← Chapters

အခန်း ၂၈၉

Vol. 29 Ch. 289

အခန်း ၂၈၉

Vol. 29 Ch. 289

အခန်း (၂၈၉) ဆိုင်ခန်းဝယ်ယူခြင်းနှင့် မျိုးရိုးစဉ်ဆက်ရန်သူ သွမ့်မိသားစုနှင့် ဆုံတွေ့ခြင်း

"ပွဲစားရုံကိုသွားပြီး ဆိုင်ခန်းတစ်ခန်း သွားဝယ်ကြရအောင်..."

မုကျန့်ဖေးနှင့် စကားပြောပြီးနောက် ကျောက်လင်သည် အပေါ်ထပ်သို့ ပြန်တက်လာကာ လုညီအစ်မသုံးဖော်ကို နှိုးလိုက်၏။

ထို့နောက် သူတို့လေးဦးသည် လုမိသားစုဝင် ဆယ်ဦးကို သွားရောက် နှုတ်ဆက်ကြပြီး ကျောက်လင်နှင့်အတူ ကျန်းနန်စံအိမ်မှ ထွက်ခွာလာခဲ့ကြသည်။

ကျန်းနန်စံအိမ်သည် စီရင်စုဝန်ရုံးနှင့် ကပ်လျက်ရှိပြီး မြို့ထဲရှိ အကြီးဆုံး ပွဲစားရုံသည်လည်း စီရင်စုဝန်ရုံးနှင့် မဝေးလှပေ။

သို့ဖြစ်ရာ သူတို့လေးဦးသည် မြင်းလှည်း မငှားတော့ဘဲ လမ်းမပေါ်တွင် ချစ်သူများပမာ ရယ်မော နောက်ပြောင်ကာ တစ်လီခန့်အကွာရှိ ယွဲ့ခဲပွဲစားရုံဆီသို့ လမ်းလျှောက်သွားခဲ့ကြ၏။

"လေးစားရတဲ့ ဧည့်သည်တော်လေးဦး... စာချုပ်ဝယ်ချင်လို့လား ရောင်းချင်လို့လား ခင်ဗျာ..."

အဝင်ဝရှိ လူငယ်ပွဲစားတစ်ဦးက ကျောက်လင်တို့၏ အမူအရာနှင့် ဝတ်စားဆင်ယင်မှုကို ကြည့်ကာ ဂုဏ်သရေရှိ ဧည့်သည်တော် လေးဦးမှန်း သိလိုက်သဖြင့် နွေးထွေးစွာ ဆီးကြို နှုတ်ဆက်လိုက်သည်။

"ဝယ်မလို့..."

ကျောက်လင်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။

"ကောင်းပါပြီ... ကျွန်တော့်နာမည် ကွမ်းကျီဟောက်ပါ... လူကြီးမင်းတို့ကို ဝန်ဆောင်မှုပေးရတဲ့အတွက် ဝမ်းမြောက်မိပါတယ်..."

ထိုလူငယ်ပွဲစားလေးမှာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

ပွဲစားတစ်ဦးအနေဖြင့် ကွမ်းကျီဟောက်သည် လူများနှင့် မကြာခဏ ဆက်ဆံရသူဖြစ်၏။ ကျောက်လင်၏ တည်ငြိမ်သော အမူအရာနှင့် တိုတောင်း ပြတ်သားသော အဖြေကို မြင်လိုက်ရသောအခါ ကျောက်လင်သည် အလွန်ပြတ်သားပြီး အရည်အချင်းရှိသူ တစ်ဦးဖြစ်ကြောင်း သူက ချက်ချင်း သိလိုက်သည်။

အကယ်၍ ဝန်ဆောင်မှုသာ ကောင်းမည်ဆိုလျှင် ကျောက်လင်သည် သူ သဘောကျသည်နှင့် ချက်ချင်း ဝယ်ယူပေလိမ့်မည်။

အခြားတစ်နည်းဆိုရသော် ကွမ်းကျီဟောက်သည် ယနေ့တွင် အရောင်းအဝယ်တစ်ခု အောင်မြင်ပြီး ကော်မရှင်ခ ရနိုင်ပေသည်။

"ဧည့်သည်တော်လေးဦး... ကျေးဇူးပြုပြီး ကြွပါခင်ဗျာ..."

