အခန်း ၂၆၀
Vol. 26 Ch. 260
အခန်း (၂၆၀)
လုံယုနှင့် ယောင်ရန်၏ တွေးဆချက်များ
ဟွမ်ကျိဟွေးက သူမ၏ အစ်ကိုဖြစ်သူအား တစ်ချက်ကြည့်ကာ ပြန်လည် ဖြေလိုက်လေသည်။
"တကယ်တော့ အဲ့ဒီ လက်ပစ်ဗုံးတွေကို ပစ်ခဲ့တာက အစ်မယောင်ရန်လေ...။”
ဟွမ်ချန်သည် ထိုစကားကို ကြားသောအခါ ဆွံ့အသွားရ၏။
"...။”
*ငါ ထင်သားပဲ...၊ ခေါင်းဆောင်က လက်ပစ်ဗုံးတွေကို ဒီလိုမျိုး ဖြုန်းတီးပစ်နိုင်လောက်အောင် ချမ်း သာတာမှ မဟုတ်တာ...။*
လုံယု၏ ဆင်းရဲနွမ်းပါးမှုအတွက် စိတ်ထဲမှ ခဏမျှ သက်ပြင်းချပြီးနောက် ဟွမ်ချန်သည် ရုတ်တရက် တစ်ခုခုကို သတိရသွားကာ မေးလိုက်လေသည်။
"နေပါဦး... ငါတို့ဆီမှာ လက်ပစ်ဗုံး မရှိဘူးလို့ ငါ ထင်နေတာ...။ ကျားရှန်းက ပေါက်ကွဲစေတတ်တဲ့ ပစ္စည်း အသေးစားလေးတွေပဲ လုပ်ထားတာ မဟုတ်ဘူးလား...။ ယောင်ရန်က ဒီလက်ပစ်ဗုံးတွေကို ဘယ်ကရတာလဲ...။”
ဟွမ်ကျိဟွေးက သူမ၏ အစ်ကိုဖြစ်သူအား မျက်စောင်းထိုးလိုက်ပြီး ဆိုလေသည်။
"တို့တွေဆီမှာ မရှိဘူးဆိုမှတော့ အဲ့ဒါတွေက အစ်မယောင်ရန်ရဲ့ ပစ္စည်းတွေပဲ ဖြစ်မှာပေါ့...။”
ဟွမ်ချန်မှာ နောက်တစ်ကြိမ် ဆွံ့အသွားပြန်၏။
"...။”
*ယောင်ရန်က တကယ်ပဲဘယ်သူလဲ...၊ သူ့မှာ လက်ပစ်ဗုံးတွေ ဘယ်လိုလုပ် ရှိနေရတာလဲ...။*
ဟွမ်ကျိဟွေးမှာမူ သူမအစ်ကို၏ အတွေးများကို သတိမပြုမိဘဲ မှန်ပြောင်းကို အသုံးပြုကာ အနောက် ဘက်မှ မြင်ကွင်းကို ဆက်လက် စောင့်ကြည့်နေလေသည်။
လက်ပစ်ဗုံး နှစ်လုံး ပစ်ပြီးနောက်တွင်မူ ယောင်ရန်သည် မျိုးရိုးဗီဇပြောင်းလဲနေသော ခွေးအားလုံးကို နောက်ဆုံး၌ သတ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်၏။ လမ်းမပေါ်တွင် ပြန့်ကျဲနေသော သွေးညှီနံ့နှင့် အသားစများကို ကြည့်ရင်း သူမသည် သက်ပြင်းတစ်ချက်ကို အသာချကာ ပြန်ထိုင်လိုက်လေသည်။
အမိုးပြတင်းပေါက်ကို ပိတ်လိုက်ပြီးနောက် ယောင်ရန်သည် စနိုက်ပါရိုင်ဖယ်နှင့် ကျန်ရှိသော လက်ပစ် ဗုံးများကို သူမ၏ နေရာလွတ်ထဲသို့ ပြန်လည် ထည့်သွင်းလိုက်ကာ ရှေ့ခန်းသို့ ပြန်လာခဲ့လေသည်။
သူမသည် နေရာလွတ်ထဲမှ နေရောင်ခြည်စွမ်းအင်သုံး ယပ်တောင်လေးတစ်လုံးနှင့် ရေခဲပန်းကန် တစ်လုံးကို ထုတ်ယူလိုက်ပြီး ကားအတွင်းပိုင်း အပူချိန် လျော့ကျသွားစေရန် ဖွင့်လိုက်လေသည်။
အေးမြသော လေပြေများ သူမ၏ မျက်နှာပေါ်သို့ ကျရောက်လာသောအခါ နီမြန်းနေသော ပါးပြင်ပေါ်မှ ပူလောင်မှုများမှာ စတင် ပျောက်ကွယ်သွားလေတော့၏။
