အခန်း ၂၅၉
Vol. 26 Ch. 259
အခန်း (၂၅၉)
မျိုးရိုးဗီဇပြောင်းလဲနေသော ခွေးများ
ပစ္စည်းအိတ်များကို မြေပြင်ပေါ်သို့ ချလိုက်ပြီးနောက် ဟန်ရန်ချီနှင့် ဟန်ဖန်းဝန် တို့သည် သူတို့၏ ချွေး များကို သုတ်ကာ နီမြန်းနေသော မျက်နှာများကို ယပ်ခပ်နေခဲ့ကြလေသည်။ ခဏမျှ အနားယူပြီးနောက် ဟန်ရန်ချီသည် အိတ်တစ်အိတ်ကို ဖွင့်၍ ရေသန့်ပုလင်း အချို့ကို ထုတ်ကာ မိသားစုဝင်များအား ကမ်း ပေးလိုက်လေ၏။
လူကြီးများသည် ရေကို နောက်မှ သောက်ရန် ချွေတာလိုသဖြင့် တုံ့ဆိုင်းနေကြသည်ကို မြင်သောအခါ ဟန်ရန်ချီက တိုက်တွန်းလိုက်လေသည်။
"ဖေဖေ...၊ မေမေ...၊ အဘိုးနဲ့ အဘွား...။ ရေနည်းနည်းလောက် သောက်လိုက်ကြပါဦး...။”
သူတို့သည် ရေကို မသောက်လိုဘဲ နောက်မှ သုံးရန် သိမ်းဆည်းထားလိုကြသော်လည်း ဟန်ရန်ချီက အကြိမ်ကြိမ် တိုက်တွန်းနေသဖြင့် နောက်ဆုံးတွင် ပုလင်းများကို ဖွင့်ကာ ရေအနည်းငယ်စီ သောက် လိုက်ကြလေ၏။ ရေသောက်ပြီးနောက် ကျန်ရှိသော ရေပုလင်းများကို ညီအစ်ကို သုံးယောက်ထံ ပြန်ပေးလိုက်ကြလေသည်။
ဟန်ယီရွှယ်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ပုလင်းကို ဖွင့်ကာ ရေတစ်ငုံသောက်ပြီးနောက် သူ၏ အစ်ကိုဖြစ်သူ ထံ ပြန်ပေးလိုက်၏။ ဟန်ဖန်းဝန် သည်လည်း ရေတစ်ငုံသောက်ပြီးနောက် စားသောက်ဆောင်မှ ရှာဖွေ တွေ့ရှိခဲ့သော ဘီစကစ်မုန့်များကို ဝေငှပေးလိုက်လေသည်။
ဟန်မိသားစုဝင်များ စားသောက်နေကြစဉ်မှာပင် ယောင်ရန်သည် သူမ လေ့လာနေသော မြေပုံမှ မျက်နှာ လွှဲ၍ အပြင်ဘက်သို့ ရုတ်တရက် လှမ်းကြည့်လိုက်လေသည်။
သူမ၏ ရုတ်တရက် သတိပြုမိမှုကို မြင်သောအခါ လုံယုက မေးလိုက်၏။
"ရန်ရန်... ဘာဖြစ်လို့လဲ...။”
ယောင်ရန်သည် မြေပုံကို အမြန်ခေါက်၍ မတ်တပ်ရပ်လိုက်ကာ အလောတကြီး ပြောလိုက်လေသည်။
"အားလုံးပဲ...၊ အခုချက်ချင်း ထွက်သွားကြရအောင်...။”
အကြောင်းရင်းကို မသိရှိကြသော်လည်း အခြားသူများသည် ချက်ချင်းပင် မတ်တပ်ရပ်၍ သူတို့၏ ပစ္စည်းများကို သိမ်းဆည်းကာ ကားများဆီသို့ အပြေးအလွှား သွားကြလေတော့သည်။
ယောင်ရန်တို့အဖွဲ့ အလောတကြီး ထွက်ခွာသွားသည်ကို မြင်သောအခါ ဟန်ယီရွှယ်သည် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ရိပ်မိလိုက်ပြီး အော်ပြောလိုက်၏။
"မြန်မြန်...၊ သူတို့နောက်က လိုက်ကြရအောင်...။”
သူ ပြောလိုက်သည်နှင့် သူ၏ မိသားစုဝင်များသည် ပစ္စည်းများကို အမြန်သိမ်းကာ ကားဆီသို့ ပြေးသွား ကြလေသည်။ အဘိုးနှင့် အဘွားမှာ အမြန်မလိုက်နိုင်သည်ကို တွေ့သောအခါ ဟန်ရန်ချီနှင့် ဟန်ဖန်းဝန် တို့က သူတို့ကို တွဲကူ၍ ခေါ်ဆောင်သွားခဲ့ကြလေ၏။
