အခန်း ၂၅၃
Vol. 26 Ch. 253
အခန်း (၂၅၃)
နင်တို့ တကယ် သတ္တိကောင်းကြတာပဲ
အထပ် (၂၀) တွင် ယောင်ရန်သည် သူမနှင့် လုံယုတို့၏ ပိုင်ဆိုင်မှု အများစုကို သူမ၏ နေရာလွတ် အတွင်း သို့ သိမ်းဆည်းပြီး ဖြစ်ရာ စင်္ကြံလမ်း၌ ရိက္ခာအချို့သာ ကျန်ရှိတော့၏။ ရိက္ခာများကို စင်္ကြံလမ်းသို့ ရွှေ့ ပြောင်းပြီးနောက် သူမသည် တန်ချီချီနှင့် ဟွမ်ကျိဟွေးတို့အား ကူညီရန် သွားလိုက်လေသည်။
တစ်ချိန်တည်းမှာပင် လုံယု၊ ရှီရွှမ်း၊ ဟွမ်ချန်နှင့် ကျားရှန်းတို့သည် ခေါင်မိုးပေါ်၌ အလုပ်ရှုပ်နေခဲ့ကြပေ ၏။ သူတို့သည် ရေလှောင်ကန်များအတွင်းရှိ ကျန်ရှိနေသော ရေများကို ဘူးငယ်များအတွင်းသို့ ပြောင်း ထည့်ကာ ရေလှောင်ကန်များကို ဖြုတ်သိမ်းနေကြခြင်း ဖြစ်ပေသည်။
ထိုသို့ အလုပ်ရှုပ်နေကြစဉ်အတွင်းမှာပင် လောင်ဟန် ရောက်ရှိလာခဲ့လေသည်။
အထပ် (၁၉) သို့ တက်သည့် လှေကားရှိ သံတံခါးကို ဖယ်ရှားထားသည်ကို မြင်ရသောအခါ သူ၏ သံသယကို အတည်ပြုနိုင်သွားလေ၏။ သူသည် သတ္တိကို မွေး၍ အထပ် (၂၀) သို့ တက်လာခဲ့သည်။
ထိုနေရာတွင် စင်္ကြံလမ်း၌ စုပုံထားသော ရိက္ခာများကို မြင်သောအခါ လုံယုတို့ အုပ်စုအပေါ် အနည်းငယ် မနာလို ဖြစ်မိလေသည်။ အကယ်၍ သူသာ သူတို့ကဲ့သို့ သန်မာပါက သူ၏ မိသားစုမှာ ပိုမိုကောင်းမွန် သော ဘဝကို ရရှိနိုင်မည် မဟုတ်ပါလား။
သူ တွေးတောနေစဉ်မှာပင် ယောင်ရန်သည် အခန်းအမှတ် (၂၀၀၁) အတွင်းမှ မီးဖိုချောင်သုံး ပစ္စည်းများ ပါသည့် သေတ္တာတစ်လုံးကို ကိုင်၍ ထွက်လာခဲ့လေသည်။ သူမသည် သူ့ကို မှတ်မိသဖြင့် အေးစက်သော လေသံဖြင့် မေးလိုက်လေ၏။
"မန်နေဂျာ...၊ ဘာကိစ္စ ရှိလို့လဲ...။”
သူသည် သူမ၏ အေးစက်သော အသံကြောင့် လန့်သွားပြီးနောက် အားနာစွာ ပြုံး၍ မေးလိုက်လေသည်။
"မိန်းကလေးယောင်...၊ ခင်ဗျားတို့ ထွက်သွားကြတော့မလို့လား...။”
ယောင်ရန်က ခေါင်းငြိမ့်ပြကာ၊
"ဟုတ်တယ်...၊ တစ်ခုခု လိုအပ်လို့လား...။”
