အခန်း (၁၀၅-၁၀၆)
Vol. 11 Ch. 105-106
အခန်း (၁၀၅)
အချိန်မရှိဘူး
မနက်စာ စားသောက်ပြီးနောက် ရိုက်ကူးရေးအဖွဲ့သည် ယနေ့အတွက် လုပ်ဆောင်ရမည့် အစီအစဉ်များကို စတင်ကြေညာလေသည်။
ယနေ့သည် နောက်ဆုံးရက် ဖြစ်သည့်အတွက် ရိုက်ကူးရေးအဖွဲ့သည် မည်သည့် ပြိုင်ပွဲကိုမျှ စီစဉ်ထားခြင်း မရှိ မိသားစုလေးစုလုံး စိုက်ပျိုးရေးအပန်းဖြေစခန်းတွင် ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးနိုင်ရန်သာ စီစဉ်ပေးထားခဲ့သည်။
စိုက်ပျိုးရေးအပန်းဖြေစခန်းသည် အလွန်ပင် ကျယ်ဝန်းလှပြီး ဖျော်ဖြေရေး ကစားကွင်းများလည်း စုံစုံလင်လင် ရှိနေသည်။
ရိုက်ကူးရေးအဖွဲ့သည် လူတိုင်းအတွက် ကေဘယ်ကား စီးရန် စီစဉ်ပေးထား၏။ ကေဘယ်ကားသည် တောင်ခြေမှ တောင်ထိပ်အထိ ပြေးဆွဲနိုင်ပြီး စပျစ်ခြံနှင့် သစ်သီးခြံတစ်ခုလုံး၏ မြင်ကွင်းကိုပါ ငေးမောကြည့်ရှုနိုင်မည် ဖြစ်သည်။
သို့သော် ရိုက်ကူးရေးအဖွဲ့သည် ယနေ့တွင် ပြဿနာများ မဖန်တီးမည် ဖြစ်ကြောင်း ကတိပေးထားသော်လည်း ကေဘယ်ကား ခွဲဝေစီးနင်းရာတွင် ပြဿနာသည် စတင်ပေါ်ပေါက်လာခဲ့သည်။
ကေဘယ်ကား စုစုပေါင်း နှစ်စင်းသာ ရှိသည့်အတွက် မိသားစု လေးစုမှာ နှစ်ဖွဲ့ ခွဲရပြန်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များကလည်း ရိုက်ကူးရေးအဖွဲ့ သည် ယခုတစ်ကြိမ်တွင် မည်သို့ အဖွဲ့ခွဲမည်ကို စတင်ခန့်မှန်းနေကြတော့သည်။
[ငါ လောင်းရဲတယ်၊ အရင်တစ်ခါလိုပဲ ခွဲမှာပါ။ ရိုက်ကူးရေးအဖွဲ့က သွမ့်ဟွေကျိုနဲ့ ချန်ထျန်မင်းကို တစ်ဖွဲ့တည်း ထားရဲပါ့မလား]
[ဒါရိုက်တာကြီးရေ... ယောက်ျားပီပီ သတ္တိရှိစမ်းပါ။ သွမ့်ဟွေကျိုနဲ့ ချန်ထျန်မင်းကို တစ်ဖွဲ့တည်း ထားပေးပါ၊ ငါ တကယ် မြင်ချင်လို့ပါ]
[ဒါရိုက်တာကြီးရှင့်... ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းက နောက်ဆုံးအဆင့် ကင်ဆာဝေဒနာ ခံစားနေရတာပါ။ သူ မသေခင် နောက်ဆုံးဆန္ဒက သွမ့်ဟွေကျိုနဲ့ ချန်ထျန်မင်းကို ကေဘယ်ကား တစ်စင်းတည်းမှာ အတူတူ မြင်ချင်တာပါတဲ့။ ဒါရိုက်တာကြီးပဲ သူ့ဆန္ဒကို ဖြည့်ဆည်းပေးပါတော့နော်]
ဒါရိုက်တာမှာ ထိုမှတ်ချက်များကို ကြည့်ရင်း ခေါင်းနားပန်းကြီးနေသည်။ သူသည် ဤကဲ့သို့ တမင်စီစဉ်ထားခြင်း မဟုတ်ဘဲ ကေဘယ်ကားသည် နှစ်စင်းသာ ရှိလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ခြင်းပင်။
ဒါရိုက်တာသည် ကြိုတင်၍ အသေအချာ မစုံစမ်းခဲ့မိသည့်အတွက် ယခုအခါတွင် အလွန်ပင် နောင်တရနေခဲ့ပြီး အကြပ်ရိုက်နေလေ၏။
အကယ်၍ သူသည် မနေ့ကအတိုင်း အဖွဲ့ခွဲလိုက်ပါက ပရိသတ်များက မကျေမနပ် ပြောကြမည်မှာ သေချာသည်။ သို့သော် လန်ရွှယ်တို့ မိသားစုနှင့် ယဲ့ယီတို့ မိသားစုကို တစ်ဖွဲ့တည်း ထားလိုက်လျှင်လည်း စီအီးအိုကုသည် စိတ်ကောက်ကာ ရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းပစ်လိုက်မည်ကို စိုးရိမ်ရပြန်သည်။
