အခန်း ၂၅၇
Vol. 26 Ch. 257
အခန်း (၂၅၇)
ဟန်ယီရွှယ်၏ အစီအစဉ် (၁)
လုံယု၏ မျက်ဝန်းများသည် ခဏမျှ ဝင်းလက်သွားပြီးနောက် သူက ပြောလိုက်လေသည်။
"အမည်မသိတဲ့ နေရာတစ်ခုမှာ အခြေချတာထက် အဲ့ဒီမှာ ခေတ္တနေလိုက်တာက ပိုကောင်းပါတယ်လေ ...၊ နောက်မှ စခန်းကို ဝင်ဖို့ ဆုံးဖြတ်ရင်တောင် ဝေးဝေးလံလံ သွားစရာမလိုတော့ဘူးပေါ့...။ စခန်းနားမှာ နေရတာက ပိုပြီးတော့ ဘေးကင်းတာပေါ့...။”
ထိုစကားကို ကြားသောအခါ ယောင်ရန်က ခေါင်းငြိမ့်ပြရင်း အပန်းဖြေစခန်းရှိမည့် နေရာကို မြေပုံပေါ် တွင် ရှာဖွေကြည့်ရှုလိုက်၏။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက ပြောလိုက်လေသည်။
"အားလုံး အဆင်ပြေပြေ ချောချောမွေ့မွေ့ ရှိမယ်ဆိုရင်တော့ ကျွန်မတို့ နှစ်ရက်အတွင်း အပန်းဖြေ စခန်းကို ရောက်နိုင်ပါတယ်...။”
ဦးတည်ရာ အကြောင်းကို ခဏမျှ ပြောဆိုပြီးနောက် ယောင်ရန်သည် လုံယုအား လမ်းကြောင်းပြသ ပေးရန်သာ အာရုံစိုက်ထားလိုက်တော့၏။
သူတို့သည် နှစ်နာရီခန့် မောင်းနှင်ပြီးနောက် ရှေ့မလှမ်းမကမ်းတွင် စွန့်ပစ်ထားသော နားနေစခန်းတစ်ခု ကို တွေ့လိုက်ရလေသည်။
လုံယုသည် ကားရှေ့မှ ဝေါကီတော်ကီကို ယူ၍ပြောလိုက်လေသည်၊
"ငါတို့ ဒီနားနေစခန်းမှာ ခဏနားကြမယ်...။”
အခြားသူများကလည်း ပြန် ဖြေကြလေ၏။
"လက်ခံရရှိပါတယ်...။”
ဝေါကီတော်ကီကို ပြန်ချထားပြီးနောက် လုံယုသည် နားနေစခန်းအတွင်းသို့ မောင်းဝင်ခဲ့ပြီး ရှေးဦးစွာ ဓာတ်ဆီဆိုင်ရှေ့တွင် ကားကို ရပ်လိုက်လေသည်။ ယောင်ရန်က ဆီပန့်များကို စစ်ဆေးရန် ကားပေါ်မှ ဆင်းသွားသော်လည်း ဆီတိုင်ကီများမှာ အလွတ်ဖြစ်နေသည်ကို တွေ့ရသဖြင့် လုံယုအား ခေါင်းခါပြ လိုက်လေသည်။
လုံယုသည် စိတ်ပျက်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် စစ်တပ်သည် ဤကဲ့သို့သော ဓာတ်ဆီဆိုင် များမှ လောင်စာဆီများကို သိမ်းဆည်းသွားပြီးဖြစ်ကြောင်းနှင့် အသက်ရှင်ကျန်ရစ်သူများထံမှလည်း ပိုမိုစုဆောင်းထားကြောင်း သူတို့ သိထားသောကြောင့် ဖြစ်သည်။ ဤနေရာ၌ လောင်စာဆီ ရှာတွေ့ခြင်း မှာ အလွန်ပင် ကံကောင်းလှမှသာ ဖြစ်နိုင်ပေလိမ့်မည်။