လောင်ဟန်သည် သစ်သားသေတ္တာငယ်လေးကို ဖွင့်လိုက်ရာ အတွင်း၌ အရည်အသွေး ကောင်းမွန်လွန်း လှသည့် ဧကရာဇ်ကျောက်စိမ်း လက်ပတ်တစ်ခု ကိုတွေ့လိုက်ရလေသည်။ ထိုလက်ပတ်ရှိ ပုတီးစေ့တစ် ခု ချင်းစီမှာ အရွယ်အစား ညီညာပြီး အပြစ်အနာအဆာ ကင်းစင်လှပေသည်။
ယောင်ရန်သည် လက်ပတ်ကို ခဏမျှ ကြည့်ပြီးနောက် မေးလိုက်၏။
"မန်နေဂျာ...၊ ရှင် ဘာလိုချင်တာလဲ...။”
လောင်ဟန်က ပြန်ဖြေလေသည်။
"မိန်းကလေးယောင်...၊ ကျွန်တော် ခင်ဗျားတို့ ထွက်သွားတဲ့အခါ နောက်ကနေ လိုက်ခဲ့ချင်လို့ပါ…၊ ဒီလက်ပတ်ကတော့ လိုက်ခွင့်ရဖို့အတွက် ပေးတာပါ...။”
ယောင်ရန်သည် သူ၏ တောင်းဆိုချက်ကို ကြားသောအခါ မျက်မှောင်အနည်းငယ် ကြုတ်သွား၏။ သူတို့ အား ရေရောင်းပေးခြင်းဖြင့် ကူညီပေးစဉ်က သူမ ကိစ္စမရှိသော်လည်း၊ သူမ၏ အဖွဲ့အတွင်းသို့ ပူးပေါင်း ခွင့်ပေးရန်မှာမူ အခြားကိစ္စတစ်ခု ဖြစ်ပေသည်။
သူမ တိတ်ဆိတ်နေသည်ကို မြင်သောအခါ လောင်ဟန်က အလျင်အမြန်ပင် ထပ်ပြောလိုက်လေသည်။
"ကျွန်တော်တို့ ခပ်ဝေးဝေးကနေပဲ လိုက်ပါ့မယ်၊ ခင်ဗျားတို့ကို အနှောင့်အယှက် မပေးသလို ကာကွယ် ပေးဖို့လည်း တောင်းဆိုမှာ မဟုတ်ပါဘူး...။”
"ကျွန်တော်တို့...။”
ယောင်ရန်က ပြန်မေးလိုက်၏။
"ကျွန်တော်တို့ ဆိုတာ ဘယ်သူတွေကို ပြောတာလဲ...။”
လောင်ဟန်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ဖြေလိုက်လေသည်။
"တခြား အသက်ရှင်ကျန်ရစ်သူတွေကလည်း ခင်ဗျားတို့ အုပ်စုနောက်ကို လိုက်ချင်နေကြလို့ပါ...။”
သူသည် ထိုလူများ၏ ကိုယ်စားလှယ်အဖြစ် ရောက်လာခြင်းမှန်း ယောင်ရန် နားလည်လိုက်လေသည်။ သူမ ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်လေ၏။
"ရှင်တို့ နောက်ကနေ လိုက်လို့ရပါတယ်…၊ ဒါပေမဲ့ ရှင်ပြောခဲ့သလိုပဲ ရှင်တို့ရဲ့ ဘေးကင်းလုံခြုံမှုအတွက် ကျွန်မတို့မှာ တာဝန်မရှိဘူး…၊ ရှင်တို့ရဲ့ ရိက္ခာကို ကိုယ့်ဘာကိုယ် ရှာဖွေရမယ်…၊ မိသားစုတွေကို ကိုယ့် ဘာကိုယ် ကာကွယ်ရမယ်…၊ ပြီးတော့ ကျွန်မတို့နဲ့ အမှီလိုက်နိုင်အောင်လည်း ကိုယ့်ဘာကိုယ် ကြိုးစား ရမယ်...။”
