← Chapters

အခန်း ၂၅၂

Vol. 18 Ch. 252

အခန်း ၂၅၂

Vol. 18 Ch. 252

အပိုင်း(၂၅၂)

လူ့ပြည်လောကတွင်တော့ ယနေ့ည၏ အဖြစ်အပျက်များက အမှန်တကယ် ခေါင်းကိုက်စရာ ဖြစ်စေခဲ့သောကြောင့် စွန်းဝူခုန်းနှင့် ရှားဝူကျင်းတို့သည် အနားယူနေကြလေသည်။

ကျန်းလျိုကတော့ အချိန်ကို အမိအရယူကာ သူ၏ ကောင်းကင်နဂါး ဓမ္မတေးသံကို ကြိုးကြိုးစားစား လေ့ကျင့် ကျင့်ကြံရင်း အတွေ့အကြုံမှတ်များကို နည်းနည်းချင်း စုဆောင်းနေခဲ့လေ၏။

ထျန်းဖုန်စစ်သူကြီး ကျူးပါကျဲက မည်မျှ အစွမ်းထက်သနည်း။ ယင်းက သံသယဖြစ်စရာ မလိုအောင်ပင် သေချာလှပေသည်။ ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသ ပုံစံဖြင့် ရူးသွပ်သောင်းကျန်းနေသော ကျူးပါကျဲ၏ အသက်ကိုပဓာနမထားသည့် အခြေအနေက ကျန်းလျိုကိုပင် အံ့အားသင့်သွားစေလောက်သည့် စွမ်းအားတစ်ခုကို ထုတ်လွှတ်ပေးခဲ့လေသည်။

ယခုအချိန်အထိ ကျန်းလျိုသည် အစွမ်းထက်သော ပုဂ္ဂိုလ်များစွာကို မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ဥပမာအားဖြင့် ဆန်းကြယ်ပြီး အလွန်တရာ အစွမ်းထက်လှသော ဝူချောင်ဆရာတော်၊ ထို့နောက် သူတော်စင်လေးပါး၏ ဇင်နှလုံးသားကို စမ်းသပ်ရာတွင် ဗောဓိသတ် သုံးပါးကို သမီးများအဖြစ် အစေခံခိုင်းနိုင်ခဲ့သော လီရှန်းမယ်တော်တို့ပင် ဖြစ်ပေသည်။

သို့သော်လည်း ဤအနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်တွင် ကျန်းလျို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ခဲ့ရသော အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားရှင်များမှာ အနည်းငယ်မျှသာ ရှိသေးပေသည်။

ပထမတစ်ယောက်မှာ ဒြပ်စင်ငါးပါးတောင်အောက်တွင် ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသ ပုံစံဖြင့် တောင်ကြီးတစ်တောင်လုံးကို သဲအိတ်တစ်လုံးကဲ့သို့ ရိုက်ချိုးဖျက်ဆီးပစ်ခဲ့သော စွန်းဝူခုန်း ဖြစ်သည်။ ထိုမြင်ကွင်းက ယနေ့တိုင်အောင် ကျန်းလျို၏ မှတ်ဉာဏ်ထဲတွင် လတ်ဆတ်နေဆဲပင် ဖြစ်၏။

ဒုတိယတစ်ယောက်မှာ မကြာသေးမီက ကျူးပါကျဲပင် ဖြစ်သည်။ သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ဒေါသထွက်နေသည့် သူ၏ နတ်စွမ်းရည်ပညာရပ်များသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ ကွမ်ယင် ဗောဓိသတ်ပင်လျှင် သူ့ကို တိုက်ရိုက် ရင်ဆိုင်ရန် မရည်ရွယ်ခဲ့ပေ။ ၎င်းက ဒေါသထွက်နေသော ကျူးပါကျဲ၏ ကြောက်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို ပြသနေခြင်းပင် ဖြစ်ပေသည်။

