အခန်း ၂၅၆
Vol. 26 Ch. 256
အခန်း (၂၅၆)
ကျွင်းချန်မြို့မှ ထွက်ခွာခြင်း
စက္ကန့်အနည်းငယ် ကြာပြီးနောက် ဖုန်းထဲမှ လုံယု၏ နက်ရှိုင်းသော အသံ ထွက်ပေါ်လာ၏။
"ရန်ရန်...။”
ထိုအသံကို ကြားသောအခါ ယောင်ရန်က မေးလိုက်လေသည်။
"အာယု...၊ ရှင် ဒီနေ့ ပြန်လာမှာလား...။”
"အင်း...၊ ငါတို့ ငါးမိနစ်အတွင်း ရောက်လိမ့်မယ်...။ ပြင်ဆင်မှုတွေက ဘယ်လိုလဲ...။”
လုံယုက မေးလိုက်၏။
ယောင်ရန်က အခြားသူများကို ကြည့်ရင်း ပြန်ဖြေလိုက်လေသည်။
"ကျွန်မတို့ သွားဖို့ အဆင်သင့် ဖြစ်နေပါပြီ...။”
"ကောင်းပြီ...၊ လောင်စာဆီ ဖြည့်ပြီးတာနဲ့ ငါတို့ ချက်ချင်း ထွက်ခွာကြမယ်...။” ဟု လုံယုက ပြောလိုက် ၏။
"ကောင်းပါပြီ...၊ လမ်းခရီးမှာ ဂရုစိုက်ဦးနော်...။”
ယောင်ရန်က သူ့အား သတိပေးလိုက်လေသည်။
"အင်းပါ...၊ ငါသိပါတယ်...။”
ထိုသို့ ပြောပြီးနောက် လုံယုသည် ဖုန်းချလိုက်တော့၏။
ဖုန်းကို သိမ်းဆည်းပြီးနောက် ယောင်ရန်က ပြောလိုက်လေသည်။
"အားလုံးပဲ...၊ ကျွန်မတို့ အောက်ထပ်ကို ဆင်းကြရအောင်...။”
စီမာမိသားစုနှင့် ချွမ်မိသားစုဝင်များသည် ထိုစကားကို ကြားသောအခါ စိုးရိမ်ပူပန်နေကြသော်လည်း မျက်ဝန်းများထဲ၌ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့လေ၏။
သူတို့၏ စိုးရိမ်မှုနှင့် မျှော်လင့်ချက်များကို သတိပြုမိသောကြောင့် ယောင်ရန်က ထပ်လောင်း ပြောလိုက် လေသည်။
"အာယုတို့ ငါးမိနစ်အတွင်း ရောက်လာတော့မှာ...၊ ကျွန်မတို့ အချိန်မဆွဲသင့်တော့ဘူး...။”
ထွက်ခွာရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း သိရှိနားလည်သွားကြသဖြင့် လူတိုင်းသည် ကျောပိုးအိတ် များကိုယ်စီ လွယ်ကာ ယောင်ရန်၏ နောက်မှ လိုက်ပါ၍ မြေအောက်ကားပါကင်သို့ ဆင်းလာခဲ့ကြ၏။
မြေအောက်ကားပါကင်သို့ ရောက်သောအခါ ယောင်ရန်သည် အဘိုးချွမ်နှင့် အဖွားချွမ်တို့ကို စီမာ မိသားစုဝင်များနှင့်အတူ ဘတ်စ်ကားပေါ်တွင် ထိုင်ရန် စီစဉ်ပေးလိုက်လေသည်။
စီမာဟောက်က ဘတ်စ်ကားကို မောင်းနှင်မည်ဖြစ်သောကြောင့် ဤအစီအစဉ်သည် လူကြီးများအတွက် ပိုမိုသက်တောင့်သက်သာ ရှိစေမည် ဖြစ်၏။
လူကြီးများ ဘတ်စ်ကားပေါ်သို့ တက်ပြီးနောက် ယောင်ရန်နှင့် အခြားသူများသည် ယာဉ်များ ချဉ်းကပ် လာသော အသံကို ကြားလိုက်ကြရလေသည်။ မကြာမီမှာပင် ကုန်ပစ္စည်းများ အပြည့်တင်ဆောင်ထား သော ကုန်ကားနှစ်စီးနှင့် အက်စ်ယူဗွီ ကားတစ်စီးတို့သည် မြေအောက်ကားပါကင်အတွင်းသို့ မောင်းနှင် ဝင်ရောက်လာခဲ့ကြလေသည်။
