အခန်း ၇၃
Vol. 8 Ch. 73
အခန်း (၇၃) တပ်ရင်းမှူးကျန်း ကျေးဇူးဆပ်ခြင်း၊ လီလန် စက်ဘီးလက်မှတ် ရရှိခြင်း
"(၆၀၅)ကျင်း တောင်..."
"ဘုရားရေ... ဒီတောဝက်ကြီးက (၆၀၅)ကျင်းတောင် အလေးချိန်စီးတာပဲ..."
"လီလန်က တောဝက်ကြီးကို အနိုင်ယူပြီး ငါတို့ရွာရဲ့ စံချိန်ကို ချိုးလိုက်ပြီဟေ့..."
ရွာသားများသည် ချိန်ခွင်ကြီးတစ်ခုကို ယူဆောင်လာကြပြီး လူဆယ်ယောက်ကျော်ခန့် ပူးပေါင်းကာ တောဝက်ကြီးကို မတင်၍ အလေးချိန် ချိန်တွယ်လိုက်ကြသည်။
ထိုကိန်းဂဏန်းသည် လူတိုင်းကို အံ့အားသင့်သွားစေခဲ့၏။
(၆၀၅)ကျင်း..
အလေးချိန် (၆၀၅)ကျင်းရှိသော တောဝက်ကြီးဖြစ်လေသည်။
လီလန်သည် အလေးချိန် ကျင်း (၆၀၀) ကျော်ရှိသော တောဝက်ဘုရင်ကြီးကို သေနတ်သုံးချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ ရွှမ်းရွှေရွာအတွက် ကျိုးလျဲ့ရှန်း တင်ထားခဲ့သော စံချိန်ကို ချိုးဖျက်လိုက်ခြင်းပင် ဖြစ်၏။
ကျိုးလျဲ့ရှန်း အလေးချိန် (၅၃၈) ကျင်းရှိသော တောဝက်ကြီးကို အမဲလိုက်နိုင်ခဲ့ချိန်က သူ၏အသက်မှာ (၄၂)နှစ် ရှိနေပြီဖြစ်ကြောင်း သတိပြုသင့်ပေသည်။
သို့သော် ယနေ့တွင် အလေးချိန် ကျင်း (၆၀၀) ရှိသော တောဝက်ဘုရင်ကြီးကို အနိုင်ယူခဲ့သည့် လီလန်၏ အသက်မှာ (၂၀) အရွယ်သာ ရှိသေးလေသည်။
အသက် (၂၀) အရွယ် မုဆိုးလေးသည် တောက်ပသော အနာဂတ်ရှိသည့် မျှော်လင့်ချက်ကြီးမားသော လူငယ်လေးတစ်ဦး ဖြစ်ပေ၏။
အသက် (၂၀) ဆိုသည်မှာ သူ၏ အကောင်းဆုံး အချိန်ကာလသို့ပင် မရောက်သေးချေ။ အချိန်သာ ပေးမည်ဆိုပါက လီလန်သည် သူ၏ ကိုယ်ပိုင် (၆၀၅)ကျင်း စံချိန်ကိုပင် ထပ်မံချိုးဖျက်နိုင်ပေလိမ့်မည်။
ရှန်းဖူကွေ့သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ တောဝက်ဘုရင်ကြီးဆီမှ လီလန်ထံသို့ အကြည့်ပြောင်းလိုက်သည်။
သူသည် အနာဂတ်၏ ပြိုင်ဘက်ကင်း မုဆိုးတစ်ဦးကို မြင်တွေ့နေရသည့်နှယ် ရှိလေ၏။
"ကံကောင်းလို့ပါလား... ကံကောင်းလို့ အဖွဲ့ခေါင်းဆောင်လီက ငါတို့ ရွှမ်းရွှေရွာက ဖြစ်နေတာ..."
