အခန်း ၈၀
Vol. 8 Ch. 80
အခန်း (၈၀)
ဘိလပ်မြေ၏ အံ့မခန်းဖွယ် အကျိုးသက်ရောက်မှုနှင့် ဘဝ၏ ကြီးမားသော တက်လှမ်းခြင်း
ဖန်းဟန်သည် သူမကြောင့် သဘောကျသွားကာ ပြုံးရယ်လျက် ပြောလိုက်လေ၏။
“မင်းက တက်ကြွတဲ့ ကိုယ်ရည်ကိုယ်သွေးရှိပြီး လူချစ်လူခင်ပေါများတော့ ကလေးတွေကြားမှာ အရမ်း ရေပန်း စားတယ်...။ တကယ့်ကို အရေးကြီးတဲ့ တာဝန်တစ်ခုကို မင်းကို ပေးအပ်ချင်တယ်...၊ ဒါကို ဝါဒဖြန့်ချိရေးဝန်ကြီး လို့ ခေါ်တယ်...။”
“ဝါဒဖြန့်ချိရေးဝန်ကြီး ဟုတ်လား...။”
ပိုင်ရွှီကျန်းသည် လုံးဝနားမလည်နိုင်ဖြစ်သွားကာ သိချင်စိတ်ပြင်းပြနေသော မျက်လုံးလေးများဖြင့် မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်လေသည်။
“အဲ့ဒါကလေ...။”
ဖန်းဟန်သည် ခဏမျှ စဉ်းစားလိုက်ပြီး သူမ နားလည်နိုင်မည့် နည်းလမ်းဖြင့် ရှင်းပြလိုက်လေ၏။
“ငါက မင်းကို ရိုးရှင်းပြီး နားထောင်လို့ကောင်းတဲ့ သီချင်းတချို့ သင်ပေးမယ်...။ ပြီးတော့ မှတ်မိလွယ်တဲ့ ပုံပြင် တွေနဲ့ ကဗျာလေးတွေလည်း ဖန်တီးပေးမယ်...။ မင်းရဲ့တာဝန်က ပိုင်နက်ထဲမှာရှိတဲ့ ကလေးတွေအားလုံးကို စုစည်းပြီး ဒီအရာတွေကို သင်ယူ သီဆိုခိုင်းဖို့ပဲ...။ ချင်းရှီးခရိုင်ထဲက လူတိုင်း ငါတို့ရဲ့ဘဝတွေ ဘယ်လောက် ကောင်းမွန်နေလဲဆိုတာကို သိအောင် လုပ်ရမယ်...။ ပြီးတော့ ဒီအရာတွေအားလုံးကို ဘယ်သူက ယူဆောင်လာ ပေးတာလဲဆိုတာကိုလည်း သိအောင် လုပ်ရမယ်...။ နားလည်လား...။”
ဤသည်မှာ အမှန်တကယ်တော့ နှောင်းခေတ်လူများ၏ ယဉ်ကျေးမှုမြှင့်တင်ရေးနှင့် စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု တည်ဆောက်ခြင်းပင် ဖြစ်ပေသည်။
ပိုင်ရွှီကျန်းသည် နားလည်သယောင်ဖြင့် ခေါင်းညိတ်လိုက်သော်လည်း သူမက ကလေးများနှင့်အတူ သီချင်းဆိုပြီး ကစားရမည်ဟု ကြားလိုက်ရသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့လေသည်။
“နားလည်ပါပြီ...၊ တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်မယ်လို့ အာမခံပါတယ်...။ ကျွန်မရဲ့ ခဲအိုက ကမ္ဘာ ပေါ်မှာ အစွမ်းအထက်ဆုံး နတ်ဘုရားဆိုတာကို လူတိုင်းသိအောင် လုပ်ပြမယ်...။”