ကွမ်းကျီဟောက်က ခါးညွှတ်ကာ သူတို့လေးဦးကို ပွဲစားရုံ၏ ဧည့်ခန်းမကြီးထဲသို့ဝင်ရန် လက်ဟန်ပြလိုက်၏။

ကျောက်လင်၊ လုယွီပင်း၊ လုထင်ရွှယ်နှင့် လုနင်ရွှမ်းတို့သည် ဧည့်ခန်းမထဲသို့ ဝင်လိုက်ရာ အရောင်းအဝယ် စာချုပ်များ ပြုလုပ်နေကြသော လူအများအပြား သွားလာ လှုပ်ရှားနေသည်ကို မြင်တွေ့လိုက်ရသည်။

"ဂုဏ်သရေရှိ ဧည့်သည်တော် လေးဦးအနေနဲ့ ဘယ်လိုသတ်မှတ်ချက်မျိုးတွေ လိုချင်ပါသလဲ... သင့်တော်မယ့် မြေယာပိုင်ဆိုင်ခွင့် စာချုပ်တချို့ကို ကျွန်တော် မိတ်ဆက်ပေးနိုင်ပါတယ်..."

ကွမ်းကျီဟောက်က ပြုံး၍ ပြောလိုက်၏။

ကျောက်လင်က လုညီအစ်မသုံးဖော်ကို လှမ်းကြည့်လိုက်သည်။

"ကျွန်မတို့က ဆေးဆိုင်ဖွင့်ချင်တာပါ... ပြီးတော့ နေရာက ကောင်းရမယ်... လူစည်ကားတဲ့ လမ်းမပေါ်မှာဖြစ်ရမယ်..."

"ဆိုင်ခန်းကလည်း ကျယ်ကျယ်ဝန်းဝန်း ရှိရမယ်..."

"အလုပ်သမားတွေ နေထိုင်ရ အဆင်ပြေအောင် အနောက်ဘက်မှာ ခြံဝင်းပါရင် အကောင်းဆုံးပဲ..."

ညီအစ်မသုံးဦးက သူတို့၏ လိုလားချက်များကို အသီးသီး ပြောပြလိုက်ကြ၏။

ထိုတောင်းဆိုချက်များကို ကြားလိုက်ရသောအခါ ကွမ်းကျီဟောက်သည် ခဏတာ ရပ်တန့်သွားပြီးနောက် ပြုံးဖြီးသွားပေသည်။

"ဧည့်သည်တော်တို့ ရောက်လာတာ နေရာမှန်ပါပဲ... ကျွန်တော်တို့ ပွဲစားရုံက အခုလေးတင် အဲ့ဒီလို ဆိုင်ခန်းမျိုးတစ်ခန်းကို လက်ခံရရှိထားပါတယ်..."

"ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ကြပါ... အဲ့ဒီဆိုင်ခန်းရဲ့ မှတ်တမ်းစာအုပ်ကို သွားယူလိုက်ပါ့မယ်... အဲ့ဒါကို ကြည့်ပြီး ဧည့်သည်တော်တို့ သဘောကျမကျ ဆုံးဖြတ်လို့ ရပါတယ်..."

ကွမ်းကျီဟောက်က ပြုံး၍ ပြောလိုက်သည်။

ထို့နောက် ကျောက်လင်က ညီအစ်မသုံးဦးကို ခေါ်ကာ ဧည့်ခန်းမထဲရှိ အနားယူရန် ခုံတန်းတစ်ခုဆီသို့ သွားလိုက်ပြီး ကွမ်းကျီဟောက်မှာမူ နောက်ဘက်ရှိ သိုလှောင်ရုံထဲသို့ ဝင်သွားကာ ဆိုင်ခန်းမှတ်တမ်းစာအုပ်ကို ယူ၍ သူတို့လေးဦးထံ ပြေးလာခဲ့၏။

မှတ်တမ်းစာအုပ်ထဲတွင် ဆိုင်ခန်း၏ အပြင်အဆင်ပုံစံ၊ တည်နေရာ ဖော်ပြချက်နှင့် အစိုးရထံတွင် မှတ်ပုံတင်ထားသော အသုံးပြုမှု အချက်အလက်များ ပါဝင်သည်။

ကျောက်လင်သည် ထိုစာအုပ်ကို ယူလိုက်ပြီး ညီအစ်မသုံးဦး၏ အရှေ့သို့ ချက်ချင်း တွန်းပို့ပေးလိုက်၏။

ဤဆိုင်ခန်းသည် ညီအစ်မသုံးဦးအတွက် ကျောက်လင်၏ လက်ဆောင်ဖြစ်ရာ မည်သို့ ဖွင့်လှစ်မည်ကို သူတို့ကိုယ်တိုင် ဆုံးဖြတ်ရမည်ဖြစ်ပြီး ကျောက်လင်က ပါဝင်ပတ်သက်ကာ အင်အားမဖြုန်းတီးချင်ပေ။

"ဒီဆိုင်ခန်းက တကယ်ပဲ လျန်ရှီးခရိုင်ရဲ့ လမ်းမကြီးပေါ်မှာ ရှိတာပဲ..."

