အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
အခန်း (၁၀၁)
အသက်မရှိသော နှလုံးသားလေး
ယခုအချိန်တွင် လန်ရွှယ်သည် တစ်စုံတစ်ခုကို ပြောချင်လျှင်ပင် သူမ၌ ဆင်ခြေပေးစရာ အကြောင်းပြချက် မရှိတော့ချေ။
ကုစဲ့ပေးသော စပျစ်သီးတစ်တွဲကို ယဲ့ယီ စားသုံးပြီးနောက်တွင် ကုရှီချန်းသည် နောက်ထပ်တစ်တွဲကို သူမထံ ကမ်းပေးလိုက်ပြီး ပြောလေ၏။
“ဒါက ပိုချိုတယ်”
[ယဲ့ယီရဲ့ ကံကောင်းမှုက ဘယ်လိုတောင်လဲ၊ ကောင်းကင်ဘုံကြီးရယ်... ဘယ်လိုတောင် မျက်နှာလိုက်နိုင်ရတာလဲ]
[တကယ့် စုံတွဲအစစ်တွေကမှ အားပေးရတာ အကောင်းဆုံးပဲ]
[အရင်က လူတိုင်းက အကောင်းမမြင်ခဲ့ကြတဲ့ ဒီမိသားစုက အခုတော့ အပျော်ရွှင်ဆုံး မိသားစု ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ]
ဖခင်ဖြစ်သူ ယဲ့ယီကို အလိုလိုက်ရန်အတွက် မိမိနည်းလမ်းအတိုင်း အတုခိုးနေသည်ကို မြင်သောအခါ ကုစဲ့၏ နှလုံးသားထဲတွင် ဖခင်ဖြစ်သူအပေါ် ရှုံ့ချနေလေ၏။
ယဲ့ယီ ဗိုက်ပြည့်နေပြီဖြစ်သော်လည်း ကုရှီချန်း၏ မျက်နှာကို ကြည့်ကာ ငြင်းပယ်ရမည့်စကားလုံးတို့မှာ လည်ချောင်းဝတွင် တစ်ဆို့နေမိသည်။ သူမသည် စပျစ်သီးများကို လှမ်းယူကာ ပါးစပ်ထဲသို့ ဆက်လက်၍ အတင်းထိုးထည့်နေရုံသာ တတ်နိုင်တော့သည်။
နောက်ထပ် လေးငါးလုံးခန့် စားပြီးနောက်တွင်မူ သူမ တကယ်ပင် ထပ်မစားနိုင်တော့ချေ။ သို့သော် ကုရှီချန်း၏ စေတနာကိုလည်း အလဟဿ အဖြစ်မခံလိုပေ။
ခဏတာ စဉ်းစားရခက်နေပြီးနောက် ယဲ့ယီသည် ပြီးပြည့်စုံသော ဖြေရှင်းနည်းတစ်ခုကို တွေးမိသွား၏။ ဤသည်မှာ စပျစ်သီးအခွံကို နွှာကာ ကုစဲ့ကို ခွံ့ကျွေးလိုက်ခြင်းပင် ဖြစ်သည်။
ကုစဲ့မှာ မစားချင်သော်လည်း ယဲ့ယီကို စိတ်မကောင်း မဖြစ်စေလိုသဖြင့် စပျစ်သီးအားလုံးကို ကုန်အောင် စားလိုက်ရသည်။
ထိုအချိန်တွင် ကုရှီချန်း၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။
‘သူက ကုစဲ့ပေးတဲ့ အသီးကျတော့ ကုန်အောင် စားပြီး ငါပေးတဲ့ အသီးကျတော့ မစားနိုင်ဘူးပေါ့လေ’
ကုရှီချန်းမှာ အလွန်ပင် စိတ်ဓာတ်ကျသွားရသည်။ မျှော်လင့်ထားသည့်အတိုင်း ယဲ့ယီ၏ နှလုံးသားထဲတွင် ကုစဲ့က သူ့ထက် ပို၍ အရေးပါနေခဲ့၏။
လူတိုင်း စားသောက်ပြီးခါနီးအချိန်တွင် ထုတ်လုပ်ရေးအဖွဲ့က နောက်ထပ် လုပ်ဆောင်ရမည့် တာဝန်ကို ကြေညာခဲ့လေသည်။
“စပျစ်ဝိုင်ချက်လုပ်ခြင်း”
ဝိုင်ချက်လုပ်သည့် လုပ်ငန်းစဉ်မှာ အတော်လေး ရှုပ်ထွေးလှသဖြင့် ထုတ်လုပ်ရေးအဖွဲ့က မိသားစုလေးစုကို အဖွဲ့နှစ်ဖွဲ့ ထပ်မံခွဲလိုက်ပြန်၏။
ထုတ်လုပ်ရေးအဖွဲ့က မဲနှိုက်၍ ကျရာအဖွဲ့ခွဲခြင်းဖြစ်သည်ဟု ဆိုသော်လည်း နောက်ဆုံးရလဒ်မှာ လူတိုင်း မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လာခဲ့လေ၏။
ယဲ့ယီ၏မိသားစုသည် သွမ့်ဟွေကျို၏ မိသားစုနှင့် တစ်ဖွဲ့တည်းကျကာ လန်ရွှယ်၏မိသားစုမှာမူ မန်ရှင်း၏ မိသားစုနှင့် တစ်ဖွဲ့တည်း ကျလေသည်။
တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်အပိုင်းတွင် ကြည့်ရှုသူအချို့က မသမာမှုများရှိနေသည်ဟု ရည်ရွယ်ချက်ရှိရှိ အော်ဟစ်နေကြတော့သည်။