သက်တောင့်သက်သာရှိစွာ သက်ပြင်းချလိုက်ရင်း ယောင်ရန်က မေးလိုက်လေသည်။
"နျူကလီးယား ဓာတ်ပေါင်းဖိုတွေ ပေါက်ကွဲသွားပြီလို့ ရှင် ထင်လား...။”
လုံယုက သူမ၏ မေးခွန်းကို ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။
"မဖြစ်နိုင်ပါဘူး...။ နျူကလီးယား ဓာတ်ပေါင်းဖိုတွေက အလွယ်တကူ ပေါက်ကွဲတတ်တာ မဟုတ်ဘူး လေ...၊ အရည်ပျော်တာ ဒါမှမဟုတ် ပေါက်ကွဲတာမျိုး ဖြစ်ဖို့ဆိုရင် အားပြင်းတဲ့ ငလျင်တွေ ဒါမှမဟုတ် ဆူနာမီတွေ ဖြစ်မှပဲရမှာ...။”
"အလွန်အမင်း ပူပြင်းတဲ့ အပူချိန်ကြောင့်ဆိုရင်ကော...။”
ယောင်ရန်က ထပ်မံ မေးမြန်းလိုက်ပြန်လေသည်။
လုံယုက ခေါင်းခါပြရင်း ရှင်းပြလေသည်။
"နျူကလီးယား ဓာတ်ပေါင်းဖိုတွေမှာ အနှုတ်လက္ခဏာဆောင်တဲ့ အပူချိန်ကိန်းဂဏန်းစနစ် ပါဝင်တယ်၊ ဆိုလိုတာက အပူချိန် တိုးလာတဲ့အခါ သူ့အလိုလို ရပ်တန့်သွားအောင် ဒီဇိုင်းထုတ်ထားတာမျိုးပေါ့...။ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေမှာ နျူထရွန်တွေကို စုပ်ယူဖို့ ထိန်းချုပ်တံတွေကို သုံးကြတယ်...။ ပြီး တော့ နျူထရွန်တွေ တခြား အက်တမ်တွေဆီ မရောက်ခင် အရှိန်လျှော့ဖို့အတွက် ရေနဲ့ တခြား ပစ္စည်း တွေကိုလည်း သုံးသေးတာပဲ...။ ဒါကြောင့် အလွန်အမင်း ပူပြင်းရုံနဲ့ ပေါက်ကွဲဖို့ဆိုတာ မဖြစ်နိုင်သ လောက်ပါပဲ...။”
ယောင်ရန်သည် သူ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် အတွေးနက်သွားလေသည်။ အချိန်အတော် ကြာ တိတ်ဆိတ်သွားပြီးနောက် သူမက မေးလိုက်လေသည်။
"မျိုးရိုးဗီဇပြောင်းလဲမှုက နျူကလီးယား ရောင်ခြည်ကြောင့် မဟုတ်ဘူးဆိုရင် တိရစ္ဆာန်တွေကို ဒီလောက်အစောကြီး မျိုးရိုးဗီဇပြောင်းလဲသွားအောင် ဘာက လုပ်လိုက်တာလဲ...။”
ထိုမေးခွန်းကို ကြားသောအခါ လုံယု၏ မျက်ဝန်းများမှာ ခဏမျှ ဝင်းလက်သွားပြီး သူက ပြောလိုက်၏။
"အတိတ်ဘဝတုန်းက ငါ သေတ္တာတော် အကြောင်းကို နှစ်ပေါင်းများစွာ စုံစမ်းခဲ့ဖူးတယ်...။”
"သူတို့ရဲ့ ဓာတ်ခွဲခန်းတွေထဲက ငါရှာတွေ့ခဲ့တဲ့ စာရွက်စာတမ်းတွေနဲ့ သိပ္ပံနည်းကျ အစီရင်ခံစာတွေအရ ပထမလှိုင်း မျိုးရိုးဗီဇပြောင်းလဲမှုက နျူကလီးယား ရောင်ခြည်ကြောင့် မဟုတ်ဘဲ လေထု အပြောင်း အလဲနဲ့ ညစ်ညမ်းမှုတွေကြောင့် ဖြစ်တယ်လို့ အဲ့ဒီမှာ အလုပ်လုပ်တဲ့ ပရော်ဖက်ဆာ တစ်ယောက်က မှတ်တမ်းတင် ထားတယ်...။”
လုံယုက ခဏမျှ စဉ်းစားပြီး ထပ်လောင်း ပြောလိုက်လေသည်။