ဒါရိုက်တာ အချိန်အတော်ကြာ ဝေခွဲမရ ဖြစ်နေပြီးနောက် နောက်ဆုံးတွင် စိတ်ကို တင်းကာ မဲနှိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။
ယခုတစ်ကြိမ်တွင်မူ မည်သည့် နောက်ကွယ်မှ ကြိုးကိုင်မှုမျှ မပါဝင်ဘဲ စစ်မှန်သော မဲနှိုက်ခြင်းသာ ဖြစ်၏။ မည်သို့ပင် အဖွဲ့ခွဲခွဲ ပြဿနာရှိနေသည့်အတွက် သူသည် ကံကြမ္မာအပေါ်တွင်သာ ပုံအပ်လိုက်တော့သည်။
လူတိုင်း မဲနှိုက်ပြီးသွားသည့်အခါ တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များက ရလဒ်ကို အသည်းအသန် စောင့်ဆိုင်းနေကြ၏။
လူတိုင်း သွမ့်ဟွေကျိုနှင့် ချန်ထျန်မင်းကို ကေဘယ်ကား တစ်စင်းတည်းတွင် မြင်ချင်နေကြသည်။
လူအများ၏ ဆန္ဒက ပြင်းပြလွန်း၍ ဖြစ်မည်။ နောက်ဆုံးရလဒ် ထွက်လာသည့်အခါတွင် သွမ့်ဟွေကျိုတို့ မိသားစုနှင့် လန်ရွှယ်တို့ မိသားစုသည် တစ်ဖွဲ့တည်း ကျသွားလေ၏။
ပရိသတ်များမှာမူ အလွန်ပင် ကျေနပ်သွားကြတော့သည်။
[ရိုက်ကူးရေးအဖွဲ့က ဒီတစ်ခါတော့ တကယ် အလုပ်လုပ်တာပဲ။ ဆုချသင့်တယ်]
[ဘာပဲဖြစ်ဖြစ် ရိုက်ရဲတဲ့ ဒါရိုက်တာရဲ့ သတ္တိကို ကြည့်ပြီး နောက်ပိုင်း အပိုင်းတိုင်းကို ငါ အားပေးတော့မယ်]
[လာမဲ့ မြင်ကွင်းတွေကို တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားနေပြီ။ အဲဒီလူ နှစ်ယောက် ထသတ်ကြမလား မသိဘူး]
[ရိုက်ကူးရေးအဖွဲ့က ပရိသတ်ကို ဘယ်လို ဆွဲဆောင်ရမလဲဆိုတာ တကယ် သိတာပဲ]
ဒါရိုက်တာမှာ ထိုရလဒ်ကို ကြည့်ပြီး သက်ပြင်း အရှည်ကြီး ချလိုက်သည်။
‘ဒါက ကံကြမ္မာပဲ ဖြစ်လိမ့်မယ်’
ထိုနှစ်ယောက် လက်သီးချင်း မဖလှယ်ကြရန်သာ သူ မျှော်လင့်နိုင်တော့သည်။ အဖွဲ့ခွဲဝေမှု အပြီးတွင် ယဲ့ယီမှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရ၏။ ဤအစီအစဉ်သည် ထိုနှစ်ယောက် ထမသတ်မည်ကို စိုးရိမ်နေသည့်အလားပင်။
ယဲ့ယီသည် သွမ့်ဟွေကျို၏ ဦးနှောက်မရှိသော အပြုအမူများကြောင့် တစ်ခုခု ပြဿနာတက်လိမ့်မည်ဟု ခံစားမိနေ၏။ သို့သော် ကိုယ်တိုင် မတွေ့နိုင်တော့သည့်အတွက် နှမြောနေမိပြန်သည်။
သွမ့်ဟွေကျိုမှာမူ အရင်အတိုင်းပင် ဦးနှောက်မဲ့စွာ ထိုရလဒ်ကို မြင်ပြီး အလွန်ပင် ပျော်ရွှင်နေ၏။ သူသည် လန်ရွှယ်နှင့် တစ်နေရာတည်းတွင် အတူတူ ရှိရမည်ကိုသာ တွေးနေပြီး လန်ရွှယ်၏ ခင်ပွန်းပါ ရှိနေသည်ကိုတော့ လုံးဝ မေ့လျော့နေပုံရလေသည်။
လန်ရွှယ်မှာမူ စိတ်ပူလွန်းသဖြင့် ရူးမတတ် ဖြစ်နေ၏။စိတ်ထဲကနေလည်း ဒါရိုက်တာကို ကြိမ်ပေါင်းများစွာ ဆဲဆိုနေတော့သည်။
ကျိန်ဆဲခံနေရသော ဒါရိုက်တာမှာမူ တောက်လျှောက် နှာချေလို့နေသည်။
ချန်ထျန်မင်း၏ အိုးမည်းသုတ်ထားသကဲ့သို့ မည်းမှောင်နေသော မျက်နှာကို ကြည့်ပြီး လန်ရွှယ် သွမ့်ဟွေကျို တစ်ယောက် သူမအနားသို့ ကပ်မလာရန်သာ ဆုတောင်းနေရရှာသည်။
“ရွှယ်အာက သူ့သူငယ်ချင်းကောင်းနဲ့ နောက်တစ်ကြိမ် ထပ်ပြီး အဖွဲ့တူသွားတာပဲ။ ပျော်နေလား ရွှယ်အာ”
မန်ရှင်း သူငယ်ချင်းကောင်းဆိုသည့် စကားလုံးကို တမင်တကာ အလေးပေးကာ ပြောလိုက်လေသည်။
