အခန်း (၁၀၃-၁၀၄)
Vol. 11 Ch. 103-104
အခန်း (၁၀၃)
သနားစရာ ကောင်လေး
မွန်းလွဲပိုင်းသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ နောက်ဆုံးရလဒ်များကို ကြေညာရမည့် အချိန်သို့ ရောက်ရှိလာခဲ့၏။
နှစ်ဖက်စလုံးမှ ထွက်ရှိလာသော ဝိုင်အရည်အသွေးမှာ ဆင်တူသော်လည်း ယဲ့ယီတို့ဘက်တွင် ပမာဏ နည်းပါးသွားသည့်အတွက် နောက်ဆုံးတွင် လန်ရွှယ်တို့အဖွဲ့ကသာ အနိုင်ရရှိသွားခဲ့၏။
သွမ့်ဟွေကျိုသည် မိမိကြောင့် ရှုံးနိမ့်ခဲ့ရသည်ကို နားလည်ထားသဖြင့် တစ်ခွန်းတစ်လေမျှပင် ထပ်မံ၍ မဟရဲတော့ပေ။
ဆုလာဘ်များအဖြစ် လီဂို စက်ရုပ်တစ်ရုပ်နှင့် အလွန်လက်ရာမြောက်သည့် ဘာဘီရုပ် တစ်ရုပ်ကို ပေးအပ်ခဲ့သည်။
ဆုကို လက်ခံရရှိပြီးနောက် ချန်ဟောင်ယုသည် ကုစဲ့ ရှေ့မှောက်တွင် တမင်သက်သက် ကြွားလုံးထုတ်လေတော့သည်။
“မင်းသာ ငါ့ကို ‘ကိုကို’ လို့ ခေါ်မယ်ဆိုရင် ဒီစက်ရုပ်ကို ခဏပေးဆော့မယ်”
ကုစဲ့သည် သူ့ကို တစ်ချက် ကြည့်လိုက်ပြီး အေးအေးဆေးဆေးပင် ပြန်ပြောလေ၏။
“အိမ်မှာ တစ်ရုပ်ရှိပြီးသား”
ချန်ဟောင်ယုကမူ ကုစဲ့ မာနကြီး၍ ဟန်ဆောင်နေခြင်းသာ ဖြစ်သည်ဟု ထင်မှတ်ကာ ပြန်ပြောလေ၏။
“ငါ မယုံပါဘူး”
ကုစဲ့မှာမူ ရှင်းပြရန် စိတ်မပါပေ။
သို့သော်လည်း သွမ့်ကျားကျားသည် မန်ကျီတုန်၏ လက်ထဲရှိ ဘာဘီရုပ်ကလေးကို အားကျတမ်းတသော မျက်လုံးများဖြင့် ငေးကြည့်နေသည်။
နန်ချင်ဝမ်သည် သွမ့်ကျားကျား၏ အကြည့်ကို သတိပြုမိသွားပြီး သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးကာ ညင်သာစွာပြောလိုက်၏။
“သမီးလေး အိမ်ပြန်ရောက်ရင် မေမေ တစ်ရုပ်ဝယ်ပေးမယ်လေ၊ ဟုတ်ပြီလား”
သွမ့်ကျားကျားက ခေါင်းခါပြလေသည်။
“ကျားကျား မလိုချင်ပါဘူး။ မေမေ့အတွက် ပိုက်ဆံတွေ စုထားလိုက်ပါ။ ကျားကျားမှာ ဘာဘီရုပ် တစ်ရုပ် ရှိပြီးသားပဲလေ”
သွမ့်ကျားကျားသည် ငယ်စဉ်ကတည်းကပင် အလွန်လိမ္မာသော ကလေးတစ်ယောက် ဖြစ်သည်။ သူမသည် နန်ချင်ဝမ်ကို ကစားစရာများ ပျက်စီးသွားမှသာ အသစ်တောင်းလေ့ရှိပြီး အလွန်အမင်း ဈေးကြီးသော လက်ဆောင်များကိုလည်း မည်သည့်အခါမျှ တောင်းဆိုလေ့မရှိပေ။
သို့သော်လည်း သွမ့်ကျားကျားဘက်မှ ပို၍ လိမ္မာပြလေလေ နန်ချင်ဝမ် ရင်ထဲတွင် ပို၍ နာကျင်ခံစားရလေလေ ဖြစ်၏။ မွေးရာပါ လိမ္မာရေးခြားရှိသော ကလေးဟူ၍ မရှိပေ။ မိဘကို ငဲ့ညှာသောကြောင့်သာ ထိုသို့ ပြုမူတတ်ကြခြင်း ဖြစ်သည်။
ယဲ့ယီသည် ရှေ့သို့တိုးလာပြီး သွမ့်ကျားကျား၏ ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်ကာ မြှောက်ပင့်လိုက်သည်။
“ငါတို့ ကျားကျားလေးက သိပ်လိမ္မာတာပဲ”
[ဒီလောက် လိမ္မာတဲ့ မိန်းကလေးမျိုးသာ ငါ့ရဲ့ ချွေးမဖြစ်လာရင် သိပ်ကောင်းမှာပဲ]
ကုရှီချန်း၏ ဘေးတွင် ရပ်နေသော ကုစဲ့သည် ယဲ့ယီ၏ စိတ်ထဲမှ အတွေးများကို ကြားလိုက်ရသဖြင့် ဘာကြောင့်မှန်းမသိ နေရခက်သွားတော့၏။
‘ငါက အခုမှ ခုနစ်နှစ်သားပဲ ရှိသေးတာကို မေမေက ဒီကိစ္စတွေကို တွေးနေဖို့ သိပ်စောလွန်းနေတယ် မဟုတ်လား’
သို့သော်လည်း သွမ့်ကျားကျားသည် အငိုသန်သည်ကလွဲလျှင် အတော်လေး ချစ်ဖို့ကောင်းသည်ဟု ကုစဲ့ တွေးမိလေ၏။
