အခန်း ၇၅
Vol. 8 Ch. 75
အခန်း (၇၅) မုဆိုးမပိုင်၊ ငါနဲ့ ဟိုခွေးမမှာ ဘယ်သူက ပိုကြီးလဲ
ပွဲစားများ၏ အလွန်အမင်း တက်ကြွနေမှုကြောင့် လီလန်မှာ မကိုင်တွယ်နိုင်တော့ပေ။
သူသည် ရှက်ရွံ့နေသဖြင့် လက်မခံရဲဘဲ အယောင်ယောင်အမှားမှားဖြင့် ပြန်ဖြေလိုက်လေသည်။
"အဖေနဲ့ ပြန်တိုင်ပင်လိုက်ပါဦးမယ်ဗျာ..."
အဘိုးကျန်းသည် လီလန်၏ အခက်တွေ့နေသော အခြေအနေကို သတိပြုမိသွားပြီး သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာ ပြုံးလိုက်လေ၏။
"ရှောင်လန်ကတော့ တကယ့်ကို လူလားမြောက်နေပြီပဲ သူက တော်တော်လေး လူကြိုက်များနေတာကိုး..."
ဤပွဲစားအဒေါ်ကြီးများတွင် အရင်းအမြစ်များစွာ ရှိနေကြသည်။ တစ်ဖက်ရွာမှ အလှပဂေးများ၊ ကုန်စည်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမအသင်းမှ အရောင်းစာရေးမများ၊ နိုင်ငံပိုင်စက်ရုံများမှ အမျိုးသမီးအလုပ်သမားများနှင့် မြို့ပေါ်မှ ကျောင်းဆရာမများ စသည်ဖြင့် တစ်ယောက်ထက်တစ်ယောက် ပို၍လှပကာ ပညာတတ်များသာဖြစ်ကြ၏။
"ရှောင်လန် မင်း အဒေါ်ရဲ့ ကမ်းလှမ်းမှုကို ဘာလို့ လက်မခံရတာလဲ..."
အဘိုးအို၏ အမြင်တွင်မူ အဒေါ်ကြီးများ မိတ်ဆက်ပေးသော မိန်းကလေးများမှာ လီရှန်းဟွာထက် များစွာသာလွန်နေလေသည်။
"နောက်မှ ကြည့်ရတာပေါ့ဗျာ၊ ကျွန်တော်က ငယ်ပါသေးတယ် မလောပါဘူး..."
လီလန်မှာ စိတ်ပျက်သွားတော့၏။
ဤအဘိုးကြီးက အဘယ်ကြောင့် သူ့ကို ရုတ်တရက် အိမ်ထောင်ပြုရန် ဖိအားပေးနေရသနည်း။
လီလန် မသိလိုက်သည်မှာ လူအုပ်ကြီး၏ အနောက်ဘက်ဆုံးတွင် ကြမ်းတမ်းသော မိန်းမတစ်ယောက်က သူ့အား အံကြိတ်ကာ စိုက်ကြည့်နေခြင်းပင် ဖြစ်သည်။
လီရှန်းဟွာပင် ဖြစ်၏။
"ခွေးသူတောင်းစားလီလန်…သူ့မှာ ဘာအရည်အချင်းရှိလို့လဲ သူလုပ်နိုင်တာဆိုလို့ တောဝက်တစ်ကောင် သတ်တာပဲ ရှိတာကို..."
"အဲဒါက ဘာများ သိပ်အထင်ကြီးစရာ ကောင်းနေလို့လဲ..."
"အဲ့အဒေါ်ကြီးတွေက မျက်လုံးကန်းနေကြတာလား လီလန်လို ကောင်မျိုးကိုတောင် သမီးတွေနဲ့ မိတ်ဆက်ပေးနေကြသေးတယ် သူ့မှာ ဘာတွေများ သိပ်ကောင်းနေလို့လဲ၊ ယွမ်တစ်ရာတန် တင်တောင်းစရိတ်ကိုတောင် မတတ်နိုင်တဲ့ကောင်ကို..."