ချန်ထျန်မင်း၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားတော့သည်။
လန်ရွှယ်သည် မန်ရှင်းကို စိုက်ကြည့်ကာ ပြောလိုက်၏။
“ရှောင်ရှင်း... ရှင်က ကျွန်မအကြောင်းကို ပူပန်ပြီး တခြားသူရဲ့ ယောကျာ်းကိုပဲ လိုက်ကြည့်နေမဲ့အစား ကိုယ့်အတွက်ကိုယ် အဖော်တစ်ယောက် ရှာဖို့ စဉ်းစားရင် မကောင်းဘူးလား”
မန်ရှင်းကမူ ပြုံးရုံသာ ပြုံးနေခဲ့ပြီး လန်ရွှယ်၏ စကားကို အရေးမလုပ်ပေ။
‘မယားငယ်အနေနဲ့ နေရာလုခဲ့ရတဲ့ မိန်းမတစ်ယောက်ဖြစ်တော့ရော ဘာဖြစ်လဲ။ ချမ်းသာတဲ့ မိသားစုတွေထဲမှာ အဲ့လိုလူမျိုးတွေမှ တစ်ပုံကြီး’
[အားပါးပါး... ယမ်းနံ့တွေကတော့ တော်တော် ပြင်းနေပြီ]
[တကယ့်ကို အပြင်လောကက နန်းတွင်း ဒရာမာပါပဲလား]
ကေဘယ်ကားပေါ် တက်သည့် အချိန်တွင် ဦးနှောက်မရှိသော သွမ့်ဟွေကျိုသည် သေမင်းကို ထပ်မံ၍ ဖိတ်ခေါ်ပြန်သည်။
ကေဘယ်ကားပေါ် တက်ရန်အတွက် လှေကားထစ် အနည်းငယ် ရှိနေသည်။ လန်ရွှယ် တက်ရန် ပြင်လိုက်စဉ်မှာပင် သွမ့်ဟွေကျိုက ရှေ့သို့တိုးလာပြီး သူမကို ကူတွဲပေးရန် ကြံရွယ်လိုက်၏။ သွမ့်ဟွေကျိုသည် သူကိုယ်သူ အလိုက်သိတတ်သူဟု ထင်သည်။
အကယ်၍ ထိုအရှုပ်တော်ပုံများ မဖြစ်ပွားခဲ့လျှင် သူ့အပြုအမူမှာ ပြဿနာ မရှိသော်လည်း ယခုကဲ့သို့ ယောကျာ်းဖြစ်သူ၏ ရှေ့မှောက်တွင် ဤသို့ ပြုမူခြင်းမှာ သွမ့်ဟွေကျို တစ်ယောက် အမှန်တကယ် ဦးနှောက် မရှိခြင်းပင်။
လန်ရွှယ်သည် စိတ်ထဲကနေ သွမ့်ဟွေကျိုကို ပိုစိုးပက်စက် ဆဲဆိုနေသော်လည်း အပြင်ပန်းတွင်မူ အေးစက်စွာ ပြောလိုက်၏။
“ကျွန်မဘာသာ တက်နိုင်တယ်”
လန်ရွှယ် သူ့ကို ပြုံးပြခြင်းပင် မရှိတော့သည်ကို မြင်ပြီး သွမ့်ဟွေကျို မှာ အလွန်ပင် ဝမ်းနည်းသွားသည်။ သူသည် မိမိ၏ ဝမ်းနည်းမှုတွင်သာ နစ်မျောနေခဲ့သဖြင့် သူ့နောက်ကွယ်မှ ချန်ထျန်မင်း၏ လူသတ်လိုသော အကြည့်များကို သတိမပြုမိပေ။
[ဟယ် သွမ့်ဟွေကျိုကတော့ တကယ် ဦးနှောက်မရှိတာပဲ။ ဒီလိုအချိန်မှာတောင် ရှေ့ကို တိုးလာရဲသေးတယ်]
[ချန်ထျန်မင်းရဲ့ မျက်လုံးတွေကို ကြည့်စမ်း။ သွမ့်ဟွေကျိုကတော့ ဒီလောကမှာ အနာဂတ် မရှိတော့တာ သေချာသွားပြီ။း]
[တကယ်တော့ ဒီကိစ္စက အဲဒီလောက်ကြီး မကြီးမားပါဘူး။ သွမ့်ဟွေကျိုက ‘ဟိုင်ထျန်’ ဖျော်ဖြေရေးရဲ့ အနုပညာရှင်ဆိုတော့ ချန်ထျန်မင်းက သိပ်ပြီး အရေးလုပ်မှာ မဟုတ်ပေမဲ့ ကံမကောင်းတာက တစ်စုံတစ်ယောက်က သေမင်းကို မရမက ဖိတ်ခေါ်နေတာပဲ]
[သွမ့်ဟွေကျိုက အရင်တုန်းက သူ့ ဉာဏ်ရည်ဉာဏ်သွေးတွေကို သရုပ်ဆောင်တဲ့ နေရာမှာပဲ အကုန်သုံးပစ်လိုက်သလား မသိဘူး။ ကိုယ့်သေတွင်းကိုယ် တူးတဲ့သူတွေ အများကြီး မြင်ဖူးပေမဲ့ ဒီလိုမျိုးတော့ မမြင်ဖူးဘူး]
[သွမ့်ဟွေကျိုရဲ့ ပရိသတ်တွေရေ... မင်းတို့ရဲ့ ‘ကိုကို’ ကို ဝဝလင်လင် ကြည့်ထားလိုက်ကြဦး။ ဒီနေ့ပြီးရင် သူ့ကို ထပ်မြင်ရဖို့ မလွယ်တော့ဘူး]
ကေဘယ်ကားပေါ် ရောက်ပြီးနောက်တွင်လည်း သွမ့်ဟွေကျိုသည် လန်ရွှယ်နှင့် စကားပြောရန် အခွင့်အရေးကိုသာ ရှာဖွေနေ၏။