သို့သော် ကုစဲ့ကမူ သူ၏ အနာဂတ် ညီမလေးသည်သာ ကမ္ဘာပေါ်တွင် ချစ်စရာ အကောင်းဆုံး ဖြစ်လိမ့်မည်ဟု ယုံကြည်နေခဲ့သည်။
တစ်နေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးနောက် ညနေပိုင်းတွင် ရိုက်ကူးရေးအဖွဲ့က လူတိုင်းအတွက် ခမ်းနားသော စားသောက်ပွဲကြီးကို ပြင်ဆင်ပေးထားခဲ့သည်။
လူတိုင်း စုပေါင်းစားသောက်ရင်း စကားစမြည် ပြောဆိုနေကြလေ၏။ ကြည့်ရသည်မှာ အလွန်ပင် နွေးထွေးစရာကောင်းသော မြင်ကွင်းဖြစ်နေသည်။ သို့သော် ကံမကောင်းစွာ သူတို့ကြားမှ ဆက်ဆံရေးများမှာမူ အနည်းငယ် ရှုပ်ထွေးနေခဲ့၏။
မန်ရှင်းသည် ချန်ထျန်မင်းနှင့် စကားစရန် အဆက်မပြတ် ကြိုးစားနေခဲ့သဖြင့် လန်ရွှယ်မှာ ဘေးတွင် အထီးကျန်စွာ ပစ်ပယ်ခံထားရသည်။ တစ်ဖက်တွင်လည်း သွမ့်ဟွေကျိုသည် သူကိုယ်သူ မသိသာဘူးဟု ထင်ကာ လန်ရွှယ်ကို မကြာခဏ ခိုးကြည့်နေလေ၏။
ယဲ့ယီကမူ ထို ‘လေးပွင့်ဆိုင် အချစ်ဇာတ်လမ်း’ ကို ကြည့်ရင်း မြိန်ရည်ယှက်ရည် စားသောက်နေခဲ့ပြီး အလွန်ပင် စိတ်လှုပ်ရှား ပျော်ရွှင်နေမိသည်။
ထိုထမင်းဝိုင်းတွင် လန်ရွှယ်တစ်ယောက်သာ အလွန်အမင်း အသက်ရှူကျပ်သလို ခံစားနေရ၏။အကြည့်ဖြင့်သာ လူသတ်နိုင်စွမ်းသာ ရှိမည်ဆိုပါက မန်ရှင်းသည် သူမ၏လက်ထဲတွင် အပိုင်းပိုင်း ပြတ်သွားခဲ့သည်မှာ ကြာလှပြီ ဖြစ်မည်။
မန်ရှင်းသည် ချန်ထျန်မင်း၏ နားသို့ တိုးကပ်နေခဲ့ပြီး ချန်ထျန်မင်းကလည်း သူမကို တွန်းထုတ်ရန် အရိပ်အယောင်မျှပင် မပြခဲ့ပေ။ နောက်ပိုင်းတွင် မန်ရှင်းသည် ချန်ထျန်မင်း၏ ပန်းကန်ထဲသို့ ဟင်းများပင် ခပ်ထည့်ပေးလာခဲ့၏။
ချန်ထျန်မင်းကလည်း ဘာမှမဖြစ်သကဲ့သို့ စားသောက်နေခဲ့ပြီး သူ့ဇနီးဖြစ်သူ လန်ရွှယ်၏ ခံစားချက်ကို လုံးဝ ထည့်မတွက်ပေ။
လန်ရွှယ်အပေါ် ထားရှိသော ချန်ထျန်မင်း၏ သဘောထားကို မြင်သောအခါ မန်ရှင်းသည် လန်ရွှယ်ကို ဖယ်ရှားပြီး သူမကိုယ်တိုင် ‘မစ္စစ်ချန်’ နေရာကို ရယူနိုင်မည်ဟု ပို၍ပင် ယုံကြည်ချက် ရှိလာခဲ့၏။ အင်တာနက် အသုံးပြုသူများ၏ စကားများကို မန်ရှင်းသည် အနည်းငယ်မျှ ဂရုစိုက်မည် မဟုတ်။
သူမအနေဖြင့် ချမ်းသာသော မိသားစုထဲသို့ ဝင်ရောက်နိုင်မည်ဆိုပါက ဆဲဆိုခံရလျှင်ပင် အရေးမကြီးပေ။ အဆိုးဆုံးဖြစ်လာပါက ဖျော်ဖြေရေးလောကမှ ထွက်လိုက်ရုံသာ ရှိသည်။
မန်ရှင်းမှာ တွေးလေလေ ပို၍ ပျော်ရွှင်လေလေ ဖြစ်လာပြီး သူမကိုယ်သူမ ‘မစ္စစ်ချန်’ ဖြစ်နေပြီဟုပင် သဘောထားကာ လန်ရွှယ်ကို လုံးဝ လျစ်လျူရှုပြီး အဆက်မပြတ် ရန်စနေ၏။
အင်တာနက် အသုံးပြုသူများကလည်း ထိုဒရာမာဇာတ်လမ်းကို ကြည့်ရင်း အလွန်ပင် သဘောကျနေကြတော့သည်။
[ဟားဟား... ဒီလေးပွင့်ဆိုင် အချစ်ဇာတ်လမ်းက တကယ့်ကို စိတ်လှုပ်ရှားစရာပဲ။ ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ အစီအစဉ်မျိုး မတွေ့ရတာ ကြာပြီ]
[သွမ့်ဟွေကျိုကို ဆက်ထားပေးတဲ့ ဒါရိုက်တာကို တကယ် ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ ပွဲကို ဘယ်လိုကြည့်ရမလဲ]
[ရိုက်ကူးရေးအဖွဲ့က လူရွေးတာ တကယ်တော်တာပဲ။ ကြည့်ရှုသူတွေ တရဟော တိုးလာတော့မှာပဲ]