ဖန်းဟန်သည် ပြုံးလိုက်ပြီး လျူရူမေထံသို့ အကြည့်ကို ရွှေ့လိုက်လေ၏။
“ရူမေ... မင်းက ဒုက္ခသည်စခန်းအတွက် အရမ်းကို ကောင်းမွန်စွာ လုပ်ဆောင်ပေးနိုင်ခဲ့တယ်...။”
ဖန်းဟန်၏ အသံမှာ အပြည့်အဝ အသိအမှတ်ပြုမှုများ ပါဝင်နေလေသည်။
“ဒါကြောင့် ထောက်ပံ့ပို့ဆောင်ရေးနဲ့ ဒုက္ခသည်တွေ နေရာချထားရေးအတွက် တာဝန်အပြည့်အဝကို မင်းဆီ တရားဝင် လွှဲပြောင်းပေးဖို့ ငါ စီစဉ်ထားတယ်...။ မင်းကို ထောက်ပံ့ပို့ဆောင်ရေးဝန်ကြီးလို့ ခေါ်မယ်...၊ မင်းက ငါတို့ပိုင်နက်တစ်ခုလုံးအတွက် အခိုင်မာဆုံး နောက်တန်းထောက်ပံ့သူပဲ...။”
လျူရူမေ၏ မျက်လုံးများမှာ ချက်ချင်းပင် နီရဲလာခဲ့လေသည်။
သူမသည် နိမ့်ကျသော နောက်ခံမှ လာသူဖြစ်ပြီး သူမ၏ အရိုးအဆစ်များထဲတွင်ပင် သိမ်ငယ်စိတ်များ အမြဲတမ်း ကိန်းအောင်းနေခဲ့ခြင်း ဖြစ်ပေသည်။
သူမသည် ဖန်းဟန်၏ အမျိုးသမီး ဖြစ်လာခဲ့သော်လည်း သူမကိုယ်သူမ သူနှင့် မထိုက်တန်ဟု အမြဲတမ်း ခံစားနေ ခဲ့ရပြီး နေ့စဉ်ဘဝတွင် သူ့အား ဂရုတစိုက်ဖြင့်သာ ပြုစုစောင့်ရှောက်ပေးနိုင်ခဲ့လေသည်။
သို့သော် ယခုအခါတွင်မူ ဖန်းဟန်သည် သူမ၏ အတိတ်ကို အထင်မသေးသည့်အပြင် သူမ၏ စွမ်းရည်များကို အသိအမှတ်ပြုကာ လူသောင်းချီ၏ အသက်မွေးဝမ်းကျောင်းနှင့် သက်ဆိုင်နေသော ဤမျှ အရေးကြီးလှသည့် တာဝန်ကြီးကို ယုံကြည်စွာ လွှဲအပ်ပေးခဲ့လေပြီ။
ဤကြင်နာမှုနှင့် လေးစားမှုတို့က သူမကို အလွန်အမင်း ဝမ်းသာပီတိ ဖြစ်စေခဲ့ပေသည်။ သူမသည် မျက်ရည်များ ကို မျိုချကာ ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်လေ၏။
“အရှင်...၊ အရှင့်အတွက် ကျွန်မအသက်ကိုတောင် ပေးဆပ်ပါ့မယ်...။”
နောက်ဆုံးတွင် ဖန်းဟန်၏ အကြည့်များက နန်ကုန်းယွင်ရှုထံသို့ ကျရောက်သွားခဲ့လေသည်။
“ယွင်ရှု...။”
နန်ကုန်းယွင်ရှုသည် သူမ၏ တင့်တယ်သော ဟန်ပန်ဖြင့် အနည်းငယ် အရိုအသေပေးကာ ပြောလိုက်လေ၏။
“သခင်ကြီး...။”