[ထုတ်လုပ်ရေးအဖွဲ့က တကယ်ပဲ မဲနှိုက်ရဲလို့လား၊ ဒီလို ဟန်ဆောင်နေတာတွေကို ရပ်လိုက်ပါတော့]
[ဒါရိုက်တာ :ကျွန်တော့်အသက်ကိုပဲ ယူလိုက်ကြပါတော့]
[ဒီအပိုင်း ရိုက်ကူးဖို့အတွက် သွမ့်ဟွေကျိုကို ဒါရိုက်တာက ဆွဲထားနိုင်တာကိုက တော်တော်လေး ဟန်ကျနေပါပြီ။ အားလုံးပဲ ဒါရိုက်တာကို မသေခိုင်းပါနဲ့ဦး]
[သွမ့်ဟွေကျိုနဲ့ ချန်ထျန်မင်းတို့ ထိပ်တိုက်တွေ့တာကို မမြင်ရပေမဲ့ လန်ရွှယ်နဲ့ မန်ရှင်းတို့ကိုတော့ ကြည့်ရဦးမှာပဲ။ မန်ရှင်းက ချန်ထျန်မင်းကို စိတ်ဝင်စားနေတာ သေချာတယ်။ လန်ရွှယ်ကို သူ မောင်းထုတ်နိုင်မလားဆိုတာပဲ ကြည့်ကြတာပေါ့]
အဖွဲ့ခွဲသည့် ရလဒ်ကို မြင်ပြီး လန်ရွှယ်တစ်ယောက်သာ ဒေါသအထွက်ဆုံး ဖြစ်နေ၏။
သို့သော်လည်း မည်သည့်မိသားစုနှင့် အဖွဲ့ကျကျ လန်ရွှယ်မှာ ပျော်ရွှင်နိုင်မည်မဟုတ်ပေ။
အဖွဲ့ရလဒ်များကို သိရှိပြီးနောက် မန်ရှင်းသည် ချန်ထျန်မင်းအနားသို့ ကပ်ကာ အမြဲတစေ နှောင့်ယှက်နေတော့၏။
လန်ရွှယ်မှာ ဒေါသထွက်လွန်း၍ သေလုမတတ် ဖြစ်နေရသော်လည်း ချန်ထျန်မင်းမှာမူ မန်ရှင်း၏ ချဉ်းကပ်မှုများကို ငြင်းပယ်ခြင်း မရှိခဲ့ပေ။
သွမ့်ဟွေကျိုနှင့် ပတ်သက်သည့် ကိစ္စကြောင့် ချန်ထျန်မင်းသည် လန်ရွှယ်အပေါ် စိတ်ပျက်သွားပြီဖြစ်ကြောင်း မန်ရှင်း ခံစားလိုက်မိသဖြင့် သူမသည် ပို၍ပင် ဘဝင်မြင့်လာတော့သည်။
ယခင်က သူမသည် မိမိ၏သမီးကို ချန်ဟောင်ယုအား မျက်နှာချိုသွေးခိုင်းရန်သာ တွေးခဲ့သော်လည်း ယခုအခါ ပို၍ကောင်းမွန်သော အခွင့်အရေး ရောက်ရှိလာပြီ ဖြစ်ရာ ဤအခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။
ထုတ်လုပ်ရေးအဖွဲ့သည် အဖွဲ့နှစ်ဖွဲ့စလုံးအတွက် စပျစ်သီးပမာဏ တူညီစွာ ပြင်ဆင်ပေးထားပြီး သင်ကြားပြသပေးရန် ဝိုင်ချက်ကျွမ်းကျင်သူ နှစ်ဦးကိုလည်း ရှာဖွေပေးထားလေ၏။
ဤပြိုင်ပွဲမှာ ထွက်ရှိလာမည့် ဝိုင်၏ အရည်အသွေးအပေါ် မူတည်၍ ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။ ဝိုင်သည် အချိန်တိုအတွင်း အချောသတ်နိုင်မည် မဟုတ်သော်လည်း ကျွမ်းကျင်သူများက ထုတ်လုပ်သည့် လုပ်ငန်းစဉ်ကို ကြည့်ရုံဖြင့် အရည်အသွေးကို ခန့်မှန်းနိုင်ကြလေသည်။ အနိုင်ရသော အဖွဲ့သည် လက်ရာမြောက်လှသော ကစားစရာ အရုပ်နှစ်ရုပ်ကို ဆုအဖြစ် ရရှိမည် ဖြစ်၏။
လိုအပ်သော ပစ္စည်းများကို ပြင်ဆင်ပြီးစီးသောအခါ ထုတ်လုပ်ရေးအဖွဲ့က ပြိုင်ပွဲစတင်ပြီဖြစ်ကြောင်း ကြေညာလိုက်တော့သည်။
အမျိုးသမီးများနှင့် ကလေးများအားလုံးသည် စပျစ်သီးများကို ဆေးကြောရန် တာဝန်ယူရ၏။ မန်ရှင်းသည် လန်ရွှယ်၏ အနားသို့ ကပ်ကာ ရည်ရွယ်ချက်ရှိရှိဖြင့် တိုးတိုးလေး ကပ်ပြောလိုက်လေသည်။
“ကျွန်မက ချန်ကတော်နေရာအတွက် ညီမနဲ့ ပြိုင်ဖို့ အစီအစဉ် မရှိပါဘူး၊ ဒါပေမဲ့ ကံမကောင်းတာက ညီမကိုယ်တိုင်က အစ်မကို ဒီအခွင့်အရေး ပေးခဲ့တာလေ”
လန်ရွှယ်၏ လက်များမှာ အလိုအလျောက် တန့်သွားပြီး အေးစက်စွာဖြင့် ပြန်ပြောလိုက်လေ၏။