[မန်ရှင်းက လန်ရွှယ်ကို တကယ်ပဲ ကန်ထုတ်ပြီး သူ့ နေရာယူနိုင်မလားဆိုတာ ငါ သိချင်နေပြီ]
[လန်ရွှယ်က အဲဒီလောက် အလွယ်တကူ ဖယ်ထုတ်လို့ ရမယ် မထင်ဘူး။ ချမ်းသာတဲ့ မိသားစုထဲကို လက်ထပ်နိုင်ခဲ့တဲ့သူက ဘာအရည်အချင်းမှ မရှိဘဲနဲ့တော့ မဖြစ်နိုင်ဘူးလေ]
အဖွဲ့သားများ၏ အချင်းချင်း လှည့်စားတိုက်ခိုက်မှုများကြားတွင် နောက်ဆုံးတော့ ထမင်းဝိုင်းသည် ပြီးဆုံးသွားခဲ့၏။ နောက်တစ်ဆင့်မှာ ကိုယ်ပိုင် အားလပ်ချိန် ဖြစ်သည်။ အခန်းထဲတွင် ကင်မရာများ တပ်ဆင်ထားခြင်း မရှိသည့်အတွက် အပြင်သို့ ထွက်မလာသရွေ့ ရိုက်ကူးခြင်း ခံရမည် မဟုတ်ပေ။ သို့သော် အပြင်ဘက်တွင်မူ တိုက်ရိုက်ထုတ်လွှင့်မှုက ဆက်လက် ရှိနေလိမ့်မည်။
လန်ရွှယ်နှင့် ချန်ထျန်မင်းတို့သည် အခန်းထဲသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ချန်ထျန်မင်းသည် သူမကို စတင်၍ ဒေါသပုံချလေတော့သည်။
“အဲဒီ သွမ့်ဟွေကျိုနဲ့ အလှမ်းဝေးဝေး နေမယ်ဆိုတာ ဒါကို ပြောတာလား”
သူ ဟောက်လိုက်သည်။
လန်ရွှယ်သည် ညိုးငယ်စွာဖြင့် ပြန်ပြောလိုက်သည်။
“ဒါရိုက်တာက ဘာလို့ သူ့ကို ဒီအပိုင်းမှာ ပါခိုင်းတာလဲဆိုတာ ကျွန်မလည်း မသိဘူးလေ။ ဒါရိုက်တာကို ဖုန်းဆက်ပြီး သွမ့်ဟွေ့ကျိုကို လူစားလဲခိုင်းလိုက်ရမလား”
“ဘယ်သူနဲ့ လဲမှာလဲ။ အစီအစဉ်က စနေပြီ၊ ဘယ်လိုလုပ် လူစားလဲလို့ ရတော့မှာလဲ”
ချန်ထျန်မင်းက ပြတ်ပြတ်သားသား ဆိုလေသည်။
လန်ရွှယ်သည် ချန်ထျန်မင်း၏ ယနေ့ အပြုအမူများအတွက် ပြန်လည် အပြစ်တင်ချင်သော်လည်း သူမ မရဲခဲ့ပေ။ ကံကောင်းထောက်မစွာပင် သူမတွင် အစီအစဉ်တစ်ခု ရှိပြီးသား ဖြစ်နေ၏။ သူမ၏ နေရာကို မည်သူမှ လာလု၍ ရမည်မဟုတ်ပေ။
ချန်ထျန်မင်းသည် ရေချိုးခန်းထဲ ဝင်သွားစဉ်မှာပင် လန်ရွှယ်သည် လျုံရုံထံသို့ စာတစ်စောင်ကို တိတ်တဆိတ် ပေးပို့လိုက်၏။
[အစ်မ ရှာဖွေထားသမျှ အရာအားလုံးကို မနက်ဖြန် မွန်းတည့်အချိန်မှာ အွန်လိုင်းပေါ် တင်လိုက်တော့]
တစ်ဖက်မှ ရိုးရှင်းစွာ ပြန်ကြားလာခဲ့သည်။
“ကောင်းပြီ”
လန်ရွှယ်သည် နှုတ်ခမ်းမဲ့လိုက်ကာ ကျိန်ဆိုလိုက်၏။
“မန်ရှင်း နင်သာ ငါ့ယောက်ျားကို လုရဲလုကြည့်။ နင့်ကို နောင်တရအောင် ငါ လုပ်ပြမယ်”
အခြားတစ်ဖက်တွင်မူ ယဲ့ယီသည် ဝရန်တာရှိ ကုလားထိုင်ရှည်ပေါ်တွင် လဲလျောင်းရင်း ကြယ်ရောင်စုံသည့် ကောင်းကင်ယံကို ငေးကြည့်နေခဲ့၏။
ကြယ်ကလေးများကို ကြည့်ရင်း ယဲ့ယီသည် သူမ၏ အတိတ်ဘဝကို ရုတ်တရက် သတိရသွားလေသည်။ ထိုစဉ်က သူမတွင် မည်သည့် နောက်ခံအားကိုးမှ မရှိသဖြင့် လိုချင်သည့် အရာကို ရရှိရန်အတွက် ကြိုးစားအားထုတ်မှု တစ်ခုတည်းဖြင့်သာ ရူးသွပ်သော စစ်သည်တော်တစ်ဦးကဲ့သို့ မနားမနေ လုပ်ကိုင်ခဲ့ရသည်။
ထိုအချိန်က လူအများက သူမ၏ သရုပ်ဆောင်စွမ်းရည်ကို ချီးကျူးကြပြီး ပါရမီပါသည်ဟု ပြောဆိုကြသော်လည်း သူမကိုယ်တိုင်ကမူ သူမသည် ပင်ကိုယ်ပါရမီရှင် မဟုတ်မှန်း သိနေ၏။ သူမ၏ သရုပ်ဆောင်စွမ်းရည်များသည် သူမ၏ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုများမှတစ်ဆင့်ချင်း တစ်ဆင့်ချင်း ထုဆစ်ခဲ့ရခြင်း ဖြစ်၏။