“ဟိုဘက်ကို ကြည့်စမ်း၊ သစ်သီးပင်တွေက တော်တော်လေးကို ဖြစ်ထွန်းနေတာပဲ”
သွမ့်ဟွေကျို အနီးအနားမှ သစ်သီးခြံကို ညွှန်ပြကာ ပြောလိုက်၏။ သို့သော် သူပြောပြီးသည့်တိုင် ကေဘယ်ကားအတွင်း၌ မည်သူမျှ တစ်ခွန်းမှ ပြန်မပြောဘဲ တိတ်ဆိတ်နေခဲ့လေသည်။
ယခင်ကဆိုလျှင် လန်ရွှယ်သည် အလိုက်သင့် ပြန်ပြောပေးလိမ့်မည်။ သို့သော်လည်း ယခုအခါ သူမသည် သွမ့်ဟွေကျိုကဲ့သို့ ဦးနှောက်မရှိသူ မဟုတ်။
နန်ချင်ဝမ်ကမူ သူ့ကို အဖက်ပင် မလုပ်တော့ပေ။ သူမသည် ထိုစဉ်က မျက်ကန်းတစ်ယောက် ဖြစ်ခဲ့သော ကိုယ့်ကိုယ့်ကိုယ် အပြစ်တင်နေမိသည်။
[အစ်ကိုကြီးရယ်... မနက်က အိမ်ကထွက်လာတော့ တံခါးနဲ့ ခေါင်း ဆောင့်ခဲ့တာလား။ အခြေအနေက အဲဒီလောက်ကြီး အနေရခက်နေတာကို မမြင်ဘူးလား]
[အရင်က သွမ့်ဟွေကျိုရဲ့ ရုပ်ရည်က အတော်လေး ကြည့်ကောင်းတယ်လို့ ထင်ခဲ့ပေမဲ့ အခုတော့ ကြည့်လေလေ ရုပ်ဆိုးလေလေပဲ]
[သွမ့်ဟွေကျိုသာ ဆက်ပြီး စကားတွေ ပြောနေဦးမယ်ဆိုရင် ချန်ထျန်မင်းက သူ့ကို လက်သီးနဲ့ ထထိုးတော့မယ် ထင်တယ်]
[သွမ့်ဟွေကျိုကတော့ အခြေအနေကို ပိုပြီး အနေရခက်အောင် တကယ် လုပ်တတ်တာပဲ]
သွမ့်ဟွေကျိုသည် မည်သူမျှ ပြန်မထူးသည်ကို မြင်သောအခါ အနည်းငယ် ရှက်သွား၏။ သူ လန်ရွှယ်ဘက်သို့ ကြည့်ကာ သူမက သူ့ကို တစ်ခုခု ပြောလာလိမ့်မည်ဟု မျှော်လင့်နေရှာသည်။
လန်ရွှယ်ကမူ သူ့ကို မမြင်သကဲ့သို့ ပြုမူကာ ချန်ထျန်မင်း၏ လက်မောင်းကို တွဲလိုက်ပြီး ပြောလိုက်၏။
“ကို ... အစီအစဉ် ရိုက်ပြီးသွားရင် မိန်းမရဲ့ ရုပ်ရှင်အသစ်ကို အတူတူ သွားကြည့်ရအောင်လေ။ ဟုတ်ပြီလား”
လန်ရွှယ်က ထိုသို့ပြောလိုက်ရာ၊ တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များကလည်း ဤအစီအစဉ် ပြီးဆုံးပြီးနောက်တွင် လန်ရွှယ်နှင့် ယဲ့ယီတို့၏ ရုပ်ရှင်များ တစ်ပြိုင်တည်း ထွက်ရှိမည့်အကြောင်းကို သတိရသွားကြတော့၏။ ထိုအခါတွင်လည်း ပွဲကြီးပွဲကောင်းများကို ကြည့်ရပေဦးမည်။
လန်ရွှယ်သည် ပရိသတ်များ၏ အာရုံကို သူမနှင့် သွမ့်ဟွေကျို၏ အခြေအနေမှ သူမ ရုပ်ရှင်ဆီသို့ လွှဲပြောင်းလိုက်ခြင်း ဖြစ်၏။
“ကုမ္ပဏီမှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်။ ငါ့မှာ အချိန်မရှိဘူး”
ချန်ထျန်မင်းသည် လန်ရွှယ်၏ တောင်းဆိုမှုကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်၏။
လန်ရွှယ်သည် အလွန်အမင်း အရှက်ရသွားသော်လည်း အခြေအနေကို ပြန်လည် ထိန်းညှိရန်အတွက် အလိုက်သင့်လေး ပြန်ပြောလိုက်လေသည်။
“ဒီအစီအစဉ် ရိုက်နေရလို့ အလုပ်တွေ တော်တော် နောက်ကျကုန်တာပဲ။ ကျွန်မ အလိုက်မသိသလို ဖြစ်သွားတာပါ”
လန်ရွှယ်သည် သူမ၏ အရှက်ကို မနည်း ပြန်ဆယ်လိုက်ရသော်လည်း ကံမကောင်းစွာပင် ချန်ဟောင်ယု သူမကို ထပ်မံ၍ အရှက်ခွဲလိုက်ပြန်သည်။
“ဖေဖေ... ရိုက်ကူးရေး ပြီးသွားရင် သားကို ကစားကွင်း ခေါ်သွားပေးပါဦး”