“မင်းက ဂုဏ်သတင်းကြီးမားတဲ့ မိသားစုကနေ ဆင်းသက်လာပြီး ယခင် ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ ဇနီးလည်း ဖြစ်ခဲ့ တယ်...။ အကျယ်ပြန့်ဆုံး ဗဟုသုတနဲ့ အမြင့်မားဆုံး အမြော်အမြင်ရှိတဲ့အပြင် အစိုးရအရာရှိတွေနဲ့ ဆက်ဆံရာ မှာ အကောင်းဆုံးလည်း ဖြစ်တယ်...။”
ဖန်းဟန်သည် လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
“ဒါ့ကြောင့် ငါတို့ပိုင်နက်ရဲ့ ပြင်ပရေးရာတွေနဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေကို မင်းက တာဝန်ယူပေးဖို့ လို တယ်...။”
“ပြင်ပဆက်သွယ်ရေးအတွက် ခရိုင်အုပ်ချုပ်ရေးမှူး ချန်ထျင်းအပြင် တခြား အစိုးရအရာရှိတွေနဲ့ ဆက်ဆံရေး အားလုံးကို မင်းက တာဝန်ယူရမယ်...။ ပြည်တွင်းဆက်သွယ်ရေးအတွက်ကျတော့ ငါတို့ဆီမှာ ရှိနေတဲ့ ကုန်သည် ယာဉ်တန်းတွေနဲ့ နိုင်ငံတစ်ဝှမ်းကနေ ငါတို့ ခေါ်ယူထားတဲ့ ဒုက္ခသည်တွေကို အသုံးပြုပြီး ငါတို့ရဲ့ ကိုယ်ပိုင် ထောက်လှမ်းရေးကွန်ရက်တစ်ခုကို အမြန်ဆုံး တည်ဆောက်ဖို့ လိုတယ်...။”
“ချင်းရှီးခရိုင် အပြင်ဘက်မှာ ဘာတွေဖြစ်နေလဲဆိုတာ ငါ သိဖို့ လိုတယ်...။ အန်းကော်မြို့စားရဲ့ ပုန်ကန်သူတပ်ဖွဲ့ တွေရဲ့ လှုပ်ရှားမှုတွေ...၊ ပတ်ဝန်းကျင်နယ်မြေတွေက အာဏာဖြန့်ကျက်မှုတွေ...၊ ပြီးတော့ လိုက်လံဖမ်းဆီးခံ နေရတဲ့ ဒီ မြင့်မြတ်သူတွေ ရဲ့ သွားလာလှုပ်ရှားမှုတွေကိုပါ သိရမယ်...။”
“ဒီဌာနကို လျှို့ဝှက်တိုင်ပင်ခံကောင်စီ လို့ ငါ ခေါ်မယ်...။ မင်းက လျှို့ဝှက်တိုင်ပင်ခံကောင်စီရဲ့ အကြီးအကဲ ပဲ...။”
ထိုခန့်အပ်မှုကို ကြားလိုက်ရသောအခါ နန်ကုန်းယွင်ရှု၏ စိတ်ထဲတွင် အံ့သြမှုများနှင့်အတူ မယုံကြည်နိုင်မှုများ ပြည့်နှက်သွားခဲ့လေသည်။
သူမ၏ ခင်ပွန်းက ဤမျှ အဓိကကျပြီး လျှို့ဝှက်သော အာဏာကို သူမအား ယုံကြည်စွာ လွှဲအပ်ပေးလိမ့်မည်ဟု သူမ တစ်ခါမျှ မမျှော်လင့်ခဲ့ဖူးချေ။
ပြင်ပဆက်သွယ်ရေးနှင့် ပြည်တွင်း သူလျှိုလုပ်ငန်းများပင် ဖြစ်ပေသည်။
ဤသည်မှာ တကယ်တမ်းတော့ အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခု၏ မျက်စိနှင့် နားများပင် ဖြစ်နေလေ ၏။
သူမသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရာ သူမ၏ တင့်တယ်လှပသော ဖီးနစ်မျက်လုံးများမှာ ယခင်က မကြုံဖူးသော တောက်ပမှုများဖြင့် လင်းလက်သွားခဲ့လေသည်။
သူမ၏ ခင်ပွန်းဟောင်း ရှန့်ကွမ်း သက်ရှိထင်ရှားရှိစဉ်က သူမသည် အိမ်တွင်သာနေထိုင်ပြီး ခင်ပွန်းကို လုပ်ကျွေး ကာ သားသမီးများကို ပြုစုပျိုးထောင်ပေးရသည့် အကျင့်စာရိတ္တကောင်းမွန်သော ဇနီးတစ်ဦးသာ ဖြစ်ခဲ့ပေသည်။
သို့သော် ယခုအခါတွင်မူ သူမ၏ ရှေ့တွင်ရှိနေသော အမျိုးသားက သူမ၏ ပြင်ပသွင်ပြင်အောက်ရှိ မိမိကိုယ်ကို တန်ဖိုးထားလိုစိတ်နှင့် သာမန်ဘဝကို ငြင်းဆန်လိုသော နှလုံးသားကို မြင်တွေ့ခဲ့လေပြီ။
“ယွင်ရှု အမိန့်ကို လက်ခံပါတယ်...။”
သူမသည် ငြင်းဆန်ခြင်းမရှိဘဲ လိုလိုလားလားပင် သဘောတူလိုက်လေသည်။
ထိုညတွင် ဖန်းဟန်၏ နောက်ဆောင်ဝန်ကြီးအဖွဲ့ ကို တရားဝင် ဖွဲ့စည်းနိုင်ခဲ့လေသည်။
ဇနီးလေးဦးစလုံးတွင် ကိုယ်ပိုင်တာဝန်များ အသီးသီးရှိကြပြီး ဖန်းဟန်၏ ပိုင်နက်ကို ပြည်တွင်းရေးရာ၊ ဘဏ္ဍာ ရေး၊ ဝါဒဖြန့်ချိရေး၊ ထောက်ပံ့ပို့ဆောင်ရေးမှသည် ထောက်လှမ်းရေးအထိ အလွန် စွမ်းဆောင်ရည်မြင့်မားသော စနစ်တစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းနိုင်ခဲ့ကြပေသည်။
သူတို့သည် အမျိုးသားများ၏ အကာအကွယ်ပေးမှုအောက်တွင် ရှိနေသည့် လှောင်ချိုင့်ထဲက ငှက်ငယ်လေးများ မဟုတ်ကြတော့ပေ။
သူတို့သည် သူတို့အမျိုးသား ပိုင်ဆိုင်သော ဤမြေပေါ်တွင် ကိုယ်ပိုင်နေရာကို ရှာတွေ့ခဲ့ကြပြီး သူတို့၏ ကိုယ်ပိုင် အလင်းရောင်များဖြင့် စတင်တောက်ပလာခဲ့ကြပြီ ဖြစ်လေသည်။
ဖန်းဟန်သည် စွမ်းအင်များ အပြည့်အဝရှိနေကာ ယုံကြည်မှုနှင့် ကျေနပ်မှုများဖြင့် တောက်ပနေသော သူတို့၏ မျက်နှာများကို ကြည့်ရင်း အလွန်ပင် ကျေနပ်ပီတိ ဖြစ်သွားခဲ့ရပေသည်။
တည်ငြိမ်ပြီး စွမ်းဆောင်ရည်မြင့်မားကာ လုံးဝသစ္စာရှိသော အုပ်ချုပ်ရေးအဓိကအဖွဲ့အစည်းတစ်ခုမှာ ပုံပေါ်လာခဲ့ ပြီ ဖြစ်လေ၏။
ညအချိန်၊ အိပ်ခန်းထဲတွင် ဖြစ်ပေသည်။
ဖန်းဟန်သည် အမျိုးသမီးဝန်ကြီး လေးဦး၏ သေသပ်ကျနသော ပြုစုယုယမှုကို ခံစားရင်း မိသားစုနှင့် လုပ်ငန်း ခွင် နှစ်ခုစလုံးတွင် အောင်မြင်မှုရရှိခဲ့သည့် ကြီးမားသော ကျေနပ်မှုကို ခံစားနေရလေသည်။
