အခန်း ၂၅၈
Vol. 26 Ch. 258
အခန်း (၂၅၈)
ဟန်ယီရွှယ်၏ အစီအစဉ် (၂)
ဖခင်ဖြစ်သူ မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ ဟန်ယီရွှယ်က ဆက်၍ ပြောလိုက်လေသည်။
"တည်ဆောက်ရေး အဆင့်ဆင့် ပြီးဆုံးသွားတာနဲ့အမျှ စခန်းက အပြင်ဘက်ကိုပဲ ချဲ့ထွင်လာမှာ...။ အဲ့ဒီ အခါ ရှင်သန်ကျန်ရစ်သူ အရေအတွက်ကလည်း တိုးလာပြီး ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေး ပြဿနာတွေက ရှောင်လွှဲလို့ ရမှာမဟုတ်တော့ဘူး...။”
"စစ်တပ်က လူတိုင်းကို ကာကွယ်ပေးနိုင်ပြီး ရာဇဝတ်သားတွေကို အပြစ်ပေးနိုင်ပေမဲ့ အရာအားလုံး ကိုတော့ မထိန်းချုပ်နိုင်လောက်ဘူး...။ စခန်းရဲ့ အောက်ခြေအလွှာတွေမှာ ဂိုဏ်းဂဏတွေ ပေါ်ပေါက်လာ လိမ့်မယ်...၊ လူတွေရှိတဲ့ နေရာမှာတော့ ပြဿနာက ရှိစမြဲပဲလေ...။”
"သားတို့ ကျွင်းချန် စစ်အခြေစိုက်စခန်းကို သွားမယ်ဆိုရင် အစွန်ဆုံး အပိုင်းမှာပဲ နေရမှာ...၊ အဲ့ဒါ က ဆင်းရဲသားရပ်ကွက်မှာ နေရသလိုပဲ...။ အဲ့ဒီမှာ ဘေးကင်းပါ့မလား...၊ မိသားစု နေထိုင်ဖို့ နေရာ မလုံ လောက်တာအပြင် သန့်ရှင်းရေး အခြေအနေကလည်း အလွန် ဆိုးရွားလိမ့်မယ်...။”
"မရေရာတဲ့ အနာဂတ်အတွက် အသက်ကို မစွန့်စားဘဲ မစ္စယောင်တို့နဲ့ပဲ အတူတူ နေသင့်တယ်...။ သူတို့ ရဲ့ စွမ်းရည်နဲ့ ခွန်အားအရ သားတို့ကို ပိုကောင်းတဲ့ ဘဝဆီ ခေါ်ဆောင်သွားနိုင်မယ်လို့ ယုံကြည် တယ်...။”
"သူတို့ အသားစားချိန်မှာ သားတို့က ဟင်းရည်ပဲ သောက်ရရင်တောင် တခြား ရှင်သန်ကျန်ရစ်သူတွေ ထက် ပိုကောင်းတဲ့ ဘဝကို ရမှာပါ...။ သားတို့ဘက်က ရိုးသားဖို့နဲ့ သူတို့ကို မဆန့်ကျင်ဖို့ပဲ လိုတယ်...။”
ဟန်ယီရွှယ်၏ ခွဲခြမ်းစိတ်ဖြာချက်နှင့် ရှင်းပြချက်များကို နားထောင်ပြီးနောက် လောင်ဟန်က စိုးရိမ် တကြီး မေးလိုက်လေသည်။
"သားရယ်...၊ ဖေဖေတို့ သူတို့နဲ့ ပူးပေါင်းချင်ရင်တောင် မစ္စယောင်က လက်ခံမှာ မဟုတ်ဘူးလေ...။”
ဟန်ယီရွှယ်သည် ဖခင်ဖြစ်သူ၏ ပိန်လှီသောလက်ကို အားပေးသည့်အနေဖြင့် ပုတ်ပေးရင်း ပြောလိုက် လေ၏။
"ဖေဖေ...၊ အခုချိန်မှာ သားတို့က သူတို့အတွက် အသုံးမဝင်သေးလို့ သူတို့က လက်မခံတာပါ...။ သားတို့ ရဲ့ တန်ဖိုးကို သက်သေပြနိုင်ရင် မစ္စယောင် စိတ်ပြောင်းသွားနိုင်တယ်...။ အကာအကွယ် ရဖို့အတွက် သူ တို့ဆီမှာ အလုပ်လုပ်ပေးတာလို့ပဲ သဘောထားလိုက်ပါ...။”