ကျန်းလျိုသည် ကျူးပါကျဲ၏ ကောင်းကင်ဘုံ ခရီးစဉ်နှင့် ပတ်သက်၍လည်း တိတ်တဆိတ် တွေးတောနေမိသည်။ သူသည် ကျမ်းစာပင့်ဆောင်သူများထဲမှ တစ်ဦးဖြစ်လာရန် ကံကြမ္မာပါသူ ဖြစ်ရာ သူက ပြဿနာသွားရှာလျှင်တောင်မှ ဖမ်းဆီးခံရပါကလည်း သေဘေးအန္တရာယ် ရှိမည်မဟုတ်ဟု ယူဆရပေသည်။

သို့သော် ကောင်းကင်ဘုံတွင် လျှို့ဝှက်စုံစမ်းစဉ်အတွင်း ကျူးပါကျဲ ဘာတွေ ရှာတွေ့ခဲ့ပြီး နောက်ဆုံးတွင် သူ ဘာတွေ လုပ်နိုင်ခဲ့သလဲဆိုတာကို ကျန်းလျို သိချင်နေမိသည်။

ရက်များကုန်လွန်သွားပြီး လေးငါးရက်ကြာသည်အထိ ကျူးပါကျဲ ပြန်မလာခဲ့ပေ။ ယင်းက ကျန်းလျိုကို အနည်းငယ် စိုးရိမ်လာစေခဲ့သည်။ သူ တကယ်ပဲ အန္တရာယ်နဲ့ ကြုံတွေ့နေရတာများလော။

"ဆရာ... ဒုတိယနောင်တော်က ဘယ်မှာလဲ… သူ ဘာလို့ ပျောက်သွားတာလဲ..."

ကျူးပါကျဲ၏ အရိပ်အယောင်မျှ မတွေ့ရဘဲ ရက်အတော်ကြာ စောင့်ဆိုင်းပြီးနောက် ရှားဝူကျင်းသည် အနည်းငယ် ဖယ်ကြဉ်ခံထားရသလို ဖြစ်နေသော်လည်း ကျန်းလျိုကို မမေးဘဲ မနေနိုင်တော့ချေ။

"သူလား... အချစ်ကြောင့် အသည်းကွဲပြီး စိတ်မကြည်မလင် ဖြစ်နေတာလေ… ဒါကြောင့် စိတ်ရှင်းသွားအောင် တစ်ယောက်တည်း ထွက်သွားတာ… စိတ်မပူပါနဲ့… သိပ်မကြာခင် ပြန်လာမှာပါ..."

ရှားဝူကျင်းအား အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် အဖွဲ့ထဲတွင် နတ်ဘုရားများနှင့် ဗုဒ္ဓများက ထည့်သွင်းထားသော သူလျှိုတစ်ယောက်ဟု အစကတည်းက သံသယရှိနေခဲ့သော ကျန်းလျိုသည် သူ့ကို အများကြီး ဖွင့်မပြောခဲ့ပေ။ ဤစကားကို ကြားသောအခါ သူက လုပ်ကြံဖန်တီးထားသော အဖြေတစ်ခုကိုသာ ချက်ချင်း ပြန်ဖြေလိုက်လေသည်။

"ဟုတ်ကဲ့ပါ..."

ဆရာဖြစ်သူ၏ အဖြေအတွက် ကျေးဇူးတင်သွားသော ရှားဝူကျင်းသည် ထပ်မံ၍ မစူးစမ်းရဲတော့ပေ။ သူက ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။

မည်သို့ပင်ဆိုစေ... သူ၏ တစ်ခုတည်းသော အလုပ်မှာ အနောက်ဘုံရှိ မဟာမိုးကြိုးကျောင်းတော်သို့ အဖွဲ့နှင့်အတူ လိုက်ပါသွားရန်သာ ဖြစ်ပေသည်။ အခြားကိစ္စများကို ဖြေရှင်းရန် သူ စိတ်ဝင်စားမှု မရှိပေ။

နောက်ထပ် ရက်အနည်းငယ်လောက် ထပ်စောင့်ရမည် ဆိုလျှင်... စောင့်လိုက်ရုံသာ။ ကြီးမားလှသည့် ကျမ်းစာရှာဖွေမယ့် ခရီးစဉ်ကြီးက သည်လောက်လေးနှင့် ဘာမှ ကွာခြားသွားမှာ မဟုတ်ပါချေ။

