အခန်း ၇၂
Vol. 8 Ch. 72
အခန်း (၇၂) ရွှမ်ရွှေကျေးရွာ၏ စံချိန်ကို ချိုးဖျက်ခြင်း၊ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ပြိုင်ဘက်ကင်း မုဆိုး
ရွှမ်ရွှေကျေးရွာ၏ ရွာအဝင်ဝတွင် ဖြစ်၏။
သက်တမ်းရင့် ရှားပင်အိုကြီးအောက်တွင် ဗြောက်အိုးဖောက်သံများ တအုန်းအုန်း မြည်ဟည်းနေ၏။
အပြာနှင့်အစိမ်းရောင် မီးခိုးငွေ့များ လွင့်ပျံနေပြီး အနီရောင် ဗြောက်အိုးစများက နေရာအနှံ့ ပြန့်ကျဲနေကာ ပွင့်လန်းနေသော နှင်းဆီပန်းများနှင့် တူနေ၏။
ပျော်ရွှင်စရာကိစ္စ ရှိလာသောအခါ လူတို့၏ စိတ်ဓာတ်များကလည်း တက်ကြွနေတတ်ကြပေသည်။
ရွာ၏ အမဲလိုက်အဖွဲ့က ကျင်း(၆၀၀)ကျော် အလေးချိန်ရှိသော တောဝက်ကြီးတစ်ကောင်ကို ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့၏။ ရွာသူရွာသားများမှာ အလွန်တက်ကြွပျော်ရွှင်နေကြပြီး အောင်ပွဲခံရန်နှင့် ကံကောင်းခြင်းများ ယူဆောင်လာရန်အတွက် ဗြောက်အိုးများ ဖောက်နေကြခြင်း ဖြစ်သည်။
သေချာမသိသူဆိုလျှင် ယနေ့ ရွှမ်ရွှေကျေးရွာ၌ နှစ်သစ်ကူးပွဲတော် ကျင်းပနေသည်ဟုပင် ထင်မှတ်သွားနိုင်ပေသည်။
အနက်ရောင် အမွေးကြမ်းများ ဖုံးလွှမ်းနေပြီး ကျင်း(၆၀၀) ကျော် အလေးချိန်ရှိသော တောဝက်ကြီးတစ်ကောင်မှာ သစ်သားစင်ပေါ်တွင် ခြေလက်များ တုပ်နှောင်ခံထားရလျက် ငြိမ်သက်စွာ လဲလျောင်းနေ၏။
၎င်းက ထင်းခုတ်သမား၏ ပုဆိန်ထက်ပင် ပိုရှည်လျားသော အစွယ်များရှိသည့် ဧရာမ ဝက်ဘုရင်ကြီးတစ်ကောင် ဖြစ်ပြီး ထက်မြက်ကာ ကြောက်မက်ဖွယ် ကောင်းလှ၏။
သို့သော်လည်း ၎င်း၏ အသက်ငွေ့မှာ ပြတ်တောက်သွားခဲ့ပြီ ဖြစ်ကာ အမဲလိုက်အဖွဲ့၏ သားကောင်နှင့် အောင်ပွဲရ လက်ဆောင် ဖြစ်လာခဲ့ပေပြီ။
ရွာသူရွာသားများမှာ အသက်အရွယ် ကျားမမရွေး ထိုဝက်ဘုရင်ကြီးအား မျက်လုံးများ အရောင်လက်ကာ စိုက်ကြည့်နေကြ၏။
အသား...
အသားတောင်ကြီး...
ကျင်း(၆၀၀) ကျော် အလေးချိန်ရှိသော အသားတောင်ကြီး...
ရွာသားအိုကြီးတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။
"တပ်ဖွဲ့ခေါင်းဆောင်ရှန်း တကယ်တော်တာပဲ... ငါတို့တော့ ကယ်တင်ခံရပြီ... ငါတို့ အသားစားရတော့မယ်... ငါတို့ ငတ်မသေတော့ဘူး..."
