← Chapters

အခန်း ၂၄၄

Vol. 18 Ch. 244

အခန်း ၂၄၄

Vol. 18 Ch. 244

အပိုင်း(၂၄၄)

‘ဘယ်သူက ထင်မှတ်ထားမှာလဲ ဒီ ဝက် မိစ္ဆာ မှာ ဒီလောက်တောင် အထင်ကြီးစရာကောင်းတဲ့ အဆက်အသွယ်တွေ ရှိနေမယ်လို့...’

နဝမကောင်းကင် မိစ္ဆာသတ်သမား၏ တပည့်သည် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ပြဿနာများ ရှိနေသော်လည်း ထျန်းဖုန်စစ်သူကြီး၏ မူလရာထူးအဆင့်အတန်းအပေါ် လေးစားမှုတစ်ခုကို ချန်ရစ်ထားခဲ့လေသည်။ ပါကျဲ က ထိုမိစ္ဆာယုတ်ကို ကယ်တင်ရန် လက်ကမ်းပေးလိုက်သည်နှင့် သူလည်း ထွက်ခွာသွားလေတော့သည်။

" ရှင့်ရဲ့ နောက်ခံက ဘာလဲ... ရှင်က တကယ့်ကို အံ့သြစရာပဲ... နဝမကောင်းကင် မိစ္ဆာသတ်သမား ရဲ့ တပည့်ကတောင် ရှင့်ကို မျက်နှာသာပေးရတယ်ဆိုတော့..."

အနက်ရောင် ပိုးဇာစကတ်နှင့် အမျိုးသမီးသည် မျက်လုံးများကို ပြူးကျယ်ကာ အံ့ဩတကြီး ရေရွတ်ရင်း ပါကျဲကို မေးလိုက်လေသည်။

"သူက ငါ့ရဲ့ မျိုးဆက်သစ်လေးပါပဲ... အရင်တုန်းက ငါ ဝက်ကြီး က ကောင်းကင်ဘုံ မှာ ထျန်းဖုန်စစ်သူကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့တုန်းက သူ့ရဲ့ဆရာ နဝမကောင်းကင် မိစ္ဆာသတ်သမား နဲ့ ရင်းနှီးခဲ့တယ်လေ..."

ဘေးရှိ အမျိုးသမီး၏ အံ့ဩလေးစားနေသော အကြည့်များသည် ပါကျဲ အား အလွန်အမင်း မြောက်ကြွသွားစေ၏။ သူက မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ပြောလိုက်လေသည်။

"ရှင်က အရမ်း စွမ်းအားကြီးတာပဲ..."

အမျိုးသမီး မိစ္ဆာသည် ပါကျဲ အား အံ့ဩလေးစားမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ငေးကြည့်နေလေသည်။

ဤစကားသည် ဖားယားခြင်း မဟုတ်ဘဲ ရင်တွင်းမှ စစ်မှန်သော စကားပင် ဖြစ်လေသည်။

အမှန်တကယ်ပင် မိစ္ဆာ မျိုးနွယ်ဝင်တစ်ဦးအနေဖြင့် နတ်ဘုရားများနှင့် အထူးသဖြင့် နတ်ဘုံ မှ အရေးပါသော ပုဂ္ဂိုလ်ကြီးတစ်ဦးနှင့် အဆက်အသွယ်ရှိခြင်းမှာ တကယ့်ကို အထင်ကြီးလောက်စရာ စွမ်းဆောင်မှုတစ်ခု ဖြစ်လေသည်။

"ဒါနဲ့... ကိုယ့်နာမည်က ကျူးပါကျဲ တဲ့… မင်းလေး နာမည်က ဘယ်လိုခေါ်လဲ..."

အမျိုးသမီး မိစ္ဆာ၏ မျက်လုံးများထဲရှိ ဖုံးကွယ်မထားသော လေးစားမှုများက ပါကျဲ ကို အလွန်အမင်း ဝမ်းသာကျေနပ်သွားစေပြီး သူမ၏ လက်ကလေးများကို ညင်သာစွာ ဆုပ်ကိုင်ကာ ချစ်ခင်မြတ်နိုးစွာ ပြုံးပြလိုက်လေသည်။

"ကျွန်မ နာမည်က ကျူးကျူး တဲ့... ပင့်ကူ တစ်ကောင်ပါ..."