"ကိုယ့်သမီးကို လီလန်နဲ့ ပေးစားတာက မီးတွင်းထဲကို တွန်းပို့နေတာနဲ့ အတူတူပဲ..."
လီရှန်းဟွာသည် လီလန်ထံသို့ အိမ်ထောင်ဖက်များ အလုအယက် မိတ်ဆက်ပေးနေကြသော အဒေါ်ကြီးများကို အထင်သေးစွာဖြင့် အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။
သူမ၏ မက်မွန်ပွင့်သဏ္ဌာန် မျက်လုံးများမှာ တောဝက်သားပေါ်တွင်သာ စူးစိုက်နေတော့၏။
အသား၏ မွှေးပျံ့သော အနံ့ကို တွေးကြည့်ရုံဖြင့်ပင် လီရှန်းဟွာမှာ တံတွေးများကို ခက်ခဲစွာ မျိုချနေရလေသည်။
ဤသည်မှာ တောဝက်သားများဖြစ်ပြီး ကျင်း (၆၀၀)ကျော်ခန့်ရှိသော တောဝက်သားများပင် ဖြစ်၏။
သို့သော် သူမသည် လီလန်ကို မမြင်ချင်ပေ။ သူမ အသားသွားယူသည်ကို သူ မြင်သွားမည်ကို စိုးရိမ်နေပြီး အကယ်၍ သူ မြင်သွားပါက သူမအား လှောင်ပြောင်မည်ကို ကြောက်ရွံ့နေမိသည်။
သို့သော် ရွှမ်းရွှေရွာရှိ အိမ်ထောင်စုတိုင်းမှာ တောဝက်သား ဆယ်ကျင်းနီးပါးစီ ရရှိသွားသည်ကို မြင်လိုက်ရသောအခါ လီရှန်းဟွာ၏ ပါးစပ်မှ သွားရည်များ ကျလာတော့၏။
အသားစားရရေးသည်သာ အရေးအကြီးဆုံး ဖြစ်လေသည်။ လီလန် မြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ ဂရုစိုက်နေစရာ မလိုပေ။ သူမက သူ့ကို ကြောက်နေမည်ဟု ထင်နေသလော။
"ဟွန့် ဒီအသားကို တပ်ဖွဲ့ခေါင်းဆောင်ရှန်းက ဝေပေးထားတာပဲ၊ ရွာထဲက မိသားစုတိုင်း စားလို့ရတာမို့လို့ ငါလည်း လိုချင်တယ်..."
လီရှန်းဟွာသည် ခေါင်းမာသော်လည်း သူမ၏ စိတ်နှလုံးထဲတွင်မူ အလွန်ရိုးသားလှသည်။ သူမသည် ခြေလှမ်းများကို ရွှေ့ကာ အသားခုတ်သည့် စင်ဘက်သို့ လျှောက်သွားပြီး သူမ၏ ဝေစုကို ယူရန် ပြင်ဆင်လိုက်လေ၏။
"ဟင်... ပိုင်ကျဲ့ပါလား..."
သူမက ဘာကြောင့် ပြန်ရောက်နေရသနည်း။
လီရှန်းဟွာသည် မျက်နှာပေါ်တွင် အပြုံးများပန်ဆင်ကာ လီလန်ထံသို့ လျှောက်သွားသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။ လီလန်ကလည်း ပြုံးပြကာ သူတို့နှစ်ဦးမှာ အလွန်ရင်းနှီးပုံရပြီး စကားများ ဖောင်ဖွဲ့နေကြလေသည်။
သူမ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့၏။
"ပိုင်ကျဲ့က မြို့ပေါ်ကို အိမ်ထောင်ကျသွားတာ မဟုတ်ဘူးလား၊ သူမရဲ့ ယောကျာ်းက နိုင်ငံပိုင်စက်ရုံက အလုပ်သမားတစ်ယောက်လေ၊ သူမက ဘာလို့ လီလန်နဲ့ အဲဒီလောက်တောင် နီးကပ်နေရတာလဲ..."
အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် လီလန်သည် အခြားအမျိုးသမီးများနှင့် နီးကပ်နေသည်ကို မြင်ရသောအခါ လီရှန်းဟွာမှာ နေမထိထိုင်မသာ ဖြစ်လာတော့သည်။
ထိုအဒေါ်ကြီးများက လီလန်ထံသို့ အိမ်ထောင်ဖက်များ အလုအယက် မိတ်ဆက်ပေးနေသည်ကို မြင်ရသောအခါ သူမမှာ ဒေါသထွက်လွန်း၍ ဤအခွင့်အရေးကောင်းကို ဖျက်ဆီးပစ်ချင်စိတ်များပင် ပေါ်လာမိလေသည်။
တိုတိုပြောရလျှင် လီလန် ပို၍ အခြေအနေ ကောင်းလာလေလေ၊ သူမ ပို၍ မပျော်မရွှင် ဖြစ်လာလေလေပင် ဖြစ်၏။
လီရှန်းဟွာသည် လီလန်နှင့် ပိုင်ကျဲ့တို့ ဘာတွေပြောနေကြသည်ကို ခိုးနားထောင်ရန် ရည်ရွယ်ချက်ဖြင့် အသားစင်အနီးသို့ မသိမသာ တိုးကပ်သွားလေသည်။
"လီရှန်းဟွာလား..."
ကျိုးလျဲ့ရှန်းသည် လီရှန်းဟွာကို မှတ်မိသွားပြီး မျက်မှောင်အနည်းငယ် ကုတ်လိုက်သည်။
"ခေါင်းဆောင်ကျိုး..."
"ကျွန်မအမေ ကျွန်မအမေက အသားလာယူခိုင်းလို့ပါ..."
တစ်ဖက်လူမှာ သူမ၏ မောင်ဖြစ်သူ၏ အကြီးအကဲဖြစ်သောကြောင့် လီရှန်းဟွာသည် အလွန်ယဉ်ကျေးနေလေသည်။ သူမသည် အသားစင်ပေါ်ရှိ ကျန်ရစ်နေသော တောဝက်သားတစ်တုံးကို ရှက်ရွံ့စွာဖြင့် လက်ညှိုးထိုးပြလိုက်၏။
အသားများမှာ ကုန်သလောက်ဖြစ်နေပြီဖြစ်ပြီး ဤသည်မှာ ကျိုးလျဲ့ရှန်းက သူ၏ မိသားစုအတွက် ဖယ်ချန်ထားသော နောက်ဆုံးအသားတစ်တုံးပင် ဖြစ်သည်။
"မင်းရဲ့မောင် လီလုံက ဒီတစ်ကြိမ်မှာ ကြီးမားတဲ့ အမှားကြီးကို ကျူးလွန်ခဲ့တာပဲ၊ သူက တောင်ပေါ်မှာ တာဝန်ကျနေတာကိုတောင် စွန့်ခွာသွားသေးတယ်..."
"ဒီအသားက မင်းတို့မိသားစုအတွက် မဟုတ်ဘူး..."
"ပြန်တော့..."
ကျိုးလျဲ့ရှန်းမှာ အလွန် စိတ်မရှည်တော့ဘဲ သူမအား လက်ကာပြကာ နှင်လွှတ်လိုက်လေသည်။
လီရှန်းဟွာ၏ မောင်နှစ်ယောက်ဖြစ်သော လီလုံနှင့် လီဟူတို့သည် ကိုယ့်ဒုက္ခကိုယ် ရှာခဲ့ကြခြင်းဖြစ်သည်။ သူတို့သည် တောင်ပေါ်တွင် လူရှာနေစဉ် တစ်ဝက်တစ်ပျက်နှင့် လက်လျှော့ခဲ့ရုံသာမက အခြားမုဆိုးများကိုပါ သွေးထိုးလှုံ့ဆော်ခဲ့ကြသည်။ ထို့ကြောင့် ကျိုးလျဲ့ရှန်းသည် လီရှန်းဟွာအပေါ် မည်သည့်အခါမျှ ရင်းနှီးသော အကြည့်ဖြင့် မကြည့်ခဲ့ခြင်း ဖြစ်၏။
"ခေါင်းဆောင်ကျိုး ဒီကိစ္စက..."
