← Chapters

အခန်း ၂၄၃

Vol. 18 Ch. 243

အခန်း ၂၄၃

Vol. 18 Ch. 243

အပိုင်း(၂၄၃)

အသားကင်များ ကျက်သွားပြီးနောက် ကျန်းလျိုသည် လွန်ခဲ့သော ရက်အနည်းငယ်က ဝယ်ထားခဲ့သော ဆန်အရက် နှစ်အိုးကိုပါ ထုတ်ယူလိုက်ပြီး စွန်းဝူခုန်းအား လေပူတစ်ချက် မှုတ်ထုတ်ကာ နွှေးခိုင်းလိုက်လေသည်။

နွေးပြီး ချိုမြိန်သော ဆန်အရက်ကို သောက်သုံးကာ အသားကင်များကို စားသောက်ရသည့် အရသာမှာ တကယ့်ကို နှစ်သက်ဖွယ် ကောင်းလှပေသည်။

ရာသီဥတုက အေးစိမ့်နေဆဲ ဖြစ်သော်လည်း အအေးဆုံး ရက်များမှာ ကုန်လွန်သွားခဲ့ပြီဟု ထင်ရလေသည်။ ရက်များကို ရေတွက်ကြည့်လျှင် နွေဦးရာသီမှာ သိပ်မဝေးတော့ပေ။

ရာသီဥတုအကြောင်းကို တွေးတောမိသောအခါ ကျန်းလျိုသည် စိတ်ထဲမှ ပြန်လည်သုံးသပ်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။ အနောက်အရပ်ခရီးစဉ် ကမ္ဘာထဲသို့ ရောက်ရှိနေခဲ့သည်မှာ နောက်ထပ် လအနည်းငယ်ဆိုလျှင် တစ်နှစ်ပြည့်တော့မည် မဟုတ်ပါလော။

ထို့အပြင် ရက်များကို ရေတွက်ကြည့်လျှင် အနောက်အရပ်ခရီးစဉ် ကမ္ဘာ၏ နှစ်သစ်ကူး အချိန်အခါသည် သိပ်မဝေးတော့ပုံ ရလေသည်။ တစ်လတောင် လိုတော့မည် မထင်ပေ။

သို့ရာတွင် အနောက်အရပ်ခရီးစဉ်တွင်မူ နှစ်သစ်ကူးသည်ဖြစ်စေ၊ မကူးသည်ဖြစ်စေ သိပ်ပြီး ကွာခြားမှု ရှိမည်မထင်ပေ။

ကျန်းလျိုနှင့် သူ၏ တပည့်နှစ်ဦးတို့သည် စားပွဲတစ်ခုတွင် ဝိုင်းထိုင်ကာ အရက်သောက်ရင်း အသားများကို ပျော်ရွှင်စွာ စားသောက်နေကြလေသည်။

တစ်ချိန်တည်းမှာပင် ကျန်းလျိုသည် နှမြောတွန့်တိုခြင်း မရှိဘဲ ကင်ထားသော အသားပြားကြီးများကို ပန်းကန်ပြားတစ်ခုပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချပေးလိုက်လေသည်။ နဂါးမြင်းဖြူ သည်လည်း ၎င်းမှာ မိမိဝေစုဖြစ်ကြောင်း နားလည်သဖြင့် အနားသို့ လာရောက်စားသောက်နေရာ အလွန် သဟဇာတဖြစ်နေပေတော့သည်။

ထိုအချိန် တစ်ဖက်တွင်မူ ရှားဝူကျင်းသည် ထောင့်တစ်နေရာ၌ တစ်ယောက်တည်း ထိုင်ကာ လက်ထဲတွင် မုန့်ပြားကြော်တစ်ခုကို ကိုင်ထားပြီး တစ်ကိုက်ကိုက်လိုက် ရေတစ်ငုံ သောက်လိုက် လုပ်နေလေသည်။

သိပ်ပြီး အရသာမရှိလှသော်လည်း အနည်းဆုံးတော့ ဗိုက်ဝသွားစေသည် မဟုတ်ပါလော။

"နောင်တော် ရှား... တကယ်ကြီး မစားဘူးလား... ဆရာ့ရဲ့ အသားကင်က တကယ်ကို အရသာရှိတာနော်..."