"ဆိုင်ခန်းက သုံးခန်းတွဲ၊ နှစ်ထပ်အဆောက်အအုံဖြစ်ပြီး အနောက်ဘက်မှာလည်း ရတနာဂိုဒေါင်ကြီးတစ်ခု ပါသေးတယ်..."

"အနောက်ဘက်ခြံဝင်းထဲမှာ မြေကွက်လပ် ငါးဧကလည်း ပါသေးတယ်... အဲ့ဒါက ရတနာဂိုဒေါင် ဒါမှမဟုတ် အလုပ်သမားတွေနေဖို့ အဆောက်အအုံ ဆောက်ဖို့အတွက်တောင် လုံလောက်တာထက် ပိုနေသေးတယ်..."

ညီအစ်မသုံးဦးသည် စာအုပ်ထဲရှိ အကြောင်းအရာများကိုကြည့်ရင်း အလွန် စိတ်လှုပ်ရှားနေကြသည်။

ထိုအချိန်တွင် ပွဲစားပုံစံပေါက်သော လူလတ်ပိုင်း တစ်ယောက် ပြေးလာခဲ့၏။

"ကွမ်းကျီဟောက်... မင်း ယွင်ဖူးလုံရဲ့ မှတ်တမ်းစာအုပ်ကို ယူထားတာလား... အခု ငါ့ကို ပေးစမ်း... ဖောက်သည်ကြီးတစ်ယောက်ကလည်း ယွင်ဖူးလုံကို သဘောကျနေလို့..."

ထိုလူလတ်ပိုင်းသည် ရောက်ရောက်ချင်းပင် သည်းခံနိုင်စွမ်းမရှိစွာ အော်ဟစ်လိုက်ပြီး ကွမ်းကျီဟောက်ကို လုံးဝ ဂရုမစိုက်ပေ။

ကွမ်းကျီဟောက်သည် ထိုသူကို မြင်သောအခါ အလွန် ထိတ်လန့်သွားပုံရသည်။ အမှန်တော့ ထိုသူသည် ကွမ်းကျီဟောက်၏ အထက်လူကြီး ဖြစ်နေ၏။

"အဲ့ဒါက... တာဝန်ခံကျွမ်း... ဒီဧည့်သည်တော်လေးဦးက အရင်ရောက်လာတာပါ..."

ကွမ်းကျီဟောက်က တုံ့ဆိုင်းဆိုင်းဖြင့် ပြန်ပြောလိုက်သည်။

"ဘယ်သူ အရင်ရောက်ရောက် နောက်မှရောက်ရောက် ငါ ဂရုမစိုက်ဘူး... ငါ့ဖောက်သည်က ယွင်ဖူးလုံကို သဘောကျတယ်ဆိုရင် ယွင်ဖူးလုံကို ငါ့ဖောက်သည်ဆီပဲ ရောင်းရမယ်..."

ကျောက်လင်တို့ လေးဦး၏ အမူအရာကို လျစ်လျူရှုကာ တာဝန်ခံကျွမ်းက ရိုင်းစိုင်းစွာ အော်ဟစ်လိုက်၏။

ထိုအခိုက်တွင် ကွမ်းကျီဟောက်က ကျောက်လင်ကို အနေခက်စွာ ပြုံးပြလိုက်သည်။

ကွမ်းကျီဟောက် စကားမပြောနိုင်မီ ကျောက်လင်က တာဝန်ခံကျွမ်းကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်ပြီး သူ၏ ညာဘက်လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်၏။

ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာကာ ဝိညာဉ်လက်ဝါးကြီးအဖြစ် ပြောင်းလဲသွားပြီး တာဝန်ခံကျွမ်း၏ ပါးပြင်ကို ကျယ်လောင်သော အသံနှင့်အတူ ဖြတ်ရိုက်လိုက်ပေသည်။

တာဝန်ခံကျွမ်း၏ ခန္ဓာကိုယ်မှာ လေထဲသို့ လွင့်စဉ်သွားပြီး ဧည့်ခန်းမ ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ကျလာခဲ့သည်။