“ဒီအပိုင်း ရိုက်ကူးပြီးသွားတဲ့အခါမှာလည်း အစ်မ ဒီလိုပဲ ရယ်နိုင်သေးဖို့ မျှော်လင့်ပါတယ်”
မန်ရှင်းကမူ ဂရုမစိုက်ပေ။
“ဒီအပိုင်း ပြီးသွားရင် ချန်ကတော်နေရာမှာ ပိုင်ရှင်အသစ် ရှိနေလောက်ပြီလေ”
ကင်မရာရှုထောင့်အရ ၊ ထိုသူနှစ်ဦးမှာ လျှို့ဝှက်ချက်များကို တီးတိုးပြောနေကြသည့်အလား ဆက်ဆံရေး ကောင်းမွန်နေပုံ ပေါက်နေ၏။
သို့သော် ခေတ်သစ် ရှာလော့ဟုမ်း ဝိညာဉ်များ ပူးကပ်နေသော အင်တာနက်အသုံးပြုသူများကမူ အမှန်တရားကို ခန့်မှန်းမိကြသည်။
[ဒီနှစ်ယောက်ကတော့ အပြန်အလှန် စောင်းမြောင်းနေကြပြီဆိုတာကို ငါ့မှာရှိတဲ့ အာလူးကြော်တစ်ထုပ်နဲ့ လောင်းကြေးထပ်ရဲတယ်]
[မန်ရှင်းက စကားနာထိုးနေတာ ဖြစ်ရမယ်၊ လန်ရွှယ် ကြည့်ရတာ သနားစရာလေး]
[ဒီမန်ရှင်းကတော့ တကယ်ပဲ အရှက်မရှိတာပဲ။ အဲဒီနေရာကို သူ တကယ် ရနိုင်မယ်လို့ ထင်နေတာလား]
[ပြောရခက်တယ်လေ။ မတော်တဆ ရသွားရင် ဘယ်လိုလုပ်မလဲ။ လန်ရွှယ်ကလည်း အစကတည်းက အစားထိုး တစ်ယောက်ပဲဟာ]
အခြားတစ်ဖက်တွင်မူ ယဲ့ယီနှင့် နန်ချင်ဝမ်တို့သည် စပျစ်သီးများကို ဆေးကြောနေကြ၏။ နန်ချင်ဝမ် က ယဲ့ယီကို တိုးတိုးလေး ကပ်ပြောလိုက်သည်။
“ရှောင်ယီ... စီအီးအိုကု စိတ်ကောက်နေပြီ။ နင် သွားပြီးတော့ ချော့လိုက်ပါဦး”
ယဲ့ယီမှာ ကြောင်တောင်တောင် ဖြစ်သွားသည်။
‘ကုရှီချန်းက ဘယ်အချိန်မှာ ပြန်ပြီး စိတ်ကောက်သွားပြန်တာလဲ’
သူမ လုံးဝ သတိမထားမိခဲ့ပေ။
နန်ချင်ဝမ် ခေါင်းယမ်းလိုက်၏။
‘ယဲ့ယီ တကယ်ပဲ မမြင်တာလား၊ ကာယကံရှင် မမြင်တာ မဆန်းပါဘူးလေ’
“စီအီးအိုကု ပေးတဲ့ စပျစ်သီးတွေကို အခွံနွှာပြီး ရှောင်စဲ့ကို ခွံ့ကျွေးလိုက်ကတည်းက သူ့မျက်နှာ မကောင်းတော့တာ သူ တကယ်ပဲ မပျော်မရွှင် ဖြစ်နေတာ သိသာတယ်”
“ဘာကို မပျော်စရာ ရှိလို့လဲ၊ ကျွန်မက သူ့သားကို သူ့ကိုယ်စား ဂရုစိုက်ပေးနေတာလေ၊ သူက ပိုတောင် ပျော်သင့်သေးတယ်”
ယဲ့ယီ ဖြောင့်မတ်စွာ ဆိုလိုက်သည်။
“ညီမက ပုံမှန်ဆိုရင် တော်တော်လေး ဉာဏ်ကောင်းပါတယ်၊ ဒါမဲ့ ခံစားချက်တွေနဲ့ ပတ်သက်လာရင် ဘာလို့ ဒီလောက်တောင် ထုံထိုင်းနေရတာလဲ”
နန်ချင်ဝမ် စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်၏။
‘ရှောင်စဲ့ပေးတာ အားလုံးကို ညီမကုန်အောင် စားတယ်၊ ဒါပေမဲ့ စီအီးအိုကု ပေးတာကိုကြတော့ လေးငါးလုံးပဲ စားတယ်။ စီအီးအိုကုကတော့ သိသိသာသာကို သဝန်တိုနေတာပဲ”
ယဲ့ယီသည် နန်ချင်ဝမ် တစ်ယောက် အဓိပ္ပာယ်မရှိသော စကားများကို ပြောနေသည်ဟု ထင်မှတ်ကာ ပြန်မေးလိုက်လေ၏။
“သူက သူ့သားအရင်းကို ဘယ်လိုလုပ် သဝန်တိုမှာလဲ”
နန်ချင်ဝမ်မှာ ကိုယ့်နဖူးကိုသာ လက်ဖြင့် ရိုက်လိုက်မိတော့သည်။
‘ထားလိုက်ပါတော့လေ။ နှလုံးသားရေးရာကိစ္စတွေကို သူ့ဘာသာ ရှိပါစေတော့’
ယဲ့ယီနှင့် အတူရှိပြီးနောက်တွင် ယဲ့ယီသည် ကုရှီချန်းကို လုံးဝ မချစ်ကြောင်း နန်ချင်ဝမ် သိရှိသွားခဲ့သည်။ ကုရှီချန်းကို ကြည့်သည့် ယဲ့ယီ၏ အကြည့်များထဲတွင် ချစ်ခြင်းမေတ္တာ အရိပ်အယောင် မရှိသော်လည်း ကုရှီချန်း၏ မျက်လုံးထဲတွင်မူ ချစ်ခြင်းတို့ဖြင့် ပြည့်လျှံနေလေ၏။