ဖခင်ဖြစ်သူ ကားမောင်းသူနေရာသို့ ရောက်သည်အထိ မစောင့်ဘဲ ဟန်ယီရွှယ်သည် ကားစတီယာရင် နောက်သို့ ဝင်ထိုင်လိုက်ကာ အော်ပြောလိုက်လေသည်။
"မြန်မြန်လုပ်ကြလေ...။”
ဟန်ရန်ချီသည် ကားနောက်ဖုံးကို အမြန်ဖွင့်၍ ပစ္စည်းများကို ပစ်ထည့်ကာ ပြန်ပိတ်ပြီးနောက် ရှေ့ခန်း တွင် ဝင်ထိုင်လိုက်၏။ သူ တံခါးပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဟန်ယီရွှယ်သည် လီဗာကို အစွမ်းကုန် နင်းလိုက်လေတော့သည်။
ယောင်ရန်၏ ညွှန်ကြားချက်အတိုင်း လာလမ်းအတိုင်း ပြန်လည်ထွက်ခွာရာတွင် ဘတ်စ်ကားက ရှေ့ဆုံး မှ ဦးဆောင်ပြီး ကုန်ကားများက အနောက်မှ ကပ်လိုက်လာကြ၏။ လုံယုသည် ဟန်မိသားစု၏ ကား အရှိန်ဖြင့် ဖြတ်မောင်းသွားသည်ကို မြင်သောအခါ သူသည်လည်း အရှိန်မြှင့်၍ အခြားသူများနောက်မှ လိုက်ပါခဲ့လေသည်။
လုံယု ကားမောင်းနေစဉ် ယောင်ရန်သည် အမိုးပြတင်းပေါက်ကို ဖွင့်လိုက်သည်ကို နောက်ကြည့်မှန်မှ တစ်ဆင့် တွေ့လိုက်ရ၏။ သူမသည် စနိုက်ပါရိုင်ဖယ်ကို အလျင်အမြန် တပ်ဆင်နေသည်ကို ကြည့်ရင်း သူတို့ အလောတကြီး ထွက်ခွာလာရသည့် အကြောင်းရင်းမှာ အနောက်မှ လိုက်ပါလာပြီဖြစ်ကြောင်း သူ နားလည်လိုက်လေသည်။
သူက ယောင်ရန်အား ကြည့်ကာ မေးလိုက်လေ၏။
"ရန်ရန်... ငါတို့နောက်ကို ဘာတွေ လိုက်နေတာလဲ...။”
ယောင်ရန်သည် မတ်တပ်ရပ်ကာ သူမ၏ စနိုက်ပါရိုင်ဖယ်ကို ကိုင်၍ အနောက်ဘက်သို့ မျက်နှာမူလိုက် လေသည်။ မှန်ပြောင်းမှတစ်ဆင့် ကြည့်လိုက်ရာ အနက်ရောင် အရေပြားရှိသော ခွေးအုပ်ကြီးတစ်အုပ် သူတို့နောက်သို့ လိုက်နေသည်ကို တွေ့လိုက်ရလေတော့၏။
သူမသည် စနိုက်ပါရိုင်ဖယ်ကို တင်းတင်းဆုပ်ကိုင်ရင်း ပြန်ဖြေလိုက်လေသည်။
"မျိုးရိုးဗီဇပြောင်းလဲနေတဲ့ ခွေးအုပ်ကြီးတစ်အုပ်ပဲ...။”
လုံယုသည် ခဏမျှ မှင်တက်သွားပြီးနောက် တည်ငြိမ်စွာ ပြောလိုက်လေ၏။
"ဒီဘဝမှာ မျိုးရိုးဗီဇပြောင်းလဲမှုတွေက ပိုစောပြီး စတင်လာပုံရတယ်...။”
"အင်း...။”
ယောင်ရန်က ခေါင်းငြိမ့်ပြရင်း သူတို့အနီးသို့ ချဉ်းကပ်လာသော မျိုးရိုးဗီဇပြောင်းလဲနေသည့် ခွေးများ ကိုသာ အာရုံစိုက်ထားလိုက်လေသည်။
သူမသည် အခြားခွေးများထက် ပိုမိုကြီးမားပြီး နဖူးအလယ်တွင် တတိယမြောက် မျက်လုံးတစ်လုံး ပါရှိသော အုပ်စုခေါင်းဆောင်ကို အာရုံစိုက်လိုက်လေသည်။ ယောင်ရန်သည် မျက်မှောင်ကြုတ်ကာ ခေါင်းဆောင်ခွေးကို ချိန်ရွယ်လိုက်ပြီးနောက် စက္ကန့်အနည်းငယ် အကြာတွင် ခလုတ်ကို ဆွဲညှစ်လိုက် တော့၏။