တပ်ဖွဲ့ခေါင်းဆောင်ရှန်းက အလွန်ပင် စိတ်သက်သာရာ ရသွားတော့သည်။
လီလန်သာ ရွှမ်းရွှေရွာမှ ဖြစ်နေ၍ တော်သေးသည်။ ထိုသို့မဟုတ်ဘဲ အခြားရွာမှ လူတစ်ယောက်သာ သေနတ်ကိုင်ပြီး မကြာမီမှာပင် အလေးချိန် ကျင်း(၆၀၀) ကျော်ရှိသော တောဝက်ကြီးကို သတ်ဖြတ်နိုင်ခဲ့မည်ဆိုပါက သူ အလွန် မနာလိုဖြစ်မိမည်မှာ အသေအချာပင်တည်း။
ကျောက်ဘိုင်တောင်တန်း၊ ဝက်ဝံနက်တောင်နှင့် တာ့ရှင်းအန်းလင်တောင်တန်းကြီး၊ ရှင်းအန်းလင်တောင်တန်းငယ်တို့တွင် ရွာတစ်ရွာစီ၌ ကိုယ်ပိုင်အမဲလိုက်ကွင်းများ အသီးသီး ရှိကြသည်။ မုဆိုးများသည် မိမိတို့၏ သီးသန့် အမဲလိုက်ကွင်းများတွင်သာ အမဲလိုက်နိုင်ပြီး အိမ်နီးချင်းရွာများ၏ အမဲလိုက်ကွင်းများတွင် အမဲလိုက်ခွင့် မရှိပေ။ သူတို့သည် သီးသန့်သာ နေထိုင်ကြပြီး တစ်ဦးနှင့်တစ်ဦး ဝင်ရောက်စွက်ဖက်ခြင်း မရှိကြချေ။
အကယ်၍ တစ်စုံတစ်ယောက်သည် နယ်နိမိတ်ကို ကျော်လွန်၍ တောင်ကုန်းကို သိမ်းပိုက်ရန် ကြိုးစားလာပါက တိုက်ပွဲဖြစ်ပွားရန်မှာ ရှောင်လွှဲ၍မရနိုင်သော ကိစ္စပင်ဖြစ်သည်။
ကျောက်ဘိုင်တောင်ခြေရှိ ငါးဖမ်းနှင့် အမဲလိုက်ရွာများတွင် နေထိုင်ကြသူများမှာ ကြမ်းတမ်းပြီး စည်းကမ်းမဲ့သူများဖြစ်ကာ သေသည်အထိ မတိုက်ခိုက်ရမချင်း အရှုံးပေးမည် မဟုတ်ကြပေ။
အကယ်၍ အခြားရွာမှ ပါရမီရှင် မုဆိုးတစ်ယောက် ပေါ်ထွက်လာပါက ထိုရွာသည် သဘာဝကျကျပင် သြဇာလွှမ်းမိုးသွားမည်ဖြစ်ပြီး အရင်းအမြစ်များကို ပိုမိုရယူသွားမည်ဖြစ်ရာ ဤသည်မှာ သာယာဖွယ်ရာ အတွေ့အကြုံတစ်ခု မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ တောင်ပေါ်ရွာများနှင့် မြို့ကြီးများတွင် အစာရေစာ ခေါင်းပါးမှုများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။ သားကောင်များ ပိုမို အမဲလိုက်နိုင်ပြီး အသားပိုရခြင်းဆိုသည်မှာ စားစရာ ပိုများလာကာ ငတ်မွတ်ခေါင်းပါးရန် အလားအလာ နည်းပါးသွားခြင်းပင်ဖြစ်သည်။
"ကဲ... အားလုံးပဲ... အဲဒီမှာ ရပ်မနေကြနဲ့တော့... အသားတွေကို အားလုံးအတွက် ခွဲဝေလိုက်ကြ..."
"အဖွဲ့ခေါင်းဆောင်လီအတွက် ကျင်း (၁၀၀)ဖယ်ထားပေးဖို့ မမေ့ကြနဲ့ဦး..."
