← Chapters

အခန်း ၂၅၀

Vol. 18 Ch. 250

အခန်း ၂၅၀

Vol. 18 Ch. 250

အပိုင်း(၂၅၀)

"ဟုတ်တယ်… အဲဒီလိုပါပဲ… ဒါပေမဲ့ ကျူးကျူးရဲ့ မူလပုံစံက မဟူရာ ပင့်ကူ မုဆိုးမလေ… ဒါက သူ့ရဲ့ သဘာဝပဲ… ပြီးတော့ ကျွန်တော့်ကို စားလိုက်တာက သူ့ဗိုက်ထဲက ကလေးအတွက် ပိုကောင်းလိမ့်မယ်… ကျွန်တော်... ကျွန်တော်ကတော့ သူ့အစားခံလိုက်ရတာကိုပဲ ပိုလိုလားမိတယ်..."

ကျူးပါကျဲသည် ခေါင်းညိတ်လိုက်ပြီး ကျူးကျူးက သူ့ကို စားရန် ကြိုးစားခဲ့သည်ဆိုသည့်အချက်ကို မငြင်းဆိုခဲ့ပေ။

"ဪ… ဒီလိုကိုး..."

ထိုအခိုက်တွင် ကျန်းလျို၏ ရင်ထဲ၌ အလင်းပွင့်သွားသကဲ့သို့ နားလည်သဘောပေါက်သွားလေသည်။ ကွမ်ယင် ဗောဓိသတ်၏ ဗျူဟာက ရှင်းလင်းထင်ရှားလှပေသည်။ အမှန်တကယ်ပင် ဘက်မလိုက်သော ရှုထောင့်မှ ကြည့်မည်ဆိုလျှင် သူမက ကျူးကျူးကို သတ်ခဲ့သည် ဆိုသော်လည်း သူမ၏ အကြောင်းပြချက်က ခိုင်လုံပြီး အပြစ်တင်စရာ မရှိပေ။

ဤသည်က ကျူးပါကျဲ အနေဖြင့် ဆုံးရှုံးသွားသော ချစ်သူကို မမေ့နိုင်၍သာ ဖြစ်ပေသည်။

"ရွှမ်ကျန်း... ပါကျဲရဲ့ ဆရာတစ်ယောက်အနေနဲ့ ပြောကြည့်ပါဦး… ငါ လုပ်ခဲ့တာ မှားသွားသလား..."

အဖြစ်အပျက် အားလုံးကို ကျန်းလျိုအား ပြောပြပြီးနောက် ကွမ်ယင် ဗောဓိသတ်က မေးလိုက်သည်။

ကျန်းလျိုသည် သူမစကားများ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို ရှင်းလင်းစွာ နားလည်နေသော်လည်း သူမ၏ အကြောင်းပြချက်က အမှန်တကယ်ပင် ခိုင်လုံနေကြောင်းကိုတော့ ဝန်ခံရမည် ဖြစ်ပေသည်။ အကယ်၍သာ သူမ၏ အကွက်ချ စီစဉ်ထားသော ရည်ရွယ်ချက်များအားလုံးကို ဖွင့်ချမပြထားဘူးဆိုလျှင် ကွမ်ယင် ဗောဓိသတ် လုပ်ခဲ့သမျှ အရာအားလုံးသည် အပြစ်ကင်းစင်ရုံသာမက ကျူးပါကျဲ၏ အသက်ကို ကယ်တင်ပေးခဲ့ခြင်းဖြစ်ရာ သူ့အပေါ် ကျေးဇူးတင်စရာပင် ဖြစ်နေပေသေးသည်။

ကျူးပါကျဲသည် ခေါင်းငုံ့ထားပြီး နှုတ်ဆိတ်နေခဲ့သည်။ တစ်ခဏမျှ ချုပ်နှောင်ခံထားရခြင်းက သူ၏ ခံစားချက်များကို အနည်းငယ် တည်ငြိမ်သွားစေခဲ့ပြီး ကွမ်ယင် ဗောဓိသတ် လုပ်ရပ်တွင် အမှားအယွင်း မရှိကြောင်းကိုလည်း သူ နားလည်သဘောပေါက်သွားခဲ့လေသည်။

သို့သော်လည်း... ကျူးကျူးနှင့် သူမ၏ ဗိုက်ထဲရှိ မွေးဖွားလာခြင်း မရှိသေးသော သူတို့၏ ကလေးလေး သေဆုံးသွားခြင်းကတော့ ကျူးပါကျဲအတွက် အလွန် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်နေခဲ့ပေသည်။