လီရှန်းဟွာ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားတော့သည်။
သူမက တောင်းဆိုလိုက်၏။
"ခေါင်းဆောင်ကျိုး ရွာထဲက လူတိုင်း ရကြတာကို ဘာလို့ ကျွန်မတို့ကျမှ မရတာလဲ..."
"ကျွန်မမောင်က ကျွန်မမောင်ပဲ ကျွန်မက ကျွန်မပဲလေ ဘယ်လိုလုပ် အတူတူ ဖြစ်နိုင်မှာလဲ..."
"ရှင် ကျွန်မကို အသားမပေးတာ ခွဲခြားဆက်ဆံတာပဲ ရှင်က အမျိုးသမီးတွေကို ခွဲခြားဆက်ဆံနေတာပဲ..."
လီရှန်းဟွာသည် သူမ၏ မိခင်ဖြစ်သော မုဆိုးမဝူ၏ အပြောအဆို ကြမ်းတမ်းမှုကို အမှန်တကယ် အမွေရထားခြင်း ဖြစ်သည်။ သူမ ပါးစပ်ဟလိုက်သည်နှင့် တစ်ပြိုင်နက် အခြေအနေကို ချက်ချင်း ပြောင်းလဲပစ်ကာ တစ်ဖက်လူကိုပင် အပြစ်တင်လိုက်သေး၏။
ကျိုးလျဲ့ရှန်းက လှောင်ပြုံး ပြုံးလိုက်သည်။ သူသည် ဤကိစ္စများတွင် အတွေ့အကြုံရင့်ကျက်နေသူဖြစ်ပြီး မုဆိုးမဝူမှာ မည်သို့သော လူစားမျိုးဖြစ်သည်ကို ကောင်းစွာ သိရှိထားလေသည်။
မည်သို့သော အပင်တွင် မည်သို့သော အသီး သီးသည်သာ ဖြစ်၏။ နဂါးက နဂါးကို မွေးဖွားပြီး ဖီးနစ်က ဖီးနစ်ကို မွေးဖွားကာ ကြွက်၏ သားကမူ တွင်းတူးတတ်လေသည်။
တူရာတူရာ ပေါင်းသင်းတတ်ကြစမြဲပင်။
လီရှန်းဟွာသည် မုဆိုးမဝူ၏ သမီးဖြစ်သောကြောင့် သူမက မည်သို့သော လူကောင်းမျိုး ဖြစ်နိုင်မည်နည်း။
မျက်စိနောက်သက်သာစေရန်အတွက် ကျိုးလျဲ့ရှန်းသည် သူမနှင့် စကားများနေရန် အချိန်မဖြုန်းချင်တော့ပေ။
"ခေါင်းဆောင်ကျိုး ဘာတွေဖြစ်နေတာလဲ..."
ဆူညံသံများကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူများ၏ အာရုံစိုက်မှုကို ရရှိသွားပြီး ရှန်းဖူကွေ့က အနီးသို့ ရောက်ရှိလာလေသည်။
"လီရှန်းဟွာလား..."
လီလန်သည်လည်း ဆူညံသံကို သတိပြုမိသွား၏။
"ရှောင်လန် ဘာဖြစ်လို့လဲ..."
ပိုင်ကျဲ့က စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။
ရှောင်လန်သည် သူမနှင့် စကားပြောကာ ရယ်မောနေခဲ့ပြီး ထိုညတွင် သူမ၏ အိမ်၌ ညစာစားရန် အစီအစဉ်ဆွဲထားခဲ့ကြသည်။ သူမကိုယ်တိုင် လီလန်အတွက် အရသာရှိသော အစားအစာများကို ချက်ပြုတ်ပေးမည် ဖြစ်လေသည်။
"ဘာမှမဖြစ်ပါဘူး ကျွန်တော် သဘောမကျတဲ့သူ တစ်ယောက်ကို မြင်လိုက်လို့ပါ..."