လောင်ဟန်သည် ဤကဲ့သို့သော အခြေအနေမျိုးကို မျှော်လင့်ထားပြီး ဖြစ်သဖြင့် သဘောတူလိုက်လေ သည်။
"နားလည်ပါပြီ...။”
ယောင်ရန်သည် ရှေ့သို့ တစ်လှမ်းတိုးကာ သူ၏လက်ထဲမှ သေတ္တာကို ယူလိုက်ပြီး ဆက်ပြောလေသည်။
"တကယ်လို့ တခြားသူတွေကလည်း လိုက်ချင်တယ်ဆိုရင် သူတို့လည်း တစ်ခုခု ပေးရလိမ့်မယ်...။”
ထိုစကားကို ကြားသောအခါ လောင်ဟန် စိတ်သက်သာရာရသွားပြီး ခေါင်းငြိမ့်ပြလိုက်လေသည်။
"နားလည်ပါပြီ မိန်းကလေးယောင်...၊ ခင်ဗျားတို့ ဘယ်အချိန်မှာ ထွက်ကြမှာလဲ...။”
"ကျွန်မ သူငယ်ချင်းတွေ ပြန်ရောက်လာတဲ့ အခါကျမှပဲ...။”
သူမက အချိန်အတိအကျကို မပြောဘဲ ပြန်ဖြေလိုက်လေ၏။
လောင်ဟန်သည် သူအလိုရှိသော အဖြေကို ရရှိပြီးနောက် ပြင်ဆင်မှုများ ပြုလုပ်ရန် ပြန်သွားခဲ့လေ သည်။ သူသည် အခြား အဆောက်အအုံ မန်နေဂျာများကို ယောင်ရန်၏ သတ်မှတ်ချက်များကို အသိပေး ကာ ပြန်လွှတ်လိုက်၏။
အသက်ရှင်ကျန်ရစ်သူ အချို့မှာ ယောင်ရန်၏ သတ်မှတ်ချက်များအပေါ် မကျေမနပ် ဖြစ်ကာ ညည်း တွားနေကြသော်လည်း၊ သူတို့တွင် အခြား ရွေးချယ်စရာ မရှိမှန်း သိကြသဖြင့် ယောင်ရန်ကို ပေးကမ်း ရန် တန်ဖိုးရှိသည့် ပစ္စည်းများကို အလျင်အမြန် ပြင်ဆင်ကြလေတော့သည်။
ညနေစောင်းသောအခါ လုံယု၊ ရှီရွှမ်း၊ ဟွမ်ချန်နှင့် ကျားရှန်းတို့သည် ညစာစားပြီးနောက် ချွမ်ယွမ်ဝေ့နှင့် စီမာယွမ်တို့နှင့်အတူ ထွက်ခွာသွားကြလေသည်။
သူတို့ လင်ယွမ်တိုက်ခန်းဝင်းအတွင်းမှ ထွက်ခွာသွားသည်ကို ကြည့်ရင်း ယောင်ရန်သည် ဟွမ်ကျိဟွေး နှင့် တန်ချီချီကို လှည့်ကြည့်ကာ ပြောလိုက်လေ၏။
"ရိက္ခာတွေကို ကုန်တင်ကားပေါ် ရွှေ့ကြစို့...။”
ဟွမ်ကျိဟွေးက ပြန်ဖြေလိုက်လေသည်။
"မမယောင်ရန်...၊ ကျွန်မတို့ ရိက္ခာတွေကို တန်ချီချီနဲ့အတူ သယ်လိုက်မယ်၊ မမက ကားတွေကို စောင့် ပေးနော်...။”
ကားများကို စောင့်ကြပ်ခြင်းမှာ ရိက္ခာများကို အောက်ထပ်သို့ သယ်ယူခြင်းထက် ပိုမို အန္တရာယ်များ ကြောင်း သိသဖြင့် ယောင်ရန်က သဘောတူလိုက်လေသည်။
"ကောင်းပြီလေ...။”
