အခန်း ၂၅၅
Vol. 26 Ch. 255
အခန်း (၂၅၅)
အမှတ်အသားများ
စူပါမားကတ်၏ အရှေ့ဘက်ရှိ လမ်းပေါ်မှ အပျက်အစီးများ ဖယ်ရှားထားပြီး စွန့်ပစ်ထားသော ကားများ အား ဘေးသို့ ရွှေ့ထားသည်ကို မြင်သောအခါ ရှီရွှမ်းက ပြောလိုက်လေသည်။
"ခေါင်းဆောင်...၊ ကျွန်တော်တို့ထက် အရင် တစ်ယောက်ယောက် ရောက်ခဲ့ပုံပဲ...။”
လုံယုသည် ချက်ချင်း ပြန်မဖြေဘဲ မြေပြင်ပေါ်ရှိ အမှတ်အသားများကို ဂရုတစိုက် စစ်ဆေးလိုက်၏။ တာယာရာများနှင့် ထပ်နေသော မှေးမှိန်သော ခြေရာအချို့ကို တွေ့လိုက်ရသောအခါ သူ၏ မျက်နှာမှာ ပို၍ တည်ကြည်သွားခဲ့လေသည်။
သူသည် မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်လေသည်။
"မျိုးရိုးဗီဇပြောင်းကြွက်တွေက ဒီနေ့ ပိုပြီး လှုပ်ရှားလာကြပြီ...။ ရိက္ခာတွေကို အမြန်ဆုံး စုဆောင်းပြီး ဒီကနေ ထွက်သွားကြစို့...။”
ချွမ်ယွမ်ဝေ့နှင့် စီမာယွမ်တို့မှလွဲ၍ ကျန်ရှိသောသူများသည် မျိုးရိုးဗီဇပြောင်းကြွက်များ ချန်ထားခဲ့သော ခြေရာများကို သတိပြုမိလိုက်ကြ၏။ ထိုကြွက်များသည် စူပါမားကတ်အတွင်း၌ ပုန်းအောင်းနေနိုင် ကြောင်း ရိပ်မိသွားသဖြင့် သူတို့၏ လက်နက်များကို အသီးသီး ထုတ်ယူလိုက်ကြလေသည်။
စူပါမားကတ် အဝင်ဝတွင် အပျက်အစီးအချို့ ပိတ်ဆို့နေသဖြင့် လူတစ်ကိုယ်စာသာ သွားနိုင်သော လမ်း ကျဉ်းလေးတစ်ခုသာ ကျန်ရှိတော့၏။ ထိုလမ်းမှာ ကုန်တင်ကားများနှင့် အက်စ်ယူဗွီ ကားများ ဖြတ်သန်း ရန် ကျဉ်းလွန်းလှသဖြင့် စီမာယွမ်အား ယာဉ်များကို စောင့်ကြပ်ရန် အပြင်၌ ထားခဲ့ကာ ကျန်ရှိသောသူ များမှာမူ ရိက္ခာစုဆောင်းရန် အတွင်းသို့ ဝင်သွားခဲ့ကြလေသည်။
စူပါမားကတ်အတွင်းသို့ ဝင်သွားသောအခါ လုံယုသည် ရှုပ်ပွနေသော မြင်ကွင်းကို အကဲခတ်လိုက်၏။ စင်အများစုမှာ လဲကျနေပြီး ပစ္စည်းများမှာ ကြမ်းပြင်ပေါ်၌ ပြန့်ကျဲနေလေသည်။ သူသည် အခြားသူများ ကို အချက်ပြလိုက်ရာ သူတို့ကလည်း နားလည်ကြောင်း ခေါင်းငြိမ့်ပြကြ၏။
သူတို့သည် အုပ်စုခွဲကာ စူပါမားကတ်အတွင်းကို ဂရုတစိုက် စစ်ဆေးလိုက်ကြလေသည်။ ဆယ်မိနစ် ခန့်အကြာတွင်မူ အဝင်ဝ၌ ပြန်လည် စုရုံးလိုက်ကြ၏။
လုံယုက ပြောလိုက်လေသည်။
"ဒီမှာ အသုံးဝင်တာ ဘာမှ မကျန်တော့ဘူးပဲ...။ ငါတို့ထက် အရင် ရောက်သွားတဲ့လူတွေ အကုန်လုံး သိမ်းသွားကြတာလား မသိဘူး...။”
ဟွမ်ချန်က အနောက်ဘက်သို့ ညွှန်ပြကာ မေးလိုက်၏။
"ခေါင်းဆောင်...၊ အနောက်ဘက်မှာ သိုလှောင်ရုံတစ်ခု ရှိသေးတယ်...၊ အဲဒီကို သွားကြည့်ကြမလား...။”