ဤကဲ့သို့ နွေးထွေးပြီး ပြည့်စုံလှသော ပျိုးထောင်ခြင်းအတွေ့အကြုံက သူ့အား ဖမ်းစားထားခဲ့ပေသည်။
အစားအစာ၊ လူဦးရေနှင့် အဓိကစီမံခန့်ခွဲရေးအဖွဲ့ ဟူသော အဓိကပြဿနာကြီး သုံးခုကို ဖြေရှင်းပြီးနောက် ဖန်းဟန်၏ အာရုံများက ပို၍ ဝေးကွာသော အနာဂတ်ဆီသို့ ရောက်ရှိသွားခဲ့လေ၏။
သူ ပြုလုပ်ရန် လိုအပ်သည်မှာ သူ၏အုပ်ချုပ်မှုအောက်ရှိ ပြည်သူများကို ဝတ်လုံစားလုံဖြစ်အောင် သေချာစေရုံ သာ မဟုတ်ချေ။
သူ ပြုလုပ်ချင်သည်မှာ ပြည့်စုံပြီး လွှမ်းခြုံနိုင်သော အခြေခံအဆောက်အအုံ အဆင့်မြှင့်တင်ရေးကို လုပ်ဆောင် ရန်ပင် ဖြစ်ပေသည်။
သူသည် ချင်းရှီးခရိုင် တစ်ခုလုံးကို ဖျက်ဆီး၍မရနိုင်သော၊ ယခုခေတ်ထက် နှစ်ရာပေါင်းများစွာ ကြိုတင်နေသည့် စစ်မှန်သော နတ်ဘုရားတို့၏နယ်မြေ အဖြစ်သို့ ပြောင်းလဲပစ်ချင်နေခြင်း ဖြစ်လေသည်။
ထိုအရာများအားလုံးမှာ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် နေရာတိုင်း၌ တွေ့မြင်နိုင်သော်လည်း ဤခေတ်ကာလ တွင်မူ နတ်ဘုရားတို့၏ပစ္စည်း ဟု ခေါ်ဆိုနိုင်သော အရာတစ်ခုအပေါ်တွင် အခြေခံထားခြင်း ဖြစ်ပေသည်။
ဘိလပ်မြေ ပင် ဖြစ်လေ၏။
ဤနေ့တွင် ဖန်းဟန်သည် ခေတ်သစ်ကမ္ဘာရှိ သူငှားရမ်းနေထိုင်သော တိုက်ခန်းသို့ ပြန်လာခဲ့လေသည်။
သူသည် အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်းမရှိဘဲ စနစ်၏ စွမ်းအင်များကို ငွေကြေးအဖြစ် တိုက်ရိုက်ပြောင်းလဲ လိုက်ကာ အွန်လိုင်းမှတစ်ဆင့် ဆောက်လုပ်ရေးပစ္စည်းများ ရောင်းချသည့် ကုမ္ပဏီကြီးတစ်ခုနှင့် ဆက်သွယ် လိုက်လေ၏။
သူသည် ဝေးလံခေါင်းပါးသော တောင်တန်းဒေသရှိ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးစီမံကိန်းဌာန ၏ အမည်ဖြင့် အဆင့်မြင့် ဘိလပ်မြေအိတ် တန်ပေါင်းထောင်ချီနှင့် ၎င်းတို့နှင့် ကိုက်ညီသော သံချောင်းအမြောက်အမြှားကို မှာယူလိုက်လေသည်။