ကံကောင်းသည်မှာ သူတို့နှစ်ဦး လက်ထပ်ပြီးသား ဖြစ်နေခြင်းပင်။ ကုရှီချန်းအနေဖြင့် ယဲ့ယီ၏ နှလုံးသားကို အနိုင်ယူရန်မှာ အချိန်အတိုင်းအတာတစ်ခုသာ လိုအပ်ကြောင်း နန်ချင်ဝမ် ခံစားမိနေ၏။
သို့သော် နန်ချင်ဝမ် မသိသည်မှာ သူတို့နှစ်ဦးသည် မကြာမီ ကွာရှင်းကြတော့မည် ဖြစ်သည်။
နန်ချင်ဝမ် ပြောသည်မှာ လုံးဝ မှားယွင်းနေသည်ဟု ယဲ့ယီ ခံစားနေရသော်လည်း နောက်ပိုင်းတွင် ကုရှီချန်းကို ရှင်းပြရန် ဆုံးဖြတ်လိုက်တော့၏။
စပျစ်သီးများကို ဆေးကြောပြီးနောက် ယဲ့ယီသည် ကုရှီချန်း အနားသို့ လျှောက်သွားကာ လည်ချောင်းရှင်းသလို ဟန်ဆောင်လိုက်ပြီး ပြောလိုက်၏။
“အဟမ်း... အဲဒီစပျစ်သီးတွေကို ကုစဲ့ကို ခွံ့ကျွေးလိုက်တာက ကျွန်မ ထပ်ပြီး မစားနိုင်တော့လို့ပါ”
ထိုသို့ ပြောပြီးနောက် ကုရှီချန်း၏ မျက်နှာအမူအရာကို မော့ကြည့်လိုက်သည်။
ကုရှီချန်းသည် အေးစက်စက် အာဏာရှင် စီအီးအို ပုံစံကိုသာ ဆက်လက်ထိန်းသိမ်းထားပြီး သူမ ပြောသည်ကို နားလည်ကြောင်း ခေါင်းညိတ်ပြရုံသာ ပြုလေ၏။
[မမနန်ချင်ဝမ် တစ်ယောက် လျောက်တွေးနေတာလို့ ပြောသားပဲ။ ကုရှီချန်းက သူ့သားကို ဘယ်လိုလုပ် သဝန်တိုမှာလဲ။ သူ ဒီလောက်အထိတော့ သဘောထားမသေးပါဘူး]
‘သဘောထားသေးသော’ ကုရှီချန်းမှာမူ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရ၏။
ထို့နောက်တွင် လူတိုင်းသည် ကျွမ်းကျင်သူများ၏ လမ်းညွှန်မှုအောက်တွင် ပူးပေါင်းကာ ဝိုင်ချက်လုပ်ခြင်းကို စတင်ကြတော့သည်။
သို့သော်လည်း လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေစဉ်အတွင်း သွမ့်ဟွေကျိုသည် လန်ရွှယ်ရှိရာဘက်သို့ တစ်ခါတစ်ရံ လှမ်းကြည့်နေခဲ့၏။
တစ်ကြိမ်နှစ်ကြိမ်ဆိုလျှင် ကိစ္စမရှိသော်လည်း ဤလူမှာ တစ်မိနစ်လျှင် အကြိမ်ပေါင်း ခြောက်ဆယ်ခန့် ကြည့်နေလေ၏။
ယဲ့ယီသည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ပြောချလိုက်၏။
“ဘာလဲ၊ သူများမိန်းမက အဲဒီလောက်တောင် ကြည့်လို့ကောင်းနေလို့လား”
နန်ချင်ဝမ်မှာ ကျယ်လောင်စွာ ရယ်မောမိတော့မည့်အရေးကို အနိုင်နိုင် ထိန်းလိုက်ရ၏။ ယဲ့ယီသည် လန်ရွှယ်မှာ အိမ်ထောင်ရှိပြီးသား ဖြစ်ကြောင်းကို သွမ့်ဟွေကျိုအား ရည်ရွယ်ချက်ရှိရှိ သတိပေးလိုက်ခြင်းဖြင့် သူ၏ နှလုံးသားကို ပက်ပက်စက်စက် ရိုက်ခွဲလိုက်လေ၏။
သွမ့်ဟွေကျိုသည် ယဲ့ယီကို စိုက်ကြည့်လိုက်သည်။
ယဲ့ယီကလည်း အလျှော့ပေးမည့်သူ မဟုတ်ပေ။
“ဘာလို့ ကျွန်မကို လာစိုက်ကြည့်နေတာလဲ၊ ရှင်ချစ်တဲ့သူကို လက်ထပ်သွားတာ ကျွန်မမှ မဟုတ်တာ”
တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်အပိုင်းတွင် ရယ်သံများဖြင့် ဖုံးလွှမ်းသွားလေတော့သည်။
[ဟာဟားဟား၊ ယဲ့ယီကတော့ သွမ့်ဟွေကျိုကို မျက်နှာပျက်အောင် လုပ်လိုက်တာပဲ။ သူ့ နှလုံးသားကို အသေသတ်လိုက်တာ]
[ယဲ့ယီက ဘာမဆို ပြောရဲတာပဲ။ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် အဲဒီစကားက တကယ့်ကို ထိမိတယ် ဟားဟား]