ကျည်ဆန်သည် ပြောင်းဝမှ ထွက်ခွာသွားပြီး အသံတိတ်ပြောင်းကို ဖြတ်၍ မျိုးရိုးဗီဇပြောင်းလဲနေသော ခွေးအုပ်စုခေါင်းဆောင်၏ နဖူးဆီသို့ ပျံသန်းသွားလေသည်။ အန္တရာယ်ကို ကြိုတင်သိရှိသွားသော ခေါင်းဆောင်ခွေးမှာ ယောင်ရန် ပစ်ခတ်လိုက်သည်နှင့် တစ်ပြိုင်နက် ခေါင်းကို ငုံ့ရှောင်လိုက်လေ၏။
ကျည်ဆန်သည် ၎င်း၏ ထူထဲသော အမွှေးအမျှင်များကိုသာ ထိမှန်သွားပြီး အနာတရ မဖြစ်စေဘဲ အမှတ်အသား အနည်းငယ်သာ ကျန်ရစ်ခဲ့သည်ကို မှန်ပြောင်းမှတစ်ဆင့် သူမ တွေ့လိုက်ရလေသည်။
ယောင်ရန်သည် သူမ၏ ပစ်မှတ်ကို ပြန်လည်ချိန်ရွယ်ကာ ဤတစ်ကြိမ်တွင်မူ ခေါင်းဆောင်ခွေး၏ ခြေ ထောက်ကို ချိန်လိုက်၏။ ဦးခေါင်းကို ပစ်ရသည်ထက် ပိုမိုခက်ခဲသော်လည်း သူမ၌ အခြားရွေးချယ်စရာ မရှိပေ။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမ ထပ်မံ ပစ်ခတ်လိုက်ပြန်လေသည်။
ဤတစ်ကြိမ်တွင်မူ ခေါင်းဆောင်ခွေးမှာ ကျည်ဆန်ကို ရှောင်ရှားရန် ဘေးဘက်သို့ လိမ့်ထွက်သွားရလေ ၏။ ထိုအခွင့်အရေးကို အရယူကာ ယောင်ရန်သည် ၎င်း၏ ဦးခေါင်းကို ချိန်၍ နောက်ထပ် ကျည်တစ် တောင့် ပစ်လိုက်လေတော့သည်။
ကျည်ဆန်သည် ခေါင်းဆောင်ခွေး၏ ဦးခေါင်းခွံကို ဖောက်ထွက်သွားပြီး နဖူးကို ထိုးဖောက်သွားလေ တော့သည်။ ဒဏ်ရာမှ သွေးများ စီးကျလာသည်နှင့်အမျှ ခေါင်းဆောင်ခွေးမှာ ဟန်ချက်ပျက်သွားပြီး မြေပြင်ပေါ်သို့ လေးလံစွာ လဲကျသွားခဲ့တော့၏။
သူတို့၏ ခေါင်းဆောင် သွေးအိုင်ထဲတွင် လဲကျသွားသည်ကို မြင်သောအခါ အခြား မျိုးရိုးဗီဇပြောင်းလဲ နေသော ခွေးများသည် တုံ့ဆိုင်းသွားကြသော်လည်း မကြာမီမှာပင် ဒေါသတကြီး ဟောင်သံများနှင့်အတူ သူတို့နောက်သို့ ထပ်မံ လိုက်လံလာကြပြန်လေသည်။ သူတို့၏ နီမြန်းနေသော မျက်လုံးများထဲ၌ မုန်းတီး မှုနှင့် သွေးဆာမှုများဖြင့် ပြည့်နှက်နေတော့၏။
ထိုအခြေအနေကို မြင်သောအခါ ယောင်ရန်သည် ထိုခွေးအားလုံးကို သတ်ပစ်ရန် လိုအပ်ကြောင်း နားလည်လိုက်လေသည်။ မဟုတ်ပါက မည်သူမျှ ဤခွေးရိုင်းများ၏ တိုက်ခိုက်မှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
လုံယုသည် နောက်ကြည့်မှန်မှတစ်ဆင့် ခွေးအုပ်ကြီး လိုက်ပါလာဆဲဖြစ်သည်ကို မြင်သောအခါ မေး လိုက်လေ၏။
"ရန်ရန်... သူတို့အားလုံးကို မင်း ရှင်းပစ်နိုင်မလား...။”
"ရပါတယ်...။”
သူမက ယုံကြည်မှုရှိရှိ ပြန်ဖြေလိုက်လေသည်။