ချန်ဟောင်ယုသည် ချန်ထျန်မင်း၏ လက်ကို ဆွဲကာ ပြောလိုက်သည်။
“ရတာပေါ့၊ ဖေဖေ သားကို ခေါ်သွားပေးမယ်”
ချန်ထျန်မင်းသည် ချန်ဟောင်ယု၏ ခေါင်းကို အလိုလိုက်သလို ပွတ်သပ်ရင်း ပြောလိုက်လေ၏။
ထိုအရာမှာ လန်ရွှယ်ကို အလွန်အမင်း အရှက်ရစေသည်။ ယခုအခါ လူတိုင်းက ချန်ထျန်မင်းသည် အချိန်မရှိခြင်း မဟုတ်ဘဲ သူမအတွက်သာ အချိန်မရှိခြင်း ဖြစ်ကြောင်း သိရှိသွားကြတော့သည်။
အခန်း (၁၀၆)
ခွေးတောင် ကြည့်မရသောသူ
“အေးပါကွာ ... ကြည့်ရတာ မန်ရှင်းတစ်ယောက် တကယ်ပဲ အဲ့ဒီနေရာကို ရသွားတော့မဲ့ပုံပဲ”
“လန်ရွှယ်ကတော့ သူ့နေရာကို ဆက်ထိန်းထားနိုင်တော့မယ် မထင်ဘူး။ တကယ်လို့ လန်ရွှယ်သာ ကွာရှင်းလိုက်ရင် သွမ့်ဟွေကျိုရှိ ချက်ချင်း သွားမှာလား”
“ဒါတွေအားလုံးက သွမ့်ဟွေကျိုဆိုတဲ့ လူယုတ်မာကြောင့်ပဲ။ သူသာ မရှိရင် ငါ့ရဲ့ လန်ရွှယ်လေးက သူ့ခင်ပွန်းနဲ့ ဘယ်လိုလုပ် အဆင်မပြေဖြစ်မှာလဲ”
“ဒါက တကယ်ပဲ ဘုရားလို ပြိုင်ဘက်ကို မကြောက်ရပေမဲ့ ဝက်လို အသင်းဖော်ကိုတော့ ကြောက်ရတယ်ဆိုတဲ့ စကားကို သက်သေပြနေတာပဲ။ သွမ့်ဟွေကျို လန်ရွှယ်ကို ဖျက်ဆီးလိုက်တာပဲ”
လန်ရွှယ်သည် ယခုအချိန်တွင် သွမ့်ဟွေကျိုကို အသေအလဲ မုန်းတီးနေလေပြီ။
‘သူဘယ်လိုများ ဦးနှောက်မရှိရတာလဲ’
ဤကိစ္စများ မပေါက်ကြားခင် လန်ရွှယ်သည် သွမ့်ဟွေကျို၏ အမျိုးမျိုးသော မျက်နှာချိုသွေးမှုများကို အေးအေးဆေးဆေး လက်ခံခဲ့သော်လည်း ယခု သွမ့်ဟွေကျိုသည် သူမအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာသာ ဖြစ်နေတော့သည်။
သူသည် နောင်တစ်ချိန်တွင် မိမိအတွက် အသုံးဝင်နိုင်မလားဟူသော အတွေးဖြင့် သူ့ကို အနားတွင် ထားရန် စီစဉ်ထားခဲ့သော်လည်း ယခုအခါ ဤရုပ်သေးရုပ်ကလေးမှာ လုံးဝ အသုံးမဝင်တော့ပေ။ အသုံးမဝင်ရုံသာမက ဦးနှောက်မရှိသော ရုပ်သေးသည် သူမကိုပါ ဆွဲချသွားလေ၏။
ချန်ထျန်မင်းသည် လန်ရွှယ်အပေါ် တမင်တကာ အရှက်ခွဲနေသည်ကို မြင်သောအခါ သွမ့်ဟွေကျိုသည် လန်ရွှယ်ဘက်မှ ဝင်ပြောရန် ဟန်ပြင်လိုက်သည်။သို့သော် သူဘာမှ မပြောရသေးခင် နန်ချင်ဝမ် သူ့နားသို့ ကပ်ကာ တိုးတိုးလေး သတိပေးလိုက်သည်။
“တကယ်လို့ ရှင့်အနေနဲ့ ဖျော်ဖြေရေးလောကမှာ ဆက်မနေချင်တော့ဘူးဆိုရင် ပြောလိုက်လေ”
သွမ့်ဟွေကျိုမှာ ထပ်မပြောရဲတော့ပေ။ သို့သော်လည်း သူ့ မျက်လုံးများက လန်ရွှယ်ရှိရာဘက်သို့ ခဏခဏ ဝေ့ဝဲ ကြည့်နေမိ၏။
လန်ရွှယ်မှာမူ သွမ့်ဟွေကျို တစ်ယောက် မပြောသင့်သည်များ ပြောလာမည်ကို စိုးရိမ်သဖြင့် သူ့ကို ကျောခိုင်းထားလိုက်တော့၏။
နန်ချင်ဝမ်သည် သွမ့်ဟွေကျို၏ ရူးကြောင်ကြောင်လူမိုက်ပုံစံကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။ သူမသည် သွမ့်ကျားကျားလေးကို ခေါ်ထားပြီး သူနှင့် ဝေးဝေးတွင် နေခိုင်းလိုက်သည်။ သူမ သမီးဖြစ်သူကို ဖခင်ဖြစ်သူ၏ အသိဉာဏ်ကင်းမဲ့မှုများ ကူးစက်သွားမည်ကို မလိုလားသည့်အတိုင်းပင်။