[ငါတို့ရဲ့ ယဲ့ပေါင်က လူတွေကို ဝေဖန်ရင် ထိထိမိမိ ဝေဖန်တာ။ ဒီလို လူမျိုးကတော့ အဆဲခံရဖို့ပဲ ထိုက်တန်တယ်]
[“သူများမိန်းမ” တဲ့ ဟားဟားဟားဟားဟား]
အခန်း (၁၀၂)
ပွဲကြည့်လိုက်စမ်းပါ
ယဲ့ယီ၏ မှတ်ချက်စကားအပြီးတွင် သွမ့်ဟွေ့ကျို တစ်ယောက် မျက်နှာအရေခွံ မည်မျှပင် ထူပါစေ လန်ရွှယ်ကို ဆက်၍မကြည့်ရဲတော့ပေ။ ထို့ကြောင့် ဝိုင်ပြုလုပ်ရာတွင်သာ လိမ်လိမ်မာမာ ကူညီပေးနေခဲ့ရသည်။
အချိန်ကန့်သတ်ချက် ရှိနေသည့်အတွက် လုပ်ငန်းစဉ်၏ တစ်ဝက်ခန့်သာ ပြီးစီးနိုင်ခဲ့ပြီး ကျန်ရှိသည့် ဒုတိယအဆင့် အချဉ်ဖောက်ခြင်း လုပ်ငန်းစဉ်ကိုမူ အလုပ်သမားများကသာ ဆက်လက်လုပ်ဆောင်သွားရမည်။
အရာအားလုံးသည် အစီအစဉ်တကျ လည်ပတ်နေစဉ်မှာပင် မန်ရှင်းသည် မြေပြန့်ပေါ်တွင် ရုတ်တရက် ခလုတ်တိုက်ကာ တိုက်တိုက်ဆိုင်ဆိုင်ပင် ချန်ထျန်မင်းပေါ်သို့ လဲကျသွားလေသည်။
ချန်ထျန်မင်းသည် မန်ရှင်းကို တွန်းမထုတ်သည့်အပြင် သူမကို စိုးရိမ်တကြီးပင် ကြည့်ရှုလိုက်သေး၏။ လန်ရွှယ်မှာ ထိုမြင်ကွင်းကြောင့် ဒေါသတကြီး ဖြစ်နေသော်လည်း ဘာမှမပြောဘဲ ဝမ်းနည်းပူဆွေးနေသည့် မျက်နှာပေးဖြင့်သာ ကြည့်နေရရှာသည်။
ထိုအရာသည် သွမ့်ဟွေကျိုကို ရင်ကွဲမတတ် ခံစားရစေ၏။ သူသည် လန်ရွှယ်ကို ချက်ချင်းပင် သွားရောက်ကာ နှစ်သိမ့်ချင်မိသည်။ သို့သော်လည်း ယခုအချိန်တွင် သူ မည်သို့ ရဲတင်းနိုင်မည်နည်း။ သူ လန်ရွှယ်ရှိရာဘက်သို့သာ မကြာခဏ ခိုးကြည့်နေရုံသာ တတ်နိုင်လေတော့သည်။
အခြားသူများကမူ သူ့ကို အရေးမလုပ်ဘဲ ဝိုင်ပြုလုပ်ခြင်းကိုသာ အာရုံစိုက်နေကြ၏။
မန်ရှင်းသည် ချန်ထျန်မင်း၏ ရင်ခွင်ထဲတွင် အကြာကြီး နေနေသည်ကို မြင်သောအခါ လန်ရွှယ်က ရှေ့သို့တက်၍ သူမကို ဆွဲထုတ်လိုက်တော့သည်။
“ရှောင်ရှင်း... ယောက်ျားနဲ့ မိန်းမကြားမှာ စည်းဆိုတာ ရှိသင့်တယ်။ ရှင် ကျွန်မခင်ပွန်းရဲ့ ရင်ခွင်ထဲမှာ ဒီလိုမျိုးနေနေတာက မသင့်တော်ဘူးလို့ ထင်တယ်”
မန်ရှင်း အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် ပြောလိုက်၏။
“ရွှယ်အာ... အထင်မလွဲပါနဲ့ဦး။ ငါက အစ်ကိုထျန်မင်းကို ငါ့အစ်ကိုအရင်းတစ်ယောက်လိုပဲ အမြဲသဘောထားခဲ့တာပါ။ ခုနက တကယ်ပဲ ဟန်ချက်ပျက်သွားလို့ပါ”
သို့သော်လည်း ကင်မရာများနှင့် ချန်ထျန်မင်း မမြင်နိုင်သည့် နေရာတွင်မူ မန်ရှင်းက လန်ရွှယ်ကို ရန်စသော အကြည့်ဖြင့် ကြည့်လိုက်လေ၏။
ချန်ထျန်မင်းကလည်း လန်ရွှယ်ကို ပြောဆိုလိုက်လေသည်။
“ငါက ရှောင်ရှင်းကို ထိန်းပေးရုံတင်ပါ၊ မင်းကလည်း သိပ်ပြီး အပိုတွေ မလုပ်စမ်းပါနဲ့”
[ဒီမန်ရှင်းကတော့ တကယ့် စနှိုက်မပဲ။ တကယ်ပဲ ဟန်ချက်ပျက်သွားတယ် ဆိုရင်တောင် တခြားသူရဲ့ ခင်ပွန်းရင်ခွင်ထဲမှာ ဒီလောက်ကြာကြာ နေစရာမလိုပါဘူး]
[ငါတို့စင်ကြယ်တဲ့ မန်ရှင်းလေးက ချန်ထျန်မင်းကို အစ်ကိုတစ်ယောက်လိုပဲ သဘောထားတာလို့ ပြောပြီးပြီလေ။ နင်တို့က ဘာလို့ ဒီလောက်ထိ ဖြစ်နေကြတာလဲ]
