အခန်း ၂၅၁
Vol. 18 Ch. 251
အပိုင်း(၂၅၁)
"ကပ်ဘေး ရှစ်ဆယ့်တစ်ကြိမ်… ဒါဆို ဒီကပ်ဘေးတွေထဲက တစ်ခုကို ရင်ဆိုင်ဖို့ ကျွန်တော့်အလှည့် ရောက်လာတာပေါ့လေ..."
ကျန်းလျို၏ ရှင်းပြချက်ကို ကြားပြီးနောက် ကျူးပါကျဲသည် နားလည်သွားကာ သူ၏ မျက်နှာပေါ်တွင် သဘောပေါက်သွားမှု၊ ဝမ်းနည်းမှု၊ ဒေါသထွက်မှုနှင့် မလိုလားမှု စသည့် ခံစားချက်ပေါင်းစုံ ရောယှက်ပေါ်လွင်နေခဲ့ပေသည်။
ထျန်းဖုန်စစ်သူကြီး ဖြစ်ခဲ့စဉ်က သူသည် နတ်ပြည်၌ အလွန် လေးစားခံရသူ တစ်ဦး ဖြစ်ခဲ့ပေသည်။ ယခု ဝက်တစ်ကောင်ဖြစ်လာသည်အထိ အခြေအနေ ဆိုးရွားသွားသည့်တိုင် ကောင်းကင်ဘုံက သူ့ကို အလွတ် မပေးချင်သေးသည်လား။
ကောင်းကင်ဘုံ၏ ဆန္ဒဆိုသည်မှာ ဓားတစ်လက်ကဲ့သို့ပင် အမှန်တကယ် ကရုဏာကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်လွန်းလှပေသည်။
"မဟုတ်ဘူး… မင်း တစ်ခုခုကို နားလည်မှုလွဲနေလောက်တယ်..."
ထျန်းဖုန်စစ်သူကြီး၏ အမူအရာကို မြင်လိုက်ရသောအခါ ကျန်းလျိုက ခေါင်းခါယမ်းပြီး ပြောလိုက်သည်။
"အဲဒီမတိုင်ခင် ငါနဲ့ ကောင်းယန်အကြောင်း ဇာတ်လမ်းတစ်ပုဒ်ကို အရင်ပြောပြမယ်..."
ကျန်းလျိုက စတင်ပြောဆိုလိုက်သည်။ သူ၏ အသံက ခပ်ဝေးဝေးဆီမှ လာသကဲ့သို့ ဖြစ်နေပြီး မျက်လုံးများကလည်း လွင့်မျောနေကာ သူ၏ ကိုယ်ပိုင် အတွေးများထဲတွင် နစ်မွန်းနေကြောင်း သိသာထင်ရှားလှပေသည်။ ထို့နောက် သူသည် သူ့ကိုယ်သူနှင့် ကောင်းယန်တို့ကြားရှိ အဖြစ်အပျက်များကို ကျူးပါကျဲအား ပြန်လည်ပြောပြလေတော့သည်။
ရဟန်းမဖြစ်ခင်က သူသည် ကျင်းဆန်းကျောင်းတော်၏ အနောက်ဘက်တွင် အသားကင်စားနေစဉ် ကောင်းယန်နှင့် မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ပြီး ဝံပုလွေ မိစ္ဆာစစ်သည်များ၏ လိုက်လံဖမ်းဆီးမှုမှ အတူတကွ ထွက်ပြေးလွတ်မြောက်ခဲ့ကြကာ အခက်အခဲများကြားမှ သံယောဇဉ်တွယ်ခဲ့ကြသည်။ ထို့နောက် လက်စားချေရန်အတွက် တောင်ပေါ်မှ အတူတကွ ဆင်းလာခဲ့ကြပြီး ထာဝရချစ်သွားမည့်အကြောင်း ကတိသစ္စာပြုခဲ့ကြသည်။