ဘတ်စ်ကားပေါ်တွင် ထိုင်နေသော အဘိုးချွမ်က သူ၏ဇနီးဖြစ်သူအား တိုးတိုးလေး ကပ်ပြောလိုက်လေ သည်။
"ဒီလူငယ်လေးတွေက တော်တော်လေးကို အရည်အချင်းရှိကြတာပဲ...။ ကံကောင်းလို့ ငါတို့မြေးက သူတို့နဲ့ မိတ်ဆွေဖြစ်နိုင်ခဲ့လို့ပေါ့...။ မဟုတ်ရင် ငါတို့ ဒီလို ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရမှာမဟုတ် ဘူး...။”
အဖွားချွမ်ကလည်း သူမခင်ပွန်း၏ ပိန်လှီသောလက်ကို ဆုပ်ကိုင်ရင်း ထောက်ခံလိုက်၏။
"ရှင်ပြောတာ မှန်ပါတယ် အဖိုးကြီးရယ်...။”
သူတို့ စကားပြောနေကြစဉ်မှာပင် လုံယုနှင့် အခြားသူများသည် ကုန်ကားနှင့် အက်စ်ယူဗွီ ကားပေါ်မှ ဆင်းလာကြလေပြီဖြစ်၏။ သူသည် ယောင်ရန်ကို တွေ့သောအခါ လျင်မြန်စွာ လျှောက်လာခဲ့လေ၏။
လုံယုသည် သူမကို ခဏမျှ ပွေ့ဖက်ပြီးနောက် ပြန်လွှတ်ပေးလိုက်ကာ အခြားသူများကို ပြောလိုက်လေ သည်။
"ဆီ ဖြည့်လိုက်ကြ...၊ ဆီဖြည့်ပြီးတာနဲ့ ချက်ချင်း ထွက်မယ်...။”
"ဟုတ်ကဲ့...ခေါင်းဆောင်...။”
အခြားသူများ လောင်စာဆီ ဖြည့်တင်းရန် အလုပ်ရှုပ်နေကြစဉ် လုံယုက ယောင်ရန်ကို ကြည့်ကာ မေး လိုက်၏။
"ရန်ရန်...၊ ကုန်ကားတွေပေါ်မှာ ပစ္စည်းတွေ အပြည့် တင်ထားပြီးပြီလား...။”
ယောင်ရန်က ခေါင်းခါပြရင်း ပြန်ဖြေလိုက်လေသည်။
"တတိယ ကုန်ကားပေါ်မှာ ထင်းနည်းနည်းပဲ ရှိသေးတယ်...။ ဘတ်စ်ကားကလည်း အလွတ်အတိုင်းပဲ ရှိပါသေးတယ်...။”
ထိုစကားကို ကြားသောအခါ လုံယုက အခြားသူများဘက်သို့ လှည့်၍ အမိန့်ပေးလိုက်၏။
"တတိယ ကုန်ကားနဲ့ ဘတ်စ်ကားက အလွတ် ဖြစ်နေသေးတယ်...။ ကုန်ကားတွေရဲ့ အမိုးပေါ်က ပစ္စည်း တွေကို အဲ့ဒီကားတွေပေါ် ရွှေ့လိုက်ကြ...။”
လူတိုင်းသည် အမိန့်ကို လက်ခံရရှိပြီးနောက် ကုန်ကားအမိုးပေါ်ရှိ ပစ္စည်းသေတ္တာများကို တတိယ ကုန်ကားနှင့် ဘတ်စ်ကားပေါ်သို့ စတင်ရွှေ့ပြောင်းကြလေသည်။ ထိုသို့ လုပ်ဆောင်နေသည်ကို မြင် သောအခါ ယောင်ရန်၊ စီမာဟောက်၊ ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့လည်း ဝိုင်းဝန်း ကူညီခဲ့ကြလေ၏။
စီမာဟောက်၏ မိဘများသည်လည်း သူတို့ ကူညီနေသည်ကို မြင်သောအခါ ဘတ်စ်ကားပေါ်မှ ဆင်း၍ ဝိုင်းဝန်း လုပ်ဆောင်ပေးခဲ့ကြလေသည်။
ပစ္စည်းများ ရွှေ့ပြောင်းခြင်းနှင့် ဆီဖြည့်ခြင်း လုပ်ငန်းများ ပြီးစီးသွားသောအခါ လုံယုက ညွှန်ကြားလိုက် ၏။