နောက်ဆုံးတွင်တော့ ညဉ့်နက်ချိန်၌ ကျူးပါကျဲ ပြန်လည်ရောက်ရှိလာပြီး လေးနက်တည်ကြည်နေသော မျက်နှာအမူအရာဖြင့် ကျန်းလျိုကို လာရှာလေသည်။

"ဆရာ... ဒီကို ခဏလာခဲ့ပါ… ကျုပ်…ဆရာနဲ့ ဆွေးနွေးစရာလေး ရှိလို့..."

"ကောင်းပြီလေ..."

ကျူးပါကျဲ၏ လေးနက်သော အမူအရာကို မြင်လိုက်ရသောအခါ ကျန်းလျိုသည် သူ တစ်ခုခုကို ရှာတွေ့ခဲ့ပြီမှန်း သိလိုက်သည်။ သူက ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ဦး အတူတကွ ကျူးကျူး၏ သင်္ချိုင်းဆီသို့ လျှောက်သွားကြလေသည်။

ယခု... ကျူးပါကျဲ ပြန်ရောက်လာပြီဖြစ်ရာ စွန်းဝူခုန်းနှင့် အခြားသူများလည်း စိတ်ပူစရာ မလိုတော့ပေ။ ကျူးပါကျဲက ဆရာဖြစ်သူနှင့် သီးသန့်စကားပြောချင်နေသည့် ကိစ္စကိုလည်း သူတို့ ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ကြပေ။

သို့သော်လည်း စွန်းဝူခုန်း၏ နှုတ်ခမ်းထောင့်များက အနည်းငယ် မြင့်တက်သွားခဲ့သည်။ သူသည် မျက်လုံးများကို မှိတ်လိုက်၏။ သူ၏ မူလဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားကာ ခြင်ကောင်လေး တစ်ကောင်အဖြစ် အသွင်ပြောင်း၍ ကျူးပါကျဲဆီသို့ ပျံသန်းသွားလေတော့သည်။

ပို၍ တည်ငြိမ်သော စရိုက်လက္ခဏာရှိသည့် ရှားဝူကျင်းနှင့် နဂါးမြင်းဖြူတို့က သူများ စကားကို ခိုးနားထောင်ခြင်းသည် မသင့်တော်မှန်း သိကြသော်လည်း ကန့်သတ်ချုပ်ချယ်မှု ကင်းမဲ့သော စရိုက်ရှိသည့် စွန်းဝူခုန်းကတော့ သူ၏ စူးစမ်းချင်စိတ်နောက်ကို လိုက်ကာ ခိုးနားထောင်ရန် တိုက်ရိုက်ပင် သွားလေတော့သည်။

"ပါကျဲ... မင်း ဘာလို့ ဒီလောက်တောင် ကြာသွားရတာလဲ..."

ကျူးကျူး၏ သင်္ချိုင်းသို့ ရောက်သည်နှင့် ကျန်းလျိုက မေးလိုက်သည်။

"ဆရာ... ဒီဝက်အိုကြီးက အမြန်ဆုံး သွားခဲ့တာပါ… ကောင်းကင်ဘုံက တစ်ရက်ဟာ လူ့ပြည်က တစ်နှစ်နဲ့ ညီမျှတယ်ဆိုတာ ဆရာ သိမှာပါ..."

ကျူးပါကျဲက ရှင်းပြလိုက်သည်။

"ဪ... ဒီလိုကိုး..."

ကျူးပါကျဲ၏ ရှင်းပြချက်ကို ကြားပြီးနောက် ကျန်းလျို သဘောပေါက်သွားလေသည်။

ကြည့်ရသည်မှာ ကျူးပါကျဲ၏ ကောင်းကင်ဘုံ ခရီးစဉ်က အမှန်တကယ်ပင် အလွန် မြန်ဆန်ခဲ့ပုံရပေ၏။

"အင်း... ဒါနဲ့ ဒီတစ်ခေါက် မင်း ဘာတွေ စုံစမ်းလို့ရခဲ့လဲ..."