လီလန်က ခေါင်းခါပြလိုက်သည်။
သဘောမကျသောသူ ဟုတ်သလော။
ပိုင်ကျဲ့သည် လှည့်ကြည့်လိုက်ရာ လီရှန်းဟွာက ခေါင်းဆောင်ကျိုးနှင့် ထိပ်တိုက်တွေ့နေသည်ကို မြင်လိုက်ရ၏။
"မုဆိုးမဝူရဲ့ သမီးလား သူမနာမည်က လီရှန်းဟွာလို့ ထင်တယ်နော်..."
"သူမလား မင်းဆီကနေ တင်တောင်းစရိတ် ယွမ်တစ်ရာတောင်းခဲ့တဲ့ မိန်းမလေ..."
ပိုင်ကျဲ့သည် လီလန်၏ စေ့စပ်ပွဲတွင် တင်တောင်းစရိတ် ယွမ်တစ်ရာ တောင်းခံရပြီးနောက် စေ့စပ်ပွဲ ပျက်သွားသည့် အကြောင်းကို ရှင်းရှင်းလင်းလင်း ကြားသိထားပြီး ဖြစ်သည်။
"သူမက သာမန်ပါပဲ မင်းရဲ့ အစ်မလောက်တောင် မလှပါဘူး ယွမ်တစ်ရာတန် တင်တောင်းစရိတ်ကို ဘယ်လိုများ တောင်းရဲရတာလဲ..."
ပိုင်ကျဲ့သည် သူမ၏ လှပသော မျက်လုံးများဖြင့် လီရှန်းဟွာကို အထက်အောက် သေချာ ကြည့်ရှုလိုက်လေသည်။
"သူမမျက်နှာက အရမ်းရှည်တယ် အသားအရေကလည်း မည်းတယ် ပြီးတော့ တင်းတိပ်တွေလည်း ရှိသေးတယ် သူမက မလှပါဘူး..."
"ခါးကတုတ်တယ် ခြေထောက်က တိုတယ် ပြီးတော့ အသားပိုလေးတွေလည်း ရှိသေးတယ် ပိန်လှီပြီးတော့ အာဟာရချို့တဲ့နေတဲ့ပုံပဲ..."
ပိုင်ကျဲ့သည် ရင်အုပ်ကို မတ်ကာ သူမကိုယ်သူမ လီရှန်းဟွာနှင့် နှိုင်းယှဉ်လိုက်လေသည်။
"ရှောင်လန် အစ်မနဲ့ သူမမှာ ဘယ်သူက ပိုကြီးသလဲ..."
လီလန်၏ ရှေ့တွင် ရပ်နေသော ပိုင်ကျဲ့သည် ခါးကိုထောက်ကာ သွယ်လျသော ခါးကို ဆန့်ထုတ်လိုက်ပြီး သူမ၏ အလှပဆုံးသော ရင်သားများကို ဝင့်ကြွားစွာ ပြသလိုက်၏။
လီလန်၏ မျက်စိရှေ့တွင် ဖြူဖွေးတောက်ပနေသော အလင်းရောင်တစ်ခုကို ခံစားလိုက်ရတော့သည်။
"အစ်မပိုင်ကျဲ့ပဲ ဖြစ်ရမှာပေါ့..."
"အဲဒီလိုမှပေါ့ အစ်မ မင်းကို အလိုလိုက်ထားရကျိုး နပ်သွားတာပေါ့..."
လီလန် ... "..."