ရွှမ်ရွှေကျေးရွာသည် တံငါအလုပ်နှင့် အမဲလိုက်ခြင်းကို လုပ်ကိုင်ကြသော တောင်ပေါ်ရွာငယ်လေး တစ်ရွာဖြစ်၏။ ရွာတွင် အမဲလိုက်အဖွဲ့မှ သားကောင်ဖမ်းမိလာပါက အသားများကို အိမ်ထောင်စုတိုင်းထံ ခွဲဝေပေးရသည့် ဓလေ့တစ်ခု ရှိပေသည်။
ရွှမ်ရွှေကျေးရွာတွင် အိမ်ထောင်စု အနည်းငယ်ခန့်သာရှိ၏။ အသိုက်အဝန်းသို့ ပေးအပ်ရမည့် အသား ကျင်း (၁၀၀)ခန့်ကို နုတ်ပယ်ပြီးနောက် ကျန်ရှိသောအသားများကို ရွာသူရွာသားများထံ ခွဲဝေပေးနိုင်ပေသည်။ အိမ်ထောင်စုတိုင်း အနည်းဆုံး အသား(၅)ကျင်း သို့မဟုတ် (၆)ကျင်းခန့် ရရှိနိုင်ပြီး ထိုပမာဏက လုံလောက်သည်ထက်ပင် ပိုနေသေး၏။
အစာရေစာ ခေါင်းပါးနေချိန်တွင် အသား (၅)ကျင်း သို့မဟုတ် (၆)ကျင်းကို ချွေတာစားသုံးပါက လဝက်ခန့်အထိပင် ခံနိုင်ပေသည်။
ဤအချိန်ကို ကျော်ဖြတ်နိုင်မည်ဆိုပါက နောက်နှစ် နွေဦးရာသီ ရောက်လာသောအခါ တောင်ပေါ်တွင် တောရိုင်းတိရစ္ဆာန်များနှင့် စားဖွယ်ရာများ ပိုမိုပေါများလာမည်ဖြစ်ပြီး ရွာသူရွာသားများ၏ ဘဝမှာလည်း များစွာ ပိုမိုကောင်းမွန်လာမည် ဖြစ်၏။
ဤအလွန်ခက်ခဲသော အချိန်ကာလကို ကျော်ဖြတ်နိုင်သရွေ့ မျှော်လင့်ချက် ရှိနေသေးပေသည်။
ကျင်း(၆၀၀) ကျော် အလေးချိန်ရှိသော ဤအသားတောင်ကြီးက အသက်ရှင်သန်ရန် မျှော်လင့်ချက်ပင်ဖြစ်၏။
ရွာသူရွာသားများအားလုံးက တပ်ဖွဲ့ခေါင်းဆောင်ရှန်းမှ အသားခွဲဝေပေးမည့်အချိန်ကို ပခုံးချင်းယှဉ်ကာ စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြ၏။
အသံတစ်သံ ထွက်ပေါ်လာ၏။
"ခင်ဗျားတို့ ထင်နေတာ မှားနေပြီ... အဲ့ဒီသေနတ်ကို ပစ်ခဲ့တာ တပ်ဖွဲ့ခေါင်းဆောင်ရှန်း မဟုတ်ဘူး..."
"ဟုတ်တယ်... အဲ့တာကို ပစ်ခွင်းခဲ့တာ ကျွန်တော့်ရဲ့ အစ်ကိုရှောင်လန်ပဲ..."
ထိုသို့ ပြောလိုက်သူမှာ တောဝက်တောင်ကြောမှ ယခုလေးတင် ဆင်းလာခဲ့သည့် ကျန်းဝေ့ကော်ပင် ဖြစ်၏။
"အဲ့ဒါကျန်းဝေ့ကော် မဟုတ်ဘူးလား... သူ ဘာပြောလိုက်တာလဲ... တောဝက်ကို ပစ်ခဲ့တာ တပ်ဖွဲ့ခေါင်းဆောင်ရှန်း မဟုတ်ဘူးလား... သူ့အစ်ကိုလန်က ပစ်ခဲ့တာတဲ့လား..."
အစ်ကိုလန်ဆိုသည်မှာ မည်သူဖြစ်ကြောင်း သူတို့ တွေးတောနေမိကြ၏။
"ငါတို့ရွာမှာ လန်ဆိုတဲ့ နာမည်ပါတာ ဘယ်သူရှိသေးလို့လဲ... လီလန်ပေါ့..."
"ဘာ... လီလန်..."