လုံယုက ခဏမျှ စဉ်းစားပြီးနောက် ခေါင်းငြိမ့်ပြလိုက်လေသည်။
"သွားကြစို့...။”
သူတို့ ငါးဦးသည် သိုလှောင်ရုံဆီသို့ ဦးတည်သွားခဲ့ကြလေသည်။ တံခါးမှ သော့မှာ ကျိုးနေသည်ကို မြင်လိုက် ရသောအခါ သူတို့သည် ရိက္ခာတွေ့ရှိရန် မျှော်လင့်ချက် သိပ်မထားကြတော့ပေ။
သို့သော်လည်း သူတို့၏ မျှော်လင့်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် သိုလှောင်ရုံအတွင်း၌ ရိက္ခာများစွာ ကျန်ရှိနေသေး၏။ စင်ပေါ်တွင် သေတ္တာများ တစ်ဝက်ခန့် ပြည့်နေသည့်အပြင် သိုလှောင်ရုံ ထောင့်များ တွင်လည်း သေတ္တာများ စုပုံလျက်ရှိနေသည်ကို တွေ့လိုက်ရလေသည်။
လုံယုသည် အနီးဆုံးစင်သို့ လျှောက်သွားကာ သေတ္တာတစ်လုံးကို ဖွင့်ကြည့်လိုက်ရာ ကိုယ်တိုင်အပူပေး စားသောက်ကုန်များ ပြည့်နေသည်ကို တွေ့လိုက်ရလေ၏။
ထိုအရာကို မြင်သောအခါ လူတိုင်း၏ မျက်နှာမှာ ဝင်းပသွားကြလေသည်။ ကိုယ်တိုင်အပူပေး စားသောက်ကုန်များသည် ခရီးသွားရာတွင် အကောင်းဆုံး ရိက္ခာများပင် မဟုတ်ပါလား။
လုံယုသည် သေတ္တာကို ပြန်ပိတ်လိုက်ပြီး ပြောလိုက်လေသည်။
"ဒါတွေကို အပြင်ကို ထုတ်ကြစို့...။”
"ဟုတ်ကဲ့ပါ ခေါင်းဆောင်...။”
သူတို့သည် ပစ္စည်းတင်တွန်းလှည်းပေါ်သို့ ရိက္ခာသေတ္တာများကို စတင် တင်လိုက်ကြ၏။ ကိုယ်တိုင်အပူ ပေး စားသောက်ကုန်များအပြင် သောက်ရေသန့်သေတ္တာများ၊ လေဟာနယ်စနစ်ဖြင့် ထုပ်ပိုးထားသော ဆန်များ၊ ပဲများ၊ ကောက်နှံများနှင့် ချောကလက်၊ သကြားလုံး ကဲ့သို့သော မုန့်များကိုလည်း တွေ့ရှိခဲ့ကြ လေသည်။
လုံယုက မုန့်များအပါအဝင် အားလုံးကို ယူရန် သူတို့ကို ပြောလိုက်၏။
နောင်တွင် အစားအစာ ရှားပါးလာသည့်အခါ ချောကလက်နှင့် သကြားလုံးများသည် အရေးပေါ် ရိက္ခာ များ ဖြစ်လာပေလိမ့်မည်။ ထိုအချိန်တွင် ထုတ်လုပ်မှု လုပ်ငန်းစဉ်များ ရပ်တန့်သွားသည်မှာ ကြာပြီဖြစ် ရာ ချောကလက်တစ်တုံးမှာ အလွန်တန်ဖိုးကြီးလှသဖြင့် အခြေစိုက်စခန်းတွင် ချမ်းသာကြွယ်ဝပြီး စွမ်းအားရှိသူများသာ လဲလှယ်နိုင်ပေလိမ့်မည်။
ရိက္ခာသေတ္တာများကို တွန်းလှည်းပေါ်သို့ တင်ပြီးနောက် ချွမ်ယွမ်ဝေ့နှင့် ရှီရွှမ်းတို့က အပြင်သို့ သယ် ထုတ်သွားကာ စီမာယွမ်နှင့်အတူ ကုန်တင်ကားများပေါ်သို့ တင်လိုက်ကြလေသည်။
သိုလှောင်ရုံအတွင်း၌မူ ကျားရှန်း၊ လုံယုနှင့် ဟွမ်ချန်တို့သည် မနားတမ်း ရိက္ခာများကို တွန်းလှည်းပေါ်သို့ တင်နေကြ၏။ ကုန်တင်ကား နှစ်စီးနှင့် အက်စ်ယူဗွီ ကားတို့ ပြည့်သွားသည့်အချိန်တွင် ကောင်းကင်၏ အရောင်မှာ စတင် ပြောင်းလဲနေပြီ ဖြစ်လေသည်။