လောင်စာဆီ မရှိတော့ကြောင်း အတည်ပြုပြီးနောက် ယောင်ရန်သည် အက်စ်ယူဗွီ ကားပေါ်သို့ ပြန်တက် ခဲ့ပြီး လုံယုက စားသောက်ဆိုင်နှင့် နားနေဆောင်များရှိရာ အလယ်ဗဟိုသို့ မောင်းနှင်သွားခဲ့လေသည်။ သူတို့သည် အရိပ်ရသော ကားပါကင်တစ်ခုကို ရှာတွေ့ချိန်တွင် နံနက် (၁၀) နာရီ ရှိနေပြီ ဖြစ်သည်။
တစ်ညလုံး အလုပ်လုပ်ခဲ့ရပြီး တစ်မနက်လုံး ကားမောင်းခဲ့ရသဖြင့် လူတိုင်းမှာ အလွန်ပင် ပင်ပန်းနွမ်း နယ်နေကြပြီ ဖြစ်၏။ လောင်စာဆီ ချွေတာရန်အတွက် မည်သူမျှ လေအေးပေးစက် မဖွင့်ရဲကြဘဲ လေ ဝင်လေထွက် ကောင်းစေရန် ပြတင်းပေါက်များကိုသာ အနည်းငယ် ဟထားကြလေသည်။
နေ့စဉ် အပူချိန်မှာ ကျဆင်းလာနေသည်ဟု ဆိုသော်ငြားလည်း အပြင်ဘက်တွင်မူ (၆၀) ဒီဂရီ စင်တီ ဂရိတ်အထိ ပူပြင်းနေဆဲ ဖြစ်၏။ နေ့ဘက်တွင် ခရီးသွားလာသည့်အခါ ပြင်းထန်သော နေရောင်ခြည် ကြောင့် ကားအတွင်းပိုင်း အပူချိန်မှာ အပြင်ဘက်ထက်ပင် ပိုမို ပူလောင်နေခဲ့လေသည်။
ချွေးများဖြင့် စိုရွှဲနေသော သူတို့၏ နီမြန်းနေသည့် မျက်နှာများကို မြင်သောအခါ ယောင်ရန်သည် အပူ လျှပ်ခြင်းမှ ကာကွယ်ရန်အတွက် အားလုံးကို ရောစပ်ထားသော ရေကန်ရေများ ပေးဝေရန် ဆုံးဖြတ် လိုက်လေ၏။
အခြားသူများ ထိုင်နားရန် နေရာရှာနေကြစဉ် ယောင်ရန်သည် အက်စ်ယူဗွီ ကား၏ နောက်ဖုံးမှ ရောစပ် ထားသော ရေကန်ရေ သုံးပုလင်းနှင့် ဖိသိပ်ထားသော ဘီစကစ်မုန့် နှစ်ထုပ်ကို ထုတ်ယူလိုက်လေသည်။
သူမသည် ဘီစကစ်ထုပ်ကို ဖွင့်ကာ အပိုင်းအငယ် သုံးပိုင်းကို ထုတ်၍ လုံယုအား ကမ်းပေးလိုက်၏။ ထို့ နောက် သူ၏ ရေပုလင်းထဲသို့ ရောစပ်ထားသော ရေကန်ရေကို ဖြည့်ပေးပြီး ကျန်ရှိသော ရေနှင့် ဘီစကစ်များကို အခြားသူများအား ဝေငှပေးလိုက်လေသည်။
ယောင်ရန်သည် အစားအစာနှင့် ရေများကို ယူဆောင်လာသည်ကို မြင်သောအခါ တန်ချီချီနှင့် ဟွမ်ကျိဟွေး တို့သည် သူမအား ကူညီရန် လျင်မြန်စွာ ထလာခဲ့ကြလေ၏။
ပစ္စည်းများ ဝေငှပြီးနောက် ယောင်ရန်သည် လုံယု၏ ဘေးတွင် ထိုင်ကာ အတူတကွ စားသောက် လိုက်လေသည်။
ယောင်ရန်နှင့် သူမ၏ သူငယ်ချင်းများ တိတ်ဆိတ်စွာ စားသောက်နေကြစဉ် စီမာမိသားစုနှင့် ချွမ်မိသားစု ဝင်များသည် တုံ့ဆိုင်းနေသော အကြည့်များဖြင့် အချင်းချင်း ကြည့်နေကြလေ၏။
သူတို့သည်လည်း ရှေ့လျှောက် ခရီးစဉ်အတွက် အစားအစာနှင့် ရေများကို ကိုယ်စီ ယူဆောင်လာကြပြီး ချွေတာသုံးစွဲရန် စီစဉ်ထားကြခြင်း ဖြစ်သည်။
