျာ... ဘာပဲဖြစ်ဖြစ် ကျွန်တော် အများကြီး မျက်နှာပျက်ခဲ့ရပြီ..."

ကျူးပါကျဲသည် သူ၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် ဖုံးအုပ်ထားလိုက်ပြီး ခေါင်းမာစွာဖြင့် စကားမပြောဘဲ နေလေသည်။

"ကောင်းပြီလေ... မင်း မပြောချင်ဘူးဆိုရင်လည်း ဆရာက အတင်းမမေးတော့ပါဘူး..."

ကျန်းလျိုသည် အကြမ်းဖျင်း သဘောတရားကို ခန့်မှန်းနိုင်သော်လည်း ကျူးပါကျဲကိုယ်တိုင် အသေးစိတ် ပြောပြလိုခြင်း မရှိပါက သူ့ကို အတင်းအကျပ် ဖိအားပေးနေခြင်းမှာ အလကားပင်ဖြစ်ကြောင်း သိထားလေသည်။

သို့ရာတွင် ကျန်းလျိုသည် ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်လက်မေးမြန်းလိုက်လေသည်။

"ဒါပေမဲ့ မင်းကို နောက်ဆုံး မေးခွန်းတစ်ခုလောက်တော့ မေးပါရစေ... မင်း ဗောဓိသတ်တစ်ပါးကို... အဟမ်း... နမ်း… နမ်းလိုက်သေးလား..."

စွန်းဝူခုန်း၊ ရှားဝူကျင်း နှင့် နဂါးမြင်းဖြူ တို့ပင်လျှင် စိတ်အားထက်သန်သော အမူအရာများဖြင့် ကျူးပါကျဲထံသို့ လှမ်းကြည့်လိုက်ကြ၏။ စူးစိုက်ထားကြပြီး သူတို့၏ မျက်လုံးများတွင် သိချင်စိတ်များက မီးလျှံပမာ တောက်လောင်နေကြလေသည်။

လူတိုင်း၏ ပြင်းပြသော သိချင်စိတ်များကို ရင်ဆိုင်ရသောအခါ ကျူးပါကျဲမှာ တိတ်ဆိတ်သွားလေသည်။

အကယ်၍ သူ အမှန်တကယ်ပင် ဘာမှ မပြောဘဲ နေမည်ဆိုပါက သူ၏ ညီအစ်ကိုများနှင့် ဆရာဖြစ်သူက သူ့အား အလွယ်တကူ လွှတ်ပေးမည် မဟုတ်ကြောင်း သူ သိထားလေသည်။

အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ကျူးပါကျဲက ခေါင်းအနည်းငယ် ညိတ်ကာ ပြောလိုက်လေသည်။

"ပါးစပ်ကို နမ်းရုံတင် မကဘူးဗျ..."

"ဟားဟားဟား... မင်းက တကယ့် အရူးပဲ... အရမ်း စိတ်ဝင်စားဖို့ ကောင်းတာပဲ... ဟားဟားဟား..."

ကျူးပါကျဲ၏ အဖြေကို ကြားသောအခါ စွန်းဝူခုန်းမှာ အားရပါးရ အော်ဟစ်ရယ်မောလိုက်ပြီး မြေပြင်ပေါ်တွင် အကြိမ်ကြိမ် လူးလှိမ့်နေလေတော့သည်။

"ဟေး... မျောက်စုတ်... မင်းက ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်နေရတာလဲ... မင်းသဘောကျတဲ့ မိန်းမနဲ့ တွေ့တဲ့အခါကြမှ ငါဝက်ကြီးက မင်းကို ဘယ်လိုလှောင်မလဲဆိုတာ စောင့်ကြည့်နေလိုက်..."

စွန်းဝူခုန်း၏ အပြုအမူကြောင့် ကျူးပါကျဲမှာ အလွန်အမင်း ဒေါသထွက်သွားပြီး မကျေမနပ်ဖြင့် ဒေါသတကြီး ပြန်လည်ချေပလိုက်လေသည်။

"ဟွန့်... မင်း မျက်နှာ အကြီးအကျယ် ပျက်သွားပြီလို့ ငါ စွန်းဝူခုန်း ကတော့ ထင်တယ်... ငါကတော့ မင်းလို ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး... ဒီတစ်သက်တော့ လုံးဝပဲ..."

စွန်းဝူခုန်းကမူ နှာခေါင်းရှုံ့လျက် ဂရုမစိုက်ဟန်ပြကာ ပြန်လည်တုံ့ပြန်လိုက်လေသည်။

"ဟွန့်... အရမ်းကြီး လေလုံးမထွားနဲ့ မျောက်စုတ်.. အချစ်ကိစ္စနဲ့ ပတ်သက်လာရင်… အချိန်တန်ရင် ဘယ်သူမှ တားလို့မရဘူး..."

စွန်းဝူခုန်း၏ အမူအရာကို ကြည့်ကာ ကျူးပါကျဲသည် စိတ်တိုစွာဖြင့် ပြောလိုက်လေသည်။

"ကျွတ်... ငါ စွန်းဝူခုန်း ကို မင်းလို နံစော်နေတဲ့ ဝက်နဲ့ လာမယှဉ်စမ်းပါနဲ့..."

သို့သော် စွန်းဝူခုန်းသည် ယုံကြည်မှုရှိစွာဖြင့် ဂရုမစိုက်ဟန် ပြနေဆဲပင် ဖြစ်လေသည်။

ကျန်းလျိုသည် စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့၏ အငြင်းပွားမှုတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ သူ၏လက်ကို မြှောက်ကာ ကျူးပါကျဲအား ကွမ်ယင် ဂါထာ ကို အသုံးပြုပေးလိုက်၏။ သူ၏ သွေးတန်း တစ်စိတ်တစ်ပိုင်း ပြန်လည်ပြည့်ဖြိုးသွားပြီး ဒဏ်ရာများစွာမှာလည်း သက်သာပျောက်ကင်းသွားလေသည်။

'ပါးစပ်ကို နမ်းရုံတင် မကဘူးဆိုတော့... သူ ဘာတွေများ ထပ်လုပ်ခဲ့သေးတာလဲ... ငါ ပိုပြီးတောင် သိချင်လာပြီ...'

ကျူးပါကျဲအား ကွမ်ယင် ဂါထာ ကို အသုံးပြုပေးပြီးနောက် ကျန်းလျို၏ သိချင်စိတ်များမှာ ပိုမိုကြီးထွားလာခဲ့သည်။

ဤမျှများပြားသော အသေးစိတ်အချက်အလက်များဖြင့် သူသည် ရမ္မက်ဆန်သော ဇာတ်ကွက်များပါဝင်သည့် ရာဇဝင်တွင်မည့် ဇာတ်လမ်းတစ်ပုဒ်ကိုပင် ရေးဖွဲ့နိုင်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေကာမူ ယခုအခါ အနည်းဆုံး အချက်တစ်ချက်ကိုတော့ သေချာပေါက် အတည်ပြုနိုင်ပြီ ဖြစ်လေသည်။

ဗောဓိသတ်... သင်ဟာ ဝက်တစ်ကောင်ရဲ့ နမ်းရှုံ့ခြင်းကို ခံလိုက်ရလေပြီတကား။

***

All Chapters