လုံယုသည် ကျန်ရှိနေသော ရိက္ခာများကို ကြည့်ကာ အပြင်ဘက်တွင် သူတွေ့ခဲ့သော ခြေရာများကို ပြန် လည်အမှတ်ရမိသဖြင့် ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။
သူသည် အခြားသူများဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"ကျန်တဲ့ ရိက္ခာတွေကို ကုန်တင်ကား အမိုးပေါ်မှာ တင်ကြစို့...။ သေတ္တာတွေကို ခိုင်အောင် ချည်ဖို့ ကြိုး တွေနဲ့ ပျဉ်ပြားတွေ ရှာလိုက်ကြ...။”
ကျွင်းချန်မြို့မှ ထွက်ခွာသွားပြီးနောက် ရိက္ခာရှာဖွေရန် ပိုမိုခက်ခဲလာမည်ကို သိကြသဖြင့် လူတိုင်းက သဘောတူလိုက်ကြ၏။ သူတို့သည် ပျဉ်ပြားများနှင့် ကြိုးများကို အလျင်အမြန် ရှာဖွေကာ သိုလှောင်ရုံ အတွင်းမှ ရိက္ခာများကို အပြင်သို့ ဆက်လက် သယ်ထုတ်ကြတော့သည်။
ရိက္ခာအားလုံးကို တင်ဆောင်ပြီးသည့်အချိန်တွင် အရှေ့ဘက် ကောင်းကင်ယံ၌ နေမင်းကြီးသည် စတင် ထွက်ပေါ်လာနေပြီ ဖြစ်လေသည်။
ပုံမှန်အားဖြင့် လုံယုသည် နေရောင်ခြည်ကို ရှောင်ရှားရန်အတွက် နေ့ဘက်တွင် သူတို့ကို အနားယူခိုင်း လေ့ရှိသော်လည်း၊ ယနေ့တွင်မူ ချက်ချင်း ထွက်ခွာရန် သူ ဆုံးဖြတ်လိုက်လေသည်။
သူတို့ ထွက်ခွာသွားပြီး ဆယ်မိနစ်ခန့်အကြာတွင် ရေဆိုးထုတ်မြောင်းအတွင်းမှ အရာတစ်ခု ထွက်ပေါ် လာခဲ့လေ၏။ အဝေးမှကြည့်လျှင် ထိုအရာမှာ နီရဲသော မျက်လုံးနှစ်လုံးရှိသည့် ကြောင်တစ်ကောင်နှင့် တူသော်လည်း၊ ၎င်းက ပါးစပ်ကို ဟ၍ အော်ဟစ်လိုက်သောအခါ ထူးဆန်းသော အသံတစ်ခုသာ ထွက် ပေါ်လာခဲ့လေသည်။
တစ်ချိန်တည်းမှာပင် ယောင်ရန်၊ ဟွမ်ကျိဟွေး၊ တန်ချီချီနှင့် စီမာ၊ ချွမ်မိသားစုဝင်များသည် ကုန်တင် ကား သုံးစီးနှင့် ဘတ်စ်ကားပေါ်သို့ ပစ္စည်းအားလုံး တင်ဆောင်ပြီးစီးသွားကြပြီ ဖြစ်လေသည်။
နောက်ဆုံး ကုန်တင်ကားပေါ်တွင် နေရာအချို့ ကျန်ရှိနေသည်ကို မြင်သောအခါ ယောင်ရန်က စီမာဟောက် ကို ပြောလိုက်လေ၏။
"အစ်ကိုစီမာ...၊ ကားတွေကို ခဏလောက် စောင့်ပေးပါဦး...။ ကျွန်မ အပေါ်ထပ်ကိုသွားပြီး ကျန်ခဲ့တာရှိ မရှိ ခဏ သွားစစ်လိုက်ဦးမယ်...။”
စီမာဟောက်က ခေါင်းငြိမ့်ပြကာ "ကောင်းပါပြီ...။” ဟု ပြန်ဖြေလိုက်လေသည်။
ယောင်ရန်သည် သူ့တွင် သစ်သားတုတ်တစ်ချောင်းမှလွဲ၍ အခြားလက်နက် မရှိသည်ကို သိသဖြင့် သူမ ၏ သေနတ်နှင့် ကျည်ဆန်တစ်သေတ္တာကို သူ့အား ကမ်းပေးလိုက်၏။