[ဒီလို ပတ်ဝန်းကျင်မျိုးမှာ ဝိုင်ကောင်းကောင်း တစ်ပုလင်းလောက်သာ ရှိရင် သိပ်ကောင်းမှာပဲ]
ကုရှီချန်းသည် ယဲ့ယီ၏ ထိုအတွေးကို ကြားလိုက်ရ၏။
သူသည် ယဲ့ယီ၏ ဘေးရှိ ကုလားထိုင်တွင် ဝင်ထိုင်လိုက်ပြီး ခပ်အေးအေးပင် မေးလိုက်၏။
“မင်း တကယ်ပဲ အခု သောက်ချင်နေတာလား”
“သောက်ချင်ရင်တောင် ဘာလုပ်လို့ ရမှာလဲ”
“မင်း တကယ်သောက်ချင်ရင် ကိုယ် ရှာပေးလို့ ရပါတယ်”
“ထားလိုက်ပါတော့၊ ကျွန်မတို့ အစီအစဉ် ရိုက်နေတာလေ”
သူမ မူးသွားသည့် အချိန်က ကုရှီချန်းကို သူမ၏ သကြားကောင်လေး အဖြစ် ထားချင်သည်ဟု ပြောခဲ့မိသည်ကို မှတ်မိနေသေး၏။ ထိုကိစ္စကြောင့် ကုရှီချန်းသည် ရက်အတော်ကြာ စိတ်ကောက်နေခဲ့သည် မဟုတ်လော။
သူတို့ နှစ်ဦးသည် ခဏလောက် တိတ်ဆိတ်စွာ ထိုင်နေကြပြီးနောက် ယဲ့ယီက ရုတ်တရက် မေးလိုက်၏။
“ကုရှီချန်း ရှင့်ရဲ့ မိသားစုဝင်တွေ အကုန်လုံးက ဘယ်မှာလဲ”
ယဲ့ယီသည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များထဲတွင် ကုရှီချန်း၏ မိသားစုနှင့် ပတ်သက်သော မည်သည့် အချက်အလက်ကိုမျှ ရှာမတွေ့ခဲ့ပေ။ ထိုစဉ်က သူတို့နှစ်ဦးသည် မင်္ဂလာဆောင်ပင် မလုပ်ခဲ့ဘဲ လက်ထပ်စာချုပ်သာ ချုပ်ဆိုခဲ့ကြ၏။ မိဘများနှင့် တွေ့ဆုံခြင်းလည်း မရှိခဲ့ပေ။
သို့သော်လည်း ကုရှီချန်းမိဘမဲ့တစ်ယောက် ဖြစ်သည်ဟု ဝတ္ထုထဲတွင် မဖော်ပြထားကြောင်း ယဲ့ယီ မှတ်မိနေသေး၏။
ကုရှီချန်းသည် ခဏတာ တိတ်ဆိတ်သွားလေ၏။ထို့နောက် ပြန်ဖြေလိုက်သည်။
“ကိုယ့် အဖေက ကိုယ်ငယ်ငယ်တုန်းကပဲ ဆုံးသွားတာပါ။ ကိုယ့်အမေကတော့ ကိုယ့်အစ်ကိုကြီးနဲ့အတူ ပြည်ပမှာ အခြေချပြီး နေတယ်”
ကုရှီချန်း၏ လေသံမှာ အလွန်ပင် အေးစက်နေပြီး သူနှင့် ဘာမှမသက်ဆိုင်သော လူများအကြောင်း ပြောနေသကဲ့သို့ပင်။
ယဲ့ယီသည် ကုရှီချန်းနှင့် သူ၏ မိသားစုကြားတွင် ဆက်ဆံရေး မကောင်းနိုင်ကြောင်း အလိုလို သိလိုက်၏။ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီး မိခင်ဖြစ်သူကလည်း အစ်ကိုဖြစ်သူနောက် လိုက်ကာ ပြည်ပသို့ ထွက်သွားသဖြင့် သူ့ကို ဤနိုင်ငံတွင် တစ်ယောက်တည်း ထားရစ်ခဲ့ကြသည် မဟုတ်လော။
ယဲ့ယီသည် ကုရှီချန်းကို အလွန်ပင် သနားစရာ ကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။
‘ပိုက်ဆံတွေ ချမ်းသာနေတော့ကော ဘာထူးမှာလဲ၊ မိသားစုရဲ့ အချစ်ကိုမှ မရတာပဲ’
[သနားစရာ ကောင်လေးပါလား]
ကုရှီချန်းသည် ယဲ့ယီ၏ အတွေးကို ကြားလိုက်ရချိန်တွင် အလွန်ပင် မှင်သက်သွားရ၏။
‘ သူ ငါ့ကို ပြောနေတာလား’
ကုရှီချန်းသည် ယဲ့ယီ သူ့ကို ဘာကြောင့် သနားစရာ ကောင်လေးဟု ထင်နေရသည်ကို နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။ သူ့ဖခင်မှာ စောစီးစွာ ကွယ်လွန်သွားခဲ့သော်လည်း သူ၏ မိခင်နှင့် အစ်ကိုဖြစ်သူတို့မှာ သူ့အပေါ် အလွန်ကောင်းကြ၏။
သူတို့သည် ပြည်ပတွင် အခြေချနေထိုင်ရခြင်းမှာလည်း အစ်ကိုဖြစ်သူ၏ ကုမ္ပဏီမှာ ထိုနေရာတွင် အခြေစိုက်ထားခြင်းကြောင့် ဖြစ်ပြီး သူ၏ မိခင်ကလည်း ပြည်ပရှိ လူနေမှုပုံစံကို သဘောကျသောကြောင့်သာ ဖြစ်လေသည်။