နန်ချင်ဝမ်သည် သွမ့်ဟွေကျိုကို သတိပေးရခြင်းမှာ သူ့ကို ချစ်နေသေးသောကြောင့် မဟုတ်။ သွမ့်ကျားကျားအပေါ် ထိခိုက်လာမည်ကို မလိုလားသောကြောင့်သာ ဖြစ်၏။ ဦးနှောက်မရှိသော ဖခင်တစ်ယောက် ရှိနေခြင်းမှာ အလွန် ရှက်စရာကောင်းသည် မဟုတ်လော။
မှတ်ချက်အပိုင်းတွင်မူ အင်တာနက်အသုံးပြုသူများမှာ ရယ်မော၍ မဆုံးနိုင်ကြချေ။
“ဟာဟားဟား... ရယ်ရလွန်းလို့ သေတော့မယ်။ အခုဆိုရင် ခွေးတောင်မှ သွမ့်ဟွေကျိုကို ကြည့်မရတော့ဘူး”
“နန်ချင်ဝမ် အရင်က သွမ့်ဟွေကျိုအပေါ် တော်တော်ကောင်းခဲ့တာပါ။ ဘာလို့ ရုတ်တရက်ကြီး အမှန်တရားကို မြင်သွားရတာလဲ”
“အပေါ်ကလူက အားနေတာလား။ သူ ဖောက်ပြန်ပြီးသားလေ။ တကယ်လို့ သူသာ သွမ့်ဟွေကျိုကို ချစ်နေသေးတယ်ဆိုရင် အဲ့တာသူ ရူးနေလို့ပဲ”
“တကယ်တော့ နန်ချင်ဝမ်က တော်တော်လေး လှပါတယ်။ အရင်တုန်းက သွမ့်ဟွေကျို သူ့ ခန္ဓာကိုယ်အချိုးအစားကိုပဲ အမြဲတမ်း တိုက်ခိုက်နေခဲ့တာ။ အခု ပြန်စဉ်းစားကြည့်ရင် ဒီလူက တကယ်ကို အဆင့်အတန်းမရှိတာပဲ”
“နန်ချင်ဝမ် က တကယ်ကို သနားဖို့ကောင်းတယ်။ နန်ချင်ဝမ် အရင်က သွမ့်ဟွေကျိုရဲ့ မန်နေဂျာဖြစ်ခဲ့မှန်း ဘယ်သူမှ မသိကြဘူးလား။ သွမ့်ဟွေကျိုဆိုတဲ့လူကို သူတစ်ယောက်တည်း ပျိုးထောင်ခဲ့တာလေ”
“ဘာ... သွမ့်ဟွေကျိုကို နန်ချင်ဝမ်က ပျိုးထောင် ခဲ့တာ ဟုတ်လား။ သူတို့က သွမ့်ဟွေကျို နာမည်ကြီးလာမှ ဆုံခဲ့ကြတာ မဟုတ်ဘူးလား”
အင်တာနက်အသုံးပြုသူများ၏ အာရုံမှာ နန်ချင်ဝမ်သည် သွမ့်ဟွေကျို၏ မန်နေဂျာဟောင်း ဖြစ်ခဲ့သည်ဟူသော အချက်သို့ ရောက်ရှိသွားပြီး လူအများက ထိုအကြောင်းကို စတင်တူးဆွကြတော့သည်။
နောက်ဆုံးတွင်မူ နန်ချင်ဝမ်သည် သွမ့်ဟွေကျို မကျော်ကြားခင်က သူ့မန်နေဂျာဖြစ်ခဲ့ဖူးပြီး ဤသည်မှာ ‘ဟိုင်ထျန်’ ဖျော်ဖြေရေးကုမ္ပဏီနှင့် စာချုပ်မချုပ်ရသေးခင်ကတည်းက ဖြစ်ကြောင်း ပေါ်ထွက်လာခဲ့သည်။
သွမ့်ဟွေကျို သည် ‘ဟိုင်ထျန်’ နှင့် စာချုပ်ချုပ်နိုင်ခဲ့ခြင်းမှာ နန်ချင်ဝမ်ကြောင့်ဟု ဆိုနိုင်သည်။ အစပိုင်းတွင် ‘ဟိုင်ထျန်’ သည် နန်ချင်ဝမ်ကို သူတို့ မန်နေဂျာအဖြစ် မျက်စိကျနေခဲ့ပြီး သွမ့်ဟွေကျိုမှာမူ နန်ချင်ဝမ်၏ လက်အောက်မှ အနုပညာရှင်ဖြစ်သောကြောင့်သာ ကုမ္ပဏီသို့ ဝင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။
နန်ချင်ဝမ်သည် သွမ့်ဟွေကျို၏ မန်နေဂျာဖြစ်ခဲ့ကြောင်းကို လူတိုင်း သိသွားခဲ့ကြသည်။ မူလက သွမ့်ဟွေကျိူသည် သူတို့နှစ်ဦးမှာ ‘ဟိုင်ထျန်’ ရောက်မှ သိကျွမ်းခဲ့ကြခြင်းဖြစ်သည်ဟု လိမ်ညာပြောဆိုခဲ့ဖူးသည်။
ယခု သွမ့်ဟွေကျို၏ လုပ်ရပ်များကို ကြည့်ခြင်းအားဖြင့် သူသည် အမှန်တကယ် ကျေးဇူးကန်းသော လူယုတ်မာတစ်ယောက်အဖြစ် ထင်ရှားနေခဲ့သည်။
ဤအချိန်တွင် သူ့လူမှုကွန်ရက်အကောင့်မှာ အင်တာနက်အသုံးပြုသူများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံနေရသည်ကို မသိသေးပေ။ မှတ်ချက်အားလုံးမှာ သူ့ကို ကျေးဇူးကန်းသူဟု ဆဲဆိုနေကြတော့သည်။