"ကောင်းပြီ… ပါကျဲ... ဝမ်းနည်းပူဆွေးမှုတွေကို ထိန်းချုပ်ပြီး ရှေ့ဆက်သွားလိုက်ပါ… မင်းအနေနဲ့ အနောက်အရပ်ကို သွားပြီး ကျမ်းစာပင့်ဆောင်မယ့် ခရီးစဉ်ဆိုတဲ့ မဟာစီမံကိန်းကြီးကို ဦးစားပေးသင့်ပြီး ကိုယ်ရေးကိုယ်တာ သံယောဇဉ်တွေထဲမှာ နစ်မွန်းမနေသင့်တော့ဘူး… ဒီနေ့ကိစ္စကိုလည်း ငါ စိတ်ထဲထားနေမှာ မဟုတ်ပါဘူး… အောမိတော်ဖော..."

အရာအားလုံးက ကွမ်ယင်အတွက် မျှော်လင့်ထားသည့်အတိုင်း ဖြစ်ပေါ် မလာခဲ့သော်လည်း ဤအချိန်အထိဆိုလျှင်တော့ သူမ၏ အစီအစဉ်က အောင်မြင်စွာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပေသည်။ ကွမ်ယင် ဗောဓိသတ်သည် ကျေးဇူးကို အပြစ်ဖြင့် တုံ့ပြန်ခဲ့သော ကျူးပါကျဲ၏ လုပ်ရပ်အပေါ် အာဃာတမထားဘဲ အလွန် ကြီးမြတ်သော သဘောထားကို ပြသကာ ကျူးပါကျဲအား စိတ်ရှည်လက်ရှည်ဖြင့် ကြိုးပမ်း သွန်သင်ဆုံးမနေခဲ့လေသည်။

စကားအဆုံးတွင် ကွမ်ယင် ဗောဓိသတ်သည် များများစားစား ထပ်မပြောတော့ဘဲ ကြာပလ္လင်ပေါ်တွင် ထိုင်လျက် မကြာမီမှာပင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထွက်ခွာသွားလေတော့သည်။

သူမ ထွက်ခွာသွားသည်နှင့် ကျူးပါကျဲကို ရစ်ပတ်ထားသော သစ်ကိုင်းများလည်း ပျောက်ကွယ်သွားလေသည်။

ကျူးပါကျဲသည် သူ၏ ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသ နတ်စွမ်းရည်ပညာရပ်များကို ရုပ်သိမ်းလိုက်ပြီး တစ်ခွန်းမျှ မဟဘဲ ကျူးကျူး၏ အလောင်းဆီသို့ လျှောက်သွားလေသည်။

သူကိုယ်တိုင်ကလည်း ပင်ကိုယ်အားဖြင့် ရုပ်ဆိုးသူဖြစ်ရာ ကျူးပါကျဲသည် ရုပ်ဆိုးသော ပင့်ကူတစ်ကောင်သာ ဖြစ်သည့် ကျူးကျူးကို လုံးဝ ရွံရှာစက်ဆုပ်ခြင်း မရှိခဲ့ပေ။ သူသည် သူမ၏ အလောင်းကို ပွေ့ချီကာ အဝေးသို့ လျှောက်သွားလေတော့သည်။

ကျန်းလျိုက ကျူးပါကျဲကို နှစ်သိမ့်ပေးချင်ပုံရသော စွန်းဝူခုန်းကို လှမ်းခေါ်ကာ ပြောလိုက်သည်။

"ဝူခုန်း... သူ့ကို ခဏလောက် တစ်ယောက်တည်း နေခိုင်းလိုက်ပါ."

"ကောင်းပါပြီ..."

စွန်းဝူခုန်းသည် မိန်းမနှင့်ယောက်ျားကြားမှ သံယောဇဉ်ဆိုသောအရာများကို လှောင်ပြောင်တတ်သော်လည်း ယခုအချိန်တွင် ကျူးပါကျဲမှာ အလွန်တရာ ဝမ်းနည်းပူဆွေးနေမည်ကို နားလည်ထားသဖြင့် ခေါင်းညိတ်လိုက်ပြီး ဘာမျှ ထပ်မပြောတော့ပေ။

"ဘယ်သူက ထင်မှာလဲ… သူ့ရဲ့ လုပ်ရပ်တွေက ဒီလောက်တောင် မြန်နေလိမ့်မယ်လို့… ကလေးတောင် ရနေပြီတဲ့လား… ပိုပြီးတော့ မထင်မှတ်ထားတာက ကွမ်ယင်က ဒီလောက်တောင် ရက်စက်တတ်တယ်ဆိုတာပဲ..."