"အစ်ကိုဟောက်က ဘတ်စ်ကားကို မောင်း...။ အစ်ကိုယွမ်၊ အစ်ကိုချွမ်၊ ရှီရွှမ်း၊ ဟွမ်ချန်နဲ့ ကျားရှန်းတို့က ကုန်ကားတွေကို မောင်းကြ...။ ငါက အက်စ်ယူဗွီ ကားကို မောင်းပြီး ယာဉ်တန်းကို ဦးဆောင်မယ်...။”
ထို့နောက် သူက ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့ကို ကြည့်ကာ ထပ်လောင်း ပြောလိုက်လေသည်။
"ကျိဟွေးနဲ့ ချီချီက ဘတ်စ်ကားပေါ်မှာ လိုက်ပြီး အနောက်ဘက်ကနေ ကာကွယ်ပေးကြ...။”
"ဟုတ်ကဲ့... ခေါင်းဆောင်...။”
အမိန့်များ ရရှိပြီးနောက် သူတို့သည် သတ်မှတ်ထားသော ယာဉ်များဆီသို့ လျင်မြန်စွာ သွားလိုက်ကြ လေသည်။ လုံယုက ယာဉ်တန်းကို ဦးဆောင်မည်ဖြစ်သောကြောင့် လမ်းကြောင်းပြသရန် ယောင်ရန် သည်လည်း သူနှင့်အတူ လိုက်ပါခဲ့လေ၏။
မိနစ်အနည်းငယ် ကြာပြီးနောက် ကုန်ကားငါးစီး၊ အက်စ်ယူဗွီ တစ်စီးနှင့် ဘတ်စ်ကားတစ်စီးတို့သည် မြေအောက်ကားပါကင်မှ ထွက်လာခဲ့ကြလေသည်။ လောင်ဟန်သည် မနေ့ကတည်းက ယောင်ရန်တို့ အဖွဲ့ကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်ပေသည်။
ယာဉ်များ ထွက်လာသည်ကို မြင်လျှင် မြင်ချင်းပင် သူက အမိန့်ပေးလိုက်၏။
"မြန်မြန်... ကားပေါ်တက်ကြ...။”
သူ၏ ဇနီး၊ သားနှစ်ယောက်နှင့် မိဘများမှာ သူတို့၏ ဆီဒင်ကားထဲသို့ အပြေးအလွှား တက်ခဲ့ကြလေ သည်။
လောင်ဟန်သည် စဉ်းစားဉာဏ် ရှိသူဖြစ်ရာ ယာဉ်တန်းကြားထဲသို့ ဝင်မတိုးဘဲ ယာဉ်တန်း ဖြတ်သွား သည်အထိ စောင့်ဆိုင်းပြီးမှ နောက်ဆုံးမှ လိုက်ပါခဲ့လေ၏။
လုံယုသည် နောက်ကြည့်မှန်မှတစ်ဆင့် ထိုကားကို သတိပြုမိသော်လည်း ဘာမှ မပြောခဲ့ပေ။
ယောင်ရန်သည်လည်း သူကြည့်နေသည့်ဘက်သို့ ကြည့်လိုက်ရာ နောက်မှ လိုက်ပါလာသော ဆီဒင်ကား ကို တွေ့လိုက်ရသဖြင့် ရှင်းပြလိုက်လေသည်။
"သူက ကျွန်မတို့နောက်က လိုက်ဖို့အတွက် ကျောက်စိမ်းလက်ပတ် တစ်ကွင်း ပေးထားတယ်.... ကျွန်မ ကတော့ သဘောတူလိုက်ပေမဲ့ သူ့ရဲ့ ဘေးကင်းလုံခြုံရေးနဲ့ စားနပ်ရိက္ခာအတွက် တာဝန်မယူနိုင်ဘူးလို့ ပြောထားပါတယ်...။”
"အင်း...။”
လုံယုက စိတ်ထဲမထားသည်ကို မြင်သောအခါ ယောင်ရန်သည် မြေပုံကို ပြန်လည် ကြည့်ရှုနေလိုက်၏။
သူတို့ ဂိတ်တံခါးမှ ထွက်လာသောအခါ အခြား အသက်ရှင်ကျန်ရစ်သူများသည် ကားသံများကို ကြားပြီး ဘာဖြစ်နေသနည်းဟု သိရှိရန် ဝရံတာများသို့ ပြေးထွက်လာကြလေသည်။
လုံယုနှင့် အခြားသူများ ထွက်ခွာသွားသည်ကို မြင်သောအခါ သူတို့သည် လောင်ဟန်အား သူတို့ကို ထား ပစ်ခဲ့သည့်အတွက် ကျိန်ဆဲရင်း ထိတ်လန့်တကြား အောက်ထပ်သို့ ပြေးဆင်းလာကြလေတော့၏။