မုဆိုးများသည် ကျန်းဝေ့ကော်ကို ရှာဖွေရန် တောင်ပေါ်သို့ တက်ခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်ကာ ဆာလောင်နေကြပြီ းဖြစ်သည်။ ရှန်းဖူကွေ့သည်လည်း ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေသဖြင့် သူ၏ မုဆိုးများကို တောဝက်ဘုရင်ကြီးကို ကိုင်တွယ်ဖြေရှင်းရန်နှင့် အသားများကို စတင်ခွဲဝေရန် လျင်မြန်စွာ အမိန့်ပေးလိုက်သည်။
လူများလျှင် အလုပ်တွင်ကျယ်သည်ဆိုသည့်အတိုင်း ပုဆိန်များနှင့် ဓားများကို ကိုင်ဆောင်ထားသော မုဆိုး ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ဖြင့် အသားများကို အလျင်အမြန် ခွဲဝေလိုက်ကြသည်။
ကျင်း (၆၀၀) ကျော် အလေးချိန်ရှိသော တောဝက်ကြီးမှာ အတုံးငယ်လေးများ ဒါဇင်ပေါင်းများစွာအဖြစ် ခွဲဝေခံလိုက်ရလေသည်။
"အဖွဲ့ခေါင်းဆောင်လီ... ဒါက မင်းအတွက် အသား ကျင်း (၁၀၀) ကျော်ပါ..."
ရှန်းဖူကွေ့သည် လီလန်၏ ခြေရင်းတွင် တောဝက်သားတုံးကြီး တစ်တုံးကို ချထားပေးလိုက်သည်။
လီလန်သည် ခေါင်းညိတ်ပြလိုက်သည်။ ဤအသား ကျင်း (၁၀၀) ကျော်ကို နောက်ပိုင်းတွင် ကျန်းဝေမင်ထံ ရောင်းချနိုင်သည် သို့မဟုတ် ပညာတတ်လူငယ်မလေး တုံယွီရှုကို သူမ၏ ဒုတိယညီမနှင့် တတိယညီမတို့၏ ကျောင်းလခပေးရန် အချို့ကို ပေးကမ်းနိုင်လေသည်။
"အားလုံးပဲ မလောကြနဲ့... လူတိုင်းအတွက် အသားအလုံအလောက် ရှိတယ်... တန်းစီပြီး အသားလာယူကြ..."
ရွာသားများ ရှေ့သို့ တိုးဝှေ့လာသည်ကို မြင်သောအခါ ရှန်းဖူကွေ့သည် မျက်မှောင်ကြုတ်ကာ ဆူပူလိုက်သည်။
တပ်ဖွဲ့ခေါင်းဆောင် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ထိုစကားမှာ အလုပ်ဖြစ်သွားတော့သည်။
တပ်ဖွဲ့ခေါင်းဆောင်ရှန်း၏ အော်ဟစ်ဆူပူမှုကို ခံရပြီးနောက် ရွာသားများသည် နာခံမှုရှိစွာဖြင့် တန်းစီလိုက်ကြသည်။
လီလန်နှင့် ကွန်မြူနစ်အဖွဲ့၏ ဝေစုကို နှုတ်ပြီးနောက် ဖူကွေ့သည် ကျန်ရှိနေသော အသားများကို ရွာသားများအား ခွဲဝေပေးရာ စုစုပေါင်း ကျင်း(၄၀၀)ကျော် ရှိလေသည်။
အိမ်ထောင်စု (၃၅)စုရှိရာ အိမ်ထောင်စု တစ်စုလျှင် အသား(၁၀)ကျင်းခန့် ရရှိနိုင်ပေသည်။
အသား(၁၀)ကျင်းကျော်သည် ခြိုးခြံချွေတာ၍ စားမည်ဆိုပါက လဝက်ခန့်အထိ ခံနိုင်လေသည်။
ရှန်းဖူကွေ့သည် ရွှမ်းရွှေကွန်မြူနစ်အဖွဲ့၏ တပ်ဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ရွာသားများ စားစရာရှိစေရန် သေချာစေရေးမှာ သူ၏ တာဝန်ပင်ဖြစ်သည်။
မည်သည့် ထုတ်လုပ်ရေးတပ်ဖွဲ့ခေါင်းဆောင်မှ မိမိရွာသားများ ငတ်မွတ်သေဆုံးနေသည်ကို လက်ပိုက်ကြည့်နေမည် မဟုတ်ချေ။
"ကျေးဇူးတင်ပါတယ် တပ်ဖွဲ့ခေါင်းဆောင်ရှန်း..."
"ကျေးဇူးတင်ပါတယ် တပ်ဖွဲ့ခေါင်းဆောင်ရှန်း..."
"ကျေးဇူးတင်ပါတယ် တပ်ဖွဲ့ခေါင်းဆောင်ရှန်း... ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ကျိုး..."
"ကျေးဇူးပါပဲ..."
"..."