နောက်ပိုင်း နံ့သာတိုင်ပူဇော်ပွဲတွင် သူ၏ ခန္ဓာကိုယ်ထက်၌ နံ့သာတိုင် အမာရွတ် တစ်ဆယ့်နှစ်ခု ရရှိခဲ့သည်။ ထို့နောက်... ဖူထူတောင်ပေါ်တွင် မိစ္ဆာများကို နှိမ်နင်းရန် တိုက်ခိုက်ခဲ့ကာ ကောင်းယန်နှင့်အတူ နှစ်လကြာ တိတ်ဆိတ်စွာ နေထိုင်ခဲ့ကြသည်။ နောက်ဆုံး ကောင်းယန် အဆိပ်မိသွားချိန်၌ ဗုဒ္ဓထံတွင် သူမအား ကယ်တင်ပေးရန် တောင်းပန်ခဲ့ရပြီး အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်ကို စတင်ခဲ့ရလေသည်။
ကျန်းလျိုသည် သူ့ကိုယ်သူနှင့် ကောင်းယန်တို့ကြား ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ကျူးပါကျဲအား အသေးစိတ် ရှင်းပြခဲ့ပေသည်။
"ဪ… ဒီလိုကိုး… ဒါကြောင့်မို့ ဆရာက အစတုန်းက ကျွန်တော့်ကို ကျူးကျူးနဲ့ အမြန်ဆုံး ဝေးဝေးနေဖို့ ပြောခဲ့တာကိုး..."
ကျန်းလျို၏ ဇာတ်လမ်းကို ကြားပြီးနောက် ကျူးပါကျဲ၏ မျက်နှာပေါ်တွင် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်များ ပေါ်လွင်လာခဲ့သည်။
"ကျွန်တော့်အခြေအနေက ဆရာ့အခြေအနေနဲ့ သိပ်တူနေတာပဲ… ဒါဆို ဆရာပြောချင်တာက ကျူးကျူးနဲ့ ကျွန်တော့်ကြားက ကပ်ဘေးက ကွမ်ယင် ဗောဓိသတ်ရဲ့ အကွက်ချ စီစဉ်မှု ဖြစ်နိုင်တယ်ဆိုတဲ့ သဘောလား..."
"ဗောဓိသတ် စီစဉ်တာ ဟုတ်မဟုတ် ဆိုတာကို ငါက ခန့်မှန်းကြည့်ရုံ သက်သက်ပါ… ခိုင်လုံတဲ့ သက်သေအထောက်အထားတော့ မရှိဘူး… ပြီးတော့ ငါ့ခန့်မှန်းချက်သာ မမှားဘူးဆိုရင်… ခက်ခဲကြမ်းတမ်းမှု ရှစ်ဆယ့်တစ်ကြိမ်က ကြိုတင်သတ်မှတ်ထားတာ ဖြစ်နိုင်ပေမဲ့… ကောင်းကင်ဘုံက နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေက ငါတို့ ကံကြမ္မာကို ရင်ဆိုင်ရဖို့အတွက် တမင်တကာ ဖန်တီးထားတဲ့ စမ်းသပ်မှုတွေလည်း ဖြစ်နိုင်တယ်လေ..."
ကျူးပါကျဲ၏ မေးခွန်းကို ကျန်းလျိုက ပြန်ဖြေလိုက်သည်။ ကျန်းလျိုက သူ၏ ခန့်မှန်းချက်ကို ယုံကြည်သော်ငြား ယင်းက ထင်မြင်ချက်တစ်ခုမျှသာ ဖြစ်လေသည်။ အမှန်တကယ် ဟုတ်မဟုတ် ဆိုသည်ကိုတော့ ကျူးပါကျဲ ကိုယ်တိုင်သာ ဆုံးဖြတ်ရမည် ဖြစ်ပေသည်။
ကိုယ်ပိုင် ထင်မြင်ယူဆချက်များကို အမှန်တရားတစ်ခုအဖြစ် အခြားသူများအပေါ် အတင်းအကျပ် ကွပ်ကဲ၍ မရနိုင်ပေ။
"ခန့်မှန်းချက် သက်သက်ပဲလား… ဟမ့်… ဒါဆိုရင်လည်း ဒီဝက်အိုကြီးက အားလုံးကို သက်သေပြဖို့ အထောက်အထားတွေကို ကိုယ်တိုင် ရှာဖွေရတာပေါ့..."