"ဒီဝက်ဘုရင်ကြီးကို လီလန်က သတ်ခဲ့တာလား..."
ကျန်းဝေ့ကော်၏ စကားက ကျောက်တုံးကြီးတစ်တုံး ပြုတ်ကျလာသကဲ့သို့ ရိုက်ခတ်သွား၏။
ရွာသူရွာသားများမှာ ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် ပွက်လောရိုက်သွားကြပြီး တပ်ဖွဲ့ခေါင်းဆောင်ရှန်းနှင့် တပ်ဖွဲ့ခေါင်းဆောင်ကျိုးတို့ဘေးတွင် ယှဉ်လျက် ရပ်နေသော လူငယ်လေးထံသို့ အကြည့်များ အားလုံး ရောက်ရှိသွားကြ၏။
သူက အရပ်ရှည်ရှည်နှင့် ချောမောကာ သန်မာပြီး ယုံကြည်မှုရှိသည့် အငွေ့အသက်များရှိနေပြီး သူ၏ နှုတ်ခမ်းတွင်လည်း အပြုံးဖျော့ဖျော့လေး တစ်ခု ချိတ်ဆွဲထား၏။
လီလန်ပင်ဖြစ်၏။
ကျင်း(၆၀၀) အလေးချိန်ရှိသော ဤတောဝက်ဘုရင်ကြီးကို လီလန်က သတ်ဖြတ်ခဲ့သည်ဟု ဆိုလိုခြင်းဖြစ်ပေသည်။
ရွာသူရွာသားများမှာ သူတို့၏ နားကိုပင် မယုံနိုင်ကြဘဲ သူတို့ အကြားအာရုံ လွဲမှားနေသည်လား သို့မဟုတ် ကျန်းဝေ့ကော်က လိမ်ပြောနေခြင်းလားဟုပင် တွေးတောနေမိကြ၏။
ကျန်းဝေ့ကော်မှာ အသက်ဆယ့်ခြောက်နှစ်သာ ရှိသေးပြီး လူမမည်ကလေးတစ်ယောက်သာ ရှိသေး၏။ ကလေးများက ကြွားလုံးထုတ်ရသည်ကို နှစ်သက်ကြသောကြောင့် သူပြောသည့်စကားက မှန်ကန်နိုင်မည် မဟုတ်ဟု တွေးလိုက်ကြ၏။
ဟာသများ မပြောသင့်ပေ။ လီလန်က သေနတ်ကိုပင် သေသေချာချာ ကိုင်တွယ်ဖူးခြင်း မရှိလှပေ။ သူက အမဲလိုက်အဖွဲ့ထဲမှ လူသစ်တစ်ယောက်သာ ဖြစ်ပြီး တပ်ဖွဲ့ခေါင်းဆောင်ရှန်းထက်ပင် အတွေ့အကြုံ နည်းပါးလှ၏။ ဤတောဝက်ကြီးကို သူ မည်သို့မျှ အမဲလိုက်နိုင်စရာ အကြောင်းမရှိပေ။
ရွာသူရွာသားများ၏ အနောက်ဘက်တွင် အကွေးအကောက် အချိုးအစားကျသည့် ကိုယ်လုံးကိုယ်ပေါက်နှင့် ရင့်ကျက်သော ဆွဲဆောင်မှုရှိသည့် လှပသော အမျိုးသမီးတစ်ဦးက အနည်းငယ် ကုန်းနေသော အဘိုးအိုတစ်ဦးကို တွဲကူလျက် ရပ်နေ၏။
ပိုင်ကျဲ့နှင့် သူမ၏ ဖခင် အဘိုးအိုပိုင်တို့ပင် ဖြစ်၏။
"အဖေ... ကျန်းဝေ့ကော်ပြောတာ တကယ်လား..."
"ဒီလောက်ကြီးတဲ့ တောဝက်ကြီးကို ရှောင်လန်က တကယ်ပဲ ဖမ်းမိခဲ့တာလား..."