ကုန်တင်ကားကြီးများက ထိုစက်မှုခေတ်ပေါ် ထုတ်ကုန်များကို သူ သတ်မှတ်ထားသော လူသူကင်းမဲ့သည့် ဂိုဒေါင် သို့ သယ်ဆောင်လာချိန်တွင် ဖန်းဟန်သည် ရုတ်တရက် အတွေးတစ်ခု ဝင်လာကာ ၎င်းတို့အားလုံးကို သူ၏ သယ်ဆောင်ရလွယ်ကူသော သိုလှောင်နေရာ ထဲသို့ ထည့်သွင်းလိုက်လေ၏။
သူ မဟာကျင်း သို့ ပြန်လည်ရောက်ရှိလာချိန်တွင်မူ သူ၏ ယုံကြည်မှုများမှာ ကွဲပြားခြားနားနေခဲ့ပြီ ဖြစ်ပေသည်။
လျိုရှီးရွာ တွင် ဖြစ်လေသည်။
ဖန်းဟန်သည် ရွာ၏ အဓိကရွာသားများနှင့် အစောင့်တပ်ဖွဲ့မှ အဓိကအဖွဲ့ဝင်များအားလုံးကို ခေါ်ယူကာ အားလုံး ကို အရေးကြီးသော ကိစ္စရပ်တစ်ခုအကြောင်း ကြေညာလိုက်လေ၏။
သူသည် ပိုင်နက်အတွက် အကျိုးပြုခဲ့ကြသော အဓိကအဖွဲ့ဝင်များအားလုံးအတွက် ယခင်က မရှိဖူးသေးသော ကောင်းကင်ဘုံစံအိမ် တစ်ခုကို တည်ဆောက်ပေးလိုခြင်းပင် ဖြစ်ပေသည်။
ဤနေအိမ်ကို ရွှီယွင်ကျူ ဟု အမည်ပေးထားလေသည်။
၎င်းကို တည်ဆောက်ပြီးစီးသွားပါက ဆောင်းရာသီတွင် နွေးထွေးပြီး နွေရာသီတွင် အေးမြကာ ရေနှင့် မီးဒဏ်ကို လည်း ခံနိုင်ရည်ရှိပြီး မည်သည့်အရာကမျှ ဖျက်ဆီး၍ မရနိုင်ကြောင်း ဆိုကြလေသည်။ စစ်တပ်ကြီးတစ်ခုလုံး လာရောက်တိုက်ခိုက်လျှင်ပင် အနည်းငယ်မျှ လှုပ်ခတ်သွားစေမည် မဟုတ်ပေ။
ထိုသတင်းကို ကြားသောအခါ ရွာသားများမှာ စိတ်လှုပ်ရှားသွားကြသကဲ့သို့ နားမလည်နိုင်အောင်လည်း ဖြစ်သွား ခဲ့ကြလေ၏။
အစောင့်များက ဂိုဒေါင်ထဲမှ သယ်ဆောင်လာသော မီးခိုးရောင်အမှုန့်အိတ်များနှင့် အနက်ရောင် သံချောင်း အထုံးများကို ကြည့်ရင်း အားလုံးမှာ ဘာလုပ်ရမှန်းမသိဖြစ်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိ ကြလေသည်။
“သခင်ကြီး...၊ ဒီမီးခိုးရောင် ဂျုံမှုန့်တွေက အိမ်ဆောက်ဖို့ သုံးလို့ရလို့လား...။”
ရွာသူကြီးအို ကျောက်ထျဲ့ရှန်း သည် သတ္တိမွေးကာ သိချင်စိတ်ဖြင့် ဘိလပ်မြေအမှုန့် အနည်းငယ်ကို ယူ၍ နှာခေါင်းနားတွင်တေ့ကာ နမ်းကြည့်လိုက်လေသည်။ မဖောက်ရသေးသော ထုံးနံ့ကြောင့် သူ အဆက်မပြတ် ချောင်းဆိုးသွားခဲ့ရလေ၏။
“ဒီအနက်ရောင် သံချောင်းကရော ဘာအတွက် သုံးတာလဲ...။”
နျူအာ သည် သူ၏ခေါင်းကို ကုတ်ရင်း ရိုးသားဖြူစင်သော မျက်နှာပေးဖြင့် မေးလိုက်လေသည်။