အမျိုးသမီး မိစ္ဆာ က ချွဲနွဲ့သော အပြုံးလေးဖြင့် ပြန်ဖြေလိုက်လေသည်။

"ကိုယ်ကလည်း ဝက် တစ်ကောင်လေ... ငါတို့က တကယ့်ကို ဖူးစာဖက်တွေပဲ... မင်းကို မြင်မြင်ချင်းပဲ အချစ်ဆိုတာ ဘယ်လိုခံစားရလဲဆိုတာ ကိုယ် နားလည်သွားပြီ..."

အမျိုးသမီး မိစ္ဆာ ၏ အဖြေကို ကြားသောအခါ ပါကျဲ သည် ယုယကြင်နာစွာဖြင့် သူ၏ ချွဲနွဲ့သော အချစ်စကားများကို တစ်ခုပြီးတစ်ခု တရစပ် ပစ်လွှတ်လိုက်လေတော့သည်။

"ရှင်... ရှင် ကျွန်မနဲ့ ကလေးယူချင်လို့လား..."

အမျိုးသမီး မိစ္ဆာသည် မျက်လုံးများကို ပြူးကျယ်ကာ အံ့ဩနေသော အမူအရာဖြင့် မေးလိုက်လေသည်။

အမျိုးသမီး မိစ္ဆာ၏ ရဲတင်းပြီး ပွင့်လင်းသော စကားများကြောင့် ပါကျဲ မှာ ခေတ္တမျှ မှင်တက်သွားလေသည်။

သို့သော် အရေးကြီးသော အချိန်တွင် သူ မည်သို့ တွန့်ဆုတ်နေမည်နည်း။ ပါကျဲ သည် ခေါင်းကို အားပါးတရ ညိတ်ကာ ပြောလိုက်လေသည်။

"အင်း... သေချာပေါက် ယူချင်တာပေါ့..."

"ဒါဆို... ဒါဆို ကျွန်မ ဒဏ်ရာတွေ သက်သာသွားရင် အတူနေပြီး ကလေးလေး တစ်ယောက် ယူကြမလား..."

ပါကျဲ ၏ အဖြေကို ကြားပြီးနောက် ရယ်မောကာ အမျိုးသမီး မိစ္ဆာ က မေးလိုက်လေသည်။

"သွားရအောင်... မင်းကို ကုသပေးဖို့ ကိုယ့်ဆရာဆီ အခုချက်ချင်း ခေါ်သွားမယ်..."

အမျိုးသမီး မိစ္ဆာ ၏ ရဲတင်းမှုကြောင့် ပါကျဲ မှာ အံ့ဩသွားသလို အလွန်လည်း ဝမ်းသာသွားခဲ့သည်။ သူသည် သူမကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး ကျန်းလျို ရှိရာသို့ လှည့်ကာ လျှောက်သွားလေသည်။

...

"ဆရာ... ဆရာ... ကယ်ပါဦး..."

တင်ပျဉ်ခွေထိုင်လျက် ကောင်းကင်နဂါး ဓမ္မတေးသံ ကို ကျင့်ကြံနေသော ကျန်းလျို သည် ပါကျဲ ၏ အော်ဟစ်သံကို ရုတ်တရက် ကြားလိုက်ရလေသည်။ မျက်လုံးဖွင့်ကြည့်လိုက်ရာ ပါကျဲ သည် ညို့ယူဖမ်းစားနိုင်ပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးကို ပွေ့ချီလာသည်ကို မြင်တွေ့လိုက်ရလေသည်။

ကျန်းလျို ၏ အကြည့်များ အမျိုးသမီး မိစ္ဆာ အပေါ်သို့ ကျရောက်သွားသည်နှင့် သဘာဝကျစွာပင် သူမ၏ သွေးတန်း မှာ ၂၀% ခန့်သာ ရှိတော့ကြောင်း သူ သတိထားမိလိုက်လေသည်။

"ဆရာ... သူ့ကို ကယ်ပါဦး... ကျူးကျူး မှာ ဒဏ်ရာတွေ အရမ်းပြင်းထန်နေလို့ပါ..."