ထိုအရာကို မြင်သောအခါ စီမာဟောက်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် သေနတ်နှင့် ကျည်ဆန်များ ကို သူမအား ပြန်ပေးကာ ပြောလိုက်လေသည်။
"မိန်းကလေးယောင်...၊ ဒါက အရမ်းတန်ဖိုးကြီးပါတယ်...။ ကျွန်တော် ဒါကို လက်မခံနိုင်ပါဘူး...။”
"ဒါကို ယူထားလိုက်ပါ...၊ ကျွန်မတို့ရဲ့ ရိက္ခာတွေကို ကာကွယ်ဖို့ ရှင် ဒါကို လိုအပ်လိမ့်မယ်...။ တကယ်လို့ တစ်ယောက်ယောက်က လာလုဖို့ ကြိုးစားရင် သူတို့ မလှုပ်ရှားခင် ရှင် အရင် ပစ်ရမယ်...။ မဟုတ်ရင် သေရမဲ့လူက ရှင်ဖြစ်သွားလိမ့်မယ်...။” ဟု ယောင်ရန်က တည်ကြည်စွာ ပြောလိုက်လေသည်။
စီမာဟောက်သည် ကလေး မဟုတ်ပေ။ ကမ္ဘာကြီးမှာ ပြောင်းလဲသွားပြီဖြစ်ပြီး ယခင်ကကဲ့သို့ အေးချမ်း သော အချိန်များ မရှိတော့ကြောင်း သူ သိထားပေ၏။ သူသည် သေနတ်နှင့် ကျည်ဆန်များကို တင်းတင်း ဆုပ်ကိုင်ကာ ခေါင်းငြိမ့်ပြလိုက်လေသည်။
"နားလည်ပါပြီ...။”
စီမာဟောက် ရိက္ခာများကို စောင့်ကြပ်နေစဉ်အတွင်း ယောင်ရန်သည် အပေါ်ထပ်သို့ အလျင်အမြန် တက်လာခဲ့လေ၏။
အထပ် (၁၉) တွင် ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့သည် အဘိုးနှင့် အဖွားချွမ်တို့၏ နေ့စဉ်သုံး ပစ္စည်းများကို ကျောပိုးအိတ်များအတွင်းသို့ ထည့်ရန် ကူညီပေးနေကြသည်ကို တွေ့လိုက်ရလေသည်။
"ကျိဟွေး...၊ ချီချီ...၊ ငါ အပေါ်ထပ်ကို သွားပြီး ကျန်ခဲ့တာရှိမရှိ သွားစစ်လိုက်ဦးမယ်...။” ဟု ယောင်ရန်က လှေကားရင်းမှ လှမ်းပြောလိုက်၏။
ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့မှာ ခေတ္တရပ်တန့်ကာ ယောင်ရန်ကို ကြည့်လိုက်ကြလေသည်။ ဟွမ်ကျိဟွေးက ခေါင်းငြိမ့်ပြကာ ပြောလိုက်လေသည်၊
"ဟုတ်ကဲ့...။”
အထပ် (၂၀) သို့ ရောက်သောအခါ ယောင်ရန်သည် အခန်းအမှတ် (၂၀၀၁) သို့ သွားခဲ့၏။ သူမသည် ပရိဘောဂ အကြီးစားအားလုံးကို သူမ၏ နေရာလွတ်အတွင်းသို့ သိမ်းဆည်းလိုက်သဖြင့် အခန်းမှာ ဟာလာဟင်းလင်း ဖြစ်သွားလေသည်။ ထို့နောက် သူမ၏ အခန်းနှင့် လုံယု၏ အခန်းကိုလည်း စစ်ဆေး လိုက်လေ၏။
ဘာမှ ကျန်မနေတော့ကြောင်း အတည်ပြုပြီးနောက် သူမသည် အောက်ထပ်သို့ ဆင်းလာကာ စီမာနှင့် ချွမ်မိသားစုဝင်များ၏ ပစ္စည်းများကို ကျောပိုးအိတ်ထဲသို့ ထည့်ရန် ကူညီပေးလိုက်လေသည်။ သူတို့ အားလုံး အသင့်ဖြစ်သည့် အချိန်တွင် နေသည် ကောင်းကင်ယံသို့ မြင့်တက်နေပြီ ဖြစ်လေသည်။
မထွက်ခွာမီ လုံယုက ယောင်ရန်အား ဂြိုဟ်တုဖုန်းတစ်လုံး ပေးခဲ့ဖူး၏။ သူမသည် ဖုန်းအတွင်းရှိ တစ်ခု တည်းသော နံပါတ်ကို နှိပ်လိုက်ပြီး စောင့်ဆိုင်းနေလိုက်တော့သည်။