ရှားဝူကျင်း တစ်ယောက်တည်း ထိုင်ကာ မုန့်ပြားကြော်စားပြီး ရေသောက်နေစဉ် နဂါးမြင်းဖြူ က ရုတ်တရက် အနားသို့ ရောက်လာပြီး တီးတိုးမေးလိုက်လေသည်။

"ရှောင်ပိုင်... ငါတို့က မဟာယနဂိုဏ်း ကလေ… ဘယ်လိုလုပ် အသားတွေ အရက်တွေ သောက်စားပျော်ပါးနေလို့ ရမှာလဲ... ငါတို့ အနောက်ဘုံ ကို ရောက်သွားရင် ဗုဒ္ဓ က သေချာပေါက် အပြစ်တင်လိမ့်မယ်... မင်းကိုလည်း ထပ်မစားဖို့ ငါ အကြံပေးချင်တယ်..."

နဂါးမြင်းဖြူ ၏ စကားကို ကြားသောအခါ ရှားဝူကျင်းက ခေါင်းခါယမ်းကာ လေးနက်စွာ ပြောလိုက်လေသည်။

အရင်တုန်းက လျိုရှားမြစ်တွင် မိစ္ဆာ တစ်ကောင် ဖြစ်နေတုန်းကတော့ ကိစ္စမရှိခဲ့ပေ။ လူသားတွေကို စားရင်တောင်မှ အရေးမကြီးခဲ့ဘဲ သူ့ကို ဘယ်သူကမျှ မထိန်းချုပ်နိုင်ခဲ့ချေ။ သို့သော် ယခုအခါ မဟာယနဂိုဏ်းသို့ ဝင်ရောက်လာပြီဖြစ်ရာ ဂိုဏ်း၏ စည်းမျဉ်းများကို လိုက်နာရမည် ဖြစ်ပေသည်။

ရှားဝူကျင်း ၏ အမြင်တွင် အကယ်၍ သူတို့ အနောက်ဘုံ သို့ အမှန်တကယ် ရောက်ရှိသွားပြီး ဆရာနှင့် နောင်တော်ကြီးတို့က လမ်းခရီးတစ်လျှောက်လုံး အသားစားကာ အရက်သောက်လာခဲ့ကြသည်ဆိုလျှင် တထာဂတအား သေချာပေါက် မနှစ်မမြို့ ဖြစ်စေမည် ဖြစ်လေသည်။

ထိုအချိန်ရောက်လျှင် သူတစ်ယောက်တည်းသာ သက်သတ်လွတ် စားသုံးမှုကို ထိန်းသိမ်းထားနိုင်ခဲ့မည်ဖြစ်ရာ သူ၏ ကြည်ညိုမြတ်နိုးမှုကြောင့် ပျော်ရွှင်သွားပြီး ဗုဒ္ဓ က သူ့ကို ပိုမိုကောင်းမွန်သော အဆင့်အတန်းတစ်ခု ပေးသနားကောင်း ပေးသနားမည် မဟုတ်ပါလော။

အစားအသောက်များကို အဝစားသောက်ပြီးနောက် ကျန်းလျိုသည် လှည့်ကာ တင်ပျဉ်ခွေထိုင်လျက် ကျင့်ကြံနေပြီး စွန်းဝူခုန်း ကမူ ပန်းကန်များကို ရှင်းလင်းနေလေသည်။

ကျူးပါကျဲကလည်း ပန်းကန်အချို့ကို ယူကာ မြစ်ကမ်းစပ်သို့ ဆေးကြောရန် သွားလေသည်။

"အင်း... ဒီ ဂျူးယွီသီး ရဲ့ အစပ်အရသာက တကယ်ကို ကောင်းတာပဲ... ဒါလေး ထည့်လိုက်တာနဲ့ အရသာက အများကြီး ပိုကောင်းသွားတယ်... ဆရာပြောတဲ့ ငရုတ်သီး ဆိုတာက ဘယ်လို အရသာမျိုးလဲဆိုတာ တကယ် သိချင်မိပါရဲ့..."