အိမ်ထောင်စုတိုင်းသည် အသားလာရောက်ထုတ်ယူရန် ကိုယ်စားလှယ်တစ်ဦးစီ စေလွှတ်ခဲ့ကြပြီး အိမ်ထောင်စုတိုင်းလိုလိုပင် ဝေစုတစ်စုစီ ရရှိခဲ့ကြသည်။
အခြားတစ်ဖက်တွင်မူ ကျန်းတာပေါင်သည် ကျန်းဝေ့ကော်ကို လီလန်ထံသို့ ခေါ်ဆောင်လာခဲ့သည်။
"ရှောင်လန်... ကျေးဇူးတင်ပါတယ်ကွာ... ကျေးဇူးတင်ပါတယ်..."
နီရဲနေသော မျက်လုံးများဖြင့် ကျန်းတာပေါင်သည် လီလန်၏လက်ကို ဆုပ်ကိုင်ထားကာ သူ၏အသံမှာ ခံစားချက်များကြောင့် တုန်ယင်အက်ကွဲနေလေသည်။
တောင်တက်ခရီးစဉ်၏ အသေးစိတ်အချက်အလက်များနှင့် တောင်တစ်ဝက်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များအပါအဝင် အရာအားလုံးကို ကျန်းတာပေါင်သည် သူ၏မြေးဖြစ်သူ ကျန်းဝေ့ကော်ထံမှ သိရှိခဲ့ရပြီးဖြစ်သည်။
လီလန်သာ ရှာဖွေရေးကို ဦးဆောင်မလာခဲ့ပါက သူ၏မြေး ကျန်းဝေ့ကော်သည် ယနေ့ တောဝက်တောင်ကြောပေါ်တွင် အအေးဒဏ်ကြောင့် အေးခဲသေဆုံးခြင်း သို့မဟုတ် တောဝက်များ၏ ကိုက်ဖြတ်ခြင်းကို ခံရကာ သေဆုံးသွားနိုင်ပေသည်။
လီလန်သည် အချိန်မီ ရောက်ရှိလာပြီး အချိန်ကိုက် သေနတ်ပစ်ခတ်ခဲ့သဖြင့် ကျန်းဝေ့ကော်၏ အသက်ကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ကျန်းတာပေါင်အတွက်မူ လီလန်သည် သူတို့မိသားစု၏ ကျေးဇူးရှင်ကြီးပင် ဖြစ်တော့သည်။
"ဝေ့ကော်... မင်းရဲ့ ကျေးဇူးရှင်ရှေ့မှာ ဒူးထောက်လိုက်စမ်း..."
အဘိုးဖြစ်သူ၏ အမိန့်ပေးသံကြောင့် ကျန်းဝေ့ကော်သည် လီလန်၏ရှေ့တွင် ဒုန်းခနဲ မြည်အောင် ဒူးထောက်ချလိုက်သည်။
"သုံးကြိမ် ဦးချလိုက်..."
ကျန်းတာပေါင်က ထပ်ပြောလိုက်သည်။
အသက်တစ်ချောင်းကို ကယ်တင်ခြင်းမှာ ကျေးဇူးတင်ထိုက်သောအရာ ဖြစ်ပေသည်။ ဂျပန်များကို တိုက်ခိုက်ခဲ့သည့် စစ်သားဟောင်းတစ်ဦးဖြစ်သော ကျန်းတာပေါင်သည် အမှားနှင့် အမှန်ကို ရှင်းလင်းစွာ ခွဲခြားတတ်သူ ဖြစ်သည်။
ထိုစဉ်က တောဝက်တောင်ကြောတွင် တောဝက်ဆယ်ကောင်ကျော်ခန့်သည် သူ၏မြေး ကျန်းဝေ့ကော်ကို ဝိုင်းရံထားခဲ့ကြသည်။ လီလန်သည် ထိုတောဝက်များကို ရဲရဲဝံ့ဝံ့ ပစ်ခတ်ခဲ့ခြင်းမှာ သူ၏အသက်ကို စွန့်စားခဲ့ခြင်းပင် ဖြစ်သည်။
ဤအကြောင်းပြချက်တစ်ခုတည်းနှင့်ပင် သူ ကျန်းတာပေါင်သည် မြေးဖြစ်သူ၏ အသက်ကို လီလန်အား ပေးအပ်ရမည်ဖြစ်ရာ လီလန်ကို ဒူးထောက်၍ ဦးချခိုင်းခြင်းမှာ ပြောစရာပင် မလိုတော့ချေ။
ဂျပန်ဆန့်ကျင်ရေးစစ်ပွဲ၏ စစ်မြေပြင်ရှိ အလောင်းတောင်တန်းများနှင့် သွေးပင်လယ်များထဲမှ ထွက်ပေါ်လာခဲ့သော သူရဲကောင်းအိုကြီးသည် အသက်ရှင်သန်ခြင်း၏ တန်ဖိုးကို ပို၍ပင် နားလည်သဘောပေါက်လေသည်။