လောင်ဟန်သည် သားဖြစ်သူ၏ စကားများကို အချိန်အတော်ကြာ စဉ်းစားပြီးနောက် သက်ပြင်းချလိုက် လေသည်။
"ဒါပေမဲ့ ငါတို့မှာ သူတို့ကို ပေးစရာ ဘာမှမရှိဘူးလေ...။”
ဟန်ယီရွှယ်က ပြုံးလိုက်ရင်း ဆိုလေသည်။
"ဖေဖေ...၊ အဲ့ဒီအတွက် စိတ်မပူပါနဲ့...။ သားနဲ့ ညီကိုတွေကိုပဲ လွှတ်ထားလိုက်ပါ...။”
ထိုစကားကို ကြားသောအခါ လောင်ဟန်က ခေါင်းငြိမ့်ရုံသာ တတ်နိုင်တော့၏။
"ယီရွှယ်...၊ ငါ တောင်းပန်ပါတယ်...။ မိသားစုကို စောင့်ရှောက်ဖို့က ငါ့ရဲ့ တာဝန်ဖြစ်သင့်တာ...၊ အခု တော့ မင်းနဲ့ မင်းရဲ့ ညီတွေကိုပဲ ဝန်ထုပ်ဝန်ပိုး ဖြစ်စေမိပြီ...။”
ဟန်ယီရွှယ်က ရယ်မောလိုက်ရင်း ဆိုလိုက်လေသည်။
"ဖေဖေ...၊ သား အသက်နှစ်ဆယ် ရှိနေပြီပဲ...၊ ကလေးမဟုတ်တော့ပါဘူး...။ သားတို့ အားလုံး အရွယ် ရောက်နေကြပြီဆိုတော့ ဖေဖေက အနားယူပြီး ကျန်းမာရေးကိုပဲ ဂရုစိုက်ဖို့ အချိန်တန်ပါပြီ...။”
သူတို့ စကားပြောနေကြစဉ်မှာပင် ရွမ်ယင်းသည် သူမ၏ သားဖြစ်သူအား ဖိသိပ်ထားသော ဘီစကစ်မုန့် အနည်းငယ် ကျွေးနေသော်လည်း ကောင်လေးမှာ အနည်းငယ်သာ စားနိုင်လေသည်။
ထိုသို့ မြင်သောအခါ သူမသည် စီမာဟောက်ဘက်သို့ လှည့်၍ မေးလိုက်လေ၏။
"အာဟောက်...၊ ရှောင်ပေါင်ကို ဆန်ပြုတ် နည်းနည်း တိုက်လိုက်ရမလား...။”
စီမာဟောက်သည် ရှောင်ပေါင်၏ နဖူးကို စမ်းကြည့်လိုက်ပြီးနောက်၊
"သူ ဖျားနေတယ်...။”
ထိုစကားကို ကြားသောအခါ စီမာမိသားစုဝင်များမှာ ကောင်လေးကို စိုးရိမ်တကြီး ကြည့်လိုက်ကြလေ သည်။
သူတို့၏ သားဖြစ်သူ စီမာချန်နန်သည် အမြဲတမ်း အားနည်းပြီး အရေပြား ပြဿနာ ခံစားနေရသူ ဖြစ် သည်။ ရေမလုံလောက်သောကြောင့် ပုံမှန် ရေမချိုးပေးနိုင်သဖြင့် သူ၏ အရေပြား အခြေအနေမှာ တစ်နေ့ထက်တစ်နေ့ ပိုမို ဆိုးရွားလာနေခြင်းပင်။
ဇနီးဖြစ်သူ၏ ရင်ခွင်ထဲ၌ အားနည်းစွာ လဲလျောင်းနေသော သားဖြစ်သူကို ကြည့်ရင်း စီမာဟောက်က မေးလိုက်လေသည်။
"ငါ သွားယူလိုက်မယ်...၊ ရှောင်ပေါင်ရဲ့ လိမ်းဆေးကို ဘယ်မှာ ထားထားတာလဲ...။”
ရွမ်ယင်းက ပြန်ဖြေလေ၏။
"ကျွန်မရဲ့ ကျောပိုးအိတ်ထဲမှာ ထည့်ထားတယ်...။”
"အင်း...။”