ဆေးကြောရန် လိုအပ်သော ပန်းကန်အချို့ကို ကိုင်ဆောင်ထားရင်း ကျူးပါကျဲသည် အတန်ကြာ လမ်းလျှောက်သွားပြီးနောက် မြစ်ငယ်လေးတစ်ခုအနီးသို့ ရောက်ရှိသွားလေသည်။

ပန်းကန်ဆေးရန် တွေးတောရင်း မြစ်ကမ်းစပ်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် သူ၏ နှာခေါင်းမှာ ရုတ်တရက် အနည်းငယ် တွန့်လှုပ်သွားလေသည်။

မော့ကြည့်လိုက်သောအခါ မလှမ်းမကမ်းရှိ မြက်ခင်းပြင်ထဲတွင် အနက်ရောင် ပိုးဇာစကတ်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး လဲလျောင်းနေသည်ကို သူ မြင်တွေ့လိုက်ရလေသည်။ သူမသည် မှောက်ခုံ လဲလျောင်းနေသောကြောင့် မျက်နှာကို မမြင်ရသော်လည်း သူမ၏ အချိုးအစားကျလှသော ခန္ဓာကိုယ် ကောက်ကြောင်းများက ကျူးပါကျဲ၏မျက်စိကို သေချာပေါက် ဖမ်းစားသွားလေသည်။

လက်ထဲမှ ပစ္စည်းများကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက် ကျူးပါကျဲသည် ထိုအမျိုးသမီးထံသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ သူမကို ရဲတင်းစွာ ပက်လက်လှန်လိုက်လေသည်။

အနက်ရောင် ပိုးဇာစကတ်နှင့်အတူ သူမ၏ ထူထဲနက်မှောင်သော ဆံကေသာ၊ ဖြူဝင်းနူးညံ့သော မျက်နှာလေးတို့ ပေါင်းစပ်သွားသောအခါ ကျူးပါကျဲ ၏ မျက်လုံးများမှာ ပြူးထွက်မတတ် ဖြစ်သွားလေတော့သည်။

သူမသည် အမျိုးသမီး မိစ္ဆာ တစ်ကောင် ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် ထင်ရှားနေသော်လည်း သူမ၏ အံ့မခန်း အလှတရားက ကျူးပါကျဲ အား ခဏတာမျှ ညို့ယူဖမ်းစားသွားလေတော့သည်။

ကျူးပါကျဲ၏ လုပ်ရပ်များကြောင့် ထိုအမျိုးသမီးသည် သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လာလေသည်။ သူမ၏ ဒဏ်ရာများမှာ အသေးအဖွဲမဟုတ်ကြောင်း ထင်ရှားလှသည်။

"ကယ်... ကယ်ပါဦး..."

မိစ္ဆာမက အားနည်းစွာ ရေရွတ်လိုက်လေ၏။

"ဟင်... နေပါဦး… လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဆရာက ငါနဲ့ အစ်ကိုကြီးကို ဆေးရည်နှစ်ပုလင်းစီ ပေးထားတာပဲ… အနီရောင်က အသက်ကယ်ဖို့ သုံးပြီး… အပြာရောင်က မန်နာကို ဖြည့်တင်းပေးနိုင်တယ်လို့ ပြောခဲ့တယ်..."

အမျိုးသမီး၏ အကူအညီတောင်းခံသံကို ကြားသောအခါ ကျူးပါကျဲသည် စိတ်လှုပ်ရှားသွားပြီး သူ၏ ရင်ဘတ်ထဲမှ အနီရောင် သွေးဆေးရည် တစ်ပုလင်းကို အလျင်အမြန် ထုတ်ယူကာ အမျိုးသမီး မိစ္ဆာ ၏ ပါးစပ်ထဲသို့ လောင်းထည့်ပေးလိုက်လေသည်။

သွေးဆေးရည်ကို တိုက်ကျွေးပြီးနောက် ခဏအကြာတွင် အမျိုးသမီး မိစ္ဆာ ၏ ဒဏ်ရာများသည် အတော်လေး သက်သာလာခဲ့လေသည်။

သူမ၏ ဒဏ်ရာများ ပြင်းထန်နေဆဲ ဖြစ်သော်လည်း သူမ၏ စိတ်ဓာတ်ခွန်အားမှာမူ အနည်းငယ် ပိုကောင်းလာပုံရလေသည်။

"ရှင်က... ရှင်က ဝက် မိစ္ဆာ တစ်ကောင်လား... အဲဒီဆေးရည်တွေ ထပ်ရှိသေးလား... နောက်ထပ် ပုလင်းအနည်းငယ်လောက်သာ ရရင် ကျွန်မ သက်သာသွားနိုင်တယ်..."