ကံဆိုးစွာပင် သူတို့ မြေညီထပ်သို့ ရောက်ရှိချိန်၌ လုံယုတို့၏ ယာဉ်တန်းမှာ ဝေးလံစွာ ရောက်ရှိနေပြီ ဖြစ် သည်။ သူတို့ လိုက်မီရန် အခွင့်အရေး မရှိတော့သည်ကို သိရှိသွားကြသောအခါ လူတိုင်းသည် စိတ်ပျက် အားငယ်စွာဖြင့် ငိုကြွေးကြတော့လေသည်။
လင်ယွမ်တိုက်ခန်းဝင်းအတွင်း ဘာတွေဖြစ်ပျက်နေသည်ကို သတိမမူမိဘဲ ယောင်ရန်သည် သူမ၏ နေရာလွတ်ထဲမှ ဖရဲသီးဖျော်ရည် တစ်ခွက်ကို ထုတ်ယူလိုက်၏။
သူမသည် ပိုက်ပါသော ခွက်ကို လုံယုရှေ့သို့ ကမ်းပေးရင်း ပြောလိုက်လေသည်။
"ကိုယ်အပူရှိန် လျော့သွားအောင် နည်းနည်းလောက် သောက်လိုက်ပါဦး...။”
လုံယုသည်လည်း စကားနားထောင်စွာဖြင့် ဖျော်ရည်ကို တစ်ငုံသောက်လိုက်၏။ ယောင်ရန်က သူ သောက်သော ပိုက်ဖြင့်ပင် ပြန်သောက်သည်ကို မြင်သောအခါ သူသည် ပြုံးလိုက်ပြီးနောက် လမ်းကိုသာ အာရုံပြန်စိုက်ထားလိုက်လေသည်။
ယောင်ရန်သည် ဖရဲသီးဖျော်ရည်ကို သောက်ရင်း မေးလိုက်၏။
"ကျွန်မတို့ ဘယ်ကို သွားနေတာလဲ...။”
"ကျွင်းချန် စစ်အခြေစိုက်စခန်းနဲ့ ကီလိုမီတာ သုံးဆယ်အကွာမှာ အပန်းဖြေစခန်းတစ်ခု ရှိတယ်...။ စခန်း ရဲ့ ပထမအဆင့် တည်ဆောက်ရေး လုပ်ငန်းတွေ မပြီးမချင်း အဲ့ဒီမှာ ခေတ္တနေထိုင်ဖို့ ငါ စီစဉ်ထား တယ်...။” ဟု လုံယုက ရှင်းပြလိုက်လေသည်။
အစပိုင်းတွင် လုံယုသည် ကျွင်းချန် စစ်အခြေစိုက်စခန်းသို့ သွားရန် ရည်ရွယ်ထားခဲ့ပါသော်လည်း လီထျန်းယု၏ အကြံပေးချက်အရ သူ၏ စိတ်ကူးကို ပြောင်းလဲကာ အပန်းဖြေစခန်းသို့ သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေသည်။
ကျွင်းချန်မြို့သို့ ရောက်ရှိသည်မှာ လအနည်းငယ်သာ ရှိသေးသဖြင့် ယောင်ရန်သည် လုံယုပြောသော အပန်းဖြေစခန်းကို ရင်းနှီးခြင်း မရှိပေ။ သူမသည် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေ၏။
"ဘာလို့ အဲ့ဒီနေရာကို ရွေးချယ်ခဲ့တာလဲ...။”
လုံယုက ပြန်လည် ရှင်းပြလေသည်။
"ကမ္ဘာပျက်ပြီး ငါးနှစ်မြောက်တဲ့ အချိန်မှာ ကျွင်းချန် စစ်အခြေစိုက်စခန်းက အကြိမ်ပေါင်းများစွာ ချဲ့ထွင် ခဲ့ရတယ်...။ နောက်ဆုံးအကြိမ် ချဲ့ထွင်ပြီးနောက်တော့ ဒီအပန်းဖြေစခန်းက စခန်းနဲ့ ငါးကီလိုမီတာပဲ ကွာ တော့တာလေ...။ စခန်းက အဲ့ဒီအပန်းဖြေစခန်းကို တိုက်ရိုက် မသိမ်းပိုက်ခဲ့ပေမဲ့ သူ့ရဲ့ ကာကွယ်ရေး နယ်မြေထဲမှာတော့ ထည့်သွင်းထားခဲ့တယ်...။”