ပိုင်ကျဲ့က အံ့သြတကြီးဖြင့် သူမ၏ ပါးစပ်ကို အုပ်ထားလိုက်ပြီး တောင်ငယ်လေးတစ်လုံးနှင့် တူသော ဧရာမ တောဝက်ကြီးကို မှင်တက်စွာ စိုက်ကြည့်နေ၏။
ဤသည်က တကယ်ပင် ရှောင်လန်၏ လက်ချက်ဖြစ်ပါသလားဟု သူမ တွေးမိသွား၏။
ရှောင်လန်က ယခုအခါတွင် ထိုမျှအထိ စွမ်းဆောင်နိုင်နေပြီဖြစ်ကာ ကျင်း(၆၀၀) ကျော်အလေးချိန်ရှိသော တောဝက်ကြီးကိုပင် ဖြုတ်ချနိုင်နေပြီဟု ဆိုလိုခြင်းဖြစ်၏။
"အဖေတော့ ဝေ့ကော် ငယ်ငယ်လေးကတည်းက ကြီးလာတဲ့အထိ ကြည့်လာခဲ့တာ... သူ လိမ်ပြောတာကို တစ်ခါမှ မကြားဖူးဘူး..."
"ဒီတောဝက်ကြီးကို ရှောင်လန် သတ်ခဲ့တာ သေချာသလောက်ရှိတယ်..."
အဘိုးပိုင်က လီလန်ကိုကြည့်လိုက်ရာ သူ၏ မှုန်ဝါးနေသော မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။
ကျန်းဝေ့ကော်ကဲ့သို့ပင် လီလန်သည်လည်း ငယ်စဉ်ကတည်းက သူ မျက်ခြည်မပြတ် စောင့်ကြည့်လာခဲ့သူတစ်ဦးဖြစ်၏။ အသက်အရွယ်ကြီးရင့်မှုအရဆိုလျှင် လီလန်က သူ့ကို အဘိုးဟု ခေါ်ဆိုရမည် ဖြစ်သည်။
ဤဒေသစကားတွင်မူ အဘိုးကြီးဟူသည်မှာ ဦးလေးဟု အဓိပ္ပာယ်ရပေသည်။
"ရှောင်လန်က အရမ်းတော်တာပဲ... ဒီလောက်ကြီးတဲ့ တောဝက်ကြီးကို... တကယ့်ကို အထင်ကြီးစရာပဲ..."
ပိုင်ကျဲ့က လီလန်၏ ကျောပြင်ကို ငေးကြည့်နေပြီး သူမ၏ မျက်လုံးများက တောက်ပနေ၏။
အမျိုးသမီးများက ခွန်အားကို အထင်ကြီးလေးစားတတ်ကြ၏။ ရွှမ်ရွှေကျေးရွာတွင် သားကောင်အများဆုံး အမဲလိုက်နိုင်သူမှာ အကျွမ်းကျင်ဆုံး မုဆိုးပင် ဖြစ်ပေသည်။
လီလန်က ကျင်း(၆၀၀) ကျော် ရှိသော ဝက်ဘုရင်ကြီးကို သတ်ဖြတ်ခဲ့ကြောင်း ကြားလိုက်ရသောအခါ ပိုင်ကျဲက လေးစားအားကျမှုများဖြင့် ကြည့်ရှုနေမိ၏။
မည်သည့် အမျိုးသမီးကမျှ တောဝက်ဘုရင်များနှင့် ကျားများကို တိုက်ခိုက်နိုင်သော ရဲရင့်ပြီး သန်မာသည့် အမျိုးသားတစ်ဦးကို မငြင်းဆန်နိုင်ကြပေ။
[ဒင်... ပိုင်ကျဲ့၏ သဘောကျမှုအမှတ် +၁၀၀]
[ဒင်... ပိုင်ကျဲ့၏ သဘောကျမှုအမှတ် +၁၀၀]
"ဟင်... အစ်မပိုင်ကျဲ့လည်း ဒီကို ရောက်နေတာလား..."
စနစ်၏ အသိပေးသံကို ကြားလိုက်ရသောအခါ လီလန်က သူ၏ အကြည့်ကို လွှဲပြောင်းလိုက်ရာ လူတန်းကြီး၏ အနောက်ဘက်ဆုံးတွင် ရှိနေသော ပိုင်ကျဲ့နှင့် အဘိုးပိုင်တို့ကို မြင်တွေ့လိုက်ရ၏။
ထိုအချိန်တွင် အချို့သော ရွာသူရွာသားများက ကျန်းဝေ့ကော်၏ စကားကို မယုံကြည်ကြသေးပေ။
"တပ်ဖွဲ့ခေါင်းဆောင်ရှန်း... ကျန်းဝေ့ကော် ပြောတာ အမှန်ပဲလား..."