အခန်း (၁၀၄)
ရုပ်ဆိုးအကျည်းတန်သော အပြုအမူ
ယဲ့ယီသည် သူမ၏ စိတ်ကူးထဲတွင် ချမ်းသာသော မိသားစုများ၏ ကြီးကျယ်ခမ်းနားလှသော ဒရာမာဇာတ်လမ်းကြီးတစ်ပုဒ်ကို ဖန်တီးနေခြင်းကို ကုရှီချန်း လုံးဝမရိပ်မိခဲ့ချေ။
ယဲ့ယီသည် ကုလားထိုင်ပေါ်တွင် ဆက်လက်လဲလျောင်းရင်း ကြယ်အပြည့်ရှိသော ကောင်းကင်ယံကိုသာ ငေးကြည့်နေခဲ့၏။ ညလေပြည်လေးသည် သူမ၏အနားသို့ ဖြတ်တိုက်သွားသည်။ ထိုလေအေးအေးကလေးသည် အနည်းငယ် အေးမြသော ခံစားချက်ကို ပေးစွမ်းသော်လည်း ချမ်းတုန်သွားစေလောက်သည်အထိတော့ မဟုတ်ပေ။
ကုရှီချန်းသည် ယဲ့ယီကို တိတ်တဆိတ် ကြည့်နေခဲ့၏။ သူ့တွင် ပြောစရာစကား အများကြီး ရှိနေသော်လည်း ဘယ်ကနေ စပြောရမှန်း မသိဖြစ်နေသည်။
သူသည် ယဲ့ယီကို တကယ်ပင် စွဲလန်းနှစ်သက်သွားမိပြီ ဖြစ်သည်။ သူမသည် အားကိုးမရသလို ထင်ရသော်လည်း တစ်ခုခုကို စိတ်ပိုင်းဖြတ်လိုက်လျှင်မူ အလွန်အမင်း ကြိုးစားအားထုတ်တတ်သူ ဖြစ်သည်။ ယခုတလောအတွင်းတွင် သူမသည် ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ကို ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲရင်း အလုပ်ရှုပ်နေသည်ကို ကုရှီချန်း မြင်တွေ့ခဲ့ရသည်။
အစပိုင်းတွင် ယဲ့ယီသည် အင်တာနက်အသုံးပြုသူများကို တုံ့ပြန်လိုသောကြောင့်သာ ထိုသို့ ပြုမူနေခြင်းဖြစ်သည်ဟု သူ ထင်မှတ်ခဲ့၏။ သူမအနေဖြင့် ကောင်းမွန်သော ရုပ်ရှင်တစ်ကားကို ဖန်တီးနိုင်လိမ့်မည်ဟု သူ မယုံကြည်ခဲ့ပေ။ သို့သော်လည်း သူမ၏ သဘောထားသည် သူ့အမြင်ကို ပြောင်းလဲသွားစေခဲ့သည်။ သူမ ရန်တုံ့ပြန်ချင်ရုံ သက်သက်မဟုတ်ဘဲ အရည်အသွေးမြင့်မားသော ရုပ်ရှင်တစ်ကားကို အမှန်တကယ်ပင် ဖန်တီးလိုခြင်း ဖြစ်၏။
ယဲ့ယီ၏ ဇွဲလုံ့လများက ကုရှီချန်း၏ စိတ်ကို တဖြည်းဖြည်း သိမ်းပိုက်သွားခဲ့သည်။
“ဒီအစီအစဉ် ရိုက်ပြီးသွားရင် ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ”
ကုရှီချန်း မေးလိုက်သည်။
ယဲ့ယီက ခဏတာ စဉ်းစားလိုက်ပြီး ပြန်ပြောလေသည်။
“ရုပ်ရှင် ဆက်ရိုက်ရမှာပေါ့။ ပိုက်ဆံ လုံလုံလောက်လောက် ရပြီဆိုရင်တော့ ကျွန်မရဲ့ အနားယူချိန်ကို စတင်တော့မယ်”
တကယ်တမ်းတွင် ကုရှီချန်းနှင့် ကွာရှင်းပြီးနောက် ရရှိမည့် ပိုက်ဆံများနှင့် ‘ဂျက်နီစစ်မီဒီယာကို ပိုင်ဆိုင်ထားခြင်းကြောင့် သူမတွင် ငွေကြေးပြတ်လပ်စရာ အကြောင်းမရှိပေ။ သို့သော် ယဲ့ယီသည် တစ်ခုခုကို မလုပ်လျှင်သာနေမည်၊ လုပ်ပြီဆိုလျှင်မူ အကောင်းဆုံးဖြစ်အောင် လုပ်တတ်သည့် လူစားမျိုး ဖြစ်၏။
သူမ သရုပ်ဆောင်လောကထဲသို့ ပြန်လည်ဝင်ရောက်လာသည့်အတွက် အတိတ်ဘဝက သူမ ရရှိခဲ့သော ဂုဏ်သတင်း အဆင့်အတန်းသို့ ရောက်အောင် ပြန်လည် ကြိုးစားမည်။
ထို့အပြင် ယခုအခါ သူမသည် ‘ဂျက်နီစစ်မီဒီယာ’ ကိုလည်း တာဝန်ယူထားရသည်။ အရည်အချင်းရှိသော အထက်လူကြီးတစ်ဦးအနေဖြင့် ကုမ္ပဏီကို ကောင်းမွန်စွာ လည်ပတ်နိုင်ရန် လိုအပ်သည်ဟု ယဲ့ယီ ခံစားရသည်။ သို့မဟုတ်ပါက သူမ နောက်လိုက်များကို မည်သို့ မျက်နှာပြရမည်နည်း။
ကုရှီချန်းက စပ်စုသော လေသံဖြင့်မေးလိုက်သာ်။