ပါကျဲ သည် အမျိုးသမီးကို သူ့ရှေ့တွင် ပွေ့ချီထားရင်း ကျန်းလျို အား ပြောလိုက်လေသည်။

“ပါကျဲ... ဒါ... ဒါက ဘာတွေဖြစ်နေတာလဲ… မင်း ခုလေးတင် ပန်းကန်တွေ သွားဆေးတာ မဟုတ်ဘူးလား…အခုတော့ အမျိုးသမီးတစ်ယောက်ကို ခေါ်လာခဲ့တယ်ပေါ့…”

ကျန်းလျိုသည်လည်း ဘာတွေဖြစ်ပျက်ခဲ့သည်ကို နားမလည်နိုင်အောင် ဖြစ်သွားလေသည်။

"ပါကျဲ... မင်းက ဘာလို့ မိစ္ဆာ တစ်ကောင်ကို ဒီခေါ်လာရတာလဲ..."

ဘေးနားရှိ စွန်းဝူခုန်းက ပွေ့ချီခံထားရသော အမျိုးသမီး၏ နောက်ခံကို ချက်ချင်း သိရှိသွားပြီး မေးလိုက်လေသည်။

ထိုသို့ပြောဆိုရင်း စွန်းဝူခုန်း၏ အကြည့်များသည် ကျန်းလျို၏ လမ်းညွှန်ချက်ကို ရှာဖွေနေလေသည်။ အဘယ်ကြောင့်ဆိုသော် လမ်းခရီးတစ်လျှောက် ကြုံတွေ့ရသမျှ မိစ္ဆာ အများစုကို ဆရာဖြစ်သူကသာ ရှင်းလင်းပေးခဲ့သည်ကို သတိရသွားသောကြောင့် ဖြစ်လေသည်။

"ဆရာ... သူ့နာမည်က ကျူးကျူး တဲ့... ကျွန်တော် ခုလေးတင်မှ သူနဲ့တွေ့ခဲ့တာ... ကျွန်တော် အချစ်စစ်ကို တွေ့သွားပြီထင်တယ်... သူ့ကို ကယ်ပါဦး..."

ကျန်းလျို၏ အမေးကို တုံ့ပြန်သည့်အနေဖြင့် ပါကျဲသည် ခုလေးတင် ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ရှင်းပြလိုက်လေသည်။

ပါကျဲ၏ စကားကြောင့် ကျန်းလျိုသည် မျက်လုံးလှန်ကြည့်လိုက်ပြီး အထင်အရှားပင် စိတ်အနှောင့်အယှက် ဖြစ်သွားလေသည်။

“အချစ်စစ် ဟုတ်လား… ဒီခရီးစဉ်တစ်လျှောက်လုံးမှာ အလှလေး နည်းနည်းတွေ့တာနဲ့ မင်းရဲ့ အချစ်စစ်လို့ ထင်နေတာပဲ… ဒါပေမဲ့ ရလဒ်က ဘာလဲ… အားလုံးက မင်းရဲ့ စိတ်ကူးယဉ်မှု သက်သက်တွေချည်းပဲ… မင်းက သူတို့ကို သဘောကျပေမယ့် သူတို့က မင်းကို ပြန်သဘောကျတယ်လို့ ဆိုလိုတာမှ မဟုတ်တာ …”

"မိန်းကလေး... မင်းနာမည်က ကျူးကျူး မဟုတ်လား... ဒီက ငါ့တပည့်က မင်းကို သဘောကျတယ်လို့ ပြောနေတယ်... မင်းကရော ဘယ်လိုသဘောရလဲ..."

ပါကျဲအား လက်တွေ့ဘဝနှင့် ရင်ဆိုင်စေရန် လိုအပ်သည်ဟု ခံစားရသဖြင့် ကျန်းလျိုသည် သူမကို အလျင်စလို မကယ်တင်တော့ဘဲ ပါကျဲ ပွေ့ချီထားသော ဆွဲဆောင်မှုရှိသည့် အမျိုးသမီး မိစ္ဆာ ထံသို့ လှည့်ကာ မေးလိုက်လေသည်။

"ကျွန်မလည်း သူ့ကို သဘောကျတယ်... သူနဲ့ ကလေးယူဖို့လည်း ဆန္ဒရှိပါတယ်..."