ဖန်းဟန်သည် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး မည်သည့်ရှင်းပြချက်မျှ မပေးခဲ့ချေ။
ဤသည်မှာ သူ အလိုရှိသော ကွဲလွဲမှုမျိုးပင် ဖြစ်လေ၏။
သူသည် အချက်အလက်များကို အသုံးပြု၍ သူတို့၏ ကမ္ဘာ့အမြင်ကို နောက်တစ်ကြိမ်နှင့် ပိုမိုနက်ရှိုင်းသော အဆင့်တစ်ခုအထိ စိန်ခေါ်ကာ ပြန်လည်ပုံဖော်ပေးလိုခြင်း ဖြစ်ပေသည်။
ဖန်းဟန်၏ ကိုယ်တိုင်လမ်းညွှန်မှုအောက်တွင် တက်ကြွလှုပ်ရှားသော ဗိသုကာတော်လှန်ရေးကြီးတစ်ခု လျိုရှီးရွာ တွင် တရားဝင် စတင်ခဲ့လေပြီ။
ဖန်းဟန် ဆွဲပေးထားသော ပုံစံကြမ်းများအတိုင်း ရွာသားများသည် သစ်သားပြားများကို အသုံးပြု၍ ထူးခြား သော စတုရန်းပုံ ပုံစံခွက်များကို ရိုက်နှက်တွဲဆက်ခဲ့ကြလေသည်။
ထို့နောက် ဖန်းဟန်သည် တိကျသော အချိုးအစားအတိုင်း ဘိလပ်မြေ၊ သဲနှင့် ကျောက်စရစ်များကို ဧရာမ ကျင်းကြီးတစ်ခုထဲသို့ လောင်းထည့်ကာ ရေထည့်ပြီး ဂေါ်ပြားများဖြင့် မွှေရန် ညွှန်ကြားလိုက်လေ၏။
မကြာမီမှာပင် မီးခိုးရောင် စေးကပ်နေသော ကွန်ကရစ်အပျစ်များက လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်လာခဲ့လေ သည်။
“ကဲ... အဲဒါတွေကို ပုံစံခွက်ထဲ လောင်းထည့်လိုက်ကြ...။”
ရွာသားများသည် သံသယအနည်းငယ်ဖြင့် ညွှန်ကြားထားသည့်အတိုင်း ပြုလုပ်ခဲ့ကြလေ၏။
ဆက်လက်၍ ဖန်းဟန်သည် ပုံစံကြမ်းများအတိုင်း သံချောင်းများကို ဖြတ်တောက်ကာ ကွေးညွှတ်စေရန် ညွှန် ကြားပြီးနောက် မခြောက်သေးသော ကွန်ကရစ်များထဲသို့ ဂရုတစိုက် မြှုပ်နှံခိုင်းလိုက်လေသည်။
လူတိုင်းမှာ လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားခဲ့ကြရပေသည်။
*တိတိကျကျ ဘာတွေလုပ်နေကြတာလဲ…။*
*ရွှံ့တွေ၊ သံချောင်းတွေနဲ့ အိမ်ဆောက်နေတာလား…။*
*ဒီအိမ်က နေလို့ရပါ့မလား…။
*လေတိုက်ရင် ပြိုကျသွားမှာကိုတောင် စိုးရိမ်ရတယ်…။*
လူအများစုမှာ သံသယများ ရှိနေခဲ့ကြသော်လည်း နတ်ဘုရားအပေါ် လုံးဝယုံကြည်မှုကြောင့် မည်သူကမျှ မေးခွန်းထုတ်ရန် မဝံ့ရဲကြဘဲ ညွှန်ကြားချက်များကိုသာ နာခံစွာဖြင့် လိုက်နာခဲ့ကြလေသည်။