[ဟွန်း၊ အစ်ကိုအရင်း ဟုတ်လား။ ‘ရည်စားအစ်ကို’ လို့ ပြောရင် ပိုမှန်မယ် ထင်တယ်]
[ မန်ရှင်းကတော့ တကယ့် pick me girl ပဲ။ ရှက်တတ်ရင် ကောင်းမှာပဲ]
[ငါ့ရဲ့ လန်ရွှယ်လေးကတော့ သနားစရာပါပဲ။ ဝမ်းနည်းလွန်းလို့ မျက်လုံးတွေတောင် နီနေပြီ]
သွမ့်ဟွေကျိုသည် သူ၏ နတ်သမီးလေး မတရားခံနေရသည်ကို မကြည့်ရက်တော့ဘဲ လန်ရွှယ်အတွက် တရားမျှတမှု တောင်းဆိုရန် ပြင်ဆင်လိုက်တော့၏။
သို့သော်လည်း ကံမကောင်းစွာဖြင့် သူ ထရပ်လိုက်သည့်အခါ စားပွဲခြေထောက်နှင့် တိုက်မိသွားလေသည်။ ထို့ကြောင့် ယဲ့ယီနှင့် အခြားသူများ တစ်နေကုန် ကြိုးစားပမ်းစား လုပ်ကိုင်ထားသော ဝိုင်များမှာ မှောက်ကျသွားလေတော့သည်။
ကံကောင်းထောက်မစွာဖြင့် ကုရှီချန်းသည် လျင်မြန်စွာပင် ဝိုင်ပုလင်းကို ချက်ချင်း ဖမ်းဆွဲလိုက်နိုင်သော်လည်း ဝိုင်တစ်ဝက်ကျော်မှာ မြေပေါ်သို့ ဖိတ်စင်သွားခဲ့၏။
သွမ့်ဟွေကျို မှာ လန်ရွှယ်အတွက် တရားမျှတမှု တောင်းဆိုရန် ကြိုးပမ်းမှုကို ရပ်တန့်လိုက်ရ၏။ သူသည် အနည်းငယ်မျှပင် တောင်းပန်စကား မဆိုပေ။
“ငါ တမင်လုပ်တာ မဟုတ်ဘူး”
ထိုသို့ ပြောပြီးနောက် ထွက်သွားရန် ပြင်လေတော့သည်။
ယဲ့ယီကမူ သွမ့်ဟွေကျိုကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့၏။
[၁၊ ၂၊ ၃။ ]
ယဲ့ယီသည် စိတ်ထဲမှ သုံးအထိ ရေတွက်လိုက်သည်နှင့် တစ်ပြိုင်နက် သွမ့်ဟွေကျိုသည် ဖရဲသီးခွံကို နင်းမိကာ ရှေ့သို့ မှောက်လျက်သား လဲကျသွားတော့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် သွမ့်ဟွေကျိုသည် ဖိတ်စင်ထားသော ဝိုင်များပေါ်သို့ တည့်တည့်မတ်မတ် လဲကျသွားလေ၏။ သူ၏ အဝတ်အစားများပေါ်တွင် ဝိုင်ကွက်များ ပေကျံကုန်ပြီး ကြည့်ရဆိုးနေခဲ့သည်။
သွမ့်ဟွေကျို သည် မြေပြင်မှ ထရပ်ကာ သူ့ခြေထောက်အောက်ရှိ ဖရဲသီးခွံကို ကြည့်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။
“ဘယ်သူက ဒီဖရဲသီးခွံကို ဒီမှာ လာပစ်ထားတာလဲ”
သွမ့်ကျားကျားက အသံတိုးတိုးလေးဖြင့် ဝန်ခံလေသည်။
“ဖေဖေ... သမီး တောင်းပန်ပါတယ်။ သမီး အဲဒီဖရဲသီးခွံကို ပစ်လိုက်တာပါ”
ဝန်ထမ်းများက ကလေးလေးဦးကို ဖရဲသီးတစ်စိတ်စီ ကျွေးခဲ့ရာ ၊ သွမ့်ကျားကျားသည် ဖရဲသီးခွံကို ထိုနေရာတွင် ခဏထားပြီးမှ ပြန်လာသိမ်းရန် ကြံရွှယ်ထားခြင်း ဖြစ်သော်လည်း အဖေဖြစ်သူက လာနင်းမိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
သွမ့်ဟွေကျိုသည် အလွန်အမင်း ပေါက်ကွဲချင်နေသော်လည်း ကင်မရာများရှေ့မှောက်တွင် ဖြစ်နေသောကြောင့် ဒေါသကို အံကြိတ်မျိုသိပ်လိုက်ရ၏။
“နောက်ခါ အမှိုက်ကို စည်းမဲ့ကမ်းမဲ့ မပစ်နဲ့”
ရိုက်ကူးရေးအဖွဲ့သားများက သွမ့်ဟွေကျိုကို သန့်ရှင်းရေးလုပ်ရန် အပြေးအလွှား ခေါ်ဆောင်သွားကြ၏။
[ဒါက ဝဋ်လည်တာလား။ သွမ့်ဟွေကျိုက ယဲ့ယီတို့ တစ်နေကုန် လုပ်ထားတဲ့ ဝိုင်တွေကို မှောက်လိုက်လို့ စက္ကန့်ပိုင်းအတွင်း ဝဠ်လည်တာပဲ]
[ဟားဟားဟား... သွမ့်ဟွေကျိုကတော့ ခံရတာ နည်းတောင်နည်းသေးတယ်။ ဒီလို လူယုတ်မာမျိုး လဲသေသွားရင်တောင် ကောင်းမယ်]