နားလည်သဘောပေါက်စွာ ခေါင်းညိတ်ပြီးနောက် ကျန်းလျိုက မေးလိုက်သည်။

"ဟုတ်ကဲ့… ကျွန်တော် သိချင်နေတဲ့ ကိစ္စတချို့ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီ… ဆရာပြောသလိုပဲ... အရာအားလုံးက ကွမ်ယင် ကြိုတင်ပြီး အကွက်ချ စီစဉ်ထားခဲ့တာ အမှန်ပဲဗျာ..."

ကျူးပါကျဲက ခေါင်းညိတ်လိုက်ပြီး မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေကာ နာကြည်းစွာဖြင့် ပြောလိုက်သည်။

ကျန်းလျိုသည် ဝင်ရောက် နှောင့်ယှက်ခြင်း မပြုဘဲ ကျူးပါကျဲကို စူးစမ်းသော အကြည့်ဖြင့်သာ ကြည့်နေကာ သူ၏ အသေးစိတ် ရှင်းပြချက်ကို စောင့်ဆိုင်းနေခဲ့လေသည်။

"ကျွန်တော် ဖူးစာရေးနတ်ကို သွားရှာပြီး အတင်းအကျပ် မေးမြန်းခဲ့တယ်… ကျွန်တော့်ဆီမှာ ဖူးစာကြိုးနီ တစ်ချောင်း အပိုပါနေတာ အမှန်ပဲလို့ သူက ဝန်ခံခဲ့ပေမဲ့… အဲဒါကို သူ ချည်ပေးခဲ့တာ မဟုတ်ဘူးတဲ့… နောက်ပြီး အရင်တုန်းက ကွမ်ယင်ဟာ အနောက်အရပ်ကို ကျမ်းစာပင့်ဆောင်မယ့် ခရီးစဉ်ဆိုတဲ့ မဟာစီမံကိန်းကြီးအတွက် လိုအပ်တယ်လို့ အကြောင်းပြပြီး သူ့ဆီကနေ ဖူးစာကြိုးနီ တချို့ကို ယူသွားခဲ့သေးတယ်တဲ့..."

ကျူးပါကျဲက စတင်ပြောဆိုလိုက်ပြီး ဖူးစာရေးနတ်ထံမှ ရယူနိုင်ခဲ့သော အချက်အလက်များကို ကျန်းလျိုအား ပွင့်ပွင့်လင်းလင်းပင် မျှဝေလိုက်လေသည်။

"နေပါဦး..."

သို့သော်လည်း ကျူးပါကျဲ၏ စကားများကို ကြားပြီးနောက် ကျန်းလျို၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ပိုမို လေးနက်တည်ကြည်လာကာ ပြောလိုက်သည်။

"မင်း ဆိုလိုတာက ဘာလဲ… ကွမ်ယင်က ဖူးစာရေးနတ်ဆီကနေ ဖူးစာကြိုးနီ 'တချို့' ကို တောင်းသွားတယ် ဟုတ်လား..."

"တချို့" ဆိုသည့် စကားလုံးကို ကျန်းလျိုက အထူးတလည် ဖိ၍ ပြောလိုက်ခြင်း ဖြစ်၏။

"ဟုတ်တယ်ဗျ… အဲဒီလိုပဲ ပြောလိုက်တယ်..."

ကျူးပါကျဲက ခေါင်းညိတ်လိုက်ပြီး ဆရာဖြစ်သူ၏ စကားများတွင် အခြားအဓိပ္ပာယ် တစ်ခုခု ပါနေသလားဆိုတာကို နားမလည်နိုင်ဘဲ ကျန်းလျိုကို အနည်းငယ် ကြောင်အမ်းအမ်းဖြင့် ကြည့်နေလေသည်။

"တစ်ချောင်းတည်း မဟုတ်ဘဲနဲ့… ကြိုးနီ တချို့တောင် ဟုတ်လား… ပြီးတော့ သူမက အဲဒါတွေကို အတော်ကြာကတည်းက တောင်းသွားခဲ့တာလား..."