သွမ့်ဟွေကျိုသည် ခွင့်ပြုချက်မရှိဘဲ လူမှုကွန်ရက်ပေါ်တွင် စာတင်ခဲ့သည့်အချိန်မှ ကုမ္ပဏီသည် သူ၏ အကောင့်ကို ပြန်သိမ်းကာ မန်နေဂျာထံ လွှဲပြောင်းပေးခဲ့သည်။
လက်ရှိမှတ်ချက်များကို ကြည့်ခြင်းအားဖြင့် သွမ့်ဟွေကျို တစ်ယောက် ယခုတစ်ကြိမ်တွင် အမှန်တကယ် ဇာတ်သိမ်းသွားပြီဖြစ်ကြောင်း သူ၏ အေးဂျင့်ဖြစ်သူမှာလည်း နားလည်သွားခဲ့သည်။
သို့သော် အရာအားလုံးမှာ သူကိုယ်တိုင် ဖန်တီးခြင်းသာ ဖြစ်သည်။ အကယ်၍ သူသာ အရာရာကို မန်နေဂျာနှင့် တိုင်ပင်ခဲ့မည်ဆိုပါက ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရလိမ့်မည် မဟုတ်ပေ။
အခြား ကေဘယ်ကားထဲမှ ယဲ့ယီ၏ မိသားစုနှင့် မန်ရှင်း၏ မိသားစုတို့မှာမူ အတော်လေး သဟဇာတဖြစ်နေကြသည်။ မန်ရှင်းသည် ကုရှီချန်းကို သူမဘက်ပါအောင် ဆွဲဆောင်၍ မရနိုင်တော့မှန်း သိထားသဖြင့် ကပ်ဖားခြင်းမျိုး မလုပ်တော့ပေ။
သို့သော် မန်ဇီထုန်ကမူ ကုစဲ့ကို အလွန် သဘောကျနေပြီး သူနှင့်သာ အတူ ထိုင်ချင်နေ၏။ ချန်ဟောင်ယုနှင့် ကစားရခြင်းမှာ သူမအမေက ခိုင်းထားသောကြောင့် ဖြစ်ပြီး ကုစဲ့နှင့် ကစားလိုသည်မှာ ကုစဲ့သည် ခပ်ချောချော ကောင်လေးဖြစ်သောကြောင့် ဖြစ်သည်။
ကလေးဟူသည် လှပချောမောသောအရာများကို နှစ်သက်ကြသည် မဟုတ်လော။
ကုစဲ့မှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေသော်လည်း လူကြီးလူကောင်းဆန်သော အမူအရာကို ဆက်လက် ထိန်းသိမ်းထားရသည်။ သူ့ဘက်မှ စတင်၍ မန်ဇီထုန်ကို စကားမပြောသော်လည်း မန်ဇီထုန်ဘက်မှ စကားပြောလာပါက ပြန်လည်ဖြေကြားပေးရှာသည်။
မန်ရှင်းသည် ကုစဲ့ကို ကြည့်ရင်း အကြံတစ်ခု ရလာသည်။အကယ်၍ သူမ၏သမီးလေးသာ ကုစဲ့နှင့် ရင်းနှီးသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ခဲ့မည်ဆိုပါက...
ကုစဲ့အပေါ် ကြည့်သော မန်ရှင်း၏ အကြည့်များမှာ မသိမသာ ပြင်းပြလာလေတော့သည်။
ထိုစဉ် သူမ ကျောပြင်မှာ ရုတ်တရက် အေးစိမ့်သွားသလို ခံစားလိုက်ရသည်။ သူမ မော့ကြည့်လိုက်ရာ ကုရှီချန်းသည် သူမကို အေးစက်ခက်ထန်စွာ ကြည့်နေသည်ကို တွေ့လိုက်ရတော့သည်။ သူ့မျက်လုံးထဲမှ သတိပေးချက်မှာ ရှင်းလင်းသည်။
မန်ရှင်း ကြောက်လန့်သွားပြီး ကုစဲ့ကို ဆက်မကြည့်ရဲတော့ပေ။
ယဲ့ယီမှာမူ ပြတင်းပေါက် အပြင်ဘက်မှ ရှုခင်းများကို ကြည့်ရှုခံစားနေသဖြင့် ဘာကိုမျှ သတိမထားမိခဲ့ချေ။
“ကျွန်မ အနားယူတဲ့အခါကျရင်လည်း အခုလိုမျိုး စိုက်ပျိုးရေးအပန်းဖြေခြံလေး တစ်ခု ဖွင့်ချင်လိုက်တာ။ အနားယူဖို့လည်း ကောင်းသလို ပိုက်ဆံလည်း ရှာလို့ရတယ်၊ ကျွန်မနဲ့ တကယ်ကို အံကိုက်ပဲ”
ကေဘယ်ကား၏ အရှိန်မှာ မမြန်လွန်း မနှေးလွန်းလှပေ။ထို့ကြောင့် တောင်ထိပ်သို့ ရောက်ရှိချိန်တွင် နေ့လယ်စာ စားချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရိုက်ကူးရေးအဖွဲ့သားများသည် သူတို့အတွက် နေ့လယ်စာကို ကြိုတင်ပြင်ဆင်ပေးရန် တောင်ပေါ်လမ်းအတိုင်း စောစောစီးစီး မောင်းတက်ကာ ပို့ထားပြီး ဖြစ်သည်။