သူမ ခြေလှမ်းမလှမ်းရသေးခင်မှာပင် တစ်ခုခုကို သတိရသွားပြီး ထပ်ပြောလိုက်၏။
"ကျိဟွေး... စီမာတို့နဲ့ ချွမ်တို့ မိသားစုကိုလည်း သွားပြောလိုက်ဦး၊ သူတို့ရဲ့ ပစ္စည်းတွေကို ကုန်တင်ကား တစ်စီးပေါ်မှာ တင်လို့ရတယ်လို့...။”
"ဟုတ်ကဲ့ပါ မမယောင်ရန်...။”
ဟွမ်ကျိဟွေးက ပြန်ဖြေလိုက်လေသည်။
တာဝန်များကို ခွဲဝေပြီးနောက် ယောင်ရန်သည် ရိက္ခာအချို့ကို သယ်ဆောင်ကာ တန်ချီချီနှင့်အတူ အောက်ထပ်သို့ ဆင်းလာခဲ့ပြီး၊ ဟွမ်ကျိဟွေးမှာမူ စီမာနှင့် ချွမ်မိသားစုများကို သွားရောက် အသိ ပေးခဲ့လေသည်။
လုံယုနှင့် အခြားသူများ မထွက်ခွာမီကပင် ယောင်ရန်နှင့် အခြားသူများ ရိက္ခာတင်ဖို့ လွယ်ကူစေရန် အတွက် ကုန်တင်ကားများနှင့် ဘတ်စ်ကားကို မြေအောက် ကားပါကင်သို့ မောင်းနှင်ထားခဲ့ကြပြီး ဖြစ်သည်။
သူတို့ မြေအောက်ကားပါကင်သို့ ရောက်သောအခါ၊ ယောင်ရန်သည် အမျိုးသားအချို့ ကုန်တင်ကား တံခါးများကို အတင်းအဓမ္မ ဖွင့်ရန် ကြိုးစားနေကြသည်ကို တွေ့လိုက်ရလေ၏။
ထိုလူများ သူမကို မမြင်မိခင်မှာပင် ယောင်ရန်သည် သူမ၏ ကျောပိုးအိတ်အတွင်းမှ သေနတ်တစ် လက်ကို တည်ငြိမ်စွာ ထုတ်ယူလိုက်လေသည်။ သူမသည် ဘေးကင်းရေးခလုတ်ကို ဖြုတ်ကာ သူတို့၏ ခြေထောက်များကို ချိန်ရွယ်၍ ခလုတ်ကို ဆွဲညှစ်လိုက်တော့၏။
“ဒိုင်း... ဒိုင်း... ဒိုင်း...”
"အား...။”
"အမေ့...။”
"ငါ့ခြေထောက်...။”
အမျိုးသား သုံးဦးသည် နာကျင်စွာ အော်ဟစ်ရင်း ညစ်ပတ်သော မြေပြင်ပေါ်သို့ လဲကျသွားကြပြီး၊ ကျန်ရှိနေသော သူများမှာမူ ထိတ်လန့်တုန်လှုပ်ကာ ကြောင်အသွားကြလေသည်။ သူတို့၏ အဖွဲ့ဝင်များ ၏ သွေးများ မြေပြင်ပေါ်တွင် နီရဲစွာ စွန်းထင်သွားသည်ကို မြင်ရသောအခါ သူတို့မှာ ကြောက်ရွံ့လွန်း သဖြင့် တုန်ရင်နေကြတော့၏။
သူတို့ မော့ကြည့်လိုက်ရာ ယောင်ရန်က သူတို့ကို သေနတ်ဖြင့် ချိန်ရွယ်ထားသည်ကို မြင်လိုက်ရသဖြင့် အမျိုးသားတစ်ဦးမှာ သတိဝင်လာကာ အော်ဟစ်လိုက်လေသည်။
"သူ့မှာ သေနတ်ပါတယ်...၊ ပြေးကြ...။”