ထိုအချက်ကြောင့်ပင် သူတို့သည် စားနပ်ရိက္ခာ ပြတ်လပ်သွားမည်ကို တစ်နေ့လုံး စိုးရိမ်နေခဲ့ကြ၏။ ယခု အခါ ယောင်ရန်က သူတို့ကို အစားအစာနှင့် ရေများ ဝေငှပေးသဖြင့် သူတို့မှာ အိပ်မက်မက်နေသလား ဟုပင် မယုံကြည်နိုင်အောင် ဖြစ်နေကြလေသည်။
ယောင်ရန်နှင့် သူမ၏ သူငယ်ချင်းများသည် နောက်ထပ် သွားရမည့် လမ်းကြောင်းကို ဆွေးနွေးရင်း စား သောက်နေကြသည်ကို မြင်သောအခါ အဘိုးချွမ်က ဆိုလိုက်လေသည်။
"အရင်ဆုံး စားကြရအောင်...၊ သူတို့ကို ကျေးဇူးတင်စကား ပြောဖို့ကတော့ နောက်မှပေါ့...။”
သူ၏ စကားအတိုင်းပင် ချွမ်ယွမ်ဝေ့နှင့် အဖွားချွမ်တို့လည်း စတင် စားသောက်ကြတော့၏။
အနီးအနားတွင် ထိုင်နေသော အဘိုးစီမာကလည်း ဆိုလေသည်။
"ငါတို့ ဒီကျေးဇူးကို မှတ်ထားရမယ်...။”
အဖွားစီမာကလည်း ထောက်ခံလိုက်လေ၏။
"အခုတော့ စားရအောင်...၊ ငါတို့ ဒီနေ့ သွားရမယ့် ခရီးက အဝေးကြီး ကျန်သေးတယ်လေ...။”
လူတိုင်း စားသောက်၍ အနားယူနေကြစဉ် လောင်ဟန်နှင့် သူ၏ မိသားစုမှာမူ တိတ်ဆိတ်စွာသာ ထိုင် နေနိုင်ကြလေသည်။ သူတို့၌ ရေတစ်ဝက်ခန့်သာ ကျန်ရှိတော့သော ပုလင်းတစ်လုံးသာ ရှိပြီး အစား အစာမှာလည်း ကုန်ဆုံးနေပြီ ဖြစ်၏။ လုံယုတို့အဖွဲ့ မည်သည့်နေရာသို့ ဦးတည်နေသည်ကို မသိရှိကြသ ဖြင့် ရေကုန်သွားမည်ကို စိုးရိမ်ကာ ကျန်ရှိသော ရေကိုပင် မသောက်ရဲကြပေ။
အခြားသူများ စားသောက်နေသည်ကို ခဏမျှ ကြည့်နေပြီးနောက် လောင်ဟန်၏ အကြီးဆုံးသားသည် ခြောက်သွေ့ကွဲအက်နေသော သူ၏ နှုတ်ခမ်းများကို လျှာဖြင့်သပ်ကာ ပြောလိုက်လေသည်။
"ဖေဖေ...၊ သား စားစရာ တစ်ခုခု ရှိမလားဆိုတာ သွားရှာကြည့်လိုက်ဦးမယ်...။ ခဏနေရင် ပြန်လာခဲ့ပါ့ မယ်...။”
လောင်ဟန်၏ အကြီးဆုံးသားမှာ အသက် (၂၂) နှစ်သာ ရှိသေးသော်လည်း စိတ်ဓာတ်ခိုင်မာပြီး ဇွဲရှိသူ ဖြစ်၏။ သူ၏ မိသားစုဝင်များ ဆာလောင်မွတ်သိပ်နေသည်ကို မြင်သောအခါ နားနေစခန်းအတွင်း လှည့် လည် ရှာဖွေရန် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်သည်။
သူ ထွက်ခွာရန် ပြင်ဆင်လိုက်သည်နှင့် သူ၏ ညီနှစ်ယောက်လည်း မတ်တပ်ထရပ်လိုက်ကြ၏။
သူတို့က သူ့ကို ကြည့်လိုက်ကြရာ ဒုတိယသားက ဆိုလေသည်။
"အစ်ကို...၊ ကျွန်တော်တို့လည်း လိုက်ခဲ့မယ်လေ...။”
ဟန်ရန်ချီသည် ခဏမျှ စဉ်းစားပြီးနောက် သူ၏ ဒုတိယညီအား ပြောလိုက်၏။