ဆေးရည်ပုလင်းငယ်လေး တစ်ပုလင်းက သူမ၏ ဒဏ်ရာများကို သိသိသာသာ သက်သာပျောက်ကင်းစေခဲ့သောကြောင့် အနက်ရောင် ပိုးဇာစကတ်နှင့် အမျိုးသမီးသည် အံ့အားသင့်စွာဖြင့် ကျူးပါကျဲအား မေးလိုက်လေသည်။

"မရှိတော့ဘူး... အဲဒီဆေးရည်က အသက်အန္တရာယ်ကြုံလာရင် သုံးဖို့ ကိုယ့်မှာရှိတဲ့ တစ်ခုတည်းသော ပုလင်းလေးပဲ..."

ကျူးပါကျဲသည် ရိုးအဟန်ဖြင့် ခေါင်းခါယမ်းကာ ပြောလိုက်လေသည်။

"တစ်ခုတည်းသော ပုလင်းလေး ဟုတ်လား..."

ကျူးပါကျဲ၏ စကားကြောင့် သူမသည် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားသွားခဲ့လေသည်။

"ဘာလို့... ဘာလို့ ကျွန်မကို ကယ်တင်ရတာလဲ... သာမန် ကယ်တင်ရုံသက်သက်ဆိုရင်တော့ တစ်မျိုးပေါ့… ဒါပေမဲ့ ရှင်မှာရှိတဲ့ တစ်ခုတည်းသော ဆေးရည်ကို ကျွန်မအတွက် အသုံးပြုလိုက်တာက အရမ်းကို ရက်ရောလွန်းနေတယ်..."

အမျိုးသမီးက နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။

"ဘာလို့လဲဆိုတော့ လောင်ကျွမ်းနေလို့ပေါ့... တူးနံ့လေး မရဘူးလား... အဲဒါ မင်း မီးရှို့လိုက်တဲ့ ကိုယ့်ရဲ့ နှလုံးသားလေ..."

မကြာသေးမီက ချွဲနွဲ့သော အချစ်စကားများကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုတတ်လာသော ကျူးပါကျဲသည် ချက်ချင်းပင် ထုတ်ပြောလိုက်လေသည်။

"တူးနံ့ ဟုတ်လား..."

အမျိုးသမီးသည် အနံ့ခံကြည့်လိုက်ပြီးနောက် အနီးနားရှိ စွန့်ပစ်ထားသော အသားကင်စင်များကို မြင်တွေ့သွားကာ စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောလိုက်လေသည်။

"အဲဒီ တူးနံ့က ဟိုဘက်က လာနေတာ မဟုတ်ဘူးလား..."

"မဟုတ်ဘူး... ကိုယ့်ရဲ့ နှလုံးသားက ပိုပြီး ပြင်းပြင်းထန်ထန် လောင်ကျွမ်းနေတာ... မင်းကို မြင်လိုက်ရတဲ့ အခိုက်အတန့်မှာပဲ ကိုယ်လေ..."

ကျူးပါကျဲသည် သူ့ရှေ့ရှိ ညို့ယူဖမ်းစားနိုင်လောက်အောင် လှပသော အမျိုးသမီးအား ကြင်နာယုယပြီး စိတ်အားထက်သန်သော အမူအရာဖြင့် ငေးကြည့်လိုက်လေသည်။

ရုတ်တရက် လေတိုးသံတစ်ခု ထွက်ပေါ်လာလေသည်။

သို့ရာတွင် ကျူးပါကျဲ စကားမဆုံးမီမှာပင် ရုတ်တရက် အလင်းတန်းတစ်ခု ဖြတ်သန်းတောက်ပသွားပြီး သူတို့ဆီသို့ လျင်မြန်စွာ ဦးတည်လာလေသည်။

"မြန်မြန်... ပုန်းနေ... ကျွန်မကို လိုက်ဖမ်းနေတဲ့သူတွေ ရောက်လာပြီ..."

လျင်မြန်စွာ ချဉ်းကပ်လာသော အလင်းတန်းကို မြင်သောအခါ အမျိုးသမီး၏ မျက်နှာအရောင် ပြောင်းလဲသွားပြီး အလျင်အမြန် ပြောလိုက်လေသည်။

"စိတ်မပူပါနဲ့... ကိုယ်ဒီမှာရှိနေသရွေ့ ဘယ်သူမှ မင်းကို အနာတရဖြစ်အောင် လုပ်လို့မရဘူး... အခုကစပြီး မင်းလုပ်ရမှာက ကိုယ့်ကို ကာကွယ်ခွင့်ပေးဖို့ပဲ..."