"ဒီတောဝက်ကို တကယ်ပဲ... တကယ်ပဲ လီလန် ပစ်ခဲ့တာလား..."
ရှန်းဖူကွေ့နှင့် ကျိုးလျဲ့ရှန်းတို့က တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ခါးသက်သက် ပြုံးလိုက်ကြ၏။
လီလန်က ကျန်းဝေ့ကော်ကို မည်သို့သော ပြုစားသည့်ဆေးများ တိုက်ကျွေးထားသနည်းဟု သူတို့ တွေးမိသွားကြ၏။
ထို့ကြောင့် တပ်ဖွဲ့ခေါင်းဆောင်ကို မျက်နှာသာ လုံးဝ မပေးတော့ဘူးဟု ဆိုလိုခြင်း ဖြစ်ပေသည်။
သို့သော်လည်း ဤသည်က ကျန်းဝေ့ကော်၏ အမှား မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ လူငယ်လေးမှာ ငယ်ရွယ်သေးပြီး လူမှုရေး အဆက်အဆံများတွင် လိုအပ်ချက် ရှိနေသေးပေသည်။
တောဝက်ကို တပ်ဖွဲ့ခေါင်းဆောင်ရှန်း အမဲလိုက်ခဲ့ကြောင်း ရွာသူရွာသားများထံမှ ကြားလိုက်ရသောအခါ အခြားသူတစ်ဦးက ဂုဏ်ပြုခံရမှုကို လုယူသွားမည်ကို စိုးရိမ်သဖြင့် သူက အမြန် ရှေ့ထွက်လာခဲ့ခြင်းဖြစ်၏။
"အဟမ်း အဟမ်း..."
ရှန်းဖူကွေ့က လည်ချောင်းရှင်းလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်၏။
"ကျန်းဝေ့ကော် ပြောတာ မှန်တယ်... ခေါင်းဆောင်လီက တကယ်ပဲ တောဝက်ကြီးကို တစ်ယောက်တည်း သတ်ခဲ့တာ..."
" ခေါင်းဆောင်လီက ဒီတောဝက်ကြီးကို သတ်ခဲ့ရုံတင် မကဘူး... ဒီနေ့ တောဝက်တောင်ကြောမှာ ကျန်းဝေ့ကော်ကို ရှာတွေ့ခဲ့တာလည်း ခေါင်းဆောင်လီ ကျေးဇူးကြောင့်ပဲ..."
သူစကားပြောပြီးသည်နှင့် ရှန်းဖူကွေ့က လီလန်ကို လှည့်ကြည့်လိုက်ပြီး နောက်ထပ် စာကြောင်းတစ်ကြောင်း ထပ်ဖြည့်ပြောလိုက်၏။
"ခေါင်းဆောင်လီရဲ့ သေနတ်ပစ်စွမ်းရည်က အရမ်းကောင်းလွန်းလို့ ငါတောင် အရှုံးပေးရတယ်..."
"ခေါင်းဆောင်ကျိုး... မင်း အဲ့လို မထင်ဘူးလား..."
ရှန်းဖူကွေ့၏ စကားကို ကြားလိုက်ရသောအခါ ကျိုးလျဲ့ရှန်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။
*ခွေးကောင် ရှန်းဖူကွေ့... မင်း ကိုယ့်ဘာသာကိုယ် အရှက်ကွဲပြီးနေပြီကို အခု ငါ့ကိုပါ ဆွဲချနေတာလား*ဟု သူ တွေးလိုက်မိ၏။
သို့သော်လည်း အနာဂတ်တွင် လီလန်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို မည်သို့ ထိန်းသိမ်းရမည်ကို သူ တွေးမိသွား၏။ ထိုကောင်လေးတွင် တောက်ပသော အနာဂတ်တစ်ခု ရှိနေပေသည်။
ကောင်းပြီလေ... ကောင်လေးလီကို မျက်နှာသာ နည်းနည်းပေးလိုက်တာပေါ့ဟု သူ ဆုံးဖြတ်လိုက်၏။
ထို့နောက် ကျိုးလျဲ့ရှန်းက အတင်းအကျပ် ပြုံးကာ ပြန်ဖြေလိုက်၏။
"တပ်ဖွဲ့ခေါင်းဆောင်ရှန်းပြောတာ မှန်တယ်... ခေါင်းဆောင်လီလန်က တကယ့်ကို ထူးချွန်တဲ့ သေနတ်သမားပဲ... သူက သုံးချက်တည်း ပစ်ပြီး ဝက်ဘုရင်ကြီးကို လှဲချနိုင်ခဲ့တာ..."