“မင်းက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ အမြဲ အနားယူဖို့ပဲ တွေးနေရတာလဲ”
“ဘာမှမလုပ်ဘဲ အေးအေးဆေးဆေး နေလို့ရနေတာကို ဘာလို့ ပင်ပန်းခံပြီး ရုန်းကန်နေရဦးမှာလဲ”
အပြောထက် အလုပ်ကပို အရေးကြီး၏။ အတိတ်ဘဝတွင်ဖြစ်စေ၊ ယခုဘဝတွင်ဖြစ်စေ ယဲ့ယီသည် မည်သည့်အခါမျှ ‘ဘာမှမလုပ်ဘဲ’ ငြိမ်မနေခဲ့ဖူးပေ။ ယခုဘဝတွင် ထိုသို့နေရန် ဖိအားပေးခံရသော်လည်း သူမအနေဖြင့် အမှန်တကယ် အေးအေးဆေးဆေး နေလိုပါက နေနိုင်သော်လည်း သူမ၏ တာဝန်သိစိတ်ကသာ နောက်ဆုံးတွင် အနိုင်ရရှိသွားခဲ့လေ၏။
ကုရှီချန်းသည် ယဲ့ယီကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။
“ကိုယ်တို့သာ မကွာရှင်းဘူးဆိုရင် ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေက မင်းကို ထာဝရ အေးအေးဆေးဆေး နေနိုင်အောင် ထောက်ပံ့ပေးနိုင်ပါတယ်”
ယဲ့ယီမှာ နှုတ်ခမ်းတွန့်သွားသည်။
[သူ ငါ့ကို လာမြှူဆွယ်နေတာလား။ ဒီကမ်းလှမ်းချက်က တကယ်ကို ဆွဲဆောင်မှု ရှိပေမဲ့ ထားလိုက်ပါတော့။ ကိုယ့်ဘာသာကိုယ် ရှာထားတဲ့ ပိုက်ဆံကို သုံးရတာက ပိုပြီး ကျေနပ်စရာကောင်းပါတယ်]
“ရှင့်ရဲ့ ပိုက်ဆံတွေကို ကျွန်မ မတော်တဆ အကုန်သုံးပစ်မိမှာ စိုးလို့ပါ။ အဲဒီအခါကျရင် ရှင့် ကုမိသားစုလုပ်ငန်းစုက ဝန်ထမ်းတွေကို လစာမပေးနိုင် ဖြစ်နေဦးမယ်”
ကုရှီချန်းသည် သူ၏ ပိုက်ဆံများမှာ ဘယ်တော့မှ သုံးမကုန်နိုင်ကြောင်း ပြောချင်သော်လည်း သူမ စကားများသည် ဆင်ခြေသာဖြစ်မှန်း သူ သိရှိလိုက်သည်။ နောက်ဆုံးတွင် သူမသည် ကွာရှင်းဖို့သာ လိုလားနေသေး၏။
ကုရှီချန်းသည် ပထမဆုံးအကြိမ်အဖြစ် အားပျက်သွားသည်။ သူသည် စီးပွားရေး ကိစ္စများတွင် အမြဲတမ်း ပြတ်သားသော်လည်း နှလုံးသားကိစ္စများတွင်မူ ဘာလုပ်ရမှန်း မသိဖြစ်နေသည်။
ကုရှီချန်းသည် ကွာရှင်းမည့် ကိစ္စကို ထပ်မံ၍ ညှိနှိုင်းလာမည်ကို စိုးရိမ်သဖြင့် ယဲ့ယီသည် စကားလမ်းကြောင်း လွှဲလိုက်သည်။
“ရှောင်စဲ့ အိပ်ပြီလား”
ကုရှီချန်း ခေါင်းခါပြကာ ဆို၏။
“သူ သွမ့်ကျားကျားနဲ့ သွားဆော့နေတယ်”
ယဲ့ယီက မျက်ခုံး ပင့်လိုက်၏။
[ဒီကလေးက ဒီလောက်ထိ လည်လိမ့်မယ်လို့ ဘယ်သူ သိမှာလဲ။ ငယ်သူငယ်ချင်း၊ အပြစ်ကင်းစင်တဲ့ ကစားဖော်တွေပေါ့... အားပါးပါး၊ သူတို့က တကယ်ကို ချစ်ဖို့ကောင်းတဲ့ အတွဲလေး ပဲ]
သို့သော် ယဲ့ယီ မသိသည်မှာ ကုစဲ့သည် “လည်” သောကြောင့် သွမ့်ကျားကျားဆီသို့ သွားခြင်း မဟုတ်ဘဲ သူတို့ နှစ်ဦးကို သီးသန့် အချိန်ပေးချင်သောကြောင့်သာ ဖြစ်သည်။ သူတို့နှစ်ဦး မကွာရှင်းရန်အတွက် ကုစဲ့လေးမှာ အတော်လေးကို စိတ်ပူနေရရှာသည်။
ယဲ့ယီ၏ အတွေးများကို ကြားလိုက်ရသည့်အခါ ကုရှီချန်းမှာ သက်ပြင်း အရှည်ကြီး ချလိုက်မိ၏။ မျှော်လင့်ထားသည့်အတိုင်း ကုစဲ့သည် သူမ၏ နှလုံးသားထဲတွင် အရေးအကြီးဆုံး လူသားဖြစ်ပြီး သူမ ဂရုစိုက်သည့် တစ်ဦးတည်းသော သူလည်း ဖြစ်နေ၏။
ကုရှီချန်းသည် မိမိ၏ သားအရင်းကိုပင် မနာလိုဖြစ်မိသွားတော့သည်။
တစ်ဖက်တွင်မူ သွမ့်ကျားကျားနှင့်အတူ ကာတွန်းကား ကြည့်နေသော ကုစဲ့သည် ရုတ်တရက် နှာချေလိုက်၏။