အသည်းကွဲနေသော ကျူးပါကျဲကို ကြည့်ကာ ကျန်းလျိုက တိုးတိုးလေး ရေရွတ်လိုက်သည်။ အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်ကို ယခုအချိန်အထိ လျှောက်လှမ်းလာခဲ့ရာတွင် မဟာယနဂိုဏ်းဝင်များသည် တစ်ချိန်က စွန်းဝူခုန်း ပြောခဲ့ဖူးသကဲ့သို့ပင် အကွက်ချ ကြိုးကိုင်ခြယ်လှယ်ရာတွင် အတော်ဆုံးဖြစ်ပြီး သူတို့၏ နောက်လိုက်များအပေါ်တွင်ပင် ရက်စက်တတ်ကြကြောင်းကို ကျန်းလျို ပိုမို နက်ရှိုင်းစွာ နားလည်သဘောပေါက်လာခဲ့ပေသည်။

အကယ်၍ အခက်အခဲ တစ်ခု ထပ်တိုးဖို့ သက်သက်အတွက်သာ ဆိုလျှင် သည်လောက်အထိ အပင်ပန်းခံနေဖို့ လိုအပ်သလော။ လက်စားချေဖို့အတွက် ကွမ်ယင်သည် အမှန်တကယ်ပင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး သူမကိုယ်တိုင်ကိုတော့ အပြစ်တင်စရာ မရှိအောင် အကွက်ချနိုင်ခဲ့ပေသည်။

ကျူးပါကျဲသည် ကျူးကျူး၏ အလောင်းကို မြေကြီးထဲတွင် မြှုပ်နှံလိုက်ပြီးနောက် သင်္ချိုင်းရှေ့တွင် ဝမ်းနည်းကြေကွဲစွာဖြင့် တစ်နေကုန် ရပ်နေခဲ့ပြီး သန်းခေါင်ယံအချိန်အထိ ထွက်ခွာသွားမည့် အရိပ်အယောင် လုံးဝ မပြခဲ့ပေ။

ကျန်းလျိုနှင့် အခြားသူများကလည်း အလျင်လိုခြင်းမရှိဘဲ ဘေးမှနေ၍ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ကြသည်။

သို့သော်လည်း အားလုံး တိတ်ဆိတ်ငြိမ်သက်နေသော သန်းခေါင်ယံအချိန်တွင် ကျန်းလျိုသည် သူ၏ ကောင်းကင်နဂါး ဓမ္မတေးသံကို ကိုးဆယ့်ကိုးကြိမ်တိတိ အပြည့်အဝ လှည့်ပတ်ကျင့်ကြံပြီးနောက် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ ထို့နောက် သင်္ချိုင်းရှေ့တွင် ရုပ်တုတစ်ခုအလား ရပ်နေသော ကျူးပါကျဲကို ကြည့်ကာ တစ်ခဏမျှ စဉ်းစားလိုက်ပြီး အနားသို့ လျှောက်သွားလေသည်။

"ဆရာ... ဆရာ့ရဲ့ နာမည်ပြောင်က ဟုမ်း ဆိုတာကို ဆရာ မှတ်မိသေးလား..."

ကျန်းလျိုကို ကျောခိုင်းထားသော ကျူးပါကျဲ၏ အသံက အရင်က တစ်ခါမှ မရှိဖူးလောက်အောင် လေးနက်တည်ကြည်နေပြီး အနည်းငယ်လည်း အက်ကွဲနေခဲ့ပေသည်။

"ဘာတွေ ဖြစ်နေတာလဲဆိုတာ ကျွန်တော့်ကို ကူညီပြီး စဉ်းစားပေးနိုင်မလား… ကျွန်တော်... ဒီဝက်အိုကြီးက တစ်ခုခုတော့ လွဲနေတယ်လို့ အမြဲတမ်း ခံစားနေရပေမဲ့ ဘာလဲဆိုတာကိုတော့ နားမလည်နိုင်အောင် ဖြစ်နေတယ်..."

ယခင်က ထျန်းဖုန်စစ်သူကြီး ဖြစ်ခဲ့ဖူးသူအနေဖြင့် ကျူးပါကျဲတွင် ထိုးထွင်းသိမြင်နိုင်စွမ်း အချို့တော့ ရှိပေသည်။ ဥပမာအားဖြင့် စွန်းဝူခုန်းပင် မသိသည့် အဆင့်ကိုး ကြာပန်းနက် ကဲ့သို့သော အရာမျိုးကို ကျူးပါကျဲက သိရှိနေခဲ့ခြင်းမျိုး ဖြစ်၏။

အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ် ပြီးဆုံးသွားပါက မည်မျှလောက်သော ကုသိုလ်ကောင်းမှုများ ရရှိမည်နှင့် ထို့နောက်တွင် မည်သို့သော ဘွဲ့အမည်များ ချီးမြှင့်ခံရမည်ဆိုသည်ကိုလည်း သူ အကြမ်းဖျင်း ခန့်မှန်းနိုင်ပေသည်။

ဤအရာများအားလုံးသည် ယခင်ဘဝက ထျန်းဖုန်စစ်သူကြီး ဖြစ်ခဲ့ဖူးသောကြောင့် သူ၏ အမြင်ကျယ်မှုက သိမြင်ခွင့်ပေးထားခြင်းများ ဖြစ်ပေသည်။

သို့သော်လည်း ကျူးပါကျဲ၏ ဉာဏ်ပညာပိုင်းနှင့် ပတ်သက်လာလျှင်တော့ တကယ်ကို သိပ်မမြင့်မားလှပေ။

ဝက်တစ်ကောင်အဖြစ် ပြန်လည်မွေးဖွားလာရသောကြောင့်လော သို့မဟုတ် သူ၏ ဉာဏ်ရည်ဉာဏ်သွေးက မူလကတည်းက သိပ်မမြင့်မားခဲ့၍လောတော့ မသိချေ။

မည်သို့ပင်ဆိုစေကာမူ... အကယ်၍ သူသာ တကယ် ထက်မြက်ခဲ့မည်ဆိုပါက မူးယစ်နေချိန်တွင် ချန်အော်နတ်သမီးအပေါ် မဖွယ်မရာ ပြုမူပြီး လူ့ပြည်သို့ နှင်ထုတ်ခံရသည်အထိ ဖြစ်လာလိမ့်မည် မဟုတ်ပါချေ။

သို့တိုင်အောင်... ဝမ်းနည်းပူဆွေးမှုများကြားမှပင် ကျူးပါကျဲသည် သူနှင့် ကျူးကျူးတို့၏ အခြေအနေတွင် မသင်္ကာစရာ တစ်ခုခု ရှိနေကြောင်း ခံစားခဲ့ရသည်။ သို့သော် တိကျသော အကြောင်းရင်းက ဘာလဲဆိုတာကိုတော့ သူ မတွေးတတ်အောင် ဖြစ်နေခဲ့၏။ ထို့ကြောင့် သူသည် သူ၏ဆရာဖြစ်သူ ကျန်းလျိုထံမှ အကူအညီကိုသာ တောင်းခံနိုင်တော့သည်။

ကျူးပါကျဲသည် သူ၏ ဆရာ ကျန်းလျိုထံတွင် မည်သည့်အရာကို အလေးစားဆုံး ဖြစ်သနည်း။မိစ္ဆာမလေးများနှင့် နတ်သမီးများ အားလုံးနီးပါးကို သူ့အပေါ် ကြွေကျသွားအောင် လုပ်နိုင်စွမ်းရှိခြင်းပင် ဖြစ်သည်။ ၎င်းက အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်တွင် ကျန်းလျိုနောက်သို့ လိုက်ပါရန် ကျူးပါကျဲ လိုလားစေသည့် အဓိက အကြောင်းရင်းလည်း ဖြစ်နေပေသည်။

ထို့အပြင်... ကျူးပါကျဲ လေးစားရသည့် ဆရာ၏ နောက်ထပ် စွမ်းရည်တစ်ခုမှာ သူ၏ ဉာဏ်ပညာပင် ဖြစ်လေသည်။

သူသည် တစ်ကြိမ် ဆုံတွေ့ရုံမျှဖြင့် ကျူးပါကျဲ၏ ကိုယ်ပိုင်အမှတ်အသားနှင့် ဇာစ်မြစ်ကို ဆက်စပ်ပြီး မှန်းဆနိုင်ခဲ့ကာ သူ၏ ဉာဏ်ရည်ဉာဏ်သွေးကို မေ့မရနိုင်သော ပထမဆုံး အထင်အမြင်တစ်ခုအဖြစ် ချန်ထားရစ်ခဲ့ပေသည်။

သူ့ကိုယ်သူ ပေးထားသော ထူးဆန်းသည့် "ဟုမ်း" ဆိုသည့် နာမည်ပြောင်က သူသည် သူ့ကိုယ်သူ အလွန် ဉာဏ်ကောင်းသည်ဟု ယူဆထားကြောင်း ဖော်ပြနေပုံရသည်။

ထို့ကြောင့် ကျူးပါကျဲ နားမလည်နိုင်သော ကိစ္စများအတွက် ဆရာဖြစ်သူ ကျန်းလျိုထံမှ လမ်းညွှန်မှုကိုသာ တောင်းခံနိုင်ပေတော့သည်။

"ပါကျဲ... မင်း တကယ် သိချင်လို့လား… တစ်ခါတလေကျရင် ကိစ္စတွေရဲ့ အမှန်တရားက မင်းထင်ထားတာထက် အများကြီး ပိုနက်ရှိုင်းနေတတ်တယ်နော်..."