"ပြီးတော့... အဲ့ဒါက မီတာတစ်ရာကျော် အကွာအဝေးကနေ ပစ်ခဲ့တာ..."
ခေါင်းဆောင်နှစ်ဦး ကိုယ်တိုင် ထွက်ဆိုပေးခဲ့မှုကြောင့် ဝက်ဘုရင်ကြီးမှာ လီလန်တစ်ဦးတည်း ဖမ်းဆီးရမိခဲ့သော စစ်ပွဲမှ ရရှိသည့် သားကောင်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပေသည်။
သူက လီလန်၏ အံ့သြဖွယ်ကောင်းသော သေနတ်ပစ်စွမ်းရည်ကိုလည်း ကြွားဝါပြောဆိုခဲ့သေး၏။
ရွာသူရွာသားများမှာ ချက်ချင်းပင်
ဆူညံပွက်လောရိုက်သွားကြတော့၏။
"တကယ်ကြီးလား... လီလန်က အဲ့လောက်တောင် တော်တာလား... သူက ဒီလောက်ကောင်းတဲ့ သေနတ်ပစ်စွမ်းရည်ကို ဘယ်တုန်းက သင်ထားခဲ့တာလဲ..."
"ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ... တပ်ဖွဲ့ခေါင်းဆောင်ရှန်း ဘယ်တုန်းက သူများကို လိမ်ဖူးလို့လဲ..."
"ဒီလိုဖြစ်လာမယ်လို့ ငါ တကယ် မျှော်လင့်မထားခဲ့ဘူး...ခေါင်းဆောင်ကျိုးတောင် အရှုံးပေးရတယ်ဆိုတော့... လီလန်ရဲ့ သေနတ်ပစ်စွမ်းရည်က ဘယ်လောက်တောင် တိကျနေလို့လဲ..."
"ခေါင်းဆောင်ကျိုးက ငါတို့ရွှမ်ရွှေကျေးရွာမှာ အကောင်းဆုံး သေနတ်သမားလေ... သူက ပတ်ဝန်းကျင်ရွာတွေမှာလည်း ထိပ်တန်း သေနတ်သမားတွေထဲက တစ်ယောက်ပဲ... ဘယ်လိုလုပ် လီလန်က သူ့ထက်တောင် ပိုတော်နေရတာလဲ..."
"လီလန်က ဒီနှစ်မှ အသက် (၂၀) ပဲ ရှိသေးတယ်... ပြီးတော့ သူက ခေါင်းဆောင်နှစ်ယောက်လုံးထက်တောင် ပိုသန်မာနေပြီ... အနာဂတ်ကျရင် သူ ဘယ်လိုတွေတောင် ဖြစ်လာမလဲ..."
"အလေးဆုံး တောဝက်ကို ခေါင်းဆောင်ကျိုး အမဲလိုက်ခဲ့တာလို့ ငါ မှတ်မိတယ်... အလေးချိန်က ကျင်း (၅၃၈)ရှိတာ... လီလန်ရဲ့ တောဝက်က ကျင်း (၆၀၀)ကျော်တယ် ဆိုတော့... ငါတို့ ရွှမ်ရွှေကျေးရွာရဲ့ စံချိန်ကို ချိုးဖျက်သွားတာပဲ..."
"အိုး.. မုဆိုးမဝူက တကယ့်ကို မျက်စိကန်းနေတာပဲ... ဒီလိုသားမက်ကောင်းမျိုးကို သူက အလိုမရှိဘူးတဲ့..."
"လီရှန်းဟွာရဲ့ မိသားစုအကြောင်းကိုတောင် မပြောပါနဲ့... ကံဆိုးမိုးမှောင်ကျတာပဲ..."