ထိုသို့ ပြောပြီးနောက် စီမာဟောက်သည် မတ်တပ်ထရပ်ကာ ဘတ်စ်ကားဆီသို့ လျှောက်သွားခဲ့လေ သည်။ သူတို့ မိသားစု၏ ကျောပိုးအိတ်များအားလုံးကို ထိုကားပေါ်၌ သိမ်းဆည်းထားသဖြင့် နေ့စဉ် အသုံးအဆောင်များကို ယူရန် ပိုမို လွယ်ကူလေသည်။
စီမာဟောက်သည် ဘတ်စ်ကားပေါ်တက်၍ နောက်ခန်းရှိ ဇနီးဖြစ်သူ၏ ကျောပိုးအိတ်ကို ရှာဖွေလိုက် လေ၏။ ခဏမျှ မွှေနှောက်ပြီးနောက် သူသည် အသင့်သောက် ဆန်ပြုတ်တစ်ထုပ်နှင့် သားဖြစ်သူ အတွက် အရေပြားလိမ်းဆေးကို ထုတ်ယူလိုက်လေသည်။
အပူထိန်း ထမင်းဘူးကို အသုံးပြု၍ ဆန်ပြုတ်ကို ပြင်ဆင်ပြီးနောက် သူသည် နားနေစခန်းသို့ ပြန်လာခဲ့ လေ၏။
သူ ပြန်လာသည်ကို မြင်သောအခါ ရွမ်ယင်းက ပြောလိုက်လေသည်။
"အာဟောက်... ကျွန်မကို ဆေးပေးပါဦး...။”
စီမာဟောက်သည် သူမအား ဆေးကမ်းပေးပြီးနောက် ဘေးတွင် ဝင်ထိုင်လိုက်၏။ သူတို့ ဇနီးမောင်နှံ သားဖြစ်သူအား ဆေးလိမ်းပေးခြင်းနှင့် ဆန်ပြုတ်ကျွေးခြင်းတို့ဖြင့် အလုပ်ရှုပ်နေကြစဉ် ဟန်ရန်ချီနှင့် ဟန်ဖန်းဝန် တို့သည် နားနေစခန်းရှိ စူပါမားကတ်အတွင်း ရှာဖွေနေခဲ့ကြလေသည်။
သူတို့သည် တစ်ဆိုင်လုံး အနှံ့အပြား ရှာဖွေခဲ့ကြသော်လည်း ကြမ်းပြင်ပေါ်တွင် ကြိတ်ခြေခံထားရသော မှိုတက်နေသည့် ပေါင်မုန့်တစ်ဖတ်ကိုသာ တွေ့ရှိခဲ့ကြလေသည်။
ဟန်ဖန်းဝန် က သူ၏ အစ်ကိုဖြစ်သူအား ကြည့်ကာ မေးလိုက်လေသည်။
"အစ်ကို... ဒီမှာ ဘာမှမရှိဘူး...။ စားသောက်ဆောင်ဘက်ကို သွားကြည့်ကြမလား...၊ အဲ့ဒီမှာ တစ်ခုခု ရှာတွေ့နိုင်ကောင်းရဲ့...။”
ဟန်ရန်ချီက ခေါင်းငြိမ့်ပြရင်း ပြောလိုက်၏၊
"သွားကြတာပေါ့...။”
ညီအစ်ကို နှစ်ယောက်သည် စူပါမားကတ်မှ လျင်မြန်စွာ ထွက်ခွာခဲ့ပြီး စားသောက်ဆောင်ဘက်သို့ အပြေးအလွှား သွားခဲ့ကြလေသည်။
နားနေစခန်း အများစုတွင် စားသောက်ဆောင်ကို အနောက်ဘက်၌ ထားရှိလေ့ရှိ၏။ ဤနေရာ၌ စားသောက် ဆိုင်ခန်းပေါင်း တစ်ရာကျော်ရှိပြီး လူများ အစားအသောက် ဝယ်ယူကာ လွတ်လပ်သော နေရာများတွင် ထိုင်စားနိုင်ရန် စီစဉ်ထားခြင်းပင်။
စားသောက်ဆောင်သို့ မရောက်မီမှာပင် ဟန်ရန်ချီနှင့် ဟန်ဖန်းဝန် တို့သည် အတွင်းဘက်မှ လွင့်ပျံလာ သော စူးရှသည့် အနံ့ဆိုးကြီး၏ ရိုက်ခတ်မှုကို ခံလိုက်ရလေသည်။ သူတို့သည် အချင်းချင်း ကြည့်လိုက် ကြပြီး အသက်ကို ပြင်းပြင်းရှူကာ စားသောက်ဆောင်အတွင်းသို့ ပြေးဝင်ခဲ့ကြလေ၏။