[သွမ့်ဟွေကျိုက လန်ရွှယ်ဆီ သွားဖို့ လုပ်နေတာမလား။ ကံဆိုးလိုက်တာ၊ ပွဲကောင်းလေး ပျက်သွားပြီ]
[သွမ့်ဟွေ့ကျိုက သူ့သမီးကိုတောင် ကျေးဇူးတင်သင့်သေးတယ်။ ဒီဖရဲသီးခွံသာ မရှိရင် သူ ချန်ထျန်မင်းရဲ့ နာမည်ပျက်စာရင်းထဲ ချက်ချင်းရောက်သွားနိုင်တယ်]
ယဲ့ယီသည် မြေပေါ်တွင် ဖိတ်စင်နေသော ဝိုင်များကို ကြည့်ရင်း အလွန်ပင် နှမြောတသ ဖြစ်နေသည်။ ထိုအသုံးမကျသော သွမ့်ဟွေကျိုကြောင့် သူမ ပထမဆုံးအကြိမ် ဖောက်ထားသည့် ဝိုင်လေး နှမြောစရာ ဖြစ်သွားရလေပြီ။
ယဲ့ယီ၏ မျက်နှာရိပ်မျက်နှာကဲကို မြင်သောအခါ ကုရှီချန်းသည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပြောလိုက်၏။
“မင်း ဝိုင်ကို သဘောကျတယ်ဆိုရင် နောက်ကျရင် ကိုယ် မင်းကို ပြင်သစ်ကို ခေါ်သွားပေးမယ်။ အဲဒီမှာ ကိုယ့် ရဲ့ ကိုယ်ပိုင် စပျစ်ခြံ ရှိတယ်”
[အားပါးပါး... ဥက္ကဌကုကတော့ တကယ်ကို အမိုက်စား ပါပဲ]
[ဒါက ချမ်းသာတဲ့သူတွေရဲ့ အရှိန်အဝါလား။ ယဲ့ယီကို မနာလိုဖြစ်ရတဲ့ နောက်ထပ် နေ့တစ်နေ့ပေါ့]
[ဥက္ကဌကုရဲ့ ဇနီးအပေါ် အလိုလိုက်ပုံကတော့ တကယ်ကို မိုက်တယ်။ သူတို့ ဘယ်တော့ ကလေးယူမှာလဲ။ ငါ အခုပဲ ပစ္စည်းတွေအကုန်ထုပ်ပြီး သူတို့ဆီမှာ လူပြန်ဝင်စားဖို့ သွားတော့မယ် ]
[နှစ်ယောက်လုံးက အာဏာရှိ ဥက္ကဌတွေ ဆိုပေမဲ့ ငါတို့ရဲ့ ဥက္ကဌကုက ချန်ထျန်မင်းထက် ပိုချောရုံတင်မကဘူး၊ ပိုပြီးတော့လည်း သစ္စာရှိသေးတယ်]
[ အီးဟီး... မင်းရဲ့ ဘဝက ငါ့အတွက်တော့ အိမ်မက်ပါပဲ]
ယဲ့ယီ သည် ကုရှီချန်း၏ ကြွယ်ဝမှုကြောင့် နောက်တစ်ကြိမ် ထပ်မံ မှင်သက်သွားရပြန်သည်။
အာဏာရှိ ဥက္ကဌ ဆိုသည်မှာ အမှန်တကယ်ပင် အရှိန်အဝါ ကြီးမားလှပေသည်။ သို့သော်လည်း သူမ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့၏။
[ကုရှီချန်းက ဒီလောက် ချမ်းသာတာ၊ ငါတို့ ကွာရှင်းကြတဲ့အခါ သူ ငါ့ကို ပိုက်ဆံ ဘယ်လောက်ပေးမလဲ မသိဘူး။ ငါက လောဘ မကြီးပါဘူး၊ သန်း ၁၀၀ ဒါမှမဟုတ် ၂၀၀ လောက်ဆိုရင် ရပါပြီ။ အဲဒီလောက် ပိုက်ဆံရလာရင် ငါ ဘယ်လို သုံးရမလဲ]
ကုရှီချန်းသည် ယဲ့ယီမှာ မိမိ၏စကားကြောင့် စိတ်လှုပ်ရှားသွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း သူမသည် သူ့ပိုက်ဆံကိုသာ မျက်စိကျနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကုရှီချန်းခမျာ အားကိုးရာမဲ့သလို ခံစားလိုက်ရ၏။ ယဲ့ယီသည် သူ့ပိုက်ဆံကိုသာ ချစ်ပြီး သူ့ကို မချစ်ပေ။
သွမ့်ဟွေကျို ပြန်ရောက်လာသည့်အခါ ယဲ့ယီသည် “ဖူး” ခနဲ ရယ်သံ ထွက်သွားလေ၏။
းသွမ့်ဟွေကျိုသည် ဝန်ထမ်းတစ်ဦး၏ ယူနီဖောင်းကို ဝတ်ဆင်ထားရပြီး ဝိုင်စပ်သည့် ဘားတင်ဒါတစ်ဦးနှင့် အလွန်တူနေလေသည်။ ထိုဝတ်စုံကို ဝတ်လိုက်ပြီးနောက် သူ့ရုပ်ရည်မှာလည်း အလွန်ပင် ကျဆင်းသွားခဲ့ရ၏။
ယဲ့ယီ ရယ်နေသည်ကို မြင်သောအခါ သွမ့်ဟွေကျို၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။