"အဘိုးကျန်း... အဲ့လိုလုပ်စရာ မလိုပါဘူး... အဘိုးက ကျွန်တော့်ကို ကြီးပြင်းလာတဲ့အထိ စောင့်ကြည့်လာခဲ့တာပဲ... ကျွန်တော်က ဝေ့ကော်ထက် အသက်နည်းနည်းပိုကြီးတော့ ကျွန်တော်က သူ့အစ်ကိုပေါ့... အစ်ကိုတစ်ယောက်က ညီဖြစ်သူဆီ သွားသင့်တာပဲလေ... ဒီကိစ္စက ဘာမှမဟုတ်ပါဘူး..."
လီလန်သည် ခေါင်းယမ်းလိုက်ပြီး ကျန်းဝေ့ကော်ကို အမြန်ဆွဲထူလိုက်သည်။
"မင်းကြားလား... အစ်ကိုလန်ကို မြန်မြန် ကျေးဇူးတင်လိုက်စမ်း..."
"မင်းရဲ့ အစ်ကိုလန်က တောင်ပေါ်မှာ အသက်စွန့်ပြီး မင်းကို မကယ်ခဲ့ရင် မင်း တောဝက်တွေ စားတာခံရတာ ကြာပေါ့ကွ..."
ကျန်းတာပေါင်သည် သူ၏ကြိမ်လုံးဖြင့် မြေးဖြစ်သူ၏ တင်ပါးကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ရာ ကျန်းဝေ့ကော်က နာခံမှုရှိစွာဖြင့် "ကျေးဇူးတင်ပါတယ် အစ်ကိုလန်..." ဟု ပြောလိုက်သည်။
ကျန်းတာပေါင်သည် သူ၏မြေးဖြစ်သူမှာ သူ၏ဒဏ်ရာများကို ကုသရန် ဆေးမြစ်များရှာဖွေရန် တောင်ပေါ်သို့ တက်သွားခဲ့ခြင်းဖြစ်ကြောင်း သိထားသော်လည်း အခြားတစ်ဖက်တွင်မူ သူသည် အဘိုးအိုတစ်ဦးဖြစ်ပြီး ခန္ဓာကိုယ်၏ အစိတ်အပိုင်းအများစုမှာ အခေါင်းထဲသို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်ရာ သူ၏အတွက် မည်သည့်အရာကမျှ အရေးမကြီးတော့ချေ။
သူ၏မြေး တောင်ပေါ်တွင် ဆေးမြစ်ရှာဖွေနေစဉ် ဆိုးရွားသည့် အရာတစ်ခုခု ဖြစ်သွားခဲ့ပါက သူ၏ ဘိုးဘေးများကို မည်သို့ မျက်နှာပြရမည်နည်း။
သူသည် တပ်ရင်းမှူး ကျန်းတာပေါင်ဖြစ်ပြီး မြေးမိန်းကလေးတစ်ယောက်နှင့် မြေးယောက်ျားလေးတစ်ယောက် ရှိသည်။
ကျန်းဝေ့ကော်သည် ကျန်းမိသားစု၏ တစ်ဦးတည်းသော မျိုးဆက် သားယောက်ျားလေး ဖြစ်လေသည်။
ဝေ့ကော်ဆိုသော နာမည်ကို တပ်ရင်းမှူးလီက ပေးထားခဲ့ခြင်းဖြစ်သည်။ သူက တာပေါင်အား "မင်းမြေးက စစ်ရေးပါရမီရှင်ပဲ... ကြီးလာရင် တပ်ထဲဝင်ဖို့၊ နိုင်ငံကို အလုပ်အကျွေးပြုဖို့နဲ့ ပြည်သူတွေကို အလုပ်အကျွေးပြုဖို့ မှတ်ထားပါ... မင်းက ဒီနာမည်နဲ့ ထိုက်တန်ပါတယ်..." ဟု ပြောခဲ့ဖူးသည်။
သူ၏မြေးဖြစ်သူကို တစ်ခုခုဖြစ်သွားပါက နာမည်ပေးခဲ့သော တပ်ရင်းမှူးဟောင်းကို သူ မည်သို့ မျက်နှာပြနိုင်မည်နည်း။
"ရှောင်လန်... ငါ့မြေးက ဘာမှ အသုံးမကျဘူး... မင်းက အဖွဲ့ခေါင်းဆောင်ဆိုတော့ သူ့ကို ပိုပြီး သွန်သင်ပေးသင့်တယ်... သူ စကားနားမထောင်ရင် မင်း သူ့ကို သေသေချာချာ ဆူပူဆုံးမလိုက်..."