ပါကျဲ၏ ရင်ခွင်ထဲမှ ကျူးကျူးက ပွင့်လင်းစွာ ပြန်ဖြေလိုက်လေသည်။

“...”

ယခုအခါ ကျန်းလျိုမှာ လုံးဝကို ဆွံ့အသွားလေတော့သည်။

‘ဒါက ဘယ်လို အခြေအနေကြီးလဲ။ သူရဲကောင်းက ကယ်တင်လိုက်ရုံနဲ့တင် ဒီမိစ္ဆာမက သူ့ကိုယ်သူ ပေးအပ်ဖို့ အဆင်သင့် ဖြစ်နေပြီလား...’

‘ဒါက ငါ့လို ချောမောတဲ့သူတွေမှ ရနိုင်တဲ့ အခွင့်အရေးမျိုး မဟုတ်ဘူးလား… ရုပ်ဆိုးတဲ့သူတွေအတွက်ဆိုရင် အမြဲတမ်း ကြီးမားတဲ့ ကျေးဇူးတရားတွေအတွက် နောက်ဘဝမှပဲ ကျေးကျွန်အဖြစ် အလုပ်အကျွေးပြုပါ့မယ်လို့ ကတိပေးတတ်ကြတာ မဟုတ်ဘူးလား…

သူ မည်မျှပင် နားမလည်နိုင် ဖြစ်နေပါစေ... ပါကျဲက သူမကို ခေါ်လာခဲ့ပြီးနောက် သူမကလည်း သူ့တပည့်၏ လူဖြစ်နေပြီဖြစ်ရာ မျက်နှာပန်းလှစေရန်အတွက် ကယ်တင်ပေးရန် ဆုံးဖြတ်လိုက်လေသည်။

ကျန်းလျိုသည် သူ၏လက်ကို မြှောက်ကာ ကျူးကျူးအပေါ်သို့ ကွမ်ယင် ဂါထာ စွမ်းရည်ကို အသုံးပြုလိုက်ရာ သူမ၏ သွေးတန်း သည် ချက်ချင်းပင် သိသိသာသာ တက်လာလေသည်။

"ဝါး... အရမ်း စွမ်းအားကြီးတဲ့ နတ်စွမ်းရည်တွေပဲ..."

ကျူးကျူးသည် သူမ၏ ဒဏ်ရာများ ချက်ချင်း သက်သာလာသည်ကို ခံစားလိုက်ရပြီး ကျန်းလျိုအား အံ့ဩတကြီး ပြောလိုက်လေသည်။

ထိုသို့ပြောဆိုရင်း သူမ၏ အကြည့်များသည် ကျန်းလျိုနှင့် သူ၏အဖွဲ့အပေါ်သို့ ဝေ့ဝဲသွားပြီးနောက် ပါကျဲထံသို့ လှည့်ကာ မေးလိုက်လေသည်။

"ရှင်တို့ အားလုံးက… ဘယ်သူတွေလဲ..."

"သြော်... ငါတို့က ကျမ်းစာပင့်ဆောင်ဖို့ အနောက်ဘုံ ကို သွားနေတဲ့ ခရီးသည်တွေလေ..."

သွေးတန်းမှာ ၄၀% အထိ ရောက်ရှိသွားပြီဖြစ်ကာ ကိုယ်တိုင် လမ်းလျှောက်နိုင်နေပြီ ဖြစ်သော်လည်း ပါကျဲသည် ကျူးကျူးကို လွှတ်ပေးမည့် အရိပ်အယောင် အနည်းငယ်မျှမပြဘဲ ရင်ခွင်ထဲတွင် ဆက်လက်ပွေ့ချီထားရင်း ပြန်ဖြေလိုက်လေသည်။

"အို... ဒါဆို ရှင်တို့က ကျမ်းစာအတွက် အနောက်ဘုံ ကို သွားမယ့်သူတွေပေါ့... မဟာထန်ပြည် ကနေ ကျမ်းစာပင့်ဆောင်မယ့် ခရီးစဉ်ကို သွားနေတဲ့ ဘုန်းကြီးတစ်စုအကြောင်းကို ကျွန်မ အရင်က ကြားဖူးတယ်... သူတို့အထဲမှာ ရွှမ်ကျန်းဆရာတော် က အရမ်းနာမည်ကြီးတာပဲ... သူ့ရဲ့ အသားတစ်ဖဲ့ကို စားလိုက်ရုံနဲ့ အသက်ရှည်နုပျိုခြင်း ကို ရနိုင်တယ်လို့ ကြားဖူးတယ်..."