ကျန်းလျိုက တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် မေးလိုက်သည်။

"ဆရာ... ကျွန်တော်က ဒီလိုအခြေအနေကြီး ရောက်နေပြီပဲ… ဘာကို ကြောက်စရာ လိုသေးလို့လဲ… စကားပုံတစ်ခု ရှိတယ်မဟုတ်လား... ဖိနပ်မပါတဲ့သူက ဖိနပ်စီးထားတဲ့သူတွေကို မကြောက်ဘူးတဲ့… ကျွန်တော့်မှာ ဆုံးရှုံးစရာ ဘာမှ မရှိတော့ဘူးလေ..."

ကျူးပါကျဲက သူ၏ ဘေးတွင်ရှိသော ကျန်းလျိုကို လှည့်ကြည့်ရင်း ပြောလိုက်သည်။

"အင်းလေ... ဒါဆိုလည်း ငါ သိထားသလောက် အကြမ်းဖျင်း ပြောပြမယ်..."

ကျူးပါကျဲထံမှ သေချာသော အဖြေကို ရရှိပြီးနောက် ကျန်းလျိုက ခေါင်းညိတ်လိုက်သည်။

"ထျန်းဖုန်စစ်သူကြီး တစ်ယောက်အနေနဲ့ မင်း အများကြီး သိပြီးသားမို့ ငါ သိပ်အများကြီး မပြောတော့ပါဘူး… မဟာယနဂိုဏ်း ကြီးပွားတိုးတက်လာဖို့ ဆိုတာက ကောင်းကင်ဘုံ ဥပဒေသအရ ကံကြမ္မာပါ ဆိုတာလောက်ပဲ မင်းကို ငါပြောပြမယ်… ဒါက ဘယ်သူမှ ပြောင်းလဲလို့မရတဲ့ ကြီးမားတဲ့ အပြောင်းအလဲကြီးပဲ… ပြီးတော့ အနောက်အရပ်ကို ကျမ်းစာပင့်ဆောင်ရမယ့် ခရီးစဉ်က မဟာယနဂိုဏ်း ကြီးထွားလာဖို့နဲ့ ဗုဒ္ဓတရားတော်တွေကို အရှေ့ဘက်ကို ဖြန့်ဝေဖို့အတွက် အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုပဲ..."

ကျန်းလျိုက တိုက်ရိုက်ပင် ရှင်းပြလိုက်သည်။

ကျူးပါကျဲက ခေါင်းညိတ်လိုက်သည်။

"ဒီဝက်အိုကြီးက အဲဒါကို သိပါတယ်ဗျ… အနောက်အရပ်ကို ကျမ်းစာပင့်ဆောင်မယ့် ခရီးစဉ်ဆိုတာက ကမ္ဘာလောကကြီးမှာ ကြီးမားတဲ့ ကပ်ဘေးကြီးတစ်ခု ဖြစ်လာနိုင်ပြီး… ကျွန်တော်တို့ တစ်စုကတော့ အဲဒီဟောကိန်းအရ ပေါ်ပေါက်လာတဲ့ လူတွေပဲလေ..."

"ကောင်းပြီ... မင်း နားလည်တယ်ဆိုရင် တော်သေးတာပေါ့… အခု ဆက်ပြောကြရအောင်… အနောက်အရပ်ကို ကျမ်းစာပင့်ဆောင်မယ့် ခရီးစဉ်ဖြစ်တဲ့အတွက်… မိုင်တစ်သိန်းရှစ်ထောင် ခရီးစဉ်က ကြီးမားတဲ့ စမ်းသပ်မှုတွေနဲ့ ပြည့်နှက်နေမှာပဲ… ဒါကြောင့် ကျမ်းစာရှာဖွေမယ့် ခရီးစဉ်က ချောမွေ့နေမှာတော့ မဟုတ်ဘူး… ခက်ခဲကြမ်းတမ်းမှု ရှစ်ဆယ့်တစ်ကြိမ်ဆိုတာ ကောင်းကင်ဘုံ ဥပဒေသအရ သတ်မှတ်ထားတာ ဖြစ်နိုင်တယ်..."

ကျန်းလျိုက ခေါင်းအနည်းငယ် ညိတ်ပြရင်း ပြောလိုက်လေသည်။

***

All Chapters