"မင်းတို့ ယွဲ့ခဲပွဲစားရုံက ဧည့်သည်တွေကို စော်ကားပြီး ဒီလိုဝန်ဆောင်မှုမျိုး ပေးတာလား..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်၏။

ကွမ်းကျီဟောက်၏ အမူအရာမှာ အံ့သြမှုကြောင့် အေးခဲသွားသည်။ ကျောက်လင်သည် စကားတစ်ခွန်းမျှမဆိုဘဲ ပါးရိုက်လိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

တာဝန်ခံကျွမ်းက အလျင်အမြန် ထရပ်လိုက်သည်။ သူက ပူထူနေသော ပါးပြင်ကို လက်ဖြင့်အုပ်ကာ ကျောက်လင်အား ဒေါသတကြီး စိုက်ကြည့်နေသော်လည်း ရှေ့သို့ တစ်လှမ်းမျှ မတိုးရဲသကဲ့သို့ အော်ဟစ်ရန်လည်း မဝံ့ရဲပေ။

မည်သို့ပင်ဆိုစေ တာဝန်ခံကျွမ်းသည် ကျောက်လင် လက်ဝှေ့ယမ်းလိုက်ချိန်တွင် ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာသည်ကို သိလိုက်ပြီဖြစ်ရာ အနည်းဆုံး ကျောက်စိမ်းနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦး ဖြစ်ရမည်ဟု သဘောပေါက်သွား၏။ သာမန်သေမျိုးတစ်ယောက်ဖြစ်သော သူက မည်သို့များ ပြန်လည် ဆူပူဝံ့မည်နည်း။

ကံကောင်းထောက်မစွာဖြင့် ဤနေရာသည် လျန်ရှီးခရိုင်ဖြစ်နေပြီး အစိုးရမင်းများက ကျင့်ကြံသူများကို အကြောင်းမဲ့ အရပ်သားများအား သတ်ဖြတ်ခွင့် မပြုထားသဖြင့် တာဝန်ခံကျွမ်းက အသက် ချမ်းသာရာ ရသွားခြင်းဖြစ်သည်။

ထို့ကြောင့် တာဝန်ခံကျွမ်းသည် ဒေါသထွက်နေသော်လည်း ကျောက်လင်အပေါ် မကျေနပ်သည့် စကားတစ်ခွန်းမျှ မဟရဲပေ။

တာဝန်ခံကျွမ်းက မည်သို့ နောက်ဆုတ်ရမည်ကို တွေးနေစဉ် လူတစ်စုသည် ဧည့်ခန်းမထဲသို့ ဝင်လာပြီး သူ၏ အနောက်တွင် ရပ်လိုက်ကြ၏။

"ယွင်ဖူးလုံကို သဘောကျနေတာ မင်းတို့တွေပဲကိုး..."

"လုမိသားစုမှာ ယောကျ်ားတွေ မရှိတော့ဘူးလား... ဘာလို့ မိန်းကလေးသုံးယောက်က လူမြင်ကွင်းမှာ မျက်နှာပြဖို့ ဖိအားပေးခံနေရတာလဲ..."

ခေါင်းဆောင်ဖြစ်သူမှာ ရက်စက်ကြမ်းကြုတ်သော မျက်နှာထားရှိသည့် လူလတ်ပိုင်းတစ်ယောက် ဖြစ်သည်။ သူက လုညီအစ်မသုံးဖော်ကို ရွံရှာစက်ဆုပ်ဖွယ် အကြည့်ဖြင့် ကြည့်လိုက်၏။

ကျောက်လင်က အနည်းငယ် အံ့အားသင့်သွားသည်။ ဤလူများသည် ညီအစ်မသုံးဦးကို သိနေကြသည်လား။

လုယွီပင်း၊ လုထင်ရွှယ်နှင့် လုနင်ရွှမ်းတို့က ထိုလူစုကို မြင်သောအခါ သူတို့၏ မျက်လုံးများထဲတွင် အမုန်းတရားများ ပြည့်နှက်သွားပေသည်။

"သွမ့်မိသားစု... နင်တို့က အကျွတ်လွတ်တဲ့ တစ္ဆေသရဲတွေလိုပဲ..."

"လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက နင်တို့ သွမ့်မိသားစုက ယုတ်မာတဲ့ နည်းလမ်းတွေသုံးပြီး ငါတို့ လုမိသားစုကို လုပ်ကြံခဲ့တယ်... ပြီးတော့ ငါတို့ လုမိသားစုရဲ့ ဝိညာဉ်ဆေးပင် ဥယျာဉ်ကိုပါ သိမ်းပိုက်ခဲ့လို့ လုမိသားစု ကျဆင်းသွားရတာ..."

"ဒီနေ့အထိ နင်တို့က အာဏာကို အသုံးချပြီး သူတစ်ပါးကို အနိုင်ကျင့်ဖို့ ရည်ရွယ်ထားတုန်းပဲလား..."

လုယွီပင်းက ပြတ်ပြတ်သားသား တုံ့ပြန်လိုက်၏။

ထိုစကားကို ကြားလိုက်ရသောအခါ ကျောက်လင်သည် လုမိသားစု ကျဆင်းသွားရခြင်းမှာ သွမ့်မိသားစုကြောင့် ဖြစ်ကြောင်း နားလည်သွားသည်။

ဒါက မျိုးရိုးစဉ်ဆက် ရန်သူတွေပဲ။

"မင်းတို့ကို အနိုင်ကျင့်တယ်..."

"မင်းတို့ လုမိသားစုက ငါတို့ သွမ့်မိသားစုနဲ့ တန်းတူရပ်တည်နိုင်တဲ့ အရည်အချင်းရှိသေးတယ်လို့ တကယ် ထင်နေတာလား..."

"မင်းတို့ လုမိသားစုမှာ ကျောက်စိမ်းခန္ဓာနယ်ပယ်အဆင့်ရှိတဲ့ ကျင့်ကြံသူ တစ်ယောက်တောင် မရှိတာကို ငါတို့ သွမ့်မိသားစုနဲ့ ယှဉ်ပြိုင်နိုင်မယ်လို့ ဘာကများ ယုံကြည်စေတာလဲ..."

"မင်းတို့ လုမိသားစုကို မျိုးဆက်ပြတ်မသွားစေချင်ရင် ယွင်ဖူးလုံရဲ့ မှတ်တမ်းစာအုပ်ကို အခုယူခဲ့စမ်း..."

သွမ့်မိသားစု၏ ခေါင်းဆောင်က အေးစက်စွာ ပြောလိုက်ရာ သူ၏ အမူအရာမှာ မောက်မာနေပြီး လုညီအစ်မသုံးဖော်၏ ခံစားချက်ကို လုံးဝ ဂရုမစိုက်ပေ။

ထိုစကားကို ကြားသောအခါ ညီအစ်မသုံးဦးဖြစ်သည့် လုယွီပင်း၊ လုထင်ရွှယ်နှင့် လုနင်ရွှမ်းတို့မှာ ဒေါသကြောင့် တုန်ရီသွားကြသည်။ သို့သော်လည်း ဤလူသည် နောက်ဆုံးအဆင့် ကျောက်စိမ်းခန္ဓာနယ်ပယ်၏ စွမ်းအားကို ပိုင်ဆိုင်ထားကြောင်း သူတို့ ကောင်းကောင်း သိထားကြပြီး သူတို့သုံးဦး ပူးပေါင်းလျှင်ပင် သူနှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

အထူးသဖြင့် ကျောက်လင်က သူတို့အနားတွင် ရှိနေသောကြောင့် သူတို့၏ လုပ်ရပ်များကြောင့် ကျောက်လင်ပါ သွမ့်မိသားစု၏ အနိုင်ကျင့်ခြင်းကို ခံရမည်ဆိုလျှင် ညီအစ်မသုံးဦးက ပို၍ပင် စိတ်မကောင်း ဖြစ်ရလိမ့်မည်။

"အခု ယူခဲ့စမ်း..."

ညီအစ်မသုံးဦး၏ အနေခက်နေသော အမူအရာများကို မြင်သောအခါ သွမ့်မိသားစု၏ ခေါင်းဆောင်က အောင်ပွဲခံသည့်ဟန်ဖြင့် အော်ဟစ်လိုက်၏။

“အဟား..”

ရုတ်တရက် ဘေးတွင် ရပ်နေသော ကျောက်လင်က ရွံရှာစက်ဆုပ်ဟန်ဖြင့် ရယ်မောလိုက်သည်။

"မင်းက ဘာလို့ရယ်နေတာလဲ..."

သွမ့်မိသားစု၏ ခေါင်းဆောင်က ကျောက်လင်အား ဒေါသတကြီး စိုက်ကြည့်လိုက်၏။

All Chapters