ကျူးပါကျဲထံမှ အတည်ပြုချက်ကို ရရှိပြီးနောက် ကျန်းလျို၏ မျက်နှာအမူအရာက တင်းမာသွားလေသည်။

အကယ်၍ ကွမ်ယင်သည် ကျူးပါကျဲကို အခက်တွေ့စေရန် ဖူးစာကြိုးနီများကို ရုတ်တရက် အသုံးပြုဖို့ စဉ်းစားခဲ့ခြင်းသာ ဆိုပါက 'ကောင်းကင်ဘုံက တစ်ရက်ဟာ လူ့ပြည်က တစ်နှစ်' ဆိုသည့် စကားအရ ဖူးစာရေးနတ်က ယင်းတို့ကို ကွမ်ယင် မကြာသေးမီကမှ ယူသွားခြင်းဖြစ်ကြောင်း ပြောရမည်ဖြစ်ပြီး အတော်ကြာကတည်းက ယူသွားခဲ့ခြင်းဖြစ်သည်ဟု ပြောမည် မဟုတ်ပေ။

‘ဒါဆို ကွမ်ယင် ဖူးစာကြိုးနီတွေကို တောင်းယူခဲ့တဲ့ အဓိက ရည်ရွယ်ချက်ဟာ ကျူးပါကျဲကို ရင်ဆိုင်ဖို့ မဟုတ်ဘူးလို့ ဆိုလိုတာလား...’

အကယ်၍ ကျူးပါကျဲအတွက် မဟုတ်ဘူးဆိုလျှင် မည်သူ့ကို ထောင်ချောက်ဆင်ဖို့ ရည်ရွယ်ခဲ့သနည်း။

ကျူးပါကျဲ မတိုင်ခင်က အချစ်ရေး ကပ်ဘေးကို ရင်ဆိုင်ခဲ့ရတဲ့သူ မည်သူ ရှိသေးလို့နည်း.

မိမိနှင့် ကောင်းယန်တို့ကြားက အခြေအနေသည်လည်း ကျူးပါကျဲနှင့် ကျူးကျူးတို့ကြားက အခြေအနေကဲ့သို့ပင် ပုံစံခွက်တစ်ခုတည်း ဖြစ်နေသည် မဟုတ်ပါလော။

"ဒါမှမဟုတ်...ကောင်းယန်နဲ့ ငါ့ကြားက သံယောဇဉ်ရေးရာ ပြဿနာကလည်း ကွမ်ယင် အတော်ကြာကတည်းက အကွက်ချ စီစဉ်ထားခဲ့တဲ့ ကိစ္စများလား..."

ကျူးပါကျဲ ရှာဖွေဖော်ထုတ်နိုင်ခဲ့သော အမှန်တရားက ကျန်းလျို၏ ရင်ထဲတွင် အကြီးအကျယ် လေးလံသွားစေခဲ့ပြီး ဤကဲ့သို့သော အတွေးများ ဝင်ရောက်လာခြင်းကို သူ မတားဆီးနိုင်ခဲ့ချေ။

ကောင်းယန်နှင့် မိမိကြားရှိ ချစ်ခြင်းမေတ္တာကို မဟာယနဂိုဏ်းက သေချာပေါက် တားဆီးဟန့်တားလိမ့်မည်ဟု ကျန်းလျိုက အစကတည်းက သံသယရှိထားခဲ့သော်လည်း သူတို့၏ ခံစားချက်များ စတင် ပေါက်ဖွားလာခြင်းကပင် ကွမ်ယင်မှ ဖူးစာကြိုးနီကို အသုံးပြုကာ တိတ်တဆိတ် ဖန်တီးထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုလိုခြင်းလော…။

ဤသည်က ကျန်းလျို ယခင်က တစ်ခါမျှ မတွေးတောမိခဲ့သော ကိစ္စဖြစ်သော်လည်း ယခုအချိန်တွင်မူ ဖြစ်နိုင်ခြေ အလွန်မြင့်မားနေပုံရလေသည်။

"အနောက်အရပ်ကို ကျမ်းစာပင့်ဆောင်တဲ့ ခရီးစဉ်ဟာ မဟာစီမံကိန်းကြီး တစ်ခုရဲ့ အစိတ်အပိုင်းဆိုတာကို ငါ အစကတည်းက သိထားခဲ့ပေမဲ့… ငါက ကွမ်ယင်ရဲ့ တွက်ချက်မှုတွေထဲမှာ အစကတည်းက ပါဝင်နေခဲ့တာများလား..."