*မဟုတ်သေးဘူးလေ အစ်မရာ၊ အစ်မက ဘာလို့ ဟိုခွေးမနဲ့ သွားနှိုင်းယှဉ်နေရတာလဲ၊ နှိုင်းယှဉ်စရာ အကြောင်းကို မရှိတာကို…*
[ဒင်... ပိုင်ကျဲ့၏ နှစ်သက်ခြင်းအမှတ် +၃၀၀]
[ဒင်... ပိုင်ကျဲ့၏ နှစ်သက်ခြင်းအမှတ် +၃၀၀]
*ဟင်…*
ပိုင်ကျဲ့၏ နှစ်သက်ခြင်းအမှတ်က မည်သို့လုပ်၍ ဤမျှလောက်အထိ တိုးလာရသနည်း။
လီလန်မှာ အတော်လေး အံ့အားသင့်သွားတော့သည်။ ပိုင်ကျဲ့၏ အမှတ်များမှာ လွန်ခဲ့သော ရက်အနည်းငယ်က တုံယွီရှုဟု အမည်ရသော ပညာတတ်အမျိုးသမီးငယ်၏ အမှတ်များနှင့် သိပ်မကွာလှပေ။
မျက်နှာသာပေးမှု တစ်ကြိမ်အတွက် အမှတ် ၃၀၀ ပင် ဖြစ်၏။
"ဟိုခွေးမနဲ့ အစ်မနဲ့ ဘယ်သူက ပိုလှသလဲ..."
ပိုင်ကျဲ့သည် ရုတ်တရက် လှည့်လာပြီး သူမ၏ ဆွဲဆောင်မှုအပြည့်ရှိသော မျက်လုံးများဖြင့် လီလန်၏ မျက်လုံးများကို စိုက်ကြည့်လိုက်လေသည်။
ဤအချိန်တွင် ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုမှာ အပြည့်အဝ ပေါ်လွင်နေတော့၏။
အိမ်ထောင်ကျဖူးပြီး ကလေးတစ်ယောက် ရှိထားသော ပိုင်ကျဲ့မှာ အလွန်လှပကာ ဆွဲဆောင်မှုရှိပြီး ရင့်ကျက်မှုအပြည့် ရှိနေလေသည်။
လီလန်က တုံ့ဆိုင်းနေခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
"သေချာတာပေါ့ အစ်မပိုင်ကျဲ့ အစ်မက အလှဆုံးပါပဲ..."
"လီရှန်းဟွာက သူမကိုယ်သူမ ဘာမှတ်နေလို့လဲ သူမက အစ်မရဲ့ ဖိနပ်ကို သယ်ပေးဖို့တောင် မထိုက်တန်ပါဘူး..."
ယွမ်တစ်ရာတန် တင်တောင်းစရိတ်ကို အမြဲတမ်း တောင်းဆိုနေတတ်ပြီး လက်ထပ်ပြီးနောက်တွင်လည်း ကိုယ့်အပေါ် ကောင်းကောင်းဆက်ဆံမည် မဟုတ်သော၊ လူတစ်ယောက်ကဲ့သို့ မည်သည့်အခါမျှ မဆက်ဆံခဲ့သော ယုတ်မာသည့် မိန်းမတစ်ယောက်၊ သူမ၏ မောင်များကိုသာ ဂရုစိုက်တတ်သော အလိုလိုက်ခံထားရသည့် မိန်းမယုတ်တစ်ယောက်ဖြစ်၏။
ကလေးဘဝကတည်းက ကိုယ့်အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့ပြီး အမြဲတမ်း ဦးဆောင်ကာ ချက်ပြုတ်ပေးခြင်း၊ အဝတ်လျှော်ပေးခြင်းတို့ ပြုလုပ်ပေးတတ်သော ရင့်ကျက်ကာ ချဉ်းကပ်ရလွယ်ကူသည့် အိမ်နီးချင်း အစ်မကြီးတစ်ယောက်ဖြစ်ပြီး ချောင်ချောင်ပင်လျှင် မနာလိုဖြစ်ရလောက်သည့် ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသော အလွန်လှပသည့် မုဆိုးမတစ်ဦးပင်ဖြစ်သည်။
မည်သူ့ကို ရွေးချယ်မည်နည်း။
လီလန်က မဆိုင်းမတွပင် ပြန်ဖြေလိုက်လေသည်။
"ကျွန်တော်ကတော့ လှပတဲ့ မုဆိုးမကိုပဲ ရွေးမှာပေါ့..."