သူ၏ အော်ဟစ်သံကို ကြားသောအခါ အခြားအမျိုးသားတစ်ဦးလည်း သတိဝင်လာပြီး ထွက်ပြေးရန် ပြင်လိုက်လေသည်။ သူ ခြေလှမ်းမလှမ်းနိုင်ခင်မှာပင် ယောင်ရန်က ခလုတ်ကို ထပ်မံ ဆွဲညှစ်လိုက်ပြန် ၏။
"ဒိုင်း... ဒိုင်း... "
ထိုအမျိုးသား နှစ်ဦးမှာလည်း ပေါင်တွင် သေနတ်ဒဏ်ရာ ရရှိကာ အခြားသူများကဲ့သို့ပင် အော်ဟစ်ရင်း မြေပြင်ပေါ်သို့ လဲကျသွားကြတော့သည်။
"အား...။”
"တောက်...၊ ဒီမိန်းမ တကယ် ရူးနေတာပဲ...။”
ယောင်ရန်သည် သူတို့အနားသို့ ချဉ်းကပ်သွားပြီး အေးစက်စွာ ပြောလိုက်လေသည်။
"ငါတို့ဆီက ခိုးဖို့ ကြိုးစားရဲတယ်ပေါ့...၊ နင်တို့ တကယ် သတ္တိကောင်းကြတာပဲ...။”
ထိုအမျိုးသားများသည် သူမ၏ အေးစက်လှသော မျက်နှာအမူအရာကို မြင်သောအခါ သူတို့ သေဘေး နှင့် ရင်ဆိုင်နေရပြီမှန်း နားလည်လိုက်ကြလေသည်။
သူတို့ထဲမှ တစ်ဦးမှာ တုန်တုန်ရင်ရင်ဖြင့် ထိပ်ပြောင်သော အမျိုးသားကို ညွှန်ပြကာ ပြောလိုက်လေ၏။
"ဒါ သူခိုင်းတာပါဗျာ...၊ ခင်ဗျားတို့ရဲ့ ကားတွေကို ဖွင့်ပေးရင် အစားအစာနဲ့ ရေ ရမယ်လို့ သူက ပြောခဲ့လို့ ပါ...။”
သူ၏ အဖွဲ့ဝင်က သူ့ကို သစ္စာဖောက်လိုက်သည်ကို မြင်သောအခါ ထိပ်ပြောင်သော အမျိုးသားမှာ ဒေါသ ထွက်လွန်းသဖြင့် ရင်ဘတ်ထဲမှ အသွေးအသားများပင် ဆူပွက်လာသလို ခံစားလိုက်ရ၏။ သူသည် အံ ကို တင်းတင်းကြိတ်ကာ ပေါင်မှ နာကျင်မှုကို အောင့်ခံရင်း ယောင်ရန်ကို ရင်ဆိုင်ရန် ကြိုးစားလိုက်လေ သည်။
သူက သူမကို စူးစိုက်ကြည့်ကာ မေးလိုက်လေ၏။
"နင် ဘာလိုချင်တာလဲ...။”
ယောင်ရန်က သူ၏ စကားကြောင့် မျက်ခုံးပင့်လိုက်မိလေသည်။ သူမက လှောင်ပြုံးပြုံးကာ
"နင်က ငါ့ဆီက လာခိုးတာတောင် အခုထိ မာနကြီးနေသေးတာလား...။ နင်ကတော့ အသက်ရှင်ချင်ပုံ မရတော့ဘူးပဲ...။”
"နင် လုပ်ရဲလား...။”
ထိပ်ပြောင်သော အမျိုးသားက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
ယောင်ရန်က တိုးတိုးလေး ရယ်မောလိုက်ပြီး အေးစက်စွာ ပြောလိုက်၏။
"ငါ လုပ်ရဲမရဲဆိုတာ နင် တွေ့ရမှာပေါ့...။”