“ကျားကျားနဲ့ ရှောင်စဲ့က တော်တော်လေး အဆင်ပြေကြပုံပဲ”
ထိုသို့ ပြောပြီးနောက် ယဲ့ယီသည် ကုရှီချန်းကို တစ်ချက် ကြည့်လိုက်သည်။ ကလေးနှစ်ယောက်၏ ဆက်ဆံရေးအပေါ် ကုရှီချန်း ၏အမြင်ကို သူမ သိချင်နေသည်။
[အကယ်၍ ရှောင်စဲ့က အနာဂတ်မှာ ကျားကျားကို တကယ် သဘောကျသွားခဲ့ရင် ကုရှီချန်းက သဘောတူပါ့မလား မသိဘူး။ သူတို့ရဲ့ မိသားစု နောက်ခံတွေက အရမ်းကွာခြားလွန်းတယ်]
ကုရှီချန်းမှာ မျက်မှောင်ကြုတ်သွားလေ၏။
‘မိသားစု နောက်ခံကိစ္စကို ခဏထားဦး၊ ဒီကလေးနှစ်ယောက်က ဘယ်လောက်ရှိသေးလို့လဲ။ ဒါတွေကို စိုးရိမ်နေဖို့က သိပ်ပြီး စောလွန်းတယ်’
“သူ့မှာ အဖော်ရှိတာ ကောင်းတာပေါ့။ သူက အမြဲတမ်း ညီမလေးတစ်ယောက် လိုချင်တယ်လို့ ပြောနေတာ”
ကုရှီချန်း အမှုမဲ့အမှတ်မဲ့ပင် ပြောလိုက်သည်။
ယဲ့ယီမှာမူ အလွန်အမင်း ရှက်သွားကာ ကြွက်တွင်းထဲ ဝင်အောင်းလိုက်ချင်တော့သည်။
[ခဏလေး... ရှင် ကျွန်မကို ဒါတွေ ဘာလို့ လာပြောနေတာလဲ။ ကျွန်မတို့ မကြာခင် ကွာရှင်းတော့မှာလေ၊ ဟုတ်ပြီလား]
ယဲ့ယီ၏ အတွေးကို ကြားလိုက်ရသည့်အခါ ကုရှီချန်း အနည်းငယ် ဝေခွဲမရ ဖြစ်သွား၏။ သူ ဖတ်ဖူးသည့် ဝတ္ထုများထဲမှ အာဏာရှိ စီအီးအိုများသည် ဤကဲ့သို့ ပြောလေ့ရှိကြသည်။ ထိုအချိန်တွင် အမျိုးသမီး ဇာတ်လိုက်မှာ ရှက်လွန်းသဖြင့် သူ့ကိုပင် မကြည့်ရဲအောင် ဖြစ်ရမည် မဟုတ်လော။ ယဲ့ယီကြမှ အဘယ့်ကြောင့် ကွဲပြားနေရသနည်း။
ယဲ့ယီသည် ကုရှီချန်းနှင့် ဆက်၍ စကားပြောနေမည်ဆိုလျှင် သူမ ရှက်လွန်း၍ သေသွားနိုင်သည်ဟု ခံစားလိုက်ရ၏။ သူမသည် ကြယ်ကြည့်ချင်စိတ်ပင် မရှိတော့ဘဲ ထရပ်ကာ အိပ်ရန်အတွက် အခန်းထဲသို့ ပြန်သွားလေ၏။
ကုရှီချန်းတစ်ယောက်တည်းသာ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့ရတော့သည်။
ဝတ္ထုထဲတွင် ရေးထားသည့်အတိုင်း လိုက်လုပ်ပါလျက်နှင့် ဘာကြောင့် ရလဒ်က ကွဲပြားနေရသနည်း။
စီအီးအိုကုသည် အလွန်ပင် ဇဝေဇဝါ ဖြစ်နေတော့သည်။
နောက်တစ်နေ့ မနက်တွင် ရိုက်ကူးရေးအဖွဲ့က လူတိုင်းကို နှိုးကာ နောက်ဆုံးရက် ရိုက်ကူးရေးကို စတင်ခဲ့လေသည်။
ယနေ့မနက်တွင် အဖွဲ့သားများ ပြင်ဆင်ပေးထားသော မနက်စာမှာ တရုတ်စတိုင်ရော၊ အနောက်တိုင်းစတိုင်ပါ အစုံအလင် ပါဝင်သည်။ သူတို့ အကုန်အကျ ခံထားခြင်းမှာ သိသာလှ၏။ ဒါရိုက်တာသည် ဤမျှ ပိုက်ဆံ အမြောက်အမြား သုံးထားရသည့်အကြောင်းမှာ ဤအပိုင်းမှ ဝင်ငွေအများကြီး ရရှိထားသောကြောင့် ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် မနက်စာ စားနေစဉ်မှာပင် လေးပွင့်ဆိုင် အချစ်ဒရာမာကြီးက ပြဿနာ စရှာတော့သည်။ မန်ရှင်းသည် ချန်ထျန်မင်းထံသို့ ပေါင်မုန့်ပြား တစ်ခု ကမ်းပေးလိုက်ပြီး ပြုံးကာ ဆိုလိုက်၏။
“အကိုထျန်မင်း... ဒါက ကျွန်မနဲ့ ယီယန်တို့ ကျောင်းတက်တုန်းက အမြဲတမ်း ဝယ်စားနေကျ ဆန်းဒဝစ် အရသာပဲ။ အတော်လေး အရသာရှိတယ်၊ မြည်းကြည့်ပါဦး”
လျုံယီယန် ကြိုက်တတ်သည့်အရာဟု ကြားလိုက်ရသဖြင့် ချန်ထျန်မင်းသည် ချက်ချင်းပင် ယူစားလိုက်၏။သို့သော် တစ်ကိုက် ကိုက်လိုက်ပြီးနောက် သူသည် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“ယီယန် အသားမျှင် မကြိုက်ဘူး မဟုတ်လား”