"ရိုးရိုးရှင်းရှင်း ပြောရရင်တော့ ခန္ဓာကိုယ် ကြီးထွားလာတဲ့ မျိုးရိုးဗီဇပြောင်း ကြွက်တွေနဲ့ ခွေးတွေက လေထုညစ်ညမ်းတာ ဒါမှမဟုတ် လေထုထဲမှာ အောက်ဆီဂျင် ပမာဏ တိုးလာတာကြောင့် ဖြစ်ဖို့ များ တယ်...။ နျူကလီးယား ရောင်ခြည်ကြောင့် မဟုတ်ဘူး...။”
သူ ထိုသို့ ပြောလိုက်ပြီးနောက် ယောင်ရန်က နားလည်ကြောင်း ခေါင်းငြိမ့်ပြလိုက်၏။
"အဲ့ဒါကြောင့်လည်း အဲ့ဒီ မျိုးရိုးဗီဇပြောင်း ခွေးတွေရဲ့ ခန္ဓာကိုယ်က ပုံပျက်ပန်းပျက် မဖြစ်ဘဲ ကြီးရုံပဲ ကြီးလာတာကိုး...။”
"မှန်တာပေါ့...။”
သူတို့နှစ်ဦး မျိုးရိုးဗီဇပြောင်းလဲမှု အကြောင်းကို ဆွေးနွေးနေကြစဉ် စီမာဟောက်သည် ရှေ့တွင် လမ်းခွဲ တစ်ခုကို တွေ့လိုက်ရသဖြင့် ကားရှေ့ရှိ ဝေါကီတော်ကီကို ကောက်ယူလိုက်လေသည်။
"အစ်ကိုလုံ... ရှေ့မှာ လမ်းခွဲတစ်ခု ရှိတယ်...။ ဘယ်ဘက်ကို သွားရမလဲ...။”
သူက မေးလိုက်လေ၏။
ထိုအသံကို ကြားသောအခါ လုံယုသည် ဝေါကီတော်ကီကို ယူ၍ ပြန်ဖြေလိုက်လေသည်။
"ငါတို့ ဆန်းဝူ အပန်းဖြေစခန်းဘက်ကို သွားမယ်...။”
"ဟုတ်ကဲ့ပါ...။”
စီမာဟောက်က ပြန်လည် ဖြေကြားပြီးနောက် ညာဘက်လမ်းသို့ ချိုးကွေ့လိုက်တော့၏။
ယာဉ်တန်းသည် နာရီပေါင်းများစွာ မောင်းနှင်ပြီးနောက် ယောင်ရန်က ပြောလိုက်လေ သည်။
"နေဝင်တော့မယ်...၊ ခရီး ဆက်မသွားခင် ညစာ အရင် စားကြရအောင်...။”
လုံယုသည် နေ့လယ်စာအတွက် ဖိသိပ်ထားသော ဘီစကစ်မုန့် သုံးခုသာ စားခဲ့ရသဖြင့် ဆာလောင်နေပြီ ဖြစ်၏။ သူသည် ဝေါကီတော်ကီကို ယူ၍ ညွှန်ကြားလိုက်လေသည်။
"နားဖို့နေရာ ရှာပြီး ညစာ စားကြမယ်...။”
စက္ကန့်အနည်းငယ် အကြာတွင် စီမာဟောက်၏ အသံ ထွက်ပေါ်လာ၏။
"ဟုတ်ကဲ့...။”
လောလောဆယ်တွင် သူသည် ယာဉ်တန်းကို ဦးဆောင်နေသူ ဖြစ်သဖြင့် နားခိုရန် နေရာရှာဖွေရန်မှာ စီမာဟောက်၏ တာဝန်ပင် ဖြစ်သည်။
သူတို့သည် နောက်ထပ် နာရီဝက်ခန့် ထပ်မံ မောင်းနှင်ပြီးနောက် လမ်းဘေးရှိ ကွင်းပြင်တစ်ခုကို တွေ့ရှိ ခဲ့ကြလေ၏။ သူက အချက်ပြမီးကို ဖွင့်လိုက်ပြီးနောက် အရှိန်လျှော့လိုက်လေသည်။ လူတိုင်း လမ်း ဘေးတွင် ကားရပ်ပြီးနောက် ခြေပစ်လက်ပစ် နားရန် ကားပေါ်မှ ဆင်းလာကြလေတော့သည်။
ဟွမ်ချန်သည် ကုန်ကားပေါ်မှ ခုန်ဆင်းလိုက်ပြီး သူ၏ ခါးကို နှိပ်နယ်ရင်း ရေရွတ်လိုက်လေ သည်။
"လမ်းပေါ်မှာ အတားအဆီးတွေ အများကြီးနဲ့ ကားမောင်းရတာ တကယ်ကို ပင်ပန်းတာပဲ...။”
ဟွမ်ကျိဟွေးက သူမ၏ အစ်ကိုဖြစ်သူကို မျက်စောင်းထိုးကာ ၊
"အစ်ကို...၊ အစ်ကို လေ့ကျင့်ခန်း ပိုလုပ်သင့်တယ်နော်...။”