"ယီရွှယ်...၊ မင်းက ဒီမှာနေပြီး မိဘတွေနဲ့ အဘိုးအဘွားတွေကို စောင့်ရှောက်ပေးလိုက်... ။ ငါ ဖုန်းဝန်နဲ့ပဲ သွားလိုက်မယ်...။”
ထိုစကားကို ကြားသောအခါ ဟန်ယီရွှယ်က ခေါင်းငြိမ့်ပြရင်း ပြန်ထိုင်လိုက်လေသည်။ ဟန်ရန်ချီက သူ၏ တတိယညီအား ခေါ်ဆောင်သွားခဲ့လေ၏။
"ဖုန်းဝန်... သွားကြရအောင်...။”
သူ့အစ်ကိုနှင့် ညီလေး ထွက်သွားပြီးနောက် ဟန်ယီရွှယ်သည် လောင်ဟန်ကို ကြည့်ကာ မေးလိုက်လေ သည်။
"ဖေဖေ...၊ မစ္စယောင်တို့က ဘယ်ကို သွားနေတာလဲဆိုတာ ဖေဖေ သိလား...။”
လောင်ဟန်က ခေါင်းခါပြရင်း ပြန်ဖြေလိုက်လေသည်။
"ငါ မမေးဖြစ်ဘူး...။ မစ္စယောင်က ငါတို့ကို နောက်က လိုက်ခွင့်ပြုတာကိုက ရှားပါးတဲ့ အခွင့်အရေးပဲ လေ...၊ အဲ့ဒါကြောင့် ငါ အသေးစိတ် ထပ်မမေးရဲတာ...။ ကျွင်းချန် စစ်အခြေစိုက်စခန်းကို ရောက်တဲ့ အထိ သူတို့နောက်ကပဲ လိုက်သွားကြတာပေါ့...။”
ဟန်ယီရွှယ်သည် ဖခင်ဖြစ်သူ၏ အဖြေကို ကြားပြီးနောက် အတွေးနက်သွား၏။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ပြောလိုက်လေသည်။
"ဖေဖေ...၊ မစ္စယောင်တို့က အချိန်တိုအတွင်းမှာအထောက်အပံ့ ပစ္စည်းတွေကို အများကြီး ရှာနိုင်ကြ တယ်...။ သားရဲ့အမြင်အရတော့ သားတို့ သူတို့နဲ့ပဲ အဆုံးအထိ အတူတူ နေသင့်တယ်လို့ ထင်တယ်...။”
ဟန်ယီရွှယ်၏ စကားကို ကြားသောအခါ လောင်ဟန်မှာ အံ့သြသွားရ၏။ သူ၏ သားသုံးယောက်ထဲတွင် ဟန်ယီရွှယ်မှာ အသိဉာဏ် အရှိဆုံးဖြစ်ပြီး သေချာ မစဉ်းစားဘဲ မည်သည့်စကားကိုမျှ မပြောတတ်သူ ဖြစ်သည်။ သူက ထိုသို့ ပြောလာသည်ဆိုလျှင် အရာအားလုံးကို ထည့်သွင်း စဉ်းစားပြီးမှ ဖြစ်ပေလိမ့် မည်။
ထိုအချက်ကို တွေးမိပြီးနောက် လောင်ဟန်က မေးလိုက်လေသည်။
"ယီရွှယ်... မင်းမှာ အစီအစဉ် ရှိလို့လား...။”
ဟန်ယီရွှယ်က အသံကို နှိမ့်ကာ ပြောလိုက်၏။
"ဖေဖေ...၊ ကျွင်းချန် စစ်အခြေစိုက်စခန်းက ဖေဖေ ထင်သလောက် မကောင်းဘူးလို့ ကျွန်တော် ထင် တယ်...။”
လောင်ဟန်က မျက်မှောင်ကြုတ်ကာ ထပ်မံ မေးမြန်းလိုက်လေသည်။
"မင်း ဘာကို ဆိုလိုတာလဲ...။”
ဟန်ယီရွှယ်က ပြန်လည် ရှင်းပြလိုက်တော့သည်။
"ကျွင်းချန် စစ်အခြေစိုက်စခန်းကို ပထမအဆင့် တည်ဆောက်ရေးမှာ လူဦးရေ နှစ်သန်း ဆံ့အောင် ဒီဇိုင်း ထုတ်ထားတာ...။ ပထမအဆင့် ဆိုတာ ရှိကတည်းက ဒုတိယ၊ တတိယနဲ့ စတုတ္ထအဆင့် တည်ဆောက် ရေးတွေလည်း ရှိလာဦးမှာပဲလေ...။”