အဖြေရသည်နှင့် လုံယုသည် ကားမောင်းခြင်းကိုသာ အာရုံစိုက်လိုက်ပြီး ယောင်ရန်ကမူ သူမ၏ စနိုက်ပါ ရိုင်ဖယ်ကို ကျည်ဖြည့်ကာ ချဉ်းကပ်လာသော ခွေးများကို ဆက်လက် ပစ်ခတ်နေတော့၏။
သူတို့၏ ခေါင်းဆောင် သေဆုံးမှုကို မြင်တွေ့ခဲ့ရသဖြင့် မျိုးရိုးဗီဇပြောင်းလဲနေသော ခွေးများသည် နည်း ဗျူဟာအသစ်ကို အသုံးပြုလာကြလေသည်။ သူတို့သည် မျဉ်းဖြောင့်အတိုင်း မပြေးတော့ဘဲ ဟိုဟိုဒီဒီ ခုန်ပေါက်ပြေးလွှားနေကြသဖြင့် ချိန်ရွယ်ရန် ပိုမို ခက်ခဲလာခဲ့လေ၏။
ယောင်ရန်သည် ထိုသို့မြင်သောအခါ လှောင်ပြုံး ပြုံးလိုက်ပြီး စနိုက်ပါရိုင်ဖယ်ကို အနောက်ခန်းသို့ ပစ်ချ လိုက်ကာ သူမ၏ နေရာလွတ်ထဲမှ လက်ပစ်ဗုံး အချို့ကို ထုတ်ယူလိုက်လေ၏။ လူတိုင်း ကားမောင်းခြင်း ကိုသာ အာရုံစိုက်နေကြသဖြင့် လက်ပစ်ဗုံးများ သူမလက်ထဲတွင် ရုတ်တရက် ပေါ်လာသည်ကို မည်သူ မျှ မမြင်လိုက်ကြပေ။
သူမက လုံယုအား ကြည့်ကာ ပြောလိုက်လေသည်။
"အာယု... တခြားသူတွေကို ကားပိုမြန်မြန် မောင်းခိုင်းလိုက်ပါဦး...။”
သူမလက်ထဲရှိ လက်ပစ်ဗုံးများကို မြင်သောအခါ လုံယုသည် ဝေါကီတော်ကီကို ယူ၍ ညွှန်ကြားလိုက် လေ၏။
"အရှိန်မြှင့်လိုက်ကြ...။”
ခဏအကြာတွင် အခြားသူများထံမှ "လက်ခံရရှိပါတယ်...။” ဟူသော အဖြေများ ပြန်လည် ရောက်ရှိ လာလေသည်။
အက်စ်ယူဗွီ ကားနှင့် ခွေးအုပ်ကြား အကွာအဝေး ဝေးကွာသွားသည်နှင့် ယောင်ရန်သည် လက်ပစ်ဗုံးမှ ဘေးကင်းရေးပင်ကို ဆွဲဖြုတ်ကာ ခွေးအုပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။ မြေပြင်ပေါ်သို့ ကျရောက် သည်နှင့်တစ်ပြိုင်နက် ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာတော့၏။
အက်စ်ယူဗွီ ကားရှေ့မှ ကုန်ကားကို မောင်းနှင်နေသော ဟွမ်ချန်သည် ပြင်းထန်သော ပေါက်ကွဲသံ ကြောင့် ထိတ်လန့်သွားပြီး ရေရွတ်လိုက်လေသည်။
"ဘုရားရေ...၊ အဲ့ဒါကြောင့် ခေါင်းဆောင်က ငါတို့ကို အရှိန်မြှင့်ခိုင်းတာကိုး...။ သူ လက်ပစ်ဗုံး သုံးချင် လို့ပဲ...။”
ဟွမ်ကျိဟွေးသည် မှန်ပြောင်းကို ယူ၍ ပြတင်းပေါက်မှတစ်ဆင့် အနောက်ဘက်သို့ လှမ်းကြည့်လိုက်၏။ ယောင်ရန်က နောက်ထပ် လက်ပစ်ဗုံးတစ်လုံး ပစ်လိုက်သည်ကို မြင်သောအခါ သူမသည် သူမ၏ နားကို အမြန် ပိတ်လိုက်လေသည်။
ဟွမ်ချန်သည် သူ၏ ညီမဖြစ်သူအား အံ့သြတကြီး ကြည့်ကာ မေးလိုက်လေတော့သည်။
"ဟွေးဟွေး...၊ ခေါင်းဆောင်က နောက်ထပ် လက်ပစ်ဗုံး တစ်လုံး ထပ်ပစ်လိုက်ပြန်ပြီလား...။ ဘယ်တုန်း ကတည်းက သူက ဒီလောက်အထိ ဖြုန်းတီးတတ်သွားတာလဲ...။”