မန်ရှင်း အပြစ်ရှိသော လေသံဖြင့်ဆိုလေ၏။
“ကျောင်းတုန်းက အများကြီး စားခဲ့မိလို့ နောက်ပိုင်း ရိုးသွားတာလည်း ဖြစ်နိုင်ပါတယ်”
ချန်ထျန်မင်းကမူ ဘာမှ ထပ်မပြောတော့ပေ။
မန်ရှင်းသည် သက်ပြင်းတစ်ချက် ချလိုက်သည်။
သူမသည် ချန်ထျန်မင်းနှင့် ပိုမိုနီးစပ်စေရန် ထိုသို့ ပြောလိုက်ခြင်းသာ ဖြစ်ပြီး လျုံယီယန် မကြိုက်သည့်အရာနှင့် သွားတိုက်ဆိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့။ ကံကောင်းသည်မှာ ချန်ထျန်မင်းက ဘာမှ မသင်္ကာဖြစ်မသွားခြင်းပင်။
မန်ရှင်း မော့ကြည့်လိုက်သည့်အခါ လန်ရွှယ်သည် သူမကို ခပ်ပြုံးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူမ ရင်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသော်လည်း ချက်ချင်းပင် ပြန်လည် ထိန်းချုပ်လိုက်ရသည်။
‘တကယ်တမ်းလည်း သူမနဲ့ လျုံယီယန်တို့က အထက်တန်းကျောင်းတုန်းက အဆောင်တစ်ခုတည်းမှာ နေခဲ့ကြတာပဲလေ၊ သူတို့ ဘယ်လိုပဲ စုံစမ်းစုံစမ်း ဘာမှရှာတွေ့မှာ မဟုတ်ဘူး”
ထိုသို့တွေးပြီး မန်ရှင်းသည် ချန်ထျန်မင်းကို နည်းမျိုးစုံဖြင့် ဆက်လက်၍ မျက်နှာချိုသွေးနေခဲ့သည်။ ဤအစီအစဉ် ပြီးသွားသည်နှင့် သူမသည် လန်ရွှယ်ကို ဖယ်ထုတ်ပြီး သူမ နေရာကို အောင်မြင်စွာ ရယူနိုင်လိမ့်မည်ဟု ခံစားနေရ၏။ ယခုအခါ မန်ရှင်းသည် လန်ရွှယ်ကို ရှုံးနိမ့်သွားသူတစ်ဦးကဲ့သို့ သဘောထားကာ မာန်တက်သော အကြည့်ဖြင့် ကြည့်နေခဲ့လေသည်။
မန်ရှင်း၏ မောက်မာသော လူယုတ်မာ မျက်နှာပေးကို မြင်သောအခါ လန်ရွှယ်သည် စိတ်ထဲမှ လှောင်ပြောင်ကာ ပြုံးလိုက်၏။
“နင် ဘယ်လောက်ကြာကြာ မောက်မာနိုင်ဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့”
မန်ရှင်းသည် ချန်ထျန်မင်းကို မျက်နှာချိုသွေးရန် အလုပ်ရှုပ်နေစဉ်မှာပင် သူမ၏ သမီးဖြစ်သူကလည်း သူမ၏ ပုံစံအတိုင်း ချန်ဟောင်ယုကို မျက်နှာချိုသွေးနေ၏။ အင်တာနက် အသုံးပြုသူ အချို့က ထိုမြင်ကွင်းကို ဆက်ကြည့်ရန် စိတ်မရှည်ကြတော့ပေ။
[မန်ရှင်းရဲ့ အပြုအမူတွေက တကယ်ကို ရွံစရာကောင်းတယ်။ ကိုယ့်ဘာသာကိုယ် လူကုံထံလောကထဲ တိုးဝင်ချင်တာ ထားပါဦး၊ အခုတော့ သူ့သမီးကိုပါ အသုံးချနေပြီ]
[မန်ရှင်းရဲ့ တွက်ချက်မှုတွေကို ပြည်ပကနေတောင် ကြားနေရတယ် ]
[ဟားဟား... မန်ရှင်းက အကွက်စေ့လွန်းတယ်၊ လူကြီးကို သူက မျက်နှာချိုသွေးပြီး ကလေးကိုတော့ သူ့သမီးက မျက်နှာချိုသွေးခိုင်းထားတာ။ တစ်ယောက်ယောက် အောင်မြင်သွားရင်တောင် သူတို့က ချမ်းသာတဲ့ မိသားစုထဲကို တန်းရောက်သွားမှာပဲ]
[တကယ် ရွံစရာကောင်းလိုက်တာ။ ကျီတုန်လေးက အခုမှ ခုနစ်နှစ်ပဲ ရှိသေးတာ။ မန်ရှင်းက မိခင်တစ်ယောက် ဖြစ်ဖို့ လုံးဝ မထိုက်တန်ဘူး]
[မန်ရှင်းကတော့ ချမ်းသာတဲ့ မိသားစုထဲ ဝင်ဖို့အတွက် အရှက်တရားတွေကို လုံးဝ စွန့်လွှတ်လိုက်ပြီ ထင်တယ်။ အကယ်၍ သူ ကျရှုံးသွားခဲ့ရင် ဖျော်ဖြေရေးလောကမှာ ဘယ်လို ဆက်ရှင်သန်မလဲဆိုတာ မစဉ်းစားမိဘူးလား မသိဘူ]