အရေးကြီးသော အချိန်တွင် ကျူးပါကျဲက မည်သို့ ကြောက်ရွံ့နေမည်နည်း။ အမျိုးသမီးကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားရင်း သူသည် လုံးဝကို ယုံကြည်မှုရှိပြီး ပြတ်သားသည့် အသွင်ပေါ်နေလေသည်။

"ဒါပေမဲ့ ကျွန်မတို့ကို လိုက်ဖမ်းနေတဲ့သူတွေက နတ်ဘုရားတွေ... နတ်အကြီးအကဲ ရဲ့ တပည့်တွေလေ... ကျွန်မတို့ ထွက်ပြေးမှ ဖြစ်မယ်..."

ကျူးပါကျဲက ယုံကြည်မှုရှိစွာ ပြောဆိုနေသော်လည်း သူသည်လည်း ဝက် မိစ္ဆာ တစ်ကောင်သာ ဖြစ်ကြောင်း မြင်သောအခါ အမျိုးသမီးက အရေးတကြီး ပြောလိုက်လေသည်။

"မိစ္ဆာယုတ်... ဘယ်ကို ပြေးမလို့လဲ..."

အလင်းတန်း တောက်ပသွားပြီးနောက် လူငယ်တစ်ဦးသည် ကျူးပါကျဲ၏ ရှေ့သို့ ဆင်းသက်လာ၏။ သူ့ လက်ထဲတွင် အပြာရောင် နတ်ဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး ကြမ်းတမ်းသော အရှိန်အဝါများကို ထုတ်လွှတ်နေလေသည်။

"ပြီးသွားပြီ..."

ဆင်းသက်လာသော လူငယ်ကို မြင်သောအခါ အနက်ရောင် ပိုးဇာစကတ်နှင့် အမျိုးသမီး၏ မျက်နှာမှာ ပို၍ပင် ဖြူရော်သွားပြီး လုံးဝ မျှော်လင့်ချက်မဲ့နေသော အမူအရာကို ပြသနေလေသည်။

နတ်သတ်အကြီးအကဲ၏ တပည့်တစ်ဦးသည် အစစ်အမှန် ကောင်းကင်နတ်ဘုရား တစ်ပါးဖြစ်ရာ သာမန် မိစ္ဆာ များ ရင်ဆိုင်နိုင်မည့် အရာမျိုး မဟုတ်ပေ။

"အိုး... ဘယ်သူများလဲလို့ မင်းကိုး... လတ်တလော မင်းရဲ့ဆရာ အခြေအနေ ဘယ်လိုရှိလဲ..."

သို့သော် ပေါ်လာသော လူငယ်ကို မြင်သောအခါ ကျူးပါကျဲက ဂရုမစိုက်ဟန်ဖြင့် နှုတ်ဆက်လိုက်လေသည်။

"သင်က..."

မိမိကို အရင်ဦးဆုံး နှုတ်ဆက်လိုက်သော ကျူးပါကျဲကို မြင်သောအခါ လူငယ်မှာ အနည်းငယ် အံ့အားသင့်သွား၏။ မကြာမီမှာပင် သူ၏ မျက်နှာထားမှာ နူးညံ့သွားကာ လေးစားစွာဖြင့် ဦးညွှတ်လျက် ယဉ်ကျေးစွာ ပြောလိုက်လေသည်။

"အရှင်ပါလား... ချင်းရွှီ က စစ်သူကြီး ကို အရိုအသေပေးပါတယ်..."

"ဟင်... ဒီ ဝက် မိစ္ဆာ က နတ်ဘုရား တစ်ပါးကို တကယ်ကြီး သိနေတာလား... ပြီးတော့ သူ့စကားတွေအရ သူက နတ်သတ်အကြီးအကဲ ကိုပါ သိနေပုံရတယ်..."

မူလက မျှော်လင့်ချက်မဲ့နေသော အမူအရာရှိသည့် သူမ၏ ဘေးရှိ အမျိုးသမီးသည် ကျူးပါကျဲကို အံ့သြတုန်လှုပ်စွာဖြင့် ငေးကြည့်နေလေတော့သည်။

***

All Chapters