ကျန်းလျို၏ စကားများကို ကြားပြီးနောက် ကျူးပါကျဲက အေးစက်စက် ရယ်မောကာ ပြောလိုက်သည်။
"ဟာ... မင်းဘာသာမင်း အထောက်အထား သွားရှာမလို့လား… ဘယ်နေရာမှာ သွားရှာမှာလဲ..."
ကျူးပါကျဲ၏ စကားကြောင့် အံ့သြသွားကာ ကျန်းလျိုက မယုံနိုင်စွာဖြင့် မေးလိုက်သည်။
"ကျူးကျူးနဲ့ ကျွန်တော့်ကြားက ကိစ္စတွေကို ဖူးစာရေးနတ်က ဘယ်လိုလုပ် မသိဘဲ နေမှာလဲ… သူ့ဆီသွားပြီး သေချာ သွားမေးကြည့်ရမယ်..."
ကျူးပါကျဲက ပြန်ဖြေလိုက်သည်။
ဖူးစာရေးနတ်၏ ရာထူးက အတော်လေး ထူးခြားနေသော်လည်း သူက အလွန်တရာ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးတော့ မဟုတ်ပေ။ ကျူးပါကျဲလို လူတစ်ယောက်အတွက် သူ့ကို သွားရောက်တွေ့ဆုံရန်က ပြဿနာတစ်ခု မဟုတ်ပေ။
စကားပြော၍ ဆုံးသည်နှင့် တစ်ပြိုင်နက် ကျူးပါကျဲသည် လှုပ်ရှားလိုက်ပြီး ကောင်းကင်ယံသို့ တိုက်ရိုက် ပျံသန်းသွားကာ ကောင်းကင်ဘုံဆီသို့ ဦးတည်သွားလေတော့သည်။
"အင်း... ဖူးစာရေးနတ်ဆီသွားပြီး အားလုံး ရှင်းလင်းသွားအောင် လုပ်တာက တကယ်ကို အသုံးဝင်မယ့် နည်းလမ်းတစ်ခုလိုပဲ..."
ထွက်ခွာသွားသော ကျူးပါကျဲကို ကြည့်ကာ ကျန်းလျိုက သူ့ဘာသာသူ တိတ်တဆိတ် တွေးလိုက်သည်။ ကျူးပါကျဲသည် တစ်ချိန်က ကြီးမြတ်သော ထျန်းဖုန်စစ်သူကြီး ဖြစ်ခဲ့သည် မဟုတ်ပါလော။ သက်ဆိုင်ရာ ကိစ္စများအတွက် မည်သူ့ကို ရှာရမည်ဆိုသည်ကို သူက အမြဲတမ်း သိနေတတ်ပေသည်။ ဖူးစာရေးနတ်ကို သွားရှာရန် တစ်ခါမျှပင် မတွေးဖူးခဲ့သော မိမိနှင့်တော့ ကွာခြားလှ၏။
ကျူးပါကျဲသည် အဆင့်နိမ့်သွားသည့် နတ်ဘုရားတစ်ပါး ဖြစ်သော်လည်း ထျန်းဖုန်စစ်သူကြီးဆိုသည့် သူ၏ ဇာစ်မြစ်နှင့် ထိုက်ရီ အစစ်အမှန် နတ်အဆင့်ရှိ သူ၏ ကျင့်စဉ်အဆင့်တို့ကြောင့် ကောင်းကင်ဘုံတွင် သူ လွတ်လပ်လွယ်ကူစွာ လှုပ်ရှားသွားလာနိုင်စွမ်း ရှိနေဆဲ ဖြစ်ပေသည်။