ဤစိုက်ပျိုးရေး အပန်းဖြေစခန်းသည် ဆင်ခြေဖုံးရပ်ကွက်တွင် ရှိနေပြီး အနီးအနားတွင် ဈေးဝယ်စင်တာ မရှိပေ။ ထုတ်လုပ်ရေးအဖွဲ့က အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း ဝန်ထမ်းယူနီဖောင်းကိုသာ တွေ့ရှိခဲ့သဖြင့် သွမ့်ဟွေကျိုကို ယာယီ ဝတ်ဆင်ခိုင်းထားပြီး အဝတ်အစားသစ် ဝယ်ရန် မြို့ထဲသို့ လူလွှတ်ထားလေ၏။
ယဲ့ယီသည် သွမ့်ဟွေကျို၏ ပုံစံကို ကြည့်လေလေ ရယ်ချင်လေလေ ဖြစ်နေပြီး နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
“ယဲ့ ယီ”
သွမ့်ဟွေကျိုမှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရင်နေခဲ့လေ၏။
“ကျွန်မအမှားပါ၊ ကျွန်မအမှားပါ၊ ကျွန်မ တမင်ရယ်တာ မဟုတ်ပါဘူး။ ကျွန်မ သွားတွေက ပိတ်လှောင်နေသလို ခံစားရလို့ အပြင်ထွက်ပြီး လေညင်းခံချင်နေကြလို့ပါ”
[ဟားဟားဟား... ‘သွားတွေကို လေညင်းခံခိုင်းတယ်’ ဆိုတာက ဘယ်လို အဓိပ္ပာယ်ကြီးလဲ]
[ဒါတွေ ခဏထားဦး၊ သွမ့်ဟွေကျိုရဲ့ ပုံစံက တကယ်ကို ရယ်ရပါတယ်ကွာ ]
[ယဲ့ယီ တကယ်ကို ရက်စက်တာပဲ။ တခြားသူကို ဒီလို ဘယ်လိုများ ရယ်နိုင်ရတာလဲ။ ရယ်ချင်ရင်လည်း ကွယ်ရာမှာ ရယ်ရမှာပေါ့]
[ရုတ်တရက် သွမ့်ဟွေကျို အရင်လို မချောတော့ဘူးလို့ ခံစားရတယ်။ ဘာတွေ ဖြစ်ကုန်တာလဲ]
သွမ့်ဟွေကျို၏ သနားစရာကောင်းသော အခြေအနေကို မြင်သောအခါ နန်ချင်ဝမ်လည်း မအောင့်နိုင်ဘဲ လိုက်ရယ်လေ၏။
သွမ့်ဟွေကျို နန်ချင်ဝမ်ကို စိုက်ကြည့်လိုက်သော်လည်း သူမကမူ အနည်းငယ်မျှ မကြောက်ဘဲ ဆက်၍သာ ရယ်နေခဲ့သည်။
ထိုကဲ့သို့ ဝတ်စုံမျိုးနှင့် ဖြစ်နေသောကြောင့် သွမ့်ဟွေကျိုသည် လန်ရွှယ်ဆီ သွားရန် ရှက်ရွံ့နေမိ၏။
လန်ရွှယ်သည် အချိန်အတော်ကြာ ဝမ်းနည်းနေခဲ့သော်လည်း ချန်ထျန်မင်း သူမကို လုံးဝ မချော့သည့်အပြင် မန်ရှင်းနှင့်သာ စကားပြောနေခဲ့၏။ ချန်ဟောင်ယုနှင့် မန်ကျီတုန်တို့ကလည်း သူတို့အနားတွင် ရှိနေကြသည်။ ထိုအခိုက်အတန့်တွင် လန်ရွှယ်မှာ အပြင်လူတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး သူတို့လေးယောက်မှာမူ မိသားစုတစ်စုကဲ့သို့ ပုံစံပေါက်နေတော့သည်။
[ချန်ထျန်မင်း ဘာဖြစ်နေတာလဲ။ ငါ့ရဲ့ လန်ရွှယ်လေးကို လုံးဝ ဂရုမစိုက်ဘူး]
[ငါ့ရဲ့ ရွှယ်အာလေးက တကယ်ကို သနားစရာပဲ။ သူ ဘာမှမမှားဘဲနဲ့ ဘာလို့ ဒီလောက် ခံစားနေရတာလဲ]
[အမှန်တော့ ချန်ထျန်မင်းက လန်ရွှယ်ကို စိတ်ဆိုးတာက ဖြစ်သင့်ပါတယ်။ ဘယ်လူမှ ကိုယ့်ဇနီး ဖောက်ပြန်တာကို လက်မခံနိုင်ဘူးလေ။ အထူးသဖြင့် ချန်ထျန်မင်းလို ချမ်းသာတဲ့ မိသားစုက လူမျိုးပေါ့]
[ဒါပေမဲ့ ငါ့ရဲ့ ရွှယ်အာလေးကလည်း သားကောင်ပဲလေ။ သူက အရမ်းရိုးသားလွန်းတာပဲ ရှိတာ၊ အဲဒါက ဘာမှားလို့လဲ]
[အဲ့တာ အမှန်မဟုတ်ရင်တောင် ချန်ထျန်မင်း အရှက်ကွဲခဲ့ပြီးပြီလေ။ ဒါ့အပြင် ဘယ်သူက သွမ့်ဟွေကျိုကို ချန်ထျန်မင်းရှေ့မှာ ထပ်ပေါ်လာခိုင်းလို့လဲ။ သူ ဒေါသထွက်တာ မဆန်းပါဘူး]
[ချမ်းသာတဲ့ မိသားစုတွေရဲ့ ကိစ္စက ငါတို့ သာမန်လူတွေနဲ့ မဆိုင်ပါဘူး။ အေးအေးဆေးဆေးပဲ ပွဲကြည့်ကြရအောင်]