ကောင်းယန်နှင့် သူ၏ အချစ်ရေး၊ သူတို့၏ ဆုံတွေ့မှုကပင် ကွမ်ယင် စီစဉ်ထားခြင်း ဖြစ်နိုင်ကြောင်းကို သဘောပေါက်သွားသောအခါ ကျန်းလျိုသည် လေးလံသော စိတ်နှလုံးဖြင့် သူ့ဟာသူ တိုးတိုးလေး ရေရွတ်လိုက်လေသည်။

သို့သော်လည်း ဤအရာကို တွေးမိသောအခါ ကျန်းလျိုသည် ပဟေဠိဖြစ်သွားခဲ့ရပေသည်။ ရွှေပုစဥ်းဆရာတော်အား ရာထူးချကာ ထန်ဆရာတော်အဖြစ် လူဝင်စားဆယ်ကြိမ် ဖြစ်လာစေရန် စီစဉ်ခဲ့ချိန်ကတည်းက မဟာယနဂိုဏ်းသည် အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်အတွက် အကွက်ချစီစဉ်နေခဲ့ပုံရပေသည်။

သို့သော်... အဘယ်ကြောင့် မိမိ၏ ဝိညာဉ်က ထန်ဆရာတော်အဖြစ် ကူးပြောင်းဝင်ရောက် လာခဲ့ရသနည်း။ မဟာယနဂိုဏ်းရှိ ရာထူးကြီးမားသော ပုဂ္ဂိုလ်များထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ဤအရာကို သိရှိထားပုံမရပေ။

မဟာယနဂိုဏ်း၏ အနီးကပ် စောင့်ကြည့်မှုအောက်တွင် အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်၏ အဓိကဇာတ်ကောင်ဖြစ်သော မိမိ အစားထိုးခံလိုက်ရသည်ကို သူတို့ မည်ကဲ့သို့ သတိမထားမိဘဲ နေနိုင်မည်နည်း။ ဤသည်က စနစ်၏ လက်ချက်များလော။

ကျန်းလျိုသည် ခေါင်းခါယမ်းလိုက်သည်။ သူသည် အလွန်တရာ အားနည်းနေသေးပြီး ဤကိစ္စရပ်များကို ယခုလောလောဆယ်တွင် ရှင်းလင်းစွာ တွေးတောနိုင်စွမ်း မရှိသေးကြောင်း သူ သိထားပေသည်။ သူ၏ ပထမဆုံး ဦးစားပေးမှာ ပိုမို အစွမ်းထက်လာစေရန် ကြိုးပမ်းရမည်သာ ဖြစ်၏။

ထျန်းဖုန်စစ်သူကြီးနှင့် စွန်းဝူခုန်းတို့ကဲ့သို့ ထိုက်ရီ အစစ်အမှန်နတ် အဆင့်ရှိသူများကိုပင် မဟာယနဂိုဏ်းက သူတို့သဘောအတိုင်း အကွက်ချ ဖိနှိပ်နိုင်စွမ်း ရှိနေပေသည်။ မိမိ၏ ကံကြမ္မာကို မိမိကိုယ်တိုင် ထိန်းချုပ်နိုင်ရန်နှင့် မိမိသည် မဖြစ်မနေ ဆက်တိုက်ဆိုသလို ပိုမို ကြံ့ခိုင်လာရမည်ဖြစ်ပြီး ပို၍ပင် အစွမ်းထက်လာရမည် ဖြစ်ပေသည်။

***

All Chapters