သူပိုင်ဆိုင်ထားသော အသွင်ပြောင်းခြင်း သုံးဆယ့်ခြောက်မျိုးဖြင့် ဆိုလျှင် သာမန် နတ်ဘုရားများက သူ ရှိနေကြောင်းကိုပင် အာရုံခံမိနိုင်မည် မဟုတ်ချေ။ ဖူးစာရေးနတ် နေထိုင်ရာ ဖူးစာရေးနန်းဆောင်ကို ရှာတွေ့ရန် ကျူးပါကျဲအတွက် အချိန် သိပ်မကြာလိုက်ပေ။
နန်းဆောင်ထဲသို့ ဝင်လိုက်သည်နှင့် လူသားများ၏ ဖူးစာရေးရာ ကိစ္စရပ်များအတွက် ဖူးစာကြိုးနီများနှင့် အလုပ်ရှုပ်နေကြသော ကောင်လေး အချို့ကို သူ တွေ့လိုက်ရလေသည်။
ဖူးစာကြိုးနီလေးများက အတော်လေး ဉာဏ်ကောင်းပုံရသည်။ ကောင်လေးများက ၎င်းတို့ကို ဖြန့်ကြဲလိုက်သည်နှင့် သူတို့ဘာသာသူတို့ အလိုအလျောက် တွဲဖက်ပြီး ရစ်ပတ်သွားကြလေသည်။
လူအချို့တွင် ဖူးစာကြိုးနီ အများအပြား ချည်နှောင်ခံထားရပြီး အချို့တွင်မူ တစ်ချောင်းမှပင် မရှိကြပေ။
ထို့အပြင် အချို့သော ဖူးစာကြိုးနီများတွင် အရွယ်အစား အမျိုးမျိုးရှိသည့် အထုံးများစွာကို ချည်နှောင်ထားသေး၏။ ဖူးစာရေးနန်းဆောင် တစ်ခုလုံးသည် ရှုပ်ယှက်ခတ်နေသော ကြိုးများဖြင့် ပြည့်နှက်နေပုံရလေသည်။
မှောင်ရိပ်ထဲတွင် ပုန်းကွယ်နေသော ကျူးပါကျဲသည် ကောင်လေးများ သူတို့၏အလုပ်များ ပြီးစီးကာ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားသည်အထိ ခဏတာ စောင့်ဆိုင်းနေခဲ့သည်။ မကြာမီမှာပင် ဆံပင်နှင့် မုတ်ဆိတ်များ ဖြူဖွေးနေပြီး အနီရောင်ဝတ်ရုံ တောက်တောက်ကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးသည် သူ၏လက်ထဲတွင် ဖူးစာကြိုးနီ အခွေတစ်ခုကို ကိုင်ဆောင်လျက် ထွက်ပေါ်လာလေသည်။
"နောက်ဆုံးတော့ သူ ထွက်လာပြီပေါ့လေ..."
အဘိုးအို ထွက်လာသည်ကို ချောင်းကြည့်နေသော ကျူးပါကျဲသည် စိတ်ထဲမှ လှောင်ပြောင်လိုက်ပြီးနောက် အပြင်သို့ ပြေးထွက်သွားကာ ဖူးစာရေးနတ်ကို မြေကြီးပေါ်သို့ ဖိလှဲချလိုက်ပြီး သူ၏လည်ပင်းကို လက်နှစ်ဖက်ဖြင့် ညှစ်ထားလိုက်လေတော့သည်။
"ခင်ဗျားကြီးက နောက်ဆုံးတော့ ထွက်လာရဲပြီပေါ့လေ..."
ဖူးစာရေးနတ်ကို စိုက်ကြည့်ကာ ကျူးပါကျဲက ဒေါသတကြီး မေးလိုက်သည်။
"မင်း... အဟွတ်... မင်းက... ထျန်းဖုန်စစ်သူကြီးလား..."