ထမင်းစားနေစဉ် လူကြီးများအကြား ပဋိပက္ခ မရှိသော်လည်း ကလေးများမှာမူ စတင်ဆူညံလာတော့သည်။
အကြောင်းမှာ မန်ဇီထုန်နှင့် သွမ့်ကျားကျားတို့ နှစ်ယောက်စလုံးသည် ကုစဲ့အနားတွင် ထိုင်ချင်နေကြသောကြောင့် ဖြစ်၏။ သို့သော် ကုစဲ့မှာမူ ယဲ့ယီအနားတွင်သာ ထိုင်ချင်နေသည်။ ကုစဲ့အနားတွင် ခုံအလွတ် တစ်လုံးသာ ရှိသဖြင့် မိန်းကလေး နှစ်ယောက်အနက် တစ်ယောက်သာ ထိုင်ခွင့်ရသည်။
“ကိုကိုကုစဲ့၊ ညီမလေး အစ်ကို့ဘေးမှာ ထိုင်ချင်တယ်”
မန်ဇီထုန် ကုစဲ့ဘေးရှိ နေရာအလွတ်သို့ ပထမဆုံး လျှောက်သွားကာ ထိုင်ရန် ပြင်လိုက်၏။
သို့သော် သူမ မထိုင်ရသေးခင်မှာပင် သွမ့်ကျားကျားက သူမကို တွန်းထုတ်လိုက်သည်။ သွမ့်ကျားကျားက ဒေါသတကြီးဖြင့် အော်ပြောလိုက်လေ၏။
“ဒါ ငါ့နေရာ”
မန်ဇီထုန်ကလည်း အလျှော့မပေးပေ။
“ဒီခုံပေါ်မှာ နင့်နာမည် ရေးထားတာမှ မဟုတ်တာ၊ နင့်နေရာ မဟုတ်ဘူး”
အနောက်မှ ဒါရိုက်တာမှာမူ ဝမ်းသာရမလို၊ ဝမ်းနည်းရမလို ဖြစ်နေရှာသည်။
ပဋိပက္ခများ ရှိနေသဖြင့် ကြည့်ရှုနှုန်း တက်လာမည်ဖြစ်သဖြင့် သူ ဝမ်းသာနေသော်လည်း ယနေ့အတွက် ပဋိပက္ခများက နည်းနည်း များလွန်းနေပြီဖြစ်သဖြင့် စိတ်ညစ်နေရပြန်သည်။
‘လူကြီးတွေ အာရုံစိုက်ခံရဖို့ ကြိုးစားကြတာက ထားတော့။ အခုတော့ ကလေးတွေပါ ရန်ဖြစ်ကုန်ကြပြီလား’
သွမ့်ကျားကျားသည် ထိုခုံပေါ်တွင် တန်းထိုင်ချလိုက်ပြီး ပြောလိုက်၏။
“အခုတော့ ဒီခုံက ငါ့နေရာ ဖြစ်သွားပြီ”
မန်ဇီထုန် သည် ရှေ့သို့တိုးကာ သွမ့်ကျားကျားကို ဆွဲချလိုက်၏။
“ထစမ်း၊ ငါ ကိုကိုကုစဲ့နဲ့ ထိုင်ချင်တာ”
သွမ့်ကျားကျားကလည်း အလျှော့မပေးပေ။
မိန်းကလေး နှစ်ယောက်မှာ ခုံပိုင်ဆိုင်မှုအတွက် ငြင်းခုံနေကြပြီး နောက်ဆုံးတွင် နှစ်ယောက်စလုံး ငိုယိုကုန်ကြသည်။
နန်ချင်ဝမ်နှင့် မန်ရှင်းတို့မှာ ရှေ့တိုးကာ ကလေးများကို လူခွဲရန် ကြိုးစားရှာ၏။ သို့သော်လည်း ကောင်မလေး နှစ်ယောက်မှာ ပေကပ်ကပ်လုပ်ကာ လွှတ်မပေးကြချေ။
ယဲ့ယီသည် “သားလည်းမတတ်နိုင်ဘူးလေ” ဟူသော ပုံစံမျိုးဖြင့် နေနေသည့် ကုစဲ့ကို ကြည့်ကာ ခေါင်းကိုသာ ခါယမ်းမိတော့၏။
[ဒီအရွယ်လေးနဲ့တင် မိန်းကလေးတွေ ဝိုင်းလုနေကြတာ။ ကြီးလာရင်တော့ မိန်းကလေး ထောင်သောင်းချီပြီး သူ့နောက်ကို အရူးအမူး လိုက်ကြတော့မှာပဲ။ တကယ်ပဲ ငါ့သားဖြစ်ရကျိုးနပ်ပါတယ်၊ ဒီရုပ်ရည်က ငါ့ဆီက အမွေရထားတာ သေချာတယ်]
ယဲ့ယီ၏ စိတ်ထဲက အဓိပ္ပာယ်မရှိသော စကားများကို နားထောင်ရင်း ကုရှီချန်းမှာ မရယ်ဘဲ မနေနိုင်တော့ပေ။ သူသည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်သူများကို မြင်ဖူးသည်။
သို့သော်လည်း ယဲ့ယီကဲ့သို့သော ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်တတ်သူမျိုးကိုမူ တစ်ခါမျှ မကြုံဖူးချေ။
‘ ငါ့ဆီကအမွေရထားတာတဲ့လား။ ဒါတောင် သူကိုယ်တိုင် မွေးထားတဲ့ ကလေးမဟုတ်သေးဘူး’