ဟွမ်ချန်ကလည်း သူမကို မျက်စောင်းပြန်ထိုးရင်း ဟု ပြန်ပြောလိုက်လေသည်။
"နင်က ဒီလောက်တောင် သန်မာနေရင် နောက်တစ်ခါ ကုန်ကားကို နင်ပဲ မောင်းတော့လေ...။”
ဟွမ်ကျိဟွေးက ပုခုံးတွန့်ပြရင်း ပြန်မေးလိုက်၏။
"ကျွန်မ မောင်းမှာပေါ့၊ ဒါပေမဲ့ အစ်ကိုကကော ကျွန်မမောင်းတဲ့ ကားပေါ်မှာ ထိုင်ရဲလို့လား...။”
"...။”
ဟွမ်ချန်မှာ သူမ၏ အဖြေကြောင့် ဆွံ့အသွားရလေသည်။ စကားစစ်ထိုးရာတွင် ညီမဖြစ်သူကို မနိုင် တော့သဖြင့် သူသည် အခြားသူများအား တဲထိုးရန် ကူညီပေးဖို့သာ ဆုံးဖြတ်လိုက်တော့၏။
တစ်နေကုန် ခရီးသွားခဲ့ရသဖြင့် လူတိုင်းမှာ ပင်ပန်းနေကြပြီ ဖြစ်သောကြောင့် လုံယုသည် ဤနေရာ၌ပင် စခန်းချရန် ဆုံးဖြတ်လိုက်လေသည်။
အခြားသူများ ထင်းစုဆောင်းခြင်းနှင့် တဲထိုးခြင်းတို့ဖြင့် အလုပ်ရှုပ်နေကြစဉ် ယောင်ရန်သည် လုံယုကို ကြည့်ကာ မေးလိုက်လေ၏။
"အာယု...၊ ညစာ ဘာစားချင်လဲ...။”
လုံယုသည် အလုပ်လုပ်နေသည်ကို ရပ်လိုက်ပြီး ခဏမျှ စဉ်းစားကာ ပြန်ဖြေလိုက်လေသည်။
"လန်းလန်းဆန်းဆန်း ဖြစ်မယ့်ဟာ တစ်ခုခု စားကြတာပေါ့...။”
"ကောင်းပါပြီ...။”
ဤတစ်ကြိမ်တွင် အပြင်လူများ ပါဝင်နေသဖြင့် ယောင်ရန်သည် လတ်ဆတ်သော အသားများ သို့မဟုတ် ဟင်းသီးဟင်းရွက် ဟင်းလျာများကို မချက်ပြုတ်နိုင်ပေ။ သူမသည် ရွေးချယ်စရာများကို စဉ်းစားပြီးနောက် စပ်စပ်လေးဖြစ်သော ဘုရင်မှိုသုပ်၊ အအေးခေါက်ဆွဲနှင့် အသီးအရွက်ခြောက် စွပ်ပြုတ်တို့ကို ပြင်ဆင်ရန် ဆုံးဖြတ်လိုက်လေသည်။
ဟင်းလျာများကို ရွေးချယ်ပြီးနောက် ယောင်ရန်သည် ပါဝင်ပစ္စည်းများ စုဆောင်းရန် သူတို့၏ အထောက်အပံ့ ပစ္စည်းများကြားတွင် မွှေနှောက် ရှာဖွေတော့၏။
စွပ်ပြုတ်အတွက် အသီးအရွက်ခြောက်များကဲ့သို့သော အချို့သော ပါဝင်ပစ္စည်းများကို ရှာမတွေ့သဖြင့် သူမသည် သူမ၏ နေရာလွတ်ထဲမှ တိတ်တဆိတ် ထုတ်ယူလိုက်လေသည်။
နောက်မှ တစ်စုံတစ်ယောက်က မေးမြန်းလာပါက အိမ်မှ ယူဆောင်လာသော ပစ္စည်းများဖြစ်ကြောင်း သာ ပြောဆိုရန် သူမ စီစဉ်ထားလေ၏။
ပါဝင်ပစ္စည်းများ ပြည့်စုံသွားသောအခါ ယောင်ရန်သည် မီးပုံနားသို့ သွား၍ ပြောလိုက်လေသည်။
"ချီချီ... ကျွန်မကို အိုးတွေနဲ့ ဒယ်အိုးတွေ ယူလာပေးဖို့ ကူညီပါဦး...။”
"ဟုတ်ကဲ့...။”
တန်ချီချီသည် ထင်းများ စုဆောင်းပြီးမှ ပြန်ရောက်လာခြင်း ဖြစ်သဖြင့် ၎င်းတို့ကို မီးပုံဘေးတွင် ချထား ကာ
အိုးခွက်ပန်းကန်များ သွားယူရန် အလျင်အမြန် ထွက်သွားတော့လေသည်။