မြေကြီးပေါ်သို့ လဲကျသွားပြီး လည်ပင်းကို ကျူးပါကျဲ၏ သန်မာသော လက်များဖြင့် အပြင်းအထန် အညှစ်ခံထားရသော ဖူးစာရေးနတ်သည် နာကျင်နေပုံရပြီး အံ့သြတကြီး ပြောလိုက်သည်။ လူ့ပြည်သို့ နှင်ချခံထားရသည်မှာ ကြာပြီဖြစ်သော ကျူးပါကျဲက သူ့ကို လာရောက်တိုက်ခိုက်လိမ့်မည်ဟု သူက လုံးဝ မျှော်လင့်မထားခဲ့ကြောင်း သိသာထင်ရှားလှပေသည်။
"ဟမ့်... ဘာတွေများ အံ့သြစရာ ရှိနေလို့လဲ… ဒီဝက်အိုကြီးက ခင်ဗျားကို လာရှာတာ မြင်ရတာ ထူးဆန်းနေလို့လား..."
ကျူးပါကျဲက တင်းမာစွာ မေးခွန်းထုတ်လိုက်သည်။
"စစ်သူကြီး... ကျွန်တော့် အသက်ကို ချမ်းသာပေးပါ… ကျွန်တော့်ကို သတ်မလို့လား… ဒီအဖိုးကြီးက... ဒီအဖိုးကြီးက ဘာအပြစ်တွေများ လုပ်မိလို့လဲဆိုတာ မသိပါဘူး… ကျေးဇူးပြုပြီး ရှင်းပြပေးပါဦး စစ်သူကြီးရဲ့..."
ဖူးစာရေးနတ်က မတရားခံရသည့် လေသံဖြင့် အော်ဟစ်တောင်းပန်လိုက်သည်။
"သြော်... ဖူးစာရေးနတ် ခင်ဗျားက တော်တော် သတ္တိကောင်းတာပဲ… ကျူးကျူးနဲ့ ကျွန်တော့်ကြားမှာ ဘာတွေဖြစ်နေလဲ ဆိုတာကို ခင်ဗျားကြီး ဘာမှမသိဘူးလို့ ကျွန်တော်က ယုံပေးရမှာလား… ကျွန်တော်ကတော့ မယုံဘူးဗျာ..."
ကျူးပါကျဲက သူ၏ ဆုပ်ကိုင်ထားမှုကို အနည်းငယ် လျှော့ပေးလိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။
"စစ်သူကြီးရဲ့ ကိုယ်ပိုင် ဖူးစာရေးရာလား… ကျွန်တော်... ကျွန်တော် စစ်ဆေးကြည့်ပေးပါရစေ..."
ကျူးပါကျဲက ကျူးကျူးနှင့် ပတ်သက်သည့် သူ၏ ပြဿနာများကို ပြောပြသည်ကို ကြားလိုက်ရသောအခါ ဖူးစာရေးနတ်က စစ်ဆေးပေးရန် ကမ်းလှမ်းလိုက်သည်။
စကားပြောရင်းနှင့်ပင် ဖူးစာရေးနတ်သည် သူ၏ အာဏာစွမ်းရည်များကို အသုံးပြုလိုက်ရာ သူ၏ မျက်လုံးများထဲတွင် မရေမတွက်နိုင်သော အလင်းတန်းများ လင်းလက်သွားသကဲ့သို့ ဖြစ်သွားပြီး ကျူးပါကျဲကို သေချာစွာ စစ်ဆေးကြည့်ရှုလေတော့သည်။
"ဘယ်လိုလဲ... ခင်ဗျား ဘာတွေ မြင်လိုက်ရလဲ..."
ဖူးစာရေးနတ် စစ်ဆေးပြီးသွားသောအခါ ကျူးပါကျဲက ခြိမ်းခြောက်သည့် လေသံဖြင့် မေးလိုက်သည်။
"တကယ်ကို ထူးဆန်းတာပဲ စစ်သူကြီး… သင့်ဆီမှာ ဖူးစာကြိုးနီ တစ်ချောင်း အပိုပါနေတာ အမှန်ပဲ… ဒါပေမဲ့ အဲဒါက ကျွန်တော် ချည်ပေးထားတာ မဟုတ်ပါဘူး… ကျွန်တော့်မှာ ကောင်းကင်ဘုံလောက် သတ္တိတွေ ရှိနေရင်တောင်မှ စစ်သူကြီးရဲ့ သံယောဇဉ်တွေကို ကစားရဲမှာ မဟုတ်ပါဘူး… ကျွန်တော်က မတရား စွပ်စွဲခံရတာပါဗျာ..."