ကျန်းလျို၏ နာမည်ကျော်ကြားမှုကို သိသိသာသာ နားလည်ထားသော ကျူးကျူးက အံ့ဩတကြီး ရေရွတ်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် သူမ၏ မျက်လုံးများသည် ကျန်းလျိုထံသို့ စူးစိုက်ကြည့်ရှုနေလေသည်။

"မင်းက ငါ့ကို စားဖို့ စဉ်းစားနေတာလား..."

ကျူးကျူး၏ အကြည့်ကြောင့် ကျန်းလျိုက မျက်ခုံးအနည်းငယ် ပင့်ကာ မေးလိုက်လေသည်။

"သေချာပေါက် စားချင်တာပေါ့..."

ကျူးကျူးသည် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် တက်ကြွစွာ ဖြေကြားလိုက်ပြီး ပွင့်လင်းစွာ ဝန်ခံလိုက်လေသည်။

သို့သော် သူမ ဖြေကြားပြီးသည်နှင့် သူမသည် ပါကျဲ၏ လည်ပင်းကို အလွန်ရင်းနှီးစွာ ဖက်တွယ်လိုက်ပြီး ဆက်ပြောလေသည်။

"ဒါပေမဲ့ ဒါက တွေးကြည့်ရုံသက်သက်ပါ... လောလောဆယ်တော့ ကျွန်မက ပါကျဲနဲ့ ကလေးယူချင်တာ... အကယ်လို့ တစ်ယောက်ယောက်ကို စားရမယ်ဆိုရင်တောင် သူ့ကိုပဲ စားမှာ..."

“ဟီးဟီးဟီး... မင်းလေး စားမယ်ဆိုရင် လုံးဝ အစားခံဖို့ အဆင်သင့်ပဲ…”

လမ်းခရီးတစ်လျှောက်တွင် ဆရာဖြစ်သူနှင့် အတူနေလို၍ ငိုယိုအော်ဟစ်နေကြသော အမျိုးသမီး မိစ္ဆာ များနှင့်သာ တွေ့ခဲ့ရသော်လည်း ယခု သူ့အပေါ် စိတ်ဝင်စားသော မိစ္ဆာမလေးနှင့် နောက်ဆုံးတွင် တွေ့ဆုံလိုက်ရသဖြင့် ပါကျဲမှာ အလွန်အမင်း ဝမ်းသာပျော်ရွှင်နေလေသည်။ သူက ကျူးကျူးကို ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်လေသည်။

“ဒီမိစ္ဆာမက တော်တော်လေး ပွင့်လင်းတာပဲ…”

ကျူးကျူး၏ အဖြေကြောင့် ကျန်းလျိုသည် စိတ်ထဲမှ တိတ်ဆိတ်စွာ တွေးတောလိုက်မိလေသည်။ အသက်ရှည်နုပျိုခြင်းကို ပေးစွမ်းနိုင်သည့် အသားကို ဘယ်သူက မစားချင်ဘဲ နေမည်နည်း။ သူမ၏ ရဲတင်းစွာ ဝန်ခံနိုင်စွမ်းက ပွင့်လင်းသော စရိုက်လက္ခဏာကို အမှန်တကယ် ပြသနေပေသည်။

‘ဒါပေမဲ့ ပါကျဲကို မြင်မြင်ချင်းမှာပဲ သူ့ဆီမှာ အပိုင်အပ်ဖို့ ဆန္ဒရှိနေတာလား… သူ့ရဲ့ ကလေးတွေကိုတောင် မွေးပေးချင်တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောနေတာလား… ဒီလို ပွင့်လင်းမှုမျိုးကတော့ နည်းနည်းလေး လွန်ကဲလွန်းနေတယ် မဟုတ်ဘူးလား…’

***

All Chapters