အတွင်းသို့ ခြေချလိုက်သည်နှင့် နံစော်နေသော လေထုကြောင့် သူတို့မှာ မူးမေ့လဲမတတ် ဖြစ်သွားခဲ့ရ လေသည်။ မြင့်မားသော အပူချိန်ကြောင့် လတ်ဆတ်သော ပါဝင်ပစ္စည်းများမှာ ပုပ်သိုးကုန်ပြီ ဖြစ်၏။ ဖုန်မှုန့်များနှင့် ရောနှောနေသော ပုပ်သိုးနေသည့် အသားနံ့များကြောင့် သူတို့အတွက် အသက်ရှူရန်ပင် ခက်ခဲနေပေသည်။
ဟန်ရန်ချီသည် သူ၏ နှာခေါင်းကို လက်ဖြင့် အုပ်လိုက်ရင်း ပြောလိုက်၏။
"ငါ ဘယ်ဘက်ခြမ်းကို စစ်ကြည့်မယ်...၊ မင်းက ညာဘက်ခြမ်းကို စစ်ကြည့်လိုက်...။”
ဟန်ဖန်းဝန် က ခေါင်းငြိမ့်ပြပြီး သူ၏ အင်္ကျီဖြင့် နှာခေါင်းနှင့် ပါးစပ်ကို အုပ်ကာ ဆိုင်ခန်းတစ်ခုချင်းစီကို အလောတကြီး ရှာဖွေတော့လေသည်။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် သူသည် ခေါင်းဆွဲအထုပ်အချို့ကို တွေ့လိုက်ရ၏။ မဖောက်ရသေးသော ခေါက်ဆွဲ သုံးထုပ်နှင့် ပုလင်းငယ်အတွင်း ကျန်ရှိနေသော ဆားအနည်းငယ်ကို မြင်လိုက်ရသောအခါ သူ၏ မျက်ဝန်းများမှာ ဝင်းလက်သွားတော့သည်။
ဟန်ဖန်းဝန် သည် ပလတ်စတစ်အိတ်တစ်ခုကို အမြန်ရှာ၍ ခေါက်ဆွဲနှင့် ဆားကို ထည့်လိုက်၏။ ၎င်းတို့ ကို ရှာတွေ့ပြီးနောက် သူသည် ဆိုင်ခန်းတစ်ခုချင်းစီကို ပိုမို ဂရုတစိုက် ရှာဖွေခဲ့လေသည်။
ညီအစ်ကို နှစ်ယောက်သည် နောက်ထပ် နာရီဝက်ခန့် ဆက်လက် ရှာဖွေခဲ့ကြ၏။ သူတို့ စားသောက် ဆောင်မှ ထွက်လာချိန်တွင် တစ်ယောက်လျှင် ပစ္စည်းအိတ် နှစ်အိတ်စီ ကိုင်ဆောင်ထားကြလေသည်။ သူတို့သည် တစ်ယောက်လက်ထဲရှိ ပစ္စည်းများကို ခဏမျှ ကြည့်လိုက်ကြပြီးနောက် နားနေစခန်းသို့ အလျင်အမြန် ပြန်လာခဲ့ကြလေတော့သည်။
သူတို့ ထွက်ခွာသွားပြီး စက္ကန့်အနည်းငယ် အကြာတွင် ထောင့်စွန်းရှိ ဆိုင်ခန်းတစ်ခုအတွင်းမှ စူးရှ သော အော်သံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ မကြာမီမှာပင် အနီရောင် အလင်းတန်း နှင့်အတူ မည်းနက် သော အရိပ်အချို့သည် လျင်မြန်သော အရှိန်ဖြင့် ပြေးထွက်သွားကြလေတော့သည်။
ဟန်မိသားစုဝင်များသည် ညီအစ်ကို နှစ်ယောက် ပစ္စည်းအိတ်များနှင့်အတူ ပြန်လာသည်ကို မြင်သော အခါ သူတို့၏ မျက်ဝန်းများထဲ၌ မျှော်လင့်ချက် အလင်းရောင်များ ဝင်းလက်လာခဲ့ကြလေတော့၏။