ကျူးပါကျဲ၏ အခြေအနေအပေါ် ဖူးစာရေးနတ်သည်လည်း ထပ်တူ နားမလည်နိုင်အောင် ဖြစ်နေပုံရသော်လည်း ၎င်းထက်ပို၍ သူက အပြစ်ကင်းစင်ကြောင်း အပြင်းအထန် ငိုယိုပြောဆိုနေခဲ့ပေသည်။
"ဟွန်း... ဘုံသုံးပါးနဲ့ လမ်းစဉ်ခြောက်သွယ်စလုံးမှာ ဖူးစာကြိုးနီတွေက ခင်ဗျားဆီကပဲ လာတယ်ဆိုတာ ဘယ်သူက မသိလို့လဲ… ခင်ဗျားမဟုတ်ရင် တခြားတစ်ယောက် ရှိနေနိုင်သေးလို့လား..."
ကျူးပါကျဲက ဖူးစာရေးနတ်၏ ငြင်းဆန်မှုများကို ဂရုမစိုက်ဘဲ ပြောဆိုရင်း သူ၏ ကိုးသွားထွန်ခြစ်ကို မြင်သာအောင် မြှောက်ပြလိုက်လေသည်။
"ဒါမှမဟုတ်..."
ဖူးစာရေးနတ်က မစဉ်းစားဘဲ စကားစပြောလိုက်သော်လည်း ချက်ချင်း ရပ်တန့်သွားပြီး သူ၏ မျက်နှာပေါ်တွင် တစ်ခုခုကို သဘောပေါက်သွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။
"ဒါမှမဟုတ် ဘာဖြစ်လဲ… ပြောစမ်းပါ..."
ဖူးစာရေးနတ်၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ကျူးပါကျဲက အရေးတကြီး ဖိအားပေး မေးမြန်းလိုက်သည်။
"ကျွန်တော် မပြောရဲပါဘူး..."
ဖူးစာရေးနတ်က ငြင်းဆန်လိုက်ပြီး သူ၏ မျက်နှာတွင် အကြောက်တရားများ ပြည့်နှက်သွားလေသည်။
"ဟွန်း... မပြောရဲဘူးလား… ခင်ဗျားက တခြားလူတွေကို ကြောက်ပြီး ကျွန်တော့်ကိုကျတော့ မကြောက်ဘူးပေါ့လေ… ကျွန်တော်က ဆုံးရှုံးစရာ ဘာမှမရှိတော့တဲ့ ဝက်မိစ္ဆာ တစ်ကောင်ပဲ ဖြစ်နေပြီ… ဖိနပ်မပါတဲ့သူက ဖိနပ်စီးထားတဲ့သူတွေကို မကြောက်ဘူးဗျ… အခုချက်ချင်း ခင်ဗျားကို ဒီနေရာမှာတင် သတ်ပစ်လိုက်မှာကို မကြောက်ဘူးလား..."
ကျူးပါကျဲက သူ၏ ထွန်ခြစ်ကို ဝှေ့ယမ်းကာ ခြိမ်းခြောက်လိုက်လေသည်။
"နေပါဦး စစ်သူကြီး… ကျွန်တော် ပြောပါ့မယ်… ပြောပါ့မယ်… လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကွမ်ယင် ဗောဓိသတ်က ကျွန်တော့်ဆီကနေ ဖူးစာကြိုးနီ တချို့ လာတောင်းသွားတယ်… အနောက်အရပ်ကို သွားမယ့် ခရီးစဉ်ရဲ့ ကြီးမားတဲ့ ကပ်ဘေးအတွက် ဒီကြိုးတွေကို အသုံးပြုပြီး ကိစ္စတချို့ကို ကူညီပေးဖို့ လိုအပ်တယ်လို့ သူက ပြောသွားတယ်...”
***