ကျန်းတာပေါင်သည် ကျန်းဝေ့ကော်အား လီလန်၏ မီးနဂါးမုဆိုးအဖွဲ့သို့ ဝင်ရောက်ခွင့်ပြုရန် သဘောတူလိုက်သည်။
"သူ့ကို ရိုက်သတ်မိရင်တောင် ငါ့တာဝန်ထားလိုက်..."
လီလန် - "..."
ဤအဘိုးအိုသည် စစ်မှန်သော စရိုက်လက္ခဏာရှိသည့် သူတစ်ဦးဖြစ်လေသည်။ တပ်ရင်းမှူးလီ၏ အကြမ်းတမ်းဆုံး စစ်သူကြီးများထဲမှ တစ်ဦးဖြစ်သည်မှာ အံ့သြစရာ မရှိတော့ချေ။
သူသည် ဂျပန်ဆန့်ကျင်ရေးစစ်ပွဲအတွင်း ဂျပန်ကျူးကျော်သူများနှင့် ဓားမကြီးကိုင်ကာ လက်ချင်းယှဉ် တိုက်ခိုက်ခဲ့သော တပ်ရင်းမှူးတစ်ဦးဟု ခေါ်ဆိုရန် အမှန်တကယ် ထိုက်တန်လှပေသည်။
"အဘိုးကျန်း... စိတ်မပူပါနဲ့... ဝေ့ကော် ကျွန်တော့်ဘေးမှာ ရှိနေသရွေ့ သူ့ကို ဂရုစိုက်ပါ့မယ်လို့ ကတိပေးပါတယ်... ဒီနေ့ကစပြီး သူ အသားစားရဖို့ သေချာစေရမယ်... ဟင်းရည်ပဲ သောက်နေစရာ မလိုစေရပါဘူး..."
"ဒါဆိုရင်တော့ အဘိုး စိတ်ချသွားပြီ..."
အဘိုးအိုက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
"ဝေ့ကော်... အဲဒါ ထုတ်လိုက်..."
"ဟင်..."
လီလန်သည် တွေးတောသွားသည်။ အဘိုးအိုက ဘာလုပ်ဖို့ ကြံစည်နေသနည်း။
"အစ်ကိုလန်...ဒါက အစ်ကို့အတွက်ပါ..."
"ကျွန်တော့်မိသားစုမှာ တန်ဖိုးရှိတာ ဘာမှမရှိပါဘူး... ဒီလက်မှတ်က လွန်ခဲ့တဲ့နှစ်နှစ်က အဘိုးရဲ့ စစ်ဘက်ရဲဘော်ဟောင်း လာလည်တုန်းက ပေးသွားခဲ့တာပါ..."
ကျန်းဝေ့ကော်သည် အိတ်ကပ်ထဲမှ တစ်စုံတစ်ရာကို မွှေနှောက်ရှာဖွေပြီးနောက် လက်မှတ်တစ်စောင်ကို ထုတ်ယူလိုက်သည်။
ထိုလက်မှတ်ကို မြင်လိုက်ရသောအခါ လီလန်၏ မျက်လုံးများက ပြူးကျယ်သွားတော့သည်။
ဤသည်ကား... စက်ဘီးလက်